နယ်လှည့်သမားတော်ဆောင်သည် မွှေးရနံတိမ်တောင်၏ တောင်ဘက်မျက်နှာစာတွင် တည်ရှိသည်။ သစ်ရိပ်ဝါးရိပ်ကောင်း၍ စိမ်းလန်းစိုပြေသော်လည်း တောင်ပေါ်တောင်အောက် နှစ်သွယ်ဆက်ထားသော မြွေလိမ်မြွေကောက် ထုံးကျောက်လမ်းကလေး အတိုင်းသွားမှသာ ရောက်နိုင်သောကြောင့် လူသွားလူလာကင်းရှင်းလေ့ရှိသည်။ အဆောင်တွင်ကျင်းပလေ့ရှိသော အဆင့်တက်စစ်ဆေးပွဲရှိမှသာ လူပြည့်တတ်သည်။
စစ်ဆေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ဂိုဏ်းသားများအပြင် နောက်မှအားပေးရန် လိုက်လာသော မိတ်ဆွေများနှင့် ဝင်ဖြေရန်ယုံကြည်ချက်မရှိသေးသောကြောင့် အဆောင်နားတွင် ဝဲလည်ဝဲလည်ဖြင့် စူးစမ်းရန်လာသူများပင်ရှိသည်။
နယ်လှည့်သမားတော်အဆောင်ကို အဝေးကလှမ်းကြည့်လျှင် တင်ပျဉ်ခွေ၍ တရားထိုင်နေသော ပုဂ္ဂိုလ်တစ်ယောက်နှင့် အသွင်တူပေသည်။ အဆောင်ရှေ့တွင်တော့ ဆေးဖိုကြီးတစ်ဖိုနှင့် ပင်မရင်ပြင်ဆီသို့ ဆက်သွယ်ထားသော လမ်းကြောင်းလေးရှိသည်။
ရင်ပြင်တွင် တစ်ထေရာတည်းတူသော ဆေးပေါင်းဖိုဆယ့်နှစ်ဖို စီရီခင်းကျင်းထားသည်။ ဆေးပေါင်းဖိုတစ်ခုစီ၏ ဘေးမှာ ဆေးဝါးဖော်စပ်ရာတွင်သုံးရန် အပင်နှင့် အသီးအနှံမျိုးစုံကို အိတ်တစ်အိတ်စီနှင့် ချထားသည်။
ပိုင်ရှောင်ချန်းသည် အရုဏ်တက်ကတည်းက ရောက်နေပြီး ထိုင်ရမလို ထရမလိုဖြင့် စိုးရိမ်ပူပန်နေသည်။ တကယ်က ပိုင်ရှောင်ချန်းရောက်တော့ပင် သူ့ထက်စောရောက်နေသော ဝီရိယရှင်များရှိနေသည်။ လူတစ်ဒါဇင်ကျော်လောက်မှာ ကိုယ့်အဖွဲ့လေးများနှင့်ကိုယ် တီးတိုးစကားစမြည်ပြောရင်း စောင့်ဆိုင်းနေကြသည်။ ပေါ်ချင်သော ကိုယ်တော်ချောအချို့ကတော့ တရားထိုင်ရင်းပင်စောင့်နေကြသည်။
ပိုင်ရှောင်ချန်းကတော့ တရားထိုင်စောင့်ရလောက်အောင် ကြောင်တောင်တောင်လူစားမျိုး မဟုတ်သောကြောင့် တောင်ကြည့်မြာက်ကြည့် လုပ်နေစဉ် ရွှီပေါက်ချိုင်ကို မြင်၍ အနားသို့လျှောက်သွားလိုက်သည်။ ရှောင်ချန်းလာတာမြင်တော့ ရွှီပေါက်ချိုင်ကလည်း အားတက်သရော နှုတ်ဆက်ရှာသည်။ ခဏလောက် စကားပြောမိသည်နှင့် ရွှီပေါက်ချိုင်မှာ ဂိုဏ်းထဲတွင် ဘယ်နေရာအပ်ကျသည်ကစ သိလောက်အောင် နှံစပ်ကြောင်းထင်ရှားသည်။
” အစ်ကိုကြီးပိုင် ကြားမိလားတော့မသိဘူး…. လွန်ခဲ့တဲ့ ခြောက်လလောက်က ချန်ဖေးနဲ့ သူ့လူတွေ အတွယ်ခံရတာ ခုထိကုတင်ပေါ်ကမထနိုင်ဘူးတဲ့ဗျာ။ ထူးဆန်းတာက သူတို့ကိုရိုက်လွှတ်လိုက်တာ ဘယ်သူဘယ်ဝါဆိုတာ လုံးဝကို မေးလို့မရဘူးတဲ့ဗျာ…” ပြောရင်းကပင် ပိုင်ရှောင်ချန်း၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်သည်။
ပိုင်ရှောင်းချန်းကလည်း ထိုကဲ့သို့ကိစ္စမျိုးဆို သိပ်ဂုဏ်ဖော်ချင်သူပီပီ သိပ်အရေးမစိုက်ဟန်ဖြင့် သန်းလိုက်ပြီး ကြွားရန်ပြင်လိုက်စဉ် လူအုပ်ကြီးဆီမှ လှုပ်လှုပ်ရွရွစကားသံများ ထွက်လာသည်။တချိန်တည်းမှာပင် ရှောင်ချန်းစိတ်ထဲမှာလည်း တစ်ယောက်ယောက်က သူ့ကိုကြည့်နေသလို ခံစားလာရသောကြောင့် လှည့်ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက် သူ့ဆီ လျှောက်လှမ်းလာတာကိုတွေ့ရသည်။
အပြင်စည်းဂိုဏ်းသူဝတ်ရံရှည်ကြီးကပင် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ဖုံးကွယ်မထားနိုင်။ မိုးမခပင်လေးပမာ သေးသွယ်သော ထွာဆိုင်လေးက သူမ တင်၊ရင်တို့၏ ကောက်ကြောင်းကို အနားသတ်ပေးထားရာ ရှည်လျားသွယ်လျသော ခြေတံ၊ ကျော့ရှင်းပြည့်တင်းသော တင်သားတို့ကြောင့် ပုရိသအပေါင်း အကြည့်မခွာနိုင်အောင် အလှကြွယ်နေသည်။
လှပတင့်တယ်သော မျက်နှာလေးနှင့်အပြိုင် လေပြေအသွေးတွင် ကြွေလုမတတ် နုညံ့စင်ကြယ်ညက်ညောသော အသားအရေတို့က ယောက်ျားသားအပေါင်းကို ဆွဲဆောင်စေစားနိုင်လောက်အောင် ညှို့အားပြင်းသော အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သက်သေထူလျက်ရှိသည်။
ရွှီပေါက်ချိုင်အပါအဝင် ကျန်ဂိုဏ်းသားအားလုံး မိန်းမပျို၏ အလှတွင် နစ်မျောနေသည်ကိုကြည့်ရင်း ရှောင်ချန်းကတော့ အန်ချင်သလိုပင်ဖြစ်လာသည်။
ရွှီပေါက်ချိုင်မှာ လျှာတစ်သပ်သပ်လုပ်ကာ တောက်ပမက်မောနေသောမျက်လုံးများနှင့်ကြည့်ရင်း
” ဒါ အစ်မတော် တု…. တုလင်ဖေးပဲ… ” ရေရွတ်လိုက်သည်။
” တောင်ဘက်ကမ်းတစ်ကြောလုံးမှာ အလှဆုံးနတ်မိမယ် ငါးယောက်ထဲကတစ်ယောက် ကိုယ့်နှလုံးသားရဲ့ အလှဒေဝီလေး…. အိုး မိုးနတ်မင်းရေ သူ.. သူ ကျွန်တော့်ကိုကြည့်နေတယ်ဗျ….”
” ငါ့ကိုကြည့်နေတာ အရူးရဲ့…. ” ပိုင်ရှောင်ချန်းက ပြက်ရယ်ပြု၍ ပြောလိုက်သည်။ တုလင်ဖေး သူ့အနားတိုးလာသည်ကို တည်ငြိမ်စွာပင် ရပ်ကြည့်နေသည်။ ကြည့်နေရင်းပင် တုလင်ဖေး၏ ဇာမနီငှက်ပမာ စူးရဲသောမျက်လုံးတွင် ရှောင်ချန်းကို သေစေလိုသောအကြည့်များ ထင်ဟပ်လာသည်။ အပင်နှင့် အသီးအရွက်ပိုင်းတွင် ရှောင်ချန်း၏ အရည်အသွေးမှာ သူမထက်သာလွန်ကြောင်း သူမကိုယ်တိုင် ဝန်ခံထားပြီးဖြစ်သော်လည်း ယခုထိ သူမစိတ်တွင် ရှောင်ချန်းကို အခဲမကြေနိုင်သေး။ တစ်ချက်မဲ့လိုက်ပြီးနောက် ဘေးဘက်ဆီသို့ လှည့်ထွက်သွားသည်။
ရွှီပေါက်ချိုင်ကတော့ အချစ်မွှန်မွှန်နေသောကြောင့် ရှောင်ချန်းလှောင်လိုက်သည်ကိုပင် သတိမထားမိ။
“ဒီတော့ တုလင်ဖေးလည်း ဝင်ဖြေမယ်ဆိုတဲ့ သဘောပေါ့…. ” ပိုင်ရှောင်ချန်းတွေးကြည့်သည်။
” အာ.. ဘာဖြစ်ဖြစ်ကွာ အရေးမပါပါဘူး၊ ဒီကိုလာတာသူနဲ့ပြိုင်ဖို့မှမဟုတ်တာ၊ ခုကလည်း ပြိုင်ပွဲလိုမှမဟုတ်တာ၊ ဂိုဏ်းကကြီးမှူးကျင်းပတဲ့ စစ်ဆေးပွဲပဲ… လူတိုင်း အဆင့်တိုးအောင် ကြိုးစားဖို့ အခွင့်အရေးရှိတာပဲ… ”
ခဏအကြာတွင် ချန်းကျိအန်းရောက်လာသည်။ ပိုင်ရှောင်ချန်းကိုတွေ့တော့ ခဏလောက်တွေဝေသလိုဖြစ်သွားပြီးမှ ပြုံးပြနှုတ်ဆက်သည်။ ရှောင်ချန်းလည်း ပြန်ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် ချန်းကျိအန်းက စောင့်ဆိုင်းရန်ဘေးနားတွင်ထိုင်ချလိုက်သည်။
နောက်ဆုံးရှောင်ချန်းနှင့် စီမံရေးရာဌာအပြင်ဘက်တွင် တွေ့ခဲ့သော ကျောက်ကျိသော်ရောက်လာသည်။ လူများတစ်ဖွဲဖွဲထပ်ရောက်လာသည်။
သိပ်မကြာမီမှာပင် နယ်လှည့်သမားတော်အဆောင်၏ ပင်မတံခါတံခါးပွင့်လာပြီး အဖိုးအိုတစ်ယောက် ထွက်လာသည်။ အဖိုးအိုမှာ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီး စိုးရှထက်မြက်သော မျက်လုံးများပိုင်ဆိုင်ထားသည်။သူဝင်လာသည်နှင့် တစ်ပြိုင်နက် ဂိုဏ်းသားအားလုံးအသံတိတ်သွားသည်။
လက်ကိုနောက်ပစ်၍ လျှောက်လှမ်းလာသော အဖိုးအို၏ သွင်ပြင်မှာ လေးနက်တည်ငြိမ်လှသည်။ ရင်ပြင်ထိပ်တွင် ရပ်တန့်လိုက်ပြီး ဂိုဏ်းသားများကိုကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်၍ စကားဆိုလိုက်သည်။
” ငါ့ရဲ့ မျိုးရိုးအမည်ကတော့ ရွှီ ပဲ၊ လက်ထောက်သမားတော်အဆင့်ကနေ နယ်လှည့်သမားတော်အဆင့်ကို တိုးမြှင့်ပေးမယ့် အခုစစ်ဆေးပွဲကို ကြီးကြပ်ပေးသူပဲ…. ”
” စစ်ဆေးပွဲမှာ အပင်နဲ့အသီးအရွက်အပိုင်းရယ်၊ ဆေးဝါးဖော်စပ်မှုအပိုင်းရယ်ဆိုပြီး နှစ်ပိုင်းခွဲထားတယ်၊ အပင်နဲ့အသီးအရွက်အပိုင်းကို အောင်မြင်ဖို့ကတော့ ရိုးရိုးလေးပါ၊ ဒီလမ်းကြောလမ်းအတိုင် ဖြတ်လျှောက်သွားရုံပါပဲ…” အကြီးအကဲရွှီ မှာ ယခုထက်ပိုပြီး ရှင်းပြဖို့ စိတ်ကူးရှိပုံမပေါ်ပေ။ စကားလေးခွန်းလောက်ပြောပြီးနောက် လောကကြီးနှင့် အဆက်အသွယ်ဖြတ်လိုက်ဟန်ဖြင့် မျက်စိကိုမှိတ်ပြီးသာ ရပ်နေလေသည်။
ပိုင်ရှောင်ချန်းပင် ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေတုန်း မျက်နှာရှည်ရှည်ဖြင့် လူငယ်တစ်ယောက်က လူအုပ်အတွင်းမှ ရှေ့သို့ထွက်လာသည်။ လက်ကိုယှက်၍ အကြီးအကဲရွှီကို အရိုအသေပေးပြီးနောက် ဆေးပေါင်းဖိုကြီးအောက်သို့ ဦးတည်သော လမ်းသွယ်လေးဆီ ဝင်သွားလိုက်သည်။ အပေါက်ဝသို့ရောက်သည်နှင့် ထိုဂိုဏ်းသား၏ ပတ်လည်တွင် အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ပြန်လည်ပျောင်ကွယ်သွားသည်။ ခနအကြာတွင် ဆေးပေါင်းဖိုကြီးမှာ တဖြည်းဖြည်းလှုပ်ရှား တုန်ခါလာပြီးနောက် ပဲတင်သံ ငါးခါ မြည်ဟည်းလာသည်။
ရွှီပေါက်ချိုင်ကရှေ့တိုးလာပြီး တိုးတိုးလေးကပ်ပြောပြသည်။ ” ပဲ့တင်သံငါးခါ အဓိပ္ပါယ်က သူ့ရဲ့ အပင်နဲ့အသီးအရွက် ပညာရပ်မှာကျွမ်းကျင်မှုက ပဉ္စမကျမ်းအတွဲထိ ပြီးမြောက်ပြီလို့ ဆိုလိုတာလေ….. ” ဂိုဏ်းထဲတွင် အရူးလွယ်အိတ်ဆိုသော သူ့ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါပေသည်။
ပိုင်ရှောင်ချန်းမှာ အံအားသင့်ရပြန်သည်။ မလာခင်က ဘယ်လို စစ်ဆေးတယ်ဆိုတာကို လုံးဝမသိခဲ့၊ အခုပေါက်ချိုင်ရှင်းပြမှ ဧရာမကျောက်ဆေးပေါင်းဖိုကြီးကို သေချာကြည့်မိရာ ဆေးတစ်သောင်းဆောင်ရှိ ကျောက်တိုင်များနှင့် တစ်နည်းနည်းဆက်စပ်နေမည်ဟု ခံစားလာရသည်။
” ငါဘယ်လိုလုပ်ရပါ့….. ” စဉ်းစားရင်းတွေဝေလာသည်။ ” ကျိုးရှင်းချီရဲ့ ထောက်ခံသူတွေက ခုထိ ငါ့ကို ပိုက်စိပ်တိုက်ရှာနေတုန်းပဲ”
ထပ်ပြီးဝင်ရောက်သူတိုင်းလည်း ပဲတင်သံငါးခါရကြသည်။ တစ်ခါတော့ ပဲ့တင်သံလေးခါမြည်သော ဂိုဏ်းသားကို အကြီးအကဲရှူ က အင်္ကျီလက်ကလေး တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် အဝေးသို့ ဖယ်လိုက်သည်။
” အကြီးအကဲရွှီခင်ဗျ..” ဂိုဏ်းသားမှာ တအံတသြဖြင့် ” ကျွန်တော်… ကျွန်တော်ထင်တာက စစ်ဆေးမှုကို ဝင်ဖြေဖို့ အပင်နဲ့ အသီးအရွက်ကျမ်း စတုတ္ထအတွဲ ရရုံနဲ့ ရပြီမဟုတ်လားဗျ… ”
” စည်းမျဉ်းကပြောင်းသွားပြီ….. အခု ပဉ္စအတွဲက နောက်ဆုံးအဆင့်ပဲ… ”
“ဒါပေမယ့် … ” လူငယ်မှာ တအံတသြကြည့်ရင်းသာ လက်ကိုယှက်၍ အရိုအသေပေးလိုက်သည်။ ထပ်မပြောရဲသည့်အဆုံး အသာထွက်ခွာသွားလေသည်။
အဖြစ်အပျက်ကြောင့် တီးတိုးစကားသံများ ပြန်ထွက်ပေါ်လာသည်။ ရွှီပေါက်ချိုင်လည်း သူမှတ်စုကို ပြာပြာသလဲထုတ်၍ စည်းမျဉ်းအသစ်ကို ရေးမှတ်လေသည်။ သူ့လက်ရေးလေးများမှာ ယင်ခေါင်းသာသာလောက်သာရှိပြီး ဂိုဏ်းထဲဖြစ်ပျက်သမျှ ကိစ္စကြီးငယ်ကို မှတ်တမ်းတင်ထားသော မှတ်စုလေးဖြစ်သည်။ အရာရာကို အသေးစိတ် မှတ်သားတတ်သော ရွှီပေါက်ချိုင် အကျင့်ကို ရှောင်ချန်းမလေးစားပဲမနေနိုင် ဖြစ်သွားသည်။
ထိုအချိန်မှာပဲ ကျောက်ရိသော်က ထရပ်လိုက်ပြီး စင်္ကြန်လမ်းဆီလျှောက်သွားရာ ပဲ့တင်သံခြောက်ခါ ထွက်ပေါ်လာသည်။ သည်တစ်ကြိမ်မှာတော့ အကြီးအကဲရွှီ မျက်လုံးဖွင့်လာပြီး ခေါင်းတစ်ချက်ငြိမ့်၍ အသိအမှတ်ပြုလေသည်။
ချန်းကျိအန်းကတော့သိပ်မကြည်၊ သူနှင့် ကျောက်ရိသော်မှာ သိပ်အဆင်မပြေ၊ သူလည်းအကြောမခံဘဲ စင်္ကြန်ဆီလျှောက်သွားရာ သူလည်း ပဲ့တင်သံ ခြောက်ခါရရှိသည်။ ထို့နောက် ကျောက်ရိသော်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ဘေးတွင်ဝင်ထိုင်လိုက်သည်။
ကျောက်ရိသော်ကော ချန်းကျိအန်းပါ ပဲ့တင်သံခြောက်ချက်ရရှိသောကြောင့် ဘေးပတ်ဝန်ကျင်မှ ဂိုဏ်းသားများက မရှုစိမ်နိုင် မေးငေါ့နေကြသည်။ ထိုစဉ်မှာပင် တုလင်ဖေးကလည်း ယုံကြည်မှုအပြည့်ဖြင့် ဝင်သွားရာ သူလည်း ပဲ့တင်သံခြောက်ခါပင် ထပ်မံရရှိရာ မနာလိုသူများ အနာပေါ်တုတ်ကျတော့သည်။
တိုးတိုး တိုးတိုးဖြင့် စကားသံများ ပြန်ထွက်လာပြန်သည်။
” ချန်းကျိအန်း ကျောက်ရိသော်၊ တုလင်ဖေး သုံးယောက်လုံးက ဂိုဏ်းရဲ့ ဒိတ်ဒိတ်ကြဲတွေပဲလေ၊ အပင်နဲ့ အသီးအရွက်ကျမ်း ငါးတွဲလုံးအပြင် ဝိညာဉ်သတ္တဝါကျမ်း ပထမအတွဲပါ ကြေနေပြီးရောပေါ့၊ သူ့တို့သုံးယောက်ပဲ နယ်လှည့်သမားတော်ဖြစ်လာဖို့က ရာခိုင်နှုန်းအတော်များနေပြီပဲဟေ့…. ”
” အစဉ်အဆက်ကတော့ ဆေးဝါးဖော်စပ်မှုမှာ သိပ်ဆိုးဆိုးရွားရွားသာ မဖြစ်ခဲ့ရင် ကျောက်တိုင်ခြောက်တိုင်လုံးမှာ အောင်မြင်ပြီးတဲ့သူတိုင်း နယ်လှည့်သမားတော်ဖြစ်တာပဲဗျာ…. ”
” ငါ ဟန်ကျန်းယဲ့ ခုနှစ်နှစ်လုံး တရားကျင့်ကြံအပြီးမှာတော့ အပင်နဲ့ အသီးအရွက်ကျမ်းအားလုံးကို နှံစပ်ကြေညက်ပြီးဖြစ်တယ်၊ အခုကစပြီး နယ်လှည့်သမားတော်ဖြစ်ဖို့တင်မဟုတ်ဘူး ဒီစစ်ဆေးပွဲတစ်ခုလုံးမှာ ထိပ်ဆုံးနေရာရောက်ဖို့ ပြန်လာပြီကွ…” ဝံကြွားစွာ ကြွေးကြော်ရင်း ကျောက်ဆေးပေါင်းဖိုကြီးဆီလို့ လေအလျင်ဖြင့် ဝင်ရောက်သွားသည်။
အကြီးအကဲရွှီက ထိုလူကို အရေးတယူလုပ်၍ မျင်လုံးပင်ဖွင့်မကြည့်သော်လည်း လူအုပ်ကြီးထဲတွင်တော့ ဟန်ကျန်းယဲ့ဟူသော နာမည်ကြောင့် တအံတသြဖြစ်နေကြသည်။
” ဟန်ကျန်းယဲ့.. ဘယ်သူလဲ… သူ့ကိုတစ်ခါမှလဲ မကြားဖူးပါဘူး”
” သူ့အသက်ကိုကြည့်ရင်တော့ ဒီလူက လွန်ခဲ့တဲ့ ခုနှစ်နှစ် ရှစ်နှစ်လောက်ကတည်းက အပြင်စည်းဂိုဏ်းသားဖြစ်နေတာပဲနေမှာ… ဟားဟား ထိပ်ဆုံးနယ်လှည့်သမားတော်ဖြစ်ဖို့ဆိုတာ လွယ်တာမှတ်လို့ကွာ… ”
ဟန်ကျန်းယဲ့ ဝင်သွားသည်ကို စိတ်ဝင်တစားကြည့်နေခိုက်မှာပင် ပြင်းထန်ကျယ်လောင်သော ပဲ့တင်သံများ ထွက်ပေါ်လာသည်။
တစ်ခါ…. နှစ်ခါ… ခြောက်ခါ… ခုနှစ်ခါ… လူများ မအံသြနိုင်ခင်မှာပင် ဆေးပေါင်းဖိုကြီးဆီမှ ရှစ်ခါမြောက်ပဲ့တင်သံ ထွက်ပေါ်လာသည်။
အကြီးအကဲရွှီက မျက်လုံးဖွင့်၍ သက်လတ်ပိုင်းအရွယ် လူငယ်ကို ချီးကျူးသောအပြုံးတစ်ချက်ဖြင့် အသိအမှတ်ပြုလေသည်။
” အပင်နဲ့အသီးအရွက်ကျမ်း ငါးကျမ်း၊ ဝိညာဉ်သတ္တဝါ ကျမ်းသုံးကျမ်း။… တော်ပါပေတယ်….. ”
စိတ်လှုပ်ရှားစွာဖြင့် ဟန်ကျန်းယဲ့သည် လက်ယှက်၍ အကြီးအကဲရွှီ ကို အရိုအသေပေးလိုက်သည်။ ထို့နောက် တုလင်ဖေးတို့ဘက်ကို မာန်တက်နေသောအကြည့်ဖြင့် လှည့်ကြည့်ကာ ဆေးပေါင်းဖိုများ၏ရှေ့ အလယ်နေရာတွင် ဝင်ထိုင်လိုက်သည်။
” ပဲ့တင်သံရှစ်ခါ…. ဒီလူက အပင်နဲ့ အသီးအရွက်ကျမ်းကို ကြေရုံမကဘူး ဝိညာဉ်သတ္တဝါသုံးကျမ်းပါ ပိုင်နေတာပဲ… ”
” ဒီအတိုင်သာဆိုရင် သူကြွေးကြော်ထားတဲ့အတိုင်း သူပဲ ထိပ်ဆုံးနယ်လှည့်သမားတော် ထြစ်မယ်ထင်တယ်ဗျာ….. ”
ရှောင်ချန်းကတော့ ဖြစ်ပျက်နေသမျှကို ရင်တောင်သိပ်မခုန်၊ လူတွေ ဒီလောက်လေးနဲ့ တအံတသြဖြစ်နေတာကိုပင် သူကပြန်အံသြနေသည်။
” ဒီလူက ဝိညာဉ်သတ္တဝါကျမ်းလေး သုံးကျမ်းပဲပီးသေးတာလေ၊ ဒါကို ဘာတွေ အရေးတယူဖြစ်နေကြတာပါလိမ့်…. ” သူမှတ်မိတာသာ မလွဲဘူးဆိုလျှင် ဝိညာဉ်သတ္တဝါ တတိယကျောက်တိုင်တွင် အောင်မြင်ပြီးသူမှာ ထောင်ကျော်ပြီးဖြစ်သည်။ ဒဿမကျောက်တိုင်တွင် ကမ္ဗည်းတင်ပြီးသော ဂိုဏ်းသားများပင် ရာချီရှိပြီးဖြစ်သည်။
ရွှီပေါက်ချိုင်ကတော့ ရှောင်ချန်းစကားကို နားထောင်ရင်း နည်းနည်းချဉ်လာသလိုဖြစ်လာရာ ချောင်းတစ်ချက်ဟန့်၍
” အစ်ကိုကြီးရှောင်ချန်းက နားမလည်လို့ဗျ။ အပင်နဲ့အသီးအရွက်ငါးကျမ်း ပြီးဖို့တောင်မလွယ်တာဗျာ။ ဝိညာဉ်သတ္တဝါကျမ်းတွေဆို ပိုဆိုးပဲ။ တစ်ကျမ်းလောက်ကျွမ်းရင်ကို ဆရာကြီးဖြစ်နေပြီ ခုက သုံးကျမ်းတောင် ပြီးမြောက်နေတာဘယ်လောက်တောင် အံသြစရာကောင်းလိုက်လဲ။ လူတိုင်းက အစ်မတော်ကျိုးရှင်းချီတို့ လိပ်ကလေးတို့လို ပါရမီရှင် ထိတ်ထိတ်ကြဲတွေဆိုရင်တော့ တစ်မျိုးပေါ့ဗျာ၊ အဲ့နှစ်ယောက်ကို ခဏမေ့ထားပါဦး။ မွှေးရနံတိမ်တောင်တစ်တောင်လုံးမှာ ကျမ်းဆယ်ကျမ်းလုံး အောင်မြင်ပြီးတဲ့ဂိုဏ်းသားအရေအတွက်က အယောက်ငါးဆယ်ထက် မပိုပါဘူး… ”
” ဒီပုဂ္ဂိုလ်တွေဆိုတာ သာမန်သူလိုငါလို သေမျိုးတွေကြားမှာတော့ နဂါးတွေ ဇာမနီငှက်တွေလို အံမခန်းလူတွေပဲဗျာ။ စဉ်းစားကြည့်ဗျာ ကျောက်တိုင်ကြီးမှာ နာမည်တွေထောင်ပေါင်းများစွာ ရှိတာတော့မှန်တယ်။ဒါပေမယ့် သူတို့ကလည်း နှစ်ထောင်ချီကတည်း နာမည်တွေလေ.. ပြီးတော့ သူတို့တော်တော်များများကလည်း အတွင်းစည်းဂိုဏ်းကို ရောက်နေပြီ ဒီမှာက နာမည်လေးပဲကျန်တာ..”
” နောက်ပြီး ဒီစစ်ဆေးပွဲကို ဝင်ဖြေဖို့က ကျမ်းငါးကျမ်း ပြီးမြောက်ဖို့ပဲလိုတာ အခုသူက ရှစ်ခုတောင် ပြီးနေပြီ…. သူပြောသလို ပထမနေရာရပြီး စွမ်းဆောင်မှုရမှတ် ငါးထောင်ရဖို့က သေချာသလောက်ပဲဗျာ…”
ရွှီပေါက်ချိုင်မှာ အထင်သေးသောလေသံဖြင့် တရားဟောနေသော်လည်း ရှောင်းချန်းက သတိပြုမိပုံမပေါ်၊ ပီတိဖြာနေသော မျက်လုံးများဖြင့် ” ညီငယ် ခုနကပြောလိုက်တာ ကျိုးရှင်းချီနဲ့ လိပ်ကလေးက ထိတ်ထိတ်ကြဲ ပါရမီရှင်တွေဆိုလား။ သူတို့က အဲ့လောက်တောင်ပဲလား… ”
” ဒါပေါ့ဗျ… အထူးသဖြင့် လိပ်ကလေးပေါ့၊ သူကတော့ နှစ်ထောင်ပေါင်းများစွာအတွင်းမှ ပထမဆုံးကျောက်တိုင်ဆယ်တိုင်လုံးမှာ ပထမချိတ်ခဲ့တဲ့သူပဲ။ကျွန်တော်စေတနာပြောတာ အစ်ကိုကြီးပိုင် အစ်ကိုကြီးကတော့ သိပ်အမြင့်ကြီးမှန်းမထားပါနဲ့ဗျာ… ” ပေါင်ချိုင်၏ စကားကိုကြားတော့ ရှောင်ချန်းမှာ အူနှိပ်ရအောင် ရယ်နေရသည်။ ရွှီပေါက်ချိုင်နှင့် အနေနီးလေလေသည်လူငယ်လေးအပေါ် ပို၍ သဘောကျလာလေဖြစ်သည်။ ပုခုံးကိုအသာပုတ်လိုက်ပြီးနောက် ရှေ့သို့ထွက်လာခဲ့သည်။
ပိုင်ရှောင်ချန်းစင်္ကြန်လမ်းဆီ လျှောက်သွားသည်ကိုကြည့်ရင်း ပေါက်ချိုင်အံအားသင့်သွားသည်။ တကယ်တော့ ရှောင်ချန်းကလည်း တုလင်ဖေးကို အနိုင်ယူထားသူဖြစ်ရာ အပင်နှင့်အသီအရွက် အပိုင်းတွင် ခေသူမဟုတ်မှန်းသိနိုင်သည်။ ထို့ကြောင့်လည်း အခုစစ်ဆေးမှုကို လာရောက်ဖြေဆိုခြင်းဖြစ်သည်။
သို့သော် တကယ်ကြီးထွက်သွားတော့ ရွှီပေါက်ချိုင်မှာအံ့သြရသည်။ ရှောင်ချန်း ယုံကြည်ချက်ရှိရှိဖြင့်ပင် စင်္ကြန်လမ်းအတွင်း ဝင်သွားပြီးနောက် ပဲ့တင်သံများ ထွက်ပေါ်လာပြန်သည်။
တစ်ခါ၊ နှစ်ခါ၊ သုံးခါ….. ခုနှစ်ခါ၊ ရှစ်ခါ
လူတိုင်းဆွံ့အသွားကြသည်။ သို့သော် ပဲ့တင်သံများက မဆုံးသေး၊ ကိုးကြိမ်မြောက်ပဲ့တင်သံ …ထို့နောက် ဆယ်ကြိမ်မြောက်….
“ဂျိန်း…. ”
ဆယ်ကြိမ်မြောက် ပဲ့တင်သံတွင် သည်တစ်ခါတော့ အကြီးအကဲရွှီမှာ မျက်လုံးဖွင့်ရုံမက ပြူး ပါပြူ းသွားသည်။ မကြုံစဖူး အဖြစ်အပျက်တစ်ခုကို ကြည့်နေရသလို အံသြတကြီးဖြင့် ရှောင်ချန်းကို စိုက်ကြည့်နေသည်။
ဂိုဏ်းသား တစ်ထောင်တွင် တစ်ယောက်ပင် ကျမ်းဆယ်ကျမ်းလုံးကို ပြီးမြောက်ရန်မှာ ရှာပါးလှသည်။ တကယ်တော့ ထိုသူအားလုံးလည်း ယခုကဲ့သို့ စစ်ဆေးပွဲမျိုးကို ဝင်ရောက်ဖြေဆိုဖူးသော်လည်း ဆယ်ကျမ်းလုံးကို စိတ်ရှည်လက်ရှည် ကြေညက်အောင်မြင်ပြီးမှ ဖြေဆိုသူမျိုးကိုတော့ အကြီးအကဲရှူ ဘဝတွင် မမြင်ဖူးခဲ့။
ကျိုးရှင်းချီကိုယ်တိုင်တောင်မှ ကျမ်းကိုးကျမ်းအပြီးတွင် နယ်လှည့်သမားတော် ဖြစ်ရန်ဖြေဆိုခဲ့သည်။
တုလင်ဖေးလည်း ရှောင်ချန်းကိုကြည့်ရင်း မျက်လုံးပြူ းနေသည်။ အပင်နှင့် အသီးအရွက်ကျမ်းတွင် သူထက် အဆများစွာသာလွန်သည်ကို ကိုယ်တွေ့သိပြီးဖြစ်သော်လည်း ခုလောက်ထိ အံသြဖွယ်အဆင့်ရှိမည် မထင်ခဲ့ပေ။ အခုတော့ အပင်နှင့်အသီအရွက်ပိုင်းသာမက ဝိညာဉ်သတ္တဝါ ငါးကျမ်းလုံးကိုပါ ပြီးမြောက်နေပေသည်။
လင်ဖေးမှာ တွေတွေကြီးကြည့်နေရင်းသာ အတွေးများ ခြာခြာလည်နေသည်။ ရှောင်ချန်းကို သူမနှင့် အပင်နှင့် အသီးအရွက်ပိုင်းတွင် ယှဉ်ပြိုင်ရန် စိန်ခေါ်စဉ်ကအချိန်ကို သတိမရဘဲမနေနိုင်။ ထိုစဥ်က မျက်နှာငယ်လေးနှင့် သူမရဲ့ အဆင့်ကို မေးသည်ကို ခုချိန်ထိမမေ့သေး။ နောက်ဆုံးယှဉ်ပြိုင်ရန် သဘောတူတုန်းကလည်း ကျားသနားမှ နွားချမ်းသာရာရတော့ မည့်ရုပ်လေးနှင့်ပင်။
မျက်နှာလေးကသနားကမားလေး လုပ်ပြနေပြီး စိတ်ထဲတွင်ကြိတ်ပြုံးနေမည့် ရှောင်ချန်းလုပ်ရပ်ကို တွေးမိပြီး ဒေါသပိုထွက်လာသည်။
” ပိုင်ရှောင်ချန်း…..” အံကိုတင်းတင်းကြိတ်၍ ကြည့်လိုက်သည်။
ချန်းကျိအန်းနှင့် ကျောက်ရိသော် တို့လည်း အံအားသင့်၍ ပါးစပ်အဟောင်းသား ဖြစ်နေသည်။
နှစ်ရှည်လများ လေ့ကျင့်လာရသော ဟန်ကျန်းယဲ့ကတော့ ရင်အနာဆုံးဖြစ်သည်။ နာကျည်းမှုကြောင့် တဆတ်ဆတ်တုန်ယင်လာသည်။ အံသြမှု တုန်လှုပ်မှုများက သူ့နှလုံးသားကို လှိုင်းတံပိုးပမာ ရိုက်ခတ်နေပြီး ပိုင်ရှောင်ချန်းသည် သူ၏ မဟာရန်သူတော်ဖြစ်လာမည်သူဖြစ်ကြောင်း ကြိုတင်သတိပြုမိလိုက်သည်။
” နယ်လှည့်သမားတော် စစ်ဆေးမှုရဲ့ အဓိကအကျဆုံးအပိုင်းက ဆေးဝါးဖော်စပ်ခြင်းပဲ၊ ဒီလူက သတိထားရမယ့်ပြိုင်ဘက်ဖြစ်တာတော့အမှန်ပဲ၊… ဒါပေမယ့် ဆေးဖော်စပ်ခြင်းအတတ်မှာတော့ ငါ့ကိုယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး…. ခုနှစ်နှစ်လောက် ပြင်ဆင်လာခဲ့ရတဲ့ ငါ့ရည်မှန်းချက်ကို ဒီလူ့ကြောင့် အပျက်မခံနိုင်ဘူး….. ”
ထိုအချိန်တွင် ကျန်ဂိုဏ်းသားများ၏ အံအားသင့် အော်ဟစ်သံများဖြင့်လည်း တသောသောညံနေသည်။
” ပဲ့တင်သံဆယ်ခါ….. ဒါဆို ဒီလူက ဝိညာဉ်သတ္တဝါကျမ်းငါးကျမ်းလုံးကိုလည်း အောင်မြင်ပြီးသားဆိုတဲ့ အဓိပ္ပါယ်ပေါ့… ဆေးတစ်သောင်းဆောင် ကျောက်တိုင်တွေမှာ စမ်းသပ်မှုတိုင်းကို အောင်မြင်ပြီးသားပေါ့…. ဒီလိုလုပ်နိုင်တာ တစ်ဂိုဏ်းလုံးမှာ အယောက်ငါးဆယ်တောင် ရှိမှာ မဟုတ်ဘူး..”
“ဒီလူက တော်တော်ကို စိတ်ရှည်တဲ့လူပဲ… အဆင့်တက်စစ်ဆေးပွဲကို ဝင်မဖြေခင် ကျောက်တိုင်ဆယ်ခုလုံးကို အရင်အောင်မြင်အောင် လုပ်ခဲ့တာပဲ…. “