အခန်း ( ၄၉ )

လောချိန်မျိုးနွယ်စု

ဖိန်းယန်သည် ဂိုဏ်းအပြင်ထွက်ကာ တာဝန်များစွာ ထမ်းဆောင်ဖူးသော်လည်း ဤအကြိမ်မှာ ပထမဆုံးအကြိမ်အဝေးကြီးသို့သွားရခြင်းပင်ဖြစ်သ​ည်။ စောစောကဖြစ်ရပ်များကြောင့် တုလင်ဖေး ကြက်သေသေနေသည်မဆိုထားနှင့် သူကိုယ်တိုင်ပင်လျှင် ခေါင်းကြိမ်းနေသည်။

သို့သော်လည်း ကံကောင်းထောက်မစွာနှင့်ပဲ သူတို့ကြုံတွေ့ခဲ့ရသော အင်အားကြီးသတ္တဝါတစ်ကောင်တစ်လေကမှ သူတို့ကိုတိုက်ခိုက်ရန် စိတ်မဝင်စားပေ။ အလွန်ဆုံးမှာ အထူးတဆန်း လှမ်းကြည့်ရုံလောက်ပင် လုပ်ကြသည်။ သူတို့သုံးယောက်အုပ်စုမှ ထွက်ပေါ်နေသော အခိုးအငွေ့များကြောင့် ထိုသတ္တဝါကြီးများက သူတို့ကိုရှောင်ရှားနေကြခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ သူတို့မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကဖြစ်သောကြောင့် ရန်မူခြင်းမခံရခြင်းဖြစ်သည်ဟု ထင်မှတ်နေသည်။ ဤနေရာမှာ ဂိုဏ်းနှင့်အဝေးသို့ရောက်နေပါသော်လည်း ဂိုဏ်း၏လွှမ်းမိုးမှု​​အောက်တွင် ရှိနေသေးသည်။

သူတို့အုပ်စုမှာ ကြောက်ရွံ့နေသော်လည်း ရှေ့သို့ဆက်၍ ချီတက်ခဲ့ကြသည်။ ပထမဆုံးတစ်လပြီးသောအခါ ကြိုတင်သတ်မှတ်ထားသောနေ့တစ်နေ့တွင် ဂိုဏ်းနှင့်အဆက်အသွယ်လုပ်ကာ သူတို့၏လက်ရှိနေရာကို သတင်းပို့လိုက်သ​ည်။ ဒုတိယမြောက်လတွင်လည်း ထိုနည်းတူပင်။ ထိုအချိန်တွင်မူ သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နယ်စပ်​ဖြစ်သော ကြယ်ကြွေတောင်၏နယ်မြေထဲသို့ရောက်နေပြီဖြစ်သည်။

ခရီးစဥ်တစ်လျှောက်လုံး ဖိန်းယန်က ပိုင်ရှောင်ချန်းကို လျှို့ဝှက်စွာ တိုက်ခိုက်ရန်ကြံစည်ခဲ့ပါသော်လည်း ခရီးတစ်လျှောက်သူမြင်ခဲ့ရသောအရာများကြောင့် သူကကြောက်ရွံ့နေသည်။ သူတိုက်ခိုက်ချင်စိတ်လည်း မပေါ်သေးပေ။ ထို့အပြင် ပိုင်ရှောင်ချန်းသည် သတိကြီးကြီးထားနေပြီး တုလင်ဖေးနားက မခွာသည့်အတွက် ဖိန်းယန်မှာ စတင်လှုပ်ရှားရန် စိုးရိမ်နေသည်။ အဆုံးတွင် သူက အချိန်ကောင်းအခါကောင်းကိုစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ဖိန်းယန်၏ပိုင်ရှောင်ချန်းကိုကြည့်သော မျက်လုံးများထဲတွင် အန္တရာယ်ပြုလိုသောအကြည့်များဖြင့် တလက်လက်ထနေသည်ကို မြင်န်ိုင်သည်။

” အော်…. သူကငါ့ကို အ​သေသတ်ဖို့ တေးထားတယ်ပေါ့ ဟုတ်လား။” ပိုင်ရှောင်ချန်းက မျက်လုံးမှေးများဖြင့် အကဲခတ်ကာ စိတ်ထဲတွင်ရေရွတ်လို​က်သည်။

” ငါ့ကို အရမ်းတွေမုန်းတီးနေတယ်ပေါ့ မင်းက။” ပိုင်ရှောင်ချန်းက တွေးရင်းတွေးရင်း စိတ်ပူလာတော့သ​ည်။

ပိုင်ရှောင်ချန်းသည် အာရုံခံကောင်းသူဖြစ်၍ ဖိန်းယန်၏အတွေးထဲတွင် ဖြစ်ပျက်နေသည့်အရာများကို သူက တပ်အပ်ပြောနိုင်သည်။

ကြယ်ကြွေတောင်များမှာ မြောက်ဘက်မှတောင်ဘက်သို့ သွယ်တန်းနေသ​ည်။ ထိုတောင်တန်းများသည် အဆုံးမဲ့ရှည်လျားလွန်းလှပြီး မဟာပထဝီမြေကြီးကို ပိုင်းခြားထားသော အိပ်စက်နေသည့် ဧရာမနဂါးကြီးတစ်ကောင်နှင့် ဆင်တူသ​ည်။

တောင်တန်းများ၏ အပေါ်ရှိ ကောင်းကင်ပင်လျှင် ကွဲပြားနေပြီး သွေးများစွန်းထင်းနေသကဲ့သို့ အနီရောင်များယှက်သန်းနေသည်။

ဒဏ္ဍာရီများအရ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကောင်းကင်မှကြယ်တစ်လုံးကြွေကျကာ မြေကြီးထဲသို့ စိုက်ဝင်သွားသောကြောင့် ​မြေသားအချို့အစိတ်အပိုင်းများမှာ ပြိုကွဲကုန်ပြီး ကျန်အစိတ်အပိုင်းများက မြင့်တက်လာကာ ဤတောင်တန်းများဖြစ်သွားခြင်းဖြစ်သည်။

တောင်များမှာ ထူထပ်သော သစ်တောများဖြင့်ဖုန်းလွှမ်းနေပြီး သားရဲတိရစ္ဆာန်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ရှားပါးသော အပင်နှင့်အသီးအရွက်အမျိုးမျိုးကို ထိုတောများထဲတွင် တွေ့ရှိနိုင်သည်။ ထို့ကြောင့်လည်း မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ အန္တရယ်ကိုဖက်တွယ်ကာ ထိုတောင်ပေါ်ရှိသစ်တောများထဲသို့ ဝင်လိုသည့် ကျင့်ကြံသူများကလည်း အမြဲရှိသည်။.

” ဒီတောင်တွေက ကြယ်ကြွေတောင်တန်းတွေလေ။” တုလင်ဖေးက ဆိုသည်။ ခရီးမှာရှည်လျားလွန်းလှ၍ နောက်ဆုံးပန်းတိုင်းကိုတွေ့လိုက်ရသောအခါ သူမမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သ​ည်။

” ဂိုဏ်းတူညီလေးဟို ဂိုဏ်းကိုနောက်ဆုံးပို့ခဲ့တဲ့သတင်းက ဒီနားတစ်ဝိုက်ကနေလာတာကွ။” ဖိန်းယန်က သူ၏အိတ်ထဲမှ မှော်ပစ္စည်းတစ်ခုဖြစ်သော ဖုန်းရွှေသံလိုက်အိမ်မြှောင်ကိုထုတ်ရင်း ပြောသည်။

ထို ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်ရှိ ငွေရောင်လက်တံလေးကမူ ပတ်ချာလည်ရမ်းနေသည်။

” ဂိုဏ်းစည်းကမ်းအရဆိုရင်တော့ ဂိုဏ်း​ပြင်ပတာဝန်တွေထမ်းဆောင်ရတဲ့ ဂိုဏ်းသားတွေက သူတို့ရဲ့တည်နေရာကို လစဥ်သတင်းပြန်ပို့ရတယ်။ ဒီစိတ်စွမ်းအင်နတ်ရေစင် သံလိုက်အိမ်မြှောင်လေးကိုသုံးပြီး ဂိုဏ်းတူညီလေးဟိုရဲ့ နောက်ဆုံးရှိခဲ့တဲ့နေရာကို စုံစမ်းကြည့်ရမယ်” ဖိန်းယန်ထိုသို့ဆိုလိုက်သောအခါ ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်ရှိ လက်တံမှာ ချက်ချင်းပင် တစ်နေရာထဲသို့သာ ညွှန်ပြနေတော့သည်။

” တွေ့ပြီဟေ့။” ဖိန်းယန်က လှုပ်လှုပ်ရှားဖြစ်သွားသည်။တုလင်ဖေး၏အမူအရာမှာလည်း ပြောင်းလဲသွားပြီး ဖိန်းယန်နောက်သို့လိုက်သွားသည်။

ပိုင်ရှောင်ချန်းကမူ ကြယ်ကြွေတောင်နှင့် ထိုတောင်တန်းများကို ဖုံးအုပ်နေသော ထူထပ်နေသည့် သစ်တောကြီးကို လှမ်းကြည့်လိုက်သည်။ ထိုသစ်တောကြီးမှာ အပင်နှင့်အသီးအရွက် ပင်လယ်ကြီးသကဲ့သို့ဖြစ်နေပြီး ထိုထဲမှ သားရဲတိရစ္ဆာန်များ၏ မြည်ကြွေးသံများကို ကြားနေရသည်။ တစ်ခါတစ်ရံ ဟိန်းဟောက်သံများကိုပင် ကြားနိုင်သည်။

ပိုင်ရှောင်ချန်းသည် အလွန်တည်ကြည်သည့်မျက်နှာထားဖြင့် သူ၏ကျောက်စိမ်းလည်ဆွဲရှိ ဒိုင်းကာအစွမ်းကို နိုးထစေလိုက်သည်။ ထိုဒိုင်းကာကြောင့် သူ့ဘေးနားသို့ လေပြည်လေညှင်းလေးတစ်ခုပင်လျှင် သူမသိအောင် တိုက်ခတ်နိုင်မည်မဟုတ်ပေ။ သူက ထိုသို့လုံခြုံအောင်လုပ်ပြီးမှ ဖိန်းယန်နောက်သို့ သတိကြီးကြီးနှင့် လိုက်သွားသည်။

ဖိန်းယန်နှင့် တုလင်ဖေးမှာ တောင်ကြားနက်ထဲသို့ ​ရောက်သည်အထိ တခဏလေးမျှ မရပ်မနားပဲ ကြယ်ကြွေတောင်တစ်လျှောက် အရှိန်ကုန်တင်ရင်း သံလိုက်အိမ်မြှောင်ညွှန်ပြရာအတိုင်း သွားနေသည်။ ထိုတောင်ကြားတွင် နှစ်ကာလကြာရှည်စွာပေါက်ရောက်နေပြီဖြစ်၍ အကိုင်းအခက်များကပင် အချင်းချင်းဆက်နွယ်နေသော သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသည်။
တွန့်လိန်ကောက်ကွေးနေသော သစ်ခေါက်ကြီးများကြောင့် ထိုနေရာ၏ပတ်ပတ်လည်မြင်ကွင်းမှာ ညအချိန်ဆိုပါက ကြောက်မက်ဖွယ်အတိပင်ဖြစ်သည်။

တောင်ကြားတစ်လျှောက် နှစ်နှာရီကြာ ခရီးဆက်ပြီးနောက် သူတို့က ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။ ဖိန်းယန်သည် သူ၏သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်သောအခါ လက်တံက လူဆယ်ယောက်လောက် ဝိုင်းဖက်ထားနိုင်လောက်အောင် တုတ်ခိုင်သောပင်စည်ရှိသည့် သစ်ပင်ကြီးအား ညွှန်ပြနေသည်ကို တွေ့လိုက်ရသည်။

ဖိန်းယန်က ပိုင်ရှောင်ချန်းကိုကြည့်ပြီး ထိုသစ်ပင်ကြီးကို ညွှန်ပြကာ အမိန့်ပေးလိုက်သည်။

” ဂိုဏ်းတူညီလေးပိုင်။ အဲ့အပင်ကြီးကို သွားစစ်ဆေးကြည့်လိုက်။”

ပိုင်ရှောင်ချန်းက ခဏမျှ တုံ့ဆိုင်းသွားပြီး သစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။ ထူးဆန်းသည့်အရာတစ်ခုတစ်လေမှ မတွေ့သောကြောင့် သူက သူ၏ခါးတွင်ချိတ်ထားသော ကျောက်စိမ်းလည်ဆွဲကို တို့လိုက်သဖြင့် အစိမ်းရောင်ဒိုင်းကာမှာ ပို၍အားကောင်းလာသည်။ လက်ဖွဲ့စာရွက်အဆောင် အနည်းငယ်ကို ခန္ဓာကိုယ်တွင်ကပ်လိုက်ပြီး ရှေ့သို့တိုးသွားတော့သည်။

” သေရမှာအဲ့လောက်ကြောက်နေပြီး ကျင့်ကြံခြင်းကြတော့ ဆက်လုပ်ချင်တုံးပဲ။” တုလင်ဖေးက အထင်သေးသောအကြည့်ဖြင့်ကြည့်ကာ အေးစက်စွာ လည်ချောင်းရှင်းလိုက်သည်။ သူမသည် မည်သည့်အခါတုံးကမှ ပိုင်ရှောင်ချန်းကို မနှစ်သက်ခဲ့ချေ။ ယခုကြုံတွေ့ခဲ့ရသောအရာများကြောင့် သူမကိုယ်တိုင်ကြောက်ရွံ့နေသော်လည်း ပိုင်ရှောင်ချန်းဤကဲ့သို့ အကဲပိုနေသည်ကိုမြင်လိုက်ရသောအခါ သူမသည်ပို၍ အထင်သေးသွားတော့သည်။

ပိုင်ရှောင်ချန်းကမူ တုလင်ဖေး မည်ကဲ့သို့ထင်သွားမည်ကို တွေးပူမနေနိုင်ပေ။ သတိကြီးကြီးဖြင့် သစ်ပင်နားသို့ချဥ်းကပ်သွားသောအခါ မကြာသေးမီကမှ ပေါက်ထားဟန်ရှိသော သစ်ခေါက်အပိုင်းအစတစ်ခုကို သတိထားမိလိုက်သည်။ ဓားပျံတစ်ချောင်းကိုထုတ်ရင်း ထိုသစ်ခေါက်အပိုင်းအစကို လှီးထုတ်လိုက်သောအခါ အထဲတွင် ကျောက်စိမ်းပေလွှာတစ်ခုအား ဝှက်ထားသည်ကိုတွေ့လိုက်ရသည်။

ထိုကျောက်စိမ်းပေလွှာအား သစ်ပင်ထဲမှ ထုတ်ယူလိုက်ပြီး ပိုင်ရှောင်ချန်းက သူ၏နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သောအခါ သူ၏အမူအရာပြောင်းလဲသွားသည်။ ထို့နောက်သူက ထိုပေလွှာကို ဖိန်းယန်ဆီသို့ ပစ်ပေးလိုက်သည်။

ထို ကျောက်စိမ်းပေလွှာထဲတွင် သတင်းအချက်အလက် တစ်ဝက်တစ်ပျက် တစ်ပိုင်းတစ်စသာ ပါလေသည်။ ပေလွှာထဲတွင်
တွင်ရေးထားသည်မှာ…..
” ကျွန်တော် အခြားသဲလွန်စတွေ တွေ့ထားလို့ ကျွန်တော် လောချိန်မျိုးနွယ်စုထဲသွားပြီး သက်သေ သွားရှာလိုက်မယ်။ ”

ဖိန်းယန်က ထိုစာလွှာကို တစ်ခဏမျှဖတ်လိုက်ပြီး မျက်မှောင်ကြုံ့သွားလေသည်။ ထို့နောက်သူက ပေလွှာကို တုလင်ဖေးဆီသို့ လွှဲပေးလိုက်သည်။ တုလင်ဖေးလည်း ပေလွှာကိုကြည့်လိုက်ပြီး မျက်နှာအမူအရာမှာ တင်းမာသွားသည်။

” လောချိန်မျိုးနွယ်စု….” သူမက အနည်းငယ်ကြာသောအခါ ရေရွတ်လိုက်သည်။ ထို့နောက်သူမကနောက်သို့လှည့်ကာ ကြယ်ကြွေတောင်၏ အတွင်းထဲသို့ ငေးကြည့်လိုက်သည်။

ဤတောင်များမှာ အလွန်ကြီးမားပြီး မရေမတွက်နိုင်သော သဘာဝသယံဇာတများဖြင့် ပြည့်နှက်နေသည်။ထို့အပြင် တည်နေရာမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်၏ အစွန်းဆုံးတွင်ရှိပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ထိုနေရာတစ်ဝိုက်ကို အစောင့်ချထားမည်မှာ အမှန်ပင်။ ထိုအစောင့်များမှာ လောချိန်မျိုးနွယ်စုပင်ဖြစ်သ​ည်။

လောချိန်မျိုးနွယ်စုမှာ အသင့်အတင့်ကြီးမားသော မျိုးနွယ်စုတစ်ခုဖြစ်ပြီး ကြယ်ကြွေတောင်များကို ကာကွယ်စောင့်ရှောက်လာသည်မှာ နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်သည်။ ထိုမျိုးနွယ်စု၏ မျိုးဆက်တိုင်းတွင် အခြေခိုင်မာခြင်းအဆင့်ခေါင်းဆောင်များ ပေါ်ထွက်လာစမြဲဖြစ်သည်။ ထိုသို့ခေါင်းဆောင်ကြီးများရှိသည့်အတွက် သူတို့၏ ကာကွယ်စောင့်ရှောက်ရေးတာဝန်များတွင် များစွာအထောက်အကူပြုလေသည်။

ထို့အပြင် တာဝန်ညွှန်ကြားချက်များတွင်လည်း ဂိုဏ်းသားများ အန္တရာယ်တစ်ခုခုနှင့်ကြုံပါက လောချိန်မျိုးနွယ်စုကို ဆက်သွယ်ရန် ရေးထားသ​ည်။

သို့သော်လည်း ဟိုယွင်ဖေး၏ ကျောက်စိမ်းပေလွှာတွင်မူ သက်​သေရှာရန် လောချိန်မျိုးနွယ်စုကို သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့နောက် အဆက်အသွယ်ပြတ်သွားခြင်း ဖြစ်သ​ည်။

” မင်းတို့ရော ဘယ်လိုသဘောရကြလဲ။ ငါတို့ လောချိန်မျိုးနွယ်စုကို သွားပြီး စစ်ဆေးသင့်သလား။” ဖိန်းယန်က ပိုင်ရှောင်ချန်းနှင့် တုလင်ဖေးကို ကြည့်ရင်း မေးလိုက်သ​ည်။

ပိုင်ရှောင်ချန်းက တုံ့ဆိုင်းမနေပဲ ချက်ချင်းပင်ပြန်ဖြေသ​ည်။
” ဂိုဏ်းတူအစ်ကိုဖိန်း၊ ဂိုဏ်းတူအစ်မတု။ ဒီကျောက်စိမ်းပုရပိုက်ကိုရှာတွေ့တာ ကျွန်တော်တို့ရဲ့တာဝန်ပြီးတာပဲလေဗျာ။ ကျွန်တော်တို့ရဲ့ လုံခြုံမှုကိုလည်း ထည့်တွက်သင့်တယ်နော်။ ရှေ့ဆက်သွားလို့ ဘာအကျိုးရှိမှာလဲ။”

ပတ်ဝန်းကျင်တစ်ခုလုံးက သူ့အပေါ် မမြင်နိုင်သော အားများဖြင့် ဖိနှက်နေသည်ဟု ပိုင်ရှောင်ချန်းက ခံစားနေရသည်။

တုလင်ဖေးသည်ကား ခေတ္တမျှ တွေဝေသွားသည်။ သူတို့ ယခုပြန်ပါက စွမ်းဆောင်မှုရမှတ်အနည်းငယ်သာရမည်​ဖြစ်သည်။ ပို၍ စုံစမ်းကြည့်ပြီးမှ ပြန်လျှင် ရမှတ်များများ ပိုရနိုင်သည်။

တုလင်ဖေးတွေဝေနေသည်ကို ဖိန်းယန် သတိထားမိလိုက်ပြီး မျက်မှောင်ကြုံကာတွေးတောလိုက်သ​ည်။ ယခုပြန်ပါက ပိုင်ရှောင်ချန်းကိုသတ်ရန် အခွင့်အရေးနည်းသွားမည်ကို သူ စိုးရိမ်နေသည်။

ခဏအကြာတွင် သူက ဆွဲဆောင်မှုအပြည့်ရှိသောလေသံဖြင့်
” ငါ့အထင်တော့ လောချိန်လူမျိုးစုဆီသွားပြီး နည်းနည်းထပ်စစ်ဆေးတာ ပိုကောင်းမယ်ထင်တယ်။ ဒီလောက်အဝေးကြီးလာပြီးမှ ပြန်လှည့်ရင်ဘာထူးတော့မှာလဲ။ ဂိုဏ်းတူညီလေးဟို ဘာဖြစ်သွားတာလဲဆိုတာသိရရင် လောချိန်လူမျိုးစုဆီက အကူအညီတောင်းပြီး သူ့ကို ဝိုင်းရှာလို့တောင်ရသေးတယ်။ ရှာတွေ့ရင် စွမ်းဆောင်မှုရမှတ်တွေ အများကြီးပိုရမှာ။”

” ပြီးတော့ ကြယ်ကြွေတောင်ရဲ့တောနက်တွေထဲ မသွားသ၍ ငါတို့ဘေးကင်းပါတယ်ကွ။ လောချိန်မျိုးနွယ်စုကို မင်းတို့စိတ်ပူနေတာဆိုရင်တော့ မပူနဲ့။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းပိုင်နက်ထဲမှာရှိတဲ့ ကျင့်ကြံသူအားလုံးကို ဂိုဏ်းကိုသစ္စာဖောက်လို့မရအောင် သူတို့ရဲ့သွေးထဲမှာ အထူးတံဆိပ်တော်တွေ ထည့်ထားပြီးသား။ ငါတို့ကို သူတို့ မလေးမစားဆက်ဆံရဲမှာ မဟုတ်ပါဘူးကွာ။” ဖိန်းယန်က သူ့ဘက်ပါလာအောင် ပြောဆိုရင်း တုလင်ဖေးကို လှမ်းကြည့်လိုက်သ​ည်။

သူမက ခေါင်းငြိမ့်လိုက်သည်။ သူပြောသည့်အရာများမှာ မှန်နေသည်မဟုတ်ပါလော။
” အင်း… လောချိန်မျိုးနွယ်စုဆီသွားပြီး စစ်ဆေးကြည့်ကြတာပေါ့။ ပြောမရဘူး ဂိုဏ်းတူမောင်လေးဟိုက လောချိန်မျိုးနွယ်စုကနေ ထွက်ခွာပြီးမှ ပျောက်သွားတာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်လေ။” သူမက လက်ခံလိုက်သ​ည်။

သူမက ရှေ့ဆက်ရန် သဘောတူလိုက်သောအခါ ဖိန်းယန်က ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းကို အေးစက်စက်ကြည့်လိုက်သည်။

ပိုင်​ရှောင်ချန်းကမူ မျက်မှောင်ကြုံ့လျှက် မကျေမနပ်မေးခွန်းထုတ်လိုက်သ​ည်။ ” တာဝန်ပြီးသွားပြီလေကွာ။ ဘာလို့များ မဆိုင်တာတွေနဲ့ အလုပ်ရှုပ်ခံနေရတာလဲ။”

” နင်အဲ့လောက်မှကြောက်နေရင် ငါတို့နဲ့ လိုက်မလာနဲ့ ” တုလင်ဖေးက စကားကို ခပ်ပြတ်ပြတ်ပြောကာ ပိုင်ရှောင်ချန်းအား အေးစက်စက်တုံ့ပြန်ပြီး လှည့်ထွက်လာတော့သည်။

” ဂိုဏ်းတူညီလေးပိုင်ရာ။ ဒီတာဝန်ရဲ့ စွမ်းဆောင်မှုကို အစ်ကိုက အကဲဖြတ်ရမှာနော်။ တစ်ညီတစ်ညွှတ်ထဲ ဆုံးဖြတ်ချက်ချမှ ပိုအဆင်ပြေမှာလေကွာ။ ညီက အစ်ကိုတို့နဲ့အတူ လိုက်မလာရင် အစ်ကို အကဲဖြတ်ရတာ အခက်တွေ့​တော့မှာပဲ။” ​ဟုဆိုပြီး ဖိန်းယန်က ပဟေဠိ ဆန်ဆန်ပြုံးလိုက်ကာ တုလင်ဖေးနောက်သို့ လိုက်သွားတော့သည်။

သူ၏ အတွေးထဲတွင် ပိုင်ရှောင်ချန်း လိုက်လာလိမ့်မည်ဟု အပိုင်တွက်ထားသည်။ အကယ်၍သူသာလိုက်မလာပါက သူတာဝန်ပျက်ကွက်သည်ကို တုလင်ဖေးလည်းအသိပင်ဖြစ်သည်။ ထိုအခါ တရားစီရင်ရေးဆောင်က တာဝန်ပျက်ကွက်မှုကို အကြောင်းပြု၍ အပြစ်ပေးနိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏မျက်နှာမှာ မည်းမှောင်သွားပြီး နီမြန်းနေသောမျက်လုံးများဖြင့် ဖိန်းယန်ကိုကြည့်ရင်း သူ၏သွေးကြောများထောင်လာတော့သည်။ သေရမှာကြောက်သော်လည်း ဤအချိန်တွင် သူကအခြေအနေကိုထိန်းချုပ်ရန် လိုလာပြီဖြစ်ကြောင်းသိလိုက်သ​ည်။ ဖိန်းယန်နှင့် ကိစ္စကို အရင်ရှင်းမှသာလျှင် သူအေးဆေးနေနိုင်မည်ဟု သူတွေးလ်ိုက်သည်။

” ဖိန်းယန်… မင်းငါ့ကို လာအကျပ်ကိုင်နေတာပဲ။” ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
သူကတစ်ခဏလောက် ငြိမ်သက်လိုက်ပြီးနောက် ခေါင်းငုံ့ကာ တုလင်ဖေးနှင့် ဖန်းယန်နောက်သို့ လိုက်သွားတော့သည်။ မကြာမီ သူတို့အားလုံး တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

၄နာရီကြာသည်အထိ သူတို့မှာ ပြေးလွှားနေရဆဲဖြစ်သ​ည်။ ညနေစောင်းသို့ရောက်လာပြီး နေဝင်လာပြီဖြစ်သဖြင့် တောနက်ကြီးမှာ မှောင်သထက်မှောင်လာသည်။

” ရောက်ပြီဟေ့။” ဖိန်းယန်က ရုတ်တရက်ထပြောလိုက်သ​ည်။ သူတို့သုံးဦးစလုံး ရပ်လိုက်ပြီး တောထဲသို့လှမ်းကြည့်လိုက်ကြသည်။ သူတို့အရှေ့တွင် သစ်ပင်များသိပ်မရှိတော့ပဲ မြေကြီးထဲမှ ထုံးကျောက်ဆောင်များစွာ ထိုးထွက်နေသည်ကို မြင်လိုက်ရသည်။

လူရာချီနေထိုင်နိုင်သော စံအိမ်ကြီးတစ်ခုသဖွယ် စုစည်းထားသည့် အိမ်များစွာကို မြင်ရပေသည်။ ယခုလိုညနေချိန်မျိုးတွင် လူမျိုးနွယ်စုတစ်စုမှာ လှုပ်လှုပ်ရှားရှားဖြစ်နေရမည် ဖြစ်ပါသော်လည်း ထိုစံအိမ်ကြီးမှာမူ မှောင်မဲကာ တိတ်ဆိတ်နေသည်။ ကောင်းကင်ကြီး၏ မဲမှောင်မှုနှင့်ပေါင်းစပ်လိုက်သောအခါ ထိုအိမ်ကြီးမှာ အစွန့်ပစ်ခံထားရသည့်် ပုံစံပင်ပေါက်နေသည်။

အလင်းရောင်ဆိုလို့ ပင်မတံခါးဝတွင်ချိတ်ထားသော မီးအိမ်၂လုံးသာရှိသည်။ လေငြိမ်နေပါသော်လည်း ထိုမီးအိမ်၂လုံးမှာ ရှေ့နောက်ယိမ်းခါနေသဖြင့် သူတို့အောက်ရှိ ကျောက်တုံး ခြင်္သေ့ရုပ်များ၏ အရိပ်မှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

ထိုမြင်ကွင်းကြောင့် ဖိန်းယန်နှင့် တုလင်ဖေးတို့၏မျက်နှာမှာ အရောင်လက်နေတော့သည်။

ပိုင်ရှောင်ချန်းကမူ ထိုစံအိမ်ကြီးကိုကြည့်လိုက်သည်နှင့် အန္တရာယ်များကို ကြိုတင်ခံစားမိနေတော့သ​ည်။ သူ၏ အသားစိုင်များကပါ ကြောက်လန့်လွန်းလှ၍ ထအော်ချင်စိတ်များပေါက်လာသည့် အလားပင်။

ဖိန်းယန်က တုန်ရီနေရင်း ပြောလိုက်သည်။
” တစ်ခုခုတော့လွဲနေ……”
သို့သော်လည်း သူစကားမဆုံးခင်မှာပင် ပင်မတံခါးကြီးက ဝုန်းခနဲပွင့်လာပြီး လေပြင်းတစ်ခု တိုက်ခတ်သွားသည်။ တစ်ချိန်ထဲမှာပင် ထိုတံခါးမှ လူရိပ်တစ်ခု တိတ်တဆိတ်ပေါ်ထွက်လာ၏။


Comment

Leave a Reply

Options

not work with dark mode
Reset