ပင်မတံခါးဂိတ် ပွင့်သွားသည်။ တုလင်ဖေး၊ ဖိန်းယန် နှင့် ပိုင်ရှောင်ချန်းတို့သည် အံ့သြသွားကာ အထဲကို အားစိုက်ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းသည် အင်မတန် ကြောက်ရွံ့သွားပြီး အဆောင်လက်ဖွဲ့စာရွက်များကို တစ်ကိုယ်လုံးအနှံ့ကပ်လိုက်သည်။
သူတို့မြင်လိုက်ရသည့်မှာ လက်ထဲတွင် လက်ဆွဲမီးပုံးကို ကိုင်ထားပြီး မျက်နှာပေါ်တွင် အရိပ်ကျနေ၍ သဲသဲကွဲကွဲမမြင်ရသော လူတစ်ယောက်က သူတို့သုံးယောက်လုံးကို စူးစိုက်ကြည့်နေသည်။
“ဘာဖြစ်လို့များ ခင်ဗျားတို့သုံးယောက်က လောချိန်မျိုးနွယ်စုကို ဒီလို ညနေစောင်းကြီးမှာ ရောက်လာကြတာလဲ သိခွင့်ရှိမလား”
လက်ဆွဲမီးပုံးလေးဆီမှ ရှားရှားပါးပါး အလင်းရောင်တစ်ချက် ဖျတ်ခနဲ လက်သွားသောအခါ လူငယ်တစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူတို့ သုံးယောက်ကို တည်ငြိမ်စွာစိုက်ကြည့်နေသည်။ သူသည် ရှည်လျားသောအစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ထားကာ မျက်နှာသည် သွေးမရှိသကဲ့သို့ ဖျော့တော့နေသည်။
မီးအလင်းရောင်ကြောင့် ထိုသူကိုမြင်လိုက်ရသောအခါ ဖိန်းယန်နှင့် တုလင်ဖေးတို့သည် အနည်းငယ်စိတ်အေးသွားကြသည်။ မည်သို့ကြောင့်မှန်းမသိ ခုနက ကြက်သီးတဖြန်းဖြန်းထသော ခံစားချက်ကို ခံစားလိုက်ရသည်မှာအမှန်ပင်ဖြစ်ပြီး ယခုမှ စိတ်သက်သာရာရသွားလေသည်။
ဖိန်းယန်သည် လက်ဆွဲနှုတ်ဆက်လိုက်ပြီး
“ဟဲဲလို…တာအိုရောင်းရင်း။ ကျွန်တော်တို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဂိုဏ်းသားတွေပါ။ မေးစရာလေးနည်းနည်းလောက်ရှိလို့ ရောက်လာတာပါ”
ထိုအချိန်တွင် တုလင်ဖေးက ရှောင်ချန်းတစ်ကိုယ်လုံးတွင် အဆောင်လက်ဖွဲ့များအပြည့်ကပ်ထားသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
ပိုင်ရှောင်ချန်းသည် တုလင်ဖေး၏ အကြည့်ကို သတိမထားမိပေ။ အကြောင်းအမျိုးမျိုးကြောင့် ထိုလူရွယ်ကို မြင်လိုက်ရသောအခါ အန္တရာယ်ရှိမည်ဟု ထင်နေသည် အငွေ့အသက်မှန်သမျှလျော့ကျသွားလေတော့သည်။
“အ…စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တာအိုရောင်းရင်းတွေလား”
လူရွယ်က ပြောသည်။
“အထဲကိုကြွပါ။ အထဲမှာ ဆက်ဆွေးနွေးကြတာပေါ့”
မီးအိမ်က အရိပ်သည် လူရွယ်၏မျက်နှာပေါ်ကိုကျနေသည်ဖြစ်ရာ သူ၏ မျက်နှာကို မြင်ရရန်ခက်ခဲလှသည်။ ထို့နောက် လူရွယ်က ဦးဆောင်ကာ အထဲဝင်သွားလေသည်။
ဝန်းတံခါးသည် သူတို့သုံးယောက်ကို ကြိုဆိုသည့်အနေဖြင့် ကျယ်ပြန့်စွာပွင့်သွားသည်။
ဖိန်းယန်သည် ဝင်ဖို့ရာ ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက်တွင် အထဲသို့ လိုက်ဝင်သွားသည်။ တုလင်ဖေးက ဖိန်းယန်နောက်ကလိုက်သွားသည်။ ပိုင်ရှောင်ချန်းကမူ ပတ်ဝန်းကျင်ကို ခဏမျှလေ့လာလိုက်ပြီး အံ့ကိုကြိတ် သတိကြီးကြီးထားကာ ဝန်းတံခါးထဲသို့လိုက်ဝင်လိုက်သည်။
သူတို့နောက်က ဝန်းတံခါးကြီးပိတ်သွားသည်နှင့် မီးအိမ်များအောက်က ကျောက်ခြင်္သေ့ကြီးနှစ်ကောင်သည် ဝန်းတံခါးအတိုင်းမျက်နှာမူရာသို့ လှည့်သွားကြပြီး မျက်လုံးများကလည်း သွေးရောင်လွှမ်းသွားကြသည်။
ခြံဝန်းထဲတွင် သလင်းကျောက်စိမ်းများဖြင့်
ခင်းထားပြီး လမ်းဘေးတစ်လျှောက်တွင် အမျိုးမျိုးသော အပင်များ၊ အလှဆင်ကျောက်တုံးများနှင့်တန်ဆာဆင်ထားသည်။ လရောင်သည် မှိန်ပြပြလေးကျနေရာ အရိပ်များက မြေကြီးပေါ်နှင့် ရှောင်ချန်းတို့ပေါ်သို့ ကြိုကြိုကြားကြားကျနေသည်။ ထိုစဥ် တွေ့လိုက်ရသည်မှာ သစ်သီးများသည် ကလေးမျက်နှာလေးများအတိုင်းဖြစ်နေပြီး ပန်းချီဆွဲထားသကဲ့သို့ပင်။
“လာ…လာ…လာ…မင်္ဂလာပါ ”
သစ်သီးများထဲမှ လက်များ ခြေထောက်များထိုးထွက်လာပြီး အံ့သြနေသော ပိုင်ရှောင်ချန်းနှင့် အခြားသူများကို ဝိုင်းလာသည်။
တချိန်တည်းမှာပင် ထိုအသီးများက အင်မတန်တုန်လှုပ်နေသောအသံများနှင့် ဖင်ကုန်းအော်ငိုကြပြန်သည်။
” ဒေါ်လေးတွေ ကပြောတယ်။ ကောင်းကောင်းမွန်မွန်နေရမယ် မငိုရဘူးတဲ့။ ငါတို့အားလုံး ရယ်လို့ပဲရမယ်။ မှည့်နေတဲ့အသီးက အကောင်းဆုံး အသီးပဲဟေ့ ”
သူတို့အသံလေးများက အင်မတန်သာယာနာပျော်ဖွယ်ကောင်းသွားပြန်ကာ သူတို့က ပတ်ကနေရင်း ကလေးချော့တေးများကို ဆိုပြန်လေသည်။ သူတို့က ပိုနီးလာပြီး မွှေးကြိုင်နေသော အသီးအနံ့များပင် ရနေပေပြီ။ ထိုအနံ့များသည် ချိုအီနေသည့်အနံ့များဖြစ်သော်လည်း ရှုရှိုက်လိုက်မိသောအခါ ပိုင်ရှောင်ချန်းနှင့်အခြားလူများသည် အူအသည်းများပြောင်းပြန်လှန်လိုက်သကဲ့သို့ အန်ချင်စိတ်များပေါက်လာကြသည်။
ထိုအသီးများသည် လူရွယ်ကိုင်ထားသော မီးအိမ်နှင့် အလွန်နီးလာသည့်အပြင် သူ့အပေါ်ကို ကျော်ခွတက်စီးနေသော်လည်း ထိုသူက လျစ်လျူရှုနေသည်။ သို့သော် ထိုအသီးများသည် ခြေတခြားခေါင်းတခြားကွဲထွက်သွားပြီး သီချင်းဆိုဆဲ ကနေမြဲပင်ရှိလေသည်။
“ဒီမှာ ဘာတွေဖြစ်ပျက်နေတာလဲ” ဖိန်းယန်က မျက်လုံးများပြူးကာ အံ့အားသင့်စွာပြောသည်။ သူသည် ဝတ်ရုံကြီးကို ခါထုတ်လိုက််ရာ လေပွေတစ်ခုပေါ်လာပြီး အသီးတချို့က လွင့်ထွက်သွားသည်။ မြေပေါ်တွင် ဖျတ်ခနဲပြုတ်ကျကုန်ကြပြီး ယိုင်စောင်းကာ ဖရိုဖရဲဖြစ်ကုန်ကြသော်လည်း ခဏချင်းမှာပင် စက်ဝိုင်းပုံ ပြန်ဖြစ်သွားပြီး အော်ရယ်မြဲရယ်နေဆဲဖြစ်သည်။
ပိုင်ရှောင်ချန်း၏ တစ်ကိုယ်လုံးတွင် ကြက်သီးများနှင့်ပြည့်နှက်နေပြီး ကြောက်လွန်းသဖြင့် အဆောင်စာရွက်များကို တစ်ကိုယ်လုံးခြုံထားလေသည်။
တုလင်ဖေးမှာလည်း လက်ချင်းချိတ်ကာ သီချင်းဆိုနေသော ကလေးများကို ကြည့်နေရင်း သူ့မျက်နှာပေါ်တွင် ကြောက်လန့်နေဟန်မှာ အတိုင်းသားဖြစ်သည်။ အသည်းခိုက်အောင်ဖြစ်နေသော ကြောက်စိတ်ကို အံကြိတ်
ကြိုးစားဖျောက်ရင်း သူမ၏ ဖီးနစ်ကဲ့သို့သောမျက်လုံးလေးများသည် ဒေါသနှင့် ပြည့်နှက်သွားကာ လက်ကွက်ကို ချက်ချင်းဖော်လိုက်သည်။ ထိုသစ်သီးများသည် ကြောက်စရာမျက်နှာကြီးများအဖြစ်သို့
ချက်ချင်း ပြောင်းလဲသွားကြ
သည်။
” ဒေါ်လေးတွေ လာပြီ!!” သူတို့က ငိုယိုကာပြောကြပြန်သည်။ ဝရုန်းသုန်းကားနှင့်ပြေးလွှားကြရင်း သစ်ပင်များပေါ်သို့ ပြန်တက်သွားကာ သစ်သီးများပြန်ဖြစ်သွားကြသည်။ မကြာမီမှာပင် သူတို့၏ သီချင်းသံများ ခိုးခိုးခစ်ခစ်ရယ်သံများသည် တစတစပျောက်ကွယ်သွားပြီး သာမန်သစ်သီးထက် ဘာမှ ပိုပြီးမထူးခြားသကဲ့သို့ ဖြစ်သွားသည်။ လောချိန်မျိုးနွယ်စုမှ လူရွယ်သည် နောက်သို့လှည့်မကြည့်ဘဲ ပြောလိုက်သော်လည်း သူ၏အသံကို ကောင်းစွာကြားရသည်။
“အဲ့တာ ဝိညာဥ်သစ်သီးတွေလေ။ မျိုးနွယ်စုခေါင်းဆောင်က သူတို့ကို ကြယ်ကြွေချောက်ထဲကနေ သယ်လာခဲ့တာ။ မင်းတို့ သူတို့သီချင်းဆိုတာကို ဘယ်လိုထင်ကြလဲ။ သူတို့က သီချင်းဆိုရတာကြိုက်တယ်လေ။”
ဖိန်းယန်နှင့် တုလင်ဖေးတို့မှာ ဆိုးရွားစွာမျက်နှာပျက်သွားကြသည်။
ပိုင်ရှောင်ချန်းသည် ဟိုးအနောက်ဆုံးကနေပင် ထွက်မလာနိုင်သေးပေ။ ချက်ချင်းပင် ကြောက်စိတ်ကြောင့် ကျောချမ်းလာပြန်လေသည်။ အဘယ့်ကြောင့်ဆိုသော် နောက်ထပ်ခြေသံများကို သတိထားလိုက်မိသောကြောင့်ဖြစ်သည်။
“ရှပ်…ရှပ်…ရှပ်…”
ဘယ်နှစ်ယောက်လောက် လမ်းလျှောက်လာသလဲဟု မခန့်မှန်းနိုင်သော်လည်း ခဏကြာတော့ လမ်းပေါ်မှာ လူငါးယောက်လမ်းလျှောက်လာသည်ဟု သဲသဲကွဲကွဲဖြစ်လာသည်။
ထိုခြေသံများစတင်ဝင်ရောက်လာစဥ်က မကြားမိသည်မှာ ထူးဆန်းသောသစ်သီးများ၏ အသံပေါင်းစုံနှင့် ဆူညံပွက်လောရိုက်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုမူ အသီးများကလည်း ပေါက်ကွဲထွက်ပြီး သူ့နေရာသူပြန်သွားချေပြီ။ ထိုအခါ ထိုခြေသံများသည် သိသာထင်ရှားလာလေသည်။
ထိုခြေသံ တဖျတ်ဖျတ်သည် ပိုင်ရှောင်ချန်းကို ကြောက်ဒူးတုန်စေသည်။ အဘယ့်ကြောင့်ဆိုသော် ခြေသံများသည် သူ့နောက်ဘက်ဆီသို့ ဦးတည်လာနေသောကြောင့် ဖြစ်သည်။ ရုတ်တရတ် သူ့နောက်ကျောဘက်တွင် အေးစက်စက်လေများ၏ အထိအတွေ့ကိုခံစားလိုက်ရသည်။ တိတိကျကျပြောရလျှင် သူ့နောက်တွင် တစ်စုံတစ်ယောက်ကရပ်နေလျက် အသက်ရှုထုတ်သည့်လေများက သူ့ကျောပေါ်သို့ ကျနေတာမျိုးဖြစ်သည်။
“ဟေး ခင်ဗျားတို့..” သူကပြောသည်။ ”နောက်ထပ်တစ်ဖွဲ့ရဲ့ ခြေသံတွေကြားရပြန်ပြီ သတိထားမိလား”
ပိုင်ရှောင်ချန်းသည် ကြက်သီးမွှေးညင်းများ တဖြန်းဖြန်းထသွားသည်။ ဖိန်းယန်မှာလည်း ခြေသံများကိုသတိပြုမိသွားကြောင်းကို ပြောင်းလဲသွားသည့် မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရင်းသိနိုင်သည်။
တုလင်ဖေး၏ မျက်လုံးလေးမှာ ကလယ်ကလယ်ဖြစ်သွားပြီး ကြောက်စိတ်ကြောင့် မောပန်းလာသည်။
သူတို့သုံးယောက်သည် ရုတ်တရက် သွားနေသည်ကို ရပ်လိုက်ရာ သူတို့ရပ်လိုက်သည်နှင့် တပြိုင်နက် ခြေသံများအားလုံးက တိခနဲ တိတ်သွားသည်။
ပိုင်ရှောင်ချန်းကလည်း ရင်တဒိန်းဒိန်းခုန်နေသည်။
အံကိုကြိတ်ကာ ခေါင်းကိုဖြည်းဖြည်းလေး မကြည့်ရဲ ကြည့်ရဲ လှည့်ကြည့်လိုက်စဥ်မှာတော့ အနီရောင်ဝတ်ရုံကို ခြုံထားသည့် အမျိုးသမီးတစ်ဦးကိုတွေ့ရလေသည်။
သူမ၏ဝတ်ရုံသည် ညင်သာစွာ တလွင့်လွင့်လူးနေသည်။ မျက်နှာမှာ လူသေတစ်ယောက်ကဲ့သို့ ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။ သူမသည် မျက်နှာကို မမဲ့လိုက်ခင်တွင် ပိုင်ရှောင်ချန်းကို ခဏမျှ ထူးထူးဆန်းဆန်း ပြုံးပြလိုက်သည်။
“ပြဿနာကို မီးမမွှေးပါနဲ့။ ငါ့ကို ကူညီပါ”
ထိုအဖြစ်အပျက်သည် ရုတ်ချည်းဖြစ်ပျက်သွားပြီး ပိုင်ရှောင်ချန်းက လေထဲသို့ထခုန်ကာ အာခေါင်ခြစ်အော်လိုက်သည်။ ထိုစဥ် အနီရောင်ဝတ်ရုံနှင့်အမျိုးသမီးကြီးသည် အလင်းတန်းအဖြစ်သို့ မျက်တောင်တခတ်အချိန်အတွင်း
လျင်မြန်စွာပျောက်ကွယ်သွားသည်။
တုလင်ဖေးနှင့် ဖိန်းယန်သည် ထိတ်လန့်စွာ လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူတို့သည် ပိုင်ရှောင်ချန်းကြုံလိုက်ရသကဲ့သို့ ခြောက်ခြောက်ခြားခြားမြင်ကွင်းများကို မမြင်လိုက်ရသော်လည်း ရင်တဒိန်းဒိန်းခုန်နေဆဲပင်ဖြစ်သည်။
ထို့နောက် အမျိုးသမီးကြီးတစ်ယောက်၏ သီချင်းညည်းနေသံ ထွက်ပေါ်လာသည်။ တေးသံသည် ခြံဝန်းတစ်ခုလုံးတွင် ပျံ့လွင့်နေပြီး ထူးဆန်း၍ ပဟေဠိဆန်လှသည်။ ထိုအသံသည် ကလေးငယ်တစ်ဦးကို ချော့သိပ်နေသကဲ့သို့ဖြစ်သည်။ အမှောင်ထဲတွင် ထိုညည်းသံကိုကြားနေရသောကြောင့် ကျောရိုးထဲကပင် စိမ့်တက်လာလေသည်။
“လိမ္မာတဲ့ ကလေးလေးရေ…အိပ်ချိန်တန်ပြီနော်။ လေတွေလည်းထန်လာပြီ။ မီးတောက်တွေလည်း တလိပ်လိပ်တက်လာပြီ။ မငိုနဲ့တော့။ ချောင်းလည်းမကြည့်နဲ့။”
“လှည့်စားနေတာတွေရပ်လိုက်တော့” ဖိန်းယန်သည် ဘာကိုမှ မစဥ်းစားတော့ဘဲ အော်ပစ်လိုက်သည်။ ထိတ်လန့်နေသည်မှာလည်း သိသာလှသည်။ သူသည် လက်ကွက်ပုံဖော်ကာ ဓားကိုပင်ဆင့်ခေါ်ပြီးဖြစ်ပြီး ဓားက သူ့ပတ်လည်တွင် လှည့်ပတ်နေသည်။
တစ်ဆက်တည်းမှာပင် လူရွယ်က မီးပုံးကို သူတို့ဘက်လှည့်လိုက်ပြီး မီးရောင်လက်သွားစဥ်မြင်လိုက်ရသော လူရွယ်သည် ခါတိုင်းထက်ပို၍ ထူးခြားနေသည်။
“ဘာလို့ရပ်နေတာလဲ။ လာကြလေ။ ဆက်သွားရအောင်” သူက ပြုံးလိုက်သည်။ ထိုအပြုံးသည်သာမန်မဟုတ်ဘဲ မူမမှန်သောအပြုံးမျိုးဖြစ်သည်။
ဖိန်းယန်သည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ မျက်လုံးတွင်လည်း ကြမ်းကြုတ်ရက်စက်မှုအရိပ်အယောင်များက လက်လက်ထနေသည်။
“မသွားနိုင်ဘူး။ ဘယ်ကိုမှဆက်မသွားနိုင်ဘူး။ ဒီမှာ ကျုပ်တို့က ဂိုဏ်းသားတစ်ယောက်ပျောက်သွားလို့ စစ်ဆေးဖို့ရောက်လာတာ။ တာအိုရောင်းရင်း…ဒီကို ကျုပ်တို့လို ဂိုဏ်းသားတစ်ယောက် လွန်ခဲ့တဲ့ ငါးလလောက်က လာခဲ့သေးလား။ အဲ့တာပဲပြောပါ။”
တုလင်ဖေးသည် မှော်ပစ္စည်းတစ်ခုကိုပင်ဆွဲထုတ်ကာ အသင့်ပြင်ထားပြီးဖြစ်ပြီး မျက်ဝန်းများကလည်း အာရုံစူးစိုက်မှုကြောင့် တဖိတ်ဖိတ်တောက်နေသည်။
“ဟင့်အင်း။ ကျွန်တော်ကတော့ အဲ့လိုမထင်ဘူး”
လူရွယ်ကပြန်ပြောသည်။ သူ၏
ညင်သာသော စကားလုံးများက လေထဲတွင်ပျံ့လွင့်လာပြီး သီချင်းညည်းသံကို ဟာမိုနီလိုက်ပေးနေသလားဟုပင် ထင်ရသည်။
“တာအိုရောင်းရင်း” တုလင်ဖေးက ရုတ်တရက်ဝင်ပြောသည်။
“ဘာလို့ ခင်ဗျားရဲ့မျိုးနွယ်စုဝင်တွေက တစ်ယောက်မှ မလာကြတာလဲ”
လူရွယ်က အားရပါးရ ပြုံးလိုက်ပြီး အကြည့်များက ထူးဆန်းနေသည်။
“အိုး သူတို့က အပြင်မှာ အလုပ်ရှုပ်နေကြတာလေ။ မင်းရဲ့မေးခွန်းတွေ ကုန်ပြီလား”
“ဟုတ်တယ်။ ကျုပ်တို့အလုပ်ပြီးပြီ။ ခုချက်ချင်းပဲ ကျုပ်တို့ပြန်တော့မယ်။” ဖိန်းယန်ကပြောလိုက်သည်။ ပြောပြောဆိုဆိုနှင့် လာရာလမ်းအတိုင်းကို မျက်နှာမူကာ ပြန်သွားလေသည်။ တုလင်ဖေးကလည်းနောက်က လိုက်သွားပြီး ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူစွာပင် ဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ ပျံသန်းသွားသည်ဖြစ်၍ သူတို့နှစ်ယောက်လုံးကိုကျော်တက်ပြီး ရှေ့ဆုံးသို့ပင်ရောက်သွားလေသည်။
ထိုလူရွယ်သည် စောစောကထက်ပင် ပိုပြုံးနေပြီး နှုတ်ခမ်းများက နားရွက်သို့တက်ချိတ်လုနီးပါးပင်ဖြစ်နေ၍ မျက်နှာကြီးမှာ ထက်ဝက်စုတ်ပြဲသွားမှာပင်စိုးနေရသည်။
“ဒါနဲ့ ခရီးတွေထပ်မသွားချင်ဘူးဆိုရင် အနည်းဆုံးတော့ ဒီမှာနေခဲ့လို့ရတယ်နော်။ ဒီမှာပဲ တသက်လုံးနေခဲ့လိုက်ပါလား။”
မီးပုံးအရောင်သည် အစိမ်းရောင်သို့ ပြောင်းသွားပြီး ခြံဝန်းတစ်ခုလုံးသည် ခုနထက်ပင်ပိုမှောင်သွားသကဲ့သို့ ထင်ရသည်။ လူရွယ်သည် စကားပြောလို့ဆုံးသည်နှင့် ဖိန်းယန်ဆီသို့ဦးတည်ပျံသွားလေသည်။
ဖိန်းယန်ကမျက်နှာကိုအောက်သို့ ငုံ့လိုက်ပြီး လက်ကွက်ပုံဖော်လိုက်ကာ ဓားပျံကို လူရွယ်ဆီသို့ပစ်လွှတ်လိုက်သည်။ ဝုန်းခနဲပေါက်ကွဲသံမြည်ဟည်းကာ ထိုလူရွယ်က ဖိန်းယန်ဆီသို့ ဓားနှင့်ထိုးရန် တန်းတန်းမတ်မတ် ဝင်လာလေသည်။ တိုက်ခိုက်နေစဥ်တွင်မှာပင် ထိုလူရွယ်၏ မျက်နှာသည် အရင်ကလိုပြုံးမြဲဆက်ပြုံးနေလေသည်။
ဖိန်းယန်သည် နောက်သို့လဲကျသွားပြီး တဆက်တည်းမှာပင် အနက်ရောင်ဆေးလုံးကိုထုတ်လိုက်ပြီး မြေပေါ်သို့ပစ်ပေါက်လိုက်သည်။ ဗုံးပေါက်သကဲ့သို့ ဝုန်းကနဲပေါက်ကွဲထွက်သွားသည်။
ရလဒ်အနေနှင့် လူရွယ်သည် နောက်သို့ ကျွမ်းထိုးမှောက်ခုံပစ်လဲကျသွားသည်။ ထိခိုက်ဒဏ်ရာများနှင့် တကိုယ်လုံးပြည့်နှက်သွားသော်လည်း ထိုလူရွယ်သည် မည်သို့မျှပင်မခံစားရသကဲ့သို့ ပုံမှန်အတိုင်း ပြုံးမြဲဆက်ပြုံးနေသည်။ သူသည်လေထန်သောနေ့တွင်လွှတ်တင်ထားသော စွန်ကဲ့သို့ မျက်စိတစ်မှိတ်အတွင်းတွင် ဖိန်းယန်ဆီသို့ပြန်ရောက်လာပြန်လေသည်။
စောစောက ဆေးလုံးပေါက်ကွဲထားသောနေရာတွင် မီးခိုးများအလုံးအရင်းလိုက်ရှိနေရာ ယခုချိန်တွင်တော့ ပြန်မြင်ရစပြုလာပေပြီ။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်ယောက်သေမှ ပွဲပြီးတော့မည့် ပြင်းထန်သောတိုက်ပွဲအတွက် အသင့်ပြင်ဆင်ထားကြသည်။
မြေကြီးပေါ်တွင် ဒီဇိုင်းတစ်ခုကိုတွေ့လိုက်ရ၍ ဖိန်းယန်သည် ကုန်းအော်ကာ အသိပေးလိုက်သည်။
“ဒီမှာ မန္တန်ဝင်္ကပါ ဖြစ်နေတယ်ကွ။ ဒါက အရိပ်ငရဲဝင်္ကပါ ပဲ”
တချိန်တည်းမှာပင် တုလင်ဖေးနင်းထားသော အစိမ်းရောင် သလင်းတုံးမှာ စတင်တုန်ခါလာသည်။ ကြည့်လိုက်သောအခါ သစ်ကိုင်းခြောက်ကဲ့သို့ ပိန်လှီလှသော အလောင်းကောင်လက်များက ဆန့်ထွက်လာပြီး တုလင်ဖေး၏ညာဘက်ခြေထောက်ကို ဝိုင်းဆွဲထားကြသည်။ ၎င်းတို့သည် တတွန့်တွန့်တလိမ်လိမ်နှင့် တီကောင်တွေကဲ့သို့ ဖြတ်ဖြတ်လူးနေကြသည်။
သလင်းကျောက်များမှ ကြောက်လန့်စရာကောင်းသော အသံများထွက်ပေါ်လာသည်။
“နင်ငါတို့ကိုနင်းထားလို့ နာလိုက်တာ”
“လာခဲ့…လာခဲ့…ငါတို့ဆီကိုလာခဲ့…”
တုလင်ဖေးမျက်နှာတွင် သွေးမရှိတော့ပေ။ သူသည် လက်ကွက်ပုံဖော်ကာလှမ်းပစ်လိုက်တော့ အိတ်ထဲက အလံတစ်လက်ထွက်လာသည်။ ထိုအရာသည် ချက်ချင်းပင် နှင်းလူဝံကြီးနှစ်ကောင်အဖြစ်သို့ပြောင်းသွားပြီး တုလင်ဖေးကို ကာကွယ်ပေးထားလေသည်။ တဆက်တည်းမှာပင် ဓားပြားတစ်ခုပေါ်လာပြီး တုလင်ဖေးခြေထောက်နှင့် ခြေထောက်ကိုဆွဲထားသောလက်များအကြား အကာအကွယ်တစ်ခုလို ကာပေးလိုက်ရာ တုလင်ဖေးက အားနှင့်ရုန်းလိုက်သဖြင့် ပစ်လဲကျသွားလေသည်။
ပိုင်ရှောင်ချန်းကမူ သူ့နားထဲတွင် အမျိုးသမီးကြီး၏ သီချင်းသံက နားကွဲလုမတက်ကျယ်လောင်လာသည်။
“မငိုပါနဲ့ကလေးရယ်။ ပြီးတော့လုံးဝချောင်းမကြည့်ရဘူးနော် ”