Switch Mode

စာစဥ် (၁) အပိုင်း (၁၃)

စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်း

များစွာသောပန်းပွင့်တွေဟာ ပန်းခြံထဲမှာသင်းပျံ့မွှေးကြိုင်စွာပွင့်လန်းနေပြီး ပန်းခြံထဲမှာကျောက်တုံးအိမ်လေးတစ်လုံးရှိနေသည့်အပြင် စမ်းချောင်းငယ်လေးတစ်ခုလည်း စီးဆင်းနေပေသည်။

ဇူယွမ်ရဲ့မျက်လုံးတွေကမှိတ်ထားလျက် ကျောက်တုံးအိမ်လေးထဲမှာထိုင်နေခဲ့ပြီး သူ့ရဲ့စိတ်ထဲကအချက်အလက်တွေထဲမှာ စီးမြောနေလျက်ရှိသည်။ ဒါကနဂါးအသက်ရှူခြင်းလို့ခေါ်တဲ့ချီစုပ်ယူခြင်းနည်းလမ်းဖြစ်ပြီးတော့ ကန်းယွမ်သူ့ကိုသင်ကြားပေးခဲ့တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်သည်။

လူတစ်ယောက်ဟာ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းအဆင့်မှာ ကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့ကျင့်နိုင်ခြင်းမရှိပေ။ ပိတ်ဆို့နေတဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုကို ဖြည်းဖြည်းချင်းဖွင့်လှစ်နိုင်ဖို့ လိုအပ်သည့် ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ မူလချီတွေကို ခန္ဓာကိုယ်ထဲ စုပ်ယူနိုင်ရန်အတွက်သာ ချီစုပ်ယူခြင်းနည်းလမ်းတွေကို အသုံးပြုနိုင်သည်။

ဒါ့အပြင်စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းအဆင့်က လူတစ်ယောက်အတွက် ချီစုပ်ယူခြင်းနည်းလမ်းဟာ အရေးပါတယ်ဆိုတာကို သံသယရှိရန်မလိုအပ်ပေ။

အဆင့်မြင့်ချီစုပ်ယူခြင်းနည်းလမ်းတစ်ခုက စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သက်တောင့်သက်သာနဲ့ ပိုကောင်းတဲ့ရလဒ်တစ်ခုကို ရရှိစေနိုင်ပေသည်။

သူတို့ရဲ့တော်ဝင်ဘဏ္ဍာတိုက်ထဲမှာလည်း ချီစုပ်ယူခြင်းနည်းလမ်းတွေ ရှိပေသည်။ ဒါ့ပေမဲ့လည်းနောက်ဆုံမှာ ဇူယွမ်ကကန်းယွမ်ရဲ့ နဂါးအသက်ရှူခြင်းနည်းလမ်းကိုပဲ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့လိုက်သည်။ ကန်းယွမ်ကထူးခြားဆန်းကြယ်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် သူသင်ကြားပေးခဲ့တဲ့ ဒီနည်းလမ်းကလည်း သေချာပေါက်ကို သာမန်မဟုတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပေလိမ့်မည်။

“ဒီနဂါးအသက်ရှူခြင်းနည်းလမ်းက နဂါးတစ်ကောင်ရဲ့အသက်ရှူခြင်းကို အတုယူကာဖန်တီးထားခဲ့ခြင်းပင်။ အသက်တစ်ခါရှူလိုက်တိုင်းမှာ လေနဲ့တိမ်တွေကို ကွယ်ပျောက်သွားစေနိုင်လောက်တဲ့ စွမ်းအားတွေပါဝင်နေသည်။”

နဂါးတစ်ကောင်လို အသက်ရှူခြင်းကိုတုပနိုင်ရန်မှာ လူတစ်ယောက်က ထူးကဲတဲ့စွမ်းရည်နဲ့လေ့ကျင့်မှုတွေရှိဖို့ လိုအပ်ပေသည်။ လူတစ်ယောက်ဟာ အသွေးအသားတွေရဲ့ ပဲ့တင်ရိုက်ခတ်မှုတွေကိုရရှိပြီး နဂါးတစ်ကောင်ရဲ့ဟစ်ကြွေးသံကို ထုတ်လွှတ်နိုင်တဲ့အခါမှသာ မူလချီတွေကို စုပ်ယူနိုင်ပါလိမ့်မည်။

ဇူယွမ်က နဂါးအသက်ရှူခြင်းနည်းလမ်းကို အသေးစိတ်လေ့လာနေခဲ့ပြီး နောက်ဆုံးမှာတော့ ဒီအထဲမှာဖုံးကွယ်နေတဲ့ အရေးကြီးဆုံးအချက်တွေကို ရှာဖွေတွေ့ရှိခဲ့ရသည်။

“နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုး။”

နဂါးတစ်ကောင်လိုအသက်ရှူခြင်းကို ဆောင်ရွက်နိုင်ရန်မှာ လူတစ်ယောက်အတွက် သူ့ရဲ့ခန္ဓာကိုယ်တွင်းက အသွေးအသားတွေကို ခက်ထန်ကြမ်းတမ်းနေစေဖို့လည်းလိုအပ်ပြီး ဒီဖုံးကွယ်ထားတဲ့ နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးက အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။

ဇူယွမ်ရဲ့စိတ်ထဲမှာ ပုံစံတွေတစ်မျိုးပြီးတစ်မျိုး ထွက်ပေါ်လာခဲ့သည်။ ဒီအရာတွေက စုစုပေါင်း ထူးဆန်းတဲ့ပုံစံ ၉၈ မျိုးဖြစ်သည်။ သူတို့တွေအားလုံးက ကခုန်နေသောနဂါးတစ်ကောင်နှင့်ပင် တူလှပေသည်။

ဇူယွမ်က ဒီလှုပ်ရှားမှုတွေကို သူ့ရဲ့နှလုံးသားထဲမှာ စွဲထင်နေအောင်မှတ်သားထားလိုက်ပြီး ကျောက်တုံးအိမ်လေးရဲ့ အပြင်ဘက်ကိုထွက်လာခဲ့လိုက်သည်။ အဲ့ဒီနောက်မှာ သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး ပထမဆုံးပုံစံကို ဖြည်းညှင်းစွာ စတင်လုပ်ဆောင်လိုက်သည်။ သူ့ရဲ့လေ့ကျင့်မှုက ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် ချောမွေ့ခြင်းမရှိသေးပေ။ အချိန်တွေကကုန်ဆုံးလာခဲ့သလို နောက်ဆုံးမှာ ဇူယွမ်ရဲ့လှုပ်ရှားမှု ၉၈ မျိုးလုံးက ဖြည်းညှင်းစွာ အဆုံးသတ်သွားခဲ့ရသည်။ အခုအချိန်မှာ သူ့ရဲ့တစ်ကိုယ်လုံးက ချွေးတွေနဲ့ရွှဲရွှဲစိုနေခဲ့ပြီး လောင်ကျွမ်းနေတဲ့ မီးပြင်းဖိုတစ်ခုအလား ခံစားနေခဲ့ရသည်။

သို့ပေမဲ့လည်း လှုပ်ရှားမှု ၉၈ မျိုးလုံးကိုလုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်က လောင်ကျွမ်းနေသလိုခံစားနေခဲ့ရပေမဲ့လည်း မူလချီအနည်းငယ်လေးမျှတောင် မစုပ်ယူနိုင်ခဲ့သည့်အတွက် ဇူယွမ်တစ်ယောက် ဖြည်းညှင်းစွာသက်ပြင်းချလိုက်မိသည်။

“တစ်ချို့အရာတွေက မှားယွင်းနေတယ်လို့ ငါခံစားရတယ်…” ဇူယွမ်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်ပြီး ချွေးတွေကိုသုတ်လိုက်၍ နဂါးကခုန်ခြင်းပုံစံတွေကို ဆက်လက်လေ့ကျင့်နေလျက်ရှိသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်လောက်ကြာပြီးသွားတဲ့နောက်မှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်က ချွေးတွေနဲ့ရွှဲနစ်နေလျက် နောက်ဆုံးမှာ ရပ်တန့်သွားခဲ့သည်။ ဒီအချိန်အတောအတွင်းမှာ သူကပုံစံ ၉၈ မျိုးလုံးကို သုံးခေါက်တိတိပြည့်စုံအောင် လေ့ကျင့်ခဲ့ပေသည်။ သို့ပေမဲ့လည်း သူက မူလချီတွေကို စုပ်ယူနိုင်ခြင်းမရှိသေးသည်က သူ့ကိုမှားယွင်းတဲ့နည်းလမ်းတစ်ခုကို လေ့ကျင့်နေသကဲ့သို့ ခံစားရစေသည်။

“ဆရာ့ရဲ့လမ်းညွှန်မှုမပါဘဲ ငါ့ဘာသာငါ စမ်းတဝါးဝါးလေ့ကျင့်နေတာက နည်းနည်းတော့အဆင်မပြေဘူး…” ဇူယွမ်သူ့ရဲ့ခေါင်းကိုသာ ခါရမ်းလိုက်မိသည်။ ကြည့်ရတာ သူကဒါရဲ့အနှစ်သာရကို ဖမ်းဆုတ်နိုင်ဖို့ နောက်ထပ်အကြိမ်များစွာ ထပ်မံကြိုးစားလေ့ကျင့်ရဦးမည့်ပုံပင်။

ဇူယွမ်ကဆက်လေ့ကျင့်ဖို့ပြင်လိုက်စဉ်မှာပဲ သူ့ရဲ့မျက်လုံးထောင့်မှာ လှပတဲ့ပုံရိပ်တစ်ခုကို ပန်းခြံထဲမှာရပ်နေလျက်ရှိတာကို မြင်လိုက်ရသည်။ သူ့ရဲ့မျက်လုံးတွေက ချက်ချင်းတောက်ပလာခဲ့ပြီး ပြုံး၍မော့ကြည့်လိုက်သည်။

“အစ်မကြီးယောင်ယောင်…နင်ကအချိန်ကိုက်ကိုရောက်လာခဲ့တာပဲ… နင်ငါ့ကိုလမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်…”

ထိုလှပတဲ့ပုံရိပ်က ယောင်ယောင်ပင်ဖြစ်သည်။ ဇူယွမ်ရဲ့စကားသံကို ကြားလိုက်ရတဲ့အခါ သူမရဲ့လက်ထဲမှာ ထန်ထန်ကိုပွေ့ချီထားလျက်က ဇူယွမ့်ဘက်ကို လှည့်ကြည့်လိုက်သည်။ အဲ့ဒီနောက်သူမရဲ့ သိမ်မွေ့ပြီးလှပတဲ့မျက်နှာလေးပေါ်မှာ အပြုံးတစ်ခုကထွက်ပေါ်လာခဲ့သည်။ “နင်ငါ့ကို နေ့တိုင်းကျောက်စိမ်းသေရည် ငါးပုလင်းပေးဖို့သဘောတူရင် ငါနင့်ကိုသင်ပေးမယ်…”

ဇူယွမ်အံ့အားသင့်သွားခဲ့ရပြီး သူ့ရဲ့မျက်ခုံးတွေတွန့်ကွေးသွားခဲ့ရကာ ပြန်ပြောလိုက်သည်။ “ငါးပုလင်းက အရမ်းများတယ်… ဒီသေရည်က အရမ်းကိုပြင်းထန်တဲ့အတွက် မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်… ဒါကြောင့်ငါမင်းကို တစ်နေ့တစ်ပုလင်းပဲ ပေးနိုင်မယ်…”

ယောင်ယောင်ကထပ်ပြောလိုက်သည်။

“ဒါကမဖြစ်နိုင်ဘူးဆိုရင် ငါ့ဘာသာငါပဲသွားယူဖို့ စဉ်းစားရလိမ့်မယ်…” သို့ပေမယ့်လည်း ဇူယွမ်က ခိုင်မာလျက်ပင်ရှိနေသေးသည်။ ယောင်ယောင်က ဇူယွမ်နောက်ကို လိုက်လာခဲ့ပြီးကတည်းက နေ့တိုင်းသေရည်သောက်နေတာကိုသာ ကန်းယွမ်တွေ့သွားခဲ့မယ်ဆိုရင် ကန်းယွမ်က သူ့ကိုတပည့်အဖြစ်ကနေ ကန်ထုတ်ပေလိမ့်မည်။

ဇူယွမ်ရဲ့ဆုံးဖြတ်ချက်ကို ယောင်ယောင်မြင်လိုက်ရတဲ့အခါ သူမရဲ့နှာခေါင်းကိုရှုံ့လိုက်ပြီး ထန်ထန်ကို သူမရဲ့ရှေ့မှာချလိုက်ကာ ပြောလိုက်သည်။ “သေချာဂရုစိုက်ပြီးကြည့်…”

“ငါကဘာကိုကြည့်ရမှာလဲ?” ဇူယွမ်စိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်သည်။ ယောင်ယောင်က နဂါးကခုန်ခြင်းပုံစံလှုပ်ရှားမှုတွေ သူ့ကိုဘယ်လိုပြမလဲဆိုတာကို သူ့အနေနဲ့မပြောနိုင်ပေ။

ယောင်ယောင်က မြေပြင်ပေါ်မှာရှိတဲ့ ထန်ထန်ကိုညွှန်ပြလိုက်ကာ မပျော်ရွှင်တဲ့အမူအယာနဲ့ပြောလိုက်သည်။ “ဒါကို သေချာကြည့်…”

ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။ သို့ပေမဲ့လည်း သူပြန်မပြောနိုင်လိုက်ခင်မှာပဲ သရဲတစ်ကောင်ကိုမြင်လိုက်ရတဲ့အလား သူ့ရဲ့မျက်လုံးက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ မြေပြင်ပေါ်မှာ သေးငယ်ပြီးချစ်စရာကောင်းတဲ့ထန်ထန်က ရုတ်တရက်သူ့ရဲ့ခြေထောက်နှစ်ချောင်းပေါ်မှာ မတ်တပ်ရပ်လိုက်ကာ ထူးဆန်းတဲ့လှုပ်ရှားမှုတွေကို စတင်ပြုလုပ်လိုက်သည်။ ထန်ထန်လုပ်နေတဲ့ လှုပ်ရှားမှုတွေက အမှန်တကယ်ကို နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးပင်ဖြစ်ပေသည်။

“ဒါက……ထန်ထန်က နဂါးကခုန်ခြင်းပုံစံတွေကို သင်ယူနိုင်တာလား…” ဇူယွမ် အံ့ဩလွန်း၍ စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရသည်။

ဇူယွမ်ရဲ့ အံ့အားသင့်နေတဲ့အကြည့်အောက်မှာ ထန်ထန်က လှုပ်ရှားမှု ၉၈ ခုလုံးကို ချောမွေ့စွာလုပ်ဆောင်ပြီးစီးသွားခဲ့သည်။ နောက်ဆုံးလှုပ်ရှားမှုပြီးသွားတဲ့အခါ ထန်ထန်ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ဆတ်ခနဲလှုပ်ရှားသွားခဲ့ပြီး သူ့ရဲ့ပါးစပ်ကိုကျယ်လောင်စွာဖွင့်လိုက်တဲ့အခါ နဂါးတစ်ကောင်ရဲ့အော်သံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။

ဟူး…ဟူး!

ပတ်ဝန်းကျင်မှ မူလချီတွေက တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ပြီး အဖြူရောင်အတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ ထန်ထန်ရဲ့ပါးစပ်ထဲကို ဝင်ရောက်သွားခဲ့သည်။

ဝင်ရောက်လာတဲ့မူလချီတွေကို အငမ်းမရစားဝါးမျိုပြီးတဲ့နောက် ထန်ထန်ကစိတ်ကျေနပ်သွားသည့်အလား ၎င်းရဲ့အစာအိမ်ကို ခပ်ဖွဖွပုတ်လိုက်သည်။ သူ့ရဲ့ခေါင်းက အံ့အားသင့်နေလျက်ရှိတဲ့ ဇူယွမ့်ဘက်ကို အထင်သေးစွာနဲ့ လှည့်ကြည့်လိုက်သည်။

ဇူယွမ်ကလက်ရှိအခြေအနေကို တဖြည်းဖြည်းပြန်လည်ရောက်ရှိလာခဲ့ပြီး သေးငယ်တဲ့အကောင်လေးကို ထူးဆန်းစွာစိုက်ကြည့်လိုက်မိသည်။ ထန်ထန်က ဘယ်လိုမူလမှော်သားရဲအမျိုးအစားလဲ။ သူကလူသားတွေရဲ့နည်းလမ်းတွေကို အမှန်တကယ်သင်ယူနိုင်လိမ့်မယ်လို့ ဘယ်လိုများထင်မိမှာလဲ။

“နင်နားလည်သွားပြီလား…” ယောင်ယောင်ရဲ့ စကားသံကို ကြားလိုက်ရသည်။

ဇူယွမ်ကသူ့ရဲ့နှလုံးသားထဲက တုန်လှုပ်ချောက်ချားမှုတွေကို ငြိမ်သက်သွားအောင်ပြုလုပ်လိုက်ပြီးနောက် ဖြည်းညှင်းစွာပြောလိုက်သည်။ “ဒါက အသက်ရှူခြင်းပဲ! နဂါးကခုန်ခြင်းပုံစံတွေကိုကျွမ်းကျင်ဖို့က လူတစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ်နဲ့ အသက်ရှူခြင်းကို တစ်ထပ်တည်းကျအောင်ပြုလုပ်နိုင်ပြီး အသက်ရှူတဲ့နှုန်းကို ထိန်းထားနိုင်ဖို့လိုအပ်တယ်…”

“နဂါးအသက်ရှူခြင်းနည်းလမ်းက အစစ်အမှန်နဂါးတစ်ကောင်ရဲ့ အသက်ရှူခြင်းကို တုပထားတာပဲ… နဂါးတစ်ကောင်ရဲ့အသက်ရှူခင်းက အဆုံးမရှိသလို ချိုးဖျက်လို့လည်းမရနိုင်ဘူး… ထန်ထန်ရဲ့လှုပ်ရှားမှုတွေတိုင်းက အသက်ရှူခြင်းနဲ့စတင်ပြီး အသက်ရှူခြင်းနဲ့ပဲ အဆုံးသတ်တယ်… ဒီနှစ်ခုလုံးကို စည်းချက်ညီအောင်လှုပ်ရှားနိုင်တဲ့အခါ နဂါးအသက်ရှူခြင်းကို အစပျိုးပေးနိုင်လိမ့်မယ်…”

ယောင်ယောင်က ဇူယွမ်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ သူမရဲ့မျက်လုံးတွေဝင်းလက်သွားခဲ့ရပြီး အံ့အားသင့်စွာနဲ့သူ့ကို စိုက်ကြည့်လိုက်မိသည်။ သူမကအနည်းငယ်ချီးကျူးလိုက်မိကာ ပြောလိုက်၏။ “နင့်ရဲ့သဘောပေါက်နားလည်နိုင်စွမ်းက မဆိုးဘူးပဲ…”

ထန်ထန်ရဲ့ပြည့်စုံတဲ့ နဂါးကခုန်ခြင်းလှုပ်ရှားမှုကို တစ်ကြိမ်ကြည့်ရုံမျှဖြင့် ဒါရဲ့အနှစ်သာရကို သဘောပေါက်နားလည်သွားခဲ့ရသည်။ သူ့အနေနဲ့ အဖိုးဟေးမျက်စိကျသွားအောင် ပြုလုပ်နိုင်ခဲ့တာ အံ့ဩစရာမရှိတော့ပေ။

ဇူယွမ်သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး အစောပိုင်းတုန်းကထန်ထန်ရဲ့ အသက်ရှူခြင်းစည်းချက်တွေကို ပြန်တွေးလိုက်သည်။ အချိန်အနည်းငယ်ကြာတဲ့အခါ သူ့ရဲ့ခြေထောက်တွေကို ဖြည်းညှင်းစွာကားထုတ်လိုက်ကာ သူ့ရဲ့လက်သီးတွေကိုမြှောက်လိုက်ပြီး နဂါးကခုန်ခြင်းလှုပ်ရှားမှုပုံစံတွေထဲက ပထမဆုံးလှုပ်ရှားမှုကို နောက်တစ်ကြိမ်စတင်ပြီး ပြုလုပ်လိုက်သည်။

ပန်းခြံထဲမှာ လူငယ်တစ်ယောက်ရဲ့ခန္ဓာကိုယ်က ယိမ်းထိုးလှုပ်ယမ်းနေလျက်ရှိသည်။ သူကအဆုံးမရှိတဲ့အလား အသက်ရှူခြင်းကို ပြုလုပ်နေသကဲ့သို့ သူ့ရဲ့ရင်ဘတ်က မြင့်ချည်နိမ့်ချည်နဲ့ မှန်မှန်လှုပ်ရှားနေလျက်ရှိပေသည်။ အဝေးကကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က သေးငယ်တဲ့နဂါးတစ်ကောင်ကကြီးထွားလာသကဲ့သို့ပင်။

လှုပ်ရှားမှု ၉၈ ခုလုံးက အတူတကွချိတ်ဆက်သွားခဲ့စဉ်မှာ ဇူယွမ်ရဲ့မျက်လုံးတွေက ပိုပြီးတောက်ပလာခဲ့ရသည်။ ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ထဲက အသွေးအသားနဲ့ အရိုးတွေအားလုံး စတင်ပြီးတုန်ခါလာတာကို ခံစားနိုင်ခဲ့သည်။

အသက်ရှူမှုတစ်ခုက သူ့ရဲ့အသွေးအသားတွေတစ်လျှောက်မြင့်တက်လာခဲ့ပြီး နောက်ဆုံးမှာ သူ့လည်ချောင်းထဲကို တဟုန်ထိုးမြင့်တက်ရောက်ရှိလာခဲ့သည်။

ဒီနောက်ဆုံးလှုပ်ရှားမှုနဲ့အတူ ဇူယွမ်ရဲ့မျက်နှာကနီရဲသွားခဲ့ကာ တင်းကျပ်စွာပိတ်ထားသည့်သူ့ရဲ့ပါးစပ်က ရုတ်တရက်ဖွင့်ဟလာခဲ့သည်။

“ဝေါင်း!”

နဂါးတစ်ကောင်ရဲ့အော်သံသဲ့သဲ့က သူ့ခန္ဓာကိုယ်ထဲကနေ လည်ချောင်းကိုကျော်ဖြတ်ပြီး ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာ ဇူယွမ်ရဲ့ရင်ဘတ်က အတွင်းဘက်ကိုမြုပ်ဝင်သွားခဲ့ရသည်။ ကြီးမားတဲ့နဂါးကြီးတစ်ကောင်က ရေထဲမှာအသက်ရှူနေသကဲ့သို့ ပန်းခြံထဲကမူလချီတွေကို သူ့ဆီကိုစုပ်ယူလိုက်ခဲ့သည်။ မူလချီတွေက အဖြူရောင်အတန်းတွေအဖြစ် ပြောင်းလဲသွားခဲ့တာကို သာမန်မျက်စိနဲ့တောင် မြင်တွေ့ရနိုင်ပြီး ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲကို တစ်ခါတည်းဝင်ရောက်သွားခဲ့သည်။

ပါးစပ်တစ်ခုလုံးနဲ့အပြည့် ဒီလိုမျိုးစုပြုံရောက်ရှိလာခဲ့တဲ့ မူလချီတွေက ချက်ချင်းပဲဇူယွမ်ရဲ့ အရေပြားကိုရေနွေးပူလောင်သွားသလို ပူလောင်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာ သားရဲကိုးကောင်စွပ်ပြုတ်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းတို့ကို စားခဲ့ခြင်းမှရရှိခဲ့တဲ့ မူလချီတွေကလည်း မြင့်တက်လာခဲ့ကြပြီး သူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာသည့် သန့်စင်သောချီတွေနဲ့ ဆက်သွယ်ပေါင်းစပ်သွားခဲ့ကြသည်။ ပေါင်းစည်းခြင်းကြောင့် အသစ်ဖြစ်ပေါ်လာတဲ့ မူလချီတွေက လှိုင်းတစ်ခုပုံစံနဲ့ သူ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ဆီကို တစ်ရှိန်ထိုးဝင်ရောက်သွားခဲ့သည်။ ပထမဝင်ပေါက်ရဲ့အတားအဆီးနေရာကို မူလချီတွေတစ်ဟုန်ထိုးဝင်ရောက်လာသည့်အခါ ပြင်းပြင်းထန်ထန်နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ရပြီး ဇူယွမ့်ထံမှမသဲမကွဲညည်းညူသံတစ်ခုထွက်ပေါ်လာခဲ့သည်။

သို့ပေမဲ့လည်း သူကအံကိုတင်းတင်းကြိတ်လိုက်ပြီး အပြင်းအထန်နာကျင်မှုကို ကြံ့ကြံ့ခံလျက် မူလချီလှိုင်းလုံးတွေကို ထိန်းချုပ်ကာ ပထမဆုံးစွမ်းအင်ဝင်ပေါက်ရဲ့ အတားအဆီးနေရာကို အဆက်မပြတ်ထိုးနှက်တိုက်ခိုက်ခဲ့လိုက်သည်။

မူလချီတွေက ပတမဆုံးစွမ်းအင်ဝင်ပေါက်ဆီကို လှိုင်းလုံးတွေလို ဆင့်ကဲဆင့်ကဲရောက်ရှိလာခဲ့သည်။ အမွှေးတိုင်တစ်ဝက်စာထွန်းချိန်ကြာပြီးသွားတဲ့အခါ နောက်ဆုံးအဆုံးသတ်သွားခဲ့သလို မူလချီတွေလည်း ကုန်ခန်းသွားခဲ့သည်။

ဇူယွမ်ရဲ့မျက်နှာက ချွေးတွေနဲ့ဖုံးလွှမ်းနေလျက်ရှိပေသည်။ ဒါပေမဲ့သူ့ရဲ့မျက်လုံးထဲမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ပြောလိုက်သည်။ “ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်တဲ့ နည်းစနစ်တစ်ခုလဲ…”

သူ့အနေနဲ့ တခြားချီစုပ်ယူခြင်းနည်းလမ်းတွေကို ဘယ်တုန်းကမှသင်ယူခဲ့ရခြင်းမရှိပေမဲ့လည်း ချီစုပ်ယူခြင်းနည်းလမ်းရဲ့ အဆင့်ပိုမြင့်မားလာသည်နှင့်အမျှ အားကောင်းတဲ့မူလချီတွေ ခန္ဓာကိုယ်ထဲကို ပိုပြီးများပြားစွာစုပ်ယူနိုင်မည်ဆိုတာကို သူသိပေသည်။ သူရဲ့သိနားလည်မှုအရ သူတို့တော်ဝင်ဘဏ္ဍာတိုက်ထဲက ‘ယွမ်အားဖြည့်ခြင်းနည်းလမ်း’ ကို အသုံးပြုမယ်ဆိုရင် မူလချီတွေစုဆောင်းဖို့အတွက်ပင် လက်မအရွယ်ရှိတဲ့အမွှေးတိုင် တစ်ဝက်စာထွန်းချိန်ကြာမြင့်နိုင်သည်။

အခြားတစ်ဖက်မှာတော့ နဂါးအသက်ရှုခြင်းနည်းလမ်းက မူလချီတွေကိုစုပ်ယူပြီး အသုံးပြုတာက ပုံမှန်အရွယ်အစားရှိတဲ့ အမွှေးတိုင်တစ်ဝက်ထွန်းစာအချိန်သာကြာမြင့်သည့်အတွက် ယွမ်အားဖြည့်ခြင်းနည်းလမ်းထက် ဆယ်ဆလောက်ပိုမြန်ပေသည်။

သားရဲကိုးကောင်စွပ်ပြုတ်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းက တစ်စိတ်တစ်ပိုင်းပါဝင်နေတာ မှန်ပေမဲ့လည်း ထွက်ပေါ်လာတဲ့ရလဒ်က နဂါးအသက်ရှူခြင်းနည်းလမ်းက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို ဖော်ပြဖို့လုံလောက်ပေသည်။

“နင်က နဂါးအသက်ရှူခြင်းနည်းလမ်းကို အခြေခံအဆင့်ပဲရှိသေးတယ်… တကယ်လို့နင်ဒီထက်ပိုပြီး ကျွမ်းကျင်မှုရှိလာခဲ့မယ်ဆိုရင် နဂါးကခုန်ခြင်းပုံစံရဲ့အကူအညီကို လိုအပ်တော့မှာမဟုတ်ဘူး… အဲ့ဒီအချိန်ရောက်လာခဲ့ရင် နင်အနေနဲ့ဒါကို အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းရှိလာလိမ့်မယ်… နဂါးအသက်ရှူခြင်းနည်းလမ်းကိုမဖွင့်ဘဲနဲ့တောင်မှ ကမ္ဘာမြေကြီးပေါ်က မူလချီတွေကို အချိန်မရွေးစုပ်ယူနိုင်ဖို့ နဂါးအသက်ရှူခြင်းကို အသုံးပြုနိုင်လိမ့်မယ်…” ယောင်ယောင်ရဲ့တည်ငြိမ်တဲ့လေသံက ဘေးကနေပျံ့လွင့်လာခဲ့သည်။

ဇူယွမ်စိတ်လှုပ်ရှားသွားခဲ့ရသည်။ ပုံမှန်အသက်ရှူခြင်းကို နဂါးအသက်ရှူခြင်းအဖြစ်ပြောင်းလဲနိုင်ပြီး မူလချီတွေကို မဆုံးနိုင်အောင်စုပ်ယူနိုင်သည်လား။ ဒီအကျိုးသက်ရောက်မှုက ဘယ်လိုတောင်ရူးသွပ်ချင်စရာကောင်းရတာလဲ။

“အစောပိုင်းတုန်းက ပထမဆုံးအကြိမ် ငါ့ရဲ့စွမ်းအင်ဝင်ပေါက်ကို ထိုးဖောက်တိုက်ခိုက်ခဲ့တုန်းမှာ ပထမဆုံးဝင်ပေါက်ရဲ့ သေးငယ်တဲ့အပိုင်းတစ်ခုကို ဖွင့်နိုင်ခဲ့တယ်… ဒီနှုန်းအတိုင်းဆိုရင် ငါ့ရဲ့ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို တစ်လအတွင်းမှာပဲ ပြည့်စုံစွာဖွင့်နိုင်လိမ့်မယ်…” ဇူယွမ်လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိပြီး သူ့ရဲ့နှလုံးသားက လှုပ်ရှားလာခဲ့ရသည်။

ဒီလိုအချိန်တိုအတွင်းအောင်မြင်နိုင်မှုက နဂါးအသက်ရှူခြင်းနည်းလမ်းကို ကျေးဇူးတင်ရလိမ့်မည်။ တကယ်တော့ သားရဲကိုးကောင်စွပ်ပြုတ်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းတို့ရဲ့ အကူအညီလည်းအနည်းငယ်ပါဝင်ပေသည်။

“ဆက်ပြီး လေ့ကျင့်ဖို့အချိန်ကျပြီ!”

အနည်းငယ်အနားယူပြီးတဲ့နောက်မှာ ဇူယွမ်ကနဂါးကခုန်ခြင်းပုံစံကို နောက်တစ်ကြိမ်ထပ်လေ့ကျင့်ဖို့ စတင်လိုက်တဲ့အချိန်မှာ ယောင်ယောင်ရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။ သူမရဲ့မျက်လုံးတွေက သူ့ကိုတစ်ကြိမ်စစ်ဆေးလိုက်ပြီး အေးစက်စွာပြောလိုက်သည်။ “နင်ကထပ်လေ့ကျင့်ဖို့ တကယ်စိတ်ပါနေတာလား… လူတစ်ယောက်ရဲ့ စွမ်းအင်ဝင်ပေါက်တွေကို တိုက်ခိုက်ခြင်းက သူတို့ကိုပျက်စီးသွားစေနိုင်လိမ့်မယ်… ဒါ့ကြောင့် လူအများစုက တစ်နေ့ကိုတစ်ကြိမ်ပဲ ကြိုးစားကြတယ်… စွမ်းအင်ဝင်ပေါက်ဖွင့်တာကို ဒုတိယနေ့မှာ ဆက်လုပ်နိုင်ဖို့အတွက် သူတို့ရဲ့ဝင်ပေါက်တွေ ပြန်လည်ကောင်းမွန်လာတာကို စောင့်ကြရတယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် သူတို့ရဲ့စွမ်းအင်ဝင်ပေါက်တွေက ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရရှိသွားလိမ့်မယ်…”

ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။ သူကဒါကိုလုံးဝမသိခဲ့ပေ။ ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲက ပထမဆုံးစွမ်းအင်ဝင်ပေါက်ကို ခံစားမိလိုက်ပြီး အချိန်အနည်းငယ်ကြာအောင် တွန့်ဆုတ်နေခဲ့ပြီးမှ ပြောလိုက်သည်။ “ဒါပေမဲ့ငါ့ရဲ့စွမ်းအင်ဝင်ပေါက်က ဒါကိုလက်ခံနိုင်လိမ့်မယ်လို့ ငါခံစားရတယ်…”

ဒီတစ်ကြိမ်ကယောင်ယောင် အံ့အားသင့်သွားခဲ့ရသည့်အလှည့်ပင်။ သူမရဲ့အရည်လဲ့နေတဲ့မျက်လုံးတွေက ဇူယွမ်ကိုစိုက်ကြည့်လိုက်မိပြီး မယုံနိုင်စွာပြောလိုက်သည်။ “ဒါကအမှန်ပဲလား…”

ဇူယွမ်ခေါင်းကို လေးလေးနက်နက်ညိတ်ပြလိုက်သည်။

ဒါကိုမြင်လိုက်ရတဲ့အခါ ယောင်ယောင်ကအနည်းငယ်တွေးဆလိုက်ပြီးပြောသည်။ “နင်ကမွေးဖွားလာတုန်းက သဘာဝအတိုင်းစွမ်းအင်ဝင်ပေါက်တွေပွင့်နေခဲ့တာဆိုတော့ ဒါကဖြစ်နိုင်လောက်တယ်… သူတို့ကနောက်တစ်ကြိမ် ပြန်ပြီးပိတ်ဆို့သွားခဲ့ပေမဲ့ နင့်ရဲ့စွမ်းအင်ဝင်ပေါက်တွေက ပုံမှန်စတင်သူတွေထက် ပိုပြီးသန်မာတဲ့အတွက်ကြောင့် ဖြစ်မယ်…”

“ဒါဆိုလည်းထပ်ကြိုးစားကြည့်လေ…”

ယောင်ယောင်လက်နောက်ပစ်လိုက်သည်။ သူမရဲ့အဝတ်အစားတွေက လှပတဲ့ခန္ဓာကိုယ်လေးပေါ်မှာ ချပ်ရပ်စွာရှိနေခဲ့ပြီး ဒီကိုယ်ဟန်အနေအထားက သူမရဲ့ရင်ဘတ်ကို အနည်းငယ်ပေါ်လွင်ထင်ရှားစေခဲ့ကာ ညှို့ငင်နိုင်စွမ်းရှိတဲ့မြင်ကွင်းတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ ယောင်ယောင်ရဲ့ တောက်ပတဲ့မျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေလျက်ရှိတာကြောင့် သူ့အနေနဲ့ဒီမြင်ကွင်းကို ဆက်ကြည့်ရန်မဝံ့ရဲတော့ပေ။

“နင့်ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ဘယ်နှစ်ကြိမ်အထိ တိုက်ခိုက်နိုင်မလဲဆိုတာကို ငါသေသေချာချာမြင်ချင်မိတယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset