ဝမ်ပေါင်လဲ့၏ ဘက်တွင် ရှိနေသောမြင်ကွင်းမှာ လူတစ်ယောက်တည်းနှင့် မြည်းလေးတစ်ကောင်တည်းသာ ပါသည့် သနားဖွယ်ရာ မြင်ကွင်းမဟုတ်တော့ပေ။ ထောင်ပေါင်းများစွာသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များမှာ ပျားပန်းခပ် အလုပ်ရှုပ်နေကြသောကြောင့် ထိုနယ်မြေကြီး တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေကြတော့သည်။ မြေကြီးပေါ်တွင် ပေါင်းပင်များရှိမနေတော့ဘဲ မြေကြီးထဲ၌ သေသေသပ်သပ် တူးထားသည့် တူးမြောင်းကြီးတစ်ခုသာ ရှိနေတော့သည်။ အပိုင်းပိုင်းပြတ်နေသော အကျိုးအပဲ့များစွာဖြင့် ပေါင်းစည်းတည်ဆောက်ထားသော ကြေးနီရောင် နံရံကြီးမှာ အပြင်ဘက်မှနေ၍ ဝန်းရံထား၏။
အရာအားလုံးမှာ မူလအခြေအနေနှင့် ယှဉ်လိုက်ပါက ယုံချင်စရာ မကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ခြင်း မဟုတ်ပါသော်လည်း အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ ပြည်ထောင်စုကြီးထဲရှိ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသော ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့အားသင့်သွားကြပြီး အချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့၏ အကြံအစည်များကို နားလည်းသဘောပေါက်သွားကြသောကြောင့် သူ့အား ချီးကျူးလိုက်ကြတော့သည်။
” ငါ နားလည်ပြီ။ ဝမ်ပေါင်လဲ့က တခြားသူတွေကို အခွင့်အရေးယူဖို့ ကြံစည်နေခဲ့တာပဲ ”
” သူ့ဆီမှာ ဘာပစ္စည်းမှ မရှိတော့ တခြားပြိုင်ပွဲဝင်တွေနဲ့ ယှဉ်လိုက်ရင် သူက လုံးဝ အသာစီးနိုင်မှာ မဟုတ်ဘူးလေ။ အခုတော့ ငါ သဘောပေါက်သွားပြီ…. ဒီကောင်လေးက အစကတည်းက တခြားလူတွေရဲ့ ပစ္စည်းတွေကို အပိုင်သိမ်းဖို့ စီစဉ်နေခဲ့တာပဲ ”
ကောင်းကင်တာအိုကျောင်းမှ လျှိုတောက်ပင်းနှင့် အခြားသူများသာမက ဂိုဏ်းချုပ်ကြီးပင်လျှင် အံ့အားသင့်သွားရ၏။ အထူးသဖြင့် ဂိုဏ်းချုပ်ကြီးဆိုလျှင် ချက်ချင်းပင် မျက်လုံးများ အရောင်တောက်လာတော့သည်။ သူသည် စစချင်းတုန်းက ဝမ်ပေါင်လဲ့၏ သေချင်ယောင်ဆောင်ကာ အော်လံကြီးများ ထုတ်သုံးနေသည့် နည်းလမ်းများအား စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု မှတ်ယူခဲ့ပါသော်လည်း ယခုတွင်မူ သူသည် ဝမ်ပေါင်လဲ့၏ အကြံအစည်များကို နားလည်သဘောပေါက်သွားတော့သည်။
” သူ့အတွက် မလွယ်ဘူး။ တာအိုကျောင်းလေးကျောင်းစလုံး ကူညီထောက်ပံ့ပေးနေတဲ့ လူက လီယီ ဖြစ်နေတာလေ ” ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား အများကြီး မျှော်လင့်ထားခဲ့ပါသော်လည်း သူ၏ အကြံအစည်များမှာ ထိုမျှလောက်နှင့် ပြီးသွားမည်ဆိုပါက အနိုင်ရရှိနိုင်ရန်မှာ ခက်ခဲနေဦးမည်ဖြစ်ကြောင်း သိထား၏။
” သူ တည်ဆောက်ဖို့ကြိုးစားနေတဲ့ မြို့တော်ကြီးက တမူထူးခြားနေရင်တော့ မပြောတတ်ဘူး ” ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ အတွေးများထဲ၍ နစ်မျောနေစဉ် ထိုအဖြစ်အပျက်များကို ကြည့်ရှုနေကြသည့် အင်္ဂါဂြိုဟ်ပေါ်မှ လူများစွာမှာ အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံမှာ ခပ်ရေးရေးခန့် ပြုံးသွားပြီး ဧရာမသစ်ပင်ကြီးမှာမူ စကားများများစားစား ပြောနေခြင်းမရှိဘဲ မျက်မှောင်ကြုတ်သွား၏။
အခြားတစ်ဖက်တွင် အင်္ဂါဂြိုဟ်စစ်တပ်မှာ ရယ်ရမလို ငိုရမလို ဖြစ်နေ၏။ အကယ်၍ ဝမ်ပေါင်လဲ့မဟုတ်ဘဲ အခြားတစ်ယောက်သာ ယခုလိုပြုမူနေခဲ့မယ်ဆိုပါက သူတို့မှာ တင်းမာခက်ထန်စွာ ပြန်လည်တုံ့ပြန်လိုက်မည်သာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ မကြာသေးမီကမှ သူတို့အတွက် ပေါင်လဲ့အမြောက်များကို လာရောက်တပ်ဆင်ပေးခဲ့သည်ဖြစ်ပြီး မည်သည့်အချက်အလက်ကိုမှ ထိမ််ချန်ခဲ့ခြင်းမရှိဘဲ သူတို့အား အကုန်ပြောပြခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် အင်္ဂါဂြိုဟ်စစ်တပ်မှာ သူ့အပေါ် ကျေးဇူးကြွေးတင်နေသောကြောင့် ခွင့်လွှတ်လိုက်၏။
ကျိုးရိရှန်မှာမူ သူကိုယ်တိုင်ပင်ဖြစ်စေ သူ၏ မိသားစုမျိုးနွယ်စုကဖြစ်စေ လက်ရှိအဖြစ်အပျက်များကို ရပ်တန့်နိုင်စွမ်း မရှိသောကြောင့် မကျေမချမ်းနှင့် အံတကြိတ်ကြိတ် ဖြစ်နေရတော့သည်။ သူတို့မှာ သူတို့၏ရှေ့တွင် ထိုရုပ်သေးရုပ်များ သူတို့၏ နယ်မြေကြီးအား ရှင်းလင်းပစ်လိုက်သည်ကို ငေကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။
တစ်ချိန်ထဲမှာပင် ပစ္စည်းအမြောက်အမြား ရရှိသွားသော ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသလို သူ့ကိုယ်သူလည်း ကျေနပ်သွားတော့သည်။ ထို့နောက် သူသည် ထောင်ပေါင်းများစွာသော ရုပ်သေးရုပ်များကို ထိန်းချုပ်လိုက်ပြီး သူ၏ကိုယ်ပိုင်စခန်းကို စတင်တည်ဆောက်နေလိုက်တော့သည်။
သူသည် နောက်ကျမှ စတင်နိုင်ခဲ့သည်ဖြစ်ပြီး လူအင်အားအရေအတွက် နည်းနေပါသော်လည်း သူ၏ အားသာချက်မှာ သူသည် သူ၏ ထာဝရခံတပ်၏ ဒီဇိုင်းပုံစံကို တစ်နှစ်ကျော်တိတိ အချိန်ပေး၍ ရေးဆွဲထားခဲ့သည့် အချက်ပင်ဖြစ်သည်။ သူသည် စခန်းကြီး၏ အတွင်းပိုင်းတည်ဆောက်ပုံများ၊ ကမ္ဗည်းစာလုံးများ၏ ပေါင်းစပ်မှုများနှင့် အခြားအသေးစိတ်အချက်လက် များစွာကို ထပ်ခါတလဲလဲ စဉ်းစားတွေးတောကာ ပိုကောင်းလာအောင် ပြုပြင်မွမ်းမံခဲ့၏။
သူသည် ထိုခံတပ်ကြီးအား သူ၏ အသိစိတ်ထဲ၌ တည်ဆောက်ထားပြီးသား ဖြစ်နေပြီး ၎င်း၏ အတွင်းပိုင်းရော အပြင်ပိုင်းများကိုပါ ထဲထဲဝင်ဝင် သိနေခဲ့သည်ဟုပင် ဆိုနိုင်၏။ သူ့ဆီတွင် ဆောက်လုပ်ရေးပစ္စည်းများသာ လိုတော့သည်ဖြစ်သည်။ အခြားဆန်ခါတင်များမှာ ဝမ်ပေါင်လဲ့လောက် ယုံကြည်မှုပြင်းထန်နေခြင်း မရှိကြတော့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခံတပ်ကြီးကို တည်ဆောက်နေရင်း သူ၏ အတွေးများမှာ စူးရှထက်မြက်ကာ လျင်မြန်လာတော့သည်။ ထောင်ပေါင်းများစွာသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များမှာ သူ၏
စည်းစနစ်တကျ ထိန်းချုပ်ခြင်းကို ခံထားရသည့် လက်များကဲသို့ ဖြစ်နေကြ၏။
၎င်းတို့မှာ ရှုပ်ယှက်ခတ်နေခြင်း မရှိသောကြောင့် စတုတ္ထမြောက် သားရဲစီးကြောင်းကြီး ပေါ်ပေါက်လာသောအချိန်တွင် ဝမ်ပေါင်လဲ့၏ စခန်း ပုံစံငယ်တစ်ခုအား စတင်တည်ဆောက်နေပြီဖြစ်ပြီး မြေကြီးထဲရှိ တူးမြောင်းကြီးထဲတွင် အုတ်မြစ်ချထားပြီးသား အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ထိုအုတ်မြစ်ပေါ်တွင် ယခုမှ စတင်တည်ဆောက်နေဆဲဖြစ်သည့် ဧရာမဘောင်ကြီးတစ်ခု ရှိနေ၏။ ၎င်း၏ ပုံပန်းသွင်ပြင်အပြည့်အစုံကို မမြင်ရသေးဖြင့် ၎င်းမှာ မည်မျှအထိ အံသြဖွယ်ရာကောင်းနေမည်ကို အလွယ်တကူ သိနိုင်မည်မဟုတ်ပေ။ သို့သော် ထောင်ပေါင်းများစွာသော ရုပ်သေးရုပ်များမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို အဆက်မပြတ် ဆောင်ရွက်နေခဲ့သောကြောင့် ထိုမြင်ကွင်းအား မြင်လိုက်ရသည့်လူတိုင်းမှာ အံ့အားသင့်သွားကြတော့သည်။
အခြားဆန်ခါတင်များပင်လျှင် သူတို့၏ စခန်းများ ပြန်လည်ပြုပြင်မွမ်းမံလိုက်ကြပြီးနောက် ဝမ်ပေါင်လဲ့အပေါ်သို့ အာရုံစိုက်လိုက်ကြ၏။ ထိုအခါ အချို့မှာ မျက်နှာအမူရာများ တည်ကြည်သွားကြပြီး အချို့မှာ သူတို့၏ ပြုပြင်မွမ်းမံရေး လုပ်ငန်းများကို အရှိန်မြှင့်တင်လိုက်၏။ ခုန်းတောက်မှာမူ မျက်ဝန်းများထဲ၌ အေးစက်စက်အရိပ်အရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ သို့သော် သူသည် သိပ်၍ ဂရုစိုက်မနေဘဲ သူ၏ ကိုယ်ပိုင်နယ်မြေ တည်ဆောက်ခြင်းထဲ၌သာ အာရုံအပြည့်စိုက်ထားလိုက်တော့သည်။
ဆန်ခါတင်များထဲတွင် နာမည်အကြီးဆုံးဖြစ်သော လီယီမှာ အမှန်တကယ်ပင် အစွမ်းထက်နေ၏။ အထူးသဖြင့် သူမသည် ဧရာမသစ်ပင်ကြီးနှင့် တာအိုကျောင်းလေးကျောင်းတို့၏ ကူညီထောက်ပံ့မှုများကို အပြည့်အဝ ရရှိထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူမ၏မြို့တော်မှာ ဆန်ခါတင်အားလုံးထဲတွင် အခိုင်ခံ့ဆုံးနှင့် ပြီးပြည့်စုံမှုအရှိဆုံး ဖြစ်နေတော့သည်။
၎င်းမှာ အပြီးအထိ ဆောက်လုပ်ပြီးစီးခြင်း မရှိသေးသည့်တိုင်အောင် အလွန်အင်မတန်မှ ခန့်ညားထည်ဝါနေသည့်ပုံ ပေါက်နေပြီဖြစ်သည်။ အထူးသဖြင့် သူမ တည်ဆောက်လိုသော မြို့တော်၏ ပုံစံမှာ မန္တန်အစီအရင်များပေါ်တွင် အဓိက မှီခိုနေသည်မဟုတ်ပါလော။ ထို့ကြောင့် အဝေးမှကြည့်လိုက်မည်ဆိုလျှင် အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်နေကြပြီး ရုပ်လုံးကြွ ပုံရိပ်ကြီးတစ်ခုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေ၏။ ထို အလင်းတန်းများမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပလွန်းနေ၏။
တစ်ချိန်ထဲမှာပင် အခြားဆန်ခါတင်များမှာလည်း သူတို့၏ ငွေအင်အား၊ လူအင်အားများကို အသုံးပြုလိုက်ကြပြီး ဝမ်ပေါင်လဲ့အား ရင်ဆိုင်ရန် ပြင်လိုက်ကြ၏။ သူ၏ အော်လံကြီးများမှာ သူတို့အတွက် စိတ်ဝင်စားစရာကောင်းဆုံး အရာများ ဖြစ်နေ၏။ ထိုအော်လံကြီးထဲတွင် ရှုပ်ထွေးနေသော နည်းပညာများ မပါဝင်သောကြောင့် ခဏအကြာတွင် ငွေအင်အား၊ လူအင်အား အလုံအလောက်ရှိသော ဆန်ခါတင်များမှာ အော်လံပေါင်း မြောက်မြားစွာကို ဖန်တီးလိုက်ကြပြီး သားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်ရာ၌ ထည့်သွင်းအသုံးပြုလိုက်ကြတော့သည်။
သို့သော် ထို အော်လံကြီးများကို အသုံးပြုနေလည်း ဘာမှထူးမည် မဟုတ်ပေ။ သားရဲကြီးများအား မောင်းထုတ်သည့်နည်းလမ်းမှာ အော်လံများပိုင်ဆိုင်ထားသည့်သူ တစ်ယောက်တည်း ရှိနေပါမှ အလုပ်ဖြစ်မည် မဟုတ်ပါလော။ လူတိုင်းဆီတွင် အော်လံကြီးများရှိနေပြီး ၎င်းတို့အား ဖွင့်ထားလိုက်မည်ဆိုပါက ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ ပို၍ ရူးသွပ်လာရုံမှတစ်ပါး အခြားဘာမှ ဆက်ဖြစ်သွားကြမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ ထိုအော်လံများအား ဖန်တီးရသည့်ရည်ရွယ်ချက်မှာ ဝမ်ပေါင်လဲ့အား ထိန်းချုပ်နိုင်ရန်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အခြားသူများ ဖန်တီးထားသည့် အော်လံကြီးများကို မြင်လိုက်ရသောအခါ မရွှင်မပျ ဖြစ်သွားရတော့သည်။
” ဒါ မူပိုင်ခွင့်ကို ချိုးဖောက်တာပဲ။ ဒါ ခိုးကူးမှုပဲကွ ” ဝမ်ပေါင်လဲ့မှာ ကျိန်ဆဲနေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ ထိုအော်လံကြီးများကို ဆက်သုံး၍ ရတော့မည်မဟုတ်ကြောင်း သူက သိလိုက်ရ၏။ ထို့အပြင် သူသည် သူ၏ ဘေးနှစ်ဖက်တွင် ရှိနေခဲ့သည့် ပြိုင်ပွဲဝင်များဆီမှ ဆောက်လုပ်ရေးပစ္စည်းများကို ရရှိပြီးခဲ့သည့်တိုင်အောင် သူစိတ်ကူးထားသည့် ပြီးပြည့်စုံသော ထာဝရခံတပ်အား တည်ဆောက်နိုင်ရန်မှာ မဖြစ်နိုင်သေးကြောင်း သူက ရိပ်မိသွားသည်။ ယခုလက်ရှိတွင် ပစ္စည်းအလုံအလောက် မရှိသောကြောင့် သူ၏ ဆောက်လုပ်ရေးလုပ်ငန်းကြီးမှာ အရှိန်လျော့ကျသွားရ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မခံမရပ်နိုင် ဖြစ်သွားရပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အခြားဆန်ခါတင်များ၏ နယ်မြေများအား လောဘမျက်လုံးများဖြင့် လှမ်းကြည့်မိလိုက်တော့သည်။ သူသည် နောက်ထပ် ထပ်ရွှေ့ရမည့် အကွက်အား စဉ်းစားနေစဉ် စတုတ္ထသားရဲစီးကြောင်းကြီး ထွက်ပေါ်လာပြီဖြစ်ကြောင်း အချက်ပြသည့် ပေါက်ကွဲသံကြီးမှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းထဲမှ ထွက်ပေါ်လာတော့သည်။
စတုတ္ထသား ရဲစီးကြောင်းကြီးမှာ ယခင်အကြိမ်တုန်းကထက် သိသိသာသာပို၍ ကြီးမားနေ၏။ ထိုပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားပြီးနောက် မြောက်မြားစွာသော ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ အော်ဟစ်မြည်တမ်းရင်း ပြေးထွက်လာကြ၏။ အာနာပါနအဆင့် သားရဲကြီးများ၏ အရေအတွက်မှာ ပိုများလာသလို အခြေတည်အဆင့် သားရဲကြီးများမှာလည်း ပိုများလာပြီဖြစ်သည်….
ထို့အပြင် အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ရှေးဟောင်းဖုတ်ကောင်ကြီးဆယ်ကောင်လည်း ရှိနေသေးသည်။ ထို ဖုတ်ကောင်များမှာ ပေနှစ်ဆယ်ကျော် မြင့်မားနေသောကြောင့် တောင်ငယ်လေးတစ်လုံးနှင့်တူနေပြီး ၎င်းတို့ဆီမှ အသားများ ပုပ်ပွနေသည့် အနံ့ဆိုးများ ပျံ့လွင့်လာနေ၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထို ရှေးဟောင်းဖုတ်ကောင်ကြီးများမှာ အခြားသော ဖုတ်ကောင်းများစွာအား စုပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်နိုင်မည်ဖြစ်သည်။
အချို့မှာဦးခေါင်းခွံသုံးခု ရှိနေကြပြီး အချို့မှာ ဦးခေါင်းခွံတစ်ခုတည်း ရှိနေပါသော်လည်း ထိုဦးခေါင်းခွံပေါ်တွင် မျက်လုံးများဖြင့် ပြည့်နှက်နေ၏။ အချို့မှာမူ ခေါင်းမပါဘဲ ၎င်းတို့၏ လက်မောင်းများပေါ်တွင် ချွန်ထက်နေသည့် သွားများဖြင့် ပြည့်နှက်နေသော ပါးစပ်ပေါက်များ ရှိနေကြသည်။
ထိုရှေးဟောင်းဖုတ်ကောင်ကြီးဆယ်ကောင်မှာ သားရဲစီးကြောင်းကြီး၏ ခေါင်းဆောင်များကဲ့သို့ ဖြစ်နေကြသည်။ ၎င်းတို့မှာ အော်ဟစ်မြည်တမ်းရင်း သားရဲစီးကြောင်းကြီးအား နယ်မြေအသီးသီးဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးဆောင်သွား၏။ ၎င်းတို့ ပြေးလာသောအခါ မြေပြင်ကြီးမှာ တုန်ရီသွား၏။ ထိုအခါ နယ်မြေများထဲတွင် ရှိနေကြသော ဆန်ခါတင်များမှာ အံ့ဩတုန်လှုပ်သွားကြပါတော့လည်း အစွမ်းကုန်ကြိုးစား၍ ခုခံတွန်းလှန်လိုက်ကြ၏။
ယခုတွင် ဝမ်ပေါင်လဲ့မှာ အခက်တွေ့နေရပြီဖြစ်သည်။ သူသည် သူ့ဆီသို့ ရှေးဟောင်းဖုတ်ကောင်ကြီး နှစ်ကောင်တိတိ ဦးတည်လာနေသည်ကို သတိထားမိလိုက်၏။ သူ၏ ဘေးနှစ်ဖက်တွင် ရှိနေခဲ့သော ပြိုင်ပွဲဝင်များ မရှိတော့သောကြောင့် ထိုကဲ့သို့ ဖြစ်နေရခြင်းဖြစ်ကြောင်း သူက သိထားပါသော်လည်း မကျေမနပ်ဖြစ်နေရသေးပင်။
အထူးသဖြင့် သူ၏ စခန်းမှာ ယခုလေးတင်မှ တည်ဆောက်ထားသည်ဖြစ်ရာ တက်နင်းခံနိုင်သည့် အနေအထားတွင် မရှိသေးပေ။ ထိုသားရဲကြီးများ သူ၏နယ်မြေထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် သူတည်ဆောက်ထားသမျှ အရာအားလုံးမှာ စိစိညက်ညက် ကြေမွသွားမည်သာဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးနှင့် အံကြိတ်လိုက်ပြီး သူ့အတွက် အချိန်ဆွဲနိုင်မည့်် နည်းလမ်းတစ်ခုကို စဉ်းစားတွေးတောကြည့်လိုက်၏။
ဝမ်ပေါင်လဲ့မှာ လူကြောက်တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး သူသည် စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူ၏ အသက်ရှုနှုန်းများကို မြန်ဆန်အောင်လုပ်လိုက်ပြီး လေပေါ်သို့ခုန်တက်ကာ ရုပ်သေးရုပ်တစ်ရုပ်၏ နောက်သို့လိုက်ကာ ၎င်း၏ခြေထောက်အား လိုက်ကိုက်နေသည့် မြည်းလေးကို လှမ်းဆွဲလိုက်၏။
ထိုရုပ်သေးရုပ်များ ဆောက်လုပ်ရေးပစ္စည်း မြောက်မြားစွာအား စတင်ပြောင်းရွှေ့နေခဲ့သည့် အချိန်ကတည်းက ထိုမြည်းလေး၏ အမူအရာများမှာ မူမမှန် ဖြစ်နေခဲ့၏။ ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်မှုများအား နောင်ကြဉ်နေလောက်အောင် မှတ်မိနေသောကြောင့်သာ ထိုပစ္စည်းများကို မစားပစ်ခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ၎င်းမှာ မည်သည့်အရာကိုမှ မစားရဲတော့ပါသော်လည်း အစာစားချင်စိတ်များ ပေါက်နေဆဲပင်။ ထို့ကြောင့်၎င်းမှာ လျှာဖြင့်လျက်ရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ ထို့နောက် ၎င်းမှာ လူမိသွားသဖြင့် ချက်ချင်းဆိုသလိုပင် အော်ဟစ်မြည်တမ်းကာ ခွာများဖြင့် မြေကြီးကို ကြောက်လန့်တကြား ပေါက်နေလိုက်တော့သည်။ ၎င်းမှာ အပြစ်ကင်းသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား သူ မည်သည့်အရာကိုမှ မစားထားကြောင်း ရှင်းပြရန် ကြိုးပမ်းနေသည့်ပုံ ပေါက်နေ၏။
” နားထောင်စမ်း မြည်းလေး။ မင်း မြို့နံရံတွေနောက်မှာ ပုန်းနေလို့ရတယ်။ ဒါပေမဲ့ သားရဲတစ်ကောင်တလေကိုတောင် စခန်းထဲ အဝင်မခံနဲ့နော်။ အဲ့လိုမှမဟုတ်ရင် မင်းတစ်သက်လုံး ပါးစပ်ပိတ်ပြီး နေနေရမယ်မှတ်။ မင်း ဒီတာဝန်ကို အောင်အောင်မြင်မြင် ထမ်းရွက်နိုင်မယ်ဆိုရင်…. ကဲကွာ…. ဒီမှာ အရသာရှိတဲ့ ပစ္စည်းတွေ အများကြီး ရှိနေတာပဲ။ ငါ အနိုင်ရမယ်ဆိုရင် မင်းကို သုံးရက်သုံးညတိတိ ပွဲတော်တည်ခွင့်ပေးမယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ လေသံမာမာနှင့် ဆိုလိုက်ပြီး ထိုမြည်းလေးအား မြို့နံရံပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ၎င်းအား လျစ်လျူရှုထားလိုက်တော့သည်။ ထို့နောက် သူသည် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုများကို အံ့ဩမှင်တက်စွာ ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များ၏ မျက်စိရှေ့တွင် သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ လက်ထဲတွင် ဓမ္မလက်နက် ဓားရှည်ကြီးတစ်လက် ပေါ်ပေါက်လာတော့သည်။ အခြားဆန်ခါတင်များ၏ စခန်းများ ပွင့်လာပြီး သားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်နေကြချိန်တွင် သူသည် သက်တံ့တစ်စင်းကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ရှေ့သို့ ပြေးထွက်လာပြီး အော်ဟစ်မြည်တမ်းရင်း ရှေးဟောင်းဖုတ်ကောင်ကြီးနှစ်ကောင်နှင့် သားရဲစီးကြောင်းကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့ ထိုသို့ပြေးထွက်သွားသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ သူ၏ နဂိုမူလ ပုံပန်းသွင်ပြင်များအားလုံး ပျောက်ကွယ်သွားပြီး မိုးသစ်တော၊ ကူးလောင်ချိုင့်ဝှမ်းနှင့် လကမ္ဘာမှော်ဝင်နယ်မြေထဲတွင် သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအားလုံးကြောင့် စုပေါင်းထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးပင် ဖြစ်သည်။
ထို့နောက် သူ သတ္တမမြောက် ခံစစ်ကြောင်းတွင် ရှိနေခဲ့စဉ်တုန်းက ဧရာမလင်းနို့ကြီးနှင့် အခြားသားရဲခေါင်းဆောင်ကြီးများ အသတ်ခံလိုက်ရပြီးနောက် အသက်လုကာ ထွက်ပြေးသွားကြသည့် မြင်ကွင်းမှာ သူ၏ အသိစိတ်ထဲ၌ ပြန်ပေါ်လာ၏။
” ဒီအန္တရာယ်ကြီးကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သားရဲခေါင်းဆောင်ကြီးကို သတ်ပြီး တခြားသားရဲကြီးတွေကို ခြောက်လှန့်ပစ်ဖို့ပဲ ” ဝမ်ပေါင်လဲ့၏ အမူအရာမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ ကြိမ်းဝါးသံကြီးမှာ မိုးခြိမ်းသံများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
” သေပေတော့ “
👍👍👍👍👍