” မဟုတ်မှလွဲရော သူက လိပ်ကလေးများလားဟ။ ” လူအုပ်ကြီးက ဆူညံပွက်လောရိုက်နေကြသည်။
ထိုလူများထဲတွင် အံ့အားအသင့်ဆုံးလူမှာ ပိုင်ရှောင်ချန်းကို မျက်လုံးများပေါက်ထွက်တော့မည့်အလား ပြူးကြည့်နေသည့် ရွှီပေါက်ချိုင်ပင်ဖြစ်သည်။ ဝိညာဥ်သတ္တဝါအတွဲ၃တွဲကိုပိုင်နိုင်သည်မှာ ကြီးကြီးမားမားမဟုတ်ဟု ပြောခဲ့သော ပိုင်ရှောင်ချန်းကို သူက စောစောက စက်ဆုပ်ရွံရှာ ခဲ့သော်လည်း ယခုအခြေအနေနှင့်ကား ပိုင်ရှောင်ချန်းထိုသို့တွေးသည်မှာ မမှားပေ။
” အပင်နဲ့အသီးအရွက်တွေကိုနှံ့နှံ့စပ်စပ် ကျွမ်းကျင်တဲ့အပြင် ဝိညာဥ်သတ္တဝါတွေကိုပါ နှံ့နှံ့စပ်စပ် ကျွမ်းကျင်တာပဲဟ။ ပိုင်ရှောင်ချန်းကတော့ ငါ့ကို လာနောက်နေတာပဲ။ ယုံချင်စရာကိုမကောင်းဘူး။ သူဂိုဏ်းထဲဝင်တာ နှစ်အနည်းငယ်ပဲရှိသေးတာကို။ မဟုတ်မှလွဲရော သူကတကယ်ပဲ လိပ်ကလေးများဖြစ်နေမလား။”
မှင်သက်နေသော ရွှီပေါက်ချိုင်က သူ၏ မှတ်စုစာအုပ်လေးကိုထုတ်လိုက်ပြီး အချက်အလက်အသစ်များကို မှတ်သားနေတော့သည်။ စိတ်တဲတွင်မူ သူကပိုင်ရှောင်ချန်းနှင့် ပြန်တည့်အောင်ပေါင်းရန် ဆုံးဖြတ်ချက်ချမိခဲ့သည်ကို ကျေနပ်နေပြီး စောစောက လွန်လွန်ကျူးကျူးစကားများ မပြောခဲ့မိသည်ကိုလည်း ကျေနပ်နေသည်။
လူတိုင်းက တုန်လှုပ်စွာ ပြောဆိုပြုမူနေကြစဥ် ပိုင်ရှောင်ချန်းက လမ်းကလေးထဲမှ သက်ပြင်းချရင်းထွက်လာသည်။ ကျောက်တိုင်၁၀တိုင်ပေါ်မှ သူ၏အောင်မြင်မှုများကို ဖုန်းကွယ်၍ရပါက သူကရအောင် ဖုံးကွယ်မည်ဖြစ်သည်။ ကျိုးရှင်းချီ၏ ပရိတ်သတ်များထဲတွင် အတွင်းစည်းဂိုဏ်းသားများ ပါသေးသည်မဟုတ်ပါလော။
သို့သော်လည်း ထိုသို့ဖုံးကွယ်နိုင်ရန်မှာ မဖြစ်နိုင်ချေ။ သူက ရာထူးမတက်ပဲနှင့်လည်း နေ၍မဖြစ်နိုင်သည်မဟုတ်ပါလော။ အမှန်တရားကိုထုတ်ဖော်ပြခဲ့ရသော်လည်း လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် သူ၏နာမည်ကို အော်ခေါ်နေကြသည်ကို ကြားလိုက်ရသောအခါ သူ ကျေနပ်သွားတော့သည်။
” အေးကွာ။ လူတိုင်းသာ ဒီလိုမျိုးလေးဖြစ်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ။” ပိုင်ရှောင်ချန်းက သက်ပြင်းချလိုက်ကာ ပရိတ်သတ်များ၏ အကြည့်အောက်မှာပင် ဆေးပေါင်းဖိုတစ်လုံးကို ရွေးချယ်၍ ဝင်ထိုင်လိုက်သည်။
အကြီးအကဲရွှီက ပိုင်ရှောင်ချန်းကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ချက် ဖျတ်ခနဲပေါ်လာပြီး ပြန်ပျောက်သွားသည်။ မျက်နှာကိုပြန်တည်လိုက်ပြီး တည်ငြိမ်သောအသံဖြင့် ကြေငြာလိုက်သည်။
” မင်းတို့ရှေ့မှာရှိတဲ့ အိတ်ထဲမှာ ဆေးပင်အစုံ ၁၀စုံပါတယ်။ အဲ့ဒီ၁၀စုံကိုသုံးပြီး အဆင့်၁ စိတ်စွမ်းအင်ဆေးဖြစ်တဲ့ မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင် ၁၀တိုင်ဖော်စပ်ပေးရမယ်။”
“မင်းတို့ရဲ့ အောင်မြင်မှုနှုန်းကိုကြည့်ပြီး အဆင့်ခွဲပေးမယ်။ အနည်းဆုံး ၂တိုင်ဖော်စပ်နိုင်ရင် အအောင်ပေးမယ်။ အတိုင်အရေအတွက် အများဆုံးဖော်စပ်နိုင်တဲ့လူကို စွမ်းဆောင်ရည်အမှတ် ၅ထောင်ပေးမယ်။ ကဲ အခုစလို့ရပြီ။ ”
အကြီးအကဲရွှီ၏ ရှင်းပြချကို ကြားလိုက်ရသောအခါ ပရိတ်သတ်ထဲရှိ အပြင်စည်းဂိုဏ်းသားများက ရိုးရိုးရွရွဖြစ်ကုန်ကြသည်။
“ဒီတစ်ခေါက်တော့ မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင် ဖော်စပ်ရမှာတဲ့ဟေ့ ”
” အဲ့ဒီမှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်က ဖော်စပ်ဖို့အခက်ဆုံး အဆင့်၁ ဆေးပဲ။ လက်ထောက်သမားတော်အများစု သိတဲ့ စိတ်စွမ်းအင်စုစည်းအမွှေးတိုင်တို့ဘာတို့လို စိတ်စွမ်းအင်ဆေးတွေနဲ့ မတူဘူးကွ။”
” ဟွန်း။ ဂိုဏ်းသားတွေရဲ့ ဆေးဖော်စပ်ခြင်း အတတ်ပညာကို စမ်းသပ်ဖို့ နည်းလမ်းသစ်တွေပါ ထွင်ထားတာပဲဟ။ အခု လုပ်နေတဲ့ အကွက်ကိုကြည့်လိုက်အုံး။ အရင်တုံးကဆို အပင်နဲ့အသီးအရွက် အတွဲ၄တွဲပဲလိုတာ။ အခုကြတော့ ၅တွဲတောင်လိုလာပြီ။ ပြီးတော့ဖော်စပ်ရမဲ့ စိတ်စွမ်းအင်ဆေးရဲ့ ခက်ခဲမှုကိုပါ မြှင့်လိုက်သေးတယ်။ လာမဲ့ရှေ့လျှောက်လည်း ဆက်ပြီးခက်ဖို့ပဲရှိတော့မှာပဲ။” လူအုပ်ကြီးက ထင်မြင်ချက်ကိုယ်စီ ပေးနေကြသည်။
လူတိုင်းက ထိုသို့ ပြောဆိုနေကြစဥ် ဆေးပေါင်းဖိုရှေ့ထိုင်နေကြသူများ၏ မျက်နှာအမူအရာများကမူ တည်ကြည်နေကြသည်။ ဖော်စပ်ရမည့်ဆေးမှာ မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင် ဟုသိသွားသောအခါ အချို့က ခါးသက်သက်ပြုံးလိုက်ကြသော်လည်း အာရုံမပျံ့လွင့်သွားအောင်ထိန်းလိုက်ပြီး အိတ်ကိုဖွင့်ကာ ဆေးပင်များကို စစ်ဆေးလိုက်ကြသည်။
စွမ်းဆောင်ရည်ရမှတ်၅ထောင်ပေးမည့်အကြောင်းကို ရွှီပေါက်ချိုင်က စောစောကပြောခဲ့ပြီးဖြစ်သည်။ ယခု အကြီးအကဲရွှီကိုယ်တိုင်ဆီက ပေးမည်ဟုဆိုသော စကားကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ တဒုံးဒုံးခုန်နေတော့သည်။ သူ့မှာ ဆေးဖော်စပ်နည်းများနှင့် ဆေးပင်များဝယ်ဖို့ရာ စွမ်းဆောင်ရည်ရမှတ်များ နည်းပါးနေပြီ မဟုတ်ပါလော။
” အဲ့ဒီစွမ်းဆောင်ရည်ရမှတ် ၅ထောင်သာရလိုက်ရင် အချိန်ကုန် လူပင်ပန်းသက်သာမှာပဲကွ။”
ပိုင်ရှောင်ချန်းက ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေသည်။ သူက အိတ်ကိုဖွင့်လိုက်သောအခါ ဆေးပင်အစုံ၁၀စုံနှင့် မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်ဖော်စပ်နည်းပါသော ကျောက်စိမ်းပုရပိုက်တစ်ခုကို တွေ့သည်။
သူကချက်ချင်း ဆေးဖော်စပ်ရန်မစတင်ပဲ ချီကိုစုစည်းကာ စိတ်ကိုကြည်လင်အောင်လုပ်လိုက်ပြီး ဆေးဖော်စပ်နည်းကို လေ့လာလိုက်သည်။
သူကဆေးဖော်စပ်ရာတွင် အချိန်တစ်ခုပေးမှ ရသောလူမျိုးဖြစ်သည်။ ခွဲခြမ်းစိတ်ဖြာရန်လိုအပ်ပါက အသေးဆုံးပြဿနာလေးကအစ သူအားရကျေနပ်သည်အထိ စစ်ဆေးတတ်သူဖြစ်သည်။
ကနဦးလေ့လာခြင်းသည်ပင် သူ့အတွက်နှစ်နာရီလောက်ကြာသွားသည်။
ထိုအချိန်တွင် တုလင်ဖေးနှင့် အခြားလူများက အပင်ကိုစစ်ဆေးပြီး၍ ဖော်စပ်ရန်ပင်စနေပြီဖြစ်သည်။ အများစုမှာကား ပထမအကြိမ်တွင် တစ်ဝက်ကျော်ကျော်ပင် ဖော်စပ်ပြီးနေပြီဖြစ်သည်။
မကြာမီ ပိုင်ရှောင်ချန်းမှလွဲ၍ အကုန်လုံးကဆေးဖော်စပ်ကုန်ကြပြီဖြစ်သည်။ ပိုင်ရှောင်ချန်းတစ်ယောက်သာလျှင် ထိုင်ပြီး ကျောက်စိမ်းပုရပိုက်ကို စေ့စေ့ကြီးကြည့်နေသည်။ ထိုမြင်ကွင်းကြောင့် ရွှီပေါက်ချိုင် တုန်လှုပ်သွားသည်။
ယခုအခါတွင် စစ်ဆေးပွဲပထမအကြိမ်ကို အချို့က ဖော်စပ်ပြီးသွားပြီဖြစ်သည်။ ပိုင်ရှောင်ချန်း၏ဆေးပေါင်းဖိုမှလွဲ၍ အခြားသူများ၏ဆေးပေါင်းဖိုများမှ ထစ်ချုန်းအသံများထွက်လာသည်။ လူအများစုမှာ သူတို့၏ပထမအကြိမ် မအောင်မြင်သဖြင့် အနက်ရောင်မီးခိုးများထွက်လာသည်ကိုမြင်လိုက်ရသောအခါ မျက်စိမျက်နှာ ပျက်ကုန်ကြသည်။
ဟန်ကျန်းယဲ့ကမူ သူတို့နှင့်မတူပဲ ခေါင်းကိုနောက်သို့လှန်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏ဆေးပေါင်းဖိုမှာ လှုပ်ခါနေပြီး ဆေးရနံ့သင်းသင်းလေးတစ်ခုက ပျံ့လွင့်လာသည်။ ၃လက်မအရှည်ရှိသော မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်တစ်ချောင်းက အံ့အားသင့်ဖွယ် ပေါ်ထွက်လာတော့သည်။
ဘေးနားရှိ အပြင်စည်းဂိုဏ်းသားများက လည်ဆန့်ကာ အကုန်ဝိုင်းကြည့်လိုက်သည်။
” ပထမအသုတ်ကို သူအောင်မြင်သွားတာပဲကွ။”
” ဒီ ဟန်ကျန်းယဲ့ဆိုတဲ့ကောင်က ဆေးဖော်စပ်တဲ့နေရာမှာ အရည်အချင်းတကယ်ရှိတာပဲ။” ပရိသတ်ထဲမှ အံ့အားသင့်နေသော လေသံများပေါ်ထွက်လာသည်။
အခြားသူများကို လှည့်လည်ကြည့်ရှူလိုက်သောအခါ ဟန်ကျန်းယဲ့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအရာတစ်ခုပေါ်လာသည်။ သူက ပိုင်ရှောင်ချန်းကို ခပ်ကြာကြာစိုက်ကြည့်လိုက်ပြီး ယခုထိ ဆေးဖော်စပ်နည်းအား လေ့လာနေသေးသည်ကိုသိလိုက်ရသောအခါ သူ၏မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များပေါ်လာသည်။ အဆုံးတွင်သူက ဒုတိယမြောက်အပင်အစုံကို ထုတ်လိုက်ပြီး ဒုတိယအကြိမ်ဖော်စပ်ရန် ပြင်လိုက်သည်။
တုလင်ဖေးနှင့်အခြားလူတိုင်းမှာမူ မျက်စိပျက်မျက်နှာပျက်ဖြစ်နေကြပြီး အံကြိတ်ကာ ဒုတိယအကြိမ်ဖော်စပ်ရန် စတင်လိုက်ကြသည်။
အချိန်များကုန်လွန်သွားသည်။ ၄နာရီကျော်ကြာသောအခါ အများစုက ဒုတိယအကြိမ် ဖော်စပ်ပြီးသွားပြီဖြစ်သည်။ လုံးထွေးနေသောအသံများကိုကြားရပြီး မည်သူမျှ မအောင်မြင်ကြပေ။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ကျောက်စိမ်းပုရပိုက်ကို ချလိုက်သည်။ သူ၏ခေါင်းထဲတွင် မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်၏ဖော်စပ်ပုံက ပျံနှံ့နေပြီဖြစ်သည်။ သို့သော်လည်း လူတိုင်းက သူစတင်ဖော်စပ်တော့မည်ဟုထင်လိုက်စဥ်မှာပင် သူကဆေးပင်တစ်ပင်ကိုထုတ်ကာလေ့လာလိုက်သဖြင့် အကုန်လုံးကကြောင်အန်းအန်းဖြစ်သွားတော့သည်။
” ပိုင်ရှောင်ချန်း ဘာတွေလုပ်နေတာတုံးဟ။ သူဆေးဖော်စပ်နည်းကို ၄နာရီလောက်လေ့လာပြီးသွားပြီလေ။ အပင်တွေကိုထပ်လေ့လာနေတာ ဘာထူးတုံး။”
“ဒါ စစ်ဆေးပွဲဆိုတာတော့ငါသိပါတယ်။ ဒါပေမဲ့အဲ့ဒီလောက်ကြီး နှေးနှေးကွေးကွေးလုပ်ဖို့လိုလို့လားဟ။”
အခြားလူများက သူတို့၏တတိယအကြိမ် စတင်ဖော်စပ်နေသည်ကိုမြင်လိုက်ရသောအခါ ရွှီပေါက်ချိုင်၏မျက်လုံးများက မယုံကြည်မှုများနှင့်အတူ ပြူးကျယ်သွားတော့သည်။
၆နာရီမြောက်သို့ရောက်သောအခါ ပရိတ်သတ်ကြီးက စိတ်ရှုပ်ထွေးနေကြပြီဖြစ်သည်။ ထိုအချိန်တွင် စမ်းသပ်ပွဲဖြေသူများထဲမှ ၁၈ယောက်က ဆက်တိုက် မအောင်မြင်နေဆဲပင်ဖြစ်သည်။ မကြာခင်မှာပင် ၈နာရီ….၁၀နာရီအစရှိသဖြင့် ကုန်ဆုံးသွားသည်။ ထိုအခါတွင် တုလင်ဖေး၊ ချန်းကျိအန်းနှင့် ကျောက်ရိသော်တို့အပါအဝင် လူ၄ယောက်သာ မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်ကို အောင်မြင်စွာဖော်စပ်နိုင်သေးသည်။
အမွှေးတိုင်၏ အခိုးအငွေ့များမှာ အဖက်ဖက်သို့ ပျံ့လွင့်နေတော့သည်။ ဒုတိယမြောက် အမွှေးတိုင်ကိုဖော်စပ်နိုင်သည့် ပထမဦးဆုံးလူဖြစ်သွားသည့်အတွက် ဟန်ကျန်းယဲ့က ဂုဏ်ယူစွာရယ်မောနေသည်။ ဘေးဘီကို မာနတစ်ခွဲသားနှင့် ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကိုသူက ပို၍အထင်သေးလာတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ၄ပင်မြောက်ဆေးပင်ကိုလေ့လာနေသည်။ တစ်ခါတရံ သူက အပင်ကို အပေါက်အနည်းငယ်ပင်ဖောက်လိုက်ပြီး လေ့လာလိုက်သည့်အတွက် ပရိတ်သတ်များကပင် တုန်လှုပ်သွားသည်။ အကြီးအကဲရွှီပင်လျှင် သတိထားမိသွားသည်။
အချိန်များက ကုန်ဆုံးသွားသည်။ မကြာမီ ၁၂နာရီတိတိ ကုန်သွားတော့သည်။ ဟန်ကျန်းယဲ့မှလွဲ၍ လူတိုင်းက ၆ကြိမ်မြောက်တွင် မအောင်မြင်ကြပေ။
ထိုအခါ လူအုပ်ကြီးက ဆူညံသွားကြပြီး အကြီးအကဲရွှီပင်လျှင် ခေါင်းအနည်းငယ်ငြိမ့်နေတော့သည်။
” ဒီဟန်ကျန်းယဲ့ဆိုတဲ့ကောင်က အမွှေးတိုင်၃ ချောင်းတောင်ဖော်စပ်ပြီးသွားပြီ။ ဘယ်သူမှ တစ်ချောင်းထပ်ပိုပြီး မဖော်စပ်နိုင်သေးဘူးလေ။”
” အရင် စစ်ဆေးပွဲတွေတုံးကဆို ၂ခါအောင်မြင်ရင် စမ်းသပ်ချက်အောင်ပြီ။ ၄ခါအောင်မြင်ရင် လက်ရွေးစင်ဖြစ်ပြီ။ ဟန်းကျန်းယဲ့က နောက်တစ်တိုင်ဖော်စပ်ပြီးတာနဲ့ လက်ရွေးစင်ဖြစ်ပြီပဲကွ။” အချို့လူများက အံ့သြနေကြပြီး အချို့ကမူ မှင်သက်ကာ ပြောစရာစကားပင်ရှာမရပေ။
လူတိုင်းကထိုသို့ငြင်းခုံနေစဥ် ဟန်ကျန်းယဲ့၏မျက်လုံးထဲတွင် မိမိကိုယ်ကိုယုံကြည်မှုများဖြင့် တောက်ပနေတော့သည်။ သူက အားမာန်အပြည့်ဖြင့် တကိုယ်တည်းကြုံးဝါးလိုက်သည်။ ” ၄ချောင်းမြောက် မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်ကို သေချာပေါက်ဖော်စပ်ပြမယ်။ လက်ရွေးစင်ဖြစ်အောင်လုပ်ပြပြီး နံပါတ်၁ နယ်လှည့်သမားတော်ဖြစ်စေရမယ်ဟေ့။”
သူ၏ အင်္ကျီလက်ကို တခမ်းတနားခါရမ်းလိုက်ကာ ခုနစ်ကြိမ်မြောက် စတင်ဖော်စပ်ရန် ပြင်လိုက်တော့သည်။
တုလင်ဖေးမှာလည်း ဖြူဖတ်နေသောမျက်နှာကလေးဖြင့် အံကြိတ်ကာ ခုနစ်ကြိမ်မြောက် ဖော်စပ်ရန်ပြင်လိုက်တော့သည်။
၁၄နာရီမြောက်ရောက်သောအခါ တုလင်ဖေး၏ဆေးပေါင်းဖိုထဲမှ ဆေးရနံ့များထွက်ပေါ်လာသောအခါ သူမ၏မျက်လုံးလေးများက ကျေနပ်မှုများဖြင့် တောက်ပသွားတော့သည်။ အခြားလူများ၏ ဆေးပေါင်းဖိုများမှ အနက်ရောင်မီးခိုးများသာထွက်သာဖြင့် ယခုအကြိမ်တွင် သူမတစ်ယောက်သာ အောင်မြင်ခြင်းဖြစ်သည်။
” ကဲ အောင်ဖို့တော့ရသွားပြီ။ ဒါပေမဲ့ ရိုးရိုးလေးအောင်ရုံနဲ့တော့ မကျေနပ်နိုင်ဘူး ” တုလင်ဖေးက ကိုယ့်ကိုယ်ကိုသတိပေးလိုက်ကာ စိတ်လှုပ်ရှားမှုကို ချုပ်တည်းလိုက်ပြီး အသက်ပြင်းပြင်းရှူ၍ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေသော ဟန်းကျန်းယဲ့နှင့်အတူ နောက်တစ်ကြိမ် ဖော်စပ်ရန်ပြင်လိုက်တော့သည်။
၁၆နာရီမြောက်တွင် ထစ်ချုန်းသံများထပ်ထွက်လာပြီး လူတိုင်းမအောင်မြင်လိုက်ချေ။
ဤအချိန်တွင် ပိုင်ရှောင်ချန်းကလွဲ၍ ကျန်၁၉ယောက်ထဲတွင် ဟန်းကျန်းရဲ့က ၃ခါ၊ တုလင်ဖေးက၂ခါ၊ ချန်းကျိအန်းနှင့်ကျောက်ရိသော်တို့က၁ခါစီအောင်မြင်ပြီးပြီဖြစ်ပြီးအခြားလူများက တစ်ခါမျှ မအောင်မြင်သေးပေ။
ပိုင်ရှောင်ချန်းကမူ နောက်ဆုံးဆေးပင်ကို လေ့လာနေဆဲဖြစ်သည်။
” ဒီစစ်ဆေးပွဲက အတော်ခက်တာပဲဟ။”
ထိုအတွေးက ပရိတ်သတ်ထဲရှိ အပြင်စည်းဂိုဏ်းသားများ၏စိတ်ထဲတွင် နေရာယူထားပြီး စစ်ဆေးပွဲဖိအားကို သူတို့ပင် ခံစားနိုင်ပေသည်။ စစ်ဆေးပွဲဖြေဆိုသူအများစုမှာ ပစ္စည်း၂စုံသာကျန်တော့သည်ဖြစ်သည်။ အနည်းဆုံးလိုအပ်ချက်ဖြစ်သော နှစ်ခေါက်အောင်မြင်ပြီးသွားသည့် တုလင်ဖေး၊ဟန်ကျန်းယဲ့နှင့် တစ်ခေါက်စီအောင်မြင်ပြီးသွားသည့် ချန်းကျိအန်းနှင့်ကျောက်ရိသော်တို့မှလွဲ၍ အခြားဖြေဆိုသူများမှာ လက်ကျန်၂စုံတွင် ၂စုံစလုံးအောင်မြင်မှရမည်ဖြစ်သည်။ သို့မဟုတ်ပါက လုံးဝကျရှုံးတော့မည်ဖြစ်သည်။
ထိုဂိုဏ်းသားများကမူ ယခုအခါ အလွန်အမင်း အာရုံစိုက်နေကြပြီဖြစ်သည်။ အထူးဖြင့် ဤ၉ကြိမ်မြောက်သည် အရေးအကြီးဆုံးဖြစ်သည်။ သူတို့ယခုအခေါက် မအောင်မြင်ပါက အကြီးအကဲရွှီက ၁၀ကြိမ်မြောက်အတွက် ပစ္စည်းများကိုပါ အဆုံးရှုံးခံမည်မဟုတ်ပဲ တစ်ခါထဲ အကျပေးတော့မည်ဖြစ်သည်။
ဤကိုးကြိမ်မြောက်သာ မအောင်မြင်ပါက သူတို့၏ကြိုးစားအားထုတ်မှုကြီးမှာ အလကားပင်ဖြစ်တော့မည်။
စိုးရိမ်ကြောင့်ကြ တုန်လှုပ်မှုများဖြင့် လူတိုင်းက ကိုးကြိမ်မြောက်ဆေးတိုင်ဖော်စပ်ခြင်းတွင် အာရုံစိုက်လိုက်ကြသည်။ ခြေလှမ်းတစ်လှမ်းတိုင်းစီကို ဂရုတစိုက်လှမ်းနေကြတော့သည်။ အောင်မြင်သွားသူများကလည်း ပိုမိုကောင်းမွန်သောအမှတ်ကိုရရန်၊ မအောင်မြင်သေးသူများကလည်း အောင်မြင်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။
ပိုင်ရှောင်ချန်းကမူကား သူတို့နှင့်မတူပဲ နောက်ဆုံးအပင်ကိုကိုင်ကာ ထိုင်နေသည်။
အပင်နှင့်ပတ်သတ်သည့် အရေးကြီးသောမေးခွန်းများကိုတွေးတောနေပြီး မျက်မှောင်ကြုံ့နေတော့သည်။ ထိုအချိန်တွင် သူ့ကိုကြည့်နေသူ မရှိသလောက်နည်းနေပြီဖြစ်သည်။
၁၈နာရီမြောက်သည်ကား ကုန်ဆုံးရန်ကြာလွန်းလှသည်။ ထိုအချိန်သည် လူတိုင်းစောင့်မျှော်နေသော အချိန်ဖြစ်သည်။ မကြာမီ ထစ်ချုန်းအသံကြီးများပေါ်လာတော့သည်။ တစ်ခေါက်မှ မအောင်မြင်သော ဂိုဏ်းသားများက ဖြူဖတ်နေသောမျက်နှာများဖြင့် မတ်တတ်ရပ်လိုက်ကာ ခါးသီးစွာရယ်မောနေသည်။ အကြီးအကဲရွှီကို လက်ယှက်ကာ အရိုအသေးပေးပြီး ရင်ပြင်ထဲမှ စိတ်ပျက်လက်ပျက်ထွက်သွားတော့သည်။
ထိုသို့ တစ်ယောက်ချင်းစီထွက်ခွာသွားသည်မှာ ခဏအကြာတွင် ဆေးဖော်စပ်သူ ၆ယောက်သာကျန်တော့သည်။
မကြာမီ ထို၆ယောက်၏ မီးဖိုများမှ ထစ်ချုန်းသံများပေါ်ထွက်လာပြီး ကျောက်ရိသော်၏မီးဖိုတစ်ခုထဲကသာ ဆေးရနံ့တစ်ခုထွက်လာသည်။
ကျောက်ရိသော်မှာ လက်သီးများတင်းကျပ်စွာဆုပ်ထားပြီး ဟောဟဲဆိုက်ကာ မျက်လုံးများနီမြန်းနေသည်။ ဤမျှလောက် ဘယ်သောအခါကမှ သူစိတ်လှုပ်မရှားဘူးချေ။ ဖော်စပ်ခြင်းအောင်မြင်မှု၂ခု နှင့်အတူ စစ်ဆေးပွဲကို သူအောင်သွားပြီဖြစ်သည်။
အချို့လူများမှာ စိတ်လှုပ်ရှားနေကြပြီး တစ်ချို့လူများက စိတ်ဓာတ်ကျနေကြသည်။ဤအကြိမ်တွင် လူ၅ယောက် မအောင်မြင်ခြင်းဖြစ်ပြီး ထိုထဲမှ ၂ယောက်က တစ်ခါမှ မအောင်မြင်သေးသူများဖြစ်သည်။ သူတို့က သက်ပြင်းချလျှက် ထကာထွက်ခွာသွားတော့သည်။
ချန်းကျိအန်းလည်း ဤထပ်ပို၍ စိတ်မရှုပ်နိုင်တော့ချေ။ သူကကျောက်ရိသော်ကို ခါးသီးမှု၊ စိုးရိမ်မှုများဖြင့် စိုက်ကြည့်နေတော့သည်။ ထို့နောက်သူက နောက်ဆုံးဆေးပင်အစုံကို နီမြန်းသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။
တုလင်ဖေးကမူ မျက်မှောင်ကြုံ့သွားပြီး မျက်လုံးမှိတ်ကာ စဥ်းစားတွေးတောလိုက်သည်။ ဟန်ကျန်းယဲ့ကမူ ဖိအားအနည်းဆုံးပင်ဖြစ်သည်။ သို့သော်လည်း ၃ခေါက်တည်းအောင်မြင်သည်ကို သူကမကျေနပ်။ လက်ရွေးစင်အဆင့်ထိ သူ ရောက်ချင်နေသည်။
” နောက်ဆုံးအကြိမ်ရောက်ပြီဟေ့။” လူများက အသက်ပြင်းပြင်းရှူ၍ လူ၅ယောက်သာကျန်တော့သည့် ရင်ပြင်ထဲကိုကြည့်လိုက်ကြသည်။ ထိုလူ၅ယောက်မှာ ဟန်ကျန်းယဲ့၊ တုလင်ဖေး၊ ကျောက်ရိသော်၊ ချန်းကျိအန်းနှင့် ပိုင်ရှောင်ချန်းတို့ပင်ဖြစ်သည်။
သူတို့ထဲက ၃ယောက်မှာမူ အနည်းဆုံးလိုအပ်ချက်ကိုရသွားပြီဖြစ်သည်။ ချန်းကျိအန်းကမူ အခွင့်အရေးတစ်ခုကျန်သေးသည်။ ပိုင်ရှောင်ချန်းသည်ကား သူ့ကိုဂရုတစိုက်ကြည့်ရှုသူများပင်မရှိတော့ချေ။ လူတိုင်းက သူဘာလို့လာဖြေသလဲဟုပင် အံ့သြနေကြသည်။ ၁၈နာရီပြီးတာတောင်မှ သူက ဆေးဖော်စပ်နည်းနှင့် ဆေးပင်များကိုသာ လေ့လာရသေးသည် မဟုတ်ပါလော။ သူလာဖြေသည်မှာ လူအများ၏စိတ်ဝင်စားမှုကို ခံချင်၍ဖြစ်မည်ဟုပင် အချို့လူများကတွေးနေသည်။
တုလင်ဖေးနှင့် အခြားလူများက တည်ငြိမ်စွာဖြင့် နောက်ဆုံးဖြစ်သော ဆယ်ကြိမ်မြောက်ဖော်စပ်ရန် ပြင်လိုက်သည်။ ပရိတ်သတ်များက မျက်စိမခွာတမ်း ကြည့်နေရင်း တဖြည်းဖြည်းနှင့် နာရီ ( ၂၀ ) ထိကုန်ဆုံးသွားပြီဖြစ်သည်။
ကျောက်ရိသော်၏မီးဖိုမှ ထစ်ချုန်းသံများထွက်လာပြီးနောက် အနက်ရောင်မီးခိုးများပါထွက်လာသည်။ သူသက်ပြင်းချလိုက်တော့သည်။ နောက်ဆုံးအကြိမ်တွင် သူမအောင်မြင်ခဲ့သော်လည်း အနည်းဆုံးလိုအပ်ချက်ကိုတော့ သူအောင်မြင်အောင်လုပ်နိုင်ခဲ့သည်။
ကျောက်ရိသော်မအောင်မြင်သည့်အချိန်မှာပဲ ချန်းကျိအန်း၏မီးဖိုမှ ဆေးရနံ့တစ်ခုထွက်လာသည်။ သို့သော်လည်း သူတစ်ယောက်ထဲမဟုတ်ပေ။ တုလင်ဖေးနှင့် ဟန်းကျန်းယဲ့တို့၏ ဆေးပေါင်းဖိုများမှလည်း ဆေးရနံ့များထွက်လာတော့သည်။
ထိုအချိန်တွင် သူတို့အောင်မြင်သွားကြောင်းသိလိုက်ရ၍ ထိုသုံးယောက်၏မျက်နှာများမှာဝင်းပသွားတော့သည်။
“ငါလုပ်နိုင်ခဲ့ပြီကွ။ မှင်ရည်စိတ်စွမ်းအင်အမွှေးတိုင်၄တိုင်ဟေ့။ ထိပ်ဆုံးနေရာငါရပြီပဲ။” ဟန်းကျန်းယဲ့ကမတ်တတ်ထရပ်လိုက်သည်။ သူ၏ရယ်သံများက အဖက်ဖက်သို့ ပျံ့နှံ့သွားတော့သည်။ တုလင်ဖေးကမူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမက လက်ရွေးစင်အဆင့်ထိမရောက်လိုက်သော်လည်း ၃ခေါက်အောင်မြင်သည်ဆိုသည်မှာ အံ့သြစရာတစ်ခုပင်ဖြစ်သည်။
ချန်းကျိအန်းသည်ကား သေရာမှပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရပြီး အားရပါးရ ရယ်မောလိုက်သည်။
ထိုအချိန်တွင် ၂နာရီကြာမျိုသိပ်ခဲ့ရသော ထို၄ယောက်၏ခံစားချက်များမှာ ပေါက်ထွက်လာတော့သည်။
” ဘယ်လိုတောင် ခက်ခဲတဲ့စမ်းသပ်ချက်လဲ။ ဒီလောက်ခက်ခဲတာတောင် ဟန်ကျန်းယဲ့က ၄ခေါက်အောင်မြင်တယ်ဆိုတော့ သူတကယ် လက်ရွေးစင်ဖြစ်ထိုက်ကြောင်းဖော်ပြနေတာပဲ။”
“တုလင်ဖေးက ၃ခေါက်အောင်မြင်ပြီး ချန်းကျိအန်းရယ် ကျောက်ရိသော်ရယ်က ၂ခေါက်စီအောင်မြင်တာပဲ။ သူတို့အကုန်လုံးလည်း အဆင့်တက်ဖို့ လုံလောက်သွားပြီ။ စမ်းသပ်ပွဲသာဒီလောက်မခက်ဘူးဆို သူတို့လည်း ၄ခေါက်လောက်တော့အောင်မြင်မယ်ဆိုတာ ငါလောင်းရဲတယ်။”
ပရိတ်သတ်ကြီးက အောင်မြင်သွားသူများကို ချီးကျူးနေကြသည်။
လူတိုင်းကငြင်းခုံနေကြကာ စစ်ဆေးပွဲဖြေဆိုသူများမှသူငယ်ချင်းများ၏ အားပေးသံများကဆူညံနေသည်။ အကြီးအကဲရွှီက ဟန်ကျန်းယဲ့ကိုကြည့်၍ ခေါင်းငြိမ့်ပြကာ အသိအမှတ်ပြုလိုက်ပြီး စစ်ဆေးပွဲပြီးဆုံးကြောင်း ကြေငြာခါနီးမှာပင် ပိုင်ရှောင်ချန်းက လှုပ်ရှားလာသည်။