ပိုင်ရှောင်ချန်းမှာ လေကလေးချွန်ရင်း ဂိုဏ်းသို့ ပျော်ရွှင်စွာ ပြန်လာသည်။ သူ၏ခြံဝန်းထဲသို့ရောက်သောအခါ သူ သက်ပြင်းချလိုက်သည်။
” ငါအင်မော်တယ်ဖြစ်ဖို့ကျင့်တယ်ဆိုတာ ထာဝရရှင်သန်နိုင်အောင်လို့ပါကွာ။ အဲ့လိုမျိုးတိုက်ခိုက်သတ်ဖြတ်နေတဲ့ကောင်တွေက ကျပ်မပြည့်တွေပဲနေမှာ။ ”
ခြံဝန်းထဲတွင်သူကထိုင်ချလိုက်ကာ ချန်ဖေးနှင့်သူ၏သူငယ်ချင်းများထံမှ ယူလာသောပစ္စည်းများကို စစ်ဆေးလိုက်သည်။
သူတို့သည်လည်း အချမ်းသာကြီးမဟုတ်သည့်အတွက် ပိုင်ရှောင်ချန်းမှာ အများကြီး မရလိုက်ပေ။ ပစ္စည်းများကိုစစ်ဆေးပြီးသွားသောအခါ သူ ဝယ်လာသော ဆေးပင်များကိုထုတ်လိုက်ပြီး အချိန်တစ်ခုပေးကာ ဂရုတစိုက်ကြည့်ရှုစစ်ဆေးလိုက်သည်။
အပင်နှင့်အသီးအရွက်တွဲမှာ သူကကျွမ်းကျင်ပါသော်လည်း အပင်များကိုလက်တွေ့ကိုင်တွယ်ရာတွင် အတွေ့အကြုံအများကြီး မရှိသေးပေ။ ယခု သူကိုယ်တိုင်ကိုယ်ကျ စစ်ဆေးနိုင်သောအခါတွင်မူ သူ၏တွေ့ရှိချက်များက သူ့ဦးနှောက်ထဲတွင်ရှိနှင့်ပြီးသားဖြစ်သော အချက်အလက်များနှင့် ပေါင်းစပ်သွားသည်။ အချို့အပင်များ၏အပေါ်ယံကိုပင် သူက ကုတ်ဖဲ့ကာ အတွင်းပိုင်းများအထိလေ့လာလိုက်သည်။
စစ်ဆေးမှုအနည်းငယ်လုပ်ပြီးသောအခါ ပိုင်ရှောင်ချန်းက အတွေးများထဲတွင်နစ်မျောနေသော မျက်နှာထားဖြင့် သူဝယ်လာသော ဆေးဖော်စပ်နည်း၂မျိုးကို ထုတ်လိုက်သည်။ စိတ်စွမ်းအင်ဖြည့်တင်းပေးသော ဆေးဖော်စပ်နည်းကိုကြည့်ပြီးသွားသောအခါ ခန္ဓာကိုယ်ဖွံ့ဖြိုးစေလိုသောလူသားများအတွက် ဖန်တီးထားသောဆေးဖော်စပ်နည်းကို အာရုံစိုက်ကာလေ့လာလိုက်သည်။
” အသက်ရှည်အမွှေးတိုင်…”
သူက တီးတိုးလေးရေရွတ်လိုက်သည်။ ထိုဆေးဖော်စပ်နည်းမှာ ဆေးပင်အများကြီးမလိုအပ်ပဲ ၇ပင်သာလိုအပ်သည်။ ထို့အပြင် ထိုအပင်များကို ရောစပ်ရာတွင်လည်း ထူးထူးခြားခြားသတိထားစရာမရှိပေ။ သို့သော်လည်း အပြန်အလှန်အားဖြည့်ခြင်းနှင့် ဖိနှိပ်ခြင်းနည်းလမ်းများကိုသုံးကာ ထိုဆေးပင်၇မျိုးမှ စွမ်းအားကိုထုတ်ယူနိုင်ပြီး သူတို့ကိုအမှုန့်ကြိတ်၍ အမွှေးတိုင်အဖြစ်ပြောင်းလဲနိုင်သည်။
ထိုထဲက နှစ်ပင်မှာ အဆိပ်ရှိသည်။ ကျင့်ကြံသူတစ်ယောက် ထိုအပင်များကိုစားမိပါက ၂ပတ်ကြာဝမ်းလျှောမည်ဖြစ်သည်။ သာမန်လူများစားမိပါက အသက်ပင်ဆုံးရှုံးနိုင်သည်။
” ကောင်းကင်ဘုံနဲ့ ကမ္ဘာကြီးမှာ စိတ်စွမ်းအင်အပင်ပေါင်းအများကြီးရှိတယ်။ တချို့ဟာတွေက တန်းစားလို့ရပြီး တချို့ဟာတွေက ဆေးလုံးအဖြစ်ဖော်စပ်ပြီးမှ သူတို့ရဲ့ အကျိုးသက်ရောက်မှုပေါ်လာတာ။ အဆိပ်ရှိလို့ အမွှေးတိုင်အဖြစ်ပဲဖော်စပ်လို့ရတဲ့ ဆေးပင်တွေလည်းအများကြီးပဲ။” ပိုင်ရှောင်ချန်းက လေ့လာမှတ်သားခဲ့သည်များကို တစ်ယောက်ထဲ ပြန်လည်ရေရွတ်နေသည်။ ထို့နောက်သူက အသက်ရှည်အမွှေးတိုင်ဖော်စပ်ရန်လိုအပ်သော ဆေးပင်များကိုထုတ်လိုက်ပြီး အသေးစိတ်လေ့လာလိုက်သည်။
” ငါယုံကြည်မှု အပြည့်အဝတော့မရှိသေးဘူး။ ဆေးဖော်စပ်တဲ့နေရာမှာအရေးအကြီးဆုံးက အောင်မြင်မှုနှုန်းပဲ။ အရိုးရှင်းဆုံး အဆင့်၁ စိတ်စွမ်းအင်ဆေးဖော်စပ်တာတောင်မှ အခန့်မသင့်ရင် ကျရှုံးနိုင်ခြေများနိုင်တယ်ကွ။” သူက စိုးရိမ်းတကြီး စဉ်းစားနေသည်။
” လောလောဆယ်ငါ့မှာက အပင်တစ်မျိုးစီကို ၁၀ပင်လောက်ပဲရှိတာ။ ဖြုန်းတီးပစ်လို့မရဘူး။” သတိကြီးသူတစ်ယောက်ပီပီ ပိုင်ရှောင်ချန်းက ကိစ္စတစ်ခုခုမဆောင်ရွက်မီ ယုံကြည်ချက်အပြည့်အဝရှိအောင် အရင်လုပ်တတ်သည့် အကျင့်ရှိသည်။
ထို့ကြောင့်လည်း အပင်နှင့်အသီးအရွက်အမျိုးမျိုးကို လေ့လာရာတွင် သူ အကုန်မှတ်သားနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတွင်လည်း ထိုနည်းတူ သူကလုပ်ရန်ကြိုးစားနေသည်။ ဆေးကိုချက်ချင်းမဖော်စပ်ပဲ ဖော်စပ်နည်းကို အသေးစိတ် ပိုက်စိတ်တိုက်လေ့လာနေသည်။
၇ရက်တာ ကုန်ဆုံးသွားသည်။ ဆေးဖော်စပ်နည်းတွင်ပါသော အချက်အလက်အားလုံးကို မှတ်သားပြီးသောအခါ မျက်လုံးမှိတ်လိုက်ပြီး ကိစ္စအဝဝကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ညနေခင်းရောက်မှသာ မျက်လုံးများကိုပြန်ဖွင့်လေသည်။ ထို့နောက်သူက စိတ်စွမ်းအင်ဖြည့်တင်းပေးသော ဆေးဖော်စပ်နည်းကိုထုတ်လိုက်ပြီး ပြန် နွှေးလိုက်သည်။
၂ပတ်တာအချိန်ထပ်ကုန်သွားသည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ နီမြန်းနေသော်လည်း ယခုတွင်မူ ဆေးဖော်စပ်နည်းတွင်ပါသော အပင်အမျိုးမျိုးကိုအပြည့်အဝ နားလည်သွားပြီဟု ယူဆလိုက်သည်။ အနည်းငယ်တွေးတောပြီးသောအခါ သူကမတ်တတ်ထရပ်ကာ ခြံဝန်းအပြင်ဘက်သို့ထွက်သွားတော့သည်။
ဆေးဖော်စပ်ရန် ဆေးပေါင်းဖိုတစ်လုံးလိုအပ်သည်။ သို့သော် ထိုဆေးပေါင်းဖိုများမှာ ပိုင်ရှောင်ချန်း တတ်နိုင်သည်ထက် များစွာစျေးကြီးသည်။ သို့သော်လည်း ဆေးဖော်စပ်ဆောင်တွင်မူ စွမ်းဆောင်ရည်အမှတ်အနည်းငယ်ပေးကာ ဂိုဏ်းသားများအသုံးပြုနိုင်သော ဆေးပေါင်းဖိုများရှိသည်။
ဆေးဖော်စပ်ရာအဆောင်သည် မွှေးရနံ့တိမ်တောင်၏အရှေ့ဘက်ခြမ်းတွင်ရှိပြီး ပိုင်ရှောင်ချန်း၏နေရာနှင့် သိပ်မဝေးပေ။ ထိုနေရာက ဆေးတစ်သောင်းအဆောင်ကဲ့သို့ အမြဲတမ်းလူတွေနှင့် ပြည့်နှက်နေခြင်းမရှိ။ ဆေးဖော်စပ်ဆောင်သည်ကား တိတ်ဆိတ်ငြိမ်သက်သောနေရာလေးတစ်ခုဖြစ်သည်။ မွှေးရနံ့တိမ်တောင်ပေါ်တွင် ဆေးဖော်စပ်ရန် အရည်အချင်းပြည့်ဝသူကနည်းသေးသည်မဟုတ်ပါလော။ ထိုသို့နည်းသည့်အပြင် အချို့မှာလည်း ကိုယ်ပိုင်ဆေးပေါင်းဖိုများရှိလေရာ အဆောင်ထိလာပြီးငှားရမ်းနေစရာ မလိုသဖြင့် ထိုနေရာတွင် လူနည်းပါးခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်းက ဆေးတစ်သောင်းအဆောင်၏ ပစ္စည်းများအား တစ်လတာသုံးစွဲခွင့်ကို ဝယ်ယူလိုက်သည်။ ထိုအခါ သူအလုပ်လုပ်နေစဉ်ပြင်ပက အနှောင့်အယှက်များဝင်မရအောင်တားဆီးပေးမည့် အကာအကွယ်အစီအရင်တစ်ခုပါသော ကိုယ်ပိုင်အလုပ်ခန်းလေးတစ်ခုရသည်။
သူရရှိသော သစ်သားသော့တံလေးကို ဆုပ်ကိုင်ရင်း ပိုင်ရှောင်ချန်းက အလုပ်ခန်းနံပါတ် ၁၃ကိုအလျှင်အမြန်ရှာလိုက်ကာ အတွင်းသို့ဝင်သွားသည်။ အလုပ်ခန်းမှာ ကြီးကြီးမားမားမဟုတ်ပဲ ဆေးပေါင်းဖိုနှင့်လောင်ကျွမ်းနေသောမီးတောက်မှလွဲ၍ အခန်းထဲတွင် ကျန်တာမည်သည့်အရာမှ မရှိပေ။
တင်ပျဉ်ခွေထိုင်ချကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ပိုင်ရှောင်ချန်က ဆေးမီးဖိုကို အသေးစိပ်လေ့လာလိုက်သည်။ သူက မီးတောက်ကို စိတ်စွမ်းအင်သုံးကာ ထိန်းချုပ်ကြည့်သောအခါ မီးတောက်က ပိုပူလာပြီး အခန်းတစ်ခန်းလုံး အပူဓာတ်များဖြင့် ပြည့်သွားသည်။ တစ်ချိန်ထဲမှာပင် ဆေးပေါင်းဖိုကလည်း နီရဲစွာတောက်ပလာသည်။
ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းပညာရပ်ထဲရှိ အခြေခံ အင်အားများကို ထုတ်သုံးလိုက်ကာ စစ်ဆေးမှုအချို့ပြုလုပ်လိုက်ပြီးသောအခါ ထိုပြင်းထန်လှသောအပူဒဏ်ကို သူ ခုခံနိုင်သွားသည်။မကြာမီပင် သူသည် မီးတောက်ပမာဏကို ကောင်းကောင်းထိန်းချုပ်သွားနိုင်တော့သည်။ နောက်ဆုံးတွင် သူ၏ထည့်စရာအိတ်ကိုပုတ်လိုက်ပြီး အပင်နှင်အသီးအရွက်အမျိုးမျိုးကို ထုတ်လိုက်သည်။
” အသက်ရှည်အမွှေးတိုင်ကို ထိပ်ဆုံးကဖော်စပ်ဖို့က အရဲစွန့်လွန်းရာကျတယ်။ အရင်ဆုံး ယေဘုယျဖော်စပ်ခြင်းနည်းလမ်းတွေကို သိနားလည်အောင် လုပ်မှရမယ်။ စိတ်စွမ်းအင် အားဖြည့်ဆေးလုံးတွေ အရင်ဖော်စပ်ပစ်မယ်ကွာ။ အဲ့ဆေးလုံးတွေက ချီစုစည်းမှုအဆင့်၅နဲ့အောက် လူတွေအတွက်အသုံးဝင်တဲ့ အဆင့်၁ဆေးလုံးတွေပဲလေ။” ပိုင်ရှောင်ချန်းက ဖော်စပ်ရန် လမ်းစဉ်အဆင့်ဆင့်ကို တွက်ချက်နေတော့သည်။ သူသည် လုံးဝကို ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ တည်တည်ကြည်ကြည်နေလိုက်ကာ စိတ်စွမ်းအင်အားဖြည့်ဆေးလုံး ဖော်စပ်နည်းကို စိတ်ထဲတွင်ပြန်ဖော်လိုက်ပြီး စတင်ဖော်စပ်တော့သည်။
ပထမဆုံးဆေးပင်ကိုထုတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ အရွက်များက ကြွေကျလာသည်။ အာရုံစူးစိုက်မှုများပြည့်နှက်နေသော မျက်လုံးများဖြင့် သူက စိတ်စွမ်းအားများကိုထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအားများကို သိမ်မွေ့သော်လည်းပြင်းထန်သည့်အားတစ်ခုအသွင်ပြောင်း၍ အရွက်များကို အရည်၉စက် ဖြစ်သွားအောင် ဖိချေလိုက်ပြီး ထိုအရည်၉စက်ကို ဆေးပေါင်းဖိုထဲသို့ လောင်းချလိုက်သည်။
ပလုံခနဲ ရေထဲကျသံများကြားရပြီးနောက် အစိမ်းရောင်မြူခိုးများက ဆေးမီးဖိုထဲတွင် ချက်ချင်း ထွက်လာသည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ တောက်ပလာပြီး မြူခိုးများပေါ်သည်နှင့်တပြိုင်နက် သူကလက်ကိုဝှေ့ယမ်း၍ ဆေးပင်၏ ပင်စည်နှင့် အကြောများကို ခွာထုတ်လိုက်ကာ ဆေးပေါင်းဖိုထဲသို့ ပစ်ထည့်လိုက်သည်။ သူကမီးအတိုင်းအဆကိုထိန်းညှိကာ ဆေးပေါင်းဖိုထဲတွင် မြူခိုးများပိုပိုများလာစေရန် လုပ်နေတော့သည်။
မြူခိုးတစ်မှုန်လေးကမှ အပြင်သို့ထွက်မလာချေ။ ပိုင်ရှောင်ချန်း ဒုတိယဆေးပင်ထုတ်သည့်အချိန်ထိ ထိုမြူခိုးများက စုစည်းကာ လည်ပတ်နေသည်။ ထိုဆေးပင်ကို စိတ်စွမ်းအင်သုံးကာကြီးထွားစေလိုက်သောအခါ ပန်းများပွင့်လာသည်။ ထိုပန်းမှ ပွင့်ချပ်များကို သူကခူးကာ မီးဖိုထဲသို့ ထည့်လိုက်ပြန်သည်။
အချိန်များ ကုန်လွန်သွားသည်။ ပိုင်ရှောင်ချန်းက ဆေးပင်တစ်ပင်ပြီးတစ်ပင်ဆွဲထုတ်ရင်း ဆေးဖော်စပ်ခြင်းကို အာရုံအပြည့်စိုက်နေသည်။ မကြာမီ ၈ပင်မြောက်သို့ရောက်ရှိသွားပြီး သူက ဆေးပေါင်းဖိုကို တောက်ပသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။ မီးအပူရှိန် အနည်းအများကို ထိန်းညှိရင်း သူ၏မျက်နှာမှ ချွေးများပင်ကျလာသည်။
၂နာရီကြာသောအခါ ဆေးပေါင်းဖိုအတွင်းမှ လုံးထွေးနေသော ထစ်ချုန်းသံများကိုကြားလိုက်ရသည်။ အနက်ရောင်မီးခိုးများထွက်လာပြီး ထိုမီးခိုးများကို အခန်း၏အကာအကွယ်အစီအရင်များက စုပ်ယူသွားသည်။ ပိုင်ရှောင်ချန်းကမူ မီးခိုးမွှန်၍ ချောင်းများပင်ဆိုးနေတော့သည်။ သူက ဆေးပေါင်းဖိုအတွင်းသားရှိ မဲတူးနေသော ဂျိုးများကို မျက်မှောင်ကြုံ့ရင်း ကြည့်လိုက်သည်။
” မအောင်မြင်ဘူးဟ….” သူက စိတ်ပျက်လက်ပျက်ရေရွတ်လိုက်သည်။ သူသည် ထိုင်ချလိုက်ကာ လက်ပေါ်မေးတင်လိုက်ရင်း စဉ်းစားခန်းဖွင့်လေတော့သည်။ သူလုပ်ခဲ့သမျှ အရာများကို ပြန်တွေးပြီးသောအခါ သူကနောက်တစ်ခါဖော်စပ်ရန် ချက်ချင်းမစတင်ပေ။ သတိကြီးသည့်လူတစ်ယောက်ဖြစ်သည့်အလျောက် သူက အရာရာတိုင်းကို ပညာရှိနည်းနှင့်သာ ချဉ်းကပ်လိုသည်။
ကိစ္စအဝဝကို သူက ၃ရက်တိတိ စဉ်းစားအဖြေရှာလိုက်သည်။ ထိုအချိန်တွင်း သူက ပထမအကြိမ်တုံးကလုပ်ခဲ့သည့်အရာများကို အကြိမ်တစ်ထောင်လောက် အနည်းဆုံး ပြန်လည်သုံးသပ်ပြီးသွားပြီဖြစ်သည်။ ထိုအခါ မှားယွင်းနေသော အချက်၅၀လောက် ပေါ်လာသည်။ အဆုံးတွင်သူက အသက်ပြင်းပြင်းရှူကာလိုက်ပြီး တစ်ခဏမျှနားလိုက်ပြီးနောက် ဆေးပေါင်းဖိုကိုတစ်ဖန်ပြန်မွှေးတော့သည်။
ထိုဆေးလုံးကိုဖော်စပ်ရန် လိုအပ်ချိန်မှာ အကြာကြီးမဟုတ်ပေ။ ၄နာရီကြာသော် မီးဖိုမှ ထစ်ချုန်းသံကြီးများ ပြန်ထွက်ပေါ်လာပြီး မီးခိုးများရှင်းသွားသောအခါ ပျက်စီးနေသော ဆေးလုံး အကြွင်းအကျန်များကို မြင်ရပေသည်။
ထိုအခါ သူ၏ ခေါင်းမာမှုက ပြန်၍ပေါ်လာပြန်သည်။ ဆေးမီးဖိုရှိကပ်နေသော ဂျိုးများကိုခွာရင်း ထိုမြင်ကွင်းကိုအနီးကပ်လေ့လာကာ သူသိထားသောဆေးဖော်စပ်ခြင်းနည်းထဲရှိ အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် ဆေးဖော်စပ်နည်းသာမက အသုံးပြုရမည့် အပင်နှင့်အသီးအရွက်များကိုပါ ၁၀ရက်ကြာအောင်ထပ်၍ စစ်ဆေးလိုက်သည်။ အဆုံးတွင် နီမြန်းသောမျက်လုံးများဖြင့် တတိယအကြိမ်စတင်ရန် ပြင်လိုက်သည်။
တတိယမြောက်အသုတ်သည်ကား ပို၍တည်ငြိမ်သည်ဟု ထင်ရသော်လည်း ဆေးလုံးများ အစိုင်အခဲဖြစ်ခါနီးတွင် အရာအားလုံးကပျက်စီးသွားပြီး လုံးထွေးသောပေါက်ကွဲသံများ ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းက ရှေ့သို့ကုန်းကြည့်လိုက်ပြီး ဂျိုးများကို ကြည့်လိုက်ပြန်သည်။ သူကတင်ပျဉ်ခွေထိုင်ချကာ ထိုအကြောင်းကိုဆက်လက်တွေးတောစဉ်းစားနေပြန်သည်။
ဤအခါတွင်ကား သူက လဝက်လောက်နီးပါးထိ အချိန်ယူလေသည်။ ဆေးဖော်စပ်ရာအဆောင်ရှိ သူဝယ်ထားသောအချိန်မှာလည်း ကုန်လုနီးပါးဖြစ်နေပြီဖြစ်သည်။ အဆုံးတွင် သူကမျက်လုံးဖွင့်ကာ အံကြိတ်လိုက်ပြီး စတုတ္ထမြောက်အသုတ်ကို စ၍ဖော်စပ်တော့သည်။
အဆုံးတွင် အချိန်လည်းပြည့်သွားပြီး နောက်ဆုံးဖော်စပ်ခဲ့သော အသုတ်မှာလည်း မအောင်မြင်ပေ။
နယ်လှည့်သမားတော်တစ်ယောက်သာ ယခုဖြစ်ပျက်နေသည်များကိုမြင်ပါက ယုံရခက်နေမည်မှာ အမှန်ပင်။ အခြားလူအများစုက တစ်လအတွင်း အကြိမ်အရေအတွက် ဒါဇင်အနည်းငယ်ထိ ဖော်စပ်မည်ဖြစ်ပြီး အကြိမ်အနည်းငယ်တော့ အောင်မြင်မည်ပင်ဖြစ်သည်။
နောက်ဆုံးတွင် ဆေးတစ်လုံးသာထွက်လာခဲ့လျှင်တောင်မှ အောင်မြင်သည်ဟုသတ်မှတ်နိုင်မည်ဖြစ်သည်။
လူအများက ဆေးဖော်စပ်ခြင်းကို အင်မတန်ခက်ခဲသောအလုပ်တစ်ခုဟု သတ်မှတ်ထားသည်မဟုတ်ပါလော။ ထိုသို့မခက်ခဲပါကလည်း အရှေ့သစ်တောတိုက်တွင် အဆင့်မြင့်သမားတော်နှစ်ဦးထပ်ပင်ပို၍ရှိနေမည်သာဖြစ်သည်။
နယ်လှည့်သမားတော်များပင်လျှင် များစွာမရှိပေ။ ရှိသောသူများကလည်း အဆင့်မြင့်သမားတော်ဖြစ်ရန် မျှော်လင့်ချက်ပင် မထားကြပေ။
ထိုသို့များများစားစားမရှိရခြင်၏ အဓိကအကြောင်းအရင်းမှာ လူအများစုသည် နယ်လှည့်သမားတော်ဖြစ်ရန်လိုအပ်သော အထောက်အပံ့ပစ္စည်းများကို အလွယ်တကူမရရှိနိုင်သောကြောင့်ဖြစ်သည်။
သို့သော်လည်း လူတိုင်း သေသေချာချာကြိုးစားပါကမူ အဆင့်မြင့်သမားတော်ဖြစ်လာရန် အခွင့်အရေးမှာလည်းများလာမည်ဖြစ်သည်။ ဆေးဖော်စပ်ရာတွင် အောင်မြင်နှုန်းကိုမြှင့်တင်နိုင်မည့် အကောင်းဆုံးနည်းလမ်းသည်ကား ကြိမ်ဖန်များစွာ လေ့ကျင့်ရန်ပင်ဖြစ်သည်။
ထို့ကြောင့်လဲ လူအများစုက အကြိမ်အရေအတွက်ကို ဦးစားပေးလေ့ကျင့်ကြခြင်းဖြစ်သည်
လုပ်ငန်းစဉ်များကို ရင်းနှီးသွားသောအခါ ယုံကြည်မှုလည်းပိုတိုးလာမည်ဖြစ်သည်။ နယ်လှည့်သမားတော်များကမူ မအောင်မြင်မှုကို ပုံမှန်အရာတစ်ခုလို သဘောထားတတ်နေပြီဖြစ်သည်။ တစ်ခါမအောင်မြင်လျှင် အစကပြန်စကာ ဖြေးဖြေးချင်းတိုးတက်အောင်လုပ်၍ရသည် မဟုတ်ပါလော။ ပုံမှန်ဆေးလုံးများဆိုလျှင်ပို၍ပင် အဆင်ပြေလေသည်။ ထိုဆေးလုံးများအတွက် ပါဝင်ပစ္စည်းမျာမှာ အလွန်စျေးမကြီးပေ။
သို့သော်လည်း ပိုင်ရှောင်ချန်း၏ လမ်းစဉ်ကားအခြားလူများနှင့် မတူပေ။ သူကပို၍နှေးပြီး တစ်ခါမအောင်မြင်တိုင်း မအောင်မြင်ရသည့်အကြောင်းအရင်းကို ခွဲခြမ်းစိတ်ဖြာကာ အဖြေရှာလေသည်။
ထိုပုံစံမှာ သူ၏ သတိကြီးသော သဘာဝကြောင့်လည်းပါသည်။ သူ့ကို မောင်တိကျဟုပင်ခေါ်သင့်ပေသည်။ အပင်နှင့်အသီးအရွက်များကို လေ့လာစဉ်တုံးက ထိုတိကျမှုအနည်းငယ်သာ ထွက်လာသည်ဖြစ်သည်။ ယခုပထမဆုံးအကြိမ် ဆေးဖော်စပ်ရသည့်အတွက် သူ၏ တိကျလွန်သောစိတ်မှာ ပို၍ပင်တိုးလာသည်။
သူ၏တိကျမှုကြောင့် ပုံမှန်လူထပ်ပို၍ မှားယွင်းနေသောနေရာများကို သူက ရှာတွေ့သည်။ အခြားလူများ ရှာတွေ့နိုင်သော အရေအတွက်မှာ သူနှင့်နှိုင်းပင် မနှိုင်းလောက်ပေ။ အခြားလူများ မတွေးမိသောလမ်းစများကိုပါ သူကထည့်တွေးသည့်အတွက် အမျိုးမျိုးသော အမှားများကို သူကသိပေသည်။
သူ၏ သတိကြီးမှုကြောင့် ဆေးဖော်စပ်မှုပြန်မစခင် အသေးမွှားဆုံးသော ပြဿနာလေးကိုကအစ သူကရှင်းလင်းရန်အလိုရှိသည်။ ထို့ကြောင့်လည်း သူအချိန်အများကြီးပေးကာ စဉ်းစားခန်းဖွင့်နေခြင်းဖြစ်သည်။
ထိုတစ်လမှာ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်း၏ ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်နှာမှာလည်း ဖုန်းအလိမ်းလိမ်းနှင့်ဖြစ်နေတော့သည်။ မောမောပန်းပန်းနှင့် ဆေးဖော်စပ်ရာအဆောင်မှ ထွက်လာကာ သူ၏ခြံဝန်းထဲသို့ပြန်ကာ ထိုင်တွေးတောကြံဆ နေပြန်တော့သည်။
” ပြဿနာတက်နေတဲ့ နေရာ၉နေရာကျန်သေးတယ်ကွ။ အဲ့၉နေရာကို အဖြေရှာပြီးတာနဲ့ ဆေးဖော်စပ်တာကို ပြန်စလို့ရပြီ။” သူကအံကြိတ်၍ ရေရွတ်ပြီး မျက်လုံးမှိတ်ကာ ဝေဖန်းသုံးသပ်နေသည်။ တစ်ခါတစ်ခါ သူက ဆေးပင်တစ်ပင်ပင်ကိုထုတ်၍ လေ့လာစစ်ဆေးလေသည်။
လဝက်ကြာသော် သူကအပြင်သို့ အပြေးထွက်သွားပြီး စွမ်းဆောင်ရည်ရမှတ်များကိုသုံးကာ ဆေးဖော်စပ်ရာအဆောင်သို့ ထပ်ဝင်သွားသည်။
၅ခုမြောက် အသုတ်ကမူ မအောင်မြင်ပေ။
ကိစ္စအဝဝကို ၇ရက်တိတိ ခွဲခြမ်းစိတ်ဖြာပြီးသောအခါ ပြဿနာများကိုထပ်တွေ့ပြီးဖြေရှင်းကာ ဆေးဖော်စပ်မှုကို ပြန်စသည်။
၆ခုမြောက်အသုတ်ကလည်း မအောင်မြင်သေးပေ။
သူ၏မျက်လုံးများမှာ နီမြန်းနေပြီဖြစ်သည်။သူက နောက်ထပ်ရက်၂၀ တွေးတောစဉ်းစားလိုက်ပြီးမှ ၇ခုမြောက်အသုတ်ကို ပြန်စသည်။
၂နာရီကြာသောအခါ ဘာထစ်ချုံးသံမှမကြားရတော့ပေ။ ထိုအသံအစား ဆေးရနံ့တစ်ခုကသာ ပျံ့လွင့်လာဖြင့် ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဝင်းပသွားသည်။ ဆေးပေါင်းဖိုထဲတွင်မူ အစိမ်းရောင်ဆေးလုံး၂လုံးပေါ်လာသည်။ ၇ခုမြောက်အသုတ်သည် အောင်မြင်သွားပြီဖြစ်သည်။
နောက်တစ်ခေါက် ထပ်ဖော်စပ်သောအခါ ၈ခုမြောက်အသုတ်ကလည်း အောင်မြင်ပြီး ဆေးလုံး၃လုံးထွက်လာသည်။
၉ခုမြောက်အသုတ်လည်း အောင်မြင်ပြီး ဆေးလုံး၅လုံးထွက်လာသည်။
၁၀ခုမြောက်အသုတ်လည်း အောင်မြင်လေသည်။ သို့သော် ဆေးလုံးတစ်လုံးသာထွက်လာပြီး အစိမ်းရောင်မဟုတ်ပဲ အနက်ရောင်ကြီးဖြစ်နေသည်။ ထို့အပြင် ထိုဆေးလုံးမှ ဆေးရနံ့မထွက်ပဲ ထူးဆန်းသောအနံ့တစ်ခု ထွက်ပေါ်နေသည်။
ပိုင်ရှောင်ချန်းကထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကို တွေးတောအဖြေရှာနေစဉ်မှာပင် ဆေးဖော်စပ်ရာအဆောင်တစ်ခုလုံးက အုပ်အော်သောင်းနင်းဖြစ်ကုန်ကြတော့သည်။