Switch Mode

အခန်း ( ၅၂ )

လောချိန်မျိုးနွယ်စု၏ သစ္စာဖောက်မှု

လောချိန်မျိုးနွယ်စုစံအိမ်ကြီး၏ အောက်ခြေတွင် သင်္ချိုင်းဂူကြီးတစ်ခု ရှိနေလေသည်။ ထို သင်္ချိုင်းဂူကြီး၏ တစ်နေရာတွင် သွေးများဖြင့် ပလုံစီထနေသော ကန်ကြီးတစ်ခုရှိပြီး ထိုကန်ထဲတွင် မ​ရေမတွက်နိုင်သော အရိုးစုများက ပေါလောပေါနေသည်။

ထို သင်္ချိုင်းတစ်ခုလုံးကို အစီအရင်တစ်ခုဖြင့် ကာကွယ်ထားသည်ကို မြင်နိုင်သည်။ရေကန်ကြီး၏ပတ်ပတ်လည်တွင်ကား လောချိန်မျိုးနွယ်စုဝင်များက ဒူးတုပ်ကာ ထိုင်နေကြသည်။ မျိုးနွယ်စုထဲရှိ လူကြီးလူငယ်၊ အပျိုအအိုများက ထိုအစီအရင်ထဲရှိ သော့ချက်နေရာများတွင် ဒူးထောက်နေကြသည်။

သူတို့က အခမ်းအနားတစ်ခုကျင်းပနေသည့်အလား သူတို့၏ညာဖက်လက်ကို လှီးဖြတ်ကာ သွေးများကို ထိုသော့ချက်နေရာများပေါ်သို့ လောင်းချလိုက်သောအခါ သွေးများက အလည်ရှိ ကန်ကြီးထဲသို့ စီးဆင်းသွားတော့သည်။

ထိုကန်ကြီး၏ အလယ်တည့်တည်တွင်မူ အဘိုးကြီးတစ်ယောက်က တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ဆံပင်များမှာ ရှည်လျားကာ ဖြူဆွတ်နေပြီး သူ၏အသွင်အပြင်မှာ ဒေါသထွက်မနေတာတောင်မှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူအသက်ရှူလိုက်တိုင်း ကန်ထဲရှိ သွေးများက ပလုံစီထလာသည်။

ရုတ်တရက်ကြီး ထိုအဘိုးကြီး၏မျက်လုံးများမှာ ပွင့်လာပြီး သွေးရောင်များဖြင့်တောက်ပနေသ​ည်။

” အပြင်မှာ ဘာတွေဖြစ်နေတာလဲကွ။” သူက စိတ်တိုတိုနှင့် အေးတိအေးစက်မေးလိုက်သည့်အသံမှာ သင်္ချိုင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

သူ၏အနီးဆုံးတွင်ရှိနေသော အဖွဲ့ဝင်မှာ ခြံဝန်းထဲတွင် ပိုင်ရှောင်ချန်းနှင့် အပေါင်းပါများကို သတ်ရန်ကြိုးပမ်းခဲ့သော လူငယ်နှင့် တစ်ရုပ်ထဲဖြစ်သော လူငယ်တစ်ယောက်ဖြစ်သည်။ သူကရှေ့တိုးကာ တိုးတိတ်စွာပြောလိုက်သ​ည်။

” ခေါင်းဆောင်ခင်ဗျာ… စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဂိုဏ်းသား၃ယောက် ပေါ်လာတာပါ။ အဖြစ်ပျက်တွေက ​မြန်လွန်းလို့ ကျွန်တော်ပြင်ဆင်ချိန် မရလိုက်တာပါ။ အခုလုပ်နေတဲ့ ကိစ္စကြီးကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကျွန်တော်က အပြင်မှာရှိတဲ့ ကျွန်တော့်ရဲ့ ရုပ်သေးခန္ဓာကိုယ်ရယ် အစီအရင်အကာအကွယ်ရယ်နဲ့ အခြား ရုပ်သေးတွေကိုသုံးပြီး သူတို့ကိုသတ်ဖို့ ကြိုးစားလိုက်တာ။ ကျွန်တော်အသုံးမကျလို့ ၁ယောက်ပဲ အသေသတ်နိုင်လိုက်တယ်။ ကျန်တဲ့၂ယောက်က လွတ်သွားပြီး ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်တို့ဖမ်းထားတဲ့ ဂိုဏ်းသားကိုပါ သူတို့ကယ်သွားသေးတယ်။”

ထိုလူငယ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ ပုံမှန်အရဆို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဂိုဏ်းသားတစ်ယောက်ပျောက်ပါက အနည်းဆုံး နှစ်ဝက်လောက်ကြာမှသာ ဂိုဏ်းက တရားဝင်ပျောက်ဆုံးကြောင်း ကြေငြာနေကြဖြစ်သည်။ ထိုမှသာ အခြား ဂိုဏ်းသားများကို စေလွှတ်၍ စုံစမ်းစေမည်ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်များကိုပေါင်းလိုက်ပါက စုံစမ်းမည့်ဂိုဏ်းသားများသည် အနည်းဆုံး၉လလောက်ကြာမှသာ ကြယ်ကြွေတောင်ကို ရောက်လာရမည်ဖြစ်သည်။

သို​သော်လည်း ယခုမှာမူ ၄လသာရှိသေးသော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများ ရောက်လာခြင်းဖြစ်သည်။ ထိုလူငယ်လေးပင် အံ့သြနေသည်မဟုတ်ပေ။ လောချိန်မျိုးနွယ်စုရှိ မည်သူကမှ ဤကဲ့သို့ အပြင်စည်းဂိုဏ်းသားတစ်ယောက် ပျောက်ဆုံးခြင်းကို သူတို့ဂိုဏ်းက အဲ့လောက်အထိ စိတ်ပူလိမ့်မည်ဟု မတွေးထားပေ။ သဘာဝကျကျတွေးကြည့်မည်ဆိုပါက ဤလောက် မြန်မြန်စုံစမ်းဖို့လူလွှတ်လိုက်သည်မှာ လုံးဝပင် မဖြစ်နိုင်ပေ။

ထို့အပြင် ဟိုယွင်ဖေးသာ လောချိန်မျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်ခဲ့ပါက သူ့ကိုဖမ်းမည်လည်း မဟုတ်ပေ။ သူတို့၏မူလအကြံအစည်မှာ နှစ်ဝက်မျှအချိန်ယူကာ ပြင်ဆင်ပြီးမှသာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အထိန်းအချုပ်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းရန်ဖြစ်သည်။

သို့သော်လည်း ယခုလောလောဆယ်တွင်သူတို့မှာ အချိန်တစ်လ လိုနေသေးသည်။

” အပြင်စည်းဂိုဏ်းသားနှစ်ယောက်… ဟုတ်လား။ ဟမ့် အကာအကွယ်အစီအရင်ကို ဖွင့်ပြီးသွားပြီကွ။ ဒီတစ်ဝိုက်ကို ဘယ်သူမှထွက်မရအောင် ပိတ်လိုက်ပြီး သူတို့နှစ်ယောက်ကို သတ်ဖို့လူလွှတ်လိုက်။ ငါတို့အချိန်တစ်လပဲ လိုတော့တာ။ အဲ့တစ်လပြီးရင် ဘယ်သူမှ ငါတို့ကို တားဆီးလို့မရတော့ဘူး။” အဘိုးကြီးကမူ အမူအရာမပျက်ပဲ အမိန့်ပေးလိုက်ကာ မျက်လုံးပြန်မှိတ်ပြီး တရားကျင့်နေတော့သည်။

လူငယ်မှာလည်း သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်လေသည်။

မကြာမီ လောချိန်လူမျိုးစုအတွင်းမှ လူရိပ်(၇) ခုပေါ်လာသည်။ ခေါင်းဆောင်နေရာမှလူမှာ စောစောကလူငယ်ပင်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီစုစည်းမှုအဆင့်(၈)တွင်ရှိသည်။

အခြား​ခြောက်ယောက်ထဲတွင် အားအနည်းဆုံးမှာ အဆင့်(၆) ချီစုစည်းမှုအဆင့်တွင် ရှိပြီး ​နောက်နှစ်ယောက်မှာ အဆင့်(၇) တွင်ရှိသည်။

” သူတို့ ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး​။ သွားကြစို့။” ထိုကျင့်ကြံသူ (၇) ယောက်က သတ်ဖြတ်လိုစိတ်များဖြင့်တောက်ပနေသော မျက်လုံးများဖြင့် တောထဲသို့ ပြေးသွားသည်။

တောထဲတွင်မူ ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့က ဟိုယွင်ဖေးကို ထမ်းပိုးရင်း တတ်နိုင်သလောက် မြန်မြန်ပြေးလွှားနေကြသည်။ လေဟုန်စီးလှေငယ်ကို အသုံးပြုရန် ကြိုးစားပါသော်လည်း သတင်းပို့ကျောက်စိမ်းပေလွှာများကို သုံးမရအောင်လုပ်ထားသည့် အတားအဆီးက သူတို့၏ လေဟုန်စီးလေငယ်ကိုလည်း သုံးမရအောင် တားဆီးထားသည်ကို သိလိုက်ရသည်။

ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးတို့၏ မျက်နှာသွင်ပြင်မှာ ပို၍ပင် မဲမှောင်လာတော့သည်။

ပိုင်ရှောင်ချန်းမျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး အန္တရာယ်ဟူသည့်အသိက သူ့ကိုယ်တွင်းမှာ ပိုမိုကြီးမားလာသည်။ သူ၏ အသွေးအသားများက သူ့ကို တတ်နိုင်သလောက်မြန်မြန်ထွက်ပြေးရန် အော်ဟစ်နေသည်။

သူသာ နှေးကွေးနေပါက အသက်ပျောက်မည်မှာ အမှန်ပင်။
အခုကြုံတွေ့နေရသော အန္တရာယ်မှာ
ဖိန်းယန်နှင့်တုံးက ကြုံတွေ့ခဲ့ရသော အန္တရာယ်ထက် များစွာကြီးမားလေသ​ည်။
ဖိန်းယန်သူ့ကိုသတ်ရန်ကြံစည်ခဲ့သည်မှာ လျှို့ဝှက်စွာသတ်ဖြတ်ရခြင်း မဟုတ်ပါလော။

သူသာ ဂရုတစိုက်နေပါက ဖိန်းယန်ကြံစည်သမျှကို ရှောင်ရှားနိုင်ပြီး ပြန်လည်၍ပင် တိုက်ခိုက်နိုင်သည်ဟု ပိုင်ရှောင်ချန်းက သိထားလေသည်။

သို့သော်လည်း ယခုတွင်မူ သူသိထားသည့် သတင်းအချက်အလက်များကို တွေးမိလိုက်တိုင်း သူ့မှာ တုန်လှုပ်ကာ ချွေးစည်းများပင် ကျလာတော့သည်။ ​လောချိန်မျိုးနွယ်စု၏ သစ္စာဖောက်မှုကို သူတို့ကသိထားသည့်အတွက် ​လောချိန်မျိုးနွယ်စုက သူတို့ကို သတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ နှုတ်ပိတ်နိုင်ဖို့ရာ သူတို့က အစွမ်းကုန်ကြိုးစားမည်မှာ အသေအချာပင်။

ထို့အပြင် သူတို့မှ ဖိန်းယန်လို ချောင်ခိုကာ တိုက်ခိုက်မည်မဟုတ်ပဲ လျှပ်စီးလက်သည်အလား လာရောက်တိုက်ခိုက်မည်ဖြစ်သည်။ ထို့ပြင် သူတို့က ခပ်ဝေးဝေးပြေးနိုင်ဖို့ အချိန်များများစားစားပေးနေမည်လည်းမဟုတ်ပေ။ ယခုပင်လျှင် သူတို့နောက်သို့လိုက်နေမည် လောချိန်မျိုးနွယ်စုဝင်များ ရှိနေမည်မှာ သေချာလုနီးပါးရှိသည်။

” သောက် တရားစီရင်ရေးဆောင်။ ဒီလိုတာဝန်မျိုးကို ဘယ်အပြင်စည်းဂိုဏ်းသားက ထမ်းဆောင်နိုင်မှာလဲ ” ပိုင်ရှောင်ချန်းက စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲနေတော့သည်။ ထို့နောက်သူက လောချိန်မျိုးနွယ်စုတွင် အခြေခိုင်မာခြင်းအဆင့်ရှိသော ခေါင်းဆောင်တစ်ယောက်ရှိကြောင်းကို အမှတ်ရသွားသောအခါ ပို၍ပင် တုန်လှုပ်သွားတော့သည်။

” အခြေခိုင်မာခြင်းအဆင့်တဲ့လား………
ချီစုစည်းမှုအဆင့်နဲ့ အခြေခိုင်မာခြင်းအဆင့်ဆိုတာ သာမန်လူနဲ့ ချီစုစည်းမှုအဆင့် ကွာခြားသလိုမျိုးကို ကွာခြားတာကွ။” ပိုင်ရှောင်ချန်းမှာ တွေးရင်းတွေးရင်း တုန်လှုပ်လာသဖြင့် မျက်လုံးများပင် နီရဲနေသည်။

” ငါကျင့်ကြံတယ်ဆိုတာ ထာဝရရှင်သန်ချင်လို့ပါကွာ….” ပိုင်ရှောင်ချန်းမှာ စိတ်ညစ်ညစ်နှင့် အော်ငိုလိုက်ချင်သော်လည်း မျက်ရည်မှာထွက်မလာပေ။ ဟိုယွင်ဖေးကိုကြည့်လိုက်သောအခါ သူ့ကိုထားခဲ့လျှင် ပိုမြန်မြန်ပြေးနိုင်မည်ကိုသိသော်လည်း သူ မလုပ်ရက်ပေ။ ထိုလုပ်ရပ်မျိုးကိုတော့ သူတစ်သက်လုံး လုပ်နိုင်မည်မဟုတ်ချေ။

တုလင်ဖေး၏မျ​က်နှာမှာလည်း​ သွေးဆုတ်ဖြူရော်နေသည်။ ထိုအုပ်စုထဲတွင် သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ အားအနည်းဆုံးဖြစ်ပြီး သူမ၏ ကိုယ်တွင်းစိတ်စွမ်းအင် ပြန်ပြည့်သည့်နှုန်းမှာလည်း နှေးလွန်းလှသည်။ အချိန်ကုန်လာလေ သူမမှာ ပို၍ပင် ထိတ်လန့်လာလေဖြစ်သည်။

သူတို့ သေမည်မှာ သေချာလုနီးပါးဖြစ်နေမှန်း သူမကသိသည်။ ချီစုစည်းမှုအဆင့်၇ လောက်ရှိသောသူက အခြေခိုင်မာခြင်းအဆင့်ရှိသော ခေါင်းဆောင်ကိုပြန်၍ခုခံတိုက်လိုက်နိုင်လိမ့်မည်။ သို့သော်လည်း ဖိန်းယန်မှာ သေသွားပြီဖြစ်၍ သူမမှာလည်း ချီစုစည်းမှုအဆင့်၅သာရှိသေးပြီး နောက်တစ်ဆင့်သို့ အခုချက်ချင်း မဖောက်ထွက်နိုင်သေးပေ။ ပိုင်ရှောင်ချန်းကမူ သေရမှာကြောက်နေသည့်အတွက် တုလင်ဖေးက သူ့ကိုထည့်၍ပင်မတွေးပေ။

” ဂိုဏ်းအပြင်မှာ ထမ်းဆောင်ရတဲ့ ပထမဆုံးတာဝန်မှာ သေမယ်လို့ တွေးကိုမတွေးဖူးဘူး….။” သူမက ခါးသက်စွာရယ်မောရင်း ဆိုသည်။ သို့သော်လည်း အဆုံးသတ်မဟုတ်သေးသ၍ လက်မလျှော့သင့်ဟု သူမကအားတင်းလိုက်ပြီး အံကြိတ်၍ သူမ၏ထည့်စရာအိတ်ထဲမှ ဆေးလုံးတစ်လုံးကိုထုတ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သွေးဆုတ်ဖြူရော်ကာ တုန်လှုပ်နေသော ပိုင်ရှောင်ချန်းကို သူမကကြည့်ရင်း သက်ပြင်းချလိုက်သည်။ ဤအချိန်တွင်မူ သူ့ကို သူမက အထင်သေးစိတ်ဖြင့် မကြည့်ရက်တော့ပေ။ ဆေးပုလင်းတစ်ပုလင်းကိုထုတ်ကာ သူမက သူ့ကိုပစ်ပေးလိုက်သည်။

” ဂိုဏ်းတူမောင်လေးပိုင်။ ကိုယ်တွင်းစိတ်စွမ်းအင် ကိုတတ်နိုင်သမျှ ဆက်ထိန်းထားနော် ” တုလင်ဖေးက ဂရုစိုက်သော အစ်မတစ်ယောက်လေသံဖြင့် ပြောလိုက်သ​ည်။

ပိုင်ရှောင်ချန်းက ထိုဆေးပုလင်းကို အံ့​သတုန်လှုပ်စွာ ငေးကြည့်လိုက်ပြီးနောက် ပုလင်းကိုဖွင့်ကာ ဆေးတစ်လုံးကို ယူသောက်လိုက်သည်။ ထိုအခါသူကရုတ်တရက် အမှတ်ရသွားပြီး ဖိန်းယန်၏ထည့်စရာအိတ်ထဲမှ ဆေးလုံးပုလင်း၂ပုလင်းကို ထုတ်လိုက်သည်။

” ဂိုဏ်းတူအစ်ကိုဖိန်းမှာ ဆေးလုံးနဲနဲ ကျန်သေးတယ်။” သူကပြောရင်းဆိုရင်း ဆေးပုလင်းတစ်ပုလင်းကို တုလင်ဖေးကိုပေးလိုက်သည်။

သူမက ဘာမှပြန်မပြောပဲ ဆေးပုလင်းကိုယူလိုက်ကာ နှစ်ယောက်သား တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရှေ့ဆက်ပြေးနေတော့သည်။ များမကြာမီ ဟိုယွင်ဖေး၏ ကျောက်စိမ်းပေလွှာကိုရှာတွေ့သော နေရာသို့ သူမတို့ပြန်ရောက်သွားသည်။ ထိုသစ်ပင်ကိုမြင်သောအခါ တုလင်ဖေးက သက်ပြင်းချမိလိုက်တော့သည်။

ဤအချိန်မှ နောင်တရနေလည်းမထူးတော့သဖြင့် သူတို့ကဘာမှမပြောပဲ ဆက်၍သာပြေးနေတော့သည်။

တဖြည်းဖြည်းချင်း တုလင်ဖေးမှာ နှေးနှေးလာသဖြင့် ပိုင်ရှောင်ချန်းမှာ ပို၍တုန်လှုပ်လာသည်။ အဆုံးတွင် သူက သူမလက်ကိုဆွဲကာ ဟိုယွင်ဖေးနှင့်အတူ သူမကိုပါ သယ်ပြေးတော့သည်။

ပိုင်ရှောင်ချန်းမှာ သူမထက်များစွာမြန်ကြောင်း တုလင်ဖေးက သတိထားမိနေတာကြာပြီဖြစ်သည်။ သူမ၏လက်မောင်းကို သူဆွဲလိုက်သောအခါ သူမကရုန်းရန်ပြင်လိုက်သော်လည်း သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်နေမှုကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်ပြီး ဆွဲခေါ်ခွင့် ပြုလိုက်သည်။

ထိုအချိန်တွင် ဟိုယွင်ဖေးမှာ တုန်လှုပ်သွားပြီး သူ၏မျက်လုံးများမှာ ဖြည်းညင်းစွာပွင့်လာသည်။ သူ့ပုံစံမှာ အားပြတ်နေသည့်အလားပင်။

သူ၏ လက်ရှိအခြေအနေအကြောင်းကိုသိသွားသောအခါ သူကခါးသီးစွာရယ်လိုက်ပြီး
” ဂိုဏ်းတူညီလေးပိုင်ရာ။ ဒီလောက်နှစ်တွေအများကြီးကြာပြီးမှ အစ်ကိုယ်တို့ ဒီလိုပုံစံနဲ့ပြန်ဆုံရတာ ယုံတောင်မယုံနိုင်ဘူး။”

ဟိုယွင်ဖေးနိုးလာသည်ကို သိလိုက်ရသောအခါ တုလင်ဖေးကသူ့ကို လျှင်မြန်စွာ ဆေးလုံးတစ်လုံးပေးလိုက်သည်။

ပိုင်ရှောင်ချန်းက ဟိုယွင်ဖေးကိုကြည့်၍ သက်ပြင်းချကာ နာမည်သာခေါ်နိုင်တော့သ​ည်။
” ဂိုဏ်းတူအစ်ကိုဟို….”

” ငါတို့အတွက် မျှော်လင့်ချက်တော့ရှိပါသေးတယ်။ လောချိန်မျိုးနွယ်စုက သူတို့လောဘအတွက် သာမန်လူတွေကိုသတ်ပြီး သူတို့ရဲ့အရိုးနဲ့သွေးတွေကို သုံးပြီး အစီအရင်တစ်ခုဖော်နေတာကွ။ သူတို့ရဲ့ အခြေခိုင်မာခြင်းအဆင့်ရှိတဲ့ ခေါင်းဆောင်က အခုလောလောဆယ် သွေးပြောင်းပြန်မှော်အတတ် ကိုကြီးကြပ်နေရလို့ ငါတို့နောက်ကို လိုက်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ လောချိန်မျိုးနွယ်စုတစ်ခုလုံးက အဲ့ဒီအစီအရင်ကို ထိန်းသိမ်းနေရတာဆိုတော့ လူအများကြီး လွှတ်နိုင်မှာလည်း မဟုတ်လောက်ဘူး။”
ဟိုယွင်ဖေးက သူသိထားသမျှကို အားတက်သရော ပြောပြနေသည်။

သူကပြုံးရင်း တုလင်ဖေးဆီက ဆေးလုံးကိုယူလိုက်ပြီး မျိုချလိုက်သည်။ ထို့နောက်သူ၏မျက်လုံးများကတောက်ပလာတော့သည်။ ” ဒီနေရာကနေ ဂိုဏ်းကိုသတင်းပြန်မပို့နိုင်ပေမဲ့ နဲနဲဝေးဝေးရောက်ရင်တော့ ပို့နိုင်မှာ သေချာပါတယ်။” သူက မျှော်လင့်အချက်အပြည့်ဖြင့် ဆိုသည်။

” ဒီလို မျိုးနွယ်စုလိုက်ပုန်ကန်တဲ့ ကြီးမားတဲ့ကိစ္စမျိုးကို ဂိုဏ်းက ကောင်းကောင်းတုံ့ပြန်မှာတော့ အသေအချာပဲ။”

စောစောကသောက်လိုက်သော ဆေးလုံးအစွမ်းကြောင့် သူကပိုင်ရှောင်ချန်း၏ အကူအညီမလိုတော့ပဲ စပြေးနိုင်ပြီးဖြစ်သည်။

ထို့ကြောင့် သူတို့၏ အရှိန်မှာ ပိုမြန်လာသည်။ မကြာမီ ကြယ်ကြွေတောင်၏ အစပ်ကိုလှမ်းမြင်လိုက်ရသ​ည်။ အဆုံးတွင်သူတို့က တောင်ထဲမှထွက်နိုင်သွားပြီး တုလင်ဖေးက ကျောက်စိမ်းပေလွှာကိုထုတ်ကာ ဂိုဏ်းနှင့်ဆက်သွယ်ရန် ကြိုးပမ်းလိုက်သ​ည်။ ခဏကြာသော် သူမ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး ခေါင်းခါပြလိုက်သည်။

” အခုထိ ဆက်သွယ်လို့မရသေးဘူးလား။” ပိုင်ရှောင်ချန်းက တဒိန်းဒိန်းခုန်နေသောရင်ဘတ်ကိုဖိကာ ရေရွတ်လိုက်သ​ည်။ ဟိုယွင်ဖေးကမူ တိတ်ဆိတ်စွာ ရပ်နေသည်။

သူတို့အားလုံး ဘာမှဆက်မပြောတော့ပဲ စိတ်ပျက်လက်ပျက်နှင့် ဆက်ပြေးနေတော့သည်။ ထိုအချိန်တွင် သူတို့နောက်မှ လေတိုးသံများကိုကြားလိုက်ရသည်။ ခပ်လှမ်းလှမ်းရှိ သစ်ပင်များမှ လူရိပ်၇ခုပေါ်လာသောအခါ သူတို့ မျက်နှာပျက်သွားတော့သ​ည်။

ခေါင်းဆောင်နေရာတွင်ကား ချီစုစည်းမှုအဆင့်ရှစ် ရှိသော လူငယ်တစ်ဦးဖြစ်ပြီး သူက ပိုင်ရှောင်ချန်းနှင့်အပေါင်းအပါများကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်နေသည်။

” ငါပြောပါတယ်။ မင်းတို့ပြေးမလွတ်ပါဘူးလို့။ မင်းတို့ကိုသတ်လိုက်တဲ့ လူရဲ့နာမည်ကို နောက်ဘဝထိမမေ့နဲ့နော်။ ချိန်ယွဲ့တဲ့ နာမည်က။ သူတို့ကို သတ် ” ထိုလူငယ်က သွေးအေးအေးနှင့် အမိန့်ပေးလိုက်သည်။

လောချိန်မျိုးနွယ်စုဝင်များက ချက်ချင်းပင် မှော်ပစ္စည်းများကိုထုတ်လိုက်ပြီး အေးစက်စက်အကြည့်များဖြင့် ချဥ်းကပ်လာသည်။

ပိုင်ရှောင်ချန်း၊ တုလင်ဖေးနှင့်် ဟိုယွင်ဖေးတို့၏မျက်နှာများမှာ အမူအရာပြောင်းလဲသွားပြီး အံကြိတ်ကာ ပြေးနေသည့်အရှိန်ကို တင်လိုက်သည်။

ချိန်ယွဲ့က အေးစက်စက်ရယ်လိုက်ရင်း သူ၏အင်္ကျီလက်ကို ခါရမ်းလိုက်သောအခါ ခရမ်းရောင် အရိုးခေါင်းခွံတစ်ခုပေါ်ထွက်လာသည်။ ထိုအရိုးခေါင်းခွံမှာ ရူးသွပ်စွာရယ်မောနေပြီး လေကိုခွင်းကာ မျက်စိတစ်မှိတ်အတွင်း ပိုင်ရှောင်ချန်းတို့အနားသို့ ရောက်သွားသည်။ ထိုအခါ ချိန်ယွဲ့က သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ အရိုးခေါင်းခွံမှာ ပေါက်ကွဲသွားသည်။

ထိုပေါက်ကွဲမှု အရှိန်ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသား၃ယောက်မှာ လွင့်စင်သွားသည်။ တုလင်ဖေးနှင့် ဟိုယွင်ဖေးမှာ ဆက်မပြေးနိုင်တော့ပဲ ချက်ချင်းပင် လောချိန်မျိုးနွယ်စု၏ ဝန်းရံခြင်းကိုခံလိုက်ရသည်။

ပိုင်ရှောင်ချန်းကမူ ဆက်၍ပြေးနေသေးသည်။ စောစောကမူ တုလင်ဖေးနှင့် ဟိုယွင်ဖေးကြောင့် သူကအရှိန်ထိန်း၍ ပြေးနေရသော်လည်း ယခုမှာမူ သူတစ်ယောက်ထဲဖြစ်သွားသည့်အတွက် အံ့သြဖွယ်အရှိန်ဖြင့် ထွက်ပြေးကာ လောချိန်မျိုးနွယ်စုဝင်များကို ဖောက်ထွက်သွားန်ိုင်သည်။ ခဏအကြာတွင် သူနှင့် ထိုမျိုးနွယ်စုဝင်များအကြား မီတာပေါင်းများစွာခြားသွားပြီ ဖြစ်သည်။ သို့သော် သူကအရှိန်ကိုပို၍ မြန်မြန်လာနေသ​ည်။

ချီစုစည်းမှုအဆင့်၈ ရှိသော ချိန်ယွဲ့ပင်လျှင် ဘာမှမလုပ်နိုင်ပဲ တုန်လှုပ်စွာရပ်ကြည့်နေရသည်။

” သူက အတော်မြန်တာပဲ။” ချိန်ယွဲ့က အေးစက်စက်ပြောလိုက်ပြီး ဆက်လက်၍

” အရင်ဆုံး ဒီနှစ်ယောက်ကို သတ်တာပေါ့။ ပြီးမှ သူ့နောက်လိုက်ကြမယ် ”
သူက အင်္ကျီလက်ကိုခါရမ်းကာ တုလင်ဖေးနှင့် ဟိုယွင်ဖေးကို သတ်ဖြတ်လိုသောစိတ်နှင့် လှည့်ကြည့်လိုက်သည်။

တုလင်ဖေး၏ပါးစပ်မှ သွေးတစ်ပွက် ထွက်ကျလာသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီး သူမသေတော့မည်ဟု တထစ်ချတွက်ထား၏။ အတန်ငယ်ဝေးသောနေရာသို့ ပျံသန်းရောက်ရှိသွားပြီဖြစ်သည့် ပိုင်ရှောင်ချန်းကိုကြည့်ရင်း သူမက ခါးသက်စွာရယ်မောလိုက်တော့သည်။

ပိုင်ရှောင်ချန်း သေရမှာကြောက်ကြောင်း သူမကကောင်းကောင်းသိသည်။ ထို့အတွက် အလွန်အမင်းအံ့အားသင့်ခြင်းမရှိသော်လည်း သူမ၏ရင်ထဲတွင် မျှော်လင့်ချက်မဲ့​ခြင်းနှင့်အတူ ခါးသီးသောခံစားချက်များ ထိန်းချုပ်၍မရအောင်ထွက်ပေါ်လာသည်။

” ဂိုဏ်းတူမောင်လေးပိုင်။ မင်းလွတ်အောင်ပြေးနိုင်ဖို့ မျှော်လင့်ပါတယ် ” သူမက တွေးနေမိသည်။ တချိန်ထဲမှာပင် သူမက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ကာ လေးလံရာမှသည်ပေါ့ပါးခြင်းဆီသို့​အတတ်ကိုသုံး၍ ဓားပျံတစ်ချောင်းကို ထုတ်လိုက်သည်။ ပါးစပ်ထဲမှ သွေးများထပ်၍ထွက်ကျလာကာ သူမကိုယ်သူမကာကွယ်ရန် ပြင်ဆင်လိုက်သ​ည်။

ဟိုယွင်ဖေးမှာလည်း ခါးသက်စွာရယ်မောနေသ​ည်။ သို့သော် သူ၏မျက်လုံးများမှာမူ အေးစက်စက်အလင်းများ ထွက်နေသည်။ သူ၏ စိတ်စွမ်းအင်မှာကုန်ခမ်းလုနီး​ပါးဖြစ်နေသော်လည်း သူက အရှုံးပေးမည်မဟုတ်ဘဲ မာန်သွင်း၍ တစ်ချက်အော်ဟစ်လိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းအတွက် အချိန်များများရစေရန် အံကို တင်းတင်းကြိတ်လျှက် သူနှင့်အတူ ရန်သူအချို့ကိုပါ တမလွန်သို့ အပါခေါ်ရန် ပြင်လိုက်သည်

Comment

Leave a Reply

Options

not work with dark mode
Reset