Switch Mode

အခန်း ( ၄၁ )

စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်း၏ အကျိုးသက်ရောက်မှု

မွှေးရနံ့တိမ်တောင်တွင် မြေကြွက်များရော အိမ်ကြွက်များပါ မရှိပေ။ ကျင့်ကြံသည့် နေရာများတွင်လည်း ထိုကဲ့သို့သော အကောင်များမရှိပေ။ ရှိခဲ့လျှင်လည်း ဖန်တီးထားသော ဝိညာဉ်ကြွက်များသာလျှင်ဖြစ်သည်။ သို့သော် ပုရွက်ဆိတ်များကိုမူ တောင်ပေါ်တွင် ဟိုဟိုသည်သည် တွေ့မြင်နေကျဖြစ်သည်။

ပုရွက်ဆိတ်များသည် သဘာဝအလျောက်ရှိနေသော အကောင်များဖြစ်ကြပြီး များသောအားဖြင့် တောင်အနှံ့ရှိ မြေအက်ကြောင်းများ၊ ကျောက်တောင်အက်ကြောင်းများကြားတွင် နေကြလေသည်။ ထိုအကောင်များသည် ကျင့်ကြံသူများကို မည်သည့်အနှောက်အယှက်မှ မပေးသည့်အပြင် တောင်ပေါ်ဂေဟစနစ်အတွက်ပင် အထောက်အကူပြုသေးသည်။ ဤသို့ဖြင့် လူအချို့သည်ပုရွက်ဆိတ်များကို အကြီးအကျယ် အာရုံစိုက်ရမည့်နေ့သို့ ရောက်ရှိလာသည်။

ယနေ့ ဆေးဖော်စပ်ရာအဆောင်တွင် တာဝန်ကျကြသော ဂိုဏ်းသားများသည် အဆောင်တစ်ခုလုံး၌ မရေမတွက်နိုင်အောင် များပြားသော ပုရွက်ဆိတ်များအုံခဲနေသည်ကို မြင်လိုက်ရရာ အံ့သြလွန်းသဖြင့် ပင့်သက်ရှိုက်လိုက်ကြသည်။
ပုရွက်ဆိတ်များမှာ ဘယ်နှစ်သန်းလောက်ရှိနေပြီလဲဟုပင် မခန့်မှန်းနိုင်လောက်အောင် အဆမတန်များလွန်းနေသည်ဖြစ်ရာ အစောင့်များမှာ ခေါင်းနားပန်းကြီးသွားကြသည်။

“ဘာလဲ…ဘာတွေဖြစ်ကုန်ကြတာလဲ”
တစ်ချိန်တည်းမှာပင် ဆေးဖော်စပ်ရာ အလုပ်ရုံ အသီးသီးက ဂိုဏ်းသားများသည် အသံနက်ကြီးများနှင့် အော်လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ဖော်စပ်ထားသော ဆေးလုံး၊ ဆေး ဝါးများမှာ ပုရွက်ဆိတ်များကြောင့် ပျက်စီးကုန်၍ ဖြစ်သည်။ ဆေးဖော်စပ်ရာ အဆောင်ကို ဂါထာအစီအရင်များဖြင့် လုံခြုံအောင်စီစဉ်ထားသော်လည်း ပုရွက်ဆိတ်များသည် တောင်နံဘေးနံရံများတွင် ကပ်နေကြသည်ဖြစ်ရာ တောင်ပပ်ကြားအက်များမှ တံခါးမရှိ ဓားမရှိဝင်ရောက်ခွင့်ရနေသော အထူးဧည့်သည်တော်များဖြစ်နေကြသဖြင့် တောင်တစ်ခုလုံးနှင့် သက်ဆိုင်နေသော ပဟေဠိတစ်ပုဒ်ဖြစ်နေသည်။

ပုရွက်ဆိတ်များအားလုံးသည် အလုပ်ခန်းတစ်ခုထဲသို့သာ ဦးတည်သွားနေကြသည်။ ထိုအလုပ်ခန်းသည် ပိုင်ရှောင်ချန်း၏ အလုပ်ခန်းမှလွဲ၍ အခြားမဖြစ်နိုင်ပေ။ ပိုင်ရှောင်ချန်းသည် အနက်ရောင်ဆေးလုံးကို သိချင်စိတ်ပြင်းပြစွာ အာရုံစူးစူးစိုက်စိုက် လေ့လာနေဟန်ပေါ်သည်။ အပြင်က ပွက်ပွက်ညံနေသောအသံများကို ကြားလိုက်ရသောအခါမှ ရှောင်ချန်း သတိပြန်ဝင်လာပြီး အလုပ်ရုံတစ်ခုလုံး၌ ပုရွတ်ဆိတ်များနှင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

ပုရွက်ဆိတ်များကို ကြည့်ရသည်မှာ ထူးဆန်းလှသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအကောင်များအားလုံးသည် ရှောင်ချန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသောကြောင့် ဖြစ်သည်။

“ပုရွက်ဆိတ်သမားတော်တွေများ မွှေးရနံ့တိမ်တောင်မှာ သပိတ်မှောက်နေတာလားဟ” ပိုင်ရှောင်ချန်းခြေထောက်ပေါ်သို့ ပုရွက်ဆိတ်တွေ တရွရွ ခုန်ပေါက်တက်လာသဖြင့်အလန့်တကြားအော်ဟစ်လိုက်သည်။ ပုရွက်ဆိတ်များသည် ရှောင်ချန်းခြေထောက်မှတစ်ဆင့် သူကိုင်ထားသော အနက်ရောင်ဆေးလုံးဆီသို့ တိုက်ရိုက်ဦးတည်သွားနေကြသည်။

ပိုင်ရှောင်ချန်းသည် ဦးရေပြားတွေပင် တောင့်တင်းထုံထိုင်းသွားသည်။ ပထမဆုံး သူစဉ်းစားလို့ရလိုက်သည်ကတော့ ဆေးလုံးကို လွှတ်ပစ်လိုက်ဖို့ပဲ ဖြစ်သည်။ သူ့လက်က လွတ်သွားသည်နှင့် ပုရွက်ဆိတ်များသည် ဦးတည်ချက်ပြောင်းကာ ဆေးလုံးရှိရာသို့ ဝိုင်းအုံသွားကြသည်။

ဆေးလုံးသည် ပုရွတ်ဆိတ်များဝိုင်းအုံခြင်းကို ခံလိုက်ရသဖြင့် ပုရွတ်ဆိတ်ဘောလုံးကြီးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏မျက်နှာသည် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

ခဏမျှကြာသောအခါ ပုရွတ်ဆိတ်ဘောလုံးကြီးသည် ရှဲခနဲပြိုကွဲသွားပြီး သူတို့နေရာဖြစ်သော အက်ကြောင်းများ၊ ကွဲကြောင်းများဆီသို့ သုတ်သုတ်ပျာပျာ ပြန်ပြေးသွားကြသည်။ ဆေးလုံးမှာမူ အစအနလေးပင် မကျန်ခဲ့ချေ။

ဆေးဖော်စပ်ရာ အဆောင်တွင် ပုရွတ်ဆိတ်တစ်ကောင်မျှပင် မကျန်နေခဲ့ပေ။ ပုရွက်ဆိတ်များသည် အလာတုန်းကလည်း လျင်မြန်စွာ လာခဲ့ကြပြီး ပြန်တော့လည်း လျင်မြန်စွာပျောက်ကွယ်သွားကြသည်။ ဂိုဏ်းသားများသည် သူတို့ဖော်စပ်ထားကြသော ဝိညာဉ်ဆေးများ ပျက်စီးသွားသဖြင့် စိတ်ဓာတ်ကျကုန်ကြသော်လည်း ဘာမှမတတ်နိုင်ပေ။ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ မဖြစ်သွားသည်ကိုပင် ကျေးဇူးတင်ရပေမည်။ ထို့ကြောင့် ထူးဆန်းသော ကိစ္စရပ်အကြောင်းကို အထက်သို့ အစီရင်ခံစာ မတင်တော့ရန် တာဝန်ကျဂိုဏ်းသားများက ဆုံးဖြတ်ချက်ချလိုက်ကြသည်။

ပုရွက်ဆိတ်တွေ ဘာကြောင့် အရူးထကုန်ကြသည်ကို မည်သူကမျှ မသိကြသော်လည်း ပိုင်ရှောင်ချန်းကမူ တိတိကျကျသိသည်။ အခြားသူများက ပုရွက်ဆိတ်တွေကို အုံလိုက်ကျင်းလိုက်သွားနေသည်သာ မြင်လိုက်ကြရပြီး ဘယ်ကိုသွားနေသည်ကို မသိလိုက်ကြ၍
ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် အလွန်ကြောက်ရွံ့နေသည်ဖြစ်ရာ ရင်ဘတ်တစ်ခုလုံးကို တူနှင့်ထုနေသည့်အလား တဘုန်းဘုန်းမြည်နေသည်။ ဆေးကိုဖော်စပ်စဉ်က ပုံမှန်အတိုင်းဖော်စပ်ခဲ့ ခြင်းသာဖြစ်ပြီး ထူးထူးဆန်းဆန်း ထပ်ထည့်ခဲ့တာမျိုးလည်းမရှိပေ။ သို့သော်လည်း ပိုင်ရှောင်ချန်းသည် ပြီးပြည့်စုံခြင်းကို အာရုံစိုက်သည်ဖြစ်ရာ အလုပ်တစ်ခုပြီးသွားတိုင်း နောက်တစ်ခုကို ပိုမိုကောင်းမွန်အောင် အာရုံစိုက်လေ့ရှိသည်။ ယခုလည်း လက်လှမ်းမီသလောက်တွေးတောကြည့်သည်။
အကြောင်းအရင်းသည် နောက်ဆုံး ဖော်စပ်ထားသည့် စိတ်စွမ်းအင်အားဖြည့်ဆေးလုံးအချိုးအစားကို အနည်းငယ်ပြင်ဆင်ဖော်စပ်လိုက်သည့် အတွက်ကြောင့်ဖြစ်လိမ့်မည်ဟု သတိပြုမိလာသည်။

“နောက်ဆုံးဖော်ထားတဲ့ စိတ်စွမ်းအင်အားဖြည့်ဆေးက ပုရွက်ဆိတ်တွေအတွက် တော်တော်လေးကောင်းစေတဲ့ အစွမ်းရှိနေလို့များလား?” ပိုင်ရှောင်ချန်းသည် ခေါင်းကိုယမ်းလိုက်ပြီး ဘယ်လိုလို့ဖြစ်နိုင်မှာလဲလို့ သူ့ဘာသာတွေးနေသည်။
ရှောင်ချန်းသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ဆေးတွေကို ဖော်စပ်သွားနိုင်သည်သာမက သူဖော်ထားသည့်ဆေးလုံးတွေကလည်း ပုရွက်ဆိတ်တွေကို ရူးသွပ်သွားအောင်လုပ်နိုင်စွမ်းရှိလေသည်။

အလုပ်ရုံက ထွက်လာသောအခါ အခြားဂိုဏ်းသားများ၏ စိတ်ဓာတ်ကျစွာ အပြစ်တင်ညည်းညူနေသံများကို ကြားလိုက်ရသည်။ သူသည် ဘဲများခေါင်းငိုက်စိုက်လမ်းလျှောက်သကဲ့သို့ မျက်နှာကို အောက်ချကာ လျင်မြန်စွာ ထွက်ပြေးလေသည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင်မူ ဆေးဝါးဖော်စပ်သည့်အဆောင်၌ ဖြစ်ခဲ့သော အဖြစ်အပျက်နှင့် ပတ်သက်ကာ မည်သည့်ရိုက်ခတ်မှုမျှမကျန်တော့သည်ကို အတည်ပြုလိုက်သည်။ နောက်ဆုံးတွင် ရှောင်ချန်းသည် စွမ်းဆောင်မှုရမှတ်များကို ပေး၍ အရင်က အလုပ်ရုံနှင့်မတူသော အခြားအလုပ်ရုံတစ်ခုသို့ ပြန်ရောက်လာသည်။

သည်အခေါက်တွင်မူ အသက်ရှည်အမွှေးတိုင်ကို စတင်ပြုလုပ်လေသည်။ ဆေးဖော်စပ်ခြင်းနှင့် အမွှေးတိုင်ပြုလုပ်ခြင်းသည် မတူညီသော အလုပ်များဖြစ်ကြပြီး အသုံးပြုပုံ ပြုနည်းများလည်းမတူကြပေ။ ဆေးလုံးများကိုမူ သောက်သုံးရသည်ဖြစ်ပြီး အမွှေးတိုင်ကမူ အငွေ့ကို ရှူရှိုက်ရခြင်းဖြစ်သည်။ မှန်သည်။ နောက်ဆုံး အသွင်အပြင်မှာလည်း ကွဲပြားသေးသည်။ တစ်မျိုးသည် ဆေးလုံး၊ ဆေးပြားများဖြစ်ပြီး ကျန်တစ်မျိုးမှာ အမွှေးတိုင်ပုံစံမျိုးဖြစ်သည်။

နောက်ဆုံးအကြိမ်လုပ်ခြင်းဟု သဘောထားကာ ပိုင်ရှောင်ချန်းသည် အသက်ရှည် အမွှေးတိုင်ကို အင်မတန် အလေးထား ဂရုစိုက်လုပ်သည်။ နှစ်လကြာပြီးနောက်တွင် ပါဝင်ပစ္စည်းဆယ်မျိုးရှိသော အမွှေးတိုင်ခုနစ်ချောင်းနှင့် အဆုံးသတ်လိုက်သည်။

အမွှေးတိုင်ခုနစ်ချောင်းကို ကိုင်ထားရင်း ရှောင်ချန်းသည် အနည်းငယ် ကျေနပ်သွားသည်။ သစ်လုံးအိမ်လေးဆီပြန်ကာ သုံးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို ပြုလုပ်ပြီးနောက် အမွှေးတိုင်သည် ခရမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သုံးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ရာမှ ပေါ်လာသော အင်းကွက်များမှာ မှိန်သွားသော်လည်း မြင်နေရသေးသည်။ ထို့အပြင် အမွှေးတိုင်ကို ကြည့်လိုက်သောအခါ အရင်နှင့်မတူဘဲ ကွဲပြားခြားနားနေသည်ကို တွေ့ရလေသည်။

ပိုင်ရှောင်ချန်းသည် အမွှေးတိုင်ကို ကြည့်ရင်းတွေးနေမိသည်။ သူ့ကိုယ်သူ အရင်က ပိုင်ရှောင်ချန်းနှင့်တခြားစီ ဖြစ်နေပြီဖြစ်ကြောင်းသတိပြုမိလာသည်။ အရင်က စိတ်စွမ်းအင်ဆေးများကို နားမလည်ခဲ့သည့် ဘဝမှ ကိုယ်တိုင်ဆေးဖော်နိုင်သည့် အဆင့်တိုင် ဗဟုသုတတွေ တိုးပွားလာခဲ့သည်။ ဥပမာပြောရသော် ဘယ်စိတ်စွမ်းအင်ဆေးမျိုးကတော့ မသန့်စင်ဘူး။ ဘယ်မသန့်စင်မှုမျိုးကိုတော့ ခန္ဓာကိုယ်က စုပ်မယူနိုင်ဘူး။ ဘယ်ဟာကတော့ ခွဲထုတ်ပစ်လိုက်ဖို့ ခက်ခဲတယ် စသည်ဖြင့် အကုန်လုံးကို သိမြင်လာသည်။ ထိုအညစ်အကြေးများသည် ခန္ဓာကိုယ်ထဲတွင်စုလာသောအခါ အဆိပ်ဆေးပင် ဖြစ်လာနိုင်သည်။

ထို့ကြောင့် အတွေ့အကြုံရှိပြီးသော အတွင်းစည်းဂိုဏ်းသားများသည် အတွေ့အကြုံနည်းသေးသော ဂိုဏ်းသားများကို ဆေးဝါးများ မှီဝဲခြင်းနှင့် ပတ်သက်ပြီး အကြံပေးဖို့ရာ တုံ့ဆိုင်းနေကြခြင်း ဖြစ်သည်။ သီအိုရီအရပြောရသော် ဆေးအဆိပ်အများစုသည် ခန္ဓာကိုယ်ထဲမှ ပြန်ထွက်သွားကြသည်ဟု ဆိုသော်လည်း ဆေးဝါးတွေ အများအပြားသောက်သုံးပါက ဆေးအဆိပ်များက ကိုယ်တွင်းတွင် စုပုံလာကာ အဆိပ်များကို ဖြစ်စေပြီး အနာဂတ်ကျင့်ကြံမှုတွေကို ထိခိုက်စေသည်အထိ ဒုက္ခပေးတတ်ကြသည်။

ထို့ကြောင့် ဝိညာဉ်ဆေးတွင် အညစ်အကြေးပါဝင်မှုနှုန်းပေါ် မူတည်ကာ အမျိုးအစားခြောက်မျိုး ခွဲခြားနိုင်သည်။

“အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်၊ အဆင့်လွန်၊ ပရီမီယမ်အဆင့်၊ အထွတ်အထိပ်အဆင့်” ဟု အမွှေးတိုင်ကို ကြည့်ရင်း ရှောင်ချန်းက တီးတိုးရေရွတ်နေသည်။ အကယ်၍ ဆေးသည် ကိုးဆယ်ရာနှုန်းအထိ မသန့်စင်ပါက အဆိုးဆုံး အဆင့် အဆိပ်ဆေးဟု
သတ်မှတ်ကြသည်။ ထိုကဲ့သို့သောဆေးသည် သောက်သုံးရန် လုံး၀ မသင့်တော်သော ဆေးဖြစ်သည်။

အကယ်၍ဆေးသည် ရှစ်ဆယ်ရာခိုင်နှုန်း မသန့်စင်ပါက အဆင့်နိမ့်ဆေးဟု သတ်မှတ်ကြပြီး စိတ်စွမ်းအင်ဆေးအများစုသည် ထိုအမျိုးအစားထဲတွင် ပါဝင်သည်။ ခြောက်ဆယ်ရာနှုန်းအဆင့် အညစ်အကြေးပါဝင်မှုကိုတော့ အလယ်အလတ်အဆင့်ဟု သတ်မှတ်ကြပြီး တွေ့မြင်နေကြမဟုတ်ပေ။
အမှန်တော့ တကယ့်ကျွမ်းကျင် သမားတော်ကြီးများမှသာ ထိုကဲ့သို့သော ဆေးကို ဖော်စပ်နိုင်ကြသည်။
လေးဆယ်ရာနှုန်းသာ အညစ်အကြေးပါသော ဆေးသည် အဆင့်မြင့်ဆေးဖြစ်ပြီး ရှားပါးလေသည်။ နှစ်ဆယ်ရာနှုန်းသာ အညစ်အကြေးပါဝင်သော ဆေးများကမူ ပရီမီယမ် အဆင့်ဖြစ်သည်။ ထိုကဲ့သို့သော ဆေးများသည် များသောအားဖြင့် လေလံပွဲကြီးများတွင်သာ တွေ့ရလေသည်။

အညစ်အကြေးလုံးဝမပါသော စိတ်စွမ်းအင်ဆေးများလည်း ရှိသေးသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် အထင်ကရအထွတ်အထိပ်အဆင့်ဖြစ်သည်။

အရင်မူ စိတ်စွမ်းအင်ဆေးတွေကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လျှင် ဘာဖြစ်သွားလဲဆိုသည်ကို ရှောင်ချန်းက နားမလည်ခဲ့ပေ။ သို့သော် အသက်ရှည်အမွှေးတိုင်ကို အနီးကပ်စစ်ဆေးလေ့လာပြီးသည့်နောက်တွင်တော့ အဆင့်မြှင့်တင်ခြင်းသည် မှော်ပစ္စည်းများကိုမြှင့်တင်ခြင်းကဲ့သို့ ပိုမို အစွမ်းထက်လာအောင် လုပ်ပေးခြင်းမဟုတ်ဘဲ ဆေး၏အရည်အသွေးကို မြှင့်တင်ပေးလိုက်ခြင်းသာဖြစ်သည်။

ရှောင်ချန်းသည် အသက်ရှည်အမွှေးတိုင်ကို လေးဆယ်ရာနှုန်းသာ အညစ်အကြေးပါဝင်မှုအထိ ပြုလုပ်နိုင်ခဲ့သည်။ ထိုအမွှေးတိုင်သည် အဆင့်မြင့်ဆေးပင် ဖြစ်သည်။

ထိုအရာများကို နားလည်သွားသည်နှင့် ပိုင်ရှောင်ချန်းသည် အင်မတန် စိတ်လှုပ်ရှားလာသည်။ သူသည် ကိစ္စရပ်များကို ပိုပြီး နားလည်နိုင်ရန် ခရမ်းဒယ်အိုးတောင်သို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ရည်ရွယ်ချက်မှာ ဖက်တီးကျန်းဆီသို့ သွားလည်ရန်ထက် စိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်း တောင်ဘက်ခြမ်းတွင်ရှိသော စိတ်စွမ်းအင်မြှင့်တင်ခြင်းခန်းမသို့ သွားရောက်လေ့လာလို၍ဖြစ်သည်။

ထိုနေရာတွင် အပြင်စည်းဂိုဏ်းသားများသည် စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းခန်းမ၌ စိတ်အဆင့်မြှင့်တင်ခြင်းများကို စွမ်းဆောင်မှု အမှတ်များနှင့် ဝယ်လိုက်လျှင် အကြီးအကဲများက ကူညီပေးကြသည်။ သို့သော်လည်း ကျရှုံးမှုများက ရှိနေသေးရာ ဂိုဏ်းသားများ ခဏခဏလာရောက်လေ့ရှိသော နေရာလည်းဖြစ်သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းခန်းမတစ်ဝိုက် လှည့်လည်ကြည့်ရှုပြီးသောအခါ ရှောင်ချန်းသည် ပိရိသေသပ်သော စုံစမ်းစစ်ဆေးခြင်းများကို ပြုလုပ်လေသည်။ စိတ်စွမ်းအင်ဆေးများကို အဆင့်မြှင့်တင်ခြင်းဆိုသည်မှာ အညစ်အကြေးများကို လျှော့ချပစ်ပေးခြင်းဖြစ်ပြီး ဆေးအာနိသင်ကို ပိုမိုထိရောက်စေခြင်းဖြစ်ကြောင်း ရှောင်ချန်းတစ်ယောက် အတည်ပြုနိုင်သွားလေသည်။

မွှေးရနံ့တိမ်တောင်သို့ပြန်ရောက်သောအခါ ပိုင်ရှောင်ချန်းသည် သူပြုလုပ်ထားသော အမွှေးတိုင်ကို မီးညှိလိုက်ကာ အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ ချက်ချင်းပင်လျှင် စားကောင်းသောက်ဖွယ်များကို တဝစားလိုက်ရ၍ ပြည့်အင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင် အမွှေးတိုင်၏ အာနိသင်များသည် သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသကဲ့သို့ဖြစ်သွားပြီး တစ်ကိုယ်လုံးနွေးနွေး
ထွေးထွေးနှင့် သက်တောင့်သက်သာဖြစ်သွားသည်။ သူ့ဘဝသည် မီးတောက်တစ်ခုဖြစ်ခဲ့သော် လောင်စာထပ်ထည့်ပေးလိုက်သဖြင့် မီးအရှိန်ပိုတောက်လောင်ပြီး အပူရှိန် မြင့်တက်လာသည့်အလားဖြစ်သည်။

အမွှေးတိုင်ကို ဆက်လက်ရှုရှိုက်နေရင်း ထာဝရအသက်ရှည်နည်းပညာရပ်ကို ဆက်လက်ကျင့်ကြံနေချိန်တွင် အင်မတန်ဆာလောင်ခြင်းကို ခံစားရသဖြင့် အသက်ကို ပြင်းပြင်းရှုလိုက်လျှင် ထိုခံစားချက်မှာ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားလေသည်။

အသက်ရှည် အမွှေးတိုင် ခုနစ်ချောင်းကျေးဇူးဖြင့် ပိုင်ရှောင်ချန်းသည် ထာဝရအသက်ရှည်နည်း ပညာရပ်ကို လဝက်လောက် ကျင့်ကြံနိုင်ခဲ့လေသည်။ ထိုအချိန်အတောအတွင်းတွင် သူ၏ ထာဝရသံမဏိအရေပြားသည် ပိုမိုမာကြောကာသန်စွမ်းလာလေသည်။

စိတ်စွမ်းအင်များ မြင့်မားလာသည်ဟု ခံစားလာရသောအခါ ချန်ဖေးနှင့်သူ့တပည့်များထံမှ သိမ်းပိုက်လာသော ပစ္စည်းတချို့ကို ရောင်းပစ်ရန် ဈေးသို့ သွားလေသည်။ ရလာသော အမြတ်များကို အသက်ရှည်အမွှေးတိုင်ဆေးဆယ်ဖုံစာမက ဝယ်လာပြီး ဆေးများကိုထပ်မံဖော်စပ်ပြန်လေသည်။

သူ၏ မပြောင်းလဲသွားသော ပုံသေသတိနှင့် အာရုံဝင်စားမှုကြောင့် အသက်ရှည်အမွှေးတိုင်အောင်မြင်နှုန်းမှာ ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာနှုန်းလောက်အထိပင် တိုးတက်လာခဲ့ပြီး နောက်ဆုံးမှာတော့ ရာနှုန်းပြည့်အောင်မြင်သွားလေသည်။

သို့သော်လည်း သူသည် မကျေနပ်နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် ရာနှုန်းပြည့်အောင်မြင်သည်ဆိုသော်လည်း စိတ်စွမ်းအင်ဆေးမှာ အဆင့်နိမ့်အရည်အသွေးမျှသာ ရှိနေသေးသည်။
သူ့စွမ်းရည်သည် အချိန်တိုတစ်ခုအတွင်းတွင် ပစ်ထားသော်လည်း ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် အမွှေးတိုင်တစ်ချောင်းကို အညစ်အကြေးများဖယ်ထုတ်ရန် အဆင့်မြှင့်တင်လိုက်သည်။ သူသည် အသက်ရှည်အမွှေးတိုင်ကို ကျင့်ကြံခြင်းတွင်အသုံးချနေရင်း အသက်ကို ပြင်းပြင်းရှိုက်လိုက်တိုင်း ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အောင်မြင်စွာရယူနိုင်ဖြင့် ပျော်ရွှင်နေလေသည်။

သူ၏ ထာဝရ အသက်ရှည် နည်းပညာရပ်ကျင့်ကြံမှုသည် တနေ့တခြားတိုးတက်လာသည့်အပြင် ကျင့်ကြံခြင်း အခြေခံမှာလည်း ချီစုစည်းမှု အဆင့်ခြောက်၏ အမြင့်ဆုံး စက်ဝန်းနားသို့ပင်ရောက်လာသည်။

ရှောင်ချန်း၏ အကြီးဆုံး ပန်းတိုင်မှာ ထာဝရအသက်ရှည်နည်းပညာရပ်ဖြစ်ရာ အနည်းငယ်မျှထပ်လေ့ကျင့်လိုက်သည်နှင့် အဓိကအောင်မြင်မှုဖြစ်သော ထာဝရသံမဏိအရေပြားကို ပိုင်ဆိုင်တော့မည်ဖြစ်သည်။ ပိုင်ရှောင်ချန်း၏ ကိုယ်ခန္ဓာသည် ပို၍မာကြောလာပြီး လည်မျိုဖမ်းဆုပ်အကွက်ကိုပါ အသုံးချလိုက်ချိန်တွင် သူ့လက်ချောင်းများမှာ အရင်ကထက် ပိုနက်ကာ မည်းနက်တောက်ပြောင်လာသည်။

အသက်ရှည်အမွှေးတိုင်အကျိုးသက်ရောက်မှုသည် တဖြည်းဖြည်းစတင်ပြီး အာနိသင်မပြတော့သည့် အချိန်သို့ရောက်လာသည်။ အဆုံးတွင် လုံးဝကို အစွမ်းမပြတော့သကဲ့သို့ပင်ဖြစ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ရှောင်ချန်း၏ ကိုယ်သည် စိတ်စွမ်းအင်ဆေးပြီးသော လုံလောက်သည့်အဆင့်သို့ရောက်သွားပြီဖြစ်သဖြင့် အစွမ်းများက ဆက်မပြတော့ပေ။

သူ့ကျင့်စဉ်အတွက် ဆက်ကျင့်လိုလျှင် အသက်ရှည်အမွှေးတိုင်ထက် ပိုမိုကောင်းမွန်သော စိတ်စွမ်းအင်ဆေးကို သုံးရန်လိုသည်။ ကံမကောင်းစွာဖြင့် စိတ်စွမ်းအင်ဆေးဖော်စပ်နည်းများသည် တင်းတင်းကြပ်ကြပ်တားမြစ်ထားသည့် အရာများဖြစ်ရာ ဈေးမှာဝယ်ယူ၍ မရနိုင်ပေ။ နယ်လှည့်သမားတော်အဖြစ် အဆင့်တိုးပြီးနောက်မှသာ စွမ်းဆောင်မှု ရမှတ်များနှင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

အခြားရွေးခြယ်စရာတစ်ခုမှာ ပိုကြီးသော ဈေးသို့သွားရန်ဖြစ်သည်။ သို့သော် ထိုနေရာသည် ဂိုဏ်းနှင့် အင်မတန်ဝေးလှသည်။ အရာရာကို စဉ်းစားပြီးသည့်နောက်တွင် ပိုင်ရှောင်ချန်းသည် ဤသို့ဆုံးဖြတ်ချက်ချလိုက်သည်။

“ငါ နယ်လှည့်သမားတော်ဖြစ်အောင်လုပ်မယ်”

သူ၏ဆေးဖော်စပ်မှု အတွေ့အကြုံများ၊ အပင်နှင့် အသီးအရွက်တွဲမှ အရည်အချင်းများနှင့်ဆိုလျှင် အဆင့်တက်စာမေးပွဲဖြေရန် မည်သည့် ပြဿနာမှမရှိပေ။ သို့သော်လည်း ပို၍စိတ်ချရအောင် ရရာဆေးဖော်စပ်နည်းများကို ဝယ်ကာ ရက်တော်တော်များများကို သုံးပစ်လိုက်သည်။ ဆေးနည်းတစ်မျိုးကို အကြိမ်အနည်းငယ် ဖော်စပ်ပြီးသည့်နောက်တွင် သူ၏အမှားများကို သုံးသပ်သည်။ ဤနည်းဖြင့် သူ့ကိုယ်သူ ပိုမိုယုံကြည်မှုရရှိလာသည်။ ထို့နောက် နယ်လှည့်သမားတော်စာမေးပွဲဖြေရန် ဝင်ခွင့်ကို တင်လိုက်လေသည်။

မှန်သည်။ နယ်လှည့်သမားတော်စာမေးပွဲသည် တစ်ယောက်ချင်းဖြေရသည့် ပွဲမဟုတ်ပေ။ သတ်မှတ်ထားသော လူအရေအတွက်ပြည့်မှသာ ကျင်းပပေးခြင်းဖြစ်သည်။ အဆင့်တက်စစ်ဆေးမည့်ပွဲကို စောင့်နေရင်း စိတ်စွမ်းအင်ဆေးလျှို့ဝှက်ချက်များကို စဉ်းစားဆင်ခြင်တွေးတောနေသည်။ တစ်လလောက်စောင့်ပြီးသည့်နောက်တွင် သူ၏တံဆိပ်ပြားသည် တုန်ခါလာသည်။ ဆွဲထုတ်လိုက်သည့်အခါတွင်မူ အသံဩဩကြီးတစ်ခုက သူ့စိတ်တစ်ခုလုံးကို သိမ်းပိုက်သွားသည်။

“နက်ဖြန်အာရုံတက်ချိန်တွင် နယ်လှည့်သမားတော်ဆောင်မှာ နယ်လှည့်သမားတော် အဆင့်တက်စာမေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။”

Comment

Leave a Reply

Options

not work with dark mode
Reset