Switch Mode

အခန်း (၃၅၅)

သားရဲစီးကြောင်းအား ခြောက်လှန့်ခြင်း

ထိုမြင်ကွင်းကြီးမှာ ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်အားလုံးကို အံ့ဩတုန်လှုပ်သွားစေ၏။ သူတို့၏ မျက်လုံးများထဲတွင် ဝမ်ပေါင်လဲ့မှာ ဓားအိမ်ထဲမှ ထွက်လာသော အသွားထက် ဓားတစ်လက်ကဲ့သို့ ဖြစ်နေ၏။ သူ၏ ပုံစံမှာ ခန့်ညားထည်ဝါလွန်းနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ယခင်တုန်းက သူ၏ အမူအရာများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတော့သည်။ သူသည် ခေါင်းအစခြေအဆုံး ပြောင်းလည်းသွားသကဲ့သို့ပင်။

အချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့ အစစ်အမှန်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် ရေရေရာရာ မသိတော့ဘဲ ဇဝေဇဝါဖြစ်သွားရတော့သည်။

ဝမ်ပေါင်လဲ့အစစ်မှာ မကြာသေးမီတုန်းက ပေါ့ပြက်ပြက် အမူအရာများဖြင့် အဆက်မပြတ် ကြွားလုံးထုတ်နေခဲ့သည့် အရှက်မရှိသော လူငယ်လေး ဖြစ်နေသည်လော။ သို့မဟုတ် သူသည် ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ကာ နဂါးတစ်ကောင်ကဲ့သို့သော အငွေ့အသက်မျိုးဖြင့် အဆုံးမရှိလောက်အောင် ရှည်လျားနေသော သားရဲစီးကြောင်းကြီးအား စိတ်ဓာတ်ပြတ်သားမှု အပြည့်ဖြင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ရက်စက်ကြမ်းကြုတ်ဖွယ် လူငယ်လေး ဖြစ်နေသည်လော။

ထိုနှစ်ယောက်ကြားမှ ခြားနားချက်မှာ ကြီးမားလွန်းနေသောကြောင့် ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များသာမက အင်္ဂါဂြိုဟ်ပေါ်မှ လူများကပါ အံ့ဩတုန်လှုပ်နေကြရတော့သည်။ သူတို့မှာ အသက်ရှုသံများ မြန်ဆန်လာကြပြီး တအံ့တဩနှင့် ပင့်သက်ရှိုက်မိနေကြ၏။ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းနေပြီး သူသည် အသွားထက်ဓားမြှောင်တစ်ချောင်းကဲ့သို့ သားရဲအုပ်ကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အံ့ဩမှင်တက်ဖွယ်ရာ တိုက်ရည်ခိုက်ရည် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ဓားရှည်ကြီးအား ကိုင်‌မြှောက်၍ ခုတ်ထစ်လိုက်သောကြောင့် သူ့ဆီသို့ ပြေးလာနေကြသည့် သားရဲကြီးများမှာ သူ့အား မမြင်လိုက်ရခင်မှာပင် အပိုင်းပိုင်းပြတ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့ဆီသို့ ပြေးလာပြီး ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုက်သောကြောင့် သူတို့၏ ခြေလက်အင်္ဂါများမှာ ခန္ဓာကိုယ်‌ပေါ်မှ ပြုတ်ထွက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အသားစများနှင့် သွေးအိုင်များအဖြစ် ပြောင်းလဲသွားကြတော့သည်။

ထို့ကြောင့် နာကျည်းဖွယ်ရာ အော်ဟစ်မြည်တမ်းသံများ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ အင်္ကျီမှာလည်း နီမြန်းသွား၏။ ထို့နောက် သာမန်လူများ တောင့်ခံနိုင်စွမ်းပင် ရှိမည်မဟုတ်သော သွေးညှီနံ့များမှာ ထောင်းခနဲ ထွက်ပေါ်လာ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအနံ့များကို ကျင့်သားရနေသည့် အမူအရာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ နှလုံးသားထဲတွင် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်မျိုးပင် ပေါ်ထွက်လာတော့သည်။

သူသည် လက်တလောအတွင်းတွင် သူ၏စိတ်များကို ချုပ်တည်းထားခဲ့ရသောကြောင့် သူ၏ သတ်ဖြတ်လိုသောစိတ်များမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည့် အလားပင်။ ယခုတွင် ထိုသတ်ဖြတ်လိုစိတ်များကို အထိန်းအကွပ်မရှိ ထုတ်လွှတ်လိုက်ပြီ ဖြစ်သောကြောင့် သူ၏မျက်ဝန်းများထဲရှိ အေးစက်စက် အရိပ်အယောင်များမှာ ပို၍ပင် သိသာထင်ရှားလာတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားခြင်းမရှိဘဲ သူသည် ရှေ့သို့ဆက်၍ ပြေးသွားလိုက်၏။

သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဓားရှည်ကြီး၏ အနက်ရောင်အလင်းရောင်များ တောက်ပလာပြီး ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ နောက်ထပ်သားရဲကြီး ခုနစ်ကောင်မှာ သူ့ဆီသို့ တည့်မတ်စွာ ဦးတည်လာနေကြပါသော်လည်း မြေကြီးပေါ်သို့ မဆင်းသက်နိုင်ခင်မှာပင် လေထဲ၌ အသားစများနှင့် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွား၏။ သူတို့၏ ရဲရဲနီနေသော သွေးများ အရပ်မျက်နှာအနှံ့သို့ ပန်းထွက်နေချိန်တွင် ဝမ်ပေါင်လဲ့မှာ သွေးများဖြင့် စိုရွှဲနေသည့် လူတစ်ယောက်အသွင် ပြောင်းလဲသွားပြီး သားရဲအုပ်ကြီးထဲသို့ တိုးဝှေ့သွား၏။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ တသတ်မှတ်ထဲ ရှိနေဆဲပင်….

၎င်းမှာ ပေတစ်ထောင်ပင် မဝေးသော နေရာ၌ ရှိနေသည့် ရှေးဟောင်းဖုတ်ကောင်ကြီး ဆယ်ကောင်းထဲမှ တစ်ကောင်ပင် ဖြစ်သည်။

ထို ရှေးဟောင်းဖုတ်ကောင်ကြီး၏ ဦးခေါင်းခွံကြီးမှာ အလွန်အင်မတန်မှ ကြီးမားနေပြီး ၎င်း၏ လက်များပေါ်တွင်လည်း ဧရာမပါးစပ်ပေါက်ကြီးများဖြင့် ပြည့်နှက်နေ၏။ ထို ပါးစပ်ပေါက်များ အားလုံးထဲမှ မရေမတွက်နိုင်လောက်အောင် များပြားသော လူပေါင်းများစွာ တစ်ပြိုင်နက်တည်းကို အော်ဟစ်မြည်တမ်းနေကြသည့် အသံများနှင့် ဆင်တူသော ဆူညံသံတစ်သံ ထွက်ပေါ်နေသည်။ ၎င်းမှာ အင်မတန်မှ ဒေါသထွက်လွယ်သည့်ပုံ ပေါက်နေ၏။ ၎င်းမှာ ပြေးလွှားနေရင်း ၎င်း၏ရှေ့၌ ရှိနေသော သားရဲကြီးများကို လှမ်းဖမ်းလိုက်သောအခါ ၎င်း၏ လက်ပေါ်တွင် ရှိနေသောပါးစပ်ပေါက်များမှာ ထိုသားရဲကြီးများ တစ်စစီ ကိုက်ဖြတ်ပစ်လိုက်၏။ ထိုမြင်ကွင်းကြီးမှာ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ ကောင်းလွန်းလှပေသည်။

ထိုအချိန်တွင် ၎င်းမှာ ဝမ်ပေါင်လဲ့အား သတိထားမိသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ သူရှိရာဘက်သို့ ရုတ်တရက်ဆိုသလို လှည့်လာသဖြင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်ဖွယ်ရာ ပုံပန်းသွင်ပြင်ကြီးမှာ ပို၍ပင် သိသာထင်ရှားလာတော့သည်။ သို့သော် ၎င်းမှာ ထွက်ပြေးသွားခြင်းမရှိဘဲ ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းရင်း ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာ၏။ ပေတစ်ထောင်ဆိုသော အကွာအဝေးမှာ ကျင့်ကြံသူများအတွက် တိုတောင်းသော အကွာအဝေးတစ်ခု မဟုတ်ပါသော်လည်း ယခုတွင် ဝမ်ပေါင်လဲ့နှင့် ထိုရှေးဟောင်းဖုတ်ကောင်ကြီးတို့ နှစ်ယောက်စလုံးမှာ တစ်ပြိုင်နက်တည်း အရှိန်မြှင့်တင်လိုက်ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာ မျက်စိတစ်မှိတ်အတွင်းတွင် ထိုနှစ်ယောက် နီးကပ်သွားသည်ကို မြင်လိုက်ရတော့သည်။

သူတို့နှစ်ယောက် ထိုကဲ့သို့ နီးကပ်သွားသည်နှင့် တစ်ပြိုင်နက် လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ အနက်ရောင် လေမုန်တိုင်းကြီးများမှာ အရပ်မျက်နှာအနှံ့သို့ တိုက်ခိုက်သွားကြပြီး မိချောင်းနက်ကြီးတစ်ကောင်၏ ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ထိုပုံရိပ်ကြီးမှာ မှုန်ဝါးဝါး ဖြစ်နေပါသော်လည်း ယခင်အကြိမ်များတုန်းကထက် ပို၍ သိသာထင်ရှားနေပြီဖြစ်သည်။ ထိုအနက်ရောင် မိချောင်းကြီးမှာ ရှေ့သို့ပြေးထွက်သွားသော ဝမ်ပေါင်လဲ့နှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားသောကြောင့် အပြင်ဘက်မှ လူများမှာ သူ့အား မမြင်ရတော့ပေ။ သူတို့မှာ အနက်ရောင် လေမုန်တိုင်းကြီးအား စီးနင်းကာ ဝါးမျိုတော့မည့် ဟန်ဖြင့် ရှေးဟောင်းဖုတ်ကောင်ကြီးဆီသို့ ပြေးသွားနေသည့် အနက်ရောင် မိချောင်းကြီးကိုသာ မြင်နေရတော့သည်။

ထိုရှေးဟောင်းဖုတ်ကောင်ကြီးကိုလည်း အထင်သေး၍မရပေ။ ၎င်းမှာ အော်ဟစ်မြည်တမ်းလိုက်ပြီး အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ၎င်းမှာ လက်နှစ်ဖက်စလုံးကို မြှောက်လိုက်သဖြင့် သူ၏ လက်မောင်းများမှာ စတင်ကြီးထွားလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ ဧရာမ ကြိတ်ဆုံကျောက်ကြီးများအသွင် ပြောင်းလဲသွားကြပြီး အံ့ဩမှင်တက်ဖွယ်ကောင်းသော ပြင်းအားမျိုးဖြင့် ဝမ်ပေါင်လဲ့ပေါ်သို့ လျင်မြန်စွာ ကျရောက်လာတော့သည်။

အဝေးမှကြည့်လိုက်မည်ဆိုပါက စစ်မြေပြင်ထဲတွင် ထိုမြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ထို့ကြောင့် လူတိုင်းမှာ ထိုအပေါ်သို့ အာရုံရောက်သွားကြပြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်ကြတော့သည်။ ထို့နောက် သူတို့၏ အမူအရာများ ပြောင်းလဲမသွားနိုင်ခင်မှာပင် ရှေးဟောင်းဖုတ်ကောင်ကြီး၏ ကြိတ်ဆုံကျောက်ပုံသဏ္ဍာန် လက်ကြီးနှစ်ဖက်မှာ ချက်ချင်းဆိုသလိုပင် အနားသို့ ရောက်လာသောကြောင့် ဝမ်ပေါင်လဲ့ ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိတော့ပေသည်။

တစ်ခုမှာ ထိုလက်နှစ်ဖက်အား ရှောင်တိမ်းလိုက်ပြီးနောက် ထိုရှေးဟောင်းဖုတ်ကောင်ကြီးအား သူ၏ ဓားရှည်ကြီးဖြင့် ခုတ်ထစ်လိုက်ရန် ဖြစ်သည်။

အခြားရွေးချယ်စရာတစ်ခုမှာမူ ထိုရှေးဟောင်းဖုတ်ကောင်ကြီး၏ အပြင်စွမ်းအားကို လျစ်လျူရှုကာ ၎င်းအား ယခုချက်ချင်း သတ်ဖြတ်ပစ်ရန် ဖြစ်သည်။

သို့သော် သူသည် သူ၏ အငွေ့အသက်များကို ရပ်တန့်ပစ်ရန် မဖြစ်နိုင်တော့ပေ။ သူသည် အစကတည်းကနေ၍ ယခုအထိ ထိုအငွေ့အသက်များကို ချုပ်တည်းထားခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် တွေဝေနေခြင်းမရှိဘဲ ဒုတိယမြောက် အကြံအစည်ကို ရွေးချယ်လိုက်တော့သည်။ ထို့နောက် သူ၏ မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များ အရောင်တောက်လာပြီး သူသည် ရှေးဟောင်းဖုတ်ကောင်ကြီး၏ ဧရာမ လက်ကြီးနှစ်ဖက်ကို တစ်ချက်လေးပင် မကြည့်ဘဲ အသံကုန်အော်ဟစ်လိုက်တော့သည်။

” သေပေတော့ ”

သူ၏ စကားသံများမှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်သံ၏အောက်တွင် တိမ်ဝင်သွား၏။ သူသည် သူ၏ ဓါးရှည်ကြီးကို ကိုင်မြှောက်၍ ခုတ်ထစ်လိုက်သောအခါ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ အပြင်းအထန်တုန်ရီသွားတော့သည်။ ထိုဓားချက်ထဲတွင် အ‌ခြေတည် နှောင်းပိုင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် အခြေတည်အလယ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းအားများအားလုံး စုပေါင်းပါဝင်နေသည်။ ထို့အပြင် သူ၏ အစိမ်းရောင်ကြာပွင့်လေး၏ အခြေတည်အဆင့် စွမ်းအားများနှင့် သူ၏ အံ့ဩမှင်တက်ဖွယ်ရာ အပြင်ခန္ဓာကိုယ်စွမ်းအားများသာမက သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ကောင်းကင်မိုးကြိုးသွားနှစ်ခုလည်း ပါဝင်နေသေးသည်ဖြစ်ရာ သူ၏ အမြန်နှုန်းမှာ အလွန်အင်မတန်မှ တိုးတက်လာ၏။

ထိုသို့ဖြင့် သူ၏လှုပ်ရှားမှုများကြောင့် လျှပ်စစ်မီးပွားလေးများမှာ အရပ်မျက်နှာအနှံ့သို့ ဖွာထွက်သွားကြသဖြင့် ၎င်းတို့ကို အဝေးမှပင် မြင်နေရတော့သည်။ ၎င်းတို့မှာ အနက်ရောင် လေမုန်တိုင်းကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသောကြောင့် ထိုလေမုန်တိုင်းကြီးအား လျှပ်စစ်သံလိုက် မုန်တိုင်းကြီးတစ်ခုအဖြစ် အတိုင်းတာတစ်ခုအထိ ပြောင်းလဲပေးလိုက်သလို ဖြစ်သွားသည်။

ထိုအချိန်တွင် ရှေးဟောင်းဖုတ်ကောင်ကြီး၏ ဧရာမ လက်ကြီးနှစ်ဖက်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ သွေးချီများမှာလည်း စတင်ဆူပွက်လာတော့သည်။ သူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ စိစိညက်ညက် ကြေမွသွားတော့မည့်အလား ခံစားနေရ၏။ ထိုအချိန်တွင် သူ၏ အံ့ဩမှင်တက်ဖွယ်ရာ အပြင်ခန္ဓာကိုယ်စွမ်းအားများ စတင်ထွက်ပေါ်လာပြီး သူသည် အားမာန်အပြည့်ဖြင့် ပြန်လည်ခုခံတွန်းလှန်လိုက်၏။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ဓားရှည်ကြီးအား ဝှေ့ယမ်းကာ ရှေးဟောင်းဖုတ်ကောင်ကြီး၏ လည်ပင်းအား ချိန်ရွယ်လိုက်ပြီး လျင်မြန်သွက်လက်စွာ ခုတ်ထစ်လိုက်တော့သည်။ ထိုအခါ စစ်မြေပြင်ကြီး တစ်ခုလုံးကိုပင် တုန်ရီသွားစေသည့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ရှေးဟောင်းဖုတ်ကောင်ကြီးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေစဉ်တွင် သူ၏ ဦးခေါင်းခွံကြီးမှာ လေပေါ်သို့ မြောက်တက်သွားတော့သည်။

ထို ရှေးဟောင်းဖုတ်ကောင်ကြီးမှာ ခေါင်းဖြတ်ခံလိုက်ရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာလည်း မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သော ဓမ္မလက်နက်ကြီး၏ ပြင်းအားများကို ခုခံနိုင်စွမ်း မရှိတော့သဖြင့် ပုံခနဲ လဲကျသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာပြီး အောက်သို့လဲကျလာသော ရှေးဟောင်းဖုတ်ကောင်ကြီး၏ အလောင်းပေါ်သို့ တက်နင်းကာ လေပေါ်သို့ ခုန်တက်သွားပြီး ရှေးဟောင်းဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသော ဦးခေါင်းခွံကြီးအား အားပါပါ ကန်ကျောက်လိုက်တော့သည်။

သူ၏ ကန်ချက်ကြီးကြောင့် ထိုဦးခေါင်းခွံကြီးမှာ သူ၏နယ်မြေထဲရှိ ပင်မတံခါးပေါက်၏ အပြင်ဘက်သို့ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။

ထိုဦးခေါင်းခွံကြီးမှာ အသံအကျယ်ကြီးမြည်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အကြိမ်ျရ အနည်းငယ်ခန့် တလိမ့်လိမ့် ဖြစ်သွားပြီးနောက် စခန်းတံခါးရှေ့တွင် ရပ်တန့်သွားတော့သည်။ ၎င်း၏ မျက်လုံးများမှာ ပွင့်နေဆဲဖြစ်ပြီး ၎င်းထဲမှ အံ့ဩတုန်လှုပ်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။ ထို့နောက် ခဏအကြာတွင် ထိုမျက်လုံးများမှာ တဖြည်းဖြည်းနှင့် ထာဝရ အသက်မဲ့သွားတော့သည်။

သို့သော် ထိုအသက်မဲ့နေသည့် မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့၏ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ထင်ဟပ်သွား၏။ သူသည် ရပ်တန့်နေခြင်းမရှိဘဲ လေပေါ်သို့ ထပ်၍ခုန်တက်သွားလိုက်ပြီး အခြား ရှေးဟောင်းဖုတ်ကောင်ကြီးဆီသို့ ပြေးသွားလိုက်ပြန်သည်။

ထိုအဖြစ်အပျက်များအားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့ ဖုတ်ကောင်ကြီးတစ်ကောင်အား သတ်ဖြတ်ပြီးသွားချိန်တွင် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာ မည်သို့မည်ဖုံ တုန့်ပြန်ရမှန်းမသိလောက်အောင် ဖြစ်နေဆဲပင်။ တချိန်ထဲမှာပင် ဘေးပတ်ပတ်လည်တွင် ရှိနေသည့် သားရဲစီးကြောင်းကြီးမှာလည်း မငြိမ်မသက်ဖြစ်လာကြတော့သည်။ ဝမ်ပေါင်လဲ့၏ အံ့ဩတုန်လှုပ်ဖွယ်ရာ အ‌ငွေ့အသက်များကြောင့် သူတို့မှာ သူ၏ အနားသို့ မသွားရဲကြတော့ဘဲ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြတော့သည်။

သူတို့မှာ ထိုကဲ့သို့ လူစုခွဲသွားကြပြီဖြစ်ရာ ဝမ်ပေါင်လဲ့၏ ရှေ့၌ မည်သည့်အတားအဆီးမှ ရှိမနေတော့သောကြောင့် သူသည် အရှိန်မြှင့်တင်လိုက်၏။ သူ၏ ခြေထောက်နှစ်ဖက်အောက်တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်ပေါက်လာပြီး အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် သူသည် လေပေါ်၌ ပျံဝဲနေသည့်ပုံ ပေါက်နေ၏။ သူသည် မြေပြင်အထက်သို့ ပျံတက်သွားကာ မိုးကြိုးသွားတစ်ခုပေါ်သို့ တက်နင်းလိုက်ပြီး ယခင်ကထက်ပင် ပို၍ အစွမ်းထက်လာတို့သည်။ ထို့နောက် သူသည် ရှေ့သို့ ပေတစ်ထောင်တိတိ ပြေးထွက်သွားလိုက်ပြီးနောက် လေပေါ်သို့ ချက်ချင်းခုန်တက်ကာ အသံကုန်အော်ဟစ်ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် ဓားရှည်ကြီးအား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ သူ၏အောက်ဘက်တွင် ရှိနေပြီး ကြောက်လန့်တကြားနှင့် အော်ဟစ်ကာ နောက်သို့ထွက်ပြေးနေသော ဒုတိယမြောက် ရှေးဟောင်းဖုတ်ကောင်ကြီးအား လှမ်း၍ ခုတ်ထစ်လိုက်တော့သည်။

” သေစမ်း ” ဝမ်ပေါင်လဲ့မှာ အားမာန်အပြည့်ဖြင့် အော်ဟစ်လိုက်၏။ သူ၏ အစိမ်းရောင်ကြာပွင့် အခြေခံအုတ်မြစ်မှာ သူ့အား အခြားသူများထက် များစွာပို၍သာလွန်သော အပြင်ခန္ဓာကိုယ်စွမ်းအားတစ်ခုကို ပေးစွမ်းနေရုံသာမက သူ၏ ဒဏ်ရာများကိုလည်း မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ကုသပေးနေ၏။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ရှေးဟောင်းဖုတ်ကောင်ကြီး၏ အားပြင်းသော တိုက်ကွက်ကြီးကို ခုခံနိုင်စွမ်း ရှိခဲ့ခြင််းဖြစ်လို အချိန်တိုလေးအတွင်းတွင် သူ၏ဒဏ်ရာအများစုမှာလည်း ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုများ ပိုမိုပြင်းထန်လာ၏။

သူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေချိန်တွင် ရှေးဟောင်းဖုတ်ကောင်ကြီးမှာ ကြောက်ရွံ့တုန်လှုပ်နေရပြီဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ဓားချက်ကြီး၏ ရလဒ်ကို ခန့်မှန်းနေရန်ပင် လိုတော့မည်မဟုတ်ပေ။ ထိုဓားချက်ကြီးနှင့်အတူ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဒုတိယမြောက် ရှေးဟောင်းဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွား၏။ ထို့နောက် ၎င်း၏ သေအံ့ဆဲဆဲ အော်ဟစ်မြည်တမ်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားပြီး နှစ်ပိုင်းပြတ်သွားသော သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မြေပြင်ပေါ်သို့ဆင်းသက်လာပြီး ထိုရှေးဟောင်းဖုတ်ကောင်ကြီး၏ ခန္ဓာကိုယ်တစ်ခြမ်းပေါ်သို့ တက်နင်းလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ဖြင့် ဓားရှည်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ဓားထိပ်အား မြေကြီးပေါ်သို့ ချိန်ရွယ်လိုက်၏။ ထိုအခါ သားရဲကြီးများမှာ သူတို့၏ ခေါင်းဆောင်ကြီးများဖြစ်သော ရှေးဟောင်းဖုတ်ကောင်ကြီးနှစ်ကောင် သေဆုံးသွားကြသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် ကြောက်ဒူးတုန်သွားကြပြီး အနားသို့မကပ်ရဲကြတော့ပေ။ ပြည်ထောင်စုကြီးထဲမှ တိုက်ရိုက်ကြည့်ရှုနေကြသည့် သူများမှာလည်း ထိုမြင်ကွင်းကြီးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည် ပေထောင်ဂဏန်း အနည်းငယ်အတွင်းတွင် သားရဲကြီးများမှာ တစ်ကောင်တလေပင် မရှိကြတော့ပေ။

ထိုမြင်ကွင်းကြောင့် သူတို့အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး အသက်များပင် မရှူနိုင်တော့ပေ။

” သူ… သူ သရဲဝင်ပူးခံလိုက်ရတာတော့ မဟုတ်ဘူးမလား…. ”

” အဲ့တာ…. ဝမ်ပေါင်လဲ့ရော ဟုတ်ရဲ့လား ”

ပွဲကြည့်ပရိသတ်များစွာ ထိုကဲ့သို့ အံ့ဩတုန်လှုပ်နေကြစဉ် ကောင်းကင်တာအိုကျောင်းမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အော်ဟစ်အားပေးသံများဖြင့် ဆူညံသွားတော့သည်။ လျှိုတောက်ပင်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ကျောင်းသားပေါင်း မြောက်မြားစွာမှာလည်း အလားတူပင်ဖြစ်နေကြတော့သည်။

တစ်ချိန်ထဲမှာပင် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးနှင့် အဆောင်တစ်ဆောင်ချင်းစီတိုင်းမှ မဟာအကြီးအကဲများမှာလည်း စိတ်နှလုံး လှုပ်ရှားသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား ကြည့်ရင်း သဘောကျထောက်ခံသည့် အမူအရာများဖြင့် ခေါင်းတညိတ်ညိတ် ဖြစ်နေကြတော့သည်။ ဤတိုက်ပွဲကြီးကိုကြည့်၍ ဝမ်ပေါင်လဲ့မှာ အမှန်တကယ် ရင့်ကျက်သွားပြီဖြစ်ကြောင်း သူတို့က သိလိုက်ရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လပေါ်တွင် ရှိနေခဲ့စဉ်တုန်းက ယခုထက်ပင် ပို၍ရက်စက်ကြမ်းကြုတ်ခဲ့ပါသော်လည်း ထိုစဉ်တုန်းက သူ့အား တွေ့မြင်ခဲ့ရသည့် လူအရေအတွက်မှာ များများစားစား မရှိခဲ့ပေ။ ၎င်းတို့မှာ တစ်ဆင့်စကားများသာ ဖြစ်ကြသောကြောင့် သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့ရသည့် ခံစားချက်မျိုးနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

” အခြေတည်ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့ ‌ရှေးဟောင်းဖုတ်ကောင်ကြီးနှစ်‌ကောင်ကို အခြေတည်အလယ်အလတ်ဆင့်မှာပဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်က သတ်ပစ်တာပဲ…. ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတဲ့ နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် မရှိနိုင်တော့ဘူး ” ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ သူသည် အလွန်အင်မတန်မှ ပျော်ရွှင်နေရသလို စိတ်လည်းအေးသွားရတော့သည်။ သူသည် သမင်ဖြူတာအိုကျောင်းက ဝမ်ပေါင်လဲ့အစား လီယီအား ကူညီထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့သည်ကို မကန့်ကွက်နိုင်ခဲ့သောကြောင့် မကျေမနပ် ဖြစ်နေခဲ့ရသည် မဟုတ်ပါလော။ သို့သော် သူသည် ပြဿနာတက်မည်စိုးသောကြောင့် ထိုကိစ္စကို ထုတ်မပြောနိုင်ခဲ့ပေ။

သို့ရာတွင် ယခုတွင်မူ သူသည် သူ၏ တာအိုကျောင်းမှ ဝမ်ပေါင်လဲ့ ယခုကဲ့သို့ အစွမ်းများ ထုတ်ပြနေသည်ကို ကြည့်ရင်း ကျေနပ်အားရစွာ ပြုံးနေမိတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့အပေါ် ထားရှိသော သူ၏ ယုံကြည်မှုများမှာလည်း အဆပေါင်းများစွာ တိုးတက်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset