Chapter 40

ကပ်ဘေးကြောင့် ဒုက္ခရောက်ရသူများ
သိုင်းလောကထဲ လမ်းပတ်လျှောက်မယ့် စွေ့ဟုန်
ဘာသာပြန် – Zeus
အခန်း(၄၀) ကပ်ဘေးကြောင့် ဒုက္ခရောက်ရသူများ
“အုပ်ချုပ်ရေးမှုး အရှင်၊အရှင့်ရဲ့ အကြောင်းကို လူစိမ်း မိန်းကလေးနှစ်ယောက်က စုံစမ်းနေတယ်လို့ သတင်းလာပို့နေတဲ့လူတွေ ရှိနေပါတယ်” ကျောက်ကွမ်းမှာ စွေ့ဟုန်၏ နားနားကပ်ကာ တီးတို သတင်းပေးလိုက်သည်။
“သူတို့ရဲ့ နောက်ခံက ဘာလဲ” စွေ့ဟုန်သည် ဖတ်နေသော သိုင်းကျမ်းကို လက်ထဲမှချကာ ပြန်မေးလိုက်၏။
“ရန်ဘုရင် လွှတ်လိုက်တဲ့ သူလျိုတွေများဖြစ်နေမလား”
“ဖြစ်နိုင်ပါတယ် ဒီအမျိုးသမီး နှစ်ယောက်က ကျွေ့ဟယ်စီရင်စုရဲ့ လက်တလောပြောင်းလဲမှုတွေကို တော်တော် စိတ်ဝင်စားနေပုံရပါတယ် အရှင်” ကျောက်ကွမ်းမှာ ဆက်ပြောသည်။
“ဟွေ့ရှီ စုံစမ်းပြီးတဲ့အထိ ကျွန်တော်မျိုးတို့ စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။အခုတော့ သူတို့နှစ်ယောက်၏ ရည်ရွယ်ချက်ကို ဘာမှ ရေရေရာရာ မသိနိုင်သေးပါဘူး”
“ကောင်းပြီလေ” စွေ့ဟုန် ခေါင်းညိတ်ပြီးနောက် အနည်းငယ် ပြုံးလိုက်လေသည်။
“တကယ်တော့ဗျာ အဲ့လောက်ကြီး ကြောက်လန့် စိုးရိမ်နေဖို့ မလိုဘူးဗျ။သူပုန်လေး အချို့ပဲဟာကို စိတ်ပူစရာမလိုပါဘူး။အခု ရောက်လာတဲ့ သူစိမ်း‌နှစ်ယောက်ကလည်း ကျွေ့ဟယ်စီရင်စု ပြောင်းလဲသွားတဲ့ သတင်းကို ကြားလို့ ရောက်လာတာပဲ နေပါလိမ့်မယ်”
သူပုန်အချို့လေးတဲ့လား။သူပြောတဲ့ သူပုန်ဆိုတာက စစ်သားသိန်းနဲ့ချီအောင် ပိုင်တဲ့ ရန်ဘုရင်လေ။ရန်ရှန်းကိုယ်တိုင်ပဲ ပြောသွားခဲ့တာလေ စစ်သားတွေ သိန်းချီရှိတယ်လို့…
ကျောက်ကွမ်းမှာ မည်သို့ ဖြေရမှန်းမသိတော့ပေ။
စွေ့ဟုမှာ သူ့ရင်ထဲတွင် အင်မော်တယ်ဟူသည့် နေရာသို့ ယူထားသော်လည်း စစ်သားသိန်းချီပါဝင်သော စစ်တပ်ကို တိုက်ခိုက်နိုင်သည့် အင်မော်တယ်ကိုတော့သူ မမြင်ဖူး‌ခဲ့သေးပေ။
စွေ့ဟုန်မှာ စိတ်လုံးဝမပူပဲ ယုံကြည်ချက်ရှိနေသောကြောင့် သူလည်း ဘာမှ မပြောရဲပေ။
ထိုအချိန်တွင် ဟွေ့ရှီ အခန်းထဲသို့ ဝင်လာ၏။
“အုပ်ချုပ်ရေးမှုး အရှင် အဲ့ဒီ့ သံသယဖြစ်စရာ အမျိုးသမီးနှစ်ယောက်ရဲ့ သရုပ်မှန်ကို ကျွန်တော်တို့ စုံစမ်းလို့ ရခဲ့ပါပြီ”
ဘုန်းကြီးဟွေ့ရှီမှာ အလွန်ရိုသေစွာပြောလိုက်သည်။
“အဲ့ဒီ့ အမျိုးသမီးနှစ်ယောက်က ယုဟွာ ဓားနန်းတော်က ဂိုဏ်းအကြီးအကဲ ရွှီပိုင်လုရဲ့ တပည့်မ နှစ်ယောက်ပါ”
“အသက်နည်းနည်းပိုကြီးတဲ့ မိန်းကလေးနာမည်က ဖန်မင်း လို့ခေါ်ပြီး ငယ်တဲ့တယောက်ကတော့ ကျိုးချိုင်ဝေလို့ ခေါ်ပါတယ်။သူတို့နှစ်ယောက်စလုံးကို လွန်ခဲ့တဲ့ခြောက်နှစ်က အစိမ်းရောင်တောင်ထွတ်မှာ ကျင်းပခဲ့တဲ့ သိုင်းပညာမဟာမိတ် တွေ့ဆုံပွဲမှာ တွေ့ခဲ့ဖူးပါတယ်။
“ယုဟွာဓားနန်းတော်လား” ကျောက်ကွမ်းမှာ အံ့ဩသွားပုံရလေသည်။
“အဲ့ ဂိုဏ်းက လုစီရင်စုက နံပတ်တစ် ထိပ်သီးဂိုဏ်းပဲ ပြီးတော့ ဖန်ကျိုးပြည်နယ်ထဲမှာဆိုရင် စွမ်းအားအကြီးဆုံး ဓားဂိုဏ်းပဲလေ”
“ဟုတ်တယ် ယုဟွာ ဓားနန်းတော်က သိုင်းလောကရဲ့ ဓားကိုးလက်ထဲက တလက်ပဲ။သူတို့ရဲ့ အမွေအနှစ်နဲ့ အုတ်မြစ်က နှစ်ပေါင်းထောင်ချီကြာအောင် ရှိနေခဲ့ပြီ။” ဘုန်းကြီး ဟွေ့ရှီမှာ ခေါင်းညိတ်ရင်းပြောလိုက်သည်။
“ရွှီပိုင်လုက လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ကမ္ဘာ့ဝင်ပေါက်အဆင့်ကို ရောက်ထားပြီးတော့ ဆရာသခင် ဖြစ်နေပြီ။သူမက အရမ်းကို သိုင်းပညာ စွမ်းအားကောင်းပြီးတော့ စစ်ပွဲတွေကို မုန်းတယ်”
“ကိုယ်တော် အရင်က ရန်ဘုရင်ရဲ့ စစ်တပ်နဲ့ ပူးပေါင်းစဉ်ကာလတုန်းကဆိုရင် ရန်ရှန်းနဲ့ အထက်ပိုင်းအရာရှိတွေက ဖန်ကျိုးပြည်နယ်ကို အောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ဖို့က ယုဟွာ ဓားနန်းတော်က အကြီးမားဆုံး အနှောင့်အယှက်ပဲလို့ ပြောတာကို ခဏခဏ ကြားခဲ့ရတယ်။အခု ရောက်လာတဲ့ ဖန်မင်းနဲ့ ကျိုးချိုင်ဝေကလဲ သူတို့ဆရာရဲ့ အမိန့်နဲ့ ကျွေ့ဟယ်စီရင်စုဖက်ကနေ စစ်ပွဲ မဖြစ်အောင် ညှိနှိုင်း ကူညီပေးဖို့ ရောက်လာတာပဲ ဖြစ်ရမယ်”
“စစ်ပွဲ မဖြစ်အောင် လာတားဆီးတာလား” ကျောက်ကွမ်းမှာ ပို၍ အံ့ဩသွားပုံရသည်။
“ဘယ်လိုတားမှာလဲဟ။လာတိုက်မယ့် စစ်တပ်က တပ်သား ပေါင်း သိန်းချီတာနော် သူတို့ တပည့်မနှစ်ယောက်မပြောနဲ့ သူတို့ ဆရာမ အရှင်လတ်လတ်ကြီး ဆင်းချလာရင်တောင် တားနိုင်မှာ မဟုတ်ဘူး”
“တခုခုနဲ့ အပေးအယူ သဘော ညှိနှိုင်းမှာပေါ့” ဘုန်းကြီး ဟွေ့ရှီမှာ သိုင်းဂိုဏ်းများ၏ လုပ်ဆောင်ပုံများနှင့် ရင်းနှီးနေသောကြောင့် လွယ်လွယ် ခန့်မှန်းနိုင်ပေသည်။သူ ဆက်၍ ရှင်းပြလိုက်သည်။
“ယုဟွာ ဓားနန်းတော်က သိုင်းလောကရဲ့ ဓားကိုးလက်ထဲက တလက်လို့ နာမည်ကြီးနေတာ အကြောင်းမဲ့မှမဟုတ်တာပဲ။သူတို့ဂိုဏ်းထဲမှ အတွင်းကမ္ဘာအဆင့်ကို ရောက်နေတဲ့ ဆရာသခင်တပါး ရှိကို ရှိနိုင်တယ်”
“အဲ့လို သိုင်းအကျော်အမော်တ‌‌ယောက်ရှိနေရင်‌တောင်မှ သိန်းနဲ့ချီတဲ့ စစ်တပ်ကို တယောက်တည်းတိုက်နိုင်မှာမဟုတ်ဘူး။ပြီးတော့ ရန်ဘုရင်ရဲ့ စစ်တပ်ကို ကြာပန်းဘုန်းတော်ကြီးကျောင်းနဲ့ ကြွယ်ဝခြင်း ဘုရားကျောင်းက ထောက်ပံ့ပေးထားသေးတယ်။အဲ့ဒီ့ သိုင်းအကျော်အမော်က စစ်တပ်ရဲ့ ရိက္ခာသိုလှောင်တဲ့ နောက်တန်းဖက်ကိုသွားပြီး တိတ်တဆိတ်တိုက်ခိုက်မှပဲ ရန်ဘုရင်ရဲ့ တပ်တွေက ကျွေ့ဟယ်ကို မဖျက်စီးပဲ သူတို့ စခန်းကို သူတို့ ပြန်ဆုတ်ကြမှာ။”
“ကျွေ့ဟယ်ကို တိုက်မယ်ဆိုရင် သူတို့ဖက်က အဲ့လို စခန်းကို ဖျက်စီးမယ်ဆိုတဲ့ ညှိနှိုင်းချက်နဲ့ဆိုရင် ရန်ဘုရင်က ကျွေ့ဟယ်ကို မတိုက်ပဲ‌ ကျော်သွားပေးဖို့ အလားအလာတော့ ရှိနိုင်ပါတယ်။
ထိုစကားကို ကြားသည်နှင့် ကျောက်ကွမ်းမှာ အလွန်ပျော်ရွှင်သွားပြီးနောက်
“ဂုဏ်ယူပါတယ် အုပ်ချုပ်ရေးမှုးအရှင် သူတို့သာ ကူညီမယ်ဆိုရင် ကျွေ့ဟယ်စီရင်စုက စစ်ဘေးကို ရှောင်နိုင်သွားပါပြီ”
“ဒါက တကယ့်ကို သတင်းကောင်းပါပဲ” စွေ့ဟုန်မှာ ပြုံးသာနေ၏။သူ၏ ထင်မြင်ချက်ကို ထပ်၍ ထုတ်မပြောပေ။
ကျွေ့ဟယ်စီရင်စုမှာ ရန်ဘုရင်၏ တိုင်းပြည်သိမ်းမည့် အစီအစဉ်တွင် အလွန်အရေးပါသော ရေကြောင်း ခြေကုပ်ယူရမည့် နေရာဖြစ်သည်။ထို့ကြောင့် ရန်ဘုရင်မှာ လွယ်လွယ်နှင့် အလွတ်ပေးမည်ဟု စွေ့ဟုန် မထင်ပေ။
ထို့အပြင် ရန်ရှန်းမှာ စွေ့ဟုန်၏ စွမ်းအားကို သိထားပြီးသားဖြစ်သောကြောင့် သူတို့သာ ကျွေ့ဟယ်ကို လာတိုက်မည်ဆိုလျှင် နောက်တန်းကိုလည်း အစောင့်အကြပ်အပြည့်နှင့် သိုင်းပညာရှင်များ အပြည့်ကိုပါ အသေအချာလေး အစောင့်အကြပ်အဖြစ်ထားခဲ့ လိမ့်မည် ဖြစ်၏။
“…” ဘုန်းကြီး ဟွေ့ရှီမှာ ဘာမှ မပြောပေမယ့် စိတ်ထဲတွင် သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးနေမိသည်။
“ဝန်ကြီးကျောက်….အုပ်ချုပ်ရေးမှုးသာ ရှိနေသရွေ့ ဘယ်လို ကပ်ဘေးပဲ ကြုံကြုံ ကျွေ့ဟယ်က လုံခြုံပါတယ်ဗျ”
စွေ့ဟုန် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို သူ မြင်ဖူးခဲ့ပြီ ဖြစ်လေသည်။
ထိုသူမှာ လူသား ကမ္ဘာတွင် ရှိသမျှ သိုင်းပညာများကို ဖိနှိပ်နိုင်စွမ်းရှိသူလည်း ဖြစ်သည်။
တခြား ပညာများကို မဆိုထားနှင့်။စွေ့ဟုန်၏ လက်ချောင်းထိပ်မှ နေလုံး အသေးစားလေးနှင့်တင် ရန်ဘုရင် တတပ်လုံး အမျိုးပြုတ်သွားစေနိုင်၏။
ကျောက်ကွမ်းမှာ သူ၏ စကားတွင် အမှားပါသွားမှန်း သိသောကြောင့် ကမန်းကတန်း ဦးညွတ်အရိုအသေပြုပြီး တောင်းပန်လိုက်သည်။
“အုပ်ချုပ်ရေးမှုးအရှင် ကျွန်တော်မျိုး တောင်းပန်ပါတယ်”
“ဘာမှ မဖြစ်ပါဘူး။ခင်ဗျားက စီရင်စုအတွက် တွေးပေးခဲ့တာပဲ မဟုတ်ဘူးလား” စွေ့ဟုန် လက်ယမ်းရင်း ‌အရေးမစိုက်သလို ပြောလိုက်သည်။
“မိန်းကလေးနှစ်ယောက်က ရည်ရွယ်ချက်ကောင်းတွေနဲ့ လာတာဆိုရင်တော့ သူတို့ကို ကောင်းကောင်း ဧည့်ခံထားပေးပါ”
“အမိန့်အတိုင်းပါ အရှင်” ဘုန်းကြီးဟွေ့ရှီမှာ အရိုအသေပေးလိုက်ပြီး ကျောက်ကွမ်းမှာ ချက်ချင်းပင် သဘောတူညီလိုက်၏။
စွေ့ဟုန် စွမ်းအား ဘယ်လောက်ကြီးမှန်း ကျောက်ကွမ်းမသိသည်မှာ သဘာဝသာ ဖြစ်လေသည်။
သူသည် အုတ်ဂူများကို နှစ်ပေါင်းများစွာကြာအောင် ဖောက်ထွင်းပြီး သိုင်းပညာ လေ့ကျင့်ထားသည့်တိုင် သူ၏ အဆင့်မှာ ယခုမှ အတွင်းပြုပြင်ခြင်းအဆင့်သာ ရောက်သေးသည်။သူသည် ချီအာရုံခံခြင်အဆင့်ကိုပင် မရောက်သေးချေ။ထိုကြောင့် သူသည် သိန်းချီသော စစ်တပ်ကို ကြောက်ရွံ့သည်မှာ သဘာဝသာ ဖြစ်လေသည်။
ထို့အပြင် သူသည် စွေ့ဟုန်၏ လက်ချောင်းထက်က နေမင်းသိုင်းကွက် ကို မမြင်ဖူးသေးပေ။
ဖန်မင်းမှာ အလွန့်ကို အံ့ဩနေမိသည်။
သူမတို့ သတင်းစုံစမ်းသည်မှာ နေ့တဝက်ခန့်သာ ရှိသေးသော်လည်း အုပ်ချုပ်ရေးမှုး၏ ရုံးတော်မှ သူမတို့ လက်ရှိတည်းခိုနေသော တည်းခိုဆောင်သို့ တံခါး‌လာခေါက်နေခဲ့ပြီ ဖြစ်၏။
သူမသည် သတင်းစုံစမ်းပြီးသောအခါတွင် နှုတ်ပိတ်သည့်အနေဖြင့် ငွေစငါးစကို ထိုးပေးခဲ့သည်သာ ဖြစ်၏။
ငွေစ ငါးစဆိုသည်မှာ မနည်းလှပေ။သာမန်လယ်သမားမိသားစု၏ ‌နှစ်ဝက် ဝင်ငွေပမာဏဖြစ်၏။
ထိုသို့တိုင် သူမ စိတ်အနှောင့်အယှက် မဖြစ်သွားပေ။
ငွေစ ရသည့်တိုင် အုပ်ချုပ်ရေးမှုးကို သွားသတင်းပို့သည့် လုပ်ရပ်ကို ကြည့်ရလျှင် သာမန်လူများမှာ အုပ်ချုပ်ရေးမှုးကို အလွန်အမင်း ယုံကြည် အားကိုးသည်ဆိုသည့်အချက်ကို ပေါ်လွင်စေ၏။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူမ ရရှိခဲ့သော သတင်းကို ပို၍ ခိုင်မာသွားစေသည်။
အသစ်ရောက်လာသော အုပ်ချုပ်ရေးမှုးသည် သာမန်လူများ၏ ပါးစပ်ဖျားတွင် အလွန်အမင်း နာမည်ကြီးနေလေ၏။သူသည် ကျွေ့ဟယ် စီရင်စု၏ ကောင်းကျိူးအတွက်သာ ရည်ရွယ်ပြီး အလုပ်လုပ်ဆောင်သူဖြစ်သည်။ထိုကဲ့သို့ အုပ်ချုပ်ရေးမှုးနှင့်သာဆိုလျှင် စစ်ပွဲကို ရှောင်လွှဲရန်အတွက် အစီအစဥ်များ ချမှတ်ဆွေးနွေးရာတွင် ပို၍ လွယ်ကူပေလိမ့်မည်။
ထိုထက်ပို၍ မထင်မှတ်ထားသည့် ဖြစ်ရပ်မှာ
သူမနှင့် သူမ၏ ဆရာတူညီမလေးတို့၏ သရုပ်မှန်မှာလည်း ပေါ်ပေါက်သွားခဲ့လေသည်။
သူတို့ကို လာကြိုဆိုသော အရာရှိခေါင်းဆောင်မှာ သူမတို့၏ အမည်ရင်းများကို ခေါ်ဆိုကာ ဖိတ်ခေါ်ခဲ့ခြင်းပင် ဖြစ်၏။
သူ့ ခြေလှမ်းတွေက ငြိမ်တယ်။သူ့ အရှိန်အဝါက လေးနက်နေတယ်။ဒီလူရဲ့ သိုင်းအဆင့်က ‌သာမန်မဟုတ်ဘူး။သူက ချီအရည်ဖွဲ့ခြင်း အဆင့်ကိုများ ရောက်နေတာလား။
ဖန်မင်းမှာ အရာရှိခေါင်းဆောင်အဖြစ် ရုပ်ဖျက်ထားသည့် ဘုန်းကြီးဟွေ့ရှီအား သေချာကြည့်ရင်း အကဲခတ်နေခြင်းပင်။
“ဒီလို သိုင်းအဆင့်နဲ့လူတောင် ကျွေ့ဟယ်စီရင်စုမှာ အရာရှိခေါင်းဆောင် လာလုပ်နေပါလား” သူမ အလွန်အမင်းကို အံ့ဩခဲ့လေပြီ။
သူမ ပို၍ သိလာလေလေ ကျွေ့ဟယ်စီရင်စုမှာ ပို၍ မရိုးရှင်းလေလေမှန်း သတိပြုမိလာသည်။ထို့အပြင် လက်ရှိ အုပ်ချုပ်ရေးမှုး အသစ်မှာလည်း သာမန်လူမဖြစ်နိုင်ကြောင်းကိုလည်း သူမ သိလာရသည်။ထို့ကြောင့် သူမမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ‌လေပြီ။
သူမ နားမလည်နိုင်သော အရာမှ ဖြစ်တည်လာသော မသေချာ မရေရာသည့် ခံစားချက်။
ဖန်မင်းမှာ သူမ နံဘေးရှိ ကျိုး‌ချိုင်ဝေကို လှမ်းကြည့်လိုက်သည်။ထိုကောင်မလေးမှာ သကြားတုတ်ထိုးများကို အားပါးတရစားနေပြီး ဘာကိုမှ အလေးမထားပဲ ပျော်ရွှင်နေလေ၏။
ဖန်မင်းမှာ သူမ၏ ဆရာတူညီမကို ကြည့်ရင်း သက်ပြင်းကိုသာ လေးလေးနက်နက်သာ ချလိုက်မိလေတော့သည်။
ကံကောင်းသည်မှာ ထိုကောင်မလေးမှာ သိုင်းပညာပါရမီ အလွန်ပါပြီး သိုင်းအဆင့်မြင့်သောကြောင့်သာဖြစ်သည်။မဟုတ်လျှင် သူမ၏ အာရုံမစိုက်တတ်ပုံနှင့်သာဆိုလျှင် အကြိမ်ပေါင်းမြောက်များစွာ အလိမ်ခံ ပြန်ပေးအဆွဲခံခဲ့ရပြီးသာ ဖြစ်ပေမည်။
“အရာရှိမင်းရှင့် ကျွန်မတို့က အုပ်ချုပ်ရေးမှုးနဲ့တွေ့ဖို့ အခုလိုက်ခဲ့ရမှာလား” သူမသည် မဝံ့မရဲနှင့် လှမ်းမေးလိုက်လေသည်။
“မဟုတ်ဘူး” ဘုန်းကြီး ဟွေ့ရှီမှာ အေးစက်စက်သာ ဖြေလိုက်သည်။
“အုပ်ချုပ်ရေးမှုးက ဒီနေ့ အရမ်းအလုပ်များနေတယ်။မင်းတို့နှစ်ယောက်ကို ဧည့်ခံပေးဖို့ သူ့မှာ အချိန်မရှိဘူး။ဒါပေမယ့် ဝန်ကြီးကျောက်ကတော့ မင်းတို့နှစ်ယောက် တည်းခိုအနားယူဖို့အ‌တွက် အဆင်သင့် ပြင်ဆင်ပေးထားတယ်။အဲ့ဒီ့မှာ တရက်နားပြီး ‌စောင့်နေကြ။မနက်ဖန်ကျရင် အုပ်ချုပ်ရေးမှုးမှာ အချိန်ရှိရင် တွေ့ကြရလိမ့်မယ်”
စွေ့ဟုန်မှာ တကယ်ပင် အချိန်မရှိပေ။ဟွေ့ရှီ ရေးထားသော သိုင်းကျမ်းများကိုသာ နေ့မအားညမအား ဆက်တိုက် ထိုင်ဖတ်ပြီး လေ့လာနေခဲ့ခြင်းကြောင့်ပင်။
ကုန်လွန်ခဲ့သော ရက်များတွင် သူသည် အလွန်စွမ်းအားကြီးမားသော သိုင်းပညာများကို တီထွင်နိုင်ခဲ့လေ၏။
ဒီနှုန်းအတိုင်းသာဆိုလျှင် မနက်ဖန်အထိ သူအားဦးမည့် ပုံ မပေါ်ပေ။
“ကျေးဇူးတင်ပါတယ် အရာရှိမင်းရှင့် အုပ်ချုပ်ရေးမှုးက မအားမှတော့ ကျွန်မတို့က ရက်နည်းနည်းစောင့်ရလို့ ဘာမှ အပန်းမကြီးပါဘူးရှင်”
သူမသည် အုပ်ချုပ်‌ရေးမှုးနှင့် ချက်ချင်းတွေ့ချင်မိသော်လည်း သူများပိုင်နက်သို့ရောက်လျှင် သူများ ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာသင့်သည် မဟုတ်ပါလား။
“ခေါင်းဆောင် ခေါင်းဆောင်”
ထိုအချိန်တွင် အပြင်မှ ထိတ်ထိတ်ပျာပျာ အသံတသံ ထွက်ပေါ်လာသည်။
ရဲမက်တယောက်မှာ အမောတကော ပြေးလာရသောကြော်င့ အမောဆို့နေ၏။
“ဘာဖြစ်တာလဲ” ဟွေ့ရှီမှာ မျက်မှောင် ကြုတ်ရင်း မေးလိုက်လေသည်။
“မြို့တံခါးစောင့်နေတဲ့ ညီအကိုတွေက သတင်းပို့လိုက်ပါတယ်။ သူတို့ ပြောတာက သူတို့‌ပြောတာက…..”
ရဲမက်မှာ အသက်ကို ဝအောင်ရှုလိုက်ပြီးမှ ဆက်ပြောသည်။
“သူတို့ပြောတာတော့ စစ်ဘေး ဒုက္ခသည်တွေ အများကြီး ခိုလှုံဖို့ ရောက်နေကြတယ်တဲ့။အားလုံးပေါင်း လူသုံးလေးငါးထောင်တော့ ရှိမယ်လို့ ကျွန်တော်မျိုးထင်မိပါတယ် ခေါင်းဆောင်”
“ဒီနှစ်က ရာသီဥတုကောင်းပြီး နေရာတိုင်းက စပါးအထွက်နှုန်းတိုးတာပဲကို။ဒီဒုက္ခသည် ထောင်ချီက ဘယ်က ရောက်လာရတာလဲဟ။” ဟွေ့ရှီမှာ နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
“အနောက်ဖက် တချန်း စီရင်စုက သာမန်လူတွေပါ ခေါင်းဆောင်”
ခြေမြန်တပ်သား၏ မျက်နှာမှာ ဖြူဖျော့သွားပြီး
“ရန်ဘုရင်ရဲ့တပ်တွေက တချန်းစီရင်စုကိုများ သိမ်းပိုက်သွားတာလား အဲ့လိုသာဆိုရင် ခေါင်ဆောက် နောက်လာမယ့်နေရာက ကျွန်တော်တို့ ရှိတဲ့နေရာပဲ”
“ပါးစပ်ပိတ်ထားစမ်း” ဟွေ့ရှီသည် ခြေမြန်တပ်သားကို စိုက်ကြည့်ပြီး အော်လိုက်၏။ထို့နောက် သူ့အနောက်ရှိ ရဲမက်များအား
“မင်းတို့နှစ်‌ယောက် ဒီမိန်းကလေးနှစ်ယောက်ကို ဝန်ကြီးကျောက် စီစဉ်ထားတဲ့ အိမ်တော်ကို လိုက်ပို့ပေးလိုက်ကြ။ကျန်တဲ့ မင်းတို့နှစ်ယောက်က လက်ထောက်အုပ်ချုပ်ရေးမှုး လုလူကြီးမင်းကို သွားသတင်းပို့ကြ”
ထို့နောက်ခြေမြန်တပ်သားအား အမိန့်ပေးလိုက်သည်။
” ငါနဲ့ မြို့တံခါးကို သွားမယ် လိုက်ခဲ့”

Comment

Leave a Reply

Options

not work with dark mode
Reset