စာစဥ် (၁) အပိုင်း (၁၂)

မူလအစားအစာ

နန်းတော်အတွင်းက လေထုကအနည်းငယ် မွန်းကျပ်နေပေသည်။ ဇူချင်ရဲ့အမူအယာက မဲမှောင်နေပြီး သူရဲ့မျက်လုံးထဲမှာတော့ လူသတ်ချင်စိတ်တွေ ထွက်ပေါ်နေသည်။ ချီဘုရင်ရဲ့လုပ်ဆောင်မှုတွေက ခုအချိန်မှာ သူ့ကိုအမှန်တကယ် လူသတ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေစေသည်။

ဒါပေမဲ့လည်း ဇူချင်ကအံကိုသာတင်းတင်းကြိတ်ထားလိုက်မိပြီး သူ့ရဲ့လူသတ်ချင်စိတ်တွေကို ပြန်လည်ထိန်းချုပ်ထားလိုက်သည်။ လက်ရှိအချိန်မှာ ချီဘုရင်က လွန်စွာစွမ်းအားမြင့်မားနေသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ဒါ့အပြင်ဝူအင်ပါယာကလည်း သူ့ကိုလျှို့ဝှက်စွာထောက်ပံ့ပေးနေလျက်ရှိသည်။ တကယ်လို့သာ ဇူချင်အနေနဲ့ စစ်ကြေငြာလိုက်မယ်ဆိုရင် သူ့အနေနဲ့အနိုင်ရရှိခဲ့သည့်တိုင်အောင် သူတို့ဇူအင်ပါယာရဲ့ နှစ်ပေါင်းများစွာကြာအောင် ပြန်လည်တည်ဆောက်ထားမှုတွေက အလဟဿဖြစ်သွားပေလိမ့်မည်။ ဒီလိုမျိုးသာဖြစ်သွားခဲ့မယ်ဆိုရင် အတွင်းပိုင်းက ဒုက္ခတွေနဲ့ရော အပြင်ဘက်ကတိုက်ခိုက်မှုတွေနဲ့ပါ ကြုံတွေ့ရမယ့်ဇူအင်ပါယာဟာ အဆုံးသတ်မှာ လုံးဝကိုပျက်စီး ပျောက်ကွယ်သွားရပေလိမ့်မည်။

ချီဘုရင်ကို ဖယ်ရှားဖို့လိုအပ်ပေမယ့်လည်း ဒီအရာကတစ်ဆင့်ချင်းဆောင်ရွက်သွားရမည့်ကိစ္စဖြစ်သည်။ လက်ရှိဇူအင်ပါယာရဲ့ အခြေအနေကအရမ်းကို ကသောင်းကနင်းဖြစ်နေတဲ့အတွက် တစ်စုံတစ်ရာပြုလုပ်နိုင်စွမ်းမရှိသေးပေ။

ဇူချင်ကအသက်ကိုပြင်းစွာရှုလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။ “အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲစဖို့ နှစ်ဝက်လောက်လိုသေးတယ်… ဒီတစ်ကြိမ်မှာ ဘယ်သူက ထိပ်ဆုံးကို ရရှိဖို့အခွင့်အရေးရှိနိုင်မလဲ?”

ချူထျန်းယန်အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့ရပြီးမှ ပြန်ပြောလိုက်သည်။ “ဒီတစ်သုတ်ကျောင်းသားတွေထဲမှာ ထူးချွန်တဲ့သူအချို့ပါပေမယ့်လည်း ကျွန်တော့်အနေနဲ့ ဒုတိယအတန်းက အထူးချွန်ဆုံးတစ်ယောက်ဖြစ်တဲ့ ချီယွဲ့ကိုတော့ စိုးရိမ်မိတယ်… သူက သူ့ရဲ့ခြောက်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်ပြီးသွားခဲ့ပြီ…”

“ချီယွဲ့…” ဇူချင်ရဲ့လေသံက ဒေါသထွက်နေတာလား ပျော်ရွှင်နေတာလား ပြောဖို့ရန်မဖြစ်နိုင်ဘဲ တိုးညှင်းစွာပြောလိုက်သည်။ “ချီဘုရင်ရဲ့ သားနှစ်ယောက်က တကယ့်ကို ပါရမီရှိတာပဲ…”

ချီယွဲ့က ချီဘုရင်ရဲ့သားနှစ်ယောက်ထဲက ဒုတိယမြောက်ဖြစ်ပေသည်။

“ဒါ့ကြောင့် ပထမနေရာက ချီယွဲ့ရဲ့လက်ထဲကို ရောက်သွားမှာလား?”

ချူထျန်းယန်က ဇူချင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ သေချာမှုမရှိသည့်လေသံဖြင့် ပြောလိုက်သည်။ “ဒါကအတိအကျတော့ ပြောလို့မရပါဘူး… ကျွန်တော်တို့ တော်ဝင်ဇူကျောင်းတော်မှာ ချီယွဲ့ထက်ပိုပြီးထူးချွန်တဲ့ ဂျီးနီးယပ်စ် တစ်ယောက်ရှိပါသေးတယ်… တကယ်လို့သူမသာ ပါရမီရှင်အတန်းကို ဝင်ရောက်လာခဲ့မယ်ဆိုရင် နောက်နှစ်ဝက်အတွင်းမှာ ချီယွဲ့ကိုသေချာပေါက် ယှဉ်ပြိုင်နိုင်မှာပဲ…”

“အိုး?” ဇူချင်အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ တော်ဝင်ဇူကျောင်းတော်မှာ ချီယွဲ့ထက်ပိုပြီး ပါရမီရှိတဲ့ကျောင်းသားတစ်ယောက် အမှန်တစ်ကယ်ရှိနေတာလား?

ချူထျန်းယန်က ရယ်မောလိုက်ပြီး ဇူယွမ်ကိုကြည့်၍ပြုံးလျက်ပြောလိုက်သည်။ “အရှင်မင်းကြီးက မင်းသားလေးရဲ့မိန်းခလေးဖြစ်တဲ့ စုယုဝေကို မေ့သွားခဲ့ပြီလား?” ဇူယွမ်က ချူထျန်းယန်ရဲ့ နောက်တောက်တောက်စကားကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ရပြီး သူ့ရဲ့မျက်နှာက အနည်းငယ်နီရဲနေလျက် ပြန်ပြောလိုက်သည်။ “ယုဝေက သူငယ်ချင်းတစ်ယောက်ပါ… ကျွန်တော့်ရဲ့မိန်းခလေးမဟုတ်ပါဘူး…”

ဇူချင်က အခုမှသာနားလည်းသွားခဲ့ပြီး ရုတ်တရက်ပြောလိုက်သည်။ “မင်းပြောတဲ့ မိန်းခလေးက တော်ဝင်ဇူကျောင်းတော်ကို ဝင်ရောက်ခွင့်ပေးဖို့ ယွမ်အာအကြံပြုခဲ့တဲ့ တစ်ယောက်လား?”

ချူထျန်းယန်ခေါင်းညိတ်ပြခဲ့ပြီး ပြောလိုက်သည်။ “ဟုတ်ကဲ့… သူမကစုယုဝေလို့ခေါ်ပါတယ်… ဒါပေမယ့်လည်း သူမက တတိယမြောက်စွမ်းအင်ဝင်ပေါက်ကိုသာ ဖွင့်လှစ်ထားနိုင်ခဲ့သေးတယ်… သူမကကျောင်းတော်ကို ဝင်ရောက်လာခဲ့တာမကြာသေးပေမဲ့လည်း ဒီနှစ်ကျောင်းသားသစ်စာမေးပွဲမှာ သေချာပေါက် ထိပ်ဆုံးတစ်နေရာကို ရယူနိုင်လိမ့်မယ်…”

ဇူချင်အံ့အားသင့်သွားခဲ့ရသည်။ “သူမရဲ့တတိယမြောက်စွမ်းအင်ဝင်ပေါက် ဖွင့်နိုင်ခဲ့ပြီလား?” ဒီအမြန်နှုန်းက အရမ်းကိုမြန်ဆန်လွန်းလှပေသည်။ ဒီနှုန်းအတိုင်းသာဆိုရင် သူမကတစ်နှစ်အတွင်းမှာ စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးကိုဖွင့်လှစ်နိုင်ပြီး ချီစုဆောင်းမှုအဆင့်ကို သေချာပေါက်ရောက်ရှိနိုင်ပေလိမ့်မည်။

စုယုဝေလို့ခေါ်တဲ့ မိန်းခလေးက အမှန်တကယ်ကို ပါရမီရှိပြီး သူမရဲ့အနာဂတ်က အကန့်အသတ်မရှိပေ။

“ယွမ်အာက ဇူအင်ပါယာအတွက် ဂျီးနီးယပ်စ်တစ်ယောက်ကို ရရှိခဲ့တာပဲ…” ဇူချင်က ဇူယွမ့်ကို ပြုံး၍ကြည့်ရင်း ပြောလိုက်သည်။

ချူထျန်းယန်လည်း ပြုံးလိုက်မိသည်။ သို့ပေမယ့်လည်း ခဏအကြာမှာ သူကစိုးရိမ်နေတဲ့ အမူအယာနဲ့ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော်ရခဲ့တဲ့သတင်းတွေအရတော့ ချီယွဲ့ကစုယုဝေကို လာဆက်သွယ်ခဲ့ပြီး သူတို့ဘက်ကိုပါအောင်ဆွဲခေါ်နိုင်ဖို့ မျှော်လင့်နေတယ်… တကယ်လို့သူသာအောင်မြင်သွားခဲ့ရင် ကျောင်းသားသစ်စာမေးပွဲပြီးတာနဲ့ စုယုဝေကဒုတိယအတန်းကို ဝင်ရောက်သွားမှာကို ကျွန်တော့်အနေနဲ့စိုးရိမ်မိတယ်…”

သူကဇူယွမ်ကိုကြည့်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။ “ဒါ့အပြင်ကို ကျွန်တော်ဒီကိုလာခဲ့တဲ့ နောက်ထပ်အကြောင်းတစ်ခုက မင်းသားလေးအနေနဲ့ အကူအညီပေးနိုင်မလားလို့ မေးချင်လို့ပါ… အနည်းဆုံးတော့ မင်းသားလေးအနေနဲ့ ပါရမီရှင်အတန်းက စုယုဝေကိုရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်…”

ဒီစကားကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ချီယွဲ့အနေနဲ့ ယုဝေအပေါ်မှာ အမှန်တကယ်ပစ်မှတ်ထားလိမ့်မယ်လို့ သူမထင်ထားမိခဲ့ပေ။ ဇူယွမ်က စုယုဝေကို ယုံကြည်ပြီး ချီယွဲ့အနေနဲ့ သူမကိုသူတို့ဘက်ပါအောင် ဆွဲဆောင်နိုင်လိမ့်မှာ မဟုတ်ဘူးဆိုတာကို ခံစားရပေမဲ့လည်း ချီယွဲ့အနေနဲ့ သူမကိုနှောင့်ယှက်ဖို့ကြိုးစားမှာကို သူကစိုးရိမ်မိပေသည်။

“မစိုးရိမ်ပါနဲ့ မင်းသားလေး… ကျွန်တော်လူတွေကိုလွှတ်ထားပြီး စုယုဝေကို တိတ်တဆိတ်ကာကွယ်ပေးထားပါတယ်… သူမထိခိုက်နာကျင်မှာတော့ မဟုတ်ပါဘူး…” ဇူယွမ်ဘာတွေးနေသည်ကို သိနေသည့်အလား ချူထျန်းယန်က ရယ်မော၍ပြောလိုက်သည်။

ချူထျန်းယန်ရဲ့ စကားကိုကြားလိုက်ရမှသာ ဇူယွမ်သက်ပြင်းချလိုက်နိုင်ပြီး ခေါင်းကိုညင်သာစွာ ညိတ်ပြလိုက်သည်။ “ကျောင်းအုပ်ကြီး စိုးရိမ်စရာမလိုပါဘူး… ကျောင်းသားသစ်စာမေးပွဲပြီးတာနဲ့ ကျွန်တော်နဲ့ စုယုဝေတို့နှစ်ယောက်စလုံး ပါရမီရှင်အတန်းကို လာတက်မယ်…”

ချူထျန်းယန်က ပြုံး၍ခေါင်းညိတ်ပြခဲ့ရင်း ပြောလိုက်သည်။ “မင်းသားလေးသာ စုယုဝေကို ပါရမီရှင်အတန်းကို ခေါ်ဆောင်လာနိုင်ခဲ့မယ်ဆိုရင် မင်းသားလေးလည်း ဝင်ရောက်နိုင်ဖို့အတွက် ကျွန်တော်စည်းကမ်းတွေကို ပြန်ပြင်လိုက်ပါ့မယ်…”

စည်းကမ်းအရ ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်ဖို့ရန် ထိပ်ဆုံးဆယ်ယောက်သာ အရည်အချင်းပြည့်မီပေသည်။ သို့သော်ငြားလည်း ဇူယွမ်ကမူလမှော်စာလုံးရေးသားခြင်းမှာ စွမ်းရည်အနည်းငယ်သာရှိပြီး စွမ်းအင်ဝင်ပေါက်တစ်ခုတောင်ဖွင့်နိုင်ခြင်းမရှိသေးတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် ထိပ်ဆုံးဆယ်ယောက်ထဲကိုဝင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ဒါ့ကြောင့် ချူထျန်းယန်ဘက်က ကြည့်လိုက်မယ်ဆိုရင် ဇူယွမ်အနေနဲ့ ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်ဖို့အတွက်က သေချာပေါက်တခြားနည်းလမ်းကို အသုံးပြုဖို့ လိုအပ်ပေလိမ့်မည်။

ဇူချင်ကရယ်မော၍သာနေလိုက်ပြီး တစ်ခုကိုသတိထားလိုက်မိသည်။ “မင်းကစည်းကမ်းတွေကို ဒီလိုမျိုးလျှော့ပေးဖို့လုပ်နေတာကို ကြည့်ရတာ မင်းကစုယုဝေအပေါ်မှာ မြင့်မြင့်မားမားတွေးထားပုံပဲ…”

ဇူယွမ်လည်း ပြုံးလိုက်ပြီး ချူထျန်းယန်ကိုကြည့်လိုက်သည်။ “ကျောင်းအုပ်ကြီးကြောင့် ယုဝေရဲ့ အနာဂတ်က တန်ဖိုးမဖြတ်နိုင်လောက်အောင် မြင့်တက်သွားလိမ့်မယ်… ကျွန်တော့်အတွက်ကတော့ ကျောင်းအုပ်ကြီးအတွက် အခက်အခဲဖြစ်စေနိုင်တဲ့အရာတွေကို လုပ်ဖို့မလိုပါဘူး… ကျောင်းသားသစ်စာမေးပွဲမှာ ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာကို ကျွန်တော်ရအောင် အကောင်းဆုံးကြိုးစားသွားမှာပါ…”

သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေ မဖွင့်နိုင်သေးတဲ့အချိန်တုန်းကတော့ ဇူယွမ်အနေနဲ့ မူလမှော်စာလုံးတွေကို မှီခိုအားထားဖို့ထက် ပိုကောင်းတဲ့အခွင့်အရေးမရှိခဲ့ဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။ ဒါပေမဲ့လည်း အခုချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုက ပြန်ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့ဝင်ပေါက်ဖွင့်ခြင်းလေ့ကျင့်မှုတွေကို စတင်ပြုလုပ်နိုင်တော့မှာ ဖြစ်တာကြောင့် သူ့အနေနဲ့တခြားလူတွေကို လိုက်မမှီနိုင်တော့မှာကို အချိန်ကြာမြင့်စွာ စိုးရိမ်ပူပန်နေစရာမလိုတော့ပေ။

ဇူယွမ်ပြန်ပြောတာကို ကြားလိုက်ရတဲ့အခါ ဇူယွမ်ကသူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တဲ့အတွက်ကြောင့်သာ ဒီလိုမျိုးပြောနေခြင်းဖြစ်တယ်လို့ ချူထျန်းယန်တစ်ယောက် ထင်မြင်ခဲ့ရသည်။

“ဟီးဟီး…သူ့ကိုကြိုးစားခိုင်းလိုက်ပါ…” ဇူချင်က ရယ်မောနေလျက်မှ ချူထျန်းယန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ “ယွမ်အာရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခု ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ကျင့်ကြံခြင်းလေ့ကျင့်မှုတွေကို ပုံမှန်စတင်ပြုလုပ်နိုင်နေပြီ…”

ချူထျန်းယန်က ဒီစကားကြောင့်လုံးဝကို အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။ ပျော်ရွှင်မှုတွေက သူ့ရဲ့မျက်နှာပေါ်မှာ ပေါ်ထွက်လာခဲ့ပြီး လက်နှစ်ဖက်ကိုအတူတကွဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။ “ဒါ့ကြောင့်ကိုး… အရှင်မင်းကြီးနဲ့ မင်းသားလေးတို့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်…”

ဒါ့ကြောင့်ပင် ဇူချင်တစ်ယောက် ဒီနေ့ရွှင်လန်းတက်ကြွနေခြင်းဖြစ်ကြောင်း သူ့အနေနဲ့နားလည်ခဲ့ရသည်။ ဇူယွမ်ရဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတဲ့ ကျင့်ကြံခြင်းပြဿနာက နောက်ဆုံးမှာ ဖြေရှင်းသွားနိုင်ခဲ့ပြီ ဖြစ်ပေသည်။

“ကျွန်တော့်ရဲ့ ပါရမီရှင်အတန်းက မင်းသားလေးရောက်ရှိလာမှာကို စောင့်နေပါတယ်… နောက်နှစ်ဝက်ကြာလို့ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ကျွန်တော့်ရဲ့ပါရမီရှင်အတန်းအတွက် အောင်မြင်မှုတွေရရှိအောင် မင်းသားလေးကလုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

တကယ်တော့ သူ့ရဲ့ဒီစကားတွေက မြှောက်ပင့်ပြောရာကြပေသည်။ သူ့အနေနဲ့ကြည့်ရင် ဇူယွမ်က စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းလမ်းကြောင်းကို စတင်နိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့စတင်မှုက တခြားလူတွေနဲ့ ယှဉ်ရင်အရမ်းကိုနောက်ကျနေပေသည်။ အနည်းဆုံးသူ့အနေနဲ့ ဒီလိုတိုတောင်းတဲ့ နှစ်ဝက်အချိန်ကာလအတွင်းထဲမှာ တော်ဝင်ဇူကျောင်းတော်ရဲ့ ထိပ်ပိုင်းကျောင်းသားတွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။

ချူထျန်းယန်က စုယုဝေရဲ့ကိစ္စအတွက် အတည်ပြုချက်ရပြီးတဲ့အတွက် အနည်းငယ်တော့ စိတ်သက်သာရာရခဲ့ပေသည်။ ဇူချင်နဲ့တချို့အကြောင်းအရာတွေ ဆွေးနွေးပြီးတဲ့နောက်မှာ ချူထျန်းယန်တစ်ယောက် နှုတ်ဆက်၍ပြန်လည်ထွက်ခွာသွားခဲ့လေသည်။

ချူထျန်းယန်ထွက်ခွာသွားတာကို ကြည့်နေလိုက်ပြီးမှ ဇူချင်ကဇူယွမ့်ဘက်ကိုလှည့်ကာ ပြောလိုက်သည်။ “သားရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုက အခုပေါ်ပေါက်လာခဲ့ပြီ… မနက်ဖြန်ကစပြီး လေ့ကျင့်မှုတွေလုပ်ဖို့ ပြင်ဆင်တော့…”

“ကောင်းပါပြီ!”

ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ သူ့ရဲ့ပိန်ပါးပြီး နုနယ်တဲ့မျက်နှာလေးကတည်ငြိမ်နေပေမဲ့လည်း သူ့ရဲ့မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ တောက်လောင်နေပေသည်။ သူကစတင်လေ့ကျင့်ဖို့အတွက် မစောင့်နိုင်လောက်အောင်ဖြစ်နေခဲ့ရသည်။

နောက်တစ်နေ့။

ဇူယွမ်နဲ့ ယောင်ယောင်က ထန်ထန်နဲ့အတူ စားပွဲရဲ့ဘယ်ဘက်မှာ ထိုင်နေခဲ့ပြီး ဇူချင်နဲ့ ချင်ယုတို့က ညာဘက်အခြမ်းမှာ ထိုင်နေလျက်ရှိကြသည်။

စားပွဲအပေါ်မှာ ဘေစင်တစ်ခုအရွယ်အစားရှိတဲ့ ကြွေခွက်တစ်ခုရှိနေခဲ့ပြီး ကြွေခွက်ထဲမှာ စွပ်ပြုတ်လိုမျိုး အညိုရောင်အရည်တွေနဲ့ ပြည့်နှက်နေပြီး ၎င်းအရည်တွေထံမှ အလင်းအစက်လေးတွေ ခပ်မှိန်မှိန်ထွက်ပေါ်နေလျက်ရှိသည်။ သင်းပျံ့တဲ့မွှေးရနံ့တွေက ခွက်ထဲမှ ထွက်ပေါ်နေလျက်ရှိကာ ဒါကအသက်တစ်ခါရှုစာအချိန်အတွင်းမှာပဲ လူတစ်ယောက်ရဲ့မျက်နှာကို နီရဲသွားအောင်ပြုလုပ်နိုင်ပေသည်။

ဇူချင်က ဇူယွမ်ကို ပြုံး၍ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ “ဒါက သားရဲကိုးကောင် စွပ်ပြုတ်ပဲ… ဒီစွပ်ပြုတ်ကို အဆင့် ၁ မူလသားရဲ ကိုးကောင်နဲ့ ပြုလုပ်ထားတာ… ဒီမှာပါဝင်တဲ့ အသားတစ်ခုချင်းစီက သားလိုမျိုးကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လမ်းမဲ့သူတွေအတွက် ကြီးမားတဲ့အထောက်အကူဖြစ်စေတယ်… အရင်တုန်းက သားရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုကို မဖွင့်နိုင်ခဲ့ဘဲ သားရဲ့ခန္ဓာကိုယ်ကလည်း လက်မခံနိုင်ခဲ့တဲ့အတွက် ဒါကိုမသောက်ခဲ့နိုင်ဘူး… ဒါပေမဲ့ အခုကတော့ သောက်နိုင်သွားပြီ…”

ဇူယွမ်ခေါင်းညိတ်ပြလိုက်၏။ ဒီသားရဲကိုးကောင်စွပ်ပြုတ်က သူတို့တော်ဝင်ကလန်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းတစ်ခုဖြစ်ပြီးတော့ တစ်ခွက်အတွက်တင် ကုန်ကျစရိတ်က အရမ်းကိုများပြားလှပေသည်။ သာမန်ကလန်တွေအနေနဲ့ နှစ်ဝက်စာဝင်ငွေနဲ့တောင် ဒါကိုတတ်နိုင်လိမ့်မည်မဟုတ်ပေ။

ဒါ့ကြောင့်လည်း ဒီအရာကို ကျင့်ကြံခြင်းအရင်းအမြစ်လို့ခေါ်ခဲ့ကြခြင်းဖြစ်သည်။

“ဒါ့အပြင် သားအနေနဲ့ ရိုးရိုးထမင်းတွေကို အချိန်ကြာမြင့်စွာစားနေဖို့ မလိုအပ်တော့ဘူး…” ဇူချင်က လက်တစ်ချက်ဝှေ့ယမ်းပြလိုက်တဲ့အခါ အစေခံမိန်းခလေးတစ်ယောက်က ငွေရောင်ခွက်တစ်ခုကို ယူဆောင်လာခဲ့သည်။ ဒီခွက်ထဲမှာတော့ ထမင်းတွေအပြည့်ရှိနေပေသည်။

ဒါပေမဲ့လည်း ထမင်းတွေက သလင်းကျောက်လို တောက်ပနေလျက်ရှိသည်။ ထမင်းစေ့တိုင်းက တူညီစွာလုံးဝိုင်းနေလျက်ရှိကြပြီး ထမင်းစေ့တစ်စေ့စီအပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ ပုံစံတွေကို မြင်တွေ့နိုင်ရုံမျှသာ ရှိနေကြသည်။ အဆိုပါထမင်းထံမှ အလွန်ကိုနူးညံ့သိမ်မွေ့လှတဲ့ မူလချီလှိုင်းတွေထွက်ပေါ်နေလျက်ရှိပေသည်။

“ဒါက အဆင့် ၂ မူလအစားအစာတစ်ခုဖြစ်တဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းပဲ… ဒီထမင်းထဲမှာ သန့်စင်ပြီး နူးညံ့သိမ်မွေ့တဲ့မူလချီတွေများစွာပါဝင်ပြီးတော့ ဒါကိုစုပ်ယူဖို့ အရမ်းကို လွယ်ကူတယ်… တကယ်လို့ဒါကိုချည်းပဲ အချိန်အတော်ကြာအောင်စားရမယ်ဆိုရင် လူတစ်ယောက်ရဲ့စွမ်းအင်ဝင်ပေါက်တွေ ဖွင့်တဲ့နှုန်းကပိုမြန်လာလိမ့်မယ်…”

“ဒါဆို ဒါက ဆန်းကြယ်သလင်းကျောက်ထမင်းပေါ့…” ဇူယွမ်ကသလင်းကျောက်ပုံစံ ထမင်းထည့်ထားတဲ့ခွက်ကို စူးစမ်းလိုစိတ်ပြင်းပြစွာကြည့်လိုက်သည်။ ဒါကဇူအင်ပါယာရဲ့ အရေးကြီးတဲ့အရင်းအမြစ်တွေအဖြစ် သတ်မှတ်နိုင်တာကြောင့် သူ့အနေနဲ့ဒါကို အရင်ကတည်းက ကြားခဲ့ဖူးပေသည်။

ဆန်းကြယ်သလင်းကျောက်ထမင်းရဲ့ အကျိုးကျေးဇူးဟာ အစောပိုင်းတုန်းက သားရဲကိုးကောင်စွပ်ပြုတ်ကို မယှဉ်နိုင်ပေမဲ့လည်း ဆန်းကြယ်သလင်းကျောင်ထမင်းက မူလကတည်းက သဘာဝအတိုင်းနူးညံ့လှတဲ့အပြင် ဒါကိုအချိန်ကြာမြင့်စွာ စားသုံးရမယ်ဆိုလျှင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်စွမ်းရည်တွေ တိုးတက်လာလိမ့်မည်ဖြစ်ပြီး စွမ်းအင်ဝင်ပေါက်ဖွင့်တဲ့နှုန်းကလည်း အရမ်းကိုမြန်ဆန်လာလိမ့်ပေမည်။

ဒါ့ကြောင့်ဆန်းကြယ်သလင်းကျောက်ထမင်းချက်ပြုတ်တဲ့နည်းလမ်းကို တော်ဝင်ကလန်က ထိန်းချုပ်ထားခဲ့ပြီး ကောင်းမွန်စွာအမှုထမ်းဆောင်ခဲ့သူတွေနဲ့ လူအများ၏စိတ်နှလုံးကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေကို ဆုအဖြစ်ချီးမြှင့်ဖို့အတွက်သာ အသုံးပြုခဲ့သည်။

ဒါ့အပြင် ဒါကအဆင့် ၂ မူလအစားအစာတစ်ခုသာဖြစ်ပေမဲ့လည်း သေသေချာချာ ပြောနိုင်တာတစ်ခုက သူ့ရဲ့တကယ့်တန်ဖိုးကို စကားလုံးနဲ့ပြောဖို့တောင် ခက်ခဲလှပေသည်။

ဇူချင်က စိတ်လှုပ်ရှားနေတဲ့ ဇူယွမ်ကိုကြည့်လိုက်ကာ ရယ်မောလိုက်မိသည်။ အတိတ်တုန်းက ဇူယွမ်က ဒီဆန်းကြယ်သလင်းကျောက်ထမင်းကို အငမ်းမရလိုချင်ခဲ့တာ ဇူချင်သိခဲ့သည်။ ဒါပေမဲ့လည်း သူ့ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုကပေါ်ထွက်မလာခဲ့တဲ့အတွက် သူက ဒါကိုစားသောက်ဖို့နဲ့ အသုံးပြုနိုင်ဖို့မတတ်နိုင်ခဲ့ပေ။

“ငါတို့ဇူအင်ပါယာရဲ့ တော်ဝင်သိုလှောင်ခန်းထဲမှာ အရင်တုန်းက အရမ်းကိုအစွမ်းထက်တဲ့ အဆင့် ၄ မူလအစားအစာတစ်ခုဖြစ်တဲ့ မိုးနဂါးသွေးပင်ရှိခဲ့တယ်… ဒါကိုအချိန်ကြာမြင့်စွာ အသုံးပြုခဲ့မယ်ဆိုရင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ခွန်အားတွေကို တိုးတက်စေနိုင်တဲ့အပြင် မိုးနဂါးရဲ့အကြေးခွံတွေဖြစ်ပေါ်လာစေလိမ့်မယ်… ဒီအကြေးခွံတွေက ကြီးမားတဲ့ခုခံနိုင်စွမ်းကို ပိုင်ဆိုင်ကြတယ်…” ဇူချင်ကသက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

“အဆင့် ၄ မူလအစားအစာဖြစ်တဲ့ မိုးနဂါးသွေးပင်လား?” ဇူယွမ်သူ့ရဲ့နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်မိလေသည်။ အဆင့် ၂ ဆန်းကြယ်သလင်းကျောက်ထမင်းအကြောင်းကို ကြားလိုက်ရလို့ အံ့အားသင့်နေစဉ်မှာပဲ အဆင့် ၄ ရှိတဲ့ သွေးမိုးနဂါးပင်အကြောင်းကြားလိုက်ရတဲ့အခါ အရူးအမူးမဖြစ်ပဲ ဘယ်လိုလုပ်နေလိမ့်မည်နည်း။

ဇူချင်က အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်၏။ ဒါပေမယ့်လည်း သူ့ရဲ့အမူအယာက မှုန်ကုပ်သွားခဲ့ပြီး ပြောလိုက်သည်။ “သနားစရာကောင်းလောက်အောင် ငါတို့ဇူကလန်သိုလှောင်ခန်းထဲက ဒီအရေးကြီးတဲ့ရတနာက ရှုပ်ထွေးနေတဲ့အချိန်မှာပဲ ဝူဘုရင်ရဲ့ ယူဆောင်သွားခြင်းကို ခံခဲ့ရတယ်…”

ဇူယွမ်လုံးဝကို အံ့အားသင့်တုန်လှုပ်သွားခဲ့ရပြီး အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ ဒီဝူဘုရင်အစုတ်ပလုတ်က သူတို့ဇူအင်ပါယာပိုင်ဆိုင်တဲ့ ရတနာကို အမှန်တကယ် ယူဆောင်သွားခဲ့တာပေါ့။

ဇူချင်သူ့ရဲ့ခံစားချက်တွေကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ဇူယွမ့်ကိုပြောလိုက်သည်။ “ဒါကို အရင်ဆုံးစားပြီးတော့ စပြီးလေ့ကျင့်ဖို့ပြင်ဆင်တော့…”

ဇူယွမ်အလျှင်အမြန်ပဲ ခေါင်းညိတ်ပြလိုက်၏။ ဝူဘုရင်ကလွန်စွာ စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းပေမဲ့လည်း ဇူယွမ်အနေနဲ့ အခုအချိန်မှာစားဖို့နဲ့ သူ့ရဲ့ကျင့်ကြံခြင်းမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ လိုအပ်ပေသည်။ ဒါမှသာ သူသန်မာလာတဲ့အခါ သူတို့ဇူကလန်ဆုံးရှုံးသွားခဲ့ရတဲ့ အရာအားလုံးကို ပြန်လည်ရယူနိုင်ပေလိမ့်မည်။

ယောင်ယောင်ရဲ့ရှေ့မှာလည်း အလားတူပဲ သားရဲကိုးကောင်စွပ်ပြုတ်တစ်ခွက်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းရှိနေပေသည်။

“ယောင်ယောင်မင်းက ဒါတွေကိုကြိုက်နှစ်သက်အောင် ကြိုးစားကြည့်ပါလား… တကယ်လို့မင်းကြိုက်ရင် မင်းအတွက်နေ့တိုင်းပြင်ဆင်ပေးမယ်လေ…” ချင်ယုက ယောင်ယောင်ကို နွေးထွေးစွာပြုံး၍ကြည့်ကာ ပြောလိုက်သည်။

ယောင်ယောင်က ချင်ယုရဲ့ကြင်နာမှုတွေကို ခံစားမိတဲ့အတွက် သူမရဲ့ခေါင်းကိုညင်သာစွာညိတ်ပြ၍ တုန့်ပြန်လိုက်ပြီး သားရဲကိုးကောင်စွပ်ပြုတ်တစ်ငုံကို သောက်ခဲ့လိုက်သည်။ သို့ပေမဲ့လည်း သူမကသားရဲစွပ်ပြုတ်အပေါ်မှာ များစွာစိတ်ဝင်စားခြင်းမရှိခဲ့ဘဲ ဆန်းကြယ်သလင်း ကျောက်ထမင်းထည့်ထားတဲ့ခွက်ကို မယူလိုက်ကာ သူမရဲ့ပါးစပ်အပြည့်နဲ့ တစ်လုပ်စားခဲ့လိုက်သည်။

“ဝူး…”

သူမရဲ့ပေါင်ပေါ်မှာတင်ထားတဲ့ ထန်ထန်ကသူမကို အလျင်အမြန်ကြည့်လိုက်ပြီး ၎င်းရဲ့အမြီးလေးကို လှုပ်ယမ်းနေလျက်မှ ‘ဝူး…ဝူး’နဲ့ သနားစရာကောင်းလောက်အောင် အသံပေးနေလျက်ရှိသည်။

ယောင်ယောင်က ထန်ထန့်ကိုစိုက်ကြည့်လိုက်ပြီး အနည်းငယ်တွေးတောလိုက်ကာ သားရဲကိုးကောင်စွပ်ပြုတ်ကို သူ့ရှေ့ချပေးလိုက်သည်။

ဒါကိုမြင်လိုက်ရတဲ့အခါ ဇူချင်ကပြုံး၍ပြောလိုက်သည်။ “အာ… ယောင်ယောင်… သားရဲကိုးကောင်စွပ်ပြုတ်ရဲ့ ဆေးဖက်ဝင်တဲ့အကျိုးက အရမ်းကိုပြင်းထန်လွန်းတယ်… သာမန်အိမ်မွေးတိရိစ္ဆာန်လေးတွေက ဒါကိုမသောက်နိုင်ဘူး…”

အိုး!

သို့ပေမဲ့လည်း သူရဲ့စကားမဆုံးခင်မှာ ထန်ထန်ရဲ့ပါးစပ်က ကျယ်လောင်စွာဖွင့်ဟလာခဲ့ပြီး စွပ်ပြုတ်ရော ခွက်ရောပါတစ်ချက်တည်းနဲ့ အငမ်းမရဝါးမျိုပြစ်လိုက်သည်။

သားရဲကိုးကောင်စွပ်ပြုတ်ကို အငမ်းမရမျိုချပြီးသွားတဲ့အခါ ထန်ထန်ထံမှ လေတက်သံ တစ်ချက်ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းနေခဲ့ပြီး ဒါကမလုံလောက်သေးတဲ့အလား သူ့ရဲ့လက်ကလေးနဲ့အစာအိမ်ကို ပုတ်နေလျက်ရှိလေသည်။

ထန်ထန်ရဲ့ အပြုအမူက ဇူချင်ကို လုံးဝအံ့အားသင့်သွားစေခဲ့ရသည်။

“အဖေ… ထန်ထန်က ထူးခြားတဲ့ခွေးလေးတစ်ကောင်ပဲ…” ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါ ဇူယွမ်ကကူကယ်ရာမဲ့စွာနဲ့ ပြုံးဖြဲဖြဲဖြစ်သွားခဲ့ရသည်။

ထန်ထန်ကကြီးမားတဲ့ကျောက်တုံးကိုတောင် နှစ်ခါ သုံးခါသာကိုက်ပြီး လုံးဝကို ပျောက်ကွယ်သွားအောင် အလွယ်တကူ လုပ်နိုင်ခဲ့သည့်အတွက် ဒီလိုမျိုးစွပ်ပြုတ်တစ်ခွက်လောက်က စကားထဲတောင်ထည့်ပြောစရာ လိုလိမ့်မည်မဟုတ်ချေ။

ဇူချင်ကပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့ဘေးမှာရှိတဲ့ကျောက်စိမ်းပုလင်းတစ်လုံးကို ကောက်ယူလိုက်ကာ ကျောက်စိမ်းရောင်သေရည်တစ်ခွက်ကို မော့သောက်လိုက်သည်။ သေရည်ရဲ့ သင်းပျံ့တဲ့မွှေးရနံ့က လျှင်မြန်စွာပဲ ပျံ့နှံ့သွားခဲ့ရသည်။

သေရည်ရဲ့ သင်းပျံ့တဲ့ရနံ့ပျံ့နှံ့သွားတဲ့အခါ တိတ်ဆိတ်စွာစားသောက်နေတဲ့ ယောင်ယောင်ရဲ့ မျက်ခုံးတွေက အနည်းငယ်မြင့်တက်သွားခဲ့ရပြီး သူမရဲ့ကြည်လင်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဇူချင်ကို စိုက်ကြည့်လိုက်မိသည်။

“ကျွန်မကို အဲ့ဒါနည်းနည်းလောက်ပေးလို့ရမလား?” ဇူယွမ်နဲ့ ချင်ယုတို့က ယောင်ယောင့်ကို အံ့အားသင့်စွာစိုက်ကြည့်လိုက်မိကြသည်။ သူမရဲ့ အမြဲတမ်းခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာမှာ ပထမဆုံးအကြိမ်အဖြစ် ထူးထူးဆန်းဆန်းလိုချင်ဆန္ဒတွေနဲ့ ပြည့်နေတဲ့အကြည့် တစ်ခုက ပေါ်ထွက်လာခဲ့သည်။

ဇူချင်လည်းပဲ အံ့အားသင့်သွားခဲ့ရသည်။ ဒါ့အပြင်ကို ကလေးတွေရှေ့မှာအမှတ်မထင် သောက်ခဲ့လိုက်မိတဲ့သူ့ကို အပြစ်တင်သလိုကြည့်နေတဲ့ ချင်ယုရဲ့အကြည့်တွေကို မြင်လိုက်ရတဲ့အခါ သူကအနေရခက်စွာခံစားခဲ့ရပြီး ပြောလိုက်သည်။ “ဒါက ကျောက်စိမ်းနဲ့ရောပြီး ချက်လုပ်ထားတဲ့ အရမ်းကိုပြင်းတဲ့သေရည်တစ်ခုပဲ… ငယ်ရွယ်တဲ့မိန်းခလေး တစ်ယောက်အတွက် ဒါကသောက်ဖို့မသင့်တော်ဘူး…”

သို့ပေမဲ့လည်း ယောင်ယောင်က သူမရဲ့ကြည်လင်တောက်ပနေတဲ့မျက်လုံးတွေနဲ့ သူ့ကို ဆက်ပြီးစိုက်ကြည့်နေခဲ့တဲ့အတွက် ဇူချင်ကကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိပြီး အစေခံမိန်းခလေးတစ်ယောက်ကို ယောင်ယောင်ရဲ့ရှေ့မှာ ကျောက်စိမ်းသေရည်တစ်ပုလင်း ချပေးလိုက်ဖို့ အချက်ပြလိုက်သည်။

ယောင်ယောင်က သေရည်ပုလင်းကို မယူလိုက်ပြီး သူမရဲ့ခေါင်းကို အနည်းငယ် စောင်းလိုက်တဲ့အခါ ဖြူဖွေးသေးသွယ်နေတဲ့လည်ပင်းလေး ပေါ်ထွက်လာခဲ့သည်။ အဲ့ဒီနောက်မှာသူမက သေရည်တွေကိုပါးစပ်အပြည့်မော့ချခဲ့လိုက်သည်။ သူမရဲ့ကျောက်စိမ်းကဲ့သို့ လှပတဲ့မျက်နှာလေးက ချက်ချင်းပဲအနီရောင်ကိုပြောင်းလဲသွားခဲ့ရသည်။

“ကောင်းတယ်…” ယောင်ယောင်က ညင်သာစွာရယ်မောလိုက်သည်။ သူမရဲ့ရယ်သံက ဆည်းလည်းသံလေးလို သာယာလှပေသည်။

ချင်ယုက ဇူချင်ကိုကြည့်လိုက်တဲ့အခါ သူကသူ့ရဲ့နှာခေါင်းကို ပွတ်လိုက်မိပြီး သူ့ရဲ့သေရည်ကို ဖြည်းညှင်းစွာမော့သောက်ခဲ့လိုက်သည်။ အမြဲတမ်းဘာမှစိတ်မဝင်စားတတ်တဲ့ အမူအယာရှိတဲ့ ဒီထူးဆန်းတဲ့မိန်းခလေးက သေရည်ကြိုက်လိမ့်မယ်လို့ သူ့အနေနဲ့ ဘယ်လိုများစိတ်ကူးမိခဲ့နိုင်ပါ့မလဲ။

ဘေးမှာရှိတဲ့ ဇူယွမ်ကတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်နေလျက်ရှိသည်။ ယောင်ယောင် သေရည်သောက်လိုက်တဲ့အခါ သူမရဲ့ပုံစံကသံသယရှိစရာမလိုလောက်အောင်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ကျောက်စိမ်းသေရည်တစ်ပုလင်းလုံးကိုသောက်လိုက်ပြီးတဲ့နောက်မှာ ယောင်ယောင်ရဲ့ ကြည်လင်နေတဲ့မျက်လုံးတွေက အနည်းငယ်ရွှန်းလဲ့တောက်ပလာခဲ့ကြသည်။ ညင်သာတဲ့ရယ်သံတစ်ခုနဲ့အတူ သူမရဲ့အင်္ကျီလက်အတွင်းကိုနှိုက်လိုက်ပြီး အလင်းရောင်တစ်ခုက ချင်ယုရဲ့ရှေ့ကိုထွက်ပေါ်ရောက်ရှိလာခဲ့သည်။

ယောင်ယောင်ကပြုံး၍ပြောလိုက်၏။ “ဒေါ်လေးချင် …ဒေါ်လေးရဲ့အော်ရာက အားနည်းနေတဲ့အတွက်နေမကောင်းဘူးဆိုတာ ကျွန်မပြောနိုင်တယ်… ဒီသေးငယ်တဲ့လက်ဆောင်လေးကို သေရည်အတွက်ပေးတယ်လို့ မှတ်ယူပြီးလက်ခံပေးပါ…”

အလင်းရောင်က တဖြည်းဖြည်းလျှော့ပါးသွားခဲ့ကာ လက်ဝါးအရွယ်အစားလောက်ရှိတဲ့ အစိမ်းရောင်ကြာပန်းတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။ ကြာစေ့ရှစ်ခုက ကြာပွင့်ထဲမှာ ကျောက်စိမ်းပန်းချီကားတစ်ချပ်လို အစိမ်းရောင်အလင်းတန်းတွေနဲ့ လင်းလက်နေကြလျက်ရှိသည်။

“ဒါကဘာလဲ?” ချင်ယုက အစိမ်းရောင်ကြာပန်းကို ကြည့်ကာမေးလိုက်သည်။

ဇူချင်ရဲ့အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့ကာ အလွန်အမင်းအံ့အားသင့်စွာ ပြောလိုက်သည်။ “ဒါကအစိမ်းရောင်ကျောက်စိမ်းကြာပန်းအစေ့တွေဖြစ်သလို ရှားပါးတဲ့မူလအရင်းအမြစ်တစ်ခုလည်းဖြစ်တယ်…ဒါကအသက်စွမ်းအားကို ပြန်လည်ကုသပေးနိုင်တဲ့ အစွမ်းရှိသလို ခန္ဓာကိုယ်ကိုလည်း စိုပြေလှပစေတယ်…”

ရှုပ်ထွေးနေတဲ့အမူအယာနဲ့အတူ ဇူချင်ကဆက်ပြောလိုက်သည်။ “ဒီပစ္စည်းက မင်းအတွက် အရမ်းကိုအကျိုးရှိတယ်… မင်းရဲ့ခန္ဓာကိုယ်က အရမ်းကိုအားနည်းနေပြီးတော့ ဒီအစိမ်းရောင်ကျောက်စိမ်းကြာပန်းအစေ့တွေက မင်းရဲ့အသက်စွမ်းအင်တွေဆုံးရှုံးတာကို ရပ်တန်ဖို့ကူညီပေးနိုင်လိမ့်မယ်…”

ဒီအစိမ်းရောင်ကြာပန်းအစေ့တွေက အရမ်းကိုရှားပါးပြီးတော့ သူတို့ရဲ့ဇူအင်ပါယာ တော်ဝင်ဘဏ္ဍာတိုက်ထဲမှာတောင်မှ မြင်တွေ့နိုင်ဖို့ရန်ပင်ရှားပါးလှပေသည်။

ဒါကိုကြားလိုက်ရတဲ့အချိန်မှာ ချင်ယုကခေါင်းကိုလျှင်မြန်စွာပဲ ခါရမ်းလိုက်ပြီး “ယောင်ယောင်…ကျောက်စိမ်းအရက်တစ်ပုလင်းက ဘယ်လောက်မှကုန်ကျသွားတာမဟုတ်ဘူး…”

ယောင်ယောင်ကသူမရဲ့ပါးစပ်ကို ပိတ်ထားလိုက်ပြီး ပြုံးလျက် ထန်ထန်ကိုပွေ့ချီလိုက်ကာ စားပွဲမှာထိုင်လျက်ရှိနေတဲ့ သူတို့သုံးယောက်ရဲ့မျက်လုံးအောက်မှာပဲ အနားယူဖို့အတွက်အဝေးကို လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။

ဇူယွမ်သူ့ရဲ့ခေါင်းကို ကုတ်လိုက်ရင်းပြောလိုက်သည်။ “ဒါကိုလက်ခံလိုက်ပါအမေ… ကျွန်တော်တို့ နောင်တစ်ချိန်မှာ အစ်မကြီးယောင်ယောင်ကို ပြန်ပေးဖို့အခွင့်အရေးတစ်ခု ရှာရလိမ့်မယ်…”

သူက ယောင်ယောင်ရဲ့ဒီအပြုအမူအပေါ်မှာ အရမ်းကိုကျေးဇူးတင်မိရသည်။ သူ့အမေရဲ့ခန္ဓာကိုယ်က သူ့ကြောင့်သာ ဒီလိုမျိုးအားနည်းနေရခြင်းဖြစ်ကြောင်း သူလည်းသိပေသည်။

ချင်ယုရဲ့အကြည့်က ဇူချင်ဆီကိုရောက်ရှိသွားတဲ့အခါ သူကခေါင်းညိတ်ပြလိုက်တာကို မြင်လိုက်ရသည်။ ဒါတွေကြောင့်ပဲ သူမက မိန်းခလေးအပေါ်ပိုပိုပြီး ချစ်ခင်နှစ်သက်လာခဲ့ရသည်။

ဇူယွမ်ကပြုံးလိုက်ပြီး သားရဲကိုးကောင်စွပ်ပြုတ်ထည့်ထားသည့်ခွက်ကို မယူလိုက်ပြီး သူ့ရဲ့ပါးစပ်ဆီကို ပို့လိုက်သည်။ ‘ဂလု…ဂလု’ သူကခွက်တစ်ခုလုံးမော့သောက်ချလိုက်ပြီး စွပ်ပြုတ်တွေက သူ့ရဲ့လည်ချောင်းထဲကို အဆက်မပြတ်စီးဝင်သွားခဲ့သည်။

သားရဲကိုးကောင်စွပ်ပြုတ်သောက်ပြီးသွားတဲ့အခါ သူကဆန်းကြယ်သလင်းကျောက်ထမင်းထည့်ထားတဲ့ခွက်ကို မယူလိုက်ကာ ပါးစပ်အပြည့်နဲ့ထမင်းတစ်လုပ်စီကို နှစ်ခါသုံးခါဝါးလိုက်ပြီး မျိုချခဲ့လိုက်သည်။

“အရသာရှိတာပဲ!” ဇူယွမ်က ချီးမွမ်းလိုက်မိသည်။ ဒီဆန်းကြယ်သလင်းကျောက်ထမင်းက ပြီးပြည့်စုံကာ ပျော့ပျောင်းပြီး နူးညံ့လှပေသည်။ ထမင်းစေ့တိုင်းကလည်း အလွန်မွှေးကြိုင်သင်းပျံ့နေလျက်ရှိသည်။

ဝှူး!

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဇူယွမ်ကခွက်ကိုပြန်ချလိုက်ကာ အသက်တစ်ချက် ခပ်ပြင်းပြင်းရှုထုတ်လိုက်သည်။ သူအသက်ရှုထုတ်လိုက်တဲ့လေက သူ့ရဲ့ရှေ့မှာအဖြူရောင်မြူခိုးကဲ့သို့ လွင့်မျောနေကြပြီး သူ့ရဲ့မျက်နှာကနီရဲသွားခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မီးဖိုတစ်ခုအလား လောင်ကျွမ်းနေသလိုခံစားမှုတစ်ခုက လှည့်ပတ်နေလျက်ရှိကြောင်းကို ခံစားလိုက်ရသည်။

သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ လောင်ကျွမ်းနေသည့်အလားခံစားနေခဲ့ရသလို ဇူယွမ်သူ့ရဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်ထားလိုက်မိကာ သူ့မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပေသည်။ နောက်ဆုံးမှာတော့ သူ့ရဲ့လေ့ကျင့်မှုတွေကို စတင်ပြုလုပ်ဖို့ရန်အတွက် နန်းတော်ထဲမှ ထွက်ခွာသွားခဲ့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset