Switch Mode

အခန်း (၃၅၈)

အဟန့်အတား

တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့် မှတ်တမ်းများထဲမှတစ်ဆင့် မြင်နေရသည့် အရာအားလုံးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။ ဝိညာဉ်ဖန်သားပြင်ကြီးပေါ်တွင် ဝမ်ပေါင်လဲ့မှာ သားရဲစီးကြောင်းကြီး၏ ရှေ့တွင် တစ်ယောက်တည်း ရပ်နေ၏။ သူသည် တစ်ချက်မျှသာ အော်လိုက်ပါသော်လည်း ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးအားလုံးမှာ ထိတ်လန့်ကြောက်ရွံ့သွားကြပြီး သခင်စကား နားထောင်သည့် ခွေးပေါက်လေးများကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည် မဟုတ်ပါလော။

ထိုမြင်ကွင်းကြောင့် ဝိညာဉ်ဖန်သားပြင်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုနေကြသော ပရိသတ်အားလုံးမှာ ချက်ချင်းပင် အံအားသင့်သွားရတော့သည်။ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲရှိ အခြားဆန်ခါတင်များနှင့် သူတို့၏ အစေခံများမှာဆိုလျှင် ပွဲကြည့်ပရိသတ်များထက်ပင် ထိုအခြင်းအရာအားလုံးကို ပို၍ သိသာထင်ရှားစွာ မြင်လိုက်ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်ကြ၏။ ထိုအငွေ့အသက်ကြီးမှာ အကွာအဝေးအနည်းငယ်အထိသာ ပျံ့နှံ့သွားပါသော်လည်း လူတိုင်းမှာ ကယောင်ချောက်ချား ဖြစ်သွားကြပြီး သူတို့၏ နှလုံးသားများထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်သွားကြတော့သည်။

” ဘာတွေ ဖြစ်နေတာလဲဟ ”

” ဝမ်ပေါင်လဲ့…. သူ…. သူ ဘာလုပ်လိုက်တာလဲ ”

” ဘယ်လိုလုပ်ပြီးဖြစ်နိုင်ရတာလဲ။ အဲဒီ ဖက်တီးစုတ်လေးက နောက်ဆုတ်ဖို့ အမိန့်ပေးရုံလေး ပေးလိုက်တာကို သားရဲကြီး‌တွေ အကုန်လုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်သွားကြတာပါလား ” ဆန်ခါတင်အားလုံးနှင့် သူတို့၏ အစေခံများမှာ အံ့အားသင့်နေကြပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ကြောက်ရွံ့နေသည့် အကြည့်များဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။ အထူးသဖြင့် ခုန်းတောက်နှင့် လီယီတို့မှာဆိုလျှင် ပို၍ပင်ဆိုးနေ၏။

” ဝမ်ပေါင်လဲ့ ဘာ အကွက်တွေ ထုတ်သုံးနေပြန်ပြီလဲ ” လီယီမှာ သံသယမကင်း ဖြစ်နေစဉ် ခုန်း‌တောက်မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲပင်လယ်ကြီးထဲတွင် မွေးဖွားလာခဲ့သည်ဖြစ်ပြီး သူ၏ ဘဝနိဒါန်းမှာ လျှို့ဝှက်ဆန်းကြယ်၏။ ထို့ကြောင့် သူ၏ အာရုံခံနိုင်စွမ်းများမှာ အခြားလူများထက်ပို၍ စူးရှနေသောကြောင့် သူသည် ပို၍ပင် စိတ်နှလုံးလှုပ်ရှားသွားရ၏။

” ဒီ ကြောက်စရာ စွမ်းအားကြီးက အာကာသထဲကနေ ရောက်လာတာပဲ ” ခုန်းတောက်မှာ အသက်ပြင်းပြင်းရှူမိလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ထပ်မံဖုံးလွှမ်းနေသကဲ့သို့ ဖြစ်သွားတော့သည်။

ထို့အပြင် အခြားနယ်မြေများထဲ၌ ရှိနေသော သားရဲကြီးများမှာလည်း ထိုကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးကို အာရုံခံမိလိုက်၏။ ထို့ကြောင့် ယခုတွင် ၎င်းတို့မှာလည်း ကြောက်လန့်တကြားဖြင့် အလျင်အမြန် ပြေးလွှားကာ ဝမ်ပေါင်လဲ့၏ အဝေးသို့ သွားနိုင်ရန် အစွမ်းကုန်ကြိုးစားနေကြတော့သည်။

ထိုအဖြစ်အပျက်များကြောင့် စစ်မြေပြင်ကြီးမှာ ယောက်ယက်ခတ်သွားရပြီး တချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ စွမ်းပကားမှာလည်း ပို၍ပင် သိသာထင်ရှားလာတော့သည်။

ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့် ရှိနေပြီး ထိုအဖြစ်ပျက်အားလုံးမှာ သူ့အတွက် ရိုးရှင်းလွန်းနေသည့် ပုံစံဖြင့် လေတစ်ချက် မှုတ်ထုတ်လိုက်၏။ ယခုတွင် သူသည် အရပ်မျက်နှာအနှံ့သို့ ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းနှင့် ခေါင်းမော့လာပြီး တည်ငြိမ်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် မိုးကောင်းကင်ကြီးအား မော့ကြည့်နေ၏။ သူ၏ပုံစံမှာ ပြိုင်ဘက်ကင်းသော ကျွမ်းကျင်ပညာရှင်တစ်ယောက်နှင့် တူနေ၏။

သူသည် အနည်းငယ်ခန့် ဝနေပါသော်လည်း သူ၏ရုပ်ရည်မှာ မဆိုးရွားပေ။ သူသည် လူများကို ခြောက်လှန့်ရာ၌ မည်သူကမှ သူ၏ လှည့်ကွက်များအား မရိပ်မိနိုင်အောင် လိမ်လည်လှည့်ဖျားနိုင်စွမ်းရှိသည်။

သို့သော် အမှန်တွင်မူ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အင်မတန်မှ ကျေနပ်အားရနေ၏။ သူသည် အခြားရွေးချယ်စရာမရှိတော့သောကြောင့် သူ၏စိတ်ထဲ၌ တာအိုဂါထာတော်အား အသံတိတ် ရွတ်ဖတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကြောက်မက်ဖွယ် အငွေ့အသက်ကြီး ပေါ်ပေါက်လာမှုကြောင့် ထွက်ပေါ်လာသော သံသယများကို ကြောက်ရွံ့နေခြင်းမရှိပေ။ သူ ဤပြိုင်ပွဲကြီးထဲသို့ ရောက်မလာခင် လိုအပ်သည်များကို ပြင်ဆင်နေခဲ့သည့် အချိန်တုန်းကပင်လျှင် ယခုကဲ့သို့ ဖြစ်လာမည်ကို ကြိုတင်မှန်းဆထားပြီးသားဖြစ်သည်။ သူသည် အားနည်းချက်နှင့် အားသာချက်များအား ချင့်ချိန်တွေးတော တွက်ချက်ခဲ့ပြီးနောက် နောက်ဆုံးတွင် အခြားရွေးချယ်စရာမရှိတော့ပါက စိတ်ဓာတ်ပြတ်သားနေရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့၏။

သူ၏ နှလုံးသားထဲတွင် ဂုဏ်သိက္ခာများရှိနေသေးသည် ဖြစ်သည်။ လူအနည်းငယ်မျှသာ သိသော အရာတစ်ခုအား လျှို့ဝှက်ချက်တစ်ခုဖြစ် သတ်မှတ်နိုင်ပေသည်ဟု အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ရေးသားဖော်ပြထားသည် မဟုတ်ပါလော။ ယခုတွင် သူသည် အမှောင်ထုထဲတွင် ရှိနေသကဲ့သို့ ဖြစ်နေ၏။ ထိုအမှောင်ထုကြီးထဲရှိ လျှို့ဝှက်ချက်အား ရှာဖွေတွေ့ရှိသွားသူများမှာ ချက်ချင်းပင် လောဘတက်ကာ ၎င်းအား လုယူရန် ကြိုးပမ်းနေကြမည်သာဖြစ်သည်။

သို့သော် အကယ်၍ လူတိုင်းမှာ ထိုကိစ္စအား သိသွားမည်ဆိုပါက ၎င်းမှာ လျှို့ဝှက်ချက်တစ်ခုအနေနှင့် ဆက်ရှိနေတော့မည်မဟုတ်ဘဲ နေရောင်အောက်တွင် ရပ်နေသည့်လူများကဲ့သို့ အထင်အရှား ပေါ်လာမည်သာဖြစ်သည်။ ထိုလောဘစိတ်များကြောင့် လူများမှာ တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးပမ်းနေကြမည်လည်းဖြစ်သည်။ ထိုသို ဖြစ်နေမှသာ သူ့အတွက် ဘေးအကင်းဆုံး ဖြစ်နိုင်မည်မဟုတ်ပါလော။

သို့သော် လောဘတက်နေသည့် လူအားလုံး တစ်ဖွဲ့တည်း ပေါင်းစည်းသွားကြမည်ဆိုလျှင် ထိုကဲ့သို့ဖြစ်နေမည် မဟုတ်တော့ပေ … သို့ရာ၌ ယခုတွင်မူ အင်္ဂါဂြိုဟ်နယ်မြေအသစ်အား ပြည်ထောင်စုကြီးတစ်ခုလုံးမှာ တိုက်ရိုက်ထုတ်လွှင့်မှုများမှတစ်ဆင့် ကြည့်ရှုနေကြသည်ဖြစ်ရာ လောဘတက်နေကြသူများမှာ သဘောတူညီချက်တစ်ခုရယူ၍ ပူးပေါင်းရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် ပြည်ထောင်စုကြီး၏ စည်းမျဉ်းစည်းကမ်းများ အသက်ဝင်နေသရွေ့၊ အရာအားလုံး ရုန်းရင်းဆန်ခတ် ဖြစ်မနေသရွေ့ အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင် ရေးသားထားသည့် လျှို့ဝှက်ချက်များနှင့် ပတ်သတ်သော ယူဆချက်များမှာ မှန်ကန်နေမည်သာဖြစ်သည်။

ရှေးဦးဝိညာဉ်ခေတ်မှာ မကြာသေးမီကမှ စတင်ခဲ့သည်ဖြစ်ရာ မည်သူကမှ သူ့တို့ဆီတွင် လျှို့ဝှက်ချက်များနှင့် တမူထူးခြားသော အခွင့်အရေးများအား လုံးဝမရှိပေဟု ငြင်းဆန်‌နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ ထိုကဲ့သို့သော တမူထူးခြားသည့် အခွင့်အရေးများ ရှိမနေပါက လူအချို့ အမြုတေအဆင့်သို့ တက်လှမ်းသွားကြသည့် အချိန်တွင် အဘယ့်ကြောင့် လူအချို့မှာ အာနာပါနအဆင့် ကျင့်ကြံသူများအနေနှင့်သာ ကျန်ရစ်ခဲ့ကြပါသနည်း။

ထိုးအခြင်းအရာအားလုံးမှာ မိမိ၏ အစွမ်းပေါ်တွင်သာမက ကံကြမ္မာပေါ်တွင်လည်း မူတည်နေခြင်း ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ပြည်ထောင်စုကြီးထဲရှိ တိုက်ရိုက်ထုတ်ထဲမှုများကို ကြည့်ရှုနေကြသည့် လူများထဲမှ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံ အပါအဝင် ပြည်ထောင်စုကြီးထဲမှ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များ အားလုံးမှာ မျက်လုံးများ မှေးသွားကြ၏။ သူတို့၏ အသိစိတ်များထဲ၌ အတွေးမျိုးစုံဖြင့် ယောက်ယက်ခတ်နေသည့်အချိန်တွင် ဧရာမသစ်ပင်ကြီးမှာမူ ရုတ်တရက်ဆိုသလို သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်၏။ အခြားသူများမှာ မည်သည့်အခြင်းအရာများ ဖြစ်ပျက်နေမှန်း ဝေခွဲ၍မရနိုင်လောက်အောင် ဖြစ်နေပါသော်လည်း သူသည် ကူးလောင်ချိုင့်ဝှမ်းထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုကို ပြန်၍အမှတ်ရသွားသောကြောင့် အံကြိတ်မိလိုက်၏။ ဝမ်ပေါင်လဲ့မှာ ထပ်၍ ဟန်‌ဆောင်နေခြင်းဖြစ်ကြောင်း သူက ရိပ်မိသွားသောကြောင့် သူ၏ မျက်ဝန်းများမှာ အရောင်လက်သွား၏။ သူသည် ဤအဖြစ်အပျက်အား အခွင့်ကောင်းယူကာ ထိုအကြောင်းကို ထုတ်ပြော၍ ဝမ်ပေါင်လဲ့အား လူမုန်းများသွားအောင် ချောက်တွန်းရန် ကြံရွယ်လိုက်၏။

သို့သော် သူ ပါးစပ်ဟရန် ပြင်လိုက်စဉ်မှာပင် အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားရပြီး သေသေချာချာ ပြန်စဉ်းစားလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့မှာ ဉာဏ်နီဉာဏ်နက်များကြောင့် သိရှိထားသောကြောင့် စိတ်ထဲတွင်သာ ကျိတ်၍ ကျိန်ဆဲလိုက်ပြီး မည်သည့်စကားမှဆက်မပြောရန် ဆုံးဖြတ်လိုက်တော့သည်။

ဧရာမသစ်ပင်ကြီး တစ်ယောက်တည်းသာလျှင် ထိုအတွေးများကို သိရှိထားသည်ဖြစ်သည်။ အခြားသူများမှာ သူ တွေးတောနေသည့်အရာများကို လုံးဝမသိနိုင်ပေ။ သို့သော် ယခုတွင်မူ ပြည်ထောင်စုကြီးထဲမှ အရေးကြီးပုဂ္ဂိုလ် မြောက်မြားစွာမှာ ဝိညာဉ်ဖန်သားပြင်ပေါ်မှ ဝမ်ပေါင်လဲ့အား အထူးတဆန်းနှင့် ကြည့်နေမိကြတော့သည်။ ဝမ်ပေါင်လဲ့မှာ တမူထူးခြားသော လျှို့ဝှက်ချက်တစ်ခုခုအား ဖုံးကွယ်ထားခြင်း ဖြစ်ရပေမည်ဟု သူတို့အားလုံးက ကောက်ချက်ချလိုက်ကြသည်။

သူတို့ထဲတွင် လူအချို့မှာ ထိုလျှို့ဝှက်ချက်အကြောင်းကို ဖော်ထုတ်ရန် တွေးမိလိုက်ကြ၏။ သို့သော် ခဏအကြာတွင် သူတို့မှာ တွေဝေတုံ့ဆိုင်းသွားရသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် အစွမ်းထွက်လာနေပြီဖြစ်ပြီး အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်သာ ဖြစ်သွားမည်ဆိုပါက ပဏာမအဆင့်လေးအရာရှိတစ်ယောက် ဖြစ်သွားတော့မည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုအချိန်တွင် သူသည် ပြည်ထောင်စုကြီး၏ အဆင့်မြင့်အရာရှိတစ်ယောက် ဖြစ်နေမည်ဖြစ်သည်။ ထို့အပြင် သူ ထိန်းချုပ်ရမည့် နယ်မြေမှာ အချက်အချာကျသော နယ်မြေတစ်ခု ဖြစ်လာမည်ဖြစ်ရာ သူပိုင်ဆိုင်ထားမည့် လုပ်ပိုင်ခွင့်အာဏာများမှာ ပဏာမအဆင့်သုံးအရာရှိများ၏ လုပ်ပိုင်ခွင့်အာဏာများနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူနေမည် မဟုတ်ပါလော။

အကယ်၍ ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့ဝောာ်ဝန် ဖြစ်မလာလျှင်တောင် သူသည် သူ၏ လျှို့ဝှက်ချက်အား ယခုလို လူအများ၏ရှေ့တွင် ထုတ်ပြခဲ့သည်ဖြစ်ရာ ၎င်း၏အကြောင်းကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားနေသည့်လူများမှာ တွေဝေတုံ့ဆိုင်းသွားကြမည်သာ ဖြစ်သည်။

ယခုကဲ့သို့ အဆင့်မြင့်သော ရာထူများကို ပိုင်ဆိုင်ထားကြသည့် လူတိုင်းမှာ ငတုံးငအများ မဟုတ်ကြပေ။ သူတို့မှာ စစချင်းတွင် အဓိပ္ပါယ်မရှိသော အတွေးများ တွေးမိသွားသည့်တိုင်အောင် ချက်ချင်းပင် သတိပြန်ကပ်လာ၏။

အမှန်တွင် လျှို့ဝှက်ချက်တစ်ခုအား မိမိကိုယ်တိုင် ကြိုးစား၍ ရှာဖွေတွေ့ရှိခြင်းနှင့် ထိုလျှို့ဝှက်ချက်အား လူအများ၏ရှေ့၌ ထုတ်ပြလိုက်ခြင်းမှာ လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်သည်။ လူတိုင်းမှာ ထိုလျှို့ဝှက်ချက်အား ပိုင်ဆိုင်ချင်နေကြမည်ဖြစ်ရာ သူတို့အတွက် အချင်းချင်း ပူးပေါင်းနိုင်ရန်မှာ ခက်ခဲသွားပြီဖြစ်သည်။ သူတို့၏ ကြားတွင် သဘောတူညီချက်တစ်ခု ချမှတ်ထားပြီး လူတစ်ယောက်ယောက်အား လှုပ်ရှားခွင့်ပေးထားလျှင်တောင် ထိုကိစ္စကြီးအကြောင်းကို ထုတ်ပြောကြမည်မဟုတ်ပေ။ ထိုသို့သာမဟုတ်ဘဲ ပြည်ထောင်စုကြီးထဲမှ လူများသာ ထိုအကြောင်းကို သိသွားမည်ဆိုရင် ဖျောက်ဖျက်၍မရသော အမှတ်အသားကြီးတစ်ခု ထင်ကျန်နေတော့မည်သာဖြစ်သည်။

ထို့ကြောင့် ၎င်းမှာ ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး ရည်မှန်းချက်ကြီးမားသည့် ပုဂ္ဂိုလ်များ ဝင်ရောက်မပတ်သက်သင့်သော ကိစ္စကြီးတစ်ခု ဖြစ်သွားပြီဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့၏နောက်တွင် ကျောထောက်နောက်ခံအချို့ ရှိနေသေးသည်မဟုတ်ပါလော…. ထို့ကြောင့် အကယ်၍ သူသည် အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်လာမည်ဆိုလျှင် စွန့်စားရန် ကြံရွယ်နေကြသည့် သူများမှာ လက်လျှော့လိုက်ရမည်သာဖြစ်သည်။

အမှန်တွင် ဝမ်ပေါင်လဲ့မှာလည်း သူသည် စွန့်စားနေခြင်းဖြစ်ကြောင်း နားလည်ထား၏။ သို့သော် သူသည် ဘဝကြီးတွင် မည်သည့်အရာကိုမှ ပုံသေတွက်၍မရကြောင်း သူက သုံးသပ်ခဲ့၏။ ထို့ကြောင့်လည်း ယခုလို အလွန်အင်မတန်မှ အရေးပါသည့် အချိန်မျိုးတွင် ထိုကဲ့သို့ စွန့်စားလိုက်လျှင်တောင် သူ့အတွက် မနစ်နာနိုင်ပေ။

” ငါသာ အနိုင်ရသွားမယ်ဆိုရင် အင်္ဂါဂြိုဟ်နယ်မြေအသစ်ရဲ့ မြို့တော်ဝန်ဖြစ်လာဖို့ အလားအလာ အများကြီးရှိသွားမှာ။ ငါ ရှုံးသွားရင်လည်း တာအိုကျောင်းကိုပြန်ပြီးတော့ မဟာထိပ်သီး အကြီးအကဲကြီးဆီမှာ ဖားယားပြီး နေလိုက်ရုံပဲ ” စစ်မြေပြင်ပေါ်ရှိ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးတောကာ ခေါင်းမော့လာပြီး အရပ်မျက်နှာအနှံ့ ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူ၏ သိုလှောင်အိတ်အား လက်ဖြင့် စမ်းကြည့်လိုက်သည်။ ထိုအိတ်ထဲတွင် သူဖန်တီးထားသည့် ရုပ်ထုကြီးသုံးခု ရှိနေ၏။

တစ်ခုမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၏ရုပ်ထု၊ နောက်ထပ်တစ်ခုမှာ မဟာထိပ်သီး အကြီးအကဲကြီး၏ ရုပ်ထုနှင့် နောက်ဆုံးတစ်ခုမှာ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံ၏ ရုပ်ထုကြီးတို့ ဖြစ်ကြသည်။ ၎င်းမှာ သူ ပြင်ဆင်ထားခဲ့သည့် အရန်အစီအစဉ်များပင် ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ယနေ့အဖြစ်အပျက်များအကြောင်းကို မေးလာမည်ဆိုပါက သူသည် ထိုရုပ်ထုသုံးခုကို ထုတ်ပြကာ မည်သူမှ မငြင်းနိုင်လောက်အောင် ပြောင်ပြောင်တင်းတင်း လိမ်ပြောလိုက်မည်သာ ဖြစ်သည်။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဘာလုပ်လုပ် အမှားအယွင်း မရှိအောင် လုပ်တတ်တဲ့ကောင်ကွ ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်နေရင်း သူ ဆင့်ခေါ်ထားခဲ့သည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီး တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်၏။ သူသည် ထိုခံစားချက်ကြီးအား ကျင့်သားရနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တစ်ခွန်းသာ အော်လိုက်ပါသော်လည်း ယခုကဲ့သို့ အံ့ဩတုန်လှုပ်ဖွယ်ရာ အင်အားကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့် သူ၏ လက်ဖျောက်တစ်ချက်မှာ ကြောက်မက်ဖွယ်ရာ အစွမ်းများကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မှတ်ယူလိုက်တော့သည်။ သူသည် စကြဝဠာကြီးထဲရှိ နက်ရှိုင်းသောတစ်နေရာမှ တစ်စုံတစ်ယောက်အား သွား၍ လုပ်နှိုးနေသကဲ့သို့ ဖြစ်နေသည့်ခံစားချက်ကြီးကိုမူ လျစ်လျူရှူထားလိုက်သည်။

” ဒါပေမဲ့ ငါ ဒီလှည့်ကွက်ကြီးကို ခဏခဏ အသုံးပြုနေမယ်ဆိုရင် သူက တကယ်ပဲ နိုးထလာမှာလား ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်အားရနေရင်း ရုတ်တရက်ဆိုသလို ထိုကဲ့သို့တွေးမိလိုက်၏။ ထိုအခါ သူသည် အံ့ဩတုန်လှုပ်သွားရပါသော်လည်း အမြဲတမ်း တိကျမှန်ကန်သည့်စကားများကိုသာ ဆိုခဲ့သော မမလေး၏ ထိုဂါထာတစ်ခုလုံးမှာ အတုအယောင်ကြီး တစ်ခုမျှသာဖြစ်သည်ဆိုသော စကားကို ပြန်၍ အမှတ်ရသွားသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် သူသည် ကြောက်ရွံ့နေဆဲဖြစ်သောကြောင့် ဤပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်အချိန်တွင် မမလေးအား သေချာအောင်မေးမြန်းရန် ဆုံးဖြတ်လိုက်၏။

” အဲလိုမှမဟုတ်ရင် ငါ အဲဒီဂါထာကို ရွတ်လိုက်တဲ့အချိန်တိုင်း အိပ်နေတဲ့လူတစ်ယောက်ကို ပါးသွားရိုက်ပြီး ထွက်ပြေးသွားလိုက်၊ ခဏကြာရင် ပြန်ရောက်လာပြီး သူ့ကို ပါးထပ်ရိုက်လိုက် လုပ်နေသလို ဖြစ်နေမှာလေ…. ” ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ တွေးမိလေလေ ပို၍ စိုးထိတ်လာလေလေ ဖြစ်နေသောကြောင့် ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်တော့သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ သားရဲစီးကြောင်းကြီး သူ၏ပိုင်နက်အား ရှောင်ရှားသွားကြပြီး အခြားဆန်ခါတင်များ၏ ပိုင်နက်များဆီသို့ ချဉ်းကပ်သွားနေသည်ကို စောင့်ကြည့်နေရင်း သူသည် ဘေးကင်းလုံခြုံသွားပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူသည် သူ၏ ဓမ္မလက်နက်ကြီးကို သိမ်းဆည်းလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ရင်း သူ၏စခန်းထဲသို့ မောက်မာဝင့်ကြွားစွာ လျှောက်လှမ်းသွားတော့သည်။

သူသည် စခန်းထဲသို့ ပြန်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ရုပ်သေးရုပ်အချို့ကို ချက်ချင်းပင်ထိန်းချုပ်လိုက်ပြီး ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရသော ဆန်ခါတင်များ၏ စခန်းများဆီသို့ စေလွှတ်လိုက်၏။ ထို့သို့ဖြင့် အခြားသူများ၏ မျက်စိရှေ့တွင် ၎င်းတို့မှာ ထိုအဆောက်အဦများအား အလျင်အမြန် ဖြိုချဖျက်ဆီးနေကြပြီး သူတို့၏ ပစ္စည်းများကို ယူသွားကြတော့သည်။

တစ်ချိန်ထဲမှာပင် သားရဲစီးကြောင်းကြီး ရောက်ရှိလာသောကြောင့် လီယီမှာ ဝမ်ပေါင်လဲ့တစ်ယောက် အရာရာတိုင်းအား အရှက်မရှိ လိုက်လံဖျက်ဆီးနေသည်ကို ကြည့်ရင်း သူမ၏ နှလုံးသားထဲမှ အံ့ဩတုန်လုပ်မှုများမှာ မုန်းတီးမှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သို့သော် သူမမှာ အခြားရွေးချယ်စရာ မရှိသောကြောင့် အားမာန်အပြည့်ဖြင့် ခုခံတွန်းလှန်ရန် ကြိုးပမ်းနေရတော့သည်။

သို့သော် ဤ သားရဲစီးကြောင်းကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်လွန်းနေ၏။ ထို့ကြောင့် သိပ်မကြာခင်တွင် ဆန်ခါတင်တစ်ယောက်၏ စခန်းမှာ ဖျက်ဆီးခံလိုက်ရပြီး သူသည် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် သူ၏ ကျောက်စိမ်းပေလွှာအား ချေမွကာ တည်နေရာရွှေ့ပြောင်းသွားရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းအားကြည့်ရင်း စိတ်လှုပ်ရှားသွား၏။ ထို့နောကိ သူ၏ ရုပ်သေးရုပ်အချို့ကို ထပ်၍ ထိန်းချုပ်လိုက်ကာ လိုက်လံဖျက်ဆီးခြင်းနှင့် ပစ္စည်းသယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို ဆက်၍ လုပ်ခိုင်းနေလိုက်၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သားရဲစီးကြောင်းကြီး သူ၏ ရုပ်သေးရုပ်များအား မနှောင့်ယှက်နိုင်စေရန်အတွက် သူကိုယ်တိုင် ၎င်းတို့ရှိနေသည့်နေရာသို့ သွားရောက်ကာ တာအိုဂါ‌ထာတော်အား ရွတ်ဖတ်နေလိုက်တော့သည်။

ထိုသို့ဖြင့် အရာအားလုံးမှာ ချောချောမွေ့မွေ့ပြီးဆုံးသွား၏။ အခြားသူများမှာ စိတ်ထဲ၌ကျိန်ဆဲရင်း သားရဲကြီးများအား ခုခံတွန်းလှန်နေကြစဉ် ဝမ်ပေါင်လဲ့မှာ စခန်းနှစ်ခုတိတိအား ပြောင်သလင်းခါအောင် ရှင်းလင်းပြီးသွားပြီဖြစ်သောကြောင့် သူ၏ စခန်းအား အားမာန်အပြည့်ဖြင့် စတင်တည်ဆောက်နေလိုက်တော့သည်။

ယခုလက်ရှိတွင် နဂိုမူလ ဆန်ခါတင်ဆယ်ယောက်ထဲမှ တစ်ဝက်တိတ်ိသာ ကျန်ရစ်တော့သည် ဖြစ်သည်။ ထိုငါးယောက်ထဲတွင် လီယီ၊ ခုန်းတောက်နှင့် ဝမ်ပေါင်လဲ့တို့မှလွဲ၍ အခြားနှစ်ယောက်မှာ ဆက်လက်ခုခံတွန်းလှန်နိုင်ရန် အခက်တွေ့နေရပြီဖြစ်သည်။ နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်မှာ လုံးဝတောင့်မခံနိုင်တော့ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်သေးရုပ်များအား ထိုစခန်းဆီသို့ မစေလွှတ်ရသေးသလို လက်ရှိသားရဲစီးကြောင်းကြီးမှာလည်း မပြီးသေးသည့်အချိန်တွင် ဆဋ္ဌမမြောက် သားရဲစီးကြောင်းကြီးမှာ ရုတ်တရက်ဆိုသလို စတင်ထွက်ပေါ်လာတော့သည်။

ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် နတ်ဘုရားလက်နက် လှိုဏ်ခေါင်းထဲမှ ယခင်အကြိမ်တုန်းကထက်ပင် ပို၍များပြားသော ရက်စက်ကြမ်းကြုတ်သော သားရဲကြီးပေါင်းများစွာ ထိုးထွက်လာပြီး အော်ဟစ်မြည်တမ်းကာ အရပ်မျက်နှာအနှံ့သို့ ပြေးထွက်လာကြတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တိုက်ပွဲထဲတွင်အသုံးပြုနိုင်မည့် ခံတပ်ကြီးအား ဆောက်လုပ်ရန် ပစ္စည်းအလုံအလောက် ရရှိသွားပြီဖြစ်သည်။ ထို့ကြောင့် စခန်းထဲတွင် အသံမျိုးစုံ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီးနောက် ထို ဧရာမအတုံးကြီးတစ်တုံးနှင့် တူသော ခံတပ်ကြီးထဲမှ ရုတ်တရက်ဆိုသလို ပေါက်ကွဲသံပေါင်းများစွာ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်။

၎င်းမှာ စတင်လည်ပတ်နေပြီ ဖြစ်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း စိတ်ဓာတ်များတက်ကြွသွားပြီး ညာဘက်လက်ကိုမြှောက်ကာ သူ့ဆီသို့ ပြေးလာနေသော သားရဲစီးကြောင်းကြီးအား လက်ညှိုးထိုးကာ အမိန့်ပေးလိုက်တော့သည်။

” ထာဝရခံတပ်ကြီး။ သူတို့ကို ဖိနှိပ်လိုက်စမ်း “

Comment

  1. Koko Lay says:

    ဆန့်တငင်ငင်ဆက်ပါဆရာ

  2. 10aprilsunday4 says:

    book 27 နက်ဖြန်ဆက်တင်ပေးပါ

Leave a Reply

Options

not work with dark mode
Reset