Chapter 2

အဘွားစစ်က ချင်မူ့ကို ရွာဘက်သို့ ဆွဲခေါ်လာရင်း ပြုံးလိုက်သည်။ “ဟိုဟိုဒီဒီ လျှောက်ကြည့်မနေတော့နဲ့.. မြန်မြန်လာ.. ဒီနေ့က မင်းအတွက် အရေးကြီးတဲ့နေ့… ရွာလူကြီး၊ အဘိုးကြီးမာ၊ အကုန်လုံး လာခဲ့ကြတော့…”

ရွာထဲတွင် မီးပုံကြီးတစ်ခု ထွန်းလင်းနေသည်။ ရွာလူကြီးကို ထမ်းစင်နှင့် သယ်ထုတ်လာ၏။ သူက တည်ငြိမ်စွာ မေးလိုက်သည်။ “ဝိညာဉ်လေးကောင် ရခဲ့ပြီလား…”

“အကုန် ရခဲ့ပါပြီ…”

လက်တစ်ဖက်သာ ရှိတော့သည့် အဘိုးကြီးမာက ပေပေါင်းများစွာ ရှည်သည့် ကျောက်စိမ်းရောင် မြွေကြီးကို ဆွဲထုတ်လာသည်။ ထိုမြွေက သွေးညှီနံ့များ ထွက်နေသော်လည်း အသက်ရှင်လျက် ရှိသေး၏။ သို့သော်လည်း အဘိုးကြီးမာ၏ တစ်ဖက်တည်းသော လက်ဖြင့် ဆုပ်ညှစ်ထားမှု အောက်တွင် လူးလွန့်နိုင်ခြင်း မရှိပေ။

တစ်ချိန်တည်းမှာပင် ပန်းပဲဆရာရွှေအက သူ့ကိုယ်ထက် ယောင်ယောင်လေး ကြီးသည့် ငှက်ကြီးတစ်ကောင်ကို သယ်လာသည်။ ထိုငှက်၏ အတောင်ပံနှင့် ခြေထောက်များကို ချည်နှောင်ထားပြီး ရုန်းကန်လိုက်တိုင်း မီးပွင့်တဖွားဖွား ထွက်နေ၏။ ထိုသို့ရုန်းကန်ရာမှ ထွက်ပေါ်လာသော တဖျောင်းဖျောင်း တဖြန်းဖြန်း အသံများက ကြက်သီးထဖွယ် ကောင်းလှသည်။

ထို့နောက်တွင် မျက်မမြင်က စားပွဲတစ်လုံးအရွယ်ထက် ကြီးမားသော လိပ်ကြီးတစ်ကောင်ကို သယ်ဆောင်လာ၏။ ထိုလိပ်ကြီးက နှစ်ပေါင်း မည်မျှ ကြာအောင် ရှင်သန်ခဲ့သည်မသိ၊ အခွံကပင် ရွှေရောင်သန်းနေချေပြီ။ ခြေလေးချောင်းလုံးက အခွံထဲ ဝင်နေပြီး တစ်ချက်တစ်ချက်တွင် ခြေတစ်ချောင်း ထွက်ထွက်လာသည်။ ထိုသို့ ထွက်လာချိန်၌ ကိုယ်လုံးအောက်မှ ရေငွေ့များ ထွက်လာသည်ကို ချင်မူ တွေ့ရ၏။ ထိုရေငွေ့များက ၎င်းကို လေပေါ်ပင့်တင်၍ ပြေးထွက်သွား‌နိုင်လောက်သည်အထိ အားပြင်းသည့်ပုံ ပေါ်၏။

ထိုသို့ ထွက်မပြေးနိုင်သည့် တစ်ခုတည်းသော အကြောင်းမှာ မျက်မမြင်က ၎င်း၏နှာခေါင်းကို ချိတ်ဖြင့် ဖောက်၍ ဆွဲထားသောကြောင့် ဖြစ်သည်။

“နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နဲ့ လိပ်နက်… ငါတို့အနေနဲ့ အဲဒီဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးကို မရှာနိုင်ပေမဲ့ နဂါးစိမ်းမြွေ၊ သံမဏိအရိုးကျား၊ လျှပ်စီးငှက်နဲ့ ရွှေရောင်လိပ်ကို အစားထိုးပြီး သုံးလို့ရပါသေးတယ်… ဒီကောင်တွေနဲ့ဆို လုံလောက်ပြီ…”

ရွာလူကြီးက ရွာ၏ တစ်ဦးတည်းသော သားသတ်သမားကို ခေါင်းတစ်ချက် ဆတ်ပြလိုက်သည်။ သားသတ်သမားက သွားဖြဲ၍ ပြုံးလိုက်ပြီး သူ့လက်များကို အားပြုကာ ရှေ့သို့ တိုးသွား၏။ သူက ခန္ဓာကိုယ်အပေါ်ပိုင်းသာ ရှိတော့သူ ဖြစ်သည်။ သူ့ခါးအောက်ပိုင်းတစ်ခုလုံးက တိတိရိရိ ခုတ်ပိုင်းခံထားရ၏။

နဂါးစိမ်းမြွေ၊ သံမဏိအရိုးကျား၊ လျှပ်စီးငှက်နှင့် ရွှေရောင်လိပ်တို့၏ ရှေ့‌တွင် ဇလုံကြီးလေးလုံး ချထားသည်။ သားသတ်သမားက တစ်ကောင်လျှင် တစ်ချက်သာ ခုတ်ချလိုက်၏။ ထိုသားရဲများ၏ သွေးများ ပန်းထွက်လာပြီး များစွာမကြာလိုက်ဘဲ ဇလုံအပြည့် ဖြစ်သွားသည်။

“ဆေးဆရာ…” ရွာလူကြီးက ခေါ်ထုတ်လိုက်သည်။

ရွာ၏ တစ်ဦးတည်းသော ဆေးဆရာက ရှေ့ထွက်လာသည်။ သူ့မျက်နှာအရေပြား၊ နှာခေါင်းနှင့် နှုတ်ခမ်းတစ်ဝက်မှာ လှီးထုတ်ခံထားရ၏။ သူက တစ်ရွာလုံးတွင် ရုပ်အဆိုးဆုံးနှင့် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ သို့သော်လည်း ချင်မူကတော့ ဘိုးဘိုးဆေးဆရာမှာ ခင်စရာအကောင်းဆုံးဟု ထင်မိ၏။

ဆေးဆရာက ရှေ့ထွက်လာပြီး ထူးဆန်းသော အနီရောင်သစ်ရွက် လေးရွက်ကို ထုတ်ယူလိုက်သည်။ ထိုသစ်ရွက်များပေါ်တွင် နှင်းခဲသဖွယ် ဖြူဖွေးနေသော ပိုးကောင်ဥလေး တစ်ဥစီ ရှိနေသည်။ ဆေးဆရာက ဇလုံတစ်လုံးလျှင် သစ်ရွက်တစ်ရွက်စီ ထည့်လိုက်၏။ ပိုးကောင်ဥလေးများမှ ပိုးကောင်ငယ်‌လေးများ ပေါက်လာပြီး သစ်ရွက်ပေါ်တွင် နား၍ သွေးများ စတင် သောက်သုံးတော့သည်။

ထို‌ပိုးကောင်များက သွေးသောက်ရင်း အရွယ်အစား ကြီးလာသည်။ ဇလုံများထဲရှိ သွေးများက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပိုးကောင်ဝဝကြီးများသာ ကျန်ရစ်ခဲ့တော့၏။

ဆေးဆရာက ဆားကဲ့သို့ အဖြူရောင် အမှုန့်များကို ဖြူးချလိုက်သောအခါ ပိုးကောင်‌လေးကောင်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားကြောင်း ချင်မူ တွေ့ရသည်။ ထိုမြင်ကွင်းကြောင့် သူ အံ့ဩတကြီး စုတ်သပ်လိုက်မိ၏။

တစ်ခဏကြာပြီးနောက် ဆေးဆရာက ပိုးကောင် လေးကောင်ကို ကောက်ယူလိုက်သည်။ ထိုပိုးကောင်များက လက်တစ်ဝါးအရွယ်သာ ရှိတော့၏။ ထို့နောက် ကြွေပန်းကန်လေးလုံးကို ထုတ်ယူ၍ ပိုးကောင်တစ်ကောင်ကို ခပ်တင်းတင်း ဆုပ်ညှစ်လိုက်ရာ စူးရှသော တကျွီကျွီအသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ၎င်း၏ ပါးစပ်မှ ကြည်လင်သော ပယင်းရောင် သွေးစက်များ အန်ထွက်လာပြီး ပန်းကန်တစ်လုံးအပြည့် ဖြစ်သွား၏။

အခြားပိုးကောင် သုံးကောင်ကိုလည်း ထိုနည်းတူပင် ခွက်ထဲသို့ ညှစ်ထည့်လိုက်သည်။ ပြီးသည့်အခါ ထိုခွက်လေးခွက်စလုံးကို ချင်မူရှေ့သို့ ချရင်း ခေါင်းခါယမ်းလိုက်၏။ “ဒီလောက် ဝိညာဉ်‌သွေးကိုပဲ ထုတ်လို့ရတယ်… ဒါတွေက တကယ့် ဝိညာဉ်သားရဲတွေမှ မဟုတ်ပဲ…”

“မူအာ… လူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနဲ့ ကောင်းကင်တံတား ဆိုပြီးတော့ ရတနာတိုက်ခုနစ်ခု ရှိတယ်… အဲဒီရတနာတိုက်ခုနစ်ခုက သော့ခတ်ထားတဲ့ လျှို့ဝှက်ရတနာတွေလိုပဲ ထာဝရ ပိတ်လှောင်နေတယ်… အဲဒါကြောင့် သူတို့ကို ကောင်းကင်ရတနာခုနစ်ပါးလို့ ခေါ်ကြတယ်…”

“အဲဒီ ကောင်းကင်ရတနာခုနစ်ပါးက ပုံမှန်ဆိုရင် ပိတ်နေတဲ့အတွက် သိုင်းသမား တစ်ယောက်အနေနဲ့ ကိုယ့်ဖာသာ ဖွင့်ဖို့ လိုအပ်တယ်…” ရွာလူကြီးက ပြောလိုက်သည်။ မီးဖိုမှ မီးတောက်များ၏ အရိပ်က ရွာလူကြီး၏ မျက်နှာပေါ်တွင် တလူးလူး တလွန့်လွန့် ထင်ဟပ်နေသဖြင့် သူ့အရှိန်အဝါ အငွေ့အသက်က ကြောက်ရွံ့ တုန်လှုပ်စရာ ဖြစ်နေ၏။ “အဲဒီ ကောင်းကင်ရတနာတွေကို နှိုးဆွ ဖွင့်လှစ်ဖို့ ကြိုးစားတဲ့နေရာမှာ အတားအဆီးတွေ ပိတ်ဆို့နေတယ်… ရတနာတစ်ခုစီမှာ အတားအဆီးတစ်ခုစီ ရှိတယ်… ဝိညာဉ်သန္ဓေသား အတားအဆီး၊ ဓာတ်ကြီးငါးပါး အတားအဆီး၊ အရပ်ခြောက်မျက်နှာ အတားအဆီး၊ ခုနစ်စဉ်ကြယ် အတားအဆီး၊ ကောင်းကင်နတ်အသွင် အတားအဆီး၊ သေခြင်းရှင်ခြင်း အတားအဆီးနဲ့ ကောင်းကင်တံတား အတားအဆီး ဆိုပြီးတော့ အတားအဆီးခုနစ်ခု ရှိတယ်… အဲဒီအတားအဆီးတွေကို ချိုးဖျက်တဲ့ ဖြစ်စဉ်ကိုတော့ အတားအဆီး ချိုးဖျက်ခြင်းလို့ ခေါ်တယ်…”

အဘိုးမာက ချင်မူ၏ ခေါင်းကို သူ၏ တစ်ဖက်တည်းသော လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်၍ ပြောလိုက်သည်။ “အတားအဆီးကို မချိုးဖျက်နိုင်ရင် သိုင်းကျင့်ဖို့ မဖြစ်နိုင်ဘူး… တချို့လူတွေက ကောင်းကင်ဘုံရဲ့ မျက်နှာသာ ပေးခံရတယ်… သူတို့ မွေးလာကတည်းက ဝိညာဉ်သန္ဓေသားရဲ့ အတားအဆီး ကျိုးပျက်နေတဲ့အတွက် သူတို့ရဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက သဘာဝအတိုင်း ပွင့်ပြီးသား ဖြစ်နေကြတယ်… အဲဒီလို ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံမျိုးကို ဝိညာဉ်ခန္ဓာကိုယ်လို့ ခေါ်ကြတယ်… သိုင်းကျင့်ဖို့ အကောင်းဆုံး မျိုးစေ့ပဲ… ဝိညာဉ်ခန္ဓာ ရှိတဲ့သူတွေက သာမန်လူတွေထက် မြင့်မားတဲ့ ပါရမီအရည်အချင်း ရှိပြီးတော့ သာမန်ထက် နှစ်ဆမြန်အောင် လေ့ကျင့်နိုင်ကြတယ်…”

“ဝိညာဉ်သန္ဓေသားမှာ သဘာဝဓာတ် လေးမျိုး ရှိတယ်.. အဲဒီတော့ ဝိညာဉ်ခန္ဓာ လေးမျိုး ရှိတာပေါ့… နဂါးစိမ်းဝိညာဉ်ခန္ဓာ၊ ကျားဖြူဝိညာဉ်ခန္ဓာ၊ မီးငှက်ဝိညာဉ်ခန္ဓာနဲ့ လိပ်နက်ဝိညာဉ်ခန္ဓာဆိုပြီး လေးမျိုး ရှိတယ်… လူတစ်ယောက်က ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားလား၊ မပိုင်ဆိုင်ဘူးလား သိဖို့ အဲဒီ ဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးကို လိုအပ်တယ်…”

“မင်းမှာ နဂါးစိမ်းဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားရင် နဂါးစိမ်း ဝိညာဉ်သွေး သောက်ပြီးတဲ့အခါ နဂါးစိမ်းချီ နိုးထလာလိမ့်မယ်… အဘိုးကြီးမာလိုပေါ့…” ဆေးဆရာက ပြောလိုက်သည်။

လက်တစ်ဖက်တည်းသာ ရှိသည့် အဘိုးကြီးမာက သူ့အင်္ကျီ ကြယ်သီးကို ဖြုတ်၍ ချွတ်ကာ ချင်မူ၏ ရှေ့တွင် ကိုယ်အပေါ်ပိုင်းဗလာဖြင့် ရပ်လိုက်သည်။ ထို့နောက် ချင်မူဘက်သို့ ကျောပေး၍ ခပ်အုပ်အုပ် အော်ဟစ် မာန်သွင်းလိုက်၏။

ရုတ်တရက် အစိမ်းရောင်ချီတစ်ခု အဘိုးကြီးမာ၏ နောက်ကျောမှ ထွက်ပေါ်လာသည်ကို ချင်မူ မြင်လိုက်ရသည်။ ထိုအစိမ်းရောင်ချီက အဘိုးကြီးမာ၏ မြီးညှောင့်ရိုးမှ နောက်စေ့အထိ ဆန့်ထွက်၍ နဂါးစိမ်းတစ်ကောင် အသွင်သို့ တဖြည်းဖြည်း ပြောင်းသွား၏။ နဂါးတစ်ကောင်၏ အကြေးခွံများ၊ မုတ်ဆိတ်နှင့် အမွေးအမှင်များ အပြည့်အဝ ပေါ်လာပြီးသောအခါ နဂါးလက်သည်းတစ်ခုက အဘိုးကြီးမာ၏ တစ်ဖက်တည်းသော လက်ပေါ်သို့ ဆန့်ထွက်လာသည်။ နောက်ထပ် နဂါးလက်သည်းနှစ်ခုကတော့ သူ့ခြေထောက်နှစ်ဖက်တွင် ရစ်ပတ်သွား၏။

“ဒါ… နဂါးစိမ်းဝိညာဉ်ခန္ဓာပဲ…” လက်တစ်ဖက်တည်း ရှိသည့် အဘိုးကြီးမာက သူ့အင်္ကျီကို ပြန်ဝတ်လိုက်သည်။ “အဘွားကြီးစစ်ကတော့ ကျားဖြူဝိညာဉ်ခန္ဓာ ရှိတယ်…”

အဘွားစစ်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် မျက်လုံးလှန်၍ ပြောလိုက်သည်။ “ကျုပ်ကတော့ အင်္ကျီ ချွတ်ပြီး ရှင်တို့ ခွေးအိုကြီးတွေကို မျက်စိအရသာခံခွင့် ပေးမှာမဟုတ်ဘူး… ချင်မူ့ကို ကျုပ်ရဲ့ ချီစွမ်းအင် ပုံသဏ္ဌာန်ဖွဲ့ပြီး ပြပေးမယ်…”

အဘွားစစ်၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားပြီး သူ၏ နောက်ကျောအထက်၌ မာန်ဟုန်ပြင်းသည့် ကျားဖြူတစ်ကောင်၏ ခပ်ဝါးဝါးပုံရိပ် ထွက်ပေါ်လာ၏။ ထိုပုံရိပ်ထံမှ သားရဲဟိန်းသံ ခပ်သဲ့သဲ့ကိုပင် ကြားရသလို ရှိသည်။

“ဒီရွာကသူတွေ အကုန်လုံးက ဝိညာဉ်ခန္ဓာ ရှိကြတယ်… ဒါပေမဲ့လည်း အခုတော့ ဒုက္ခိတ သက်ကြီးရွယ်အိုတွေချည်း ဖြစ်ကုန်ပါပြီ…”

အဘွားစစ်က ပြုံးလိုက်၏။ “ငါတို့ ဒုက္ခိတသက်ကြားအိုတွေမှာ မင်းကို ပေးနိုင်တာ ဘာမှ မရှိဘူး… ဝိညာဉ်သားရဲ လေးကောင်ရဲ့ ဒီသွေးပန်းကန်လုံး လေးလုံးက ဝိညာဉ်ခန္ဓာ နိုးထနိုင်ဖို့ သော့ချက်ပဲ… နဂါးစိမ်းဝိညာဉ်ခန္ဓာလိုပဲ၊ မင်းမှာ ကျားဖြူဝိညာဉ်ခန္ဓာ ရှိရင် ကျားဖြူဝိညာဉ်သွေးကို သောက်တဲ့အခါ မင်းရဲ့ ဝိညာဉ်သန္ဓေသားထဲက ကျားဖြူချီ နိုးထလာလိမ့်မယ်… မင်းမှာ မီးငှက်ဝိညာဉ်ခန္ဓာ ရှိရင်တော့ မီးငှက်ဝိညာဉ်သွေးက မင်းရဲ့ ဝိညာဉ်သန္ဓေသားထဲက မီးငှက်ချီကို နိုးထစေလိမ့်မယ်… လိပ်နက်ဝိညာဉ်ခန္ဓာလည်း အဲဒီလိုပဲ…”

“အခု သောက်လိုက်…”

ရွာလူကြီး၊ အဘွားစစ်နှင့် အခြားသူများအားလုံးက ချင်မူ့ကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေကြသည်။

ချင်မူ့ ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်လာ၏။ ဆေးဆရာထံမှ ပရဆေးပင်များ စုဆောင်းပုံ၊ ဆေးဖော်စပ်ပုံများကို သင်ယူရင်း ထူးထူးဆန်းဆန်း ဆေးဝါးများ မရေမတွက်နိုင်အောင် သောက်ဖူးသော်လည်း ဤမျှ ထူးထွေဆန်းပြားခြင်း မရှိခဲ့ပေ။

ချင်မူ ကြွေပန်းကန်တစ်လုံးကို ကောက်ယူလိုက်၏။ ထိုခွက်က မီးငှက်ဝိညာဉ်သွေးပါသည် ဖြစ်၍ သွေးနီရောင်အရည်များက ကျိုက်ကျိုက်ဆူ ပူနေသည်။ သူ တစ်ကျိုက်တည်း မော့သောက်လိုက်၏။ မီးစနှင့် ထိုးခံရသလို ခံစားချက်က လည်ချောင်းမှတစ်ဆင့် ခြေလက်များ၊ အရိုးအဆစ်များထိ ပူဆင်း ပျံ့နှံ့သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တရှိန်ရှိန် လောင်မြိုက် ပူပြင်းလာပြီး သွေးများပင် ပွက်ပွက်ဆူလာသကဲ့သို့ ထင်ရ၏။

တစ်ခဏကြာပြီးနောက် ထိုပူပြင်းလောင်မြိုက်သည့် ခံစားချက်က ပျောက်ကွယ်သွားသည်။

“ရွှေအ… သူ့မှာ မီးငှက်ဝိညာဉ်ခန္ဓာ ရှိလား…” ရွာလူကြီးက မေးလိုက်၏။

ပန်းပဲဆရာရွှေအက ခေါင်းခါယမ်းလိုက်သည်။

“ဆက်သောက်… ချင်မူ…” ရွာလူကြီးက ပြောလိုက်၏။

ချင်မူ ကျားဖြူဝိညာဉ်သွေးပါသည့် ဒုတိယကြွေခွက်ကို ကောက်ယူလိုက်သည်။ ထိုခွက်ကို သောက်ရသည်မှာ သံချေးများ ပြည့်နေသည့် သံရည်ပူပူကို သောက်ရသကဲ့သို့ ကြေးနီအရသာ ရကာ သူ့လျှာတစ်ခုလုံး စူးခနဲ ဖြစ်သွားသည်။ တစ်ကိုယ်လုံးတွင်လည်း စူးခနဲ၊ ကျဉ်ခနဲ ခံစားရပြီး ခဏအကြာတွင် ပျောက်ကွယ်သွား၏။

“သူ့မှာ ကျားဖြူဝိညာဉ်ခန္ဓာ မရှိဘူး…” အဘွားစစ်က စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။

“ချင်မူ… တတိယခွက်…” ရွာလူကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်၏။

ချင်မူ တတိယခွက်ကို သောက်လိုက်သည်။ ယင်းခွက်၌ အစိမ်းရောင်မြွေမှ ထုတ်ယူထားသော နဂါးစိမ်းဝိညာဉ်သွေး ပါ၏။ ဤဝိညာဉ်သွေးကတော့ သူ့ကြွက်သားများထဲမှ သွေးကြောများ ဖောင်းကြွလာပြီး ကိုယ်တွင်းအင်္ဂါများကို မချိမဆန့် ဖိညှစ်ခံရသလို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုခံစားချက်က ခဏနှင့် ပျောက်ကွယ်သွားပြန်၏။

အဘိုးကြီးမာက စိတ်ပျက်လက်ပျက်မျက်နှာဖြင့် ခေါင်းယမ်းလိုက်သည်။ “သူ့မှာ နဂါးစိမ်းဝိညာဉ်ခန္ဓာလည်း မရှိဘူး…”

“အဲဒီလိုဆို သူ့မှာ လိပ်နက်ဝိညာဉ်ခန္ဓာ ရှိတာပေါ့…” ဆေးဆရာက ရှားရှားပါးပါး အပြုံးကို ပြုံးလိုက်၏။ သူ့ရုပ်သွင်က နဂိုထက် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းသွားသည်။

ချင်မူက လိပ်နက်ဝိညာဉ်သွေး အပြည့်ပါသည့် နောက်ဆုံးခွက်ကို သောက်လိုက်သည်။ သောက်ပြီးလျှင် သောက်ပြီးချင်းပင် သူ့ကိုယ်က ငှက်မွေးတစ်ခုကဲ့သို့ ပေါ့ပါးလာပြီး မြစ်ရေထဲတွင် မျောနေသကဲ့သို့ ခံစားရ၏။ သို့သော်လည်း ရှေ့မှ အဖြစ်များအတိုင်းပင် ထိုခံစားချက်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

“သူ့မှာ လိပ်နက်ဝိညာဉ်ခန္ဓာ မရှိဘူး…” ဆေးဆရာက ခေါင်းခါယမ်းလိုက်၏။

မီးပုံပတ်လည်တွင် ဝိုင်းဖွဲ့နေသော ရွာသူရွာသားများ ငြိမ်ကျသွားသည်။ ထို့နောက် သားသတ်သမားက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ “အဲဒီလိုဆို သူက သာမန်လူ တစ်ယောက်ပဲပေါ့…”

အဘွားစစ်က ရုတ်တရက် ငိုသံပါကြီးနှင့် အားယူ ပြောလိုက်သည်။ “ကျုပ်တို့အားလုံးက အသက်ကြီးပြီး ဒုက္ခိတတွေ ဖြစ်နေပြီ… ကျုပ်တို့သေရင် ချင်မူ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး… ဒီနေရာက သိပ် အန္တရာယ်များလွန်းတယ်… သူ တစ်ရက်တောင် ရှင်နိုင်မှာ မဟုတ်ဘူး…”

ချင်မူက အဘွားစစ်၏ လက်ကို ဆုပ်ကိုင်၍ ညင်သာစွာ ပြောလိုက်သည်။ “ဘွားဘွား မငိုပါနဲ့… ဘွားဘွားနဲ့ ဒီဘိုးဘိုးတွေ အကုန်လုံးက လူကောင်းတွေပါ… ဘယ်သူမှ သေမှာ မဟုတ်ပါဘူး…”

“လူကောင်းတွေ ဟုတ်လား… ဟီး.. ဟီး…” အဘိုးကြီးမာက တစ်ကိုယ်တည်း ရယ်လိုက်သည်။ “ငါတို့ အားလုံးက သေမင်းတံခါးဝကနေ ရုန်းကန်ပုန်းရှောင်ရင်း ဒီနေရာကို ထွက်ပြေးလာခဲ့ရတာ… မဟာမြို့ပျက်က သိပ်ကို အန္တရာယ်များလွန်းတယ်… ငါတို့ မရှိရင် ချင်မူ့အတွက် အသက်ဆက်ရှင်ဖို့ သေချာပေါက် ခက်လိမ့်မယ်… ငါတို့ သူ့ကို မဟာမြို့ပျက်ရဲ့ အပြင်ဘက် ပို့သင့်တယ်… အဲဒါဆို ပိုအန္တရာယ်ကင်းမယ်…”

“သူ့ကို အပြင်ဘက်ပို့ရင် ငါတို့ကို တွေ့သွားပြီး အသတ်ခံရမှာပေါ့… သူလည်း ငါတို့နဲ့ ပတ်သက်နေတော့ သေမှာပဲ…” သားသတ်သမားက အေးစက်စက် ပြောလိုက်သည်။

ဒုက္ခိတဘိုးဘွားကျေးရွာက နောက်တစ်ဖန် ပြန်ငြိမ်ကျသွား၏။

ရုတ်တရက် ရွာလူကြီးထံမှ အသံထွက်လာသည်။ “သိပ်ကောင်းတယ်…”

အဘွားစစ်က နားမလည်နိုင်စွာ မေးလိုက်၏။ “ဘာတွေ ကောင်းနေတာလဲ…”

ရွာလူကြီးက ပြုံးလိုက်သည်။ “သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောတာ… သိပ်ကောင်းတဲ့… မဟုတ်သေးဘူး သိပ်ကို ကြီးကျယ် မြင့်မြတ်တဲ့ အခြေခံမျိုးစေ့ပဲ…”

သားသတ်သမား၊ ဆေးဆရာနှင့် ကျန်သည့်ရွာသူရွာသားများမှာ ချင်မူ၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံက အဘယ်ကြောင့် ကြီးကျယ်မြင့်မြတ်သည်ကို သဘောမပေါက်သဖြင့် ကြောင်စီစီ ကြည့်လိုက်ကြ၏။ ရွာလူကြီးက ပြုံး၍ ရှင်းပြလိုက်သည်။ “ငါ့အထင်တော့ ချင်မူ့မှာ တခြား ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေတယ်… အဲဒါက ဝိညာဉ်ခန္ဓာလေးမျိုးစလုံး ပေါင်းစည်းထားတဲ့ လောကသခင်ခန္ဓာကိုယ်ပဲ…”

“လောကသခင်ခန္ဓာကိုယ်… ဟုတ်လား…” အဘွားစစ်နှင့် ကျန်သူများက မယုံမရဲ အသွင်ဖြင့် ရှိနေသည်။ သူတို့အားလုံးက အတွေ့အကြုံများပြီး ဗဟုသုတကြွယ်ဝသူများ ဖြစ်သော်လည်း လောကသခင်ခန္ဓာကိုယ် ဆိုသည်ကို မကြားဖူးကြချေ။

“ဟုတ်တယ်… လောကသခင်ခန္ဓာကိုယ်ပဲ…”

ရွာလူကြီးက အားရပါးရ ပြုံးလိုက်၏။ “သာမန်ဝိညာဉ်သွေးနဲ့ လောကသခင်ခန္ဓာကိုယ်ကို နိုးထအောင် လုပ်ဖို့ ခက်တယ်… လောကသခင်ခန္ဓာကိုယ် အစွမ်းပြလာဖို့ ဝိညာဉ်သားရဲလေးကောင်ရဲ့ သွေးတွေ စုဆောင်းရမယ်… ဝိညာဉ်သားရဲလေးကောင်က မဟာမြို့ပျက်မှာ မရှိတော့ပေမဲ့ သူတို့မျိုးဆက်တွေကို ရှာဖို့ မခက်ပါဘူး… သားရဲတွေ ထပ်ဖမ်းပြီး ဝိညာဉ်သွေးတွေ စုထား… ချင်မူ ဝိညာဉ်သွေး အလုံအလောက် သောက်ပြီးတဲ့အခါကျရင် သူ့ရဲ့ လောကသခင်ခန္ဓာကိုယ် အလိုလို နိုးထလာလိမ့်မယ်…”

အားလုံးက ရွာလူကြီးကို ယုံကြည်ကိုးစားသူများ ဖြစ်သဖြင့် သူ့စကားကို ကြားရသည်တွင် ဝမ်းသာပီတိ ဖြစ်သွားကြ၏။ “နက်ဖြန်ကျရင် ကျုပ် ထော့ကျိုးနဲ့ ကျားသွားဖမ်းမယ်… စောစောနား ချင်မူ… မနက်ဖြန်ကျ မင်း ဝိညာဉ်သွေးတွေ ထပ်သောက်ရဦးမယ်…”

အသီးသီး လူစုကွဲပြီးသွားသောအခါ ဆေးဆရာနှင့် ရွှေအက ရွာလူကြီးကို သူ့အခန်းသို့ ပြန်ပို့ကြသည်။ ရွှေအ ထွက်သွားသောအခါ ဆေးဆရာက အခန်းထဲတွင် နေရစ်ခဲ့ပြီး ခပ်တိုးတိုး ပြောလိုက်၏။ “လောကသခင်ခန္ဓာကိုယ်ဆိုတာ မရှိဘူး…”

ရွာလူကြီးက ခေါင်းညိတ်လိုက်သည်။ “ငါ ဒီအတိုင်း… ရှာကြံ ပြောလိုက်တာ… ဒါပေမဲ့ ဘာမှ မပြောရင်လည်း အားလုံးအတွက် ဆက်ရှင်သန်ဖို့ ခဲယဉ်းသွားလိမ့်မယ်…”

ဆေးဆရာမှာ ပြောစရာစကားရှာမရ ဖြစ်သွားသည်။ ဒုက္ခိတဘိုးဘွားကျေးရွာမှ လူအားလုံးမှာ သမိုင်းကိုယ်စီ ရှိကြသော်လည်း မဟာမြို့ပျက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူများ ဖြစ်၏။ သူတို့၏ ဝမ်းနည်းကြေကွဲမှုများနှင့် လေးလံဖိစီးရင်း ရုန်းကန် ရှင်သန်နေခဲ့ကြရသည်။ ချင်မူက သူတို့အားလုံး ယခုအချိန်ထိ ဆက်လက် ရှင်သန်နေထိုင်ခဲ့ရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ဒေသ ဖြစ်၏။

ဤကျန်းမာသန်စွမ်းသည့် ကလေးငယ်လေး ပေါ်လာခြင်းကြောင့် အားလုံး၏ ရင်ထဲမှ ကြေကွဲဝမ်းနည်းမှုများ နေလာနှင်းပျောက် ဖြစ်ခဲ့ကြသည်။ ချင်မူ့ကို ပြုစုမွေးမြူရင်း သူတို့၏ အဖိုးအတန်ဆုံး မိသားစုဝင်တစ်ယောက်အဖြစ် ရှုမြင်လာကြ၏။ ချင်မူက ဒုက္ခိတဘိုးဘွားကျေးရွာရှိ လူအားလုံး၏ ထိလွယ်ရှလွယ်သော နှလုံးသားများကို သိမ်းကြုံး ဆုပ်ကိုင်ထားသည်။

သူတို့အနေဖြင့် ချင်မူ့တွင် သာမန်ခန္ဓာကိုယ်သာ ရှိပြီး မဟာမြို့ပျက်၌ တစ်ယောက်တည်း အသက်ဆက်မရှင်နိုင်ကြောင်း သိသွားလျှင် အထိန်းအကွပ်မဲ့ ဖြစ်ပြီး တွေးထင်မထားသည်များ လုပ်ပစ်နိုင်၏။

ဆေးဆရာက မျက်နှာသေကြီးနှင့် ဖြစ်သည်။ “ခင်ဗျား သူတို့ဆီကနေ အမှန်တရားကို တစ်သက်လုံး ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး… ကျုပ်တို့အကုန်လုံး အသက်ကြီးပြီး သေသွားတဲ့ တစ်နေ့ကျရင် ချင်မူကို ချန်ထားခဲ့ရမှာပဲ…”

“အဲဒါကြောင့် လောကသခင်ခန္ဓာကိုယ်ဆိုတာ မရှိတဲ့အကြောင်း သူ့ကို မပြောပြတော့ဘူး… သူ မသိအောင် ထာဝရ လျှို့ဝှက်ထားမယ်…” ရွာလူကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “သူ့ကိုယ်သူ တစ်ဦးတည်းသော လောကသခင်ခန္ဓာကိုယ်ပိုင်ရှင်လို့ ယုံကြည်နေပါစေ…”

ဆေးဆရာမှာ မှင်တက်မိသွားပြီး ရွာလူကြီး၏ မျက်နှာကို အကဲခတ်လိုက်၏။ ဆီမီးအိမ်၏ အလင်းရောင် မှိန်မှိန်အောက်တွင် ရွာလူကြီး၏ မျက်နှာက တစ်မျိုးတစ်မည် လင်းလက်နေပြီး ပြုံးလိုက်သည်။ “အကြွင်းမဲ့ယုံကြည်မှုနဲ့ သာမန်လူတစ်ယောက်က ငါတို့ ဝိညာဉ်ခန္ဓာနဲ့ လူတွေတောင် မလုပ်နိုင်တဲ့အရာတွေ လုပ်ပြနိုင်သလား ငါ ကြည့်ချင်သေးတယ်…”

ဆေးဆရာက သူ့ကို ကြောင်ငေးငေး စိုက်ကြည့်လိုက်သည်။ “သာမန် သေမျိုးခန္ဓာကိုယ်ကနေ လောကသခင်ခန္ဓာကိုယ်ကို… ဟုတ်လား…”

ရွာလူကြီးက အလေးအနက် ခေါင်းညိတ်လိုက်သည်။ “ယုံကြည်မှုရှိရင် သာမန် သေမျိုးခန္ဓာကိုယ်က လောကသခင်ခန္ဓာကိုယ် ဖြစ်လာလိမ့်မယ်…”

Options

not work with dark mode
Reset