တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့တစ်ယောက် ရှေးဟောင်းဖုတ်ကောင်ကြီးနှစ်ကောင်အား သတ်ဖြတ်လိုက်သည့် မြင်ကွင်းကြောင့် အခြားတာအိုကျောင်းများမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။ ထိုကျောင်းများထဲတွင် သမင်ဖြူတာအိုကျောင်းမှာ ဆိတ်ငြိမ်နေဆဲဖြစ်ပြီး မဟာမြစ်တာအိုကျောင်းနှင့် သမင်ဖြူတာအိုကျောင်းခွဲတို့မှာမူ အထူးတဆန်း ဖြစ်နေကြ၏။ သူတို့မှာ အကယ်၍ ဝမ်ပေါင်လဲ့သာ ယခုကဲ့သို့ ဆက်လက် အစွမ်းထက်လာမည်ဆိုလျှင် အနာဂတ်တွင် တာအိုကျောင်းလေးကျောင်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြောင်းလဲသွားနိုင်ပေသည်ဟု တွေးနေမိကြသည်။
” ဒီကောင်လေးသာ အမြုတေအဆင့် ရောက်လာရင်…. ” တာအိုကျောင်းလေးကျောင်းမှာ ထိုကဲ့သို့ အံ့အားသင့်နေကြစဉ် ပြည်ထောင်စုကြီးထဲမှ အခြားအဖွဲ့အစည်းများမှာလည်း အလားတူပင် ခံစားနေရ၏။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဖွဲ့ဝင်များမှာ ဝမ်ပေါင်လဲ့အား အမုန်းဆုံးလူများ ဖြစ်ကြသောကြောင့် အံတကြိတ်ကြိတ် ဖြစ်နေ၏။ သို့သော် သူတို့၏ ဂိုဏ်းချုပ်ကြီးမှာ လပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်ကြီးကြောင့် အပြစ်ပေးခံရသည့် အနေနှင့် ထာဝရအကျဉ်းချခံထားရသည်ဖြစ်ရာ သူတို့မှာ ဘာမှပြန်မလုပ်နိုင်ကြပေ။ သူတို့ဂိုဏ်းမှ သိသိသာသာ အင်အားဆုတ်ယုတ်သွားခဲ့ရသည် ဖြစ်ရာ သူတို့မှာ အမြီးကုပ်၍ ငြိမ်ခံနေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ အရေးကြီးပုဂ္ဂိုလ်များမှာလည်း ဝမ်ပေါင်လဲ့အပေါ် အာရုံအပြည့်စိုက်ထားကြသည်။ အမှန်တွင် ဝမ်ပေါင်လဲ့မှာ လပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကြီး ပြီးဆုံးသွားခဲ့သည့် အချိန်ကတည်းက ထင်ပေါ်ကျော်ကြားသော လူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သူသည် ထိုစဉ်တုန်းက အခြေတည်အဆင့် အစပိုင်းတွင်သာ ရှိခဲ့သေးသည်ဖြစ်ရာ သူ၏အနာဂတ်မှာ တိကျရေရာမှု မရှိခဲ့သေးပေ။ သို့သော် ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်….
သူသည် အစောပိုင်း အခြေတည်အဆင့်တွင် ရှိနေခဲ့စဉ်တုန်းက အခြားသော အခြေတည်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာကို သတ်ဖြတ်နိုင်ခဲ့၏။ ထို့နောက် အခြေတည် အလယ်အလတ်အဆင့်သို့ ရောက်သွားသည့်အခါတွင်လည်း သူ၏ စွမ်းရည်များမှာ ထပ်၍ မြင့်တက်သွားခဲ့ပြီး သူသည် အခြေတည် ထိပ်ဆုံးအဆင့်၌ ရှိနေသော ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်ပြန်ပြီ ဖြစ်သည်။ ပြည်ထောင်စုကြီးထဲရှိ ကျင့်ကြံသူအများစုမှာ အခြေတည်ထိပ်ဆုံးအဆင့်၌ ရှိနေကြသော ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် လူတိုင်းမှာ သူ့အား အာရုံစိုက်မိသွားကြ၏။ အမြုတေအဆင့် ကျင့်ကြံသူများမှာ များများစားစား မရှိသောကြောင့် သူတို့မှာ အလွန်အန်မတန်မှ အရေးပါကြပြီး သေးဖွဲ့သိမ်နုတ်သော တာဝန်များအတွက် သူတို့အား စေခိုင်း၍ မဖြစ်ပေ။ ထို့ကြောင့် အဖွဲ့အစည်း အသီးသီးရှိ နေ့စဉ်ဓူဝ တာဝန်များကို ထမ်းဆောင်နေကြသည့် လူများမှာ အခြေတည် ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူများသာ ဖြစ်ကြ၏။
သို့သော် ဝမ်ပေါင်လဲ့မှာ သူသည် အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူများကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း ပြသလိုက်သည် မဟုတ်ပါလော။ သူ၏ တိုက်ရည်ခိုက်ရည် တစ်ခုတည်းနှင့်ပင် လူတိုင်းအား အံ့ဩမှင်တက်သွားစေနိုင်သည် ဖြစ်ပြီး သူ့အား လူအများက အရေးပေးလာအောင် လုပ်နိုင်စွမ်း ရှိနေသည်ဖြစ်သည်။ ထိုအဖွဲ့အစည်းများထဲတွင် အမြုတေအဆင့် ကျင့်ကြံသူများ အလုံအလောက် ရှိပါသော်လည်း သူတို့မှာလည်း အမူအရာများ တည်ကြည်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် ဝမ်ပေါင်လဲ့အား နတ်တစ်ပါးအဖြစ် မသတ်မှတ်နိုင်လျှင်တောင် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်၍ ရနေပြီဖြစ်ကြောင်း သူတို့က နားလည်ထားကြသောကြောင့် ဖြစ်သည်။
သို့သော် အကယ်၍ ဝမ်ပေါင်လဲ့မှာ ဤပြိုင်ပွဲတွင် အနိုင်ရရှိသွားပြီး နတ်ဘုရားလက်နက် စီမံကိန်းအား အပြည့်အဝ တာဝန်ယူရမည့် အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန် သို့မဟုတ် ပဏာမအဆင့်လေး အရာရှိတစ်ယောက် ဖြစ်လာမည်ဆိုပါက သူသည် နတ်တစ်ပါးကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ထို့နောက် သူသည် အနာဂတ်တွင် ပြည်ထောင်စုကြီးထဲရှိ အဆင့်မြင့်ရာထူးများကို ဆက်ခံရမည့် လူများထဲမှ တစ်ယောက် ဖြစ်သွားတော့မည်လည်း ဖြစ်သည်။
ဥပမာပြရလျှင် လီဝမ်အာတစ်ယောက် ကျိုးရိရှန်အား ဖိနှိပ်နိုင်စွမ်းရှိပြီး ကျိုးမိသားစုအား အခက်တွေ့အောင် လုပ်နိုင်စွမ်းရှိနေရသည့် အကြောင်းအရင်းမှာ သူမ၏ မိသားစုကျောထောက်နောက်ခံ တစ်ခုတည်းကြောင့် မဟုတ်ပေ။ ၎င်းထက် ပို၍အရေးကြီးသော အချက်မှာ သူမ၏ လျစ်လျူရှု၍မရနိုင်သော ရာထူးအဆင့်အတန်းနှင့် လုပ်ရည်ကိုင်ရည်များကြောင့်သာ ဖြစ်သည်။
လသုံးစင်းမဟာမိတ်အဖွဲ့အစည်းအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးမှာ ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေကြစဉ် ကျင့်သိုမင်၏ မျက်ဝန်းများထဲ၌ အံ့ဩမှင်တက်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာ၏။ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲတွင် ရှိနေသော ဝမ်ပေါင်လဲ့မှာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားနေကြသည့် သားရဲကြီးများကို ဂရုစိုက်နေခြင်းမရှိပေ။ သူသည် သန်းပေါင်းများစွာသော ပွဲကြည့်ပရိသတ်များ၏ရှေ့တွင် ရှေးဟောင်းဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခြမ်းအား ဆွဲလာပြီး သူ၏ စခန်းဆီသို့ တစ်လှမ်းချင်းစီ ပြန်သွား၏။
လမ်းတစ်လျှောက်တွင် မည်သည့် သားရဲကြီးကမှ သူ၏အနားသို့ မသွားရဲကြပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ စခန်းဆီသို့ ပြန်ရောက်လာပြီး ပင်မအပေါက်ရှေ့သို့ ရောက်လာသောအခါ ထို ဖုတ်ကောင်ကြီး ခန္ဓာကိုယ်တစ်ခြမ်းအား ဦးခေါင်းခွံကြီး၏ ဘေးတွင် ချထားလိုက်၏။
၎င်းတို့ကို အဟန့်အတားသဘောမျိုးဖြင့် ထိုကဲ့သို့ ထားထားခြင်းဖြစ်သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ စခန်းထဲသို့ ပြန်ဝင်သွားလိုက်၏။ သူသည် စခန်းထဲသို့ရောက်သွားသည်နှင့် ချက်ချင်းထိုင်ချလိုက်ပြီး ဖြူဆုတ်နေသော မျက်နှာကြီးဖြင့် သူ၏ မုန့်ထုပ်များကိုထုတ်ယူကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။
” ငါ တော်တော်ကို ဗိုက်ဆာနေပြီ။ သတိတောင် လစ်တော့မယ် ထင်တယ်။ ဘာလို့ ငါ့ရဲ့ အပြင်စွမ်းအားတွေအကုန်လုံးကို ထုတ်သုံးရင် ဒီလောက်အထိ ဗိုက်ဆာသွားရတာလဲ… ဒါမှမဟုတ် ဒဏ်ရာတွေပျောက်အောင် ကုနေရလို့များလား ” ဝမ်ပေါင်လဲ့မှာ ရှည်ရှည်ဝေးဝေး တွေးတောမနေတော့ဘဲ အငမ်းမရ စားနေလိုက်တော့သည်။ သို့သော် သူသည် ပိုစားလေလေ ပို၍ ဗိုက်ဆာလာလေလေ ဖြစ်နေသောကြောင့် ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။ ထို ဆာလောင်မွတ်သိပ်မှုကြီးကြောင့် မကြာသေးမီတုန်းက သူ ထုတ်ပြခဲ့သည့် သူ၏ ရက်စက်ကြမ်းကြုတ်ကာ မောက်မာဝံ့ကြွားမှု အပြည့်ရှိနေသော ပုံရိပ်ကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မုန့်အမြောက်အမြား စားသုံးပြီးသွားသည့်တိုင်အောင် အာသာပြေရုံလောက်သာ ဖြစ်သွား၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး အဝေးမှနေ၍ သူ့ဆီသို့ ပြေးလာနေသော မြည်းလေးအား လှမ်း၍ကြည့်လိုက်၏။ ယခင်တုန်းကဆိုလျှင် သူသည် ထိုမြည်းလေးအား မြင်လိုက်ရသည့်အချိန်တိုင်း စိတ်ရှုပ်ကာ ဒေါသထွက်နေခဲ့ရသည်သာ ဖြစ်သည်။
သို့သော် ယခုအကြိမ်တွင်မူ ထိုကဲ့သို့ မဟုတ်တော့ပေ။
” သူ့ရဲ့ အမွေးတွေ ဒီလောက်အထိ တောက်ပြောင်နေပုံရရင် သူ့ဆီမှာ အဆီတွေအများကြီး ရှိနေတာပဲဖြစ်ရမယ်။ သူ့ရဲ့ လက်တွေခြေထောက်တွေကလည်း တော်တော်လေးကိုထွားလာတဲ့အပြင် သူ့ရဲ့ ခြေသလုံးလေးတွေကလည်း တော်တော်ကို အရေးအသွေး ကောင်းမဲ့ပုံပဲ။ ငါသာ သူ့ကို ကင်စားလိုက်ရမယ်ဆိုရင် တော်တော်လေးကို အရသာရှိနေမှာ။ ပြီးရင် စွပ်ပြုတ်လုပ်သောက်လို့ရတဲ့ ခွာလေးခုလည်း ရှိနေသေးတယ်။ သူ့ရဲ့ နားရွက်တွေကလည်း စားလို့ရလောက်တယ်…. ပြီးတော့ ခေါင်းမှာလည်း အသားတွေနဲ့ ပြည့်နေတာ ” ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးကို မြင်လိုက်ရသောအခါ ထိုအတွေးများမှာ သူ၏ စိတ်ထဲ၌ အထိန်းအကွပ်မဲ့စွာ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် ထိုမြည်းလေးအား အလျင်အမြန် အကဲခတ်လိုက်၏။
သို့သော် ဝမ်ပေါင်လဲ့၏ အကြည့်ကြောင့် ထိုမြည်းလေးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထကာ ရပ်တန့်သွားရပြီး ၎င်း၏ မျက်ဝန်းများထဲတွင် ထိတ်လိန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် ၎င်းမှာ အန္တရာယ်တစ်ခုနှင့် ကြုံရတော့မည်ဟု ခံစားလိုက်ရသည့်အလား နောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွား၏။ ၎င်းမှာ သတိကြီးကြီးထားခဲ့ပြီး မည်သည့် သားရဲကြီးများကိုမှ အဝင်မခံခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ သားရဲစီးကြောင်းကြီး တစ်ခုလုံးနီးပါးကို သူ၏နောက်သို့ ခေါ်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် စခန်းနားသို့ရောက်လာသည့် သားရဲကြီးအချို့ ရှိနေလျှင်တောင် မြည်းလေးမှာ အခြေတည်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သောကြောင့် ၎င်း၏ အမြန်နှုန်းမှာ ဝမ်ပေါင်လဲ့နှင့် မတိမ်းမယိမ်း ရှိနေသည်ဖြစ်ရာ သိပ်၍ အားစိုက်စရာမလိုဘဲ အခြေအနေများကို ငြိမ်ဝတ်ပိပြားအောင် ထိန်းချုပ်နိုင်ခဲ့၏။
ထို့ကြောင့် ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့ ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ၎င်း၏ ကြိုးစားအားထုတ်မှုအတွက် ဆုချီးမြှင့်ခံလို့သောကြောင့် သူ့ဆီသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏မုန့်ထုပ်များအား ထုတ်ယူနေသည်ကို မြင်လိုက်ရသောအခါ ၎င်းမှာ ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့ပြီး အရှိန်မြှင့်တင်ခဲ့၏။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ အကြည့်ကြောင့် ၎င်းမှာ ကြောက်ရွံ့တုန်လှုပ်သွားရပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ပြသည့်အနေနဲ့ အော်ဟစ်မြည်တမ်းရင်း မြို့နံရံများဆီသို့ ချက်ချင်းပင် ပြန်လည်ဆုတ်ခွာသွားတော့သည်။ သို့သော် ၎င်းမှာ ထိုမျှလောက်နှင့် လုံလောက်မှုမရှိသေးဟု ခံစားနေရသောကြောင့် ထိုကဲ့သို့ စိုးရိမ်တကြီးနှင့် ပြေးလွှားနေရင်း တစ်ဝက်တစ်ပျက် အစားခံထားရသည့် သားရဲကြီးခုနစ်ကောင်၏ ရုပ်အလောင်များကို ကိုက်ချီ၍ ဝမ်ပေါင်လဲ့၏ မြင်ကွင်းထဲ၌ ချပြလိုက်၏။
၎င်း၏ အကြံမှာ ရိုးရှင်းပေသည်။ ၎င်းမှာ သူသည် ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိပြီး အမိန့်နာခံကာ ထိုသားရဲကြီးခုနစ်ကောင် စခန်းထဲသို့ ရောက်မလာနိုင်အောင် တားဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောပြချင်နေခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ရှင်းပြပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ အကြည့်မှာ ပြောင်းလဲသွားခြင်းမရှိသေးသောကြောင့် ထိုမြည်းလေးမှာ အလွန်အင်မတန်မှ စိုးရိမ်တုန်လှုပ်သွားရပြီး ငိုမဲ့မဲ့နှင့် အံကြိတ်ကာ အော်ဟစ်မြည်တမ်းရင်း စခန်းအပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုမြည်းလေးမှာ သူ၏ အကြံအစည်အား ခန့်မှန်းနိုင်ခဲ့သောကြောင့် ၎င်းမှာ ယခင်ကထက် ပို၍ ဉာဏ်ကောင်းလာပြီဖြစ်ကြောင်း မှတ်ယူလိုက်ပြီး အံ့အားသင့်သွားရ၏။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ ထိုမြည်းလေးအား လှမ်းကြည့်လိုက်၏။ ထိုအခါ ထိုမြည်းလေးမှာ သားရဲအုပ်ကြီးထဲသို့ ပြေးဝင်သွားပြီး မြင်မြင်သမျှ သားရဲကြီးတိုင်းအား လိုက်ကိုက်နေသည်ကို သူက ချက်ချင်းပင် မြင်လိုက်ရတော့သည်။ ၎င်း၏ ပုံစံမှာ ရက်စက်ကြမ်းကြုတ်ကာ အံ့ဩဖွယ်ရာ ကောင်းနေပြီး အလွန်အင်မတန်မှ အစွမ်းထက်နေသည့်ပုံ ပေါက်နေ၏။ ထို့အပြင် ၎င်းမှာ နောက်သို့ ခဏခဏလှည့်၍ ဝမ်ပေါင်လဲ့အား လှမ်းကြည့်နေ၏။
ထိုမြင်ကွင်းမှာလည်း ပြည်ထောင်စုကြီးထဲရှိ ပွဲကြီးပရိသတ်များအား အံ့ဩတုန်လှုပ်သွားစေ၏။ သူတို့အားလုံးမှာ ထိုမြင်ကွင်းကြီးအားကြည့်ရင်း အံ့ဩတုန်လှုပ်နေရာမှ အထူးတဆန်းဖြစ်နေရတော့သည်။ ထိုအခိုက်အတန့်တွင် သူတို့မြင်နေရသည့် ပုဂ္ဂိုလ်မှာ သူတို့သိထားသော ဝမ်ပေါင်လဲ့ဖြစ်ကြောင်း သူတို့အားလုံးက ခံစားလိုက်ရ၏။
တစ်ချိန်ထဲမှာပင် သူတို့မှာ မြည်းလေး၏ လုပ်ရပ်များကို စာနာသနားသွားကြ၏။
” မြည်းလေးအတွက် ရင်နာလိုက်တာ ”
” သုံးနှစ်မကျော်ခင် ဝမ်ပေါင်လဲ့က အဲဒီ မြည်းလေးကို သတ်စားပစ်မယ်ဆိုတာ ငါ လောင်းရဲတယ် ”
လူအုပ်ကြီးမှာ ထိုကဲ့သို့ဆွေးနွေးငြင်းခုံနေကြစဉ် ဝမ်ပေါင်လဲ့ကမူ သူ၏ မုန့်များကို ကုန်အောင် ဆက်စားနေလိုက်ပြီးနောက် စိတ်ကျေနပ်နေသည့် အမူအရာဖြင့် သူ၏ဗိုက်ကို ပုတ်လိုက်၏။ ထို့နောက် သူသည် သားရဲကြီးများ၏ ကြား၌ လူးလွန့်သွားလာနေသော မြည်းလေးအား သူ့ဆီသို့လာရန် အမိန့်ပေးလိုက်၏။
” ပြန်လာခဲ့တော့။ မင်းက သူတို့နဲ့ ဘဝအတူတူပဲ ဆိုပြီးတော့ သူတို့ကို ဖားယားဖို့ ကြိုးစားနေတာနေတာ ငါ မသိဘူးမှတ်မနေနဲ့ ”
ထိုအခါ မြည်းလေးမှာ နားရွက်များထောင်မတ်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အမိန့်ကိုကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရသလို အပြစ်အနည်းငယ် ရှိနေသလိုလည်း ခံစားလိုက်ရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ခန့်မှန်းရခက်သော လူတစ်ယောက်ဖြစ်သည်ဟုလည်း ၎င်းက တွေးလိုက်၏။ ထို့ကြောင့် ၎င်းမှာ ထွက်ပြေးရန် ပြင်နေသည့်အတွေးများကို စွန့်လွှတ်လိုက်တော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ဗိုက်ဝသွားပြီဖြစ်ကြောင်း သူက သတိထားမိလိုက်သဖြင့် သူ့ဆီသို့ အလျင်အမြန် ပြန်ပြေးလာတော့သည်။
ယခုလက်ရှိ စစ်မြေပြင်ကြီးမှာ နှစ်ခြမ်းကွဲနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ ရှိရာဘက်တွင် သားရဲစီးကြောင်းကြီးမှာ လုံးဝနီးပါး မရှိတော့ပေ။ အခြားနယ်မြေများထဲတွင်မူ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အတိုင်း လိုက်လုပ်ကာ ရှေးဟောင်းဖုတ်ကောင်ကြီးများကို သတ်ဖြတ်ခဲ့ကြပါသော်လည်း မည်သူကမှ တစ်ယောက်တည်းအားဖြင့် မအောင်မြင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့မှာ အချင်းချင်း ကူညီရိုင်းပင်းခဲ့ကြရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ပထမဦးဆုံး တိုက်ခိုက်ခဲ့သူဖြစ်ရာ သားရဲကြီးများမှာ ထိုပြိုင်ပွဲဝင်များကြောင့် တုန်လှုပ်ချောက်ချားသွားကြသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား အကြောက်ဆုံးဖြစ်နေဆဲပင်။
သို့သော် နောက်ဆုံးတွင် စတုတ္ထသားရဲစီးကြောင်းကြီး ပြီးဆုံးသွားတော့သည်။ ထိုသားရဲစီးကြောင်းကြီး၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ ကြီးမားလွန်းနေ၏။ ဝမ်ပေါင်လဲ့မှလွဲ၍ ကျန်ရှိနေသေးသော ဆန်ခါတင်ခုနစ်ယောက်စလုံးထဲမှ မည်သူကမှ ထိုသားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ထို သားရဲစီးကြောင်းကြီး ပြီးဆုံးသွားချိန်တွင် သူတို့မှာလည်း တည်နေရာ ရွှေ့ပြောင်းခံလိုက်ရပြီး ပြိုင်ပွဲထဲမှ ထုတ်ပယ်ခံလိုက်ရတော့သည်။
သားရဲစီးကြောင်းကြီး လွင့်ပါးပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ ချက်ချင်းလှုပ်ရှားလိုက်ပြီး ရုပ်သေးရုပ် ထောင်ပေါင်းများစွာအား ပြိုင်ပွဲထဲမှ ထုတ်ပယ်ခံလိုက်ရသည့် ဆန်ခါတင်များ၏ နယ်မြေများဆီသို့ ထုတ်လွှတ်လိုက်၏။ အမှန်တွင် သူသည် ထိုနယ်မြေများအား မျက်စိကျနေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ဦးဆောင်မှုအောက်တွင် ထိုရုပ်သေးရုပ်ထောင်ပေါင်းများစွာမှာ အရူးများကဲ့သို့ ရှေ့သို့ပြေးထွက်သွားကြပြီး ပစ္စည်းများကို တစ်စစီဖြုတ်ကာ သယ်ဆောင်သွားကြတော့သည်။
ကျန်ရှိနေသေးသော အခြားအဖွဲ့အစည်းများမှာလည်း ရပ်ကြည့်မနေကြပဲ စတင်လှုပ်ရှားကာ ပစ္စည်းများကို လုယူနေကြ၏။ သို့သော် သူတို့မှာ ထိုတိုက်ပွဲကြီးအား ကျော်ဖြတ်ခဲ့ရပြီးနောက် မောပန်းနွမ်းနယ်နေကြပြီဖြစ်သလို လူအင်အားမြောက်မြားစွာကိုလည်း ဆုံးရှုံးခဲ့ရသည့်ဖြစ်ရာ အထူးတလည် ပြုလုပ်ထားသည့် ရုပ်သေးရုပ်ထောင်ပေါင်းများစွာကို မယှဥ်နိုင်ကြပေ။ ထို့ကြောင့် သူတို့အားလုံးမှာ ပစ္စည်းများအား လုယူနေကြသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အများဆုံးရရှိလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို ပြန်ယူလာပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် ပုံစံစာရွက်အတိုင်း သူ၏ ပြီးပြည့်စုံသော ထာဝရခံတပ်ကြီးအား ပြန်လည် တည်ဆောက်လိုက်တော့သည်။ သူသည် ပစ္စည်းအမြောက်အမြား စုစည်းနိုင်ခဲ့သောကြောင့် သူ၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ အလျင်အမြန် တိုးတက်လာခဲ့ပြီး အဝေးမှကြည့်လိုက်ပါက သူ၏ စခန်းကြီးမှာ ဧရာမ ထောင့်မှန်စတုဂံ အတုံးကြီးတစ်တုံးပုံစံ ရုပ်လုံးပေါ်လာတော့သည်။
ထိုအတုံးကြီးမှာ ဝမ်ပေါင်လဲ့၏ စခန်းအား လွှမ်းခြုံထားသောကြောင့် အပြင်လူများမှာ ၎င်း၏အတွင်းပိုင်းကို မမြင်ရပေ။ သူတို့မှာ ပစ္စည်းအမျိုးမျိုးဖြင့် ဆောက်လုပ်ထားသည့် ထိုအဆောက်အဦကြီး၏ အပြင်ဘက်အခြမ်းကိုသာ မြင်နိုင်ပေသည်။ ၎င်းမှာ ရောင်စုံသန်းနေကြပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ခိုင်ခန့်မှုအပြည့်ရှိနေ၏။
တစ်ချိန်ထဲမှာပင် ထိုဧရာမအတုံးကြီးထဲ၌ ဆောက်လုပ်ရေးလုပ်ငန်းသံများမှာ အဆက်မပြတ် ထွက်ပေါ်လာနေကြသောကြောင့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာ
သူတို့၏ သိချင်စိတ်များကို မထိန်းနိုင်လောက်အောင် ဖြစ်နေကြတော့သည်။
” ဝမ်ပေါင်လဲ့က ဘာကိုများ ဆောက်ဖို့ ကြိုးစားနေတာလဲ ”
” ငါ နားလည်သွားပြီ။ ဒီပြိုင်ပွဲကြီးက တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုခက်လာတာ။ နောက်ဆုံးအချိန်အထိ တောင့်ခံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ နောက်ဆုံးအဆင့်က ကျင့်ကြံသူတွေနဲ့ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေကို မဟုတ်ဘဲ သူတို့ တည်ဆောက်ထားတဲ့ စခန်းတွေရဲ့ အရည်အသွေးနဲ့စွမ်းအားတွေကို စစ်ဆေးမှာ ဖြစ်လောက်တယ် “
ဖက်တီး၀မ်က ဖက်တီးပိုင်ဆီအလည်ရောက်လာတာလား