ဂရုတစိုက်စောင့်ကြည့်နေတဲ့ ယောင်ယောင်ရဲ့တောက်ပတဲ့မျက်လုံးတွေအောက်မှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်က နဂါးကခုန်ခြင်းလှုပ်ရှားမှုပုံစံ ၉၈ မျိုးကို အေးအေးဆေးဆေးနဲ့ နောက်ထပ်တစ်ကြိမ် စတင်လှုပ်ရှားလိုက်သည်။ ဒီတစ်ကြိမ်မှာ သူကပိုပြီးအတွေ့အကြုံရှိလာခဲ့ကာ အခုသူ့ရဲ့အသက်ရှူခြင်းနဲ့ အနည်းငယ်ပိုပြီး သဘာဝကျကျချိတ်ဆက်လှုပ်ရှားနိုင်ခဲ့တယ်လို့ ခံစားခဲ့ရသည်။
ဝေါင်း!
နောက်ဆုံးလှုပ်ရှားမှုကို ပြုလုပ်ပြီးသွားခဲ့သလို ဇူယွမ်ရဲ့ပါးစပ်ကဖွင့်ဟလာခဲ့ကာ သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ နဂါးအော်သံခပ်သဲ့သဲ့က နောက်တစ်ကြိမ် ပဲ့တင်ရိုက်ခတ်လာခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်က ချက်ချင်းတုန်ယင်သွားခဲ့ရပြီး မူလချီတွေကသူ့ဆီကို စုဝေးရောက်ရှိလာခဲ့ကာ အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားလျက် တစ်ချက်တည်းနဲ့ ဇူယွမ်ရဲ့ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ဝုန်း!
မူလချီတွေ ဝင်ရောက်လာသကဲ့သို့ သူ့ရဲ့ခန္ဓာကိုယ်ကလည်း လောင်ကျွမ်းနေတဲ့ မီးပြင်းဖိုတစ်ခုအလား ခံစားခဲ့လိုက်ရသည်။ ဇူယွမ်ရဲ့ အတွေးတစ်ခုနဲ့အတူ မူလချီတွေက လှိုင်းလုံးတစ်ခုလို သူ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ဆီကို တစ်ဟုန်ထိုးတိုးဝင်သွားခဲ့သည်။
ဒီအရာက အမွှေးတိုင်တစ်ဝက်စာထွန်းချိန်သာ ကြာမြင့်ခဲ့ရသည်။
ဇူယွမ်ရဲ့ခန္ဓာကိုယ်မှာ အနီရောင်အလင်းတွေတောက်ပနေခဲ့ပြီး အပူလှိုင်းတစ်ခုအလား သူ့ရဲ့ချွေးတွေကို အငွေ့ပျံပျောက်ကွယ်သွားစေခဲ့သည်။ ပထမဆုံးစွမ်းအင်ဝင်ပေါက်က အနည်းငယ်ပိုပြီးလျော့ပါးလာတာကို ခံစားနိုင်လိုက်ပြီး အပြုံးတစ်ခုက သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ ထွက်ပေါ်လာခဲ့ရသည်။ ခဏအနားယူပြီးတဲ့နောက်မှာ ယောင်ယောင်ရဲ့ စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာပဲ လှုပ်ရှားမှုပုံစံ ၉၈ မျိုးကို နောက်တစ်ကြိမ် စတင်ပြုလုပ်လိုက်သည်။
အချိန်တွေက ကုန်ဆုံးလာခဲ့သလို နဂါးအော်သံခပ်သဲ့သဲ့နှစ်ကြိမ်ကလည်း အောင်မြင်စွာထွက်ပေါ်လာခဲ့သည်။ ဒါကဇူယွမ်အနေနဲ့ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို နှစ်ကြိမ်ထက်ပိုပြီး ထိုးနှက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုနိုင်သည်။
အစောပိုင်းက ပြုလုပ်ခဲ့တဲ့ နှစ်ကြိမ်ပါထပ်ပေါင်းလိုက်မယ်ဆိုလျှင် စုစုပေါင်းလေးကြိမ်အထိရှိသွားခဲ့ပြီဖြစ်သည်။ စွမ်းအင်ဝင်ပေါက်ကို လေးကြိမ်ဖွင့်ခြင်းလား!
ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခြင်းမရှိသေးသည့် ပုံမှန်လေ့ကျင့်သူတစ်ယောက်အနေဖြင့် သူတို့ရဲ့ဝင်ပေါက်တွေကိုဖွင့်ရန် တစ်နေ့တစ်ကြိမ်သာ ကြိုးစားလုပ်ဆောင်နိုင်စွမ်းရှိကြပြီး ဒီထက်ပိုပြီးလုပ်ဆောင်ခဲ့မယ်ဆိုလျှင် မခံမရပ်နိုင်အောင်ဖြစ်လာပေလိမ့်မည်။ ယခုဇူယွမ်က ဒါကိုလေးကြိမ်ပြုလုပ်ခဲ့သည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေက ဘယ်လိုတွေတောင်ခိုင်မာနေရတာလဲ။
သူမကဘေးမှာသာရပ်နေလျက်ရှိပြီး နောက်ဆုံးမှာ ယောင်ယောင်ရဲ့မျက်လုံးတွေ လှုပ်ရှားလာခဲ့သည်။
သို့ပေမဲ့လည်း ဇူယွမ်က ယောင်ယောင်ရဲ့အမူအယာကို သတိပြုမိခြင်းအလျဉ်းမရှိပေ။ သူ့ရဲ့လောင်ကျွမ်းနေတဲ့ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်မှာ ထိုင်ချခဲ့လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ဝင်ပေါက်တွေကနေ အသည်းခိုက်လောက်တဲ့နာကျင်မှုတစ်ခုကို ခံစားနေခဲ့ရသည်။ လေးကြိမ်လေ့ကျင့်ပြီးသွားတဲ့အခါ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေက သူတို့ရဲ့အကန့်အသတ်ကိုရောက်ရှိသွားပြီဆိုတာကို ဒါကဖော်ပြနေသည်။
သူ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို ခံစားလိုက်မိသကဲ့သို့ သူ့ရဲ့နှုတ်ခမ်းမှာလည်းအပြုံးတစ်ခုက ရုတ်ချည်းဖြစ်ပေါ်လာခဲ့သည်။ မူလကပိတ်နေတဲ့ဝင်ပေါက်ဟာ လေးကြိမ်လေ့ကျင့်ပြီးတဲ့နောက်မှာ အရင်ကထက်ပိုပြီး လျော့ပါးလာခဲ့သည်။
“ဒီနှုန်းအတိုင်းဆိုရင် ငါ့အတွက်အချိန်တစ်လတောင် လိုမှာမဟုတ်ဘူး… ဆယ်ရက်အတွင်းမှာကို ငါ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်လိမ့်မယ်!”
သူ့ရဲ့စိတ်ကခိုင်မာနေခဲ့တာတောင်မှ ဒီအကြောင်းကိုတွေးလိုက်မိတဲ့အခါ လွန်စွာစိတ်လှုပ်ရှားမိရပေသည်။ ကန်းယွမ်က သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေဖွင့်ဖို့က ပုံမှန်ထက်ပိုခက်ခဲမယ်လို့ပြောခဲ့သည်။ ဒါ့ကြောင့်သူက သူ့ရဲ့ပထမဆုံးဝင်ပေါက်ကိုဖွင့်ခြင်းက လပေါင်းများစွာကြာအောင် စောင့်ရလိမ့်မယ်လို့ထင်ခဲ့တဲ့အတွက် ကြိုတင်ပြင်ဆင်မှုများတောင် ပြုလုပ်ခဲ့ပေသည်။ နဂါးအသက်ရှူခြင်းနည်းလမ်းရဲ့စွမ်းအားက ဒီလိုတိုတောင်းတဲ့ အချိန်အတွင်းမှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ထိတွေ့ခံစားနိုင်လိမ့်မယ်လို့ ဘယ်သူကများမျှော်မှန်းထားမိခဲ့ပါ့မလဲ။
အရင်တုန်းက စုယုဝေက သူမရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ဖို့အတွက် အချိန်တစ်လသာကြာမြင့်ခဲ့ပြီး တော်ဝင်ဇူကျောင်းတော်မှာ အမြန်ဆုံးဝင်ပေါက်ဖွင့်နိုင်သူတစ်ယောက် ဖြစ်လာခဲ့သည်။
သူသာဆယ်ရက်အတွင်းမှာဖွင့်နိုင်ခဲ့ရင် ဘယ်လိုအဆင့်အတန်းမျိုးသတ်မှတ်ကြလိမ့်မလဲ။
တကယ်တော့ စုယုဝေရဲ့အောင်မြင်မှုက သူမရဲ့ပင်ကိုယ်စွမ်းရည်နဲ့ ပင်ပင်ပန်းပန်းကြိုးစားအားထုတ်မှုတို့ကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းကို ဇူယွမ်နားလည်ပေသည်။ ဒါ့အပြင်သူမမှာ အဆင့်မြင့်ချီစုပ်ယူခြင်းနည်းလမ်းမရှိခဲ့သလို သားရဲကိုးကောင်စွပ်ပြုတ်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းတို့ကိုလည်း စားသောက်ခဲ့ရခြင်းမရှိခဲ့ပေ။
ဒါ့ကြောင့်သူတို့နှစ်ယောက်မှာ ဘယ်သူကပိုတော်လဲဆိုတာကို ပြောဖို့ကတကယ့်ကို ခက်ခဲလှပေသည်။
သို့ပေတည့်လည်း သေချာတဲ့အချက်တစ်ခုကတော့ရှိသည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေ ဒုတိယအကြိမ်ပွင့်လာခဲ့ခြင်းဖြစ်တဲ့အတွက် သူမရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကိုဖွင့်ခဲ့တဲ့အချိန်တုန်းက စုယုဝေထက်ကို ပိုပြီးအစွမ်းထက်ပေလိမ့်မည်။ သူဘယ်လောက် သန်မာလာလဲဆိုတာကိုတော့ အချိန်ရောက်လာတဲ့အခါ စမ်းသပ်နိုင်ပေလိမ့်မည်။
“အဖိုးဟေးတောင်မှ နင့်လိုစွမ်းအင်ဝင်ပေါက်နှစ်ကြိမ်ဖွင့်ရတဲ့သူတစ်ယောက်ကို လျှော့တွက်ခဲ့မိသေးတာပဲ…” ယောင်ယောင်ရဲ့တည်ငြိမ်တဲ့အသံက အံ့အားသင့်စွာ ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်ရယ်လိုက်သည်။ “အခြားလူတွေ ငါ့လိုမျိုးဖြစ်နိုင်ဖို့က အရမ်းကိုရှားပါးတယ်…” သူမက ဒီစကားကိုကြားလိုက်ရတဲ့အခါ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုထင်ဟပ်လာခဲ့သည်။ “ဒါက အမှန်ပဲ… မွေးဖွားလာတဲ့အချိန်မှာ စွမ်းအင်ဝင်ပေါက်တွေက သဘာဝအတိုင်းပွင့်နေခဲ့ပေမဲ့လည်း နောက်ပိုင်းမှာသူတို့ကပိတ်ဆို့သွားခဲ့ရတယ်… ဒီလိုအခြေအနေမျိုးက အရမ်းကိုရှားပါးတယ်…”
မြေပြင်ပေါ်မှာရှိတဲ့ ထန်ထန်ရဲ့မျက်လုံးတွေထဲမှာ လှောင်ပြောင်သရော်လိုမှုတွေပါဝင်နေပြီး ဇူယွမ်ကို ကြည့်နေသည်။
သေးငယ်တဲ့အကောင်လေးရဲ့ လှောင်ပြောင်မှုကိုခံလိုက်ရတဲ့အတွက် ဇူယွမ်သူ့ရဲ့သွားတွေကိုဖိကြိတ်လိုက်မိပြီး ကျောက်တုံးတစ်ခုကိုယူလိုက်ကာ ထန်ထန်ဆီကိုပစ်ပေါက်လိုက်သည်။
ဝုတ်!
သို့ပေမဲ့လည်း ထန်ထန်ကကျောက်တုံးကို တစ်ချက်တည်းနဲ့ဝါးစားခဲ့လိုက်ပြီး ဇူယွမ်ကို ဒေါသတကြီးကြည့်လိုက်သည်။
ဇူယွမ်ရယ်မောလိုက်မိသည်။ သူ့ရဲ့ဝတ်စုံထဲကနေ အသားခြောက်တစ်ခုကို ထုတ်ယူလိုက်ခဲ့သလို သူ့ရဲ့မျက်လုံးတွေကလည်း တစ်ခုခုကိုတွေးတောနေတဲ့ပုံပေါ်နေသည်။ ဒါကသူ့ရဲ့စွမ်းအင်တွေကို ပြန်လည်အားဖြည့်ဖို့ သေချာဂရုတစိုက်နဲ့ မီးကင်ထားတဲ့ မူလမှော်သားရဲအသားဖြစ်ပေသည်။ အသားခြောက်အပိုင်းပေါ်ထွက်လာတဲ့အချိန်မှာ ထန်ထန်ရဲ့မျက်လုံးတွေက ချက်ချင်းကိုကော်နဲ့ကပ်ထားတဲ့အလား အသားခြောက်ကနေ မခွာနိုင်အောင်ဖြစ်သွားခဲ့ရသည်။ သူ့ရဲ့ပန်းရောင်လျှာလေးက အပြင်ကိုထွက်လာခဲ့ပြီး လျှာထိပ်ကနေသွားရည်တွေတစ်စက်စက်ကျဆင်းနေပေသည်။
“ဟီးဟီး” ဇူယွမ်ကောက်ကျစ်စွာရယ်မောလိုက်ပြီး အသားခြောက်ကို သူ့ရဲ့ပါးစပ်ထဲပစ်ထည့်လိုက်ကာ စတင်၍ကိုက်ဝါးလိုက်သည်။ “ကောင်စုတ်ကလေး မင်းကငါနဲ့တိုက်ခိုက်ချင်တာလား”
ဝုတ် ဝုတ်!
ဒါကိုမြင်လိုက်ရတဲ့အခါ ထန်ထန်က ဒေါသထွက်သွားခဲ့ပြီး လှမ်းဟောင်လိုက်သည်။
ဇူယွမ်က ထန်ထန်ကို မခံချင်အောင်စနေတာကို ကြည့်နေလျက်မှ ယောင်ယောင်က ရုတ်တရက် ပြောလိုက်သည်။ “သူတကယ် စိတ်ဆိုးလာမယ်ဆိုရင် သူကလူတစ်ယောက်ကိုတောင် စားနိုင်တယ်… သူ့ရဲ့အစာအိမ်က ဘယ်လိုပုံစံရှိတယ်ဆိုတာ နင်ကအထဲကိုဝင်ကြည့်ချင်လို့လား… ထန်ထန်ရဲ့အစာအိမ်ထဲကနေ ဘယ်သူမှအသက်ရှင်လျက် ပြန်ထွက်လာနိုင်တာကို ငါမတွေ့ဖူးသေးဘူး…”
ဇူယွမ်ရဲ့ ဝါးနေလျက်ရှိတဲ့ပါးစပ်က ရုတ်တရက် အေးခဲသွားခဲ့ရသည်။ အမြီးကိုထောင်ကာ သူ့ကိုစိုက်ကြည့်နေလျက်ရှိသည့် ထန်ထန်ကို ဂရုတစိုက်ကြည့်လိုက်မိပြီးမှ ယောင်ယောင့်ဘက်ကို ဖျစ်ညှစ်၍ပြုံးထားရသည့် အပြုံးတစ်ခုနဲ့အတူ ကြည့်လိုက်မိသည်။ “မင်းက ဒါကိုတားပေးနိုင်တယ် ဟုတ်တယ်မလား…”
ယောင်ယောင်ရဲ့ နီထွေးထွေးနှုတ်ခမ်းလေးက ကွေးတက်သွားခဲ့ကာ ပြုံး၍ပြောလိုက်သည်။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…”
“မင်းကတော်သားပဲ!” ဇူယွမ်အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့မှာရှိတဲ့မူလမှော်သားရဲ အသားခြောက်တွေအားလုံးကို ထုတ်ယူလိုက်သည်။ သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး အသားခြောက်တွေကို ထန်ထန့်ဆီကို ပေးလိုက်ရင်းမှပြောသည်။ “ဒီကိုလာပြီး မင်းဗိုက်ပြည့်သွားအောင် အရသာခံပြီးစားလိုက်ဦး!”
ထန်ထန်ကချက်ချင်းပဲ ဇူယွမ့်ဆီကို လှမ်းခုန်လိုက်သည်။ သူ့ရဲ့လျှာက အသားခြောက်တွေအားလုံးကို ပါးစပ်ထဲရောက်အောင် အမြန်ဆွဲယူလိုက်ပြီး သဲသဲမဲမဲ ဝါးစားနေခဲ့သည်။ သို့ပေမဲ့လည်းသူ့ရဲ့ပုံစံက အရသာကိုစိတ်ကျေနပ်မှုရှိသည့်အလား အမြီးကိုပျော်ရွှင်စွာနဲ့ ဘေးဘယ်ညာကို လှုပ်ယမ်းနေသည်။
အသားခြောက်တွေကို အငမ်းမရစားသောက်ပြီးသွားခဲ့တဲ့နောက်မှာ ထန်ထန်ရဲ့မျက်လုံးထဲမှာ အနည်းငယ်ကျေနပ်သွားပုံပေါ်တာကို ဇူယွမ်တွေ့လိုက်သည်။ ၎င်းကမတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့လက်နဲ့ဇူယွမ်ရဲ့ပုခုံးကိုညင်သာစွာပုတ်လိုက်ကာ “မင်းကကောင်းမွန်တဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တာပဲ”ဆိုပြီး ပြောနေသယောင်ပင်။
ဇူယွမ်ရဲ့ပါးစပ်က အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။ ဒီကောင်စုတ်ကလေးက တကယ်ကို လူတစ်ယောက်အတိုင်းပြုမူနေတာပဲ။
“အစ်မကြီးယောင်ယောင်… ထန်ထန်က ဘယ်အဆင့်မူလမှော်သားရဲလဲ…” ဇူယွမ်က ယောင်ယောင်ကိုကြည့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ သူအနေနဲ့ ဒီလိုမျိုးအသိဉာဏ်ရှိတဲ့ မူလမှော်သားရဲကို ဘယ်တုန်းကမှ မမြင်တွေ့ဖူးခဲ့ပေ။
အမြင်အားဖြင့် သေးငယ်တဲ့ခွေးလေးတစ်ကောင်နဲ့တူတဲ့ ထန်ထန်ရဲ့မူရင်းဇစ်မြစ်က သေချာပေါက်ကို သာမန်မဟုတ်နိုင်ပေ။
ယောင်ယောင်အချိန်ခဏကြာ စဉ်းစားခဲ့လိုက်ပြီး သူမရဲ့ခေါင်းကို ခါရမ်းပြလိုက်သည်။ “ငါလည်းမသိဘူး… ငါလူမှန်းသိတတ်စအရွယ်တည်းက ထန်ထန်ကငါ့ရဲ့ဘေးမှာရှိနေခဲ့တာ… ဒါပေမဲ့ ထန်ထန်သာအရွယ်ရောက်လာခဲ့ရင် ဒီကမ္ဘာကြီးထဲကဘယ်အရာမှ သူ့ကိုစားနိုင်မှာမဟုတ်ဘူးလို့ အဖိုးဟေးအရင်က ပြောခဲ့ဖူးတယ်…”
ဇူယွမ်တံတွေးကိုသာ မျိုချလိုက်မိသည်။ ကန်းယွမ်အနေနဲ့ ထန်ထန်လိုမျိုး မြင့်မားတဲ့တန်ဖိုးရှိသည့်အရာကို ပေးခဲ့လိမ့်မယ်လို့ မထင်ထားမိပေ။ ကြည့်ရတာ ဒီကောင်စုတ်ကလေးနဲ့ဆိုင်တဲ့ အရာအားလုံးက တကယ့်ကိုမရိုးရှင်းဘူးပဲ။
“အစ်မကြီးယောင်ယောင် ဆရာပြောခဲ့တာ အစ်မကမူလမှော်စာလုံးရေးသားတဲ့နေရာမှာ စွမ်းရည်ရှိတယ်ဆို ဟုတ်တယ်မလား…” ဇူယွမ်က ထန်ထန်ရဲ့လက်ကို သူ့ပုခုံးနဲ့အဝေးကို တွန်းဖယ်လိုက်ပြီး ယောင်ယောင်ကို ပြုံး၍ကြည့်လိုက်သည်။
ယောင်ယောင်ရဲ့ မျက်ခုံးတွေကအနည်းငယ်မြင့်တက်သွားခဲ့ပြီး ပြန်ပြောသည်။ “နင်က မူလမှော်စာလုံးရေးတာကို သင်ချင်လို့လား…”
“ငါကအမြဲတမ်း မူလမှော်စာလုံးရေးသားခြင်းကို သင်ယူခဲ့ရတယ်… တကယ်လို့ ငါ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုသာ မဖွင့်နိုင်ခဲ့ဘူးဆိုရင် မူလမှော်စာလုံးရေးသားခြင်းက ငါ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာလိမ့်မယ်…” ဇူယွမ်ရိုးသားစွာ ဝန်ခံလိုက်သည်။
ယောင်ယောင်က သူမရဲ့သေးသွယ်တဲ့ လက်လေးတွေကို အောက်ဘက်ကို အနည်းငယ်ကွေးလိုက်ပြီး ထန်ထန်ကို ကောက်ယူလိုက်သည်။ သူမကထန်ထန်ကို သူမရဲ့လက်ထဲမှာ ပွေ့ဖက်ထားခဲ့ပြီး ၎င်းရဲ့အမွှေးတွေကို ညင်သာစွာပွတ်သပ်ပေးလိုက်လျှင် ထန်ထန်က သူမရဲ့ဖဲသားလိုနူးညံ့သိမ်မွေ့လှတဲ့အသားအရေပေါ်မှာ သက်တောင့်သက်သာနဲ့လဲလျောင်းနေလိုက်သည်။ ဒီမြင်ကွင်းက ဇူယွမ်ရဲ့မျက်လုံးထောင့်တွေကို အနည်းငယ်လှုပ်ရှားသွားစေခဲ့ပြီး သူကဒီအကောင်စုတ်ကလေးရဲ့ ကံကောင်းမှုကို တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။
ယောင်ယောင်က ညင်သာစွာနဲ့ ရှေ့ကိုလျှောက်လှမ်းလာခဲ့သည်။ သူမကကျောက်တုံးအိမ်လေးထဲကို လျှောက်ဝင်သွားလိုက်ပြီး ကျောက်တုံးခုံတစ်ခုပေါ်မှာ ကြော့ကြော့မော့မော့နဲ့ ဝင်ထိုင်လိုက်သည်။ သူမကလက်တစ်ဖက်နဲ့ သူမရဲ့ပါးကိုထောက်လိုက်ကာ ဇူယွမ်ကို ပျင်းရိလေးတွဲ့စွာကြည့်၍ ပြောလိုက်သည်။ “ဒါကိုသင်ကြားပေးရတာက အရမ်းကိုပင်ပန်းပြီး ငြီးငွေ့ဖို့ကောင်းတယ်… ငါဒီခံစားချက်ကို မကြိုက်ဘူး…”
ဇူယွမ် သူကိုယ်တိုင်အခြားကျောက်တုံးထိုင်ခုံတစ်ခုပေါ်မှာ ဝင်ထိုင်လိုက်ပြီး သူ့ရဲ့ကမ်းလှမ်းမှုကို ပြောလိုက်သည်။ “ကျောက်စိမ်းသေရည်က ကောင်းမွန်တဲ့ သေရည်တစ်ခုဖြစ်ပေမဲ့လည်း အဲ့ဒါထက်ပိုကောင်းတဲ့ အရာတွေအများကြီးရှိပါသေးတယ်… ငါမင်းကိုကူညီပြီး အဲ့ဒါတွေကိုရှာပေးမယ်လေ…”
ဇူယွမ်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ ယောင်ယောင်ရဲ့မျက်နှာပေါ်မှာ လှပတဲ့အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။ ဒီအချိန်မှာ မြင်လိုက်ရတဲ့တောက်ပတဲ့အပြုံးတစ်ခုက ပန်းခြံထဲမှာရှိတဲ့ ပန်းတွေရဲ့ အရောင်အဆင်းတွေကိုတောင်မှ ပျောက်ကွယ်သွားစေလောက်ပေသည်။ ဇူယွမ်ရဲ့နှလုံးခုန်နှုန်းက အနည်းငယ်မြန်ဆန်သွားခဲ့ရသည်။
သူမက အနည်းငယ်ပြုံးလိုက်ပြီး ပြောသည်။ “ဒါဆို သဘောတူပြီပေါ့…”
ဇူယွမ်ပြုံးလိုက်သည်။ ခဏကြာတဲ့အခါ သူကပြောလိုက်သည်။ “ဒါပေမဲ့ မင်းကတစ်ရက်ကို တစ်ပုလင်းပဲသောက်ခွင့်ရှိတယ်…”
သူမရဲ့အပြုံးကပျောက်ကွယ်သွားခဲ့ပြီး သူ့ကိုမျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
သို့ပေမဲ့လည်း ဇူယွမ်က အလျှော့မပေးခဲ့ပေ။ စိတ်ဝင်စားတာက စိတ်ဝင်စားတာ တစ်ကဏ္ဍဖြစ်ပေမဲ့ ထိန်းသိမ်းမှုမရှိတာမျိုးတော့မဖြစ်သင့်ပေ။ ကန်းယွမ်က ယောင်ယောင်ကို မူလချီတွေအသုံးမပြုဖို့ပြောခဲ့သည်။ ဒါ့ကြောင့် အလွန်အကျွံသောက်ခြင်းက သူမရဲ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေပေလိမ့်မည်။
ယောင်ယောင်က ဇူယွမ်အလျှော့ပေးခြင်းမရှိဘဲ သဘောမတူတာကိုမြင်လိုက်ရတဲ့အခါ သူမရဲ့သွားတွေကိုကိုက်လိုက်မိသည်။ ဒါပေမဲ့ နောက်ဆုံးမှာသူမက သူ့ကိုကြောက်စရာကောင်းလောက်အောင် တစ်ချက်စိုက်ကြည့်လိုက်သည်။
“နင်က အရင်တည်းက မူလမှော်စာလုံးရေးသားခြင်းကို သင်ယူခဲ့တာဆိုတော့ ပုံမှန်အားဖြင့် အရေးကြီးဆုံးကဘာလဲဆိုတာ နင်သိတယ်မလား…” ယောင်ယောင်က တုံးတိတိပြောလိုက်သလို သူမရဲ့နှလုံးသားထဲမှာလည်း ဒေါသထွက်နေခဲ့ရသည်။
“စိတ်ဝိညာဉ်…” ဇူယွမ်ပြန်ပြောသည်။
ယောင်ယောင်ခေါင်းညိတ်လိုက်ပြီး ဖြည်းညှင်းစွာပြောသည်။ “ဒါဆို စိတ်ဝိညာဉ်အတန်းအစား ဘယ်နှစ်မျိုးခွဲခြားထားလဲဆိုတာရော နင်သိလား…”