Switch Mode

အခန်း ( ၄၆ )

တရားစီရင်ရေးဆောင်၏ တာဝန်တစ်ရပ်

အမိန့်ပေး အမှတ်တံဆိပ်ဆွဲပြားမှာ နက်မှောင်နေပြီး အလယ်တည့်တည့်တွင် ညှို့မှိုင်းမှိုင်းအခိုးအငွေ့များထွက်နေသော ‘တရားမျှတမှု’ ဆိုသည့် စာလုံးပါသည်။

ပိုင်ရှောင်ချန်းက ထိုဆွဲပြားကို တုန်ယင်စွာကြည့်နေစဥ်မှာပင် အလုပ်ရုံထဲတွင် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

” အပြင်စည်းဂိုဏ်းသား ပိုင်ရှောင်ချန်း။ တရားစီရင်ရေးအဆောင် ကနေဦးစီးဆောင်ရွက်ခဲ့တဲ့ စစ်ဆေးမှုအရ ဂိုဏ်းမှာနှစ်ပေါင်းများစွာရှိပြီးတာတောင်မှ မင်းက စိတ်စွမ်းအင်အပင်စိုက်တဲ့တာဝန်တစ်ခုကိုပဲလုပ်ရသေးတယ်။ ဒီလိုမျိုး ဂိုဏ်းစည်းကမ်းဖောက်တဲ့အတွက် နောက်သုံးရက်မှာ ဂိုဏ်းပြင်ပတာဝန်တစ်ခုကို မဖြစ်မနေ ထမ်းရွက်ရမယ်။”

ထိုအေးစက်စက်ရန်လိုသောလေသံနှင့် ပြောသောစကားများအရ ပိုင်ရှောင်ချန်းသာပြောသည့်အတိုင်း မလိုက်နာပါက အပြင်းထန်ဆုံးဒဏ်တပ်ရမည်မှာ အသေအချာပင်။

” တရားစီရင်ရေးအဆောင်လား ” ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားပြီး နှလုံးခုန်နှုန်းမြန်လာသည်။ တချိန်ထဲမှာပင် အမိန့်ပေး အမှတ်တံဆိပ်ဆွဲပြားက အနက်ရောင်တောက်ပကာ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ပိုင်ရှောင်ချန်းက ခံစားမှုပေါင်းစုံရောယှက်နေသောမျက်နှာထားဖြင့် သူ၏ဆွဲပြားကို ဆွဲထုတ်လိုက်သည်။ ထိုအခါ ဆွဲပြားတွင် မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်တစ်ခုတိုးလာသည်ကို တွေ့လိုက်ရသည်။

နှစ်စဥ် သတ်မှတ်ချက်အတိုင်း ဂိုဏ်းသားအားလုံးက တာဝန်များကိုထန်းဆောင်ရမည်ဆိုသောအချက်ကို သူကလုံးဝမေ့နေခြင်းဖြစ်သည်။ သို့သော်လည်း တရားစီရင်ရေးအဆောင်မှ ယခုလိုဗြုန်းစားကြီး အမိန့်ပေး အမှတ်တံဆိပ်ဆွဲပြားကိုပို့ကာ ခိုင်းစေသည်ကိုမူ ထူးဆန်းသည်ဟု ပိုင်ရှောင်ချန်းတွေးနေတော့သည်။

အချိန်အနည်းငယ်ကြာသောအခါ အလုပ်ရုံထဲမှထွက်ပြီး ဆေးဖော်စပ်အဆောင်၏ အပြင်သို့ထွက်ကာ တောင်ထိပ်ပေါ်သို့ သူ ဦးတည်သွားလိုက်သည်။

” တစ်ခုခုတော့ လွဲနေပြီ။ ဘာလို့များ ငါဒီကိစ္စနဲ့ပတ်သတ်ပြီး ကျောချမ်းနေရတာလဲ ကဲ…ထားပါတော့။ ဂိုဏ်းမှာငါရောက်နေတာကြာလှပြီ။ တစ်ခါမှလည်း ဂိုဏ်းချုပ်ကိုသွားမတွေ့ဖူးဘူး။ အခုအရိုအသေသွားပေးမှပဲ။ ဘာတွေများဖြစ်ပျက်နေတာလဲ သွားမေးစမ်းကြည့်မှပါ။” တောင်တက်လမ်းတစ်လျှောက် ပိုင်ရှောင်ချန်းမှာ အတွေးများထဲတွင် နစ်မျောနေသည်။ နောက်ဆုံးတွင် လီချင်းဟောက်၏ တာအိုလက်ထောက်နှင့်သာတွေ့လိုက်ရပြီး လီချင်းဟောက်မှာ ဂိုဏ်းအပြင်သို့ရောက်နေတာ လပေါင်းများစွာကြာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

ပိုင်ရှောင်ချန်းမှာ အင်မတန် စိတ်ညစ်ကာ တုန်လှုပ်သွားတော့သည်။ ဆေးဖော်စပ်ဆောင်သို့ တန်းမပြန်ဘဲ ရွှီပေါက်ချိုင်ကို လိုက်ရှာလေသည်။ ဤဂိုဏ်းထဲတွင် ဖြစ်ပျက်နေသည်များကို ရွှီပေါက်ချိုင်က သိသည့်အတွက် ယခုကိစ္စတွင်လည်း အကြံအနည်းငယ်ပေးနိုင်မည် မဟုတ်ပါလော။

ရွှီပေါက်ချိုင်မှာလည်း အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်သေးပြီး ပိုင်ရှောင်ချန်းနှင့် မတူညီသောနေရာတွင် နေထိုင်သည်။ အချိန်မှာ ညနေခင်းဝင်ချိန်ဖြစ်၍ အပြင်ထွက်သူများများစားစား မရှိတော့ပေ။ မကြာမီပင် ရွှီပေါက်ချိုင်၏ ခြံဝန်းအပြင်ဘက်သို့ ပိုင်ရှောင်ချန်း ရောက်ရှိသွားသည်။

သူ၏အိမ်မှာ ပိုင်ရှောင်ချန်း၏အိမ်လိုမျိုး ခေါင်းပါးသောနေရာတွင်တည်ရှိသည်မဟုတ်ပဲ ဘေးနားတွင် ၇အိမ်၈အိမ်လောက် ရှိသေးသည်။ မှောင်ရီစပြုလာပြီဖြစ်၍ ခြံဝန်းများထဲမှ မီးရောင်များကို လှမ်း၍မြင်နိုင်သည်။

ပိုင်ရှောင်ချန်းက သူရောက်လာသည်ကိုမသိသာစေရန် ခေါင်းကိုငုံ့ကာသွားလိုက်သည်။ ထို့နောက် ပင်မတံခါးကြီးကို မခေါက်ပဲ နံရံပေါ်မှကျော်တက်လိုက်၏။ ထိုအခါ သူ၏မှတ်စုစာအုပ်လေးကို ကြည့်ကာ ဟိုဟိိုသည်သည် မှတ်သားနေသော ရွှီပေါက်ချိုင်ကို တွေ့သွားတော့သည်။

“ရွှီပေါက်ချိုင်ရေ။” သူကတီးတိုးလေး ခေါ်လိုက်သည်။

ရွှီပေါက်ချိုင်မှာ အနည်းငယ်အံ့သင့်သွားသော်လည်း ပိုင်ရှောင်ချန်းကို မြင်သောအခါ ပြူငှာစွာ ကြိုဆိုလိုက်သည်။
” အော်…ဂိုဏ်းတူအစ်ကိုပိုင်ပါလား။ လာလေဗျာ။”

ပိုင်ရှောင်ချန်းမည်သို့မည်ပုံရောက်လာသည်ကို နားမလည်သည့်အတွက် ရွှီပေါက်ချိုင်က မတ်တတ်ထကာ သူ့ကို အခန်းထဲသို့ ခေါ်ဆောင်သွားသည်။

“ဂိုဏ်းတူ အစ်ကိုပိုင်။ အစ်ကို ဆေးဖော်စပ်အဆောင်မှာ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလားဗျ။” သူက အံ့သြနေဟန်ဖြင့် မေးလိုက်သည်။
” ဒီကို အစ်ကိုဘာလာလုပ်တာလဲ။”

” ရွှီပေါက်ချိုင်။ တရားစီရင်ရေးဆောင်အကြောင်း မင်းဘာတွေသိလဲ။” ပိုင်ရှောင်ချန်းက သူမေးတာကိုမဖြေပဲ ချက်ချင်းပင် မေးခွန်းပြန်ထုတ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ တင်းမာနေသောမျက်နှာထားအရ တစ်ခုခုတော့လွဲနေပြီ ဖြစ်ကြောင်း ရွှီပေါက်ချိုင် သိလိုက်သည်။ ထို့ကြောင့် သူကအလျှင်အမြန်ပြန်ဖြေလိုက်သည်။
” တရားစီရင်ရေးဆောင် ဟုတ်လား။ တောင်ဘက်ဆောင်နဲ့ မြောက်ဘက်ဆောင်ဆိုပြီး ဂိုဏ်းခွဲနှစ်ခုကို အုပ်ချုပ်တဲ့ အဆောင်နှစ်ဆောင်ရှိတယ်။ သူတို့တာဝန်က အပြင်စည်းဂိုဏ်းသားတွေနဲ့ အစေခံတွေကို ကြီးကြပ်ဖို့ပဲ။ ဒါပေမဲ့ ဂိုဏ်းစည်းကမ်း အရမ်းကြီးမဖောက်ရင် သူတို့ဝင်မပါတာများပါတယ်။”

” ဒါပေမယ့်.စည်းကမ်းဖောက်ပြီဟေ့ဆိုလိုကတော့ သူတို့က အခွင့်အာဏာအများကြီးရှိတယ်ဗျ။ သူတို့ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေမှ အများကြီးပဲ။ သစ္စာဖောက်တွေကိုဆို သေဒဏ်ပါပေးနိုင်လောက်တဲ့အထိ သူတို့မှာ အာဏာရှိတယ်။ ဥပမာပြောရင် တရားစီရင်ရေးဆောင်ဆိုတာ အပြင်စည်းဂိုဏ်းသားတွေရဲ့လည်ပင်းပေါ်ချိန်ထားတဲ့ ဓားတစ်ချောင်းလိုပဲ။ ကျွန်တော်တို့ ဂိုဏ်းစည်းကမ်းတွေဖောက်ရင် အချိန်မရွေး အပြစ်ပေးနိုင်တာပေါ့ဗျာ။”

” တစ်ယောက်ယောက်က စည်းဖောက်လို့ရှိရင် သူတို့ကို တရားစီရင်ရေးဆောင်က သတိပေးစာအရင်ပေးတယ်။ ပြီးရင်ချက်ချင်းပဲ လျှင်လျှင်မြန်မြန် ပြင်းပြင်းထန်ထန်အပြစ်ပေးတယ်။”

” သူတို့မှာ အာဏာရှိတယ်သာပြောတာပါ။ အကန့်အသတ်တော့ရှိသေးတယ်ဗျ။ ကိုယ်က စည်းကမ်းတွေ မဖောက်ထားသ၍ သူတို့ကို တွေးပူနေစရာကိုမလိုတာ။”

ပုံမှန်အတိုင်းပင် ရွှီပေါက်ချိုင်က တရားစီရင်ရေးဆောင် အကြောင်းကို သူသိသလောက်အသေးစိတ် တိတိကျကျဖြင့် ပိုင်ရှောင်ချန်းကို ရှင်းပြလိုက်သည်။

သူကဆက်၍ တရားစီရင်ရေးဆောင်အား ပုန်ကန်ခဲ့သော ဂိုဏ်းသားများ၏ ထိတ်လန့်ဖွယ် ပုံပြင်များကိုပါ ပြောပြန်သည်။

” လွန်ခဲ့တဲ့နှစ်ငါးရာတုံးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သစ္စာဖောက်တစ်ယောက်ပေါ်ခဲ့တယ်ဗျ။ တရားစီရင်ရေးဆောင်က သူ့ကို ၇ရက်တိတိလိုက်ဖမ်းခဲ့တယ်။ နောက်ဆုံးသတ်ပြီးတော့ သူ့ရဲ့ဝိညာဥ်ကိုပါ တစ်ခါထဲ အမြစ်ပြတ်သုတ်သင်ပစ်တာ။”

” လွန်ခဲ့တဲ့နှစ်သုံးရာလောက်တုံးကကျ အပြင်စည်းဂိုဏ်းသားတစ်ယောက်က ဂိုဏ်းစည်းကမ်းတွေကို ပေါ်တင်ကြီးကျူးလွန်တာဗျာ။ တရားစီရင်ရေးဆောင်က အပြစ်တွေကို ပြန်ပြုပြင်ဖို့ အခွင့်အရေးပေးတာကို သူကလျစ်လျှူရှုပြီးနေခဲ့တာ။ နောက်ဆုံးရောက်တော့ တရားစီရင်ရေးဆောင်က အဲ့ဒီကိစ္စကို ဂိုဏ်းကိုသွားတိုင်ပါလေရော။ အဲ့တာနဲ့ အဲ့ဒီဂိုဏ်းသားလည်း လေပြင်းတွေတဟူးဟူးတိုက်ခတ်နေတဲ့ မဟူရာချောက်မှာ အပြစ်ပေးခံထားရတာ ဒီနေ့ထိပဲတဲ့။”

” လွန်ခဲ့တဲ့နှစ်၁ရာလောက်ကကျ ကျိုးတောင်အဖွဲ့က ပုန်ကန်ဖို့ စီစဥ်ခဲ့တာ။ တရားစီရင်ရေးဆောင်က သတိပေးတာတောင် သူတို့က နောက်မဆုတ်ဘူး။ သူတို့လည်းတကယ်စလှုပ်ရှားရော တရားစီရင်ရေးဆောင်က ကျိုးတောင်အဖွဲ့အစည်းက ကျင့်ကြံသူတွေကို အကုန် ကွက်မျက်ပြီး သာမန်လူတွေကိုပဲ ချမ်းသာပေးခဲ့တာ။”

ထို ပုံပြင်များကို နားထောင်ရင်း ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်း မျက်နှာပျက်လာတော့သည်။

” မင်းပြောတာက ပုံမှန်ဆို တရားစီရင်ရေးဆောင်က သတိပေးချက်တစ်ခုကိုအရင်ပေးပြီး အပြစ်တွေကိုပြန်မပြုပြင်မှ ပြစ်ဒဏ်ကြီးကြီးပေးတာပေါ့။”
ပိုင်ရှောင်ချန်းက တွေးတောရင်း ပြန်မေးလိုက်သည်။

ထိုအခါ ရွှီပေါက်ချိုင်ကပြန်၍ ဖြေဆိုလေသည်။
” ဟုတ်တယ်ဗျ။ အဲ့ဒီအတိုင်းတော့ တရားစီရင်ရေးဆောင်ကို ကန့်သတ်ထားတယ်။ နို့မဟုတ်ရင် သူတို့ဆီမှာ အာဏာအများကြီးရှိသွားမှာပေါ့ဗျ။”

ထိုအချိန်တွင် တရားစီရင်းဆောင်က ပိုင်ရှောင်ချန်းနှင့် ပတ်သက်နေပြီဖြစ်ကြောင်း ရွှီပေါက်ချိုင် ရိပ်စားမိသွားသည်။ သို့သော်လည်း တရားစီရင်ရေးဆောင်နှင့် ပတ်သတ်သည့် ကိစ္စရပ်များမှာ ကိုယ်နှင့်မဆိုင်ပါက သွားမထိလေကောင်းလေဖြစ်ကြောင်း ရွှီပေါက်ချိုင် ကောင်းကောင်းကြီးသိထားသည်။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်းကို သူသိသမျှပြောပြသော်လည်း ယခုထက်ပို၍ ဝင်မပါရဲပေ။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်းပြန်ခါနီးမှ ရွှီပေါက်ချိုင်က ပိုင်ရှောင်ချန်း၏ အပင်နှင့်အသီးအရွက်ကျမ်းမှာ ကျွမ်းကျင်သည့်အကြောင်း တွေးမိသွားပြီး ခေတ္တမျှတုန်ဆိုင်းကာ အသံကိုနှိမ့်ချပြီး မေးလိုက်သည်။
” ဂိုဏ်းတူအစ်ကိုပိုင်။ မြစိမ်းတောင်က အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဖြစ်တဲ့ ချန်းသကျင်း ကိုများ အစ်ကိုသိနေမလား။ သူကချန်ဖေးရဲ့ အစ်ကိုဝမ်းကွဲ။ ပြီးတော့ တရားစီရင်ရေးဆောင်က အဖွဲ့ဝင်တစ်ယောက်လေ။ အဲ့တာမလို့….”

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက်ကုန်သွားသောအခါ ပိုင်ရှောင်ချန်းထွက်ခွာသွားသည်။ အပြန်လမ်းတစ်လျှောက်တွင် လမင်းကြီးကိုမော့ကြည့်ရင်း ရွှီပေါက်ချိုင်ပြောသမျှများကို ပြန်တွေးကာ သူထင်ထားသည်မှာ မှန်နေကြောင်း အတည်ပြုလိုက်တော့သည်။ အဆုံးတွင် သူက စိတ်ပျက်ပျက်နှင့် သက်ပြင်းချလိုက်တော့သည်။

သူက မတရားခံရသောပုံစံဖြင့် စိတ်တိုတိုနှင့် အံကိုကြိတ်ကာ ရေရွတ်နေသည်။
“ဒီဂိုဏ်းထဲမှာရှိတဲ့ ဘယ်သူ့ကိုမှ ငါမထိပါး မစော်ကားဖူးပါဘူးကွာ။ ချန်ဖေးကလွဲရင် ကျိုးရှင်းချီရဲ့ ပရိတ်သတ်တွေပဲရှိတယ်။ ချန်သကျင်း… ချန်သကျင်း။ မင်းနဲ့ငါနဲ့တစ်ရက်ရက်တွေ့ကြသေးတာပေါ့။”

ဆေးဖော်စပ်ရာအဆောင်သို့ပြန်ရောက်သောအခါ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး ဆေးပေါင်းဖိုကိုကြည့်လိုက်သည်။ ထို့နောက်သူ၏မျက်နှာမှာ ရှုံ့တွသွားသည်။

” ငါဂိုဏ်းကပေးတဲ့ တာဝန်တွေမပြီးမြောက်လို့ ဘာညာဆိုတာ ဆင်ခြေတစ်ခုမှန်း အသိအသာကြီးပဲ။ အဲ့ဒီလိုကိစ္စမျိုးက သေသေချာချာ လိုက်စစ်ဆေးနေမှ သတိထားမိမှာ။ သတိထားမိရင်တောင် ကြီးကြီးမားမားကိစ္စကြီးမဟုတ်ဘူး။ ပြီးတော့ဂိုဏ်းမှာလည်း ငါတစ်ယောက်ထဲအဲ့ဒီလိုရှိတာမဟုတ်တာ သေချာတယ်။ ချန်သကျင်းက တရားစီရင်ရေးဆောင်ရဲ့ အဖွဲ့ဝင်လေးဖြစ်တာနဲ့ အခွင့်အာဏာကို အသုံးချပြီး ကိုယ်ရေးကိုယ်တာမကျေနပ်ချက်တွေကို ဖြေရှင်းဖို့ လုပ်နေတာပဲ ”
ပိုင်ရှောင်ချန်းက ထိုသို့တွေးရင်းတွေးရင်း သူ၏မျက်လုံးများမှာ ပို၍နီမြန်းလာသည်။

” ဒီတာဝန်ကို ငါလုပ်ရင် လမ်းခရီးမှာ ငါ့ကိုတစ်ခုခုဖြစ်အောင်သူလုပ်မှာ အသေအချာပဲ။ အဲ့လိုမဟုတ်ဘူးဆို ဘာလို့များ ငါ့ကို ဒီလောက်ထိ အပင်ပန်းခံပြီး ထောင်ချောက်ဆင်နေမလဲ။ ဒါပေမဲ့လည်း ဂိုဏ်းကဒီအကြောင်းမသိသွားအောင် လုပ်ဖို့လည်း သူကဂရုစိုက်ရအုံးမယ်။ ဘာပဲပြောပြော ငါ့ဘက်ကတော့ အသာစီးရပါသေးတယ်။”

” ဒီ တာဝန်ပေးတဲ့အမိန့်ကို မလုပ်ဘူးဆိုရင် သူ့ထောင်ချောက်ထဲ ငါဝင်သွားသလိုဖြစ်သွားမှာပေါ့။ အဲ့ဒီအခါကျရင်သူက လက်ဦးမှုယူပြီး သူရဲ့ တရားစီရင်ရေးဆောင်မှာရှိတဲ့ ရာထူးကိုသုံးပြီး ငါ့ကိုတန်းအပြစ်ပေးမှာ အသေအချာပဲ။”

ပိုင်ရှောင်ချန်းက အဘက်ဘက်ကနေ လှည့်၍စဥ်းစားသော်လည်း အကောင်းဆုံးအဖြေကား ပေါ်မလာပေ။ အဆုံးတွင် သူ၏ တံဆိပ်ပြားကိုထုတ်ကာ လုပ်ရမည့်တာဝန်အကြောင်းကို စစ်ဆေးလိုက်သည်။ ခေတ္တကြာသောအခါ တာဝန်၏ဖော်ပြချက်ထဲတွင် သူနှင့်ရင်းနှီးသောနာမည်တစ်ခု ပါနေကြောင်းသိလိုက်ရသည်။

” ဟိုယွင်ဖေး တဲ့လား ” ပိုင်ရှောင်ချန်းသည် သူအပြင်စည်းဂိုဏ်းသားစဖြစ်စဥ်က ဟိုယွင်ဖေး၏ ဂိုဏ်းအကြောင်းကို အသေးစိတ်ကျကျ မိတ်ဆက်ပေးခဲ့ပုံကို အမှတ်ရသွားပြီး မျက်လုံးပြူးသွားသည်။ ထို့နောက် သူကမျက်လုံးမှိတ်ကာ ထပ်၍တွေးတောလိုက်သည်။

တာဝန်မှာ ခက်ခဲမည့်ပုံတော့ မပေါ်ချေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ဟိုယွင်ဖေးသည် ဂိုဏ်းသို့ လစဥ်သတင်းပြန်လည်ပို့ရသော ဂိုဏ်းအပြင်ဘက်ထွက်၍လုပ်ရသည့် တာဝန်တစ်ခုကိုလက်ခံခဲ့သည်။ ထိုသို့ သတင်းပြန်ပို့ရသည်မှာ ကာလကြာတာဝန်ထမ်းဆောင်သူတိုင်းအတွက် ပုံမှန် သဘောတူညီချက်ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော၂လမှစ၍ အဆက်အသွယ်ပြတ်ကာ သူ့ဆီမှ သတင်းမကြားရတော့ပေ။

ထို့ကြောင့် ဤတာဝန်ကျလာရခြင်းဖြစ်သည်။ အပြင်စည်းဂိုဏ်းသား၃ယောက်ကို ထိုကိစ္စအားစုံစမ်းရန်လွှတ်လိုက်မည်ဖြစ်ပြီး အသေးစိတ် ညွှန်ကြားချက်များကိုတော့ ပေးမထားချေ။

ဤကဲ့သို့သော ရှာဖွေရေးတာဝန်များမှာ ဂိုဏ်းထဲတွင် ကြုံတွေ့နေကြဖြစ်သည်။ တာဝန်ပေးခံရသူများ လုပ်ရန်လိုအပ်သည်မှာ အနည်းငယ်စုံစမ်းကာ သဲလွန်စအချို့ရှာပြီး ဂိုဏ်းသို့ပြန်လာ၍ အခြားလူကိုဆက်လက် စုံစမ်းစေရန်ပင်ဖြစ်သည်။

ထို့အပြင် အပြင်စည်းဂိုဏ်းသားတစ်ယောက် ပျောက်သွားခြင်းမှာ ဂိုဏ်းအတွက်အကြီးအမားကိစ္စကြီးတော့မဟုတ်ပေ။ သို့သော်လည်း စိတစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဖြစ်နေသည့်အတွက် တာဝန်ယူဖြေရှင်းပေးရမည်် မဟုတ်ပါလော။

ထို့ကြောင့်လည်း ဤကဲ့သို့တာဝန်များ ပေါ်လာရခြင်း ဖြစ်သည်။

ပိုင်ရှောင်ချန်းက တွေးတောလိုက်ပြီး အချက်အားလုံးကို ချိန်ဆတွက်ချက်ပြီးသွားသောအခါ အံကြိတ်လိုက်တော့သည်။

” ဟုတ်ပြီလေ။ ဒီတာဝန်ကို ငါလုပ်မယ်။” အသက်ပြင်းပြင်းရှူလိုက်ကာ မျက်လုံးနီကြီးများဖြင့် ဆေးများထပ်၍ ဖော်စပ်နေလိုက်သည်။ ဂိုဏ်းမှထွက်၍ တာဝန်ထမ်းဆောင်ရမည်ဆိုပါက သူ၏ထာဝရသံမဏိအရေ​​ပြားအဆင့်မှ ဖောက်ထွက်ရန်လိုအပ်ပေမည်။

၂ရက်အကြာတွင် ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်မှာ လှုပ်ခါနေပြီး သူ၏အရေပြားမှာ တုန်ခါလာတော့သည်။ အနက်ရောင်လှိုင်းတစ်ခုက ရုတ်တရက် သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားပြီး အလျှင်အမြန်ပင် ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ့ကိုအနီးကပ်ကြည့်ကြည့်ပါက အနီရောင်အလင်းတန်းလေးများက သူ၏ခန္ဓာကိုယ်ပေါ်တွင် တလက်လက်ထနေသည်ကိုမြင်နိုင်သည်။

” အနက်ရောင်က သံအဆင့်။ အနီရောင်က ကြေးအဆင့်ပဲ။”

သူ၏အသားကို ဖိကြည့်လိုက်သောအခါ သတ္တုပစ္စည်းတစ်ခုကို ခေါက်လိုက်သည့်အလား ထန်ခနဲ မြည်သံတစ်သံထွက်လာသည်။ ထို့နောက် ထပြေးကြည့်သောအခါ အရင်ကထက် များစွာပိုမြန်လာသည်ကို တွေ့လိုက်ရသည်။

စစ်ဆေးမှု အနည်းငယ်ပြီးသောအခါ လေပေါ်သို့ခုန်လိုက်ပြီး လက်မနှင့်လက်ညှိုးကို ညှစ်ချလိုက်သည်။ ယခုအခါတွင်မူ အက်ကွဲသံများမကြားရတော့ဘဲ ပေါက်ကွဲသံများ ထွက်လာသည်။ ထိုအသံမှာသိပ်မကျယ်လှသော်လည်း ထိုတိုက်ကွက်သည်ကား ယခင်ကထက် ၂ဆခန့်ပို၍ အားပြင်းသွားပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းကသိလိုက်သည်။

” ထာဝရသံမဏိ အ​ရေပြားကနေ ဖောက်ထွက်နိုင်သွားပြီကွ။” သူသည်စိတ်လှုပ်ရှားစွာ တွေးတောလိုက်သည်။ ယခုအခါ သူ့စိတ်ထဲတွင် တာဝန်ထမ်းဆောင်ရန် ယုံကြည်မှုများ ပိုရှိလာပြီဖြစ်သည်။

” ချီစုစည်းမှုအဆင့်ငါးနဲ့ အောက်ကလူတွေပဲသုံးလို့ရတဲ့ အဆင့်တစ်စိတ်စွမ်းအင်ဆေးတွေပဲ ဖော်စပ်နိုင်သေးတာ တော်တော်ဆိုးတာပဲ။” ပိုင်ရှောင်ချန်းက အလုပ်ရုံထဲတွင်ထိုင်ရင်း စိတ်ပျက်လက်ပျက် တွေးတောနေသည်။ သို့သော်လည်း အချိန်က ကန့်သတ်ထားသည်ဖြစ်ပြီး ချီစုစည်းမှုအဆင့်ရှစ်နှင့်အောက်ကလူများ သုံးနိုင်သော အဆင့်နှစ်စိတ်စွမ်းအင်ဆေးများကိုမူ သူမထုတ်လုပ်နိုင်သေးပေ။

ထို့ကြောင့်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလျှင်အမြန်မတိုးတက်နိုင်ပဲ ချီစုစည်းမှုအဆင့်ခြောက်၏ စက်ဝန်းအတွင်း၌သာ ရပ်နေသည်။

” နက်ဖန် အာရုဏ်ဆိုပဲ ငါဂိုဏ်းကနေထွက်ရတော့မယ်။” သူက စိုးရိမ်တကြီး တွေးတောနေသည်။ သူဂိုဏ်းစဝင်သည့်အချိန်မှစ၍ယခုအထိ ဤကဲ့သို့ထွက်ခွာရခြင်းမှာ ပထမဆုံးဖြစ်ပြီး မလုံမခြုံသူခံစားနေရသည်။ သူသည် ချန်ဖေးဆီကရထားသော ဒိုင်းကာကိုပင်ထုတ်ကာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်အထိ လုပ်ထားလိုက်သည်။ သို့သော်လည်း လုံခြုံသည်ဟု မခံစားရသေးချေ။ ထို့နောက် ပြိုင်ပွဲမှာဝတ်ဆင်ခဲ့သည့် သားရေအင်္ကျီများကိုပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လိုက်ပြန်သည်။

အနည်းငယ်စဥ်းစားလိုက်ပြီးနောက် ညသန်းခေါင်ယံအချိန်တွင်ပင် ဖက်တီးကျန်းကြီးကိုသွားရှာကာ သူ၏မြေမီးတောက် အစီအရင်အကာအကွယ်ပါသော ဒယ်အိုးအနက်ရောင်ကြီးကို ငှားရမ်းခဲ့တော့သည်။ သို့သော်လည်း ထိုအချိန်ထိ သူကအားမရသေးပေ။ သို့သော်လည်း လုပ်စရာကား ဘာမှမကျန်တော့ရာ သူသည် စိုးရိမ်တကြီးနှင့် ဆေးဖော်စပ်အဆောင်သို့မဟုတ်ဘဲ သူ၏ခြံဝန်းသို့ပြန်ကာ နေအထွက်ကို စောင့်နေတော့သည်။

” ချန်သကျင်း။ ငါအခြေခိုင်မာခြင်းအဆင့်ရောက်တဲ့အထိ မင်းစောင့်လိုက်ဦး။ အဲ့ဒီကျမှ မင်းကို သင်ခန်းစာပြန်ပြရမယ်။” ပိုင်ရှောင်ချန်းက ကြိမ်းဝါးလိုက်သည်။
သူသည် မျက်လုံးနီကြီးများဖြင့် အလွန်စိတ်လှုပ်ရှား တုန်လှုပ်နေတော့သည်။ သေရမည်ကိုသူကအလွန်ကြောက်နေပြီး ဂိုဏ်းထဲသို့ဝင်လာသည်မှာ ကြာပြီဖြစ်၍ ကျင့်ကြံခြင်းလောက၏ နိယာမများကို သူကနားလည်နေပြီဖြစ်သည်။

ထိုတစ်ညလုံး သူက ဖြစ်လာနိုင်ချေရှိသော ဖြစ်ရပ်ဆိုးများကို ရူးလောက်အောင်ထိုင်တွေးနေလေတော့သည်။ ထို့နောက် တဖြည်းဖြည်း နေထွက်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset