Switch Mode

အခန်း ( ၅၁ )

အစ်ကိုကြီးဖိန်းက သူတော်ကောင်းကြီးပါဗျာ

ပိုင်ရှောင်ချန်း၏ ဦးခေါင်းခွံတစ်ခုလုံး ပေါက်ကွဲလုမတတ် တစ်ဆစ်ဆစ် နာကျင်လာသည်။ မျက်လုံးထဲရှိ သွေးကြောများပင် ထောင်တက်လာသည့်အထိ အော်ဟစ်လိုက်ရင်း သူ့ခန္ဓာကိုယ် တစ်ပတ်လုံးကို စာရွက်အဆောင်လက်ဖွဲ့များဖြင့် ကမန်းကတန်းကပ်ကာ အကာအကွယ်တစ်ခုကို စီရင်နေသည်။ မကြာမီပင် နှစ်မီတာပတ်ပတ်လည်မျှရှိသော အကာအကွယ်တံတိုင်းတစ်ခုက သူ့ကိုယ်ပတ်လည်တွင် ဝန်းရံလာသည်။

အကာကွယ်တံတိုင်းများ ပေါ်လာချင်းမှာပဲ အမှောင်ထုထဲမှ ဝတ်ရုံနီအမျိုးသမီးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းဆီသို့ တိုးဝင်လာသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အကာအကွယ်၏ သုံးဆယ်ရာခိုင်နှုန်းလောက်ထိ ဖောက်ဝင်လာပြီးနောက် မတိုးနိုင်တော့ဘဲ ရပ်တန့်သွားသည်။ ထို့နောက် ထိုအမျိုးသမီးက အကာအကွယ်များကိုပင် ဖောက်ထွက်နိုင်လောက်အောင် စူးရှကျယ်လောင်သော အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ အော်ဟစ်သံမှာ နားစည်ကို ဓားဖြင့်မွှန်းဆွနေသလို စူးရှလွန်းသောကြောင့် ပိုင်ရှောင်ချန်းမှာ သတိလစ်မတတ် နာကျင်နေသည်။

ထို့နောက် သတိလစ်မသွား​စေရန် ​သူ့လျှာသူပြန်ကိုက်ရင်းထိန်းလိုက်ပြီးမှ ဝတ်ရုံနီအမျိုးသမီးမှာ ထောင်သောင်းများစွာသော အနီရောင်ပိတုန်းကောင်များအဖြစ် အသွင်ပြောင်းလဲသွားသည်ကို တွေ့မြင်ရသည်။ ပိတုန်းများက သူ့အကာအကွယ်များကို စုပြုံဖျက်စီးကြတော့သည်။

အကာအကွယ်တံတိုင်းမှာ ထူထဲလွန်းသောကြောင့် ကျန်ခုနှစ်ဆယ့် ရာခိုင်နှုန်းကို လုံးဝထိုးဖောက်နိုင်စွမ်း မရှိပေ။ ထို့နောက် ပြန်လှည့်ပြန်ကာ ဝတ်ရုံနီအမျိုးသမီးအဖြစ် ပြန်လည်ပေါင်းစည်းသွားလေသည်။

ထိုမိန်းမက ရှောင်ချန်းကို အတန်ကြာစိုက်ကြည့်ပြီးနောက် ကျောချမ်းဖွယ်ကောင်းစွာ ရယ်မောရင်း ရှောင်ချန်းဆီ နောက်တစ်ကြိမ် တိုးဝင်လာပြန်သည်။

တပြိုင်နက်တည်းမှာပင် ကျောက်ရုပ်ထုများမှ တစ်ဖြည်းဖြည်း လှုပ်ရှား အသက်ဝင်လာပြီး ကျောက်ဘီလူးများအဖြစ် ပြောင်းလဲသွားသည်။ အသီးပင်များလည်း ခြေလက်များပေါက်လာပြီး မြေကြီးထဲမှ အမြစ်များကျွတ်ထွက်လာကာ ရှောင်ချန်းတို့ဆီသို့ တရွေ့ရွေ့လမ်းလျှောက်လာကြသည်။ ပို၍ ထူးဆန်းသည်မှာ အပင်များရှိ အသီးများက ရယ်မောကာ သားချော့တေးများကို ပြိုင်တူသီဆိုနေကြခြင်းဖြစ်သည်။

အပင်များမှတစ်ပင်ကလည်း ဝတ်ရုံနီ အမျိုးသမီး နှင့်အတူ ရှောင်ချန်းကို တိုက်ခိုက်ရန် ရှေ့တိုးလာသည်။

” ရုပ်သေးတွေပဲ…. ” တုလင်ဖေးက အလန့်တကြား ရေရွတ်မိသည် ။

ပိုင်ရှောင်ချန်းမှာ ငှက်ဖျားဝင်နေသောလူတစ်ယောက်လို တုန်ယင်နေသည်။ သူ့တစ်သက်နှင့် တစ်ကိုယ်တွင် ယခုလောက် အသက်ဘေးနှင့် မကြုံဖူးပေ။ ရှောင်ချန်းက အမျိုးသမီး သူ့အနားရောက်လာသည်နှင့် လက်ကွက်မြန်မြန်ဖော်ကာ စိတ်စွမ်အင်အားလုံးကိုထုတ်ပြီး ဝတ်ရုံနီအမျိုးသမီးဘက်သို့ လက်ကိုဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် သစ်သားဓားတစ်လက်က အလင်းကဲ့သို့ မြန်ဆန်သောအလျင်ဖြင့် အမျိုးသမီးဆီသို့ ပျံသန်းသွားသည်။ ဓား၏ပြင်းကန်အားမှာ ကြီးမားလွန်းသောကြောင့် လမ်းကြောင်းတစ်လျှောက်ရှိလေများပင် ဘေးသို့တွန်းကန်ခံရပြီး မုန်တိုင်းတစ်ခုပမာ တိုက်ခတ်သွားသည်။ ထို့နောက် မိုးခြိမ်းသံပမာ ကျယ်လောင်သော အသံကြီးနှင့် အတူ သစ်သားဓားက အမျိုးသမီး၏ နှဖူးတည့်တည့်ကို ထိုးစိုက်သွားသည်။

ထိုမိန်းမက ငယ်သံပါအောင် အာခေါင်ခြစ်အော်ဟစ်ရင်း အနီရောင်ပိတုန်းများအဖြစ်ပြောင်းလဲသွားသည်။ သို့သော်ထိုပိတုန်းများသည်လည်း လေထဲတွင် တွန့်လိမ်သွားပြီး နောက်ဆုံးမြေပေါ်သို့ သက်ဆင်းကာသေဆုံးကြလေသည်။

သစ်သားဓားကတော့ မရပ်သေး။ အမျိုးသမီး၏ခေါင်းကို ထုတ်ချင်းဖောက်သွားပြီးနောက် အမျိုးသမီးနောက်ရှိ အသီးပင်ဆီတန်းတန်းမတ်မတ်တိုးဝင်သွားသည်။

ထို့နောက် သစ်ပင်ကိုလည်းထုတ်ချင်းပေါက်သွားပြီး အသီးပင်ကြီးမှာ ဒယီးဒယိုင်ဖြင့် သက်ရှိတစ်ကောင် ညီးတွားနေသလို ညီးတွားရင်း ပေါက်ကွဲသွားသည်။ သစ်ပင်ကြီးနှင့်အတူ အသီးများသည်လည်း တဖြည်းဖြည်းရှုံတွလာသော်လည်း နောက်ဆုံးချိန်အထိ တေးသီဆိုရင်း သေဆုံးသွားကြသည်။

ပိုင်ရှောင်ချန်းမှာ အဖြစ်အပျက်အားလုံးကိုကြည့်ရင်း တစ်ကိုယ်လုံးရှိ အမွှေးမျှင်များ ထောင်တက်လာသည်အထိ အံသြတုန်လှုပ်နေမိသည်။ သစ်သားက အစွမ်းထက်လှသောကြောင့်သာ သက်သာရာရသည်။ သစ်ပင်ကို ဖောက်ထွက်ပြီးနောက်တွင်လည်း ရှေ့သို့ဆက်လက်ပျံသန်းကာ နံရံဆီတည့်တည့်ပျံသန်းသွားကာ အပေါက်ကြီးတစ်ပေါက် ဖောက်သွားပြန်သည်။ နံရံပေါက်သွားသွားချင်းမှာပင် အပေါက်နေရာတွင် ရေဘဝဲလက်တံများပမာ နွယ်မျှင်များ တစ်လှုပ်လှုပ်ထွက်ပေါ်လာပြီး နံရံကိုအလိုအလျောက်ပြန်ဖြည့်ပေးနေကြသည်။

” အဲ့ဒီအပေါက်ကနေ အပြင်ထွက်ကြမယ်…. ” တုလင်ဖေးက မြန်မြန်အော်ကာ သတိပေးလိုက်ရင်း အပေါက်ဆီတညိုးသွားလိုက်သည်။ အပေါက်နှင့်အနီးဆုံးလူမှာ ဖိန်းယန်ဖြစ်သည်။ ဖိန်းယန်က နှမြောတသစွာဖြင့် နောက်ထပ် အနက်ရောင်ဆေးလုံးတစ်လုံးကို ထုတ်လိုက်ပြီး မီးအိမ်နှင့် လူငယ်ရှေ့သို့ ပစ်လိုက်ကာ ပေါက်ကွဲအားကို အခွင့်ကောင်းယူ၍ အပေါက်ဆီသို့ ပိုနီးလာရန်အားထုတ်လိုက်သည်။

သို့သော် အပေါက်မှ အပြင်ထွက်ရန်​ပြင်လိုက်စဉ်မှာပဲ ပိုစိတ်ညစ်စရာကောင်းသော အရာနှစ်ခုထွက်ပေါ်လာသည်။ အပြင်ဘက်ရှိ ကျောက်ခြင်္သေ့ကြီးနှစ်ကောင်က အပေါက်မှခုန်ဝင်လာကာ မာန်ဖီဟိန်းဟောက်ရင်း ရှောင်ချန်းနှင့် ဖိန်းယန်တို့ဆီသို့ အသီးသီးခုန်အုပ်ရန် ပြေးလာကြလေသည်။

ပိုအံသြဖွယ်ကောင်းသည်မှာ ကျောက်ခြင်္သေ့များသည် ရှောင်ချန်းတို့အလာတုန်းက ပင်မတံခါးကို စောင့်ကြပ်နေသော ခြင်္သေ့ရုပ်ထုကြီးများဖြစ်သည်။

“မင်းတို့ လုံးဝလွတ်လမ်းမရှိဘူး….” မီးအိမ်နှင့် လူငယ်က လှမ်းအော်ပြောလိုက်သည်။ ” စိတ်စွမ်းအင်နတ်ရေစင် ဂိုဏ်းသားအားလုံး သေကြရမယ်…. ” ဟုပြောကာ ရယ်မောရင်း ဖိန်းယန်ကို ထပ်မံတိုက်ခိုက်ရန် တိုးလာပြန်သည်။

ဖိန်းယန်က တစ်ဖြည်းဖြည်းကျဉ်းလာသော နံရံပေါက်ကို မြင်သောအခါ အလျင်အမြန်ပင်လက်နှစ်ဖက်သုံးကာ လက်ကွက်တစ်ခုကိုဖော်လိုက်ပြီး ဦးခေါင်းအရွယ်မျှရှိုသော မီးလုံးတစ်ခုကို ကိုဆင့်ခေါ်လိုက်သည်။ မီးလုံးမှ အရေပြားများကို အရေပျော်ကျသွားစေလောက်သည့် မီးလျှံများကို အရပ်မျက်နှာ အနှံ ပစ်လွှတ်ပေးနေသည်။

ကျောက်ခြင်္သေ့ကြီးများတန့်သွားကာ နောက်ဆုတ်သွားကြကာ လူငယ်မှာလည်း ရှေ့မတိုးနိုင်သေးဘဲ ဒေါသတကြီးရပ်ကြည့်နေရသည်။ မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသော သစ်ပင်လူသား နှစ်ခုအနက်မှ တစ်ခုမှာ ပေါက်ကွဲသွားလေသည်။

ကျန်တစ်ခုကနောက်ပြန်ဆုတ်ရန်ကြိုးစားသော်လည်း တုလင်ဖေး၏ သစ်သားဓားထိမှန်ကာ ပျက်စီးသွားလေသည်။

ပေါက်ကွဲသံနှင့်အတူ ပျက်စီးသွားသော သစ်ပင်လူသားနှစ်ခုမှ သစ်စေးရည်များ ပန်းထွက်လာသည်။ တစ်ချိန်တည်းမှာ မြင်လိုက်ရသည်မှာ သစ်ပင်လူသား များအတွင်းမှပေါ်လာသော ပိန်ပိန်လှီလှီ ခန္ဓာကိုယ်နှစ်ခု။ နှစ်ယာက်လုံးမှာ ကိုယ်တွင်းသက်စောင့်စွမ်းအင်အားလုံးနီးပါး စုပ်ယူခံထားရသလို အသက်မြေ့မြေ့သာကျန်တော့သည်။

ထိုလူနှစ်ယောက် အနက်တစ်ယောက်မှာ သတိလစ်မေ့မြောနေပြီး ကျန်တစ်ယောက်က မျက်လုံးကို အားယူဖွင့်ရင်း တုလင်ဖေးကို အားကိုးတကြီး ကြည့်နေရှာသည်။

” ဂိုဏ်းတူအစ်ကိုကြီးဟို… ” တုလင်ဖေးက ဟိုယွမ်ဖေးကို ချက်ချင်းမှတ်မိပြီး ဆွဲထူကာတွဲပေးလိုက်သည်။

တချိန်တည်းမှာပင် ဟိုယွမ်ဖေးကလည်း တုလင်ဖေး၏ လက်ကိုဆွဲယူလိုက်ပြီး သူ၏လက်ကျန်စိတ်စွမ်းအင်များကို တုလင်ဖေးဆီ လွှဲပြောင်းပေးရင်း
” လောက်ချိန်းမျိုးနွယ်စုက သစ္စာဖောက်သွားပြီ…. အစ်ကိုတို့ ဒီကမြန်မြန်ထွက်ပြီး ဂိုဏ်းကို ပြန်သတိပေးရမယ်…. ”

တုလင်ဖေး၏ စိတ်စွမ်းအင်များမှာ တမုဟုတ်ချင်း တိုးပွားလာသည်။ အံကိုတင်းတင်းကြိတ်၍ ဟိုယွမ်ဖေးကို တွဲခေါ်ရင်း နံရံအပေါက်ဆီသို့ အရင်ကထက် ပို၍ လျင်မြန်သော အအြန်နှုန်းဖြင့် ပြေးလေသည်။

ရှောင်ချန်းက တိုက်ခိုက်နေရင်း ဟိုယွမ်ဖေးကို လျမ်းမြင်လိုက်သောကြောင့် ကျောက်ခြင်္သေ့များဆီမှ ရှောင်ထွက်ကာ နံရံဆီအမြန်ပြေးလာသည်။

လက်ရှိနံရံနှင့်အနီးဆုံးသူကတော့ တုလင်ဖေးဖြစ်ပြီး နောက်မှ ဖိန်းယန်နှင့် ရှောင်ချန်းကကလည်း ပြေးလိုက်လာကြသည်။ ရှောင်ချန်းကတော့ အမြန်ဆုံးဖြစ်ပြီး တုလင်ဖေးကို အမီလိုက်နိုင်လာခဲ့သည်။

ဖိန်းယန်၏မျက်နှာမှာ ဖြူ ဖပ်နေသည်။ မီးလုံးဆင့်ခေါ်ထားစဉ်က စိတ်စွမ်းအင်များစွာ အသုံးပြုထားသောကြောင့် သိပ်မပြေးနိုင်။ ထို့ကြောင့် ရက်စက်သော အကြံတစ်ခုပေါ်လာပြီး နောက်ထပ်အနက်ရောင်ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။

” ညီမလေးတု ညီမလေးအမြန်သွားပြီး ဂိုဏ်းကိုသတင်းအမြန်ပို့ပါ။ ဒါလေးက ညီမလေးအတွက် အကူအညီဖြစ်မှာပါ.. ” ဟုပြောရင်း ဆေးလုံးကို တုလင်ဖေးနှင့် ပိုင်ရှောင်ချန်း၏ ကြားထဲသို့ ပစ်လွှတ်လိုက်သည်။

ဆေးလုံး၏ ပြင်းထန်သော ပေါက်ကွဲအားကြောင့် တုလင်ဖေး၏ အမြန်နှုန်းမှာ ပို၍ပင် မြန်ဆန်လာသည်။ ထို့နောက် ရေပွက်သံကဲ့သို့ အသံနှင့်အတူ နံရံပေါက်မှ ကျော်၍ ထွက်ပြေးလွတ်မြောက်သွားသည်။

နောက်ရှိ ရှောင်ချန်းကတော့ ပေါက်ကွဲမှုကြောင့် ရှေ့ဆက်၍မရတော့ပဲ ရုတ်တရက် ကျောက်ခြင်္သေ့၏ တိုက်ခိုက်မှုကိုခံရပြန်သည်။ သူ့မျက်လုံးများမှာ ဒေါသအရောင်ကြောင့် နီမြန်းလာသည်။

“ဖိန်းယန်… ” ပေါက်ကွဲစွာ အော်လိုက်သည်။ ခြင်္သေ့ကခုန်အုပ်လိုက်သော အရှိန်ကြောင့် လေဟပ်သွားသည်။ ရှောင်ချန်းလည်း ကြိုးစားရှောင်လွှားနေချိန်မှာပင် သစ်ပင်လူသားသုံးကောင်က သူ့အနားရောက်လာပြန်သည်။ ယခုအခါ ရုပ်သေးလေးကောင် တစ်ပြိုင်တည်း တိုက်ခိုက်နေသောကြောင့် ပိုင်ရှောင်ချန်းမှာ လုံးဝလွတ်လမ်းမရှိဖြစ်နေလေသည်။

ပိုင်ရှောင်ချန်း၏ အကာအကွယ်များမှာ တစ်စတစ်စ ပျက်စီးလာပြီး နောက်ဆုံး ကျောက်စိမ်းလည်ဆွဲမှ အစိမ်းရောင်အကာအကွယ်ပင် ကွယ်ပျောက်သွားသည်။ ကျောက်ခြင်္သေ့၏ ပုတ်အားမှာ အံသြဖွယ်ကောင်းလောက်အောင် ပြင်းထန်သော်လည်း ပိုင်ရှောင်ချန်း၏ အကာအကွယ်များကိုသာ ပျက်စီးစေခဲ့ပြီး အခုထိ လူကိုထိခိုက်မှု မရှိလာသေး။ သို့သော် အကာအကွယ်များပျက်စီးသွားပြီးနောက် ခြင်္သေ၏ တိုက်ခိုက်မှုက ရှောင်ချန်း၏ ရင်ဘက်တည့်တည့်ကို ကျရောက်ကာ ရှောင်ချန်းမှာ လွင့်ထွက်သွားသည်။

” ညီလေးရှောင်ချန်း….. ” ဖိန်းယန်က အေးစက်စွာနှုတ်ခမ်းမဲ့လိုက်သော်လည်း အော်သံမှာတော့ ပူပန်မှုနှင့် ခါးသက်မှု ရောစွက်နေသည်။ သို့သော် နောက်တော့ပြန်လာမကူချေ။ မျက်​တောင်တစ်ခတ်အတွင်းပင် နံရံအပေါက်မှ ခုန်ထွက်သွားသည်။ အပြင်သို့ မရောက်လိုက်ခင်မှာပင် လောက်ချိန်မျိုးနွယ်စုမှ လူငယ်သည် ကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်ရင်း များစွာသော အသားတုံးအသားတစ်များအဖြစ် ပေါက်ကွဲထွက်သွားသည်။ အသားတစ်များမှာ သွေးတစ်စက်မျှ ထွက်မနေဘဲ ဖိန်းယန်ရှိရာသို့ အလျင်အမြန် တိုးထွက်သွားသည်။

ဖိန်းယန်အခြားတစ်ဖက်ဆီခြေမချနိုင်ခင်မှာပင် အသားတစ်များက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်၍ နောက်သို့ ပြန်ဆွဲခေါ်သွားသည်။

ဖိန်းယန်မှာ လွတ်ခါနီးမှ ပြန်အဆွဲခံရသောအခါ ဒေါသကြောင့် ဆတ်ဆတ်တုန်ကာ အော်ဟစ်လိုက်သည်။ နံရံရှိ အပေါက်ကလည်း လုံးဝပြန်ပိတ်တော့မည်ဖြစ်သည်။

ခဏတာ အံကိုတင်းတင်းကြိတ်ပြီးနောက် သူ့လျှာသူပြန်ကိုက်လိုက်သည်။ ထို့နောက် ပါးစပ်ထဲမှသွေးများကို သူ့သစ်သားဓားပေါ် ထွေးထုတ်လိုက်ရာ သစ်သားဓားမှာ ကြက်သွေးရောင်ပြောင်းသွားသည်။ သစ်သားဓားမှာ ရှေ့မသွားဘဲ ပေါက်ကွဲကာ ဗုံးစယမ်းစများကဲ့သို့ အစအနများအဖြစ်ပြောင်းသွားကာ သူရှိရာသို့ ပြန်လည်ပျံသန်းလာကြသည်။

သူ့အကြံမှာ သူ့ကိုယ်သူ ပြန်နာကျင်စေတာ မှနိသော်လည်း အစအနများက သူ့ကိုရစ်ပတ်ထားသော အသားတစ်များကိုလည်း ဖြတ်တောက် ရှင်းလင်းနေကြသည်။

နောက်ဆုံးတွင် ဒဏ်ရာဗရပွဖြင့် လွတ်မြောက်သွားသည်။ သူ့အသားများလည်း အမွှန်းခံထားရသလို သတိလစ်မတတ် နာကျင်နေသော်လည်း အားတင်းကာ နံရံအပေါက်ဆီ ကြိုးစားသွားပြန်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ခြင်္သေ့၏ ပုတ်ခံလိုက်ရပြီး သံကုန်အော်ရင်း နောက်ကိုလွှင့်ထွက်သွားသည်။ ပဲ့တင်ထပ်နေသော သူ့အော်သံပင် မဆုံးသေးပေ၊ သူ့ရင်ဘက်ကို ပြန့်ငုံကြည့်လိုက်မှ အံသြသွားရသည်။ သူ့အင်္ကျီတစ်ခုလုံး စုတ်ပြတ်သွားသော်လည်း အရေပြားကတော့ အခြစ်ရာပင်မထင်။ သဘာဝအရ အော်လိုက်သလိုဖြစ်သော်လည်း တကယ်တမ်းတော့ ဘာနာကျင်မှုမှ မခံစားလိုက်ရ။

ခဏအကြာ သူ့ကိုယ်သူ သေချာအောင် စစ်ဆေးလိုက်ပြီးနောက် အခြေအနေမှာ ပြင်းထန်သလိုဖြစ်နေသော်လည်း ယခုထိသူ့တွင် ဒဏ်ရာတစ်ခုမျှ မရသေးကြောင်းသတိထားမိသွားသည်။

စိတ်သက်သာရာရသွားသော်လည်း နောက်မှ သစ်ပင်လူသားများက ပြန်တိုက်ခိုက်လာပြန်သည်။ တိုက်ခိုက်မှုကြောင့် ရှေ့သို့ ယိုင်သွားသော်လည်း ပုရွက်ဆိတ်ကိုက်သလောက်ပင်မနာသောကြောင့် အော်ဟစ်ရယ်မောလိုက်သည်။

” ငါဒီလောက်စွမ်းမယ်လို့ ထင်တောင်မထင်ထားဘူး။ လခွမ်း…ငါဘာကို ကြောက်နေဦးမှာလဲ ” ကိုယ့်အစွမ်းကို အပြည့်အဝ ယုံကြည်သွားပြီးနောက် ဆက်လက်တိုက်ခိုက် ရှောင်တိမ်းမနေတော့ဘဲ နံရံပေါက်ဆီသို့. လျင်မြန်စွာ တိုးသွားလိုက်သည်။

ဖိန်းယန်မှာ အပေါက်မှတစ်ဆင့် ခုန်ထွက်သွားလေသည်။ ပိုင်ရှောင်ချန်း နောက်မှ ပြေးလိုက်လာသည်ကိုပင် သတိမထားမိ ၊ သူ့စိတ်ထဲမှာတော့ ရှောင်ချန်း အသတ်ခံလိုက်ရပြီဟုသာ ထင်နေသည်။

ဖိန်းယန်၏ ကိုယ်လွတ်ရုန်းမှုကြောင့် ပိုင်ရှောင်ချန်း ဒေါသထွက်ကာ အပြင်ရောက်နေပြီးဖြစ်သော ဖိန်းယန်၏ ပုခုံးကိုလှမ်းဆွဲလိုက်သည်။

” နောက်ဆုံးတော့ လွတ်ပြီကွ…. ” တွေးရင် ရယ်မောနေစဉ်မှာပင် ဖိန်းယန်သည် နောက်မှ အားကောင်းသော အရာတစ်ခု၏ အတွင်းသို့ ဆွဲယူခြင်းကို ခံလိုက်ရသည်။

နောက်မှဆွဲခေါ်သွားသော အရာကိုလှည့်မကြည့်နိုင်မီမှပင် သူ၏အိတ်မှာ ပြုတ်ကျသွားကာ အပေါက်နှင့် ဝေးရာဆီကို ဆွဲခေါ်ခံလိုက်ရသည်။

အထဲပြန်ရောက်မှ ဆွဲခေါ်သွားသူမှာ ရှောင်ချန်းဖြစ်ကြောင်း သူ သိလိုက်ရသည်။
” ပိုင်ရှောင်ချန်း….. ” နောက်မှ လှမ်းအော်လိုက်ကာ ပြန်ပြေးရန်ကြိုးစားသော်လည်း ကျောက်ခြင်္သေ့များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် ကျယ်လောင်သော အသံများနှင့်အတူ ခြောက်ခြားဖွယ် အော်သံများထွက်ပေါ်လာသည်။

” အစ်ကိုကြီး ဖိန်း ”
ပိုင်ရှောင်ချန်းက ​ကြေကွဲဆို့နင့်သောလေသံနှင့် စူးစူးဝါးဝါးအော်ဟစ်ပြီးနောက် နံရံအပေါက်မှ ခုန်ထွက်လိုက်သည်။ သူ အပြင်သို့ ရောက်ရောက်ချင်းမှာပဲ နံရံအပေါက်ကလည်း ပြန်ပိတ်သွားသည်။

ယခုအခါ လောက်ချိန်မျိုးနွယ်စုနှင့် အဝေးဆုံးကို ပြေးလာနိုင်ခဲ့သည်။ တုလင်ဖေးကလည်း ပြေးနိုင်သလောက် ဝေးဝေးပြေးလာခဲ့ပြီးနောက် တောစပ်တစ်နေရာတွင် စောင့်နေခဲ့သည်။ သူမက ပိုင်ရှောင်ချန်းထွက်ပေါ်လာသည်ကိုမြင်သော် အော်ခေါ်မည်ပြုစဥ်မှာပင် ပိုင်ရှောင်ချန်းက ရုတ်ချည်းပင် ဝမ်းနည်းစွာ ငိုကြွေးတော့​လေသည်။

” အစ်ကိုကြီးဖိန်းယန်လေ…. ဒီညီလေးလွတ်ဖို့ အစ်ကိုကြီးရဲ့ အိတ်ကိုထည့်ပေးလိုက်တဲ့ အပြင် ရုပ်သေးတွေကို ထိန်းထားဖို့ပါ အနစ်နာခံခဲ့တယ် ”

ပိုင်ရှောင်ချန်း၏ စကားများကိုကြားတော့ တုလင်ဖေးလည်း စိတ်မကောင်းဖြစ်သွားသည်။ သို့သော် အပေါက်ပြန်ပိတ်သွားပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းက ဝမ်းနည်းနာကြဉ်းစွာ ငူငူကြီးရပ်နေသောကြောင့် ဇွတ်ခေါ်ရသည်။ “ပိုင်ရှောင်ချန်း လာပါ… သွားရအောင်… ”

သံသယအဝင်မခံ ရတော့သောကြောင့် ရှောင်ချန်းမှာ မျက်ရည်စက်လက်ဖြင့် တုလင်းဖေနှင့်အတူ ဟိုယွမ်ဖေးကို တွဲကူရင်း တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ပိုင်ရှောင်ချန်းသည် နောက်ကိုတစ်ချက်ပြန်လှည့်ကြည့်ပြီး ဝမ်းနည်းစွာဖြင့်
” အစ်ကိုကြီးဖိန်း…. အစ်ကိုက တကယ့်သူတော်ကောင်းကြီးပါဗျာ…. ”
တုလင်ဖေးလည်း အလွန်စိတ်ညစ်နေသည်။ လောက်ချိန်မျိုးနွယ်စုဆီ မသွားရန် ပိုင်ရှောင်ချန်း တားတုန်းကသာ နားထောင်ခဲ့လျှင် ယခုလို ဖိန်းယန်ကို ဆုံးရုံးရမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်းက ဝမ်းနည်းပက်လက်ဖြင့် ရင်ထုမတတ် ပူဆွေးပြနေသောကြောင့် တုလင်ဖေးမှာ ပိုစိတ်မကောင်းဖြစ်နေရသည်။ ထို့နောက်သက်ပြင်းချ၍
” မောင်လေးပိုင်…. မြန်မြန်သွားကြရအောင်နော်…. လောက်ချိန်းမျိုးနွယ်စုက သစ္စာဖောက်သွားကြပြီ ၊ သူတို့က ဒီသတင်းကို ဂိုဏ်းဆီ ဘယ်နည်းနဲ့မှ အရောက်ခံမှာ မဟုတ်ဘူး… အမလည်း သတင်းပို့ဖို့ ကြိုးစားပါတယ်..ဒါပေမယ့် ဒီနယ်ပယ်တစ်ဝိုက်မှာ အနှောက်အယှက်ရှိနေတော့ သတင်းပို့ကျောက်စိမ်းပေလွှာကလည်း အလုပ်မလုပ်ဘူး ”
ဂိုဏ်းကိုသတင်းမပို့ရဘူးဟူသည့် စကားကြောင့် ရှောင်ချန်းမှာ ကြက်သီးဖြန်းဖြန်းထလာပြီး မကြောက်စဖူး ကြောက်လာခဲ့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset