Chapter 4

‘ဘိုးဘိုးထော့ကျိုးရဲ့ ခြေလှမ်းကွက်တွေက ကောင်းကင်ပေါ်မှာ ပြေးနိုင်လောက်အောင် မြန်ရက်နဲ့ ဘယ်သူကများ သူ့ခြေထောက်ကို ခုတ်ဖြတ်ခဲ့တာလဲ… ဘိုးဘိုးမာရဲ့ လက်သီးချက်တွေကလည်း ဒီလောက် အားပြင်းတာ၊ ဘယ်သူက သူ့ညာဘက်လက်ကို ဖြတ်ပစ်ခဲ့တာလဲ… ပြီးတော့ ဘယ်သူက ဘိုးဘိုးသားသတ်သမားရဲ့ ဓားမကို ကျော်ဖြတ်ပြီး သူ့ကိုယ်တစ်ပိုင်းကို ဖြတ်ပစ်နိုင်ခဲ့တာလဲ…’

သားသတ်သမား၊ အဘိုးကြီးမာနှင့် ထော့ကျိုးတို့၏ စွမ်းရည်အစစ်အမှန်များကို မြင်တွေ့ခဲ့ရပြီးနောက် ချင်မူ အံဩမှင်တက်မိသလို နားမလည်နိုင်လည်း ဖြစ်သွားသည်။

ထော့ကျိုးနှင့် ခြေသိုင်းလေ့ကျင့်ပြီး နောက်ဆုံးတွင်တော့ ဝိညာဉ်သားရဲလေးကောင်၏ သွေးမှ စွမ်းအင်များ ကျေပျက်သွားကာ ချင်မူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၌ တိုးတက်မှုများ ဖြစ်ပေါ်လာသည်။ ထိုအခါတွင်တော့ သူ့တစ်ကိုယ်လုံး မောပန်းနွမ်းလျသွားပြီး နေရာတွင်သာ ထိုးလှဲ၍ အိပ်ပစ်လိုက်ချင်စိတ်များ ကြီးစိုးလာ၏။

သို့သော်လည်း ဤသည်က သူ့ပင်ပန်းဆင်းရဲမှုများ၏ အစသာ ဖြစ်၏။

နေ့စဉ်နေ့တိုင်း ရွာထဲမှ ဘိုးဘွားများက သားရဲများဖမ်းဆီး၍ ဝိညာဉ်သွေးများ ထုတ်ယူကာ ချင်မူ့ကို သောက်သုံးစေသည်။ ထိုသို့ သောက်သုံးပြီးသည်နှင့် ပြင်းထန်သော လေ့ကျင့်မှုများ တရစပ် စတင် လေ့ကျင့်ရပြီး ပုံကျသွားသည်အထိ ဆင်းရဲဒုက္ခခံရ၏။

ထော့ကျိုး၊ အဘိုးကြီးမာနှင့် သားသတ်သမားတို့ထံမှ ခြေလှမ်းသိုင်း၊ လက်သီးသိုင်းနှင့် ဓားမသိုင်းများ လေ့ကျင့်ရခြင်းအပြင် ရွှေအထံမှ ပန်းပဲအတတ်၊ နားထိုင်းထံမှ ပန်းချီနှင့် လက်ရေးလှပညာကိုလည်း သင်ရသည်။ ထို့ပြင် မျက်မမြင်ထံမှ အသံနားထောင်၍ နေရာမှန်းဆသော ပညာနှင့် တောင်ဝှေးသိုင်းများကိုပင် မျက်လုံး ပိတ်စည်း၍ သင်ယူရ၏။

ချင်မူ သေလုအောင် မောပမ်းလာသည့်အခါတိုင်း ရွာလူကြီးက သူ့ကို ခေါ်၍ အသက်ရှူ လေ့ကျင့်ခန်း လုပ်စေသည်။ ရွာလူကြီး သူ့ကို သင်ပေးသော အသက်ရှူလေ့ကျင့်ခန်းက စွမ်းအားကြီးသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် ဖြစ်၏။

ထိုလောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ဟု ခေါ်သော အသက်ရှူ လေ့ကျင့်ခန်းက မည်မျှ စွမ်းအားကြီးသည် ချင်မူ မသိသော်လည်း အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်၍ စုမိလာသော သူ့ခန္ဓာကိုယ်မှ မောပန်းနွမ်းနယ်မှုများမှာ ရွာလူကြီးနှင့် လေ့ကျင့်သည့်အခါတိုင်း ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကွယ်သွား၏။ တစ်ခဏနှင့် လန်းဆန်းတက်ကြွသွားသဖြင့် ထိုအသက်ရှူ လေ့ကျင့်ခန်းမှာ ဆန်းကြယ်လှကြောင်း ချင်မူ မှတ်ယူလိုက်မိသည်။

ချင်မူ ထွက်သွားသည်ကို စောင့်ရင်း ဆေးဆရာ၏ အကြည့်များက ဂနာမငြိမ် ဖြစ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ရွာလူကြီး… ခင်ဗျားက သူ့ကို အခြေခံအကျဆုံး တောက်ယင်ကျင့်စဉ်ပဲ သင်ပေးထားတာ မဟုတ်လား…”

“မှန်တယ်… ဒါက တောက်ယင်ကျင့်စဉ်ပဲ…” ရွာလူကြီးက ငြင်းဖို့ မကြိုးစားပေ။ “ဝိညာဉ်ခန္ဓာလေးခုက သူ့ကျင့်စဉ်နဲ့သူ ရှိပြီးသား… နဂါးစိမ်းဝိညာဉ်ခန္ဓာကိုယ်က နဂါးစိမ်းချီကို သုံးပြီး ကျင့်ရတယ်… ကျားဖြူဝိညာဉ်ခန္ဓာကိုယ်က ကျားဖြူချီကို သုံးပြီး ကျင့်ရတယ်… မီးငှက်နဲ့ လိပ်နက်ဝိညာဉ်ခန္ဓာကိုယ်တွေကလည်း မီးငှက်နဲ့ လိပ်နက်ချီကို သုံးပြီး ကျင့်ရတာပဲ… ဒါပေမဲ့ ချင်မူရဲ့ ခန္ဓာကိုယ်မှာက အဲဒီချီလေးမျိုးစလုံး မရှိတော့ ဘယ်ဝိညာဉ်ခန္ဓာကျင့်စဉ်မှ လေ့ကျင့်လို့ မရဘူး… ငါတို့ကျင့်တဲ့ ကျင့်စဉ်တွေ လေ့ကျင့်လို့ မရမှတော့ သူ့ကို အခြေခံအကျဆုံး ကျင့်စဉ်ပဲ သင်ပေးရတော့တာပေါ့… သာမန်အရပ်သားတွေတောင် တောက်ယင်ကျင့်စဉ်ကို သင်ယူလေ့ကျင့်လို့ ရတယ်… ဒါက ဘာဓာတ်သတ္တိမှ မလိုတဲ့ တစ်ခုတည်းသော ကျင့်စဉ်ပဲ…”

ဤရှင်းလင်းချက်ကြောင့် ဆေးဆရာ ဝေခွဲမရ ဖြစ်သွားသည်။ “ဒါပေမဲ့ တောက်ယင်ကျင့်စဉ်က သိပ်ကို ရိုးရှင်းပြီး အခြေခံမကျလွန်းဘူးလား… ဒီကျင့်စဉ်ကို လေ့ကျင့်ပြီး သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်တာတော့ ဟုတ်ပါတယ်… ဒါပေမဲ့ ရှေ့ဆက် တိုးတက်ဖို့ကတော့ လွယ်မှာ မဟုတ်ဘူး…”

“ငါလည်း အစက အဲဒီလို တွေးခဲ့မိတာပဲ…” ရွာလူကြီးက ပြောလိုက်၏။ ထို့နောက် ထူးဆန်းသော အမူအရာတစ်ခု သူ့မျက်နှာတွင် ပေါ်ထွက်လာသည်။ “ဒါပေမဲ့ ငါတို့ တောက်ယင်ကျင့်စဉ်ကို လျှော့တွက်ခဲ့မိတာ ဖြစ်မယ်… ချင်မူ့ကို ငယ်ငယ်ကတည်းက အဲဒီကျင့်စဉ် ကျင့်ခိုင်းခဲ့တာ၊ အခု သူ့ချီစွမ်းအင်က သိပ်ကို စွမ်းအားကြီးနေပြီ… ဒါပေမဲ့ အဲဒီစွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ဖို့တော့ သူ့ချီစွမ်းအင်မှာ ဓာတ်သတ္တိ တစ်မျိုးမျိုး ပိုင်ဆိုင်ထားမှ ဖြစ်မှာ…”

ဆေးဆရာ ဆတ်ခနဲ တုန်ခါသွား၏။ “သူ့ ချီစွမ်းအင်က ဘယ်လောက်တောင် စွမ်းအားကြီးလို့လဲ…”

“သူ့ချီစွမ်းအင်သာ မင်းရဲ့ လိပ်နက်ချီလို ဓာတ်သတ္တိရှိခဲ့ရင် သူ့ခွန်အားက မင့်ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ စွမ်းအားတစ်ဝက်လောက် ရှိမယ်…”

ရွာလူကြီး၏ စကားကြောင့် ဆေးဆရာမှာ ထခုန်မိမတတ် အံ့ဩတုန်လှုပ်သွားသည်။

“ကျုပ်က ကောင်းကင်နတ်အသွင် အတားအဆီးနံရံကို ချိုးဖျက်ပြီး ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို နိုးထစေခဲ့ပြီးပြီလေ…” သူက အံ့ဩတကြီး အော်လိုက်မိ၏။ “နှစ်တွေလတွေ အကြာကြီး အချိန်ယူပြီး ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါးနဲ့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာတွေကို အပြည့်အဝနိုးထအောင် လုပ်ခဲ့ရတာ… ကျုပ်ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ စွမ်းအားတစ်ဝက်က အဆင့်မြင့်သိုင်းသမားတစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှတယ်… ချင်မူရဲ့ ခွန်အားက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ မနိုးထဘဲ အဆင့်မြင့်သိုင်းသမားတစ်ယောက်နဲ့ တန်းတူရှိတယ်ဆိုတော့… သူသာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို နိုးထအောင် လုပ်နိုင်ခဲ့ရင် ဝိညာဉ်ခန္ဓာကိုယ်တွေထက် အဆပေါင်းများစွာ သာမှာပေါ့၊ မဟုတ်ဘူးလား… ဒါက ဘယ်လိုလုပ် တောက်ယင်ကျင့်စဉ် ဖြစ်နိုင်ဦးမှာလဲ…”

ရွာလူကြီးမှာလည်း ဆေးဆရာကဲ့သို့ပင် ဝေခွဲမရ ဖြစ်ခဲ့သည်။ “တောက်ယင်ကျင့်စဉ်က တကယ့်ကို ဆန်းကြယ်တယ်… ရိုးရှင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခု ဆိုပေမဲ့ မယုံနိုင်လောက်အောင် အခြေခံခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်တယ် မဟုတ်လား… မူအာက ဆယ်နှစ်လောက် လေ့ကျင့်ခဲ့တာ၊ နည်းတဲ့အချိန် မဟုတ်ဘူး… သူ စကျင့်တုန်းက တောက်ယင်ကျင့်စဉ် တိုးတက်နှုန်း နှေးပေမဲ့ ဒီရက်ပိုင်း ငါ သတိထားမိသလောက် မူအာရဲ့ ခွန်အားက ထိုးတက်လာတယ်… သိသာတာ ဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးတွေ စသောက်ကတည်းက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာတာပဲ… တောက်ယင်ကျင့်စဉ်သာ အခြေခံကျလွန်းပြီး လူတိုင်းသိတဲ့ ကျင့်စဉ် မဟုတ်ခဲ့ရင် နတ်ဘုရားကျင့်စဉ် တစ်ခုခုလို့ ထင်မိမှာ…”

သူတို့နှစ်ယောက်စလုံး၏ မျက်နှာမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားသည်။

ဆေးဆရာက သက်ပြင်းတစ်ချက် ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်ရင်း ခေါင်းခါယမ်းလိုက်သည်။ “ဒါပေမဲ့ ဘာမှ လုပ်မရဘူး… ဘယ်လောက်ပဲ ခွန်အားကြီးကြီး၊ သူ့ချီစွမ်းအင်က ဓာတ်သတ္တိမဲ့နေမှတော့ ဘာအစွမ်းမှ ပြနိုင်မှာ မဟုတ်ဘူး… ဒီကောင်လေးက တောက်ယင်ကျင့်စဉ်ကို ဘယ်လောက်ထိ ဆက်ကျင့်နိုင်မယ်လို့ ခင်ဗျား ထင်လဲ…”

ရွာလူကြီး၏ မျက်နှာအမူအရာက ပို၍ ထူးဆန်းသွားသည်။ “ငါ မသိဘူး…”

ဆေးဆရာက နားလည်စွာ ခေါင်းညိတ်လိုက်သည်။

သာမန်အားဖြင့် တောက်ယင်ကျင့်စဉ်က ကလေးငယ်များ အခြေခံကောင်း တည်ဆောက်နိုင်ရန် လေ့ကျင့်ရသော အခြေခံအကျဆုံး ကျင့်စဉ် ဖြစ်သည်။ ဆယ်နှစ်အရွယ် ရောက်လျှင် ထိုအခြေခံက ဝိညာဉ်သွေးများ၏ ဒဏ်ကို ခံနိုင်ရည်ရှိသည့် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ဝိညာဉ်ခန္ဓာအမျိုးအစား စမ်းသပ် အတည်ပြုပြီးသွားသည့်အခါ တောက်ယင်ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်စရာ လိုတော့မည် မဟုတ်ချေ။

အတားအဆီးနံရံတစ်ခုခုကို ချိုးဖျက်ပြီးသည်နှင့် ပိုမိုကောင်းမွန်သည့် ကျင့်စဉ်များ ကျင့်၍ ရပြီဖြစ်ရာ တောက်ယင်ကျင့်စဉ်ကို ရှေ့ဆက် လေ့ကျင့်ကြတော့မည် မဟုတ်ပေ။

တောက်ယင်ကျင့်စဉ်ကို လေ့ကျင့်သော သာမန်အရပ်သားများမှာလည်း ချင်မူကဲ့သို့ ဝိညာဉ်သားရဲသွေးများကို နေ့စဉ်သောက်ခွင့် ရလိမ့်မည်မဟုတ်။

ဩဇာအင်အားကြီးမားသော မိသားစုများသာ ထိုသို့သော အလျှံအပယ် ထောက်ပံ့မှုမျိုး လုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း မည်သည့် မိသားစုကမျှ ပါရမီမရှိသည့် သာမန်မျိုးဆက် တစ်ယောက်အပေါ် ထိုမျှ များပြားသော အထောက်အပံ့ကို ဖြုန်းတီးလိမ့်မည် မဟုတ်ချေ။ မည်သည့် မိသားစုကမျှ ဒုက္ခိတဘိုးဘွားကျေးရွာမှ ဘိုးဘွားများကဲ့သို့ ချင်မူ့လို သာမန်လူ တစ်ယောက်၏ ကျင့်စဉ်တိုးမြင့်ရေးအတွက် ရှားပါးဝိညာဉ်သားရဲများကို နေ့စဉ် ဖမ်းဆီးလိမ့်မည် မဟုတ်။

ရွာလူကြီးမှာ ချင်မူ ယခုရောက်နေသည့် အဆင့်ထိ မဆိုထားနှင့်၊ တောက်ယင်ကျင့်စဉ်အဆုံးထိ လေ့ကျင့်သူကိုပင် မကြားဖူးခဲ့ချေ။

သို့ဖြစ်၍ ချင်မူ မည်သည့်အဆင့်ထိ ရောက်နိုင်မည်ကို သူ မသိပေ။

ဆေးဆရာနှင့် ရွာလူကြီးတို့ အံ့ဩတုန်လှုပ်ရသည်မှာ နောက်ရက်များတွင် ချင်မူ၏ စွမ်းအင်ကျင့်ကြံမှုက ပို၍ ပို၍ လျှို့ဝှက်နက်နဲလာ၏။ လူတိုင်းသိသည်ဟု ဆိုအပ်သော တောက်ယင်ကျင့်စဉ်ကြောင့် သူ့ခန္ဓာကိုယ်တွင် ထူးကဲပြောင်းလဲမှု ဖြစ်ပေါ်ပြီး အခြေခံ အလွန်တရာ ခိုင်မာလာသည်။

တစ်လဟူသော အချိန်အတွင်း၌ ချင်မူက ဝိညာဉ်သွေးများ ပို၍ သောက်သုံးလာနိုင်ပြီး သူ၏ ချီစွမ်းအင်မှာလည်း ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ နိုးထခါစ လူတစ်ယောက်ထက်ပင် ပိုသိပ်သည်းလာသည်။

သို့သော်လည်း သူ့ချီစွမ်းအင်က သိပ်သည်းသည်သာ ရှိ၍ ဓာတ်သတ္တိမဲ့နေမှုကြောင့် မည်သည့် သိုင်းစွမ်းအားကိုမျှ ထုတ်သုံးနိုင်ခြင်း မရှိ။ သို့အတွက်ကြောင့် ချင်မူမှာ သူ့စွမ်းအင်ကျင့်စဉ်၏ စွမ်းရည်အစစ်အမှန်ကို ထုတ်ဖော်မပြနိုင်ချေ။

သို့တိုင်အောင် သူ့ချီစွမ်းအင်၏ သိပ်သည်းမှုကြောင့် ကောင်းကျိုးအာနိသင်များ ရလာသည်။ အထိုးအကြိတ် ခံနိုင်ပြီး အလွန်တရာ မြန်ဆန်စွာ အမောအပန်းပြေ ထူထောင်နိုင်လာ၏။ တဖြည်းဖြည်းနှင့် သူ့ဆရာများကို ကောင်းစွာ ရင်ဆိုင်တိုက်ခိုက်နိုင်လာသည်။ သားသတ်သမားနှင့် ဓားချင်း ယှဉ်ခုတ်နိုင်လာ၏။ အဘိုးကြီးမာ၏ လက်သီးချက်များကို ခံနိုင်လာ၏။ မျက်စိကို စည်းပိတ်ထားရင်း မျက်မမြင်နှင့် တောင်ဝှေးရိုက်ချက်များ ဖလှယ်နိုင်လာ၏။ ထော့ကျိုး၏ ခြေသိုင်းလေ့ကျင့်မှုများကို ခံနိုင်ရည်ရှိလာသကဲ့သို့ ပန်းပဲဆရာရွှေအ၏ လေ့ကျင့်ပေးမှုအောက်တွင် ပေါင်တစ်ရာတူဖြင့် သံထည်ပစ္စည်းများ သွန်းလုပ်နိုင်လာသည်။ ထိုမျှ ပြင်းထန်လွန်းသော လေ့ကျင့်ခန်းများကို လေ့ကျင့်ရသော်လည်း ချင်မူမှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အတိုင်း ရှူသွင်းရှူထုတ်လုပ်ရုံမျှဖြင့် အပြည့်အဝ ပြန်လည် လန်းဆန်းတက်ကြွသွား၏။

လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ဆန်းကြယ်သော အာနိသင်က ရွာလူကြီးကိုပင် မှင်တက်အံ့ဩမိသွားစေခဲ့သည်။ သူက ဆေးဆရာကို ခေါ်၍ ချင်မူ၏ ခန္ဓာကိုယ်ကို မသိမသာ စစ်ဆေးစေပြီး အလွန်အကျွံ လေ့ကျင့်မှုကြောင့် အတွင်းဒဏ်များ ဖြစ်လျှင် ရေရှည်စွဲမသွားစေရန် ကုသခိုင်းလိုက်၏။

ချင်မူ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးသောအခါ ဆေးဆရာမှာ မယုံနိုင်သည့် မျက်နှာအမူအရာဖြင့် ရွာလူကြီးထံ ပြန်ရောက်လာသည်။ “အလွန်အကျွံ လေ့ကျင့်လို့၊ အားကုန်သုံးလို့ ဖြစ်တဲ့ အတွင်းဒဏ် တစ်ခုမှ မတွေ့ခဲ့ဘူး… သူ့ချီစွမ်းအင်က သိပ်သည်းလွန်းတော့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံတောင် စပြီး တိုးတက်လာပြီ…”

ရွာလူကြီးမှာ မည်သည်ကို ပြောရမှန်းမသိ ဖြစ်သွား၏။ သူက အလွန်တရာ ဗဟုသုတ ပြည့်စုံသူတစ်ယောက် ဖြစ်သော်လည်း ချင်မူကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။ အခြေခံအကျဆုံး တောက်ယင်ကျင့်စဉ်ကို ဤမျှထိ လေ့ကျင့်နိုင်ခြင်းမှာ အားလုံးသောသူများ၏ သိနားလည်မှုကို ကျော်လွန်သွားပြီ ဖြစ်သည်။

“ချင်မူ… ဒီနေ့ ဘွားဘွားဆီက အပ်ချုပ်သင်ရမယ်… လက်သီးထိုး မလေ့ကျင့်နဲ့တော့…” အဘွားစစ်က ချင်မူ့ကို လှမ်းအော်ခေါ်လိုက်သည်။

ခါးကုန်းအဘွားအိုက အပ်များ၊ အပ်ချည်လုံးများ ထည့်ထားသည့် ခြင်းတောင်းအသေးလေးကို ဆွဲကာ လျှောက်လာ၏။ သူ၏ ခြေလှမ်းစိပ်စိပ်လေးများနှင့် ရွာပြင်ထွက်သွားသဖြင့် ချင်မူက နောက်မှ ပြေးလိုက်ပြီး သူ့လက်ထဲမှ ခြင်းတောင်းကို ကူဆွဲပေးလိုက်သည်။ “ဘွားဘွား… အပ်ချုပ်တာက ရွာထဲမှာ သင်ရမှာ မဟုတ်ဘူးလား… ဘာလို့ ရွာပြင်သွားနေတာလဲ…”

“အပ်ချုပ်ပညာ အစစ်အမှန်ဆိုတာ ဘယ်လိုလဲ၊ တကယ့်အဝတ်ကို ဘယ်လိုချုပ်ရလဲ… မင်းကို သင်ပေးဖို့ ရွာပြင် ခေါ်လာတာ….”

အဘွားစစ်က ဟက်ခနဲ ရယ်လိုက်သည်။ “အဘိုးကြီးမာ၊ ထော့ကျိုးနဲ့ ကျန်တဲ့ အဘိုးကြီးအိုတွေက မင်းကို တကယ့်စွမ်းရည်တချို့ သင်ပေးနေမှတော့ ဘွားဘွားလည်း တွန့်တို မနေသင့်တော့ဘူးလေ… ဒီနေ့ မင်းကို အပ်ချုပ်သမားတစ်ယောက်က ဘာလုပ်နိုင်လဲဆိုတာ သင်ပေးမယ်…”

‘အပ်ချုပ်သမားတစ်ယောက်က ဘာလုပ်နိုင်လဲ…’ ချင်မူ နားမလည်နိုင်စွာ တွေးလိုက်သည်။ အပ်ချုပ်သမားတစ်ယောက်က အဝတ်ချုပ်ဖို့ပဲ မဟုတ်ဘူးလား။

ချင်မူ နားမလည်သော်လည်း အဘွားစစ်၏ နောက်မှ လိုက်၍ ရွာပြင်ထွက်ကာ မြစ်ကမ်းပါးအတိုင်း စုန်ဆင်းလာခဲ့၏။ အဘွားစစ်က ခါးကုန်းနေသော်လည်း သူ၏ ခြေလှမ်းများက အံ့အားသင့်စရာကောင်းအောင် မြန်လှသည်။ ချင်မူ့အနေဖြင့် ထော့ကျိုးသင်ပေးထားသော ခြေလှမ်းကွက်များကို အပြည့်အဝထုတ်သုံးမှ သူ့ကို မီသည်ဆိုရုံလေး မီ၏။ မိုင်ပေါင်း တစ်ဒါဇင်ခန့် သွားပြီးသောအခါ တောင်ခြေတစ်ခုမှ မြက်ခင်းဖုံးလွှမ်းနေသည့် ကုန်းပြင်မို့မို့နေရာသို့ ရောက်လာသည်။ သူတို့ရှေ့ ခြေလှမ်းနှစ်ရာခန့် အကွာတွင်တော့ သမင်တစ်အုပ် ကျက်စားပျော်ပါးနေ၏။

အဘွားစစ်က ခြင်းတောင်းထဲရှိ အပ်ချည်လုံးမှ ငွေအပ်တစ်ချောင်းကို နုတ်ယူ၍ ဆတ်ခနဲ ပစ်လွှတ်လိုက်သည်။ ထိုအပ်က အလင်းရောင်တစ်ချက် လက်ပြီး ပျောက်ကွယ်သွား၏။ ထိုတစ်ခဏ၌ သမင်တစ်ကောင် တုံးခနဲ လဲကျပြီး အခြားသမင်များ ထိတ်လန့် ကြောက်ရွံ့စွာ ထွက်ပြေးသွားကြသည်ကို ချင်မူ မြင်တွေ့လိုက်ရ၏။

အဘွားစစ်က ရှေ့သို့ တိုးသွားပြီး ချင်မူက နောက်မှ ကပ်လိုက်သွားသည်။ သမင်အနားသို့ ရောက်သွားသောအခါ ထိုသမင်က အသက်ရှိနေသေးကြောင်း သူ တွေ့ရ၏။ သို့သော်လည်း အဘွားစစ်၏ အပ်ချောင်းက ၎င်း၏ မျက်ခုံးနှစ်ခုကြားတွင် စိုက်ဝင်နေပြီး လှုပ်ရှား၍ မရအောင် တစ်နည်းတစ်ဖုံ ဟန့်တားထားသကဲ့သို့ ရှိနေသည်။

“သေချာကြည့် မူအာ… ဒီအပ်က သမင်ရဲ့ ကောင်းကင်ဝိညာဉ်မှာ စိုက်နေတာ…”

အဘွားစစ်က ချင်မူကို အပ်စိုက်ဝင်နေသည့် နေရာကို မှတ်သားစေပြီး နောက်ထပ် အပ်တစ်ချောင်း ထုတ်ယူ၍ သမင်၏ မြီးညှောင့်ရိုးသို့ ထိုးစိုက်လိုက်သည်။

“ဒီအပ်က သူ့ရဲ့ မြေဝိညာဉ်ကို စိုက်လိုက်တာ…”

ထို့နောက် နောက်ထပ် အပ်တစ်ချောင်း ထုတ်ယူ၍ သမင်၏ ချက်နေရာသို့ ထိုးစိုက်လိုက်၏။ “ဒီအပ်ကတော့ သမင်ရဲ့ အသက်ဝိညာဉ်ကို စိုက်လိုက်တာ… ဒီယန်ဝိညာဉ်သုံးခု ပြီးရင် ယင်ဝိညာဉ်ခုနစ်ခု ကျန်သေးတယ်… ပထမဆုံး ယင်ဝိညာဉ်က ရှစ်ကုံး၊ ငယ်ထိပ်မှာ ရှိတယ်…”

အဘွားစစ်က အခြားငွေအပ်တစ်ချောင်းကို ထုတ်ယူ၍ သမင်၏ မျက်ခုံးနှစ်ခုကြား ပထမအပ်ချောင်းအနီးတွင် ထိုးစိုက်လိုက်သည်။ “ဒုတိယ ယင်ဝိညာဉ်က ဖူးရှစ်လို့ ခေါ်တယ်… ဖူးရှစ်က ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တတိယမျက်လုံးနေရာမှာ ရှိတယ်… ကောင်းကင်ဝိညာဉ်နဲ့ ဖူးရှစ်ကို ရောတတ်တယ်… အပ်ချောင်းနှစ်ခုစလုံးက တစ်နေရာတည်းမှာ စိုက်ထားသလို ထင်ရပေမဲ့ တစ်ခုက ပိုပြီး အထဲထိ ရောက်တယ်… မရောစေနဲ့…”

“တတိယ ယင်ဝိညာဉ်၊ ချောင်းယင်က လည်စလုတ်မှာ ရှိတယ်…” သူက ချင်မူ၏ လည်ပင်းသို့ ညွှန်ပြ၍ ဆက်ပြောလိုက်သည်။ “မင့်လည်ပင်းကို စမ်းကြည့်လိုက်… တြိဂံပုံ အချိုင့်သေးသေးလေးကို တွေ့လား… အဲဒါ ချောင်းယင် ရှိတဲ့နေရာပဲ… ဒီအပ်က သမင်ရဲ့ ချောင်းယင်နေရာကို စိုက်လိုက်လိမ့်မယ်…”

အဘွားစစ်က လျင်မြန်စွာ လှုပ်ရှား၍ အပ်ချောင်းများ တစ်ချောင်းပြီး တစ်ချောင်း ထုတ်ယူကာ သမင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးသို့ ထိုးစိုက်လိုက်သည်။

“စတုတ္ထ ယင်ဝိညာဉ်၊ ထွင်ကျိမ်က ဒီနေရာ… တစ်ကိုယ်လုံးက သွေးတွေစုလာတဲ့ နှလုံးနေရာ…”

ပဉ္စမ ယင်ဝိညာဉ်၊ ဖေးတူက ချက်နေရာမှာ… အသက်ဓာတ်ဝိညာဉ်နဲ့ မမှားစေနဲ့…”

“ဆဋ္ဌမ ယင်ဝိညာဉ်၊ ချီဟွေ့က အညစ်အကြေးစွန့်တဲ့ စအိုနားမှာ ရှိတယ်…”

“သတ္တမ ယင်ဝိညာဉ်၊ ချုံဖေးက သန့်စင်တဲ့လေနဲ့ ညစ်ထေးတဲ့လေ လှည့်လည်တဲ့ အဆုတ်နေရာမှာ ရှိတယ်…”

အဘွားစစ်က သမင်၏ ယန်ဝိညာဉ်သုံးနေရာနှင့် ယင်ဝိညာဉ်ခုနစ်နေရာသို့ အပ်စိုက်ခြင်းအမှုကို အဆုံးသတ်လိုက်၏။ “ယန်ဝိညာဉ်သုံးခုနဲ့ ယင်ဝိညာဉ်ခုနစ်ခုကို ချုပ်နှောင်တာက အဝတ်ကောင်း ချုပ်တဲ့နေရာမှာ အရေးအကြီးဆုံး အဆင့်ပဲ… ဒါကို ‘ဝိညာဉ်ချုပ်တယ်’လို့ ခေါ်တယ်… နားလည်လား… မူအာ… မင်း နားလည်ရင် ဘွားဘွားတို့ အဝတ်စချုပ်ကြမယ်…”

ချင်မူမှာ ဤအရာအားလုံးက အဝတ်ချုပ်ခြင်းအတတ်နှင့် မည်သို့ သက်ဆိုင်မှန်း နားလည်ခြင်းမရှိသော်လည်း အဘွားစစ် ပြသွားသည့် နေရာအားလုံးကို ဂရုတစိုက် မှတ်သားလိုက်သည်။ “မှတ်ပြီးပြီ ဘွားဘွား…”

အဘွားစစ်က သူ့ခြင်းတောင်းထဲမှ ကတ်ကြေးတစ်လက်ကို ထုတ်ယူပြီး သမင်၏ နှုတ်ဖျားမှ စ၍ အရေခွံခွာလိုက်၏။ မကြာမီပင် သမင်အရေခွံ တစ်ခုလုံး ခွာယူပြီးသွားသည်။ ထူးဆန်းသည်မှာ ထိုသမင်က အရေခွံ အခွာခံလိုက်ရသော်လည်း သွေးတစ်စက်မျှ ထွက်မလာချေ။

“ဘွားဘွားက ဒီသမင်ရဲ့ ဝိညာဉ်ကို သူ့အရေခွံထဲမှာ ထည့်ချုပ်ပြီး သူ့သွေးတွေ၊ စွမ်းအင်တွေနဲ့ ယင်ဝိညာဉ်ကို ပိတ်လှောင်ထားတာ… သမင်ရဲ့ ခန္ဓာကိုယ်က သေသွားပေမဲ့ သူ့အရေခွံထဲမှာ အသက်ဆက် ရှိနေသေးတယ်… ဒါပေမဲ့ မှန်ကန်တဲ့ အဝတ်တစ်ခုအဖြစ် ချုပ်ဖို့ကတော့ တချို့နည်းစနစ်လေးတွေ လိုသေးတယ်… သေချာကြည့်… မူအာ… ဘွားဘွားထောက်တဲ့ နေရာတွေကို မှတ်ထား…”

ခါကုန်းကြီး အဘွားစစ်က သမင်အရေခွံကို ရုတ်တရက် လေထဲသို့ ပစ်လွှင့်လိုက်၏။ ထို့နောက် သူ၏ လက်ချောင်းများကို အပ်အဖြစ် အသုံးပြု၍ ကောင်းကင်ထက်တွင် ဝဲတက်သွားသော သမင်အရေခွံကို တဆတ်ဆတ် ထိုးစိုက်လိုက်သည်။

ချင်မူက အာရုံစူးစိုက်၍ ထိုမြင်ကွင်းကို မှတ်ဉာဏ်ထဲ စွဲထင်နေအောင် မှတ်သားလိုက်၏။ အဘွားစစ်က သမင်အရေခွံ မြေပြင်ပေါ် ပြန်မကျမီ သုံးရာတစ်ဆယ့်ခြောက်နေရာသို့ လက်ချောင်းဖြင့် ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။ တစ်နေရာနှင့် တစ်နေရာ ထပ်ခြင်း မရှိဘဲ သူ၏ လက်ချောင်းစိုက်ချက် တစ်ချက်စီတိုင်းတွင် ချီစွမ်းအင်များ ပါဝင်ကာ သမင်အရေခွံထဲသို့ စီးဝင်သွား၏။

သမင်အရေခွံမှာ အောက်ပြန်ကျလာသောအခါ မြေပေါ်သို့ ပုံကျသွားခြင်း မရှိဘဲ သက်ရှိသမင်တစ်ကောင်ကဲ့သို့ ထရပ်ကာ ခေါင်းကို တစ်ချက်ခါလိုက်ပြီး အမြီးလေး ယမ်းတမ်း ယမ်းတမ်း လုပ်နေ၏။ အရေခွံသက်သက်သာ ဟုတ်ပါသေး၏လားဟု ခွဲခြားရခက်သွားသည်။

ထူးဆန်းလွန်းသော မြင်ကွင်းကြောင့် ချင်မူ ကျောက်ရုပ်သဖွယ် အကြောင်သား စိုက်ကြည့်နေမိ၏။

အဘွားစစ်က ဟက်ခနဲ ရယ်ပြီး သမင်အရေခွံကို ဆွဲဖြန့်ကာ ချင်မူ၏ ကိုယ်ပေါ်တွင် ပတ်ပေးလိုက်သည်။ “ဒါက ငါတို့ အပ်ချုပ်သမားတွေ ချုပ်တဲ့ အဝတ်အစားမျိုးပဲ…”

ရုတ်တရက် သမင်အရေခွံက ချင်မူ့ကို ရစ်ပတ်ဖျစ်ညှစ်လာ၏။ တစ်စထက် တစ်စ တင်းကျပ်လာပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ လေးဖက်ထောက်ကျသွား၏။

သူ့ကိုယ်သူ တကယ့်သမင်တစ်ကောင် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တင်ပါးဆီမှ သေးကွေးသော သမင်အမြီးဖွာလေးကိုပင် လှုပ်ယမ်း၍ ရနေ၏။

အဘွားစစ်က ခြင်းတောင်းထဲမှ မှန်တစ်ချပ် ထုတ်ယူပြီး ချင်မူ့ရှေ့ ချကာ သူ့ကိုယ်သူ ပြန်မြင်အောင် ပြလိုက်၏။ ထိုအခါမှ သူက တကယ့် သမင်တစ်ကောင်အဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရတော့သည်။

ချင်မူ စကားပြောရန် ကြိုးစားလိုက်သော်လည်း သမင်တစ်ကောင်ကဲ့သို့ တညွမ့်ညွမ့် အော်သံများသာ ထွက်ပေါ်လာ၏။

ထိုအချိန်၌ အော်သံတစ်သံက ရုတ်တရက် အုန်းခနဲ မြည်ဟည်း ထွက်ပေါ်လာသည်။

“ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာပါလား… ဘယ်လောက်တောင် အောက်လမ်းဆန်လိုက်သလဲ… မဟာမြို့ပျက်ရဲ့ ဒီလိုခေါင်သီတဲ့နေရာမှာ ခြေသလုံးအိမ်တိုင် မိစ္ဆာနတ်ဆိုးတစ်ကောင်က နတ်ဆိုးပေါက်စတစ်ကောင်ကို မိစ္ဆာပညာသင်ပေးနေတာ တွေ့ရမယ်လို့ ထင်မထားခဲ့မိဘူး…”

Options

not work with dark mode
Reset