ပိုင်ရှောင်ချန်း မောဟိုက်နေသည်။ အရာအားလုံးကို ခေါင်းထဲကရှင်းထုတ်ရန် အာရုံကို စုစည်းလိုက်သည်။ အောင်မြင်တာတွေ ကျရှုံးတာတွေ သူဘာမှဂရုမစိုက်တော့။ သူ၏ မျက်ဆံများပင် သွေရောင်သန်းကာ နီမြန်းနေပြီ။ လက်ရှိသူ့ခေါင်းထဲမှာ ရှိတာတစ်ခုတည်း။ သူ့ကိုယ်သူ အပြည့်အဝယုံကြည်မှုရှိလာအောင် ဘယ်လိုလုပ်ရမည် ဆိုသောအတွေးဖြစ်သည်။
သူကိုယ့်သူ ယုံကြည်မှုရှိရှိမလုပ်နိုင်မချင်း နောက်တစ်ကြိမ်ဖော်စပ်မှုကို လုံးဝပြန်စတင်မည်မဟုတ်ပေ။
ဆေးဝါးဖော်စပ်နေစဉ်တွင် ရှောင်ချန်း၏ သတိကြီးမှု အမျှော်အမြင်ရှိမှုကို အတိုင်းသား မြင်သာလာသည်။
သို့သော်လည်း မည်မျှခေါင်းခြောက်အောင် စဉ်းစားသည့်တိုင် မှင်ရည်သစ်သီးထဲက မှင်ရည်များကို စံသတ်မှတ်ချက်ကိုက်အောင် မလုပ်ဘဲ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင်ဖြစ်နေသည်။ ယခုလိုလုပ်လျှင်တော့ ဆေးဖော်စပ်နည်းကို လုံးဝပြောင်းလိုက်ခြင်းမမြောက်ဘဲ နည်းနည်းချိန်ညှိရာပဲရောက်မည်ဟု ထင်သည်။ အချိန်အတော်ကြာစဉ်းစားပြီးနောက် ရှောင်ချန်းဆုံးဖြတ်ချက်ချလိုက်သည်။
” တစ်ဆင့်ချင်းစီမှာ ဆေးစပ်နည်းကို လိုက်ညှိ မှပဲ အဆင်ပြေတော့မယ်..” ဟုတွေးရင်း မှင်ရည်သစ်သီကို ချေလိုက်သည်။
‘ဗြစ်’ ဟူသော အသံနှင့်အတူ မှင်ရည်သစ်သီးမှ အရည်များထွက်လာသော်လည်း ဆေးပေါင်းဖိုထဲသို့ ချက်ချင်းမထည့်သေးဘဲ လေထဲမှာပင် ခဲအောင်လုပ်လိုက်ကာ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း လိုသလို ပြု ပြင်လေသည်။
ဘေးကကြည့်နေသော ပရိသတ်များမှာ ရှောင်ချန်းလုပ်နေသည်ကို နားမလည်နိုင်ဖြစ်ကာ အံအားသင့်နေကြသည်။ ပိုင်ရှောင်ချန်းပင်လျှင် သူလုပ်နေသည်ကို ဘာမှအစွမ်းပြနေသည်ဟု မမှတ်ယူဘဲ အခြေအနေကြည့်၍ မီးစင်ကြည့်ကနေရသည်ဟုသာ ခံစားနေရသည်။
သို့သော် အကြီးအကဲရွှီမှာ တအံတဩဖြစ်ကာ မျက်လုံးပြူးနေသည်။ ပိုင်ရှောင်ချန်း၏ ခုနှစ်ကြိမ်ဆက်တိုက်အောင်မြင်မှုက သူကိုအံအားသင့်စေသော်လည်း အခုရှောင်ချန်းလုပ်ရပ်က သူ့ကို အထင်မကြီးဘဲ မနေနိုင်ဖြစ်စေသည်။
” ဒီကောင်လေး တကယ်ပဲ ဆေးဖော်စပ်နည်းကို ညှိယူနေတာလား။ပါရမီရှင်ပါပေပဲ… ဒါကြောင့်လည်း ဂိုဏ်းချုပ်က သူခရီသွားတိုင်း ဒီကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့ မှာခဲ့တာကိုး ” အကြီးအကဲရွှီမှာ ရှောင်ချန်းလုပ်ပုံကိုင်ပုံကိုသာ နှုတ်ဆိတ်၍ ဆက်ကြည့်နေလိုက်သည်။
ခဏအကြာတွင် ပိုင်ရှောင်ချန်းသည် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး လက်သည်းခွံ ပမာဏလောက်သာ ချန်၍ ပိုနေသော မှင်ရည်များကို စွန့်ပစ်လိုက်သည်။ ထို့နောက် ဆေးပေါင်းဖိုထဲထည့်လိုက်ပြီး ကျန်လိုအပ်သော ဆေးပင်အမယ်များကို ထုတ်ကာ ရှစ်ကြိမ်မြောက် ဖော်စပ်ခြင်းကို စတင်လိုက်သည်။
ဆေးပေါင်းဖိုမှာ ချက်ခြင်း အနီရောက်တောက်လာသည်။ ယခုတစ်ကြိမ်တော့ နှစ်နာရီပင် မကြာတော့ဘဲ အမွှေးတိုင်နှစ်တိုင်လောင်ကျွမ်းစာလောက်သောအချိန်တွင် ဆေးဖိုကြီး လှုပ်ခတ်လာပြီး ဆေးရနံ့သင်းလာသည်။ ရှစ်ကြိမ်မြောက် ဆေးဖော်စပ်မှု အောင်မြင်ပြန်သည်။
အကြီးအကဲရွှီက ဆေးပေါင်းဖိုကြီးကို ကြည့်လိုက်ရာ ခရမ်းရောင် အစက်ပြောက်လေးများနှင့်အတူ ခုနှစ်လက်မရှည်သော အနက်ရောင် မှင်ရည်စိတ်စွမ်းအင် အမွှေးတိုင်တစ်ချောင်းကို တွေ့ရသည်။
“အလယ်အလတ်ဆင့်ကို မီလုနီးပြီပဲ ” အကြီးအကဲရွှီ စိတ်ထဲတွင်ပြောရင်း မျက်လုံးများ တောက်ပလာသည်။
ယခုမှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်မှာ ယခင်အမွှေးတိုင်များထက် ထူးခြားကြောင်း ရှောင်ချန်းလည်း ရိပ်မိသည်။ အစပိုင်းတွင် နည်းနည်းတွေဝေမိသော်လည်း ယခင်က အဆင့်နိမ့်စိတ်စွမ်းအင်ဆေးဝါးများကိုသာ ဖော်စပ်နိုင်ခဲ့သည့် အကြောင်းရင်းကို ရုတ်တရက် နားလည်သွားသည်။
” ဟုတ်ပြီ ဆေးဖော်စပ်နည်းတွေက စံမဟုတ်ဘဲ ယေဘုယျဖော်ပြချက်တွေပဲ။ဒါကိုပဲ လိုအပ်သလို ပြုပြင်ညှိယူလိုက်ရင် အလယ်အလတ်အဆင့်နဲ့ ပိုအဆင့်မြင့်တဲ့ဆေးတွေ ဖော်စပ်နိုင်ပြီပဲ..” ရှောင်ချန်းစိတ်ထဲတွင် ဉာဏ်အလင်းပွင့်လာသည်။ ပရိသတ်များဆီမှ ချီးကျူ းသြဘာသံများ ပြန်ထွက်မလာခင်မှာပင် စိတ်လှုပ်ရှားစွာဖြင့် ကိုးကြိမ်မြောက်ဖော်စပ်မှုကို စတင်လိုက်သည်။
ဘေးမှကြည့်နေသူအပေါင်းမှာ စိတ်လှုပ်ရှားမှုကြောင့် စကားပင်မပြောနိုင်ဘဲ ရင်မောလှိုက်ဖိုနေကြကာ ခန္ဓာကိုယ်များပင် တုန်ခိုက်လာကြသည်။ သူတို့ဘဝမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အလီလီကို ကြုံခဲ့ဖူးပေမည်။ သို့သော် ယခု ပိုင်ရှောင်ချန်း၏ ရှစ်ကြိမ်ဆက်တိုက် အောင်မြင်မှုကို နဖူးတွေ့ဒူးတွေ့ မြင်ခွင့်ရခြင်းမှာ သူတို့ဘဝတွင် နောက်ထပ်မကြံုနိုင်တော့သော ဆန်းကြယ်မှုတစ်ခုဖြစ်သည်။
ယခုဆိုလျှင် ရှောင်ချန်းက ကျိုးရှင်းချီကို ကျော်ဖြတ်ပြီး အမွေဆက်ခံသူအဆင့် ဝမ်ချင်းရှန်၏ စံချိန်နှင့် တန်းတူဖြစ်လာပေပြီ။
အံသြ၍မဆုံးမီပင် ရှောင်ချန်းက နောက်တစ်ကြိမ်ဖော်စပ်မှုကို စတင်နေပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ အမွှေးတိုင်တစ်တိုင်ကုန်လောက်သည့်အချိန်မှာပင် ဆေးပေါင်းဖိုဆီမှ ကျယ်လောင်သောအသံများနှင်အတူ အနံပြင်းလွန်းသော ဆေးနံထွက်ပေါ်လာသည်။ ကိုးကြိမ်မြောက်လည်း အောင်မြင်ပြန်၏။
” ဒါ… မကြုံစဖူး အံမခန်းပဲ…”
” ဘယ်သူမှ ကိုးကြိမ်ဆက်တိုက် မအောင်မြင်ဖူးဘူး။ အထူးသဖြင့် မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်ဖော်စပ်တဲ့နေရာမှာပေါ့။ ဒီ ပိုင်ရှောင်ချန်းဆိုတဲ့လူက စဉ်းစားတာကိုသာ အချိန်အများကြီးယူတာ အောင်မြင်မှုကတော့ အံဖွယ်ပဲဗျာ….. ”
ရွှီပေါက်ချိုင် ခေါင်းတွေခြာခြာလည်နေကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ တုလင်ဖေး ရင်ထဲတွင်လည်း အံအားသင့်မှုလှိုင်းတံပိုးများက နှလုံးသားကို ရိုက်ခတ်ဖျက်စီးနေသလိုပင်။ ပြိုင်ပွဲတုန်းက အပင်များအား ရှောင်ချန်း ခွဲခြားစိစစ်နေသည့်ပုံကိုသာ ပြန်မြင်ယောင်နေမိသည်။
ဟန်ကျန်းယဲ့မှာ ခါးသီးစွာပင် သက်ပြင်းသာချနေရသည်။ သူ စိတ်ပျက်ရသော်လည်း စိတ်တော့မတိုတော့ချေ။ ရှောင်ချန်းက သူ့ကို ကပ်ပြီးအနိုင်ယူသွားခဲ့လျှင် ရန်ငြိုးဖွဲ့မိမည်ဖြစ်သော်လည်း အခုတော့ အရှုံးကိုဝန်ခံရုံသာ တတ်နိုင်တော့သည်။
” နောက်တစ်ခါသာ ထပ်အောင်မြင်လိုက်ရင် အစ်ကိုကြီးပိုင်က ရှေးအဆက်ဆက်ကတည်းက ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့ အံဖွယ်အောင်မြင်မှုကြီးကို ယူနိုင်တော့မယ်……”
” ဒီတစ်ခါ စစ်ဆေးမှုကို လာကြည့်ရတာတော့ တန်တယ်ဗျာ။ ဒါမျိုးအခွင့်အရေးမျိုးကတော့ ရက်ဘယ်လောက် စောင့်ကြည့်ရနေနေ…စောင့်ရကျိုးနပ်တယ်ဗျာ…. ”
ယခုအခါ လူအားလုံး၏ အာရုံတွေက ရှောင်ချန်းအပေါ်သာ စုနေကြသည်။ ရင်မောမောဖြင့် မျှော်လင့်တကြီး ရင်ခုန်နေကြသည်။ အကြီးအကဲရွှီကိုယ်တိုင်ပင် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည်။
နောက်ဆုံးမှာ ရှောင်ချန်းစတင်လှုပ်ရှားလာပြီး စူးရှတောက်ပသော မျက်လုံးတွေနှင့် နောက်ဆုံးသုံးမည့်ဆေးအမယ်များကိုထုတ်ကာ သုံးမည့် အစဉ်အတိုင်းပုံလိုက်သည်။ ထို့နောက် ပါဝင်ပစ္စည်းများကို အိုးထဲထည့်ကာ လက်ကွက်ဖော်လိုက်ပြီး မီးကို အားဖြည့်လိုက်သည်။
အချိန်မှာ တိတ်ဆိတ်စွာ ကုန်ဆုံးလာခဲ့သည်။ အမွှေးတိုင်တစ်တိုင်ကုန်ဆုံးစာမျှအချိန်ကို စောင့်စားနေစဉ် ပရိသတ်များကြားတွင် နှလုံးခုန်သံမှလွဲ၍ အခြားမည်သည့်အသံမှ ထွက်ပေါ်မလာပေ။
ဆေးပေါင်းဖိုဆီမှ ပြင်းထန်ကျယ်လောင်သော အသံထွက်ပေါ်လာသည်။ ရှုံးနိမ့်မှု မီးခိုးများ ထွက်မလာသလို ပုံမှန်ကဲ့သို့ ဆေးရနံ့လဲမပေါ်လာပေ။ လူတိုင်းစိုးရိမ်စိတ်မြင့်တက်လာသည်။
” သူ….သူမအောင်မြင်တာလား… ” ရွှီပေါက်ချိုင်မှာ အသံပင်မထွက်နိုင်တော့သောကြောင့် စိတ်ထဲမှပြောလိုက်သည်။
ပိုင်ရှောင်ချန်းပင် အံသြပြီး ကြောင်ကြည့်နေမိသည်။ နောက်မှ အဖြစ်ပျက်ကို သဘောပေါက်သွားပြီး မျက်လုံးများ ဝင်းလက်လာသည်။
ထို့အချိန်မှာပင် ဆေးပေါင်းဖို၏ အက်ကြောင်းဆက်ကြောင်းများ ဆီမှ တောက်ပသော အလင်းများပေါ်ထွက်လာသည်ကို တွေ့မြင်ရသည်။ အကြီးအကဲရွှီရှေ့တိုးသွားပြီး ဆေးပေါင်းဖိုထဲ ကြည့်လိုက်ရာ ခရမ်းရောင်လုံးလုံးဖြစ်သော တစ်လက်မအရှည် မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်ကို တွေ့ရသည်။ သူ့မျက်လုံးမှာ ပီတိအရိပ်အရောင်များ သိသိသာသာ ယှက်သန်းနေသည်။
” အလယ်အလတ်အဆင့်….. ” ကျယ်လောင်စွာ ရယ်မောရင်းပြောလိုက်သည်။ ထို့နောက် ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ဆေးဖိုများနှင့် ဖော်စပ်ထားသော မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်များကို စုစည်းသိမ်းဆည်းသွားသည်။
“ စစ်ဆေးမှုရဲ့ နောက်ဆုံးအချီပြီးဆုံးပါပြီ။ ပိုင်ရှောင်ချန်း၊ ဟန်ကျန်းယဲ့၊ တုလင်ဖေး၊ ချန်းကျိအန်းနဲ့ ကျောက်ရိသော်တို့ဟာ အခုကစပြီး နယ်လှည့်သမားတော်တွေ ဖြစ်လာပါပြီ။ ပိုင်ရှောင်ချန်းကတော့ ပထမနေရာ ရရှိတဲ့အတွက် စွမ်းဆောင်မှုရမှတ် ငါးထောင်တိတိချီးမြှင့်တယ်…. ”
ပရိတ်သတ်အပေါင်းက အုတ်အုတ်သဲသဲ ကြွေးကြော် အားပေးကြရာ ကြွေကြော်သံမှာ အရပ်ရှစ်မျက်နှာလုံး ပဲ့တင်ထပ်သွားသည်။
” ဒီလူ ဆယ်ကြိမ်တိတိအောင်မြင်ခဲ့ပြီပဲ…. ”
” နောက်ပြီး နောက်ဆုံးအကြိမ်မှာဆို အလယ်အလတ်အဆင့် အမွှေးတိုင်ကိုတောင် ဖော်စပ်နိုင်ခဲ့တာ။ ခုမှ နယ်လှည့်သမားတော်ဖြစ်တာတောင် အလယ်အလတ်အဆင့် စိတ်စွမ်းအင်ဆေးကိုဖော်နိုင်တာ တော်ရုံမဟုတ်ဘူးပဲ…. ”
ရွှီပေါက်ချိန်၊ တုလင်ဖေး၊ ဟန်ကျန်းယဲ့နှင့် လူအားလုံးမှာ အိမ်မက်မက်နေသလို ခံစားနေရသည်။
အကြီးအကဲရွှီက သူဖော်စပ်ထားသော အလတ်အလတ်အဆင့် အမွှေးတိုင်လေးကို ယူသွားတာတော့ ရှောင်ချန်းသိပ်မကြည်သော်လည်း မကျေနပ်ချက်ကို ထုတ်ပြောလိုက်မည်ဆိုလျှင်ပင် အကြီးအကဲရွှီမှာ ပြန်ပေးမည့်ပုံမပေါ်ပေ။
ထို့ကြောင့် သူသည် သက်ပြင်းသာချ၍ မောမောပန်းပန်းဖြင့် ပြန်လာခဲ့သည်။ သူသွားရာလမ်းတစ်လျှောက်လုံးတွင် ဘေးမှလူများက အထင်ကြီးလေးစားသော အကြည့်များဖြင့် ဝိုင်းအုံကြည့်နေကြသည်။ ဤကဲ့သို့ ဆယ်ကြိမ်ဆက်တိုက် အောင်မြင်ရန်မှာလည်း သာမန်ဂိုဏ်းသားများအတွက် အိမ်မက်ပင်မက်နိုင်သော အရာမျိုးမဟုတ်ချေ။
” ကြီးမားဆန်းကျယ်လွန်းတဲ့ အောင်မြင်မှုကြီးအတွက် ဂုဏ်ယူပါတယ် အစ်ကိုကြီးပိုင်… ”
” ဂုဏ်ယူပါတယ် အစ်ကိုကြီးပိုင် ကျွန်တော် အစ်ကိုကြီးကို အရမ်းလေးစားမိပါတယ်…. ”
” အစ်ကိုကြီးပိုင်ရှင့် အပင်နှင့်အသီးအရွက်တွေနဲ့ ပတ်သတ်ပြီး မေးစရာလေးတွေရှိလို့…အဲ့ဒါ ညီမလေးကို ကူညီပေးလို့ ရမလားရှင့်…. ”
ပိုင်ရှောင်ချန်း မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ ဆေးဝါးဖော်စပ်မှုတွင် စိတ်နှစ်လေ့လာခဲ့ပြီးနောက် ယခုအခါ အရာရာအဆင်ပြေအောင်မြင်ခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ သူ၏အောင်မြင်မှုကို အားပါးတရ အားပေးနေသည်ကိုမြင်သော် ပရိသတ်ဘက်ကို ဂုဏ်ယူစွာနှင့် လက်ယှက်ကာ ဦးညွတ်လိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းစိတ်တွင် ပီတိဖြာ၍ မဆုံးဖြစ်နေသည်။ အရင်က သူလိပ်ကလေးဖြစ်ကြောင်းကို လူကြားထဲတွင် ထုတ်ပြောရန် လုံးဝ အခွင့်မသာခဲ့ပေ။ ယခုတော့ သူခံစားချင်လှသော အတွေ့အကြုံမျိုးကို အပြည့်အဝခံစားနေရပြီဖြစ်သည်။
ပိုင်ရှောင်ချန်းသည် သူ့ဆီအကူညီလာတောင်းသော အမျိုးသမီးဂိုဏ်းဝင်များ၏ တောင်းဆိုချက်ကို မျက်နှာဖြီးကြီးနဲ့ ချက်ခြင်းခေါင်းညိတ်၍ အသိအမှတ်ပြုခဲ့သည်။ သူ့ကို ‘အစ်ကိုကြီးပိုင် အစ်ကိုကြီးပိုင်’ နှင့်ခေါ်နေကြသော ဂိုဏ်းသားများကိုမူ ပိုင်ရှောင်ချန်းဟုသာ ခေါ်ရန်တောင်းဆိုလေသည်။ သူ့ကိုယ်သူ နိဝါတတရားတွေထားပြီး နှိမ်ချချင်၍မဟုတ်၊ နောင်လာနောင်သားများ သူ့နာမည်အပြည့်အစုံကို မမှတ်မိမှာ စိုးရိမ်၍ဖြစ်သည်။
သူကိုယ်သူ ပီတိတွေဖြာပြီး လေပေါ်မြောက်နေစဉ်မှာပင် သူ့ကို စိုက်ကြည့်နေသော လူငယ်တစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ထိုလူငယ်မှာ ကျိုးရှင်းချီ၏သစ္စာရှိပရိသတ်တစ်ယောက်ဖြစ်ကြောင်း တန်းမှတ်မိလိုက်ပြီးနောက် မျက်နှာပျက်ပျက်ဖြင့် လူအုပ်ထဲရောဝင်ကာ မျက်ခြေဖြတ်ခဲ့သည်။
ခပ်သုတ်သုတ်နှင့် ပြန်လာပြီးနောက် သူ့သစ်သားအိမ်လေးကို ပြန်ရောက်မှ ခေါင်းထဲမူးယစ်ယစ်ဖြစ်နေသည်ကို သူသတိထားမိလာသည်။ နေ့စဉ်ရက်ဆက် ဆေးဝါးဖော်စပ်ထားရသောကြောင့် ခြေကုန်လက်ပန်းကျကာ အိပ်ယာပေါ်တွင် ချက်ခြင်းအိပ်ပျော်သွားကာ နောက်နှစ်ရက်နေမှနိုးတော့သည်။
တတိယမြောက်နေ့ နေ့လယ်မှ မျက်လုံးဖွင့်နိုင်ကာ ပြန်လည်အားပြည့်လာသည်။ ထို့နောက် အလယ်အလတ်အဆင့် စိတ်စွမ်းအင်ဆေးကို ဖော်စပ်ခဲ့ပုံ၊ အကြီးအကဲ့ရွှီက သူ့အမွှေးတိုင်လေးကို ယူသွားပုံများကို ပြန်စားမြုံ့ပြန်နေမိသည်။ သက်ပြင်းတစ်ချက်ချကာ စွမ်းဆောင်ရည်ရမှတ်ငါးထောင် ထပ်တိုးထားမထား သူ့အမှတ်တံဆိပ်ဆွဲပြားကို ပြန်စစ်ကြည့်ပြီးမှ နေသာထိုင်သာရှိသွားသည်။
ထိုရမှတ်များနှင့်ဆိုလျှင် ဆေးဝါးဖော်စပ်မှုကို ပြန်အားစိုက်နိုင်ပြီး ထာဝရအသက်ရှည်နည်း ပညာရပ်ကို ဆက်လက်ကျင့်ကြံရန် လုံလောက်ပြီဖြစ်သည်။ ထို့နောက် ဆေးဝါးဖော်စပ်နည်း ခုနှစ်နည်း ရှစ်နည်းလောက်လဲယူရန် မြန်ုမြန်ထွက်လာခဲ့သည်။ သက်စောင့်စွမ်းအင်အားဖြည့်ဆေးအတွက် ဆေးဖော်နည်းကို လဲယူပြီး ဆေးပင်တော်တော်များများလည်းယူခဲ့သည်။
ဝယ်ရခြမ်းရသည်မှာ သိပ်တော့ မကြာလှသော်လည်း သူ့မှာ ကြောက်ကြောက်လန့်လန့်နှင့် လုပ်နေရရှာသည်။ သူသွားလေရာနေရာတိုင်း လူတိုင်းကသူ့ကို သတိထားမိနေကြသည်။ တစ်ခါတလေ ကျိုးရှင်းချီ၏ပရိသတ်အချို့က သူ့ကို မဲ့ပြုံးပြုံးပြပြီး ကျောက်စိမ်းပုရပိုက်များမှတစ်ဆင့် အချင်းချင်း သတင်းပို့နေကြသည်ကိုပင် တွေ့ရသည်။
ပိုင်ရှောင်ချန်းသည် လိုအပ်သမျှ ဆေးပင်များကို စုဆောင်းပြီးနောက် သူ့နေရာဆီမပြန်တော့ဘဲ ဆေးတစ်သောင်းအဆောင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်လာသည်။ ထို့နောက် ကျန်သော ရမှတ်လေးများဖြင့် ဆေးဖော်စပ်ရန်နေရာငယ်တစ်ခုကို တစ်နှစ်စာ ဝယ်ယူလိုက်ပြီး ဂူအောင်းရန် ဆုံးဖြတ်လိုက်သည်။
” ငါတစ်ခေါက် နည်းနည်းသတိလွတ်သွားလို့သာပေါ့။ ငါပြန်ထွက်လာတဲ့အချိန်သာ စောင့်ကြည့်နေကြ။ ငါ့ထာဝရအရေပြားပြီးပြည့်စုံတာနဲ့ ငါ့ကိုလာစမ်းချင်တဲ့ ကောင်တွေတော့လား။ တစ်ယောက်ချင်းဆို မှတ်လောက်သားလောက်အောင် ကျွေးလွှတ်လိုက်မယ်။ အဖွဲ့လိုက်ဆိုရင်လည်း…. ဂိုဏ်းချုပ်လီကို ပြေးခေါ်လိုက်မယ်…” တွေးရင်း မဲ့ပြုံးပြုံးကာ သူ့အလုပ်ခန်းလေးထဲတွင် ဆေးစဖော်တော့သည်။
သူအိပ်နေသည့် နှစ်ရက်အတွင်း နယ်လှည့်သမားတော် စစ်ဆေးပွဲသတင်းက ဤမျှ ပြန့်နှံ့သွားသည်ကို သိပ်တော့ မအံသြချေ။ အမှန်တစ်ကယ်တော့ မွှေးရနံ့တိမ်တောင် တစ်ကြောလုံးတွင် ထိုအကြောင်းကို ကလေးအစ ခွေးအဆုံး သိပြီးလောက်ပြီဖြစ်သည်။
အချို့လူများဆိုလျှင် ပိုင်ရှောင်ချန်းက လိပ်ကလေးဆိုတာကို တစ်ထစ်ချ ယုံကြည်နေပြီဖြစ်သည်။
ရိပ်မိမည်ဆိုလျှင်လည်း ရိပ်မိချင်စရာပင်။ နှစ်ယောက်လုံးက အပင်နှင့် အသီးအရွက်ကျမ်းများအပြင် ဝိညာဉ်သတ္တဝါကျမ်းကိုပါ ကြေညက်နေကြပြီး ရှောင်ချန်းက အလယ်အလတ်အဆင့် ဝိညာဉ်ဆေးပါဖော်ပြလိုက်သေးသည်။ နယ်လှည့်သမားတော် စစ်ဆေးမှုတွင် ဆယ်ကြိမ်ဆက်တိုင် အောင်မြင်ခြင်းမှာ သာမန်အဖြစ်အပျက်မျိုးမဟုတ်ပေ။
ကျိုးရှင်းချီထောက်ခံသူများနှင့် တုလင်ဖေးထောက်ခံသူများကလည်း ငြိမ်ခံမနေကြပေ။ သို့သော် ရှောင်ချန်းက တစ်နှစ်လုံး ဆေးတစ်သောင်းအဆောင်တွင် နေရန်ဆုံးဖြတ်လိုက်သည်ကိုသိသောအခါ ဆွေ့ဆွေ့ခုန်ကြတော့သည်။
ဆေးတစ်သောင်းဆောင်ကို ဝင်ချင်တိုင်းဝင်လို့မရသည့်အပြင် ပိုင်ရှောင်ချန်း၏ လက်ရှိကျော်စောမှုကိုလည်း နည်းနည်း ရှိန်နေကြသည်။ ဘာမှလုပ်၍ မရသေးသော်လည်း ဓားကြိမ်းကြိမ်းနေကြသည်။ အကယ်၍ ရှောင်ချန်းကို ဝိုင်းသမလျှင်လည်း ဂိုဏ်းကဝင်စွက်ဖက်မည်မဟုတ်ပေ။ ကိုယ့်ထက် အဆင့်မြင့်သူနဲ့ သွားယှဉ်လျှင် ထိုက်ထိုက်တန်တန်ပြန်ခံရမှာတော့ သေချာသည်။
နောက်ဆုံး ဘာမှမလုပ်ရသည့်အဆုံးတွင် အားခဲထားသူများ လက်လျော့သွားကြသည်။ သို့သော် မျက်နှာတွင် ကျောက်ပေါက်မာများဖြင့် လူငယ်တစ်ယောက်ကတော့ အခဲ့မကြေဖြင့် ဆေးတစ်သောင်းဆောင်ဘက်ကြည့်ကာ
” အဲ့ဒီထဲမှာ ပုန်းနေရုံနဲ့ ငါ့လက်ထဲက လွတ်မယ်ထင်နေတာလား။ မင်းငါ့ဝမ်းကွဲညီငယ် ချန်ဖေးကိုအနိုင်ယူသွားတာတွေ၊ ပြီးတော့ ငါအချစ်ဆုံး ဂိုဏ်းတူညီမငယ် ကျိုးနဲ့ တုကို အနိုင်ကျင့်သွားတာတွေရော ဒီအတိုင်းကြည့်မနေနိုင်ဘူး။ ပိုဆိုးတာက ခုငါ့အချစ်ဆုံး ဂိုဏ်းတူညီမလေးဟိုကပါ မင်းမှမင်း တစ်ဖွဖွပြောနေပြန်ပြီ။ ပိုင်ရှောင်ချန်း.. ပိုင်ရှောင်ချန်း မင်းဘာသာ အပင်နှင့်သတ္တဝါကျမ်းတွေမှာ ဆရာတစ်ဆူ ဖြစ်ရင်ဖြစ်မယ်။ မင်းကိုသတ်ဖို့ဆိုတာ ငါ့အတွက် ခြင်ရိုက်သလောက်တောင် မခက်ဘူးကွ… ” ဟုကြွေးကြော်ရင်း အေးစက်မာကြောစွာ ရယ်မောလိုက်သည်။ ထိုလူငယ်မှာ အတွင်းစည်းဂိုဏ်သား ချန်သကျင်းဆိုသူပင်ဖြစ်သည်။
ပိုင်ရှောင်ချန်းကတော့ ဆေးဖော်လိုက် ထာဝရအသက်ရှည်နည်းပညာရပ်ကိုကျင့်လိုက်နှင့် သာသာယာယာဖြစ်နေသည်။ အချိန်နှင့်အမျှ သူ့၏ ထာဝရအသက်ရှည်နည်းပညာရပ်ကလည်း အရှိန်အဟုန်နှင့် တိုးတက်လာသည်။ သူ့အရေပြားမှာ မာသထက်မာလာပြီး လျင်မြန်မှုကလည်း သိသိသာသာ တက်လာသည်။
” နောက်နှစ်ရက်နေရင် ငါ့ရဲ့ ထာဝရသံမဏိအရေပြားက ပြည့်စုံပြီးမြောက်ပြီပဲ… ” ပိုင်ရှောင်ချန်းသည် အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီးနောက် ကျေနပ်အားရနေသည်။
သို့သော် ထိုည သန်းခေါင်ယံချိန်တွင် ရုတ်တရက် စီမံရေးရာဌာနမှ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ဆေးတစ်သောင်းဆောင်ဘက်သို့ ပြန့်လွင့်လာသည်။ အဆောင်၏ အကာအကွယ်အစီအမံအားလုံးကို ကျော်ဖြတ်ပြီး ပိုင်ရှောင်ချန်း၏ အလုပ်ခန်းရှေ့တည့်တည့်တွင် ကျရောက်လာသည်။
ပိုင်ရှောင်ချန်းမှာ သူ့ရှေ့တွင် ရပ်တန့်သွားသော အမိန့်ပေး အမှတ်တံဆိပ်ဆွဲပြားကို တအံတသြကြည့်ရင်း မှင်သက်နေသည်။