Switch Mode

အခန်း (၃၅၃)

ဘာပစ္စည်းမှမရှိလည်း ကြောက်စရာမလိုဘူး

ထိုအော်လံကြီး ဆယ်လုံးမှာ အရွယ်အစားကြီးမားပြီး အစိတ်အပိုင်း အမျိုးမျိုးဖြင့် ပေါင်းစည်းဖွဲ့စည်းထားခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အော်လံများ၏ ဖန်တီးရှင်ဖြစ်သောကြောင့် ထိုအော်လံကြီးများအား အလွန်အင်မတန်မှ လျင်မြန်စွာ တပ်ဆင်နိုင်ခဲ့၏။ ထို့ကြောင့် သားရဲစီးကြောင်းကြီး စတင်လာသည်နှင့် တစ်ပြိုင်နက် ထိုအော်လံကြီးဆယ်လုံးမှာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ထိုအော်လံကြီးဆယ်လုံးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ အပြင်းအထန် တုန်ရီသွား၏။ ၎င်းတို့ပေါ်တွင် ရှိနေသော ကမ္ဗည်းစာလုံးများကြောင့် အံ့ဩတုန်လှုပ်ဖွယ်ရာ စွမ်းအားတစ်မျိုးမှာ ၎င်းတို့၏ ပတ်ပတ်လည်၌ လည်ပတ်နေသကဲ့သို့ပင်။ တစ်ချိန်ထဲမှာပင် ထိုအော်လံကြီးဆယ်လုံးထဲရှိ သက်တံ့ရောင်ဝိညာဉ်ကျောက်တုံးများမှာလည်း အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် အငွေ့ပျံနေတော့သည်။

ဝိညာဉ်ကျောက်တုံးများ ထိုကဲ့သို့ အငွေ့ပျံနေချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ သန့်စင်ထားခဲ့သည့် ဦးထုပ်တစ်လုံးကို အရင်ဆုံး ထုပ်ယူလိုက်ပြီး ခေါင်းပေါ်တွင် ဆောင်းလိုက်၏။ ထို့နောက် သူသည် မြည်းလေးကိုကိုင်၍ အားပါပါ ကန်ကျောက်လိုက်ပြီး ၎င်းအား ခက်ထန်စွာကြည့်၍ အော်ဟစ်အမိန့်ပေးလိုက်၏။

” အော်စမ်း ”

ထိုအခါ မြည်းလေးမှာ နှာမှုတ်လိုက်ပြီး ဝမ်ပေါင်လဲ့အား ကြည့်လိုက် အော်လံကြီးဆယ်လုံးအား ကြည့်လိုက် လုပ်နေ၏။ နောက်ဆုံးတွင် ၎င်းမှာ အခြေအနေကို ရိပ်စားမိဟန် ရှိသွားသောကြောင့် ပါးစပ်ဟကာ အားမန်အပြည့်ဖြင့် အော်ဟစ်လိုက်တော့သည်။

” သား သား ”

မြည်းလေး၏ အော်ဟစ်သံမှာ နဂိုကတည်းက နားစည်များပင် ကွဲအက်သွားစေနိုင်လောက်သည့်အထိ ကျယ်လောင်နေသည် မဟုတ်ပါလော။ ယခုတွင် ၎င်းမှာ အားမာန်အပြည့်ဖြင့် အော်ဟစ်နေသည့်အပြင် အော်လံကြီးဆယ်လုံးက အသံချဲ့ပေးနေသည်ဖြစ်ရာ ၎င်း၏ အော်ဟစ်သံများမှာ ကြောက်မက်ဖွယ်ရာကောင်းသွားတော့သည်။

ထိုအသံများမှာ ကြောက်မက်ဖွယ်ရာကောင်းလွန်းနေသောကြောင့် ကမ္ဘာကြီး တစ်ခုလုံးကိုပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေနိုင်၏။

ထိုအသံများမှာ မိုးခြိမ်းသံများထက်ပင် အများကြီးပို၍ ကျယ်လောင်နေသောကြောင့် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသံများအဖြစ် ပြောင်းလဲသွားတော့သည်။ အော်လံကြီးဆယ်လုံးရှေ့တွင် ရှိနေသော နေရာတစ်ဝိုင်အား ရိုးရိုးမျက်စိနှင့်ပင် ကြည့်လိုက်လျှင်တောင် ထိုနေရာကြီးတစ်ခုလုံးမှာ တွန့်လိမ်ကောက်ကွေးကာ ပုံပျက်နေသည်ကို မြင်နိုင်မည် ဖြစ်သည်။ မည်သည့်အရာကိုမဆို တွန့်လိမ်ပုံပျက်သွားစေနိုင်သည့် အံ့ဩတုန်လှုပ်ဖွယ်ရာ အကြည်ရောင် လှိုင်းများမှာ ကြောက်မက်ဖွယ်ရာကောင်းစွာ ရှေ့သို့ ပျံ့ထွက်လာတော့သည်။

ထိုအော်ဟစ်သံများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသောအခါ အော်လံကြီးများ၏ ရှေ့တွင်ရှိနေသော ပေါင်းပင်များမှာ ချက်ချင်းပင် အရည်ပျော်ကျသွား၏။ အသံလှိုင်းများ၏ ပြင်းအားများကြောင့် မြေပြင်ကြီးပင်လျှင် အက်ကွဲသွားရသည်။ ထို့ကြောင့် မြေကြီးအောက်တွင် ပုန်းနေသည့် ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်တို့ပင်လျှင် စိတ်ရောကိုယ်ပါ တုန်လှုပ်ချောက်ချားသွားရ၏။

တစ်ချိန်ထဲမှာပင် အခြားသော နယ်မြေများထဲတွင် ရှိနေကြသည့် ဆန်ခါတင်များမှာလည်း ထိုအသံကျယ်ကြီးများကြောင့် နားများအူသွားကြ၏။ ကျင့်ကြံခြင်းအဆင့်နိမ့်သော လူများဆိုလျှင် သတိမေ့မျောလုနီးပါး တုန်လှုပ်ချောက်ချားသွားရ၏။

ကျင့်ကြံသူများပင်လျှင် ထိုအခြေအနေအထိ ရောက်သွားသည်ဖြစ်ရာ အော်လံကြီးဆယ်လုံး၏ အနီးဆုံးတွင်ရှိနေပြီး ၎င်းတို့အား မျက်နှာမူနေသော သားရဲစီးကြောင်းကြီးမှာ အဆိုးရွားဆုံး ခံစားလိုက်ရမည်သာ ဖြစ်သည်။ ထိုသားရဲစီးကြောင်းကြီးမှာ ဝမ်ပေါင်လဲ့၏ အနားသို့ မကပ်နိုင်ခင်မှာပင် ထို ကြောက်မက်ဖွယ်ရာ အသံလှိုင်းများကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် နောက်သို့ လွင့်ထွက်သွားကြတော့သည်။

၎င်းတို့၏ သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာ အော်လံများထဲမှ ထွက်လာသော ဆူညံသံများ၏ အောက်သို့ တိမ်ဝင်သွားသဖြင့် ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ မကြားရတော့ပေ။ ထို့နောက် ထိုရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ အစပိုင်းတွင် နောက်သို့လှည့်ပြေးရန် ကြိုးစားလိုက်ကြပါသော်လည်း ချက်ချင်းဆိုသလိုပင် တွန့်လိမ်ပုံပျက်သွားကြပြီး အပိုင်းပိုင်းပြတ်ကာ အသားစနှင့် သွေးစများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

ထိုမြင်ကွင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာ တုန်လှုပ်ချောက်ချားသွားကြ၏။ ထို ပေါက်ကွဲသံကြီး၏ ပြင်းအားမှာ သူတို့ ထင်မှတ်ထားသည်ထက် အဆပေါင်းများစွာပို၍ ပြင်းထန်နေသည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေကြသည့် သားရဲစီးကြောင်းကြီးမှာ မျက်စိတစ်မှိတ်အတွင်းတွင် အသားစများနှင့် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။ အာခေါင်ခြစ်သံများဖြင့် အော်ဟစ်နေခဲ့သည့် ဝိညာဉ်များပင်လျှင် ထိုပေါက်ကွဲသံကြီး၏ ပြင်းအားကို ခုခံနိုင်စွမ်း မရှိသောကြောင့် အပိုင်းပိုင်းပြတ်ကာ တစ်စစီ ဖြစ်သွားရတော့သည်။

ထိုဖြစ်ရပ်ကြီးတစ်ခုလုံးကို အဝေးမှကြည့်လိုက်မည်ဆိုပါက ထိုနေရာတစ်ဝိုက်တွင် လေမုန်တိုင်းကြီး တစ်ခုပေါ်ပေါက်လာသည့်ပုံနှင့် တူနေ၏။ ပေါက်ကွဲသံကြီးမှာ အရက်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

ထိုမျှလောက် အားပြင်းနေသည့် အကြောင်းအရင်း နှစ်ချက် ရှိပေသည်။ ပထမအချက်မှာ မြည်းလေး၏ နားစည်များ ကွဲအက်သွားစေနိုင်သော အော်ဟစ်သံများကို အော်လံကြီးများက အသံချဲ့ပေးလိုက်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ဤ တတိယသားရဲစီးကြောင်းကြီးထဲ၌ ပါလာကြသော သားရဲကြီးများမှာ အရေအတွက်အားဖြင့်သာ ကြောက်မက်ဖွယ်ရာ ကောင်းနေပါသော်လည်း ၎င်းတို့၏ အပြင်ခန္ဓာကိုယ်များမှာ သာမာန်အဆင့်တွင်သာ ရှိနေကြသောကြောင့်ဖြစ်သည်။

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အော်လံကြီးဆယ်လုံး ပေါ်ပေါက်လာမှုမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေခဲ့သည့် သားရဲစီးကြောင်းကြီး၏ တစ်ဝက်တိတိကို ချေမှုန်းပစ်လိုက်ပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အားလုံးကို ချေမှုန်းပစ်ရန် စိတ်မကူးထားပေ။ အမှန်တွင် သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ဤ ပြိုင်ပွဲကြီးမှာ နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်မည့်လူကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိထား၏။ ထို့ကြောင့် သူသည် သူ၏ အောင်မြင်နိုင်ခြေရာခိုင်နှုန်းများကို မြှင့်တင်ရင်း သူ၏ပြိုင်ဘက်များအား အားလျော့သွားအောင် လုပ်နိုင်မည့် နည်းလမ်းပေါက် မြောက်မြားစွာကို စဉ်းစား‌တွေးတောခဲ့သည်။

ဥပမာပြရလျှင် ယခုလက်ရှိ ဖြစ်ရပ်ကြီးပင် ဖြစ်သည်။ ပေါက်ကွဲသံကြီး၏ ပြင်းအားကြောင့် သားရဲစီးကြောင်းကြီး၏ တစ်စိတ်တစ်ပိုင်းသာ ချေမှုန်းခံလိုက်ရသည် ဖြစ်သော်လည်း ကျန်ရှိနေခဲ့သည့် သားရဲအများစုမှာ ထိုပေါက်ကွဲသံကြီး စတင်ထွက်ပေါ်လာခဲ့သည့် အရပ်မျက်နှာဘက်သို့ မသွားကြတော့ပေ။ သူတို့မှာ ထိုအသံကြီး ထွက်ပေါ်လာခဲ့သည့် နေရာနှင့် ပို၍ နီးလာလေလေ ထိုအသံလှိုင်းများမှာ ပို၍ အားပြင်းလာလေလေ ဖြစ်နေမည် မဟုတ်ပါလော။

ထို့ကြောင့် ကျိုးရိရှန်၏ ဘေးတွင်ရှိနေသော ဆန်ခါတင်ပုဂ္ဂိုလ်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်၏ ဘေးချင်းကပ်တွင် ရှိနေသော ပြိုင်ပွဲဝင်တို့မှာ တုန်လှုပ်ချောက်ချားသွားကြတော့သည်။ သူတို့မှာ ပုံမှန်းအတိုင်းသာဆိုလျှင် ဝမ်ပေါင်လဲ့နှင့် အခြားဆန်ခါတင် နှစ်ယောက်ဆီသို့ ဦးတည်သွားနေကြမည့် သားရဲစီးကြောင်းကြီးများကိုပါ ခုခံတွန်းလှန်နေရသောကြောင့် ရင်တထိတ်ထိတ်ဖြစ်ကာ ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။

သို့သော် ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်တို့မှာလည်း အေးအေးဆေးဆေး မနေနိုင်ပေ။ လက်ရှိသားရဲစီးကြောင်းကြီးထဲတွင် ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်သွားခြင်း မရှိသော ဝိညာဉ်များလည်း ရှိနေသေးသည်။ ပေါက်ကွဲသံကြီး၏ ပြင်းအားမှာ ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်တို့ ရှိရာဘက်သို့ ပျံ့နှံ့သွားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာနှင့် ယှဉ်လိုက်ပါက သိသိသာသာ ပို၍ အားပျော့နေကြ၏။ ထို့ကြောင့် ယခုတွင် ဝိညာဉ်များမှာ သူတို့ဆီသို့ ပြေးလာနေကြပြီ ဖြစ်သောကြောင့် ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်တို့မှာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့၏ တူးမြောင်းများထဲမှ ထွက်ပြေးသွားရတော့သည်။

သူတို့နှစ်ယောက်မှာ အသက်ရှူသံများ မြန်ဆန်လာပြီး သူတို့၏ မျက်နှာများပေါ်တွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အကယ်၍ ထိုဝိညာဉ်များမှာ အနည်းငယ်မျှသာ ရှိနေမည်ဆိုပါက သူတို့မှာ ၎င်းတို့အား လျစ်လျူရှုနိုင်မည် ဖြစ်သော်လည်း ယခုတွင်မူ ၎င်းတို့မှာ အများကြီးရှိနေကြသောကြောင့် သူတို့နှစ်ယောက်စလုံးမှာ ထိတ်လန့်ကြောက်ရွံ့နေရတော့သည်။ သူတို့မှာ အပြင်သို့ပြန်ထွက်လာသည်နှင့် တစ်ပြိုင်နက် သားရဲစီးကြောင်းကြီး၏ မြင်ကွင်းထဲသို့ ရောက်ရှိသွားကြ၏။ ထို့ကြောင့် ထိုရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ အော်ဟစ်မြည်တမ်းရင်း သူတို့ဆီသို့ ပြေးလာနေကြပြီဖြစ်သောကြောင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်မှာ အန္တရာယ်နှင့် ကြုံလိုက်ရတော့သည်။ နောက်ဆုံးတွင် သူသည် အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ကျောက်စိမ်းပေလွှာအား ချေမွ၍ အပြင်သို့ ထွက်သွားရတော့သည်။

ထိုသို့ဖြင့် သူသည် ပြိုင်ပွဲမှပထမဆုံး နုတ်ထွက်ရသည့်သူ ဖြစ်သွား၏။

ထို့နောက် ကျိုးရိရှန်၏အလှည့်သို့ ရောက်လာ၏။ သူသည် သားရဲစီးကြောင်းကြီးထဲမှ သားရဲပေါင်းမြောက်မြားစွာအား ရင်ဆိုင်နေရပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှု အ‌‌ငွေ့အသက်များကို အာရုံခံမိနေသောကြောင့် အမျက်ချောင်းချောင်းထွက်ကာ မကျေမချမ်းဖြစ်နေရ၏။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ နယ်မြေဘက်သို့ လှမ်းကြည့်လိုက်သောအခါ ထိုနေရာ၌ သားရဲတစ်ကောင်တလေပင် ရှိမနေဘဲ အော်လံကြီးဆယ်လုံးထဲသို့ အဆက်မပြတ်အော်ဟစ်နေသော မြည်းလေးသာ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ပိုဆိုးသွား၏။

” ဝမ်ပေါင်လဲ့ ”

ကျိုးရိရှန်မှာ အံတကြိတ်ကြိတ် ဖြစ်နေရပါသော်လည်း အခြားရွေးချယ်စရာမရှိချေ။ သူသည် အခြေတည်အဆင့်သို့ ရောက်နေသည့်တိုင်အောင် ယခုကဲ့သို့ အဆုံးမရှိလောက်အောင် ဖြစ်နေသည့် သားရဲစီးကြောင်းကြီးနှင့် ရင်ဆိုင်နေရတဲ့အချိန်တွင်မူ ဘာမှ မတတ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် သက်ပြင်းချကာ ကျောက်စိမ်းပေလွှာကို ချေမွလိုက်ပြီး အင်္ဂါဂြိုဟ်မှ ဝန်ထမ်းများ၏ အကူအညီဖြင့် အပြင်သို့ပြန်ထွက်သွားတော့သည်။ ထို့ကြောင့် သူသည် ပြိုင်ပွဲမှ ထွက်ရသည့် ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာတော့သည်။

ထိုမြင်ကွင်းကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာ ချက်ချင်းဆိုသလိုပင် တအံ့တဩနှင့် ပင့်သက်များ ရှိုက်မိသွားကြ၏။ အိမ်တိုင်းအိမ်တိုင်းမှနေ၍ သူတို့၏ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်ကိုပင် ကြားနေရသည်။

” တကယ်ကြီးလားဟ…. ပြိုင်ပွဲကနေ အရင်ဆုံးထွက်ရတဲ့လူက…. ဝမ်ပေါင်လဲ့ မဟုတ်ဘူးပဲ ”

” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနဲ့ အင်္ဂါဂြိုဟ်စစ်တပ်က တော်တော်လေးကို ချာတာပဲကွ။ ဝမ်ပေါင်လဲ့က တစ်ယောက်တည်းဖြစ်နေပြီး သူတို့က အင်အားတစ်သောင်းအထိရှိတဲ့ စစ်တပ်တစ်ခုစီကို ပိုင်ဆိုင်ထားတာတောင် ရှုံးသွားသေးတာလား ”

” အဲဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လုံးဝအရှက်မရှိလို့ ဒီပြိုင်ပွဲကြီးကို အနိုင်ရသွားလိမ့်မယ်လို့ ငါက ဘာလို့ခံစားနေရတာလဲ ”

ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များမှာ အပြန်အလှန် ဆွေးနွေးငြင်းခုံနေကြစဉ် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းအနီးတွင် ရှိနေသော အခြားဆန်ခါတင်ပုဂ္ဂိုလ်များမှာ မျက်လုံးနီကြီးများဖြင့် ဆက်လက်ခုခံနေကြ၏။ အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့မှာ အခြားဆန်ခါတင်များနှင့် လုံးဝမတူလောက်အောင် အေးအေးဆေးဆေး အနားယူနေ၏။

သို့သော် သူသည် အချိန်ကြာကြာ အေးအေးဆေးဆေး မနေလိုက်ရပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးချင်းကပ်ရပ် နှစ်ဖက်မှ ပြိုင်ပွဲဝင်များ အပြင်သို့ ပြန်ထွက်သွားကြသည်ကို မြင်လိုက်ရသောအခါ တစ်ခဏမျှ အသက်ရှူသံများ မြန်ဆန်သွားပြီး မျက်လုံးများ အရောင်တောက်လာတော့သည်။

” ဒီအချိန်ကို ငါကစောင့်နေတာကွ ” ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်ပြီး မြောက်မြားစွာသော ရုပ်သေးရုပ်များကို ဆင့်ခေါ်လိုက်၏။ သူသည် ထိုရုပ်‌သေးရုပ်များအား သိုလှောင်ထားနိုင်ရန် သိုလှောင်အိတ်များစွာကို ပြင်ဆင်ခဲ့ရ၏။ သူသည် ဤပြိုင်ပွဲကြီးအား အနိုင်ရရန် ထို ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များပေါ်တွင် သူ၏ယုံကြည်မှုအားလုံးကို ပုံအပ်ထား၏။

သူသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ဤပြိုင်ပွဲကြီး တစ်ခုလုံးကို သေသေချာချာ ခြုံငုံသုံးသပ်ထားပြီးသား ဖြစ်နေပြီဖြစ်သည်။ တာအိုကျောင်းလေးကျောင်းက သူ့အား ကူညီထောက်ပံ့မှုမရှိသောကြောင့် သူ့ဆီတွင် ငွေအင်အားရော လူအင်အားပါမရှိကြောင်းကို သူက သိထား၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ ကိုယ်ပိုင်မြို့တော်ကို အောင်မြင်စွာ တည်ဆောက်၍ အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းမှာ သူ၏ အကြီးမားဆုံးသော အားနည်းချက်ကြီး ဖြစ်ခဲ့၏။

” ငါ့ဆီမှာ ဘာပစ္စည်းမှ မရှိပေမဲ့ ငါ့ဘေးနားက ကောင်တွေဆီမှာ ရှိတယ်လေ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် ထုတ်ယူလိုက်ပြီး ၎င်းတို့ကို ထိန်းချုပ်လိုက်၏။ ထိုအခါ ထိုရုပ်သေးရုပ်များမှာ ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်တို့ ချန်ရစ်ခဲ့သော နယ်မြေများဆီသို့ ကျိုင်းကောင်များကဲ့သို့ ပြေးသွားကြတော့သည်။

သူတို့နှစ်ယောက်စလုံးမှာ အဝေးသို့ ရောက်သွားကြပြီဖြစ်ပြီး သူတို့၏ အစေခံများမှာ ထွက်ပြေးနေကြပြီဖြစ်သလို သူတို့၏ စခန်းများမှာလည်း စိစိညက်ညက် ကြေမွနေသည့်တိုင်အောင် သူတို့နှင့်အတူ အချိန်မီ ယူမသွားနိုင်ခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းမြောက်မြားစွာ ကျန်ရစ်နေခဲ့ဆဲပင်။ အခြားဆန်ခါတင်များမှာ ပစ္စည်းအလုံအလောက် ရှိနေသောကြောင့် ထိုကဲ့သို့ ကျန်ရစ်ခဲ့သောပစ္စည်းများကို စိတ်ဝင်စားခြင်းမရှိပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ သူ၏ ဘေးချင်းကပ်ရပ်မှ ပြိုင်ပွဲဝင်များ၏ နယ်မြေများမှာ သူပိုင်ဆိုင်သော ရွှေတွင်းကြီးများကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။

ထို့ကြောင့် သူသည် တူးမြောင်းတူး၍ သူ၏ အော်လံကြီးများကို ထုတ်သုံးခဲ့ရသည့် ရည်ရွယ်ချက်မှာ သူ၏ ဘေးချင်းကပ်ရပ်မှ ဆန်ခါတင်များအား ပြိုင်ပွဲထဲမှ နုတ်ထွက်သွားအောင် လုပ်ရန်ဖြစ်သည်။ သို့မှသာ သူသည် အညတရတစ်ယောက် အနေနှင့် ဤပြိုင်ပွဲကြီးအား အောင်မြင်နိုင်မည့် အခွင့်အရေးများကို စုဆောင်းနိုင်မည်ဖြစ်သည်။

ယခုထက်ထိအောင် အရာရာတိုင်းမှာ သူ၏ အစီအစဉ်အတိုင်း ဖြစ်ပျက်နေဆဲပင်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်ပေါင်းများစွာ ရှေ့သို့ပြေးထွက်သွားကြချိန်တွင် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ကူညီပေးနိုင်ရန် အော်လံကြီးများအား လိုသလို လိုက်လံရွှေ့ပြောင်းနေလိုက်၏။ သူသည် သားရဲစီးကြောင်းထဲမှ သားရဲကြီးများ ထိုရုပ်သေးရုပ်များ၏ လမ်းတွင် ပိတ်မနေအောင် အစွမ်းကုန်ကြိုးစားနေ၏။ သို့သော်လည်း ထိုနယ်မြေနှစ်ခုထဲတွင် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးပေါင်းမြောက်မြားစွာ ရှိနေသေးသည်ဖြစ်ရာ ရုပ်သေးရုပ်အချို့မှာ မလွဲမသွေ ပျက်စီးသွားကြမည်သာဖြစ်သည်။ သူသည် ထိုဆုံးရှုံးမှုများကြောင့် စိတ်ထိခိုက်သွားရပါသော်လည်း သည်းခံနိုင်ပေသည်။

ထိုသို့ဖြင့် ထိုရုပ်သေးရုပ်များ ဝမ်ပေါင်လဲ့၏ ဘေးနှစ်ဖက်တွင်ရှိနေသော နယ်မြေများထဲသို့ ပြေးဝင်သွားကြပြီး အရာရာတိုင်းကို ကျွမ်းကျင်မှုအပြည့်ဖြင့် ဖျက်ဆီးနေကြချိန်တွင် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာ အံ့သြတုန်လှုပ်နေရတော့သည်။ ၎င်းတို့မှာ အသုံးပြု၍ရသော ပစ္စည်းများဖြစ်စေ၊ အသုံးပြု၍ မရသော ပစ္စည်းများဖြစ်စေ၊ ၎င်းတို့၏ ရှေ့သို့ရောက်လာသည်နှင့် သယ်ဆောင်သွားကြသောကြောင့် ကျိုင်းကောင်များနှင့်ပင် ဆင်တူနေတော့သည်။

ထိုပစ္စည်းများထဲတွင် ကျိုးပဲ့နေသည့် မီးနတ်ဘုရားအမြောက်များ၊ ပေါင်လဲ့အမြောက်များသာမက ပျက်စီးနေသည့် ဓမ္မအဆောင်များ၊ အသုံးပြုပြီးသားဖြစ်သော ဝိညာဉ်ကျောက်တုံးများနှင့် မန္တန်အစီအရင်များ ရေးထိုးထားပြီး အုတ်မြစ်နေရာ၌ အသုံးပြုရသော ကျောက်တုံးများ ပါဝင်ပေသည်….

ထိုရုပ်သေးရုပ်များမှာ ပြိုလဲနေကြသည့် နံရံများကိုပင် တစ်စစီ ဖျက်ဆီးကာ သယ်ဆောင်သွားကြ၏။ ထိုသို့ဖြင့် တတိယသားရဲစီးကြောင်းကြီး အဆုံးသတ်သွားပြီး အခြားဆန်ခါတင်များ အားလုံးမှာလည်း မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ နယ်မြေထဲတွင်မူ ကြီမားသော ပြောင်းလဲမှုကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset