Switch Mode

အခန်း (၃၅၇)

နောက်ဆုတ်စမ်း

အခန်း (၃၅၇) – နောက်ဆုတ်စမ်း

ဝမ်ပေါင်လဲ့မှာ သူ၏ ထာဝရခံတပ်ကြီး၏ အစွမ်းကို အပြည့်အဝယုံကြည်ထား၏။ သူသည် ဤပြိုင်ပွဲကြီးအတွက် မျှော်လင့်ချက်အားလုံးကို ၎င်းပေါ်သို့ ပုံအပ်ထားသည်လည်းဖြစ်သည်။ အခြားသူများ တည်ဆောက်ထားကြသည့် ခံတပ်များအားလုံးမှာ ခိုင်ခံ့မှုမရှိဘဲ သူ၏ ခံတပ်ကြီးတစ်ခုတည်းကသာ ပြိုင်ဘက်ကင်း အဆောက်အဦအကြီးတစ်ခုဖြစ်ကြောင်း မှတ်ယူထား၏။

ထို့ကြောင့်လည်း သူသည် မည်သည့်အဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုများ မရရှိခဲ့သည့်တိုင်အောင် ပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသည် လက်ဗလာနှင့် အခြားသူများ၏ နောက်တွင် ကျန်ရစ်ခဲ့သော ပြိုင်ပွဲဝင်တစ်ယောက် မဟုတ်တော့ပေ။ သူသည် ဆက်တိုက်အနိုင်ရရှိနေခဲ့သည်ဖြစ်ပြီး အခြားသူများမှာ ရှုံးနိမ့်သွားခဲ့ရသောကြောင့် အခြားပြိုင်ပွဲဝင်များနှင့် သူ၏ကြားရှိ ခြားနားချက်များမှာ သိသိသာသာ လျော့နည်းလာပြီဖြစ်သည်။

” ငါးကြင်းဆီနဲ့ ငါးကြင်း‌ကြော်တယ်ဆိုတာ ဒါမျိုးကွ ” ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားစွာ တွေးတောလိုက်ပြီးနောက် သူသည် ဤပြိုင်ပွဲအား အနိုင်ရရှိကာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်လာတော့မည်ဟု ပို၍ပင် ယုံကြည်နေတော့သည်။ သူသည် အောင်မြင်နိုင်ခြေ အလားအလာ ရှိနေသည်ဟု မှတ်ယူထားပြီး အခြားသူများ၏ နယ်မြေများကို လောဘတက်နေသည့် မျက်လုံးများဖြင့် လိုက်ကြည့်နေ၏။ ခုန်းတောက်နှင့် လီယီတို့အား ကူညီထောက်ပံ့ပေးနေကြသည့် အဖွဲ့အစည်းများမှာ သူတို့နှစ်ယောက်စလုံးအား ငွေအင်အား၊ လူအင်အား အလုံးအရင်း ထောက်ပံ့ပေးထားကြသည် ဖြစ်သည်။

သူတို့ဆီတွင် ရှိနေသောပစ္စည်းများမှာ အလွန်အင်မတန်မှ များပြားလွန်းနေသောကြောင့် သူတို့မှာ ကျိကျိတက် ချမ်းသာကြွယ်ဝနေရခြင်း ဖြစ်မည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ အခြားဆန်ခါတင်များမှာ သူတို့နှစ်ယောက်ထက် သိသိသာသာပို၍ နိမ့်ကျနေကြ၏။ ထို့အပြင် ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသဖြင့် အခြေအနေမဟန်တော့သည့် ဆန်ခါတင်နှစ်ယောက်လည်း ရှိနေသေးသည်။

သို့သော် ဝမ်ပေါင်လဲ့မှာလည်း အခက်အခဲများနှင့် ကြုံနေရဆဲပင်။ သူသည် ပစ္စည်းလုံးဝမလောက်သည့် ပြဿနာနှင့် ကြုံနေရခြင်းဖြစ်၏။ သူသည် အကြမ်းဖျင်း တွက်ချက်လိုက်ပြီးနောက် သူ၏ ထာဝရခံတပ်ကြီးအား ပြီးစီးအောင် ဆောက်လုပ်နိုင်ရန်အတွက်ဆိုလျှင် မိသားစု နှစ်စု၊ သုံးစုစာလောက်ရှိသော ပစ္စည်းများကို ပိုင်ဆိုင်ထားရန်လိုအပ်ကြောင်း ကောက်ချက်ချလိုက်၏။ သို့သော် ထိုကဲ့သို့ ဖြစ်လာနိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဆန်ခါတင်တစ်ယောက် ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရသည်နှင့် တစ်ပြိုင်နက် အခြားလူများမှာလည်း ပစ္စည်းများလုယူနိုင်ရန် သေချာပေါက် ရောက်လာကြမည် ဖြစ်သောကြောင့်ပင်။

” ထားလိုက်ပါတော့ကွာ။ ငါ့ရဲ့နဂိုမူလ အစီအစဉ်အတိုင်းပဲ လုပ်လိုက်ပါ့မယ်။ ငါတစ်ယောက်တည်း ပစ္စည်းတွေအားလုံးကို မောင်ပိုင်စီးလို့ မရရင်တောင် နောက်ဆုံးရောက်ရင် သူတို့‌တွေ ယူသွားသမျှ ပစ္စည်းတွေအားလုံးက ငါ့ဆီပြန်ရောက်လာမှာပဲ ” ဝမ်ပေါင်လဲ့မှာ ပျားပန်းခပ်် အလုပ်ရှုပ်နေကြသည့် သူ၏ ထောင်ပေါင်းများစွာသော ရုပ်သေးရုပ်များကို ကျေနပ်အားရစွာ ကြည့်ရင်း သူသည် နောက်ထပ် ထွက်ပေါ်လာမည့် သားရဲစီးကြောင်းကြီးအား ခက်ခဲပင်ပန်းကြီးစွာ တိုက်ခိုက်နေရန် လိုအပ်မည်မဟုတ်ကြောင်း တွေးနေ၏။ ယခုလက်ရှိတွင် သူ၏ စခန်းကြီးမှာ ပြီးပြည့်စုံသောအနေအထားသို့ မရောက်သေးပါသော်လည်း နောက်ထပ်သားရဲစီးကြောင်းကြီး ရောက်ရှိလာမည့် အချိန်တွင် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။

” သိပ်ကောင်းတယ်ဟေ့ ” ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကိုပုတ်လိုက်ပြီး မုန့်စားရန်ပြင်လိုက်စဉ်တွင် အပြင်ဘက်၌ ရှိနေသော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲတွင် ရုတ်တရက်ဆိုသလို ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံကြီးမှာ ယခင်တုန်းက အသံများထက် ပို၍ ကျယ်လောင်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ အပါအဝင် ဆန်ခါတင်များအားလုံးမှာ အံ့အားသင့်သွားရတော့သည်။ ပြီးခဲ့သည့် အကြိမ်များတုန်းကဆိုလျှင် လူတိုင်းမှာ သားရဲစီးကြောင်းကြီး တစ်ခုအား ရင်ဆိုင်ပြီးပါက ပြန်လည်ပြင်ဆင်ရန် အနည်းဆုံး အချိန်တစ်နာရီအထိ ရရှိခဲ့သည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ စတုတ္ထသားရဲစီးကြောင်းကြီး ပြီးဆုံးသွားခဲ့သည်မှာ နာရီဝက်ပင် မပြည့်သေးပါသော်လည်း ပဉ္စမမြောက် အသုတ်မှာ စတင်နေပြီ မဟုတ်ပါလော။

” ပြိုင်ပွဲရဲ့ အရှိန်ကိုများ မြှင့်လိုက်တာလား။ ဒါမှမဟုတ် ငါတို့တွေ စတုတ္ထမြောက် အသုတ်တုန်းက အချိန်တွေအများကြီး ကုန်သွားခဲ့လို့လား ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှုလိုက်ပြီး မြို့နံရံပေါ်သို့ ချက်ချင်းပင်ခုန်တက်သွား၏။ ထို့နောက် သူသည် အလောတကောနှင့် လှမ်းကြည့်လိုက်သောအခါ သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်ကြောက်ရွံ့သွားရတော့သည်။

အမှန်တွင် ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုကဲ့သို့ အံ့အားသင့်သွားရသည်တော့ မဟုတ်ပေ။ အခြားဆန်ခါတင်များမှာလည်း ထိုနည်းတူပင်။ သူတို့မှာ အသက်ရှူသံများ မြန်ဆန်လာကြပြီး သူတို့၏ နှလုံးသားများထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားကြတော့သည်။

ဤ သားရဲစီးကြောင်းကြီးမှာ သတ်မှတ်ထားသည့်အချိန်ထက် ပိုစော၍ ရောက်ရှိလာခဲ့ရုံသာမက ၎င်းတို့ထဲတွင် အစောပိုင်း အမြုတေအဆင့်တွင် ရှိနေသည့် မရဏသားရဲကြီး ဆယ်ကောင်လည်း ရှိနေကြ၏။ ၎င်းတို့မှာ အရွယ်အစား အမျိုးမျိုးရှိပြီး တစ်ကောင်နှင့်တစ်ကောင် ပုံစံမတူကြပေ။ သို့သော် ၎င်းတို့အားလုံးထဲ၌ ဘုံပါနေသည့်အချက်မှာ ၎င်းတို့၏ မျက်ဝန်းများထဲတွင် မည်သည့်အရာကိုမဆို ပြာကျသွားအောင် မီးလောင်တိုက်သွင်းပစ်နိုင်စွမ်း ရှိနေသည့် အနက်ရောင်မီးတောက်တစ်ခု တောက်လောင်နေခြင်းပင် ဖြစ်သည်။ ထို အနက်ရောင်မီးတောက်များကြောင့် ၎င်းတို့၏ ဘေးနားတစ်ဝိုက်ရှိ နေရာများမှာ တွန့်လိမ်ကောက်ကွေးကာ ပုံပျက်နေ၏။

ထို အမြုတေအဆင့် သားရဲကြီးများဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ တမူထူးခြားနေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေ၏။ ၎င်းတို့၏နောက်တွင် ဝမ်ပေါင်လဲ့ သတ်ဖြတ်ခဲ့သည့် ဖုတ်ကောင်ကြီးများနှင့် ဆင်တူသော ဧရာမဖုတ်ကောင်ကြီး အကောင်တစ်ရာကျော် ရှိနေ၏။ ၎င်းတို့၏ အပုပ်နံ့များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေသောကြောင့် လူတိုင်းမှာ အော့အန်ချင်စိတ်များ ပေါက်လာကြပြီး ကြောက်စိတ်များကြောင့် ကြက်သေသေနေရတော့သည်။ ထို့အပြင် ကောင်းကင်ယံထဲတွင် တိုက်ပွဲသုံးယာဉ် အမျိုးမျိုးနှင့် စူးရှကျယ်လောင်စွာ အော်ဟစ်မည်တမ်းနေကြသည့် ငှက်များလည်း ရှိနေသေးသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားဆန်ခါတင်များသာမက ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များပင်လျှင် ကြောက်ဒူးတုန်သွားကြပြီး ဆွေးနွေးငြင်းခုံသံပေါင်း မြောက်မြားစွာ ထွက်ပေါ်လာတော့သည်။

” အရင်အဆင့်တုန်းကထက် အများကြီးကို ပိုခက်သွားတာပဲဟ။ သူတို့တွေက ဘယ်လိုလုပ်ပြီးတော့ အဲဒီ သားရဲစီးကြောင်းကြီးကို ခုခံနိုင်တော့မှာလဲ ”

” ဘုရားရေ။ အင်္ဂါဂြိုဟ်ပေါ်မှာ တကယ်ကို အဲလောက်ကြောက်ဖို့ကောင်းတဲ့ သားရဲကြီးတွေ ရှိနေတာပါလား။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်အထိ ရောက်နေပြီလဲမသိဘူး ”

ပြည်ထောင်စုကြီးထဲမှ လူများမှာ ထိုကဲ့သို့ အုတ်အော်သောင်းနင်းဖြစ်နေကြစဉ် အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲရှိ ဝမ်ပေါင်လဲ့နှင့် အခြားသူများ၏ အမူအရာများမှာ အလွန်အင်မတန်မှ တည်ကြည်သွားကြ၏။ လီယီနှင့် ခုန်းတောက်တို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ရပ်တန့်လိုက်၏။ သူတို့မှာ နောက်ဖြစ်လာမည့် အကျိုးဆက်များကို လျစ်လျူရှုလိုက်ပြီး အခိုင်ခံ့ဆုံးသော ခံတပ်များကို တည်ဆောက်ရန် အာရုံအပြည့် စိုက်လိုက်ကြတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဤ သားရဲစီးကြောင်းကြီးကြောင့် ဆန်ခါတင်ပေါင်း များစွာမှာ ပြိုင်ပွဲမှ နုတ်ထွက်သွားရလိမ့်မည်ဖြစ်ကြောင်း သူတို့ကသိထားကြသောကြောင့်ပင်။

လက်ရှိတွင် ဆန်ခါတင် ခုနစ်ယောက်သာ ကျန်ရစ်တော့သည်။

လူတိုင်းမှာ တည်ကြည်မှုအပြည့်ဖြင့် အာရုံအပြည့်စိုက်ကာ ကြိုးစားနေကြစဉ် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာ၏။ ထိုအချိန်တွင် ခန္ဓာကိုယ်အပြင်ပိုင်းတစ်ခုလုံး ပုပ်ပွနေပြီး တောင်ပံပါသည့် ဧရာမဝက်ဝံကြီးတစ်ကောင်ပုံစံ ရှိသော ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးတစ်ကောင်မှာ ရုတ်တရက်ဆိုသလို ကောင်းကင်ယံထဲသို့ အလျင်အမြန် ပျံတက်သွား၏။ ၎င်းမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် မည်သူမှ မတုံ့ပြန်နိုင်ခင်မှာပင် ၎င်းမှာ ဆန်ခါတင်တစ်ယောက်၏ နယ်မြေထဲသို့ ကြယ်ပျံတစ်လုံးကဲ့သို့ ပြုတ်ကျလာတော့သည်။

ထိုအဖြစ်ပျက်များအားလုံးမှာ အလွန်အင်မတန်မှ မြန်ဆန်းလွန်းနေ၏။ ထို ဆန်ခါတင်ပုဂ္ဂိုလ်နှင့် သူ၏ အ‌စေခံများမှာ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်နေဆဲပင်။ သူတို့မှာ ယခုလေးတင်မှ သူတို့၏ နယ်မြေထဲရှိ မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်နိုင်သည်ဖြစ်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ အမြုတေအဆင့် တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပိုင်ဆိုင်ထားသော ထို သားရဲကြီးမှာ မြေပြင်ကြီးအား ရိုက်ခတ်သွားသောကြောင့် ပေါက်ကွဲသံကြီးများနှင့် သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။ ထိုဆန်ခါတင်ပုဂ္ဂိုလ်မှာ ထိုအန္တရာယ်ကြီးကြောင့် တုန်လှုပ်ချောက်ချားသွားရပြီး သူ၏ ကျောက်စိမ်းပေလွှာကို ချက်ချင်း‌ချေမွကာ ထွက်ပြေးသွား၏။ သို့သော် သူ၏ အစေခံများမှာ နှေးကွေးလွန်းနေသောကြောင့် သူတို့မှာ ထွက်ပြေးရန် ကြိုးစားနေကြသည်တိုင်အောင် တည်နေရာရွှေ့ပြောင်းပေးသည့် ကျောက်စိမ်းပေလွှာများကို မပိုင်ဆိုင်ထားကြသောကြောင့် ဒဏ်ရာများရကာ သေဆုံးသွားကြတော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ ပဉ္စမမြောက် သားရဲစီးကြောင်းကြီးမှာ ယခုလေးတင်မှ ရောက်ရှိလာသည်ဖြစ်သော်လည်း ဆန်ခါတင်‌တစ်ယောက်မှာ ပြိုင်ပွဲထဲမှ နုတ်ထွက်သွားရပြီဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသေးသည့် ဆန်ခါတင်များမှာ ကြောက်ရွံ့တုန်လှုပ်သွားရပြီး ဝမ်ပေါင်လဲ့ပင်လျှင် စိုးရိမ်တကြီး ဖြစ်သွားရ၏။

လက်ရှိ သားရဲစီးကြောင်းကြီးမှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်ကို သူက မြင်လိုက်ရသောကြောင့် သူသည် ယခုအကြိမ်တွင် ထိုသားရဲစီးကြောင်းကြီးအား လျှော့တွက်မိလိုက်ပြီဖြစ်ကြောင်း နားလည်သွား၏။ အကယ်၍ သူသည် နောက်ထပ် နာရီဝက်လောက်သာ အချိန်ရမည်ဆိုလျှင် သူ၏ ခံတပ်ကြီးမှာ ပို၍အဆင့်မြင့်နေမည်ဖြစ်သည်။ သို့သော် ဤ သားရဲစီးကြောင်းကြီးမှာ သူမျှော်လင့်ထားသည်ထက် စော၍ ရောက်ရှိလာခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အခက်တွေ့နေရတော့သည်။

” ခံတပ်ကြီးက အဆင်သင့် မဖြစ်သေးဘူး။ တကယ်လို့ အဲဒီ ခံတပ်ကြီးကို အခုချက်ချင်း အသုံးပြုလိုက်မယ်ဆိုရင် ဒီ သားရဲကြီးတွေကို ခုခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။ ပြီးတော့ ငါ့ခံတပ်ကြီး ထိခိုက်ပျက်စီးသွားမယ်ဆိုရင် ငါက ပြိုင်ပွဲထဲကနေ အစောကြီး ထွက်ရမှာ သေချာတယ်…. ” ဝမ်ပေါင်လဲ့မှာ အပြင်ဘက်ရှိ လှိုဏ်ခေါင်းကြီးအား လှမ်းကြည့်ရင်း မျက်လုံးများ အရောင်လက်သွား၏။ ထိုသားရဲစီးကြောင်းကြီးထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားနေသော သားရဲကြီးပေါင်း မြောက်မြားစွာ ရှိနေကြသည်ဖြစ်ပြီး သူ့ဆီသို့ ပြေးလာနေကြသည့် သားရဲကြီးများကို ဧရာမ ပုတ်သင်ညိုကြီးတစ်ကောင်နှင့် ဆင်တူပြီး အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသော ပုပ်ပွနေသည့် အလောင်းကောင်ကြီးတစ်ကောင်က ဦးဆောင်လာခြင်းဖြစ်သည်။ ၎င်းတို့၏ အငွေ့အသက်များမှာ ကြောက်မက်ဖွယ်ရာကောင်းနေပြီး အကယ်၍ ၎င်းတို့သာ ခံတပ်ကြီးအား တိုက်ခိုက်လိုက်ကြမည်ဆိုပါက အပြီးအထိ မတည်ဆောက်ရသေးသော သူ၏ ခံတပ်ကြီးမှာ သေချာပေါက် ပြိုလဲပျက်စီးသွားမည်သာ ဖြစ်သည်။

” တောက်ကွာ။ ဒီကောင်တွေက ငါ့ရဲ့ ဝှက်ဖဲကို မသုံး သုံးအောင် ဖိအားပေးနေတာပဲ ” ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ သူသည် ကိစ္စဝိစ္စအချို့အား မြည်းလေးဆီသို့ လွှဲပေးခဲ့ပြီးနောက် လေပေါ်သို့ခုန်တက်ကာ အပြင်ဘက်သို့ ထွက်သွားလိုက်၏။ ထို့နောက် သူ၏ ဓမ္မလက်နက်ကြီးမှာလည်း ချက်ချင်းပင် ပေါ်လာပြီး သူသည် ၎င်းအား သူ၏ လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။ သူသည် ပြီးခဲ့သည့် သားရဲစီးကြောင်းကြီးနှစ်ခုကို ခုခံတွန်းလှန်ခဲ့သည့်အတိုင်း မြို့နံရံအား ကျော်တက်သွားလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။

သို့သော် ပြီးခဲ့သည့် သားရဲစီးကြောင်းကြီးထဲတွင် ပါလာခဲ့သော သူ၏ ပြိုင်ဘက်များမှာ အခြေတည်ထိပ်ဆုဲးအဆင့် ကျင့်ကြံခြင်းအဆင့်များကိုသာ ပိုင်ဆိုင်ထားခဲ့ကြခြင်း ဖြစ်သည်။ ယခုတွင်မူ သူ၏ ပြိုင်ဘက်များမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ထို့ကြောင့် ထိုသားရဲစီးကြောင်းကြီး နှစ်ခုကြားမှ ခြားနားချက်မှာ ကြီးမားလွန်းနေ၏။

အဖြစ်အပျက်များအားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များနှင့် အင်္ဂါဂြိုဟ်ပေါ်ရှိ လူများသာမက အဖွဲ့အစည်းအမျိုးမျိုးထဲမှ အဖွဲ့ဝင်များပင်လျှင် အံ့ဩတုန်လှုပ်ကာ ဆွံ့အမှင်တက်သွားကြတော့သည်။ သူတို့မှာ ရဲစွမ်းသတိနှင့် ပြည့်စုံနေသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရတော့သည်။

” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က အသိစိတ်ပျောက်သွားတာတော့ မဟုတ်ဘူးမလား…. ငါက သူ့ကို ဉာဏ်ကောင်းတယ်လို့ ထင်ထားတာ…. ”

” ဒါ ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား ”

” သူက အသေသွားခံနေတာလားဟ ”

လီယီ၊ ခုန်းတောက်နှင့် အခြားသူများမှာလည်း သေခြင်းတရားကို ကြောက်ရွံ့ခြင်း လုံးဝမရှိသည့်ပုံ ပေါက်နေသော ဝမ်ပေါင်လဲ့အား သတိထားမိလိုက်ကြ၏။ ထို့ကြောင့် သူတို့အားလုံးမှာ ဆွံ့အမှင်တက်သွားကြပါသော်လည်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ချက်ချင်းပင် တွေးမိလိုက်ကြသည်။

သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ အသက်ကို စိုးရိမ်ပူပန်နေရန် အချိန်မရှိပေ။ ပဉ္စမအသုတ်ထဲရှိ သားရဲကြီးများမှာ ယခင်တုန်းကထက် များစွာပို၍ ရက်စက်ကြမ်းကြုတ်နေကြသည် ဖြစ်ပြီး ၎င်းတို့မှာ နယ်မြေအသီးသီးနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြပြီဖြစ်သည်။ ထို့ကြောင့် ချင်းဆိုသလိုပင် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားချိန်တွင် နယ်မြေတိုင်းမှာလည်း ထိခိုက်နစ်နာမှုများစွာကို ရင်ဆိုင်ကြုံတွေ့လိုက်ရ၏။

သူတို့မှာ အစွမ်းကုန်ကြိုးစား၍ ခုခံတွန်းလှန်နေစဥ် တစ်ကိုယ်လုံးပုပ်ပွနေသော ဧရာမ ပုတ်သင်ညိုကြီး၏ ဦးဆောင်မှုအောက်၌ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေသော သားရဲစစ်တပ်ကြီးမှာ သူ၏ အနီးသို့ ရောက်ရှိလာ‌သောကြောင့် မြေပြင်ကြီးမှာ တုန်ရီလာ၏။ ယခုလက်ရှိတွင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ နယ်မြေထဲရှိ နံရံများနှင့် ပေတစ်သောင်းပင် မကွာတော့ပေ။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့သည်လည်း ၎င်းတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်၏။

ခပ်လှမ်းလှမ်းမှ ကြည့်လိုက်မည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ပင်လယ်ကြီးတစ်စင်းကဲ့သို့ ဖြစ်နေသော သားရဲစီးကြောင်းကြီးဆီသို့ ပြေးသွားနေသည့် တစ်ကိုယ်တော်စွန်စားရေးသမားတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာကောင်းနေပြီး ထိုနှစ်ဖက်စလုံးမှာ အချင်းချင်း ဝင်တိုက်သွားကြတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ပြည်ထောင်စုကြီးထဲမှ တိုက်ရိုက်ကြည့်ရှုနေကြသည့် ပွဲကြည့်ပရိသတ်ပေါင်း များစွာမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူတို့၏ ရှေ့၌ သေဆုံးသွားမည်ကို မမြင်လိုကြပေ။ ဝမ်ပေါင်လဲ့မှာ မည်မျှပင် အစွမ်းထက်နေစေကာမူ သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသည်မဟုတ်ပါလော။

သို့သော် ထိုသားရဲစီးကြောင်းကြီး သူ၏ အနီးသို့ ချဉ်းကပ်ပြီး တစ်ကိုယ်လုံးပုပ်ပွနေသည့် ဧရာမပုတ်သင်ညိုကြီး သူ၏ရှေ့သို့ ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး သူ၏ ဓမ္မလက်နက်ကြီးအား ‌မြှောက်ကာ အော်ဟစ်လိုက်တော့သည်။

” နောက်ဆုတ်စမ်း ”

သူ ထိုသို့ ဆိုလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲသွားပြီး တိမ်တိုက်များမှာ နောက်ပြန်ရွေ့လျားသွား၏။ ထို့နောက် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ခံ့ညားထည်ဝါသည့် အငွေ့အသက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်ရာ အင်အားကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထိုအငွေ့အသက်များ၏ အစွမ်းကို အတိအကျဖော်ပြနိုင်ရန်မှာ ခဲယဉ်းလွန်းလှပေသည်။ သို့သော် ထိုအခိုက်အတန့်တွင်

ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော သားရဲစီးကြောင်းကြီးထဲမှ သားရဲကြီးများ အားလုံးမှာ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး သနားစဖွယ် အော်ဟစ်မြည်တမ်းကာ နောက်သို့ဆုတ်သွားကြတော့သည်။ ၎င်းတို့မှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေခဲ့ကြသည်ဖြစ်ပြီး ယခုတွင် နောက်သို့ဆုတ်သွားကြသောကြောင့် တစ်ကောင်နှင့်တစ်ကောင် ဝင်တိုက်မိသွားကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတော့သည်။

မောက်မာဝင့်ကြွားမှု အပြည့်ဖြင့် ရှေ့ဆုံးမှနေ၍ ပြေးလာသော ဧရာမပုတ်သင်ညိုကြီးမှာ အဆိုးဆုံးပင် ဖြစ်သည်။ ၎င်းမှာ နှလုံးသားထဲမှနေ၍ ၎င်း၏ သက်တမ်းတစ်လျှောက် မခံစားဖူးသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရ၏။ သို့သော် ၎င်းမှာ အရှိန်အဟုန်ပြင်းစွာ ပြေးလာနေခဲ့သည်ဖြစ်၍ နောက်သို့ပြန်ဆုတ်ရန် အချိန်မရှိလိုက်သည့်အပြင် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ တွန့်လိမ်ကောက်ကွေးသွားပြီး ဘေးဘက်သို့ အလျင်အမြန် ခုန်ရှောင်လိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးမသွားတော့ဘဲ မြေကြီးပေါ်သို့ ဘိုင်းခနဲမြည်အောင် လဲကျခံလိုက်၏။ ထို့နောက် ၎င်းမှာ မြေကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ လဲကျပြီးသွားသည့်တိုင်အောင် အလူးအလဲ ထလာပြီး ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားဆဲပင်….

ထိုကဲ့သို့ အဓိပ္ပါယ် လုံးဝမရှိကာ စိတ်ကူးနှင့်ပင်မမှန်းဆနိုင်သော မြင်ကွင်းကြီးကြောင့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်အားလုံးမှာ အသက်များပင် မရှုနိုင်တော့ဘဲ ငြိမ်ကျသွားကြတော့သည်…

Comment

Leave a Reply

Options

not work with dark mode
Reset