Switch Mode

အခန်း ( ၄၈ )

ကြီးမားကျယ်ပြန့်သော ကမ္ဘာ

တစ်ရက်အတွင်းမှာပင် ဝိညာဉ်ကျောက်တုံးတစ်တုံး သုံး၍ကုန်သွားသည်။ ဖိန်းယန်က လေဟုန်စီးလှေငယ် ကိုသိမ်းလိုက်ပြီးနောက် သုံးယောက်သား တောင်ထိပ်တစ်ခုတွင် ရပ်ရင်း အနောက်ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ နေလုံးကြီး ဝင်ရောက်ပျောက်ကွယ်နေသည်ကို ငေးမောကြည့်နေမိသည်။ မကြာမီပင် အမှောင်ထုက လောကတစ်ခွင်ကို ခြံုလွှားလာသည်။

တောင်ခြေတွင် တောကောင်များ၏ အော်သံများ ပဲ့တင်ထပ်နေသော တောအုပ်တစ်အုပ်ရှိနေသည်။ ထိုတောအုပ်မှာ အလွန်သိပ်သည်းပြီး လေထုစိုထိုင်းဆကလည်း မြင့်မားသည်။

” ဒီတောအုပ်ကို ကျော်မှပဲ နားကြတာပေါ့…. ” ဖိန်းယန်က တည်ငြိမ်စွာပြောပြီး ပိုင်ရှောင်ချန်းနှင် တုလင်ဖေးကို ကြည့်ကာ

” မင်းတို့နှစ်ယောက်ကော ဘယ်လိုသဘောရလဲ…. ”

” အခုက မှောင်နေပြီဗျ ” ရှောင်ချန်းက ထောက်ပြသည်။

” ပြီးတော့ တောထဲမှာ အန္တရာယ်ရှိတဲ့ သားကောင်တွေလည်း ရှိနေနိုင်တယ်။ ဒီတောအုပ်ပေါ်ကနေ လှေလေးနဲ့ လေဟုန်စီးပြီး ကျော်သွားလိုက်ရင်ကော…. ”

” နင်နားချင်ရင် တစ်ယောက်ထဲနားနေခဲ့… ” တုလင်ဖေးက စိတ်မရှည်ဟန်နှင့်ပြောလိုက်သည်။

” ဘာမှ မဟုတ်တဲ့ သစ်ပင်လေးတွေလောက်ကို… ” သေမှာအရမ်းကြောက်သော ရှောင်ချန်းကို အမြင်ကပ်ကပ်ဖြင့် တော့အုပ်ဆီသိုထွက်လာခဲ့သည်။

ဖိန်းယန်၏မျက်နှာတွင် မုန်းတီးသည့်အငွေ့အသက်တချို့ ထွက်လာသော်လည်း ဟန်ဆောင်ပြုံးကာ တောင်အောက်ဆင်းလာခဲ့သည်။

နှစ်ယောက်လုံးထွက်သွားသည်ကို မျက်မှောင်ကုတ်ကုတ်နှင့်ကြည့်ရင်း ရှောင်ချန်းတစ်ယောက်တည်း ကျန်နေခဲ့သည်။ နောက်ဆုံး ဆက်မနေသာတော့ဘဲ သက်ပြင်းချကာ သတိဝီရိယရှိရှိဖြင့် တောင်ခြေတောအုပ်ဆီဆင်းလာခဲ့သည်။

တောနက်လာသည်နှင့် စိုထိုင်းဆကလည်း မြင့်လာပြီး အချို့နေရာများတွင် နွံအိုင်များနှင့် စိမ့်မြေများကိုပင် တွေ့ရသည်။ တိရိစ္ဆာန်တစ်ကောင် နှစ်ကောင်ကို တွေ့ရသော်လည်း ချီစုစည်းမှု အဆင့်သုံးလောက်သာရှိသည်။ တောနက်သထက်နက်လာသည်အထိ အရှိန်မလျော့ပဲ ခရီးဆက်ခဲ့ကြသည်။

ခရီးနှင်လာကြရာ ညဉ့်နက်၍ လပင် အတော်မြင့်လာချိန်တွင် တော့အုပ်အလယ်အထိရောက်လာသည်။ ယခုအချိန်ထိ အန္တရာယ်ရှိသော သားကောင်ကို မတွေ့ရဘဲ အရာအားလုံးက ချောမွေ့နေ၏။ သို့သော် ပိုင်ရှောင်ချန်းက နောက်ဆုံးမှလိုက်လာပြီး တိုးညင်းသောအသံလေးကိုပင် သည်းသည်းလှုပ်လန့်နေသောကြောင့် တုလင်ဖေးက ပိုမိုမျက်မုန်းကျိုးလာသည်။

” ခဏ… သတိထားကြ” ရှောင်ချန်းက တုန့်ခနဲရပ်ကာ မျက်နှာပျက်ပျက်နှင့်ပြောလိုက်သည်။

တုလင်ဖေးသည် အေးတိအေးစက်ရယ်၍ လှောင်ရန်ကြံလိုက်ချိန်မှာပင် လေအေးတစ်ချက်နှင့်အတူ အနံ့ပြင်းပြင်းတစ်ခုကို ရလိုက်သည်။ ထို့အခါမှ ကျောချမ်းသလို ဖြစ်ကာ လှည့်ကြည့်လိုက်ရာ. သူတို့ကို စိုက်ကြည့်နေသည့် မရေမတွက်နိုင်သော မျက်လုံးများကို တွေ့မြင်လိုက်ရသည်။

မျက်လုံးတွေမှာ နီရဲနေပြီး မှင်တက်ကာကြည့်နေချိန်မှာပင် အတောင်ပံခတ်သံတချို့ကိုကြားလိုက်ရသည်။ ထို့နောက် လက်တစ်ဝါးစာခန့်ရှိသော လင်းနို့များက သူ့တို့ဆီသို့ တစ်ရှိန်ထိုး ပျံသန်းလာကြ၏။

” ခေါင်းနှစ်လုံးလင်းနို့တွေ…. ” ဟု ဖိန်းယန်က အော်ဟစ်လိုက်သည်။

” အဲ့ဒီကောင်တွေက လည်မျိုကိုဖောက်ပြီး သွေးတွေခမ်းခြောက်သည်အထိ စုပ်ယူတတ်တယ်။ အခုလူစုခွဲမယ်၊ တောအုပ်အထွက်က တောင်ထိပ်မှာ ပြန်ဆုံမယ်…. ” ဟုပြောပြီးနောက် အမြန်ဆုံးသော အလျင်နှင့် ဦးအောင်ပြေးတော့သည်။

တုလင်ဖေး၏မျက်လုံးအိမ်များကျဉ်းမြောင်းသွားပြီး လက်ကိုဝှေ့ယမ်းလိုက်ကာ စာရွက်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုစာရွက် လောင်ကျွမ်းသွားပြီးနောက် အပြာရောင်အလင်းတန်းတစ်ခု ထွက်လာကာ တုလင်ဖေး၏ ခန္ဓာကိုယ်ကို ဝန်းရံကာ ဒိုင်းသဖွယ်ကာကွယ်ပေးလာ၏။ ထိုအလင်းတန်းမှာ အကာအကွယ်ပေးရုံသာမက တုလင်ဖေး၏ အပြေးနှုန်းကိုပါ မြင့်တက်လာစေသည်။ သူမက ဖိန်းယန်နှင့်မတူသောဘက်သို့ ထွက်ပြေးလာပြီးမှ ရှောင်ချန်းကိုသတိရ၍ လှမ်းကြည့်လိုက်ရာ ရှောင်ချန်းက ဘယ်အချိန်ကတည်းက ထွက်ပြေးနှင့်သည်မသိ အမြီးပင်မမြင်ရတော့ချေ။

လေတိုက်လိုက်တည်းက ရှောင်ချန်းသည် ထွက်ပြေးလိုက်ပြီဖြစ်၏။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းက အလွန်သတိကောင်းပြီး အန္တရာယ်ကို သိမြင်နိုင်သူဖြစ်သည်။

သို့သော် သူလျင်မြန်စွာပြေးသည့်တိုင် လင်းနို့များကလည်းဇွဲနပဲကြီးစွာပင် လိုက်နေဆဲဖြစ်သည်။ ထို့နောက် လင်းနို့တွေက အုပ်စုသုံးစုကွဲသွားကာ ပိုင်ရှောင်ချန်းတို့နောက်သို့ လိုက်လေ၏။

ဖိန်းယန်သည် ပြေးလာရင်း ကျန်လူများနှင့် အလှမ်းဝေးသော နေရာရောက်မှ အေးစက်စက်ပြုံးကာ သူကိုင်ထားသော အမွှေးတိုင်ကို ပြန်သိမ်းလိုက်သည်။ အမှန်တကယ်တော့ ထိုအမွှေးတိုင်က လင်းနို့များကို စွဲဆောင်နိုင်၏။ ထို့ကြောင့်လည်း ခေါင်းနှစ်လုံးလင်းနို့များရှိနေနိုင်သော တောအုပ်ကို ရည်ရွယ်ချက်ရှိရှိခေါ်လာခဲ့ခြင်းဖြစ်သည်။

” ဒီလင်းနို့တွေက ချီစုစည်းမှု အဆင့်သုံးလောက်တော့ရှိတယ်။ ပိုင်ရှောင်ချန်း… မင်းကိုသေစေချင်တဲ့သူရှိနေတော့ ငါ့ကိုအပြစ်မတင်ပါနဲ့ကွာ ဟားဟား….” သူက အေးစက်စက် ရယ်မောရင်း အိတ်ထဲမှ သစ်သားချောင်းတစ်ချောင်းကို ထုတ်လိုက်သည်။ လေမှုတ်၍ မန်းလိုက်ရာ တုတ်ချောင်မှာ အနက်ရောင် မီးလျံှများ တောက်လောင်လာသည်။ ထိုမီးလျံများကို လင်းနို့များ ခံနိုင်ရည်မရှိဘဲ စူးစူးဝါးဝါးအော်ဟစ်ကာ အကွဲကွဲ အပြဲပြဲဖြင့် ထွက်ပြေးကြတော့သည်။

ထို့နောက် ဖိန်းယန်လည်း ပြုံးကာ အေးအေးလူလူပင် ခရီးဆက်ခဲ့သည်။

ပိုင်ရှောင်ချန်းမှာမူ တော့အုပ်ထဲတွင် လင်းနို့များဆီမှ အသည်းအသန်ပြေးနေရဆဲပင်။ လင်းနို့များက အလွန်လျင်မြန်သော်လည်း ရှောင်ချန်း၏ အမြန်နှုန်းကို လိုက်မီရန် မဖြစ်နိုင်သောကြောင့် များမကြာမီ အကွာအဝေးတစ်ခုထိရောက်သောအခါ မျက်ခြေဖြတ်လိုက်နိုင်သည်။ ရံဖန်ရံခါ ညအမှောင်တွင် ဓားရိပ်တစ်ခု ပေါ်လာတိုင်း စူးရှကျယ်လောင်သော အော်သံနှင့်အတူ လင်းနို့တစ်ကောင် ဇီဝိန်ချုပ်သွားတတ်သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစေလောက်သော အချိန်ပမာဏလောက် ပြေးလာပြီးနောက် နောက်ဘက်ကို ပြန်လှည့်ကြည့်ကာ သူမျက်မှောင်ကျုံ့စဉ်းစားမိသည်။

” ဒီလင်းနို့တွေ ခုလိုရုတ်တရက်ကြီး ရောက်လာတာ ထူးတော့ထူးဆန်းနေတယ်… ” နောက်ကို နည်းနည်းပြန်လျှောက်လာပြီးနောက် သူသတ်ထားသော လင်းနို့ကို ကောက်ကာ အနီးကပ်စစ်ကြည့်ပြီးနောက် ရှောင်ချန်း၏မျက်လုံးများ တောက်ပလာသည်။

” ဒါ… သာမန် ခေါင်းနှစ်လုံးလင်းနို့တွေမဟုတ်ဘူးပဲ… ဒီလင်းနို့တွေက ခရမ်းသွေးကြောလင်းနို့တွေပဲ…..နှစ်မျိုးလုံးက အဆိပ်ပြင်းတာချင်းတူပေမယ့် ခရမ်းသွေးကြော လင်းနို့တွေရဲ့ အစွယ်က အဆင့်နှစ် သွေးပူဆေးအမွှေးတိုင် ဖော်စပ်ရာမှာ အဓိကပါဝင်ပစ္စည်းပဲ… ”

“ဂိုဏ်းကိုပြန်ရောက်ရင် ဒီလိုအစွယ်တွေကို စွမ်းဆောင်ရည်ရမှတ် ငါးဆယ်လောက်နဲ့ ပြန်ရောင်းလို့ရတယ်..” ပိုင်ရှောင်ချန်း သူ့အကြံကိုသူ ကျေနပ်ကာ ရယ်မောလိုက်သည်။ လူတော်တော်များများက သည်လင်းနို့အမျိုးအစားများကို ဝိညာဉ်သတ္တဝါကျမ်း ငါးတွဲမြောက်တွင် ထည့်သွင်းထားသောကြောင့် သတိမထားမိကြချေ။

ထို့နောက် သူသည် ဝမ်းသာအားရဖြင့် လင်းနို့အသေများကို ပြန်လိုက်စုရာ ခဏအတွင်းပင် ဆယ်ကောင်လောက် စုမိသည်။ လင်းနို့အသေများမှ အစွယ်ကိုသာ ချိုးယူကာ အိတ်ထဲထည့်လာခဲ့သည်။

” ဒီလင်းနို့တွေက သိပ်တော့ ကြောက်စရာမကောင်းပါဘူး…. ” ထို့နောက် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး တောအုပ်ထဲပြန်ဝင်ကာ လင်းနို့ အရှာထွက်တော့သည်။ များမကြာမီ ခရမ်းသွေးကြော လင်းနို့အုပ်ကြီးတစ်အုပ် သူဆီသို့ တဟုန်ထိုးပျံသန်းလာ၏။

ညာဘက်လက်ဖြင့် လက်ကွက်ဖော်ကာ ဓားပျံတစ်လက်ကို လင်းနို့အုပ်ကြီးတည့်တည့်သို့ ပစ်လွှတ်လိုက်သည်။ ဓားပျံမှာ လျှပ်စီးလက်သည့်အလား မြန်ဆန်သောအလျင်ဖြင့် တိုးဝင်တိုက်ခိုက်ရာ လင်းနို့အုပ်ထဲတွင် ကမ္ဘာပျက်သည့်အလား စူးစူးဝါးအော်သံများနှင့် ဆူညံသွားကာ တစ်ကောင်ပြီးတစ်ကောင် မြေပေါ် ပြုတ်ကျလာသည်။ ဓားပျံ၏တိုက်ခိုက်မှုမှ လွတ်၍ ကျွံထွက်လာသော လင်းနို့များမှာလည်း ရှောင်ချန်း၏ အကာအကွယ်နှင့် တိုက်မိပြီး အဝေးသို့ လွှင့်ပစ်လိုက်သလို လွင့်စင်သွားသည်။

ရှောင်ချန်းသည် အန္တရာယ်မရှိတော့မှန်း သေချာမှ စိတ်အေးလက်အေးဖြင့် လင်းနို့သေများကို လိုက်ကောက်ပြီးနောက် ရင်ကော့ခေါင်းမော့ကာ နောက်ထပ်လင်းနို့အစွယ် လိုက်ရှာရန် တောထဲထပ်ဝင်သွားသည်။ တောထဲဆက်သွားလေလေ သူ့အိတ်ထဲတွင် အစွယ်များ ပိုပြည့်လာလေဖြစ်သည်။

လေးနာရီလောက်အကြာတွင် ဖိန်းယန်သည် တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့ပြီး ဆုံမှတ်ဖြစ်သော တောင်ထိပ်သို့ ရောက်ရှိလာသည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ချလိုက်ကာ စိတ်ကျေနပ်နေသော အပြုံးနှင့် ထိုင်စောင့်နေလိုက်သည်။

နောက်နှစ်နာရီ အကြာလောက်တွင်တော့ တုလင်ဖေးလည်း သစ်ပင်ချုံနွယ်များကြားမှ ထွက်လာကာ အဝတ်အစားများလည်း ညစ်ပေစုတ်ပြဲလာသည်။ စိုးရိမ်ထိတ်လန့်ကာ တောထဲသို့ လှည့်ကြည့်လှည့်ကြည့်လုပ်ရင်း လျှောက်လာရာ ဖိန်းယန်းဆီရောက်လာသည်။

” ပိုင်ရှောင်ချန်းကော ပြန်မရောက်သေးဘူးလား….. ”

ဖိန်းယန်က စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချကာ ခေါင်းခါပြကာ

“ညီငယ်ပိုင်အတွက် ဆုတောင်းပေးရုံကလွဲပီး ဘာမှလုပ်မပေးနိုင်တော့ဘူး။ ခေါင်းနှစ်လုံးလင်းနို့တွေဆိုတာလဲ ညသတ္တဝါဖြစ်နေတော့ အခုနေ သူကိုသွားရှာရင် အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်…. ” သဘာဝကျစေရန်အတွက် အနားမယူဘဲ ပိုင်ရှောင်ချန်းပြန်လာမည့် တောလမ်းဘက်ဆီ တမျှော်မျှော်လုပ်ပြကာ ဟန်ဆောင်လိုက်သည်။

တုလင်ဖေးကတော့ စကားပင်မပြောနိုင်တော့သောကြောင့် နှုတ်ဆိတ်နေလိုက်သည်။ သူမက ပိုင်ရှောင်ချန်းကို မုန်းသော်လည်း သေစေချင်လောက်သည်ထိတော့မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် တစ်ဂိုဏ်းတည်းသားအချင်း မမုန်းနိုင်ချေ။ သို့သော် ယခုအခြေအနေတွင် ဘာမှမတတ်နိုင်သောကြောင့် တင်ပျဉ်ခွေထိုင်ကာ တောအုပ်ဘက်ဆီသို့ စောင့်မျှော်ကြည့်ရှုနေ၏။

မနက်အရုဏ်တက်သည်အထိ ရှောင်ချန်း ပြန်မရောက်လာခဲ့ပေ။

တစ်ညလုံးစောင့်ခဲ့သော်လည်း ရှောင်ချန်းရောက်မလာခဲ့သောကြောင့် တုလင်ဖေးမှာ စိတ်မသက်မသာဖြစ်လာသည်။

ဖိန်းယန်က မတ်တတ်ရပ်လိုက်၏။ သူ့မျက်လုံးတွေနီရဲလာကာ တောအုပ်ဘက်သို့ကြည့်လိုက်ရင်း

” ခုချိန်ထိ ပြန်မလာနိုင်သေးတာကို ထောက်ရင် သူဒုက္ခရောက်ခဲ့ပြီထင်တယ်။ ဒါတွေအားလုံးက ငါ့အမှားပဲ… ငါသာ ဒီတောအုပ်ကို ဖြတ်ဖို့ မစီစဉ်ခဲ့ရင် ညီလေးရှောင်ချန်း ခုလို…. ခုလို.. ”

“အစ်ကိုကြီးဖိန်း ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့… ” တုလင်ဖေးက ဖြောင်းဖြလိုက်သည်။

” ဘယ်သူကတော့ ခေါင်းနှစ်လုံး လင်းနို့တွေရှိမှန်းသိရက်နဲ့ ခုလိုလုပ်မလဲ။ပြီးတော့ ပိုင်ရှောင်ချန်းသေပြီလို့လည်း တပ်အပ်ပြောလို့မရသေးဘူးလေ။ တကယ်လို့ သေခဲ့တယ်ဆိုရင်လည်း ဂိုဏ်းသားတစ်ယောက်အနေနဲ့ သူ့ကိုသင်္ဂြု ိလ်ဖို့အတွက် သူ့အလောင်းကို ပြန်သွားရှာရမယ်… ” တုလင်ဖေးစိတ်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေ၏။ ပိုင်ရှောင်ချန်းကို အမြင်ကပ်သော်လည်း ဘာရန်ငြိုးရန်စမှ မရှိသောကြောင့် ယခုကဲ့သို့ဖြစ်သွားခြင်းအတွက် စိတ်မကောင်းဖြစ်မိသည်။

ဖိန်းယန်လည်း သက်ပြင်းချကာ လေးလေးနက်နက်ဟန်ဖြင့် ခေါင်းငြိမ့်ထောက်ခံသည်။

” ညီမလေး ပြောတာမှန်တယ်….. ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူ့ကို ဒီအတိုင်း ပစ်မထားခဲ့နိုင်ဘူး….”.

ထို့နောက် သူတို့နှစ်ယောက်သည် ရှောင်ချန်းကို ရှာဖို့ တောအုပ်ထဲသို့ ပြန်သွားရန် ပြင်ဆင်လိုက်ကြသည်။

ထိုစဉ် တောထဲမှ သမ်းတစ်ဝါးဝါးဖြင့် ပိုင်ရှောင်ချန်း ထွက်လာလေသည်။ တောအစပ်သို့ ရောက်ချိန်တွင် အပျင်းကြောပင် ဆန့်နေသေးသည်။

တုလင်ဖေးမှာ မျက်လုံးပြူ းသွားသည်။ ဖိန်းယန်ဆိုလျှင် ရှောင်ချန်းတောင်ပေါ်တက်လာသည်ကို ကြည့်ရင်း သရဲပဲမြင်နေရသလို သူ့မျက်လုံးသူ မယုံနိုင်ဖြစ်နေသည်။

ဖိန်းယန်နှင့် တုလင်ဖေးတို့ကသာ တစ်ညလုံး မအိပ်ပဲစောင့်ခဲ့ရသောကြောင့် နွမ်းနယ်နေပုံပေါက်သော်လည်း ရှောင်ချန်းကမူ အခုမှ အိပ်ရေးဝဝအိပ်ပြီး နိုးလာသူနစ်ယောက်ကဲ့သို့ လန်းဆန်းအားပြည့်နေသည်။

မကြာမီ ရှောင်ချန်းလည်း တောင်ပေါ်တက်ရောက်လာပြီး ကြောင်ကြည့်နေသူ နှစ်ယောက်ကိုမြင်မှ မြန်မြန်လျှောက်လာပြီး

” ကောင်းသော မနက်ခင်းပါ အစ်ကိုကြီးဖိန်းနဲ့ အစ်မတော်တု။ တောလမ်းခရီးက ကြောက်ဖို့ကောင်းချက်ပဲဗျို့ ကျုပ်ရဲ့ မရှိမဲ့ရှိမဲ့ အသက်ကလေး ပါသွားတော့မလို့……”

အမှန်တကယ်တွင် ပိုင်ရှောင်ချန်းသည် ညကတော်တော်ဇိမ်ကျနေခဲ့သည်။ တစ်တောလုံး လင်းနို့အစွယ်လိုက်စုရင်း မြိုးမြိုးမြတ်မြတ်ရခဲ့သည့်အပြင် နောက်ဆုံးလင်းနို့ဂူထိရောက်သွားကာ ဂူထဲမှာပင် တစ်ညအိပ်ရေးဝဝ ဝင်အိပ်လိုက်သေးသည်။

တုလင်ဖေး၏မျက်နှာ တွန့်ခေါက်သွားပြီး ပိုင်ရှောင်ချန်းကို စူးစူးဝါးဝါးကြည့်လိုက်သည်။ သူမ၏ရင်ထဲတွင် ပိုင်ရှောင်ချန်းနှင့်ပတ်သက်ပြီး ရှုပ်ထွေးနေခဲ့သော ခံစားချက်များ မူလနေရာမှန်ပြန်ရောက်သွားကာ ညကစိုးရိမ်တကြီးစောင့်ခဲ့မိသည်ကို ပြန်တွေးမိတိုင်း တနုံ့နုံ့မကျေမချမ်းဖြစ်နေသည်။

ဖိန်းယန်ကတော့ စိတ်ပျက်မှုကို ဖုံးကွယ်ကာ ဝမ်သာအားရဖြင့်

” ညီလေးပိုင် ခုလိုဘေးကင်းတာ ဝမ်းသာလိုက်တာ။ အစ်ကိုတို့က တစ်ညလုံး စိတ်ပူနေကြတာ……. ”

ပိုင်ရှောင်ချန်း တစ်ချက်ရယ်မိသည်။ သူ့အသွင်က အပြင်ပန်းတွင် သာမန်သာဖြစ်သော်လည်း သူ့မျက်လုံးတွေထဲမှာ အေးစက်စက်အလင်းရောင်တစ်ချက် လက်သွား၏။

အနည်းငယ် နားပြီးနောက် သုံးယောက်လုံး ခရီးဆက်ကြသည်။ ဖြစ်ပျက်ခဲ့သသည် သင်ခန်းစာယူ၍ ပိုင်ရှောင်ချန်းက ညဘက်တွင် ဝေဟင်ခရီးသွား၍ နေ့ဘက်တွင် လမ်းလျှောက်သွားရန် တိုက်တွန်းလေသည်။ ယခုတစ်ကြိမ်တွင် တုလင်ဖေးသည်လည်း ရှောင်ချန်းနှင့် တစ်သဘောတည်းဖြစ်နေသောကြောင့် ဖိန်းယန်မှာ မငြင်းသာဘဲ ခေါင်းငြိမ့်လိုက်ရသည်။

ထို့နောက် ကောင်းကင်တံတားမြစ်တစ်လျှောက် ခရီးနှင်လာခဲ့သည်။

တစ်လမျှထိ အချိန်ကုန်လွန်လာခဲ့သည်။

ပိုင်ရှောင်ချန်းမှာ ယခုအချိန်ထိ ဤမျှဝေးဝေးလံလံ မရောက်ဖူးပေ။ တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်သန်းခဲ့ရသော်လည်း လူသူအရိပ်အရောင် ဟူ၍မမြင်ရ။ မြင်မြင်သမျှမှာ သီးခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသလိုပင်။

ခရီးလမ်းတစ်နေရာတွင်တော့ မြေပြင်တစ်ခုလုံး တုန်ခါသွားသောကြောင့် အဝေးတစ်နေရာရှိ တောင်တန်းများဆီ လှမ်းကြည့်လိုက်ရာ ပါးစပ်အဟောင်းသားဖြစ်မိသည်။ အမွှေးထူထူ ဧရာမလူဘီလူးကြီးတစ်ကောင်၏ ခြေလှမ်းတိုင်းတွင် မဟာပထဝီမြေကြီးတစ်ခုလုံး တုန်လှုပ်နေခြင်းဖြစ်သည်။

လူ့ဘီလူးကြီး၏ မြင်ကွင်းမှာ ပိုင်ရှောင်ချန်းအတွက် အံသြမှင်သက်ဖွယ်ပင်။

တစ်ည ဝေဟင်တွင် ပျံသန်းနေစဉ် လျှပ်စီးအလင်းများကြားတွင် မွှေးရနံတိမ်တောင်အရွယ်မျှရှိသော ငှက်ကြီးတစ်ကောင်ကို မြင်ရသေးသည်။ ငှက်ကြီး လေဟုန်စီးနေစဉ် တစ်လျှောက်လုံးတွင် ခန္ဓာကိုယ်မှ လျှပ်စီးများ အသွယ်သွယ် ဖြာထွက်နေ၏။ ညအချိန်တွင် ဧရာမလျှပ်စီးငှက်ကြီးကို မြင်ရခြင်းမှာ အဆန်းကျယ်နိုင်ဆုံးသော အိပ်မက်တစ်ခုထက်ပင် ဆန်းကျယ်လှပေသည်။

လုံးဝမေ့ဖျောက်မရသော မြင်ကွင်းတစ်ခုကတော့ နေ့ခင်းဘက် မြစ်၏ တောင်ဘက်ကမ်းပါးယံတွင် ခေါင်းကပင် တောင်ကြီးတစ်လုံးစာမျှရှိသော ခြေလေးချောင်း သတ္တဝါဆန်းကြီးကို ကြည့်နေစဉ်အဖြစ်အပျက်ပင်ဖြစ်သည်။ သတ္တဝါကြီးကို တအံတသြကြည့်နေစဉ်မှာပင် ကောင်းကင်တံတားမြစ်ထဲမှ မီတာသုံးသောင်းခန့်ရှည်သော ရွှေရောင်မိချောင်းကြီးတစ်ကောင် ထွက်ပေါ်လာပြီး သတ္တဝါဆန်းကြီးကို ဖမ်းယူကာ ရေထဲသို့ ဆွဲသွားလေသည်။ မိချောင်းကြီးက ရေထဲပြန်မငုပ်သွားခင် ရှောင်ချန်းတို့သုံးယောက်ကို ရေခဲ့တမျှ အေးစက်ကျောချမ်းဖွယ် အကြည့်နှင့် ကြည့်သွားလိုက်သေးသည်။

ထိုအကြည့်တစ်ချက်မှာပင် သုံးယောက်သား ကျောက်ရုပ်များပမာ အေးခဲသွားပြီး ကြောက်ဒူးတုန်မိကြသည်။ သွေးများ ငယ်ထိပ်ထိတက်နေလောက်သည်အထိ ခြောက်ခြားမိရာ စိတ်ပြန်တည်ငြိမ်ဖို့ပင် တော်တော်ထိန်းယူခဲ့ရသည်။

ပိုင်ရှောင်ချန်းလည်း ကြက်သီးတဖြန်းဖြန်းထကာ ရေရွတ်လိုက်သည်။

” ကြောက်စရာကောင်းလိုက်တာ…. ပြင်ပလောကကြီးက တကယ့်ကြောက်စရာပဲ… “


Comment

Leave a Reply

Options

not work with dark mode
Reset