“မှောင်လာရင် အပြင် မထွက်နဲ့…”
ဤစကားကို ဒုက္ခိတဘိုးဘွားကျေးရွာအတွင်း တဖွဖွပြောဆိုခဲ့ကြသည်။ မည်သည့်အချိန်ကစ၍ ထိုသို့ ပြောဆိုခဲ့သည်ကို အတိအကျ မသိသော်လည်း ဤစကား၏ မှန်ကန်မှုကိုတော့ မည်သို့မျှ သံသယမရှိကြချေ။
ဒုက္ခိတဘိုးဘွားကျေးရွာတွင် အဘွားစစ်က တောင်တန်းများ အနောက်သို့ တဖြည်းဖြည်းချင်း တိုးဝင်နေသော ဆည်းဆာနေလုံးကြီးကို ကြည့်၍ စိုးရိမ်ပူပန်မှုများ စတင် ဖြစ်ပေါ်လာသည်။ နေဝင်သွားပြီး နောက်ဆုံးလက်ကျန်နေရောင် ပျောက်ကွယ်သွားသည့် အချိန်တွင် တစ်လောကလုံး ရုတ်ခြည်း ဆိတ်ငြိမ်ကျသွား၏။ မည်သည့်အသံမျှ မကြားရတော့။ အမှောင်ထုက အနောက်ဘက်ဆီမှ တရွေ့ရွေ့ ချဉ်းကပ်လာကာ သူ့လမ်းကြောင်းတစ်လျှောက်ရှိ တောင်တန်းများ၊ မြစ်ပြင်များနှင့် သစ်ပင်များအားလုံးကို ဝါးမျိုသွားပြီး ဒုက္ခိတဘိုးဘွားကျေးရွာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ရှေးဟောင်း ကျောက်ရုပ်တုကြီး လေးခုက ဒုက္ခိတဘိုးဘွားကျေးရွာ၏ ထောင့်လေးထောင့်တွင် မားမားမတ်မတ် ရပ်တည်လျက် ရှိ၏။ ထိုရုပ်တုများက လွန်စွာ သက်တမ်းရင့်၍ အစက်အပြောက်များ စွန်းထင်းနေပြီး ၎င်းတို့ကို မည်သူ ထုလုပ်၍ မည်သည့် အချိန်ကတည်းက ရှိခဲ့သည်မှန်း အဘွားစစ်ပင် မသိချေ။
အမှောင်ထု ကျရောက်လာသောအခါ ရုပ်တုလေးခုထံမှ ခပ်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်လာသည်။ ကျောက်ရုပ်တုများ အလင်းရောင် ထုတ်လွှတ်မြဲ ထုတ်လွှတ်သည်ကို မြင်မှ အဘွားစစ်နှင့် ရွာထဲရှိ ဘိုးဘွားများ သက်ပြင်းချနိုင်၏။
အပြင်ဘက်၌ အမှောင်ထုက သိပ်သည်းသည်ထက် သိပ်သည်းလာ၏။ သို့သော်လည်း ရုပ်တုများမှ အလင်းရောင်ကြောင့် ဒုက္ခိတဘိုးဘွားကျေးရွာက ဘေးကင်းနေပေသည်။
ရုတ်တရက် အဘွားစစ် နားစွင့်လိုက်ပြီး အံ့ဩတကြီး အော်ဟစ်လိုက်သည်။ “အားလုံး… အားလုံး… နားထောင်ဦး… အပြင်ဘက်မှာ ကလေးတစ်ယောက် ငိုနေတယ်…”
သူ့ဘေးမှ အဘိုးကြီးမာက ခေါင်းယမ်း၍ ပြန်ပြောလိုက်၏။ “မဖြစ်နိုင်ပါဘူး… နင် ဟိုဟာတွေရဲ့ အသံကြားတာ နေမှာပါ၊ အာ… တကယ် ကလေးငိုနေတာဟ…”
နားကန်းမှလွဲ၍ ကျန်သည့် ဘိုးဘွားများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ ကလေးတစ်ယောက်၏ ငိုသံက ရွာအပြင်ဘက် အမှောင်ထုထဲမှ ပဲ့တင်ထပ်လာ၏။ ဒုက္ခိတဘိုးဘွားကျေးရွာက ဤမျှ ခေါင်သီသည့် နေရာတွင် တည်ရှိပါလျက်နှင့် အဘယ်သို့ပြု၍ ကလေး တစ်ယောက် ရောက်လာရသနည်း။
“ကျုပ် သွားကြည့်မယ်…”
အဘွားစစ်က စိတ်လှုပ်ရှားလာပြီး ရွာထောင့်ရှိ ရုပ်တုတစ်ခုဆီသို့ ခြေဖျားထောက်၍ ပြေးသွားသည်။ အဘိုးကြီးမာက နောက်မှ ချက်ချင်း ပြေးလိုက်လာ၏။ “နင် ရူးသွားပြီလား အဘွားကြီးစစ်… မှောင်နေတဲ့အချိန် ရွာပြင်ထွက်ရင် ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲ…”
“အမှောင်ထဲက ဟိုဟာတွေက ကျောက်ရုပ်တုတွေကို ကြောက်ပါတယ်တော်… ဒီကျောက်ရုပ်တု တစ်ခု သယ်သွားရင် ကျုပ် တော်တော်နဲ့ သေမှာ မဟုတ်ပါဘူး…”
အဘွားစစ်က ကိုယ်ကို ငုံ့ကိုင်း၍ ကျောက်ရုပ်တုကို မယူရန် လုပ်လိုက်သည်။ သို့သော်လည်း သူက ခါးကုန်းကြီး ဖြစ်သဖြင့် ကျောပေါ်သို့ သယ်ပိုးနိုင်ခြင်းမရှိ။
အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်၏။ “ပေး… ပေး… ငါ သယ်ပေးမယ်…”
အခြား ဒုက္ခိတဘိုးဘွား တစ်ယောက်က ထော့နင်းထော့နင်းနှင့် လျှောက်လာပြီး ပြောလိုက်သည်။ “အဘိုးကြီးမာ… ခင်ဗျာ့လက်တစ်ဖက်တည်းနဲ့ ဒီကျောက်ရုပ်တုကို အကြာကြီးသယ်နိုင်မှာ မဟုတ်ဘူး… ကျုပ်က လက်နှစ်ဖက်နဲ့… ပေး… ပေး… ကျုပ်သယ်တာ ပိုကောင်းလိမ့်မယ်…”
အဘိုးကြီးမာက သူ့ကို စိုက်ကြည့်လိုက်၏။ “မင်းရဲ့ ထော့ကျိုး ခြေထောက်နဲ့ လမ်းတောင် ကောင်းကောင်း လျှောက်နိုင်လို့လား… ငါက လက်တစ်ဖက်တည်း ကျန်တော့ပေမဲ့ အဲလက်နဲ့ ဒီကျောက်ရုပ်တုကို ကောင်းကောင်း သယ်နိုင်သေးတယ်…”
သူက ခြေထောက် နှစ်ဘက်ကို မြဲမြဲရပ်၍ မမနိုင်လောက်အောင် လေးသော ကျောက်ရုပ်တုကြီးကို တစ်ဖက်တည်း ကျန်သည့် လက်ဖြင့် မလိုက်သည်။ “အဘွားကြီးစစ်… သွားကြစို့…”
“ကျုပ်ကို သောက်အဘွားကြီးလို့ ခေါ်တာရပ်စမ်း… (တရုတ်စကားလုံးမှာ အဘွားကြီးစစ်ဆိုတဲ့ စာလုံးနဲ့ သောက်အဘွားကြီး ဆိုတာနဲ့ အသံထွက်တူပါတယ်) ထော့ကျိုး… ရွှေအနဲ့ ကျန်တဲ့သူတွေ… သတိကြီးကြီးထားကြ… ရွာထဲက ရုပ်တုတစ်ခု လျော့သွားမှာ ဆိုတော့ အမှောင်ထဲက ဟိုဟာတွေ ဝင်မလာစေနဲ့…”
… … …။
အဘိုးကြီးမာနှင့် အဘွားစစ်တို့ ဒုက္ခိတဘိုးဘွားကျေးရွာမှ ထွက်လာသည့်အခါ ထူးဆန်း၍ အမျိုးအမည် မသိသည့် အရာများက အမှောင်ထဲတွင် ဝဲပျံနေပြီး သူတို့ဘေးမှ လိုက်ပါလာသည်။ သို့သော်လည်း ကျောက်ရုပ်တုမှ အလင်းရောင်က လင်းလက် တောက်ပလာသောကြောင့် ထိုအရာများ အားလုံး ထူးဆန်းစွာ အော်ဟစ်၍ အမှောင်ထုထဲသို့ ပြန်ဆုတ်ခွာသွားကြ၏။
ကလေးငိုသံ ကြားရာနောက်သို့ လိုက်ရင်း ခြေလှမ်း တစ်ရာခန့် လျှောက်မိသောအခါ အဘိုးကြီးမာနှင့် အဘွားစစ်တို့ အပြန့်ကျယ်သည့် မြစ်ကမ်းပါးဘေးသို့ ရောက်လာကြသည်။ ဤသည်က ကလေးငိုသံ ထွက်ပေါ်လာသော နေရာ ဖြစ်၏။ ကျောက်ရုပ်တုဆီမှ ခပ်ဖျော့ဖျော့ အလင်းရောင်က ဝေးဝေးသို့ မရောက်သဖြင့် နှစ်ယောက်သား နားစွင့်၍ အသံကြားရာ မြစ်အထက်ပိုင်းဆီသို့ လျှောက်သွားလိုက်ကြသည်။ ခြေလှမ်းဒါဇင်ချီခန့် လှမ်းပြီးသောအခါ ငိုသံက အနီးအနားမှ လာသကဲ့သို့ ကြားရလာ၏။ တစ်ချိန်တည်းမှာပင် အဘိုးမာ၏ တစ်ဖက်တည်းသော လက်မှာလည်း အံသေလာသည်။ အဘွားစစ်က သူ၏ မျက်လုံးတောက်တောက်များဖြင့် ကြည့်လိုက်ပြီး အတော်လှမ်းလှမ်းမှ ခပ်ဖျော့ဖျော့ အလင်းရောင်လေးကို တွေ့သွားသည်။ ထိုအလင်းရောင်က မြစ်ကမ်းပါး၌ ငြိနေသော ခြင်းတောင်းတစ်ခုမှ လာခြင်း ဖြစ်၏။ ထိုနေရာမှ ငိုသံ ထွက်ပေါ်နေသည်။
“တကယ် ကလေး တစ်ယောက်ပဲ…”
အဘွားစစ်က ရှေ့သို့ တိုး၍ ခြင်းတောင်းကို မယူလိုက်သော်လည်း မ,မရသဖြင့် ထိတ်ခနဲ ဖြစ်သွားသည်။ ခြင်းတောင်း၏ အောက်တွင် ဖြူရော်ရော် လက်တစ်စုံက မြစ်ရေများဖြင့် ပွယောင်းနေ၏။ ထိုလက်များက ခြင်းတောင်းကို ပင့်တင်ထားပြီး မြစ်ကမ်းဘက်သို့ အစွမ်းကုန် တွန်းပို့နေသကဲ့သို့ ရှိသည်။
“စိတ်မပူတော့နဲ့နော်… ကလေးက ဘေးကင်းပါပြီ…” အဘွားစစ်က ရေအောက်မှ အမျိုးသမီးကို နူးညံ့ညင်သာစွာ ပြောလိုက်သည်။
အမျိုးသမီးအလောင်းက သူ့စကားကို ကြားသည့်အလား ခြင်းတောင်းကို ဆုပ်ကိုင်ထားမှု ပြေလျော့သွား၏။ ထို့နောက်တွင် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်ပြီး ရေစီးကြောင်းတစ်လျှောက် မျောပါသွားတော့သည်။
အဘွားစစ်က ခြင်းတောင်းကို မယူလိုက်၏။ အထဲ၌ အနှီးဖြင့် ထုပ်ပိုးထားသော ကလေးတစ်ယောက် ရှိနေသည်။ အနှီးထုပ်ပေါ်တွင်တော့ ခပ်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်နေသည့် ကျောက်စိမ်းလည်ဆွဲ တစ်ခု ရှိ၏။ ထိုကျောက်စိမ်းလည်ဆွဲမှ အလင်းရောင်နှင့် ကျောက်ရုပ်တုမှ အလင်းရောင်က အတော်လေး ဆင်တူသည်။ သို့သော်လည်း ကျောက်စိမ်းလည်ဆွဲမှ အလင်းရောင်က ပို၍ အားနည်း၏။ ဤကျောက်စိမ်းလည်ဆွဲက ခြင်းတောင်းထဲမှ ကလေးငယ်ထံ အမှောင်ထဲရှိ အရာများ တိုးဝင်မလာနိုင်အောင် ကာကွယ်ပေးထားခြင်း ဖြစ်သည်။
ကျောက်စိမ်းလည်ဆွဲ၏ အလင်းရောင်က အားနည်းဖျော့တော့သဖြင့် ကလေးငယ်ကိုသာ ကာကွယ်နိုင်ပြီး ထိုအမျိုးသမီးကို မကာကွယ်နိုင်ခဲ့ချေ။
“ယောက်ျားလေးပဲ…”
ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်သောအခါ အိုမင်းကျိုးကန်း ချိနဲ့ဖျားနာနေသော ရွာသူရွာသားအားလုံး စုဝေးလာကြ၏။ အဘွားစစ်က အနှီးဖြေ၍ ကလေးငယ်ကို ကြည့်ကာ သူ၏ ကျိုးတိုးကျဲတဲ သွားဝါဝါကြီးများဖြင့် ပြုံးလိုက်သည်။ “နောက်ဆုံးတော့ ကျုပ်တို့ ဒုက္ခိတဘိုးဘွားကျေးရွာမှာ ကျန်းကျန်းမာမာနဲ့ လူတစ်ယောက် ရှိလာပြီပေါ့…”
ခြေတစ်ဖက်သာ ရှိသည့် ထော့ကျိုးက အံ့အားတကြီး မေးလိုက်သည်။ “နင် သူ့ကို မွေးဖို့ လုပ်နေတာလား အဘွားကြီးစစ်… ငါတို့ဟာငါတို့တောင် အနိုင်နိုင်ရယ်… သူများကို ပေးပစ်တာ ကောင်းမယ်…”
အဘွားစစ်က ဒေါသအိုး ပေါက်ကွဲသွား၏။ “ငါ အဘွားကြီးက ဒီကလေးကို ကိုယ့်ခွန်အားနဲ့ကိုယ် သွားကယ်လာရတာ… ဘာလို့ သူများကို ပေးပစ်ရမှာလဲ…”
ရွာသူရွာသားများမှာ ငြိမ်ကျသွားပြီး သူ့ကို ပြန်လှန် မပြောဝံ့ကြတော့ပေ။ ရွာလူကြီးက ထမ်းစင်နှင့် ရောက်လာ၏။ သူ့အခြေအနေက အခြားသူများထက် အနည်းငယ် ပိုဆိုးသည်။ အခြားသူများက သာမန်လူများကဲ့သို့ မဟုတ်သော်လည်း အနည်းဆုံးတော့ ခြေလက်တချို့ ရှိသေး၏။ သူကတော့ ခြေရော လက်ရော တစ်ဖက်မျှ မရှိတော့ချေ။ သို့သော်လည်း အားလုံးက သူ့ကို တရိုတသေ ဆက်ဆံကြ၏။ မကောင်းဆိုးဝါးကဲ့သို့သော အဘွားစစ်ပင် သူ့ကို မလေးမစား မလုပ်ရဲပေ။
“ငါတို့ သူ့ကို မွေးမယ်ဆိုရင် နာမည် ဘယ်လို ပေးကြမလဲ…” အဘွားစစ်က မေးလိုက်သည်။
ရွာလူကြီးက ပြန်တုံ့ပြန်လိုက်၏။ “အဘွားကြီး… ခြင်းထဲမှာ တခြား ဘာတွေ့ခဲ့သေးလဲ…”
အဘွားစစ်က ခြင်းတောင်းဆီသို့ သွားကြည့်၍ ခေါင်းယမ်းလိုက်သည်။ “ဒီကျောက်စိမ်းလည်ဆွဲကလွဲပြီး တခြား ဘာမှမပါဘူး.. လည်ဆွဲပေါ်မှာတော့ ‘ချင်’ ဆိုတဲ့ စာလုံးပါတယ်… ဒီကျောက်စိမ်းက အညစ်အကြေး တစ်စက်မှ မရှိတဲ့အပြင် ထူးဆန်းတဲ့ စွမ်းအင် တစ်ခုလည်း ကိန်းဝပ်နေသေးတယ်… ဒါ သေချာပေါက် သာမန်ပစ္စည်းတစ်ခု မဟုတ်ဘူး… ကြည့်ရတာ ချမ်းသာတဲ့ မိသားစု တစ်ခုခုက ဖြစ်နေမလားပဲ…”
“ငါတို့ သူ့ကို ချင်လို့ ခေါ်ကြမလား… သူ့မျိုးရိုးနာမည်ကို ချင်လို့ ပေးမလား…”
ရွာလူကြီးက မေးခွန်းမေးပြီးမှ အတွေးပေါ်လာကာ ပြောလိုက်သည်။ “သူ့မျိုးရိုးနာမည်ကို ချင်လို့ ထားကြတာပေါ့… သူ့နာမည်ကို ချင်မူလို့ပေးမယ်… သူ ကြီးလာတဲ့အခါ သိုးကျောင်း၊ နွားကျောင်း ခိုင်းမယ်… အနည်းဆုံးတော့ ကောင်းကောင်း အသက်ရှင် ရုန်းကန်နိုင်တာပေါ့…”
“ချင်မူ…” အဘွားစစ်က သူ့ကို ကြောက်ရွံ့ခြင်းမရှိဘဲ တခစ်ခစ်ရယ်သံပြုနေသော အနှီးထဲမှ ကလေးငယ်ကို ကြည့်လိုက်သည်။
… … …။
ပလွေသံတစ်သံက မြစ်ကမ်းပါးယံတစ်လျှောက် ပျံ့လွင့်လာ၏။ နွားကျောင်းသားလေး တစ်ယောက်က နွားတစ်ကောင်ပေါ်တွင် ထိုင်၍ ပလွေမှုတ်နေသည်။ ထိုနွားကျောင်းသားလေးက ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ်သာ ရှိဟန်ပေါ်ပြီး နီစွေးသော နှုတ်ခမ်း၊ ဖြူဖွေးသော သွားတန်းများဖြင့် နုနယ်သေး၏။ သူ့အင်္ကျီရင်ဘတ်က ဟပြဲဖြစ်နေပြီး ကျောက်စိမ်းလည်ဆွဲ တစ်ခုက ရင်ဘတ်ရှေ့တွင် လှုပ်ယမ်းနေသည်။
ဟုတ်၏။ ဤလူငယ်လေးက အဘွားစစ် လွန်ခဲ့သည့် ဆယ့်တစ်နှစ်၊ မြစ်ကမ်းပါးယံမှ ကောက်ယူခဲ့သော ကလေးငယ် ဖြစ်သည်။ ရွာထဲရှိ ဘိုးဘွားများက ထိုလူငယ်လေးကို နှစ်ပေါင်းများစွာ သွေးချွေးရင်း၍ ပြုစုပျိုးထောင်ခဲ့ကြ၏။ ချင်မူ ကလေးအရွယ်၌ အဘွားစစ်က နွားမတစ်ကောင်ကို ရှာဖွေလာသဖြင့် နေ့စဉ်မပြတ် နို့သောက်ရပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အသက်မဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ထိုနွားကို သူ မည်သည့်နေရာမှ ရလာသည် ဆိုခြင်းတော့ မည်သူမှ မသိကြပေ။
ဒုက္ခိတဘိုးဘွားကျေးရွာမှ ရွာသူရွာသားအားလုံးမှာ မကောင်းဆိုးဝါးများသဖွယ် ဖြစ်သော်လည်း ချင်မူ့အပေါ်တော့ အားလုံး ကောင်းကြ၏။ အဘွားစစ်က အပ်ချုပ်သည်တစ်ယောက် ဖြစ်သည်။ နေ့တိုင်းလိုလိုပင် ချင်မူမှာ အဘွားစစ်ထံမှ အပ်ချုပ်နည်းများကို သင်ရသည်။ ဘိုးဘိုးဆေးဆရာထံမှ ပရဆေးပင်များ မည်သို့ စုဆောင်း၍ ဆေးဖော်စပ်ရသည်ကို သင်ရသည်။ ဘိုးဘိုးထော့ကျိုးထံမှ ခြေကွက်များကို သင်ရသည်။ ဘိုးဘိုးမျက်ကန်းထံမှ အသံနားထောင်၍ နေရာခန့်မှန်းသည့် ပညာကို သင်ရသည်။ ခြေလက် မရှိသည့် ရွာလူကြီးထံမှ မည်သို့ ရှူသွင်း ရှူထုတ်လုပ်ရသည်ကို သင်ရသည်။ သို့ဖြစ်၍ သူ့နေ့ရက်များက ကုန်မှန်းမသိ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ထိုနွားမမှာ သူငယ်စဉ်ကတည်းက နို့တိုက်မိခင် ဖြစ်၏။ နောက်ပိုင်းတွင် အဘွားစစ်က ရောင်းပစ်ရန် ကြံသော်လည်း ချင်မူက မရောင်းချင်ခဲ့ပေ။ သို့ဖြစ်၍ နွားကျောင်းသည့် အလုပ်က သူ့အလုပ် ဖြစ်လာသည်။
ချင်မူက မြစ်ကမ်းဘေးတွင် မကြာခဏ နွားလာကျောင်း၍ တောတောင်စိမ်းစိမ်းနှင့် မိုးပြာတိမ်ဖြူတို့ကို ခံစားကြည်နူးလေ့ ရှိသည်။
“ချင်မူ… ချင်မူ… ငါ့ကို ကယ်ပါဦး…”
ရုတ်တရက် ချင်မူ တက်စီးနေသော နွားမက စကားပြောလာ၏။ သူ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားပြီး ခုန်ဆင်းလိုက်သည်။ ထိုနွား၏ မျက်လုံးထဲတွင် မျက်ရည်များ အိုင်ဖွဲ့နေပြီး သူ့ကို လူစကားဖြင့် ပြောလာသည်။ “ချင်မူ… မင်း ငယ်ငယ်ကတည်းက ငါ့နို့ကို သောက်လာတာ… ပြောရရင် ငါက မင်းအမေ တစ်ပိုင်းပါပဲ… ငါ့ကို ကယ်ပါ…”
ချင်မူက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး မေးလိုက်၏။ “ကျွန်တော်က ဘယ်လို ကယ်ရမှာလဲ…”
နွားမက ပြောလိုက်သည်။ “မင့်ခါးမှာ တံစဉ် ရှိနေတာပဲ… ငါ့အရေပြားကို အဲဒီ တံစဉ်နဲ့ လှီးထုတ်ပစ်လိုက်… အဲဒါဆို ငါ ပိတ်မိနေတာကို ကယ်ပေးနိုင်လိမ့်မယ်…”
ချင်မူ ချီတုံချတုံ ဖြစ်သွား၏။
“ငါ မင်းကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးတွေ မေ့ပြီလား…” နွားမက မေးလိုက်သည်။
ချင်မူ သူ၏ တံစဉ်ကို မြှောက်၍ နွားအရေခွံကို သတိထား လှီးဖြတ်လိုက်သည်။ ထူးဆန်း၏။ နွားအရေခွံကို လှီးထုတ်လိုက်သော်လည်း သွေးတစ်စက်မျှ ထွက်မလာပေ။ ထို့ပြင် အရေခွံအတွင်း၌ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ မည်သည့် အရိုးအသားကိုမျှ မမြင်ရချေ။
ထိုနွားမထံမှ အရေခွံကို လှီးထုတ်နေရင်း တစ်ဝက်၌ အသက်နှစ်ဆယ်၊ သုံးဆယ်အရွယ် မိန်းမတစ်ဦး လှိမ့်ထွက်လာသည်။ သူ့ခြေထောက် နှစ်ဖက်စလုံးက နွားအရေခွံဖြင့် ရစ်ပတ်နေဆဲ ရှိ၏။ အရေပြားနှင့် နွားအရေခွံမှာလည်း တွဲဆက်နေသည်။ သို့သော်လည်း ခန္ဓာကိုယ် အပေါ်ပိုင်းကတော့ နွားအရေခွံနှင့် တွဲဆက်နေခြင်း မရှိတော့။
ထိုအမျိုးသမီး၏ ဆံပင်များက ရှုပ်ပွနေ၏။ သူက ကြောင်ငေးနေသော ချင်မူ၏ လက်ထဲမှ တံစဉ်ကို ဆွဲယူ၍ ခြေထောက်မှ နွားအရေခွံကို နှစ်ချက် သုံးချက် လှီးထုတ်လိုက်သည်။ ထို့နောက် သူ့အသွင်သဏ္ဌာန်က မကောင်းဆိုးဝါးသဖွယ် ပြောင်းလဲသွားပြီး ချင်မူ့ကို ကြည့်ကာ တံစဉ်ဖြင့် ချိန်ရွယ်၍ အေးစက်စက် ရယ်မောလိုက်သည်။ “မကောင်းဆိုးဝါးလေး… မင်းကြောင့် ငါ နွားဘဝ ရောက်ရတာ… ဆယ့်တစ်နှစ်လုံး မြက်စားပြီး နင့်ကို နို့တိုက်ခဲ့ရတယ်… ငါ့ရဲ့ သနားစရာ ကလေးလေး၊ သူ့ကို မွေးပြီးကတည်းက နင့်ကို နို့တိုက်ဖို့အတွက်နဲ့ အဲဒီစုန်းမက ငါ့ကို နွားဘဝ ပြောင်းပစ်ခဲ့တာ… အခု ငါ လွတ်မြောက်သွားပြီ… နင့်ကို ငါ သတ်မယ်… ပြီးရင် ဒီတစ်ရွာလုံးက မကောင်းဆိုးဝါးတွေ အကုန်လုံးကို သတ်ပစ်မယ်…”
ချင်မူမှာ မှင်တက်မိနေ၏။ နွားအရေခွံထဲမှ ထွက်လာသည့် အမျိုးသမီးက မည်သည့် အကြောင်းအရာများ ပြောနေသည်မှန်း စဉ်းစားမရပေ။
ထိုအမျိုးသမီးက ချင်မူ့ကို တံစဉ်ဖြင့် လှီး၍ သတ်တော့မည် ပြင်စဉ်လိုက်မှာပင် သူ့နောက်ကျော အလယ်မှ ရုတ်တရက် အေးစိမ့်စိမ့် ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ သူ့ရင်ဝ၌ ဓားသွားတစ်ခု ထိုးထွက်နေသည်ကို တွေ့လိုက်ရ၏။
“မူအာ… မင့်ဘိုးဘိုးဆေးဆရာက သူ့ဆေးတွေ ကူကျိုပေးဖို့ အိမ်ပြန်လာခဲ့ဦးတဲ့…” ထိုအမျိုးသမီး၏ အလောင်းက တအိအိ ပြိုလဲကျသွားသည်။ သူ့နောက်တွင် သွေးတစ်စက်စက် ကျနေသော ဓားကို ကိုင်၍ ချင်မူကို နှစ်လိုဖွယ် ပြုံးပြနေသည်က ရွာမှ ဘိုးဘိုးထော့ကျိုး ဖြစ်၏။
“ဘိုးဘိုးထော့ကျိုး…” နွားအရေခွံနှင့် အမျိုးသမီး၏ ရုပ်အလောင်းကို ကြည့်၍ ချင်မူ၏ တစ်ကိုယ်လုံး ယိမ်းထိုးသွားသည်။
“သွားတော့… ပြန်တော့…” ထော့ကျိုးက သူ့ပုခုံးကို ပုတ်၍ ဟက်ခနဲ ရယ်လိုက်သည်။
ချင်မူ ရွာဘက်သို့ ဒယီးဒယိုင် ပြန်သွားရင်း နောက်လှည့်ကြည့်လိုက်သောအခါ ထော့ကျိုးက အမျိုးသမီးအလောင်းကို မြစ်ထဲသို့ ပစ်ချလိုက်ကြောင်း တွေ့ရ၏။
ထိုမြင်ကွင်း၏ ရိုက်ခတ်မှုက သူ့အတွက် ကြီးမားလွန်းလှသည်။ ရွာသို့ ပြန်ရောက်၍ ရောက်လာမှန်းပင် မသိလိုက်…။
“ချင်မူ… သောက်ကောင်လေး… ငါ နင့်ကို ဘာပြောထားလဲ… မှောင်လာရင် အပြင်မထွက်ပါနဲ့ဆို…”
ညရောက်လာသည့်အခါ ဒုက္ခိတဘိုးဘွားကျေးရွာ၏ ထောင့်လေးထောင့်မှ ကျောက်တုံးရုပ်တုများမှာ သူ့အလိုလို လင်းလာပြန်သည်။ အဘွားစစ်က ရွာအပြင်သို့ ခိုးထွက်၍ နွားအရေခွံကို သွားရောက်ကြည့်ရှုရန် ပြင်နေသော ချင်မူကို တားဆီး၍ ပြန်ဆွဲခေါ်လာရ၏။
“ဘွားဘွား… မှောင်လာရင် ကျွန်တော်တို့ ဘာလို့ အပြင်ထွက် မရတာလဲ…” ချင်မူက ခေါင်းမော့၍ မေးလိုက်သည်။
“မှောင်လာတဲ့အခါကျရင် ကြောက်စရာကောင်းတဲ့ဟာတွေက အမှောင်ထုထဲမှာ လျှောက်သွားနေကြတာ… အပြင်ဘက် ထွက်တာနဲ့ သေမှာပဲ…” အဘွားစစ်က ခပ်တင်းတင်း ပြောလိုက်သည်။ “ရွာထဲက ကျောက်ရုပ်တုတွေက ငါတို့ကို ကာကွယ်ပေးထားလို့သာ အမှောင်ထဲကဟာတွေ ရွာထဲ ဝင်မလာရဲတာ…”
“တခြားရွာတွေမှာရော ဒီလိုမျိုး ကျောက်ရုပ်တုတွေ ရှိလား…” ချင်မူက သိချင်စိတ်ဖြင့် စူးစမ်း မေးမြန်းလိုက်သည်။
အဘွားစစ်က ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူက ရွာအပြင်ဘက်သို့သာ စိတ်ပူသော အမူအရာဖြင့် ကြည့်နေပြီး သူ့ဖာသာ တတွတ်တွတ် ရေရွတ်လိုက်သည်။ “ထော့ကျိုးက ပြန်လာသင့်နေပြီ… ထော့ကျိုးကို ငါ အပြင် မလွှတ်လိုက်သင့်ဘူး… သူ့မှာ ခြေထောက် တစ်ဖက်ပဲ ရှိတော့တာကို…”
“ဘွားဘွား… ဒီနေ့ ထူးဆန်းတာ တစ်ခု ဖြစ်ခဲ့တယ်… သိလား…”
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ အဘွားစစ်ကို နွားဗိုက်ထဲမှ ထွက်လာသည့် အမျိုးသမီးအကြောင်း ပြောပြလိုက်သည်။ အဘွားစစ်က မတုန်မလှုပ် ပြန်ပြောလိုက်၏။ “အဲမိန်းမအကြောင်း ပြောမလို့လား… ထော့ကျိုး ငါ့ကို ပြောပြပြီးပါပြီ… သူ ကောင်းကောင်း ဖြေရှင်းခဲ့တာပဲ… မင်း လေးနှစ်သား နို့ဖြတ်တုန်းက အဲနွားကို ရောင်းပစ်မလို့ပဲလေ… မင်းကမှ အရောင်းမခံတာ… နောက်ဆုံးတော့ မင့်ပဲ ကျောင်းခိုင်းခဲ့ရတယ်… လေးနှစ်အထိ နို့သောက်နေရင် အဲဒီနွားအပေါ် တွယ်တာစိတ်တွေ ပေါ်လာလိမ့်မယ်ဆိုတာ ငါ ပြောခဲ့သားပဲ…”
ချင်မူ၏ မျက်နှာ ရဲတက်သွားသည်။ လေးနှစ်ဆိုသောအရွယ်က ကလေးတစ်ယောက်အတွက် နို့ဖြတ်ရန် အတော် နောက်ကျနေပေပြီ။ သို့သော်လည်း ဤနေရာတွင် ထိုကိစ္စက အရေးမကြီးသည် မဟုတ်လား။
“ဘွားဘွား… ဘိုးဘိုးထော့ကျိုးက အဲဒီအမျိုးသမီးကို သတ်ပစ်လိုက်တာ…”
“သိပ်ကောင်းတာပေါ့…” အဘွားစစ်က ရယ်မောလိုက်သည်။ “အဲမိန်းမ အတော်လေး တန်နေပါပြီ… အမှန်ဆို လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်ကတည်းက သေရမှာ… မင်းအတွက် နို့တိုက်ဖို့ လိုလို့သာ၊ မဟုတ်ရင် သူ ဒီနေ့ထိ အသက်ရှင်နိုင်မှာလား…”
ချင်မူက သူ့ဘွားဘွား မည်သည့်အကြောင်း ပြောနေသည် ဆိုခြင်းကို မသိပေ။
အဘွားစစ်က သူ့ကို တစ်ချက် ကြည့်၍ ပြောလိုက်သည်။ “အဲမိန်းမက ဒီနေရာကနေ မိုင်ထောင်ချီဝေးတဲ့ နယ်စပ်နဂါးမြို့စားမင်းရဲ့ မိန်းမပဲ…၊ နယ်စပ်နဂါးမြို့စားမင်းက တဏှာရူး… အဲမိန်းမက သိပ်သဝန်တိုတတ်တာ… နယ်စပ်နဂါးမြို့စားမင်းက အပြင်ထွက် မိန်းမပွေတယ်၊ မိသားစုကြီးတွေက မိန်းမပျိုတွေကို ဖမ်းတယ်… နယ်စပ်နဂါးမြို့စားမင်း အပျိုစင် တစ်ယောက်ကို ပန်းဦးခြွေပြီးတိုင်း သူ့မိန်းမက အဲဒီမိန်းမပျိုကို လူလွှတ်ပြီး သေအောင် ရိုက်သတ်ခိုင်းတာ… ငါ အစသွားတုန်းကတော့ အဲမိန်းမကို သတ်မလို့ပဲ… သူက ကလေးမွေးပြီးခါစ သုံးလသား နို့စို့ကလေးနဲ့ ဖြစ်နေတော့ မင်းအတွက်လိုတဲ့နို့ ရပြီဆိုပြီး နွားပြောင်းပစ်ခဲ့တာ… အဲမိန်းမက အချုပ်အနှောင်ကနေ လွတ်အောင် ရုန်းထွက်ပြီး မင်းကို ဒုက္ခပေးလုနီးပါး ဖြစ်သွားလိမ့်မယ်လို့ မထင်မိဘူး…”
ချင်မူ အကြီးအကျယ် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်သည်။ “ဘွားဘွား… ဘယ်လိုလုပ်ပြီး လူကို နွားပြောင်းလိုက်တာလဲ…”
အဘွားစစ်က သူ၏ ကျိုးတိုးကျဲတဲသွားများ ပေါ်အောင် ဟီးခနဲ ရယ်လိုက်သည်။ “မင်း သင်ချင်လို့လား… ဘွားဘွား သင်ပေးမှာပေါ့… အိုး… ထော့ကျိုး ပြန်လာပြီ…”
ချင်မူ လှမ်းကြည့်လိုက်သောအခါ လက်တစ်ဖက်ဖြင့် တောင်ဝှေးကိုင်၍ အခြားလက်တစ်ဖက်ဖြင့် ကျောတွင် သားရဲတစ်ကောင် သယ်ပိုးကာ ထော့နင်းထော့နင်း လျှောက်လာသော ထော့ကျိုးကို တွေ့လိုက်ရသည်။ အမှောင်ထုက ရွာဘက်ဆီသို့ လှိုင်းလုံးများပမာ တလိပ်လိပ် တက်လာ၏။ အဘွားစစ်က စိတ်ပူစွာ အော်ဟစ်လိုက်သည်။ “မြန်မြန်လာ… သောက်ထော့ကျိုး… မြန် မြန်…”
“ဘာတွေ လောနေတာလဲ…”
ထော့ကျိုးက ရွာဘက်ဆီသို့ ခြေလှမ်းမှန်မှန်ဖြင့်သာ ဆက်လျှောက်လာသည်။ သူ ရွာထဲသို့ ခြေချလိုက်သည့် အချိန်မှာပင် သိပ်သည်းသော အမှောင်ထုက တစ်ရွာလုံးကို ဖုံးလွှမ်းသွား၏။ သူ့ကျောပေါ်မှ သားရဲက သက်တံရောင် ကျားရဲတစ်ကောင် ဖြစ်ပြီး အသက်ရှင်လျက် ရှိသေးသည်။ အမှောင်ထုက ၎င်း၏အမြီးကို ပွတ်တိုက်သွားသဖြင့် ရုတ်တရက် ထ၍ နာနာကျင်ကျင် ဟိန်းဟောက်လိုက်၏။ ချင်မူ အမြန်ပြေး၍ သွားကြည့်သောအခါ ကျားမြီးမှာ အရိုးသာ ကျန်တော့ကြောင်း တွေ့ရသည်။ အရေပြား၊ အမွေးနှင့် အသားများ အားလုံးမှာ တစ်စုံတစ်ခု၏ ဝါးမျိုခံရသကဲ့သို့ ပျောက်ကွယ်သွား၏။။
ချင်မူ ရွာအပြင်ဘက် အမှောင်ထုထဲသို့ သိချင်စိတ် ပြင်းပြစွာ စိုက်ကြည့်လိုက်သည်။ ပိန်းပိတ်အောင် မှောင်နေသော အမှောင်ထုထဲတွင် မည်သည့် အရာကိုမျှ မမြင်ရ။
“ဒီအမှောင်ထုထဲမှာ ဘာတွေ ရှိနေတာလဲ…” သူ တွေးလိုက်မိသည်။