ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ် နှစ်ယောက်စလုံးမှာ နဂိုကတည်းက ယမ်းပုံမီးကျ ဒေါသထွက်နေကြပြီဖြစ်သည်။ ယခုတွင် သူတို့မှာ ဝမ်ပေါင်လဲ့၏ ပြောစကားကို ကြားလိုက်ရသောအခါ မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့နှစ်ယောက်စလုံးမှာ အသိစိတ်များပျောက်သွားကြပြီး ဝမ်ပေါင်လဲ့အား တိုက်ခိုက်ပစ်ချင်စိတ်များ ပေါက်လာကြတော့သည်။
သို့သော် သူတို့နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်ကို ပြန်၍အမှတ်ရသွားသောအခါ အောင့်အီးသည်းခံလိုက်ရ၏။ သူတို့၏ အစေခံများကို ဝမ်ပေါင်လဲ့အား တိုက်ခိုက်ရန် အမိန့်ပေး၍ မရနိုင်ပေ။ ဤ ပြိုင်ပွဲကြီးထဲတွင် စည်းမျဥ်းစည်းကမ်းအချို့ ရှိနေသည်ဖြစ်သည်။ အခြေခံအကျဆုံး စည်းမျဉ်းမှာ အချင်းချင်း ခိုက်ရန်မဖြစ်ပွားရန် ဖြစ်သည်။
ထို့အပြင် ဝမ်ပေါင်လဲ့၏ လုပ်ရပ်ကို သူ၏ ပြိုင်ဘက်များအား သတ်ဖြတ်ရန် ကြိုးစားအားထုတ်ခြင်းဟု သတ်မှတ်၍ရမည်မဟုတ်ပေ။ သူသည် ထိုမျှလောက် အစွမ်းထက်နေခြင်းမရှိပေ။ ထို့အပြင် သူတစ်ယောက်တည်း ပုန်းကွယ်၍ သေချင်ယောင် ဟန်ဆောင်နေခဲ့ခြင်းမှာလည်း အပြစ်တစ်ခုမဟုတ်ပေ…
သို့သော် ကျိုးရိရှန်နှင့် အခြားဆန်ခါတင်များမှာ ပို၍ပင် မကျေမချမ်း ဖြစ်လာရတော့သည်။ ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် အချိန်ဖြုန်းမနေတော့ဘဲ သူ၏ လက်ကျန်အင်အားများကို အသုံးပြု၍ သူ၏စခန်းအား ပြုပြင်မွမ်းမံကာ အဆင့်မြှင့်တင်နေလိုက်တော့သည်။ သူသည် သေသေချာချာ တွက်ချက်ပြီးသွားပြီဖြစ်ရာ နောက်ထပ်သားရဲစီးကြောင်းကြီးတစ်ခု ရောက်မလာခင် သူ၏ စခန်းအား ခိုင်ခံ့နေအောင် မလုပ်ထားနိုင်ပါက အန္တရာယ်နှင့် ကြုံရမည်ဖြစ်ကြောင်း သိရှိထား၏။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ နယ်မြေအနီး၌ ကျိုးရိရှန်တစ်ယောက် ကြိုးစားအားထုတ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်မှာ တစ်စစီ ကြေမွနေသော သူ၏စခန်းအား ငုံ့ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။ သူသည် ဝမ်းနည်းပူဆွေးနေရပြီ ဖြစ်သည်။ ထို့နောက် သူသည် ဒေါသတကြီးနှင့် ထိုင်ချလိုက်ပြီး ဝမ်ပေါင်လဲ့အား အော်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ မင်း ငယ်ငယ်တုန်းက ဝက်တွေနဲ့တူတူ ကြီးပြင်းလာခဲ့တာကို ငါမသိဘူး ထင်မနေနဲ့။ အဲ့တာမလို့ မင်း အခုလို ယဉ်ကျေးမှုလုံးဝမရှိတဲ့ ဖက်တီးတစ်ကောင် ဖြစ်နေတာ ”
” ပြီးတော့ မင်းက ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်မလား။ အဲ့တာမလို့ မင်းရဲ့ အရည်ကျိုမီးဖိုထဲမှာ ကိုယ့်ကိုယ်ကို သန့်စင်လိုက်ဦး။ ခွေးကောင် ”
သူသည် အစမှအဆုံးအထိ တစ်စက်ကလေးပင် အလျှော့မပေးဘဲ သူ၏ လုံးသားထဲ၌ မျိုသိပ်ထားရသည့် မကျေနပ်ချက်များကို ထုတ်လွှတ်ရင်း ဆဲရေးတိုင်းထွာနေတော့သည်။ သူသည် ပြိုင်ပွဲထဲ၌ ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့သည့်အပြင် ဝမ်ပေါင်လဲ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းလည်း မရှိသောကြောင့် သူ့အား ဆဲရေးတိုင်ထွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ဒေါသထွက်ကာ စိတ်လိုက်မာန်ပါနှင့် သူ့အား ထိုးနှက်ကန်ကျောက်လိုက်မည်ဆိုပါက သူသည်လည်း ပြိုင်ပွဲမှ နှုတ်ထွက်ရမည် မဟုတ်ပါလော။
သူ၏ ဆဲရေးတိုင်းထွာမှုများကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာ အံ့သြတုန်လှုပ်သွားကြတော့သည်။ အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်မှာ အခြားသူများအား ဆဲရေးတိုင်းထွာသည့် နေရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေပြီး တစ်ခဏလေးပင် ရပ်တန့်သွားခြင်းမရှိပေ။
” ဝမ်ပေါင်လဲ့။ မင်းက ပန်းတစ်ပွင့် ဖြစ်နေရင်တောင် ဘယ်နွားကမှ မင်းပေါ်ကို ချီးတောင်ပါချမှာ မဟုတ်ဘူးကွ ”
” မင်းကိုယ်မင်း အထင်ကြီးစရာကောင်းတယ်လို့ ထင်နေတယ်ပေါ့ ဟုတ်လား။ မင်းက သေချင်ယောင်ဆောင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ကောင်မလား။ အဲ့လောက်တော်နေရင် သေးမပေါက်ဘဲ အောင့်ထားကွာ။ မင်း သုံးရက်သုံးညတိတိ အောင့်ထားနိုင်ရင် ငါ မင်းကို အရှုံးပေမယ်ကွာ ”
သူ၏ ဆဲရေးတိုင်းထွာမှုများမှာ ပြီးဆုံးသွားခြင်းမရှိပေ။ အင်္ဂါဂြိုဟ်စစ်တပ်မှ အရာရှိများမှာ ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရင်း အံ့ဩတုန်လှုပ်ကာ ဆွံ့အမှင်တက်နေကြတော့သည်။ အိမ်ဖြည့်အနေနှင့်သာ ပြိုင်ပွဲထဲသို့ ရောက်နေသည့် ထိုဆန်ခါတင်မှာ ယခုလိုပညာရပ်မျိုး၌ ကျွမ်းကျင်နေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
အစပိုင်းတွင်မူ ဝမ်ပေါင်လဲ့မှာ သူကြားခဲ့ရသောစကားများကြောင့် ဒေါသထွက်နေခဲ့ပါသော်လည်း နောက်ဆုံးတွင် စိတ်ရှုပ်နေသည့် အမူအရာဖြင့်သာ သက်ပြင်းချလိုက်ပြီး လျစ်လျူရှုထားလိုက်တော့သည်။ သူသည် ထိုစကားများကို မကြားချင်ယောင်ဆောင်ကာ လေတချွန်ချွန်နှင့် သူ၏ ကုလားထိုင်အား ထုတ်ယူလိုက်ပြီး ၎င်းပေါ်တွင်ထိုင်၍ ကြက်တောင်ပံများ ထည့်ထားသည့်ဘူးကို ဖွင့်လိုက်၏။ ထိုအခါ ၎င်းတို့မှာ အေးစက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူသည် ညာဘက်လက်ကို ဝှေ့ယမ်းကာ မီးမွှေးလိုက်ပြီး ၎င်းတို့အား ပြန်နွှေးလိုက်၏။
ထိုအချိန်တွင် မြည်းလေးမှာ မျက်လုံးများ အရောင်တောက်လာကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာ၏။ ၎င်းမှာ ယခင်ကထက်ပင် ပို၍ အားကျိုးမာန်တက်ဖြင့် အမြီးယမ်းကာ ဝမ်ပေါင်လဲ့အား ဖားနေတော့သည်။ ဝမ်ပေါင်လဲ့မှာမှာမူ ထိုမြည်းလေးအား တစ်ချက်မျှသာကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်၏။ သူသည် ယခင်အကြိမ်တုန်းကကဲ့သို့ အရိုးများကိုပင် မကျွေးတော့ပေ။
ထို့ကြောင့် မြည်းလေးမှာ မချင့်မရဲ ဖြစ်သွားရပြီး ဝမ်ပေါင်လဲ့ဆီမှ လုစားချင်စိတ်များ ပေါ်လာ၏။ သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့က ၎င်းအား ပါးစပ်ပိတ်ရန် အမိန့်ပေးလိုက်မည်ကို စိုးရိမ်နေသောကြောင့် လုမစားရဲဘဲ သူ၏ ပတ်ပတ်လည်တွင်သာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် ထိုကြက်တောင်ပံများအားလုံးကို စားပစ်လိုက်သည်ကို မြင်လိုက်ရသဖြင့် မြည်းလေးမှာ ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။ ၎င်းမှာ အာခေါင်ခြစ်သံဖြင့် အော်ဟစ်မြည်တမ်းကာ ရုတ်တရက်ဆိုသလို နောက်သို့လှည့်လာပြီး မြေကြီးပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချ၍ ရေသောက်ရင်း ဝမ်ပေါင်လဲ့အား အဆက်မပြတ် ဆဲရေးတိုင်းထွာနေသည့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်အား စိုက်ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ့အား ပြန်လည်တုံ့ပြန်ခြင်းမရှိသောကြောင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်မှာ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ၎င်းထဲတွင် ပါသော ကင်မရာကိုဖွင့်၍ လှောင်ပြုံးပြုံးကာ ဝမ်ပေါင်လဲ့အား ဓာတ်ပုံရိုက်လိုက်တော့သည်။
” မင်းက ဘာမှ ပြန်မပြောဘူးပေါ့ ဟုတ်လား။ ရတယ်လေ။ ငါက မင်းရဲ့ ဓါတ်ပုံတွေကို နံရံပေါ်မှာ ချိတ်ထားလိုက်မယ်။ အဲဒါဆိုရင် နေ့အချိန်ကျ သရဲတွေကို နှိမ်နင်းနိုင်မယ့်အပြင် ညအချိန်ကျရင်လည်း ဘယ်သူမှ ကိုယ်ဝန်ရမှာ မဟုတ်တော့ဘူး ”
ဝမ်ပေါင်လဲ့မှာ သူ၏ ဆဲရေးတိုင်းထွာမှုများကို မကြားချင်ယောင် ဆောင်နေခဲ့ပါသော်လည်း သူ၏ နှလုံးသားထဲတွင်မူ ဒေါသစိတ်များ တဖွားဖွား ထွက်ပေါ်လာနေပြီဖြစ်သည်။ ယခုတွင် ထိုစကားကိုကြားလိုက်ရသောအခါ သူသည် ပေါက်ကွဲလုမတတ် ဖြစ်သွားတော့သည်။ ထို့ကြောင့် သူသည် ထိုဆန်ခါတင်အား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး စည်းကမ်းချိုးဖောက်ကာ သူ့အား ရိုက်နှက်ကန်ကျောက်ပစ်ရမည်လောဟု တွေးတောနေမိတော့သည်။ ထိုအချိန်တွင် မြည်းလေးမှာ အခွင့်အရေးတစ်ခု ရရှိသွားသည့် အမူအရာဖြင့် ထိုဆန်ခါတင်အား အော်ဟစ်လိုက်တော့သည်။
” သား သား ”
၎င်း၏ အသံမှာ ကျယ်လောင်လွန်းနေသောကြောင့် ထိုဆန်ခါတင်မှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ ထို့နောက် သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြည်းလေး၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ပင်ကျယ်လောင်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ တုန့်ပြန်မှုကို မြင်လိုက်ရသောခါ စိတ်ကျေနပ်သွားပြီး ကြက်တောင်ပံတစ်ချောင်းအား ထိုမြည်းလေးဆီသို့ လှမ်းပစ်ပေးလိုက်၏။ ထိုအခါ မြည်းလေးမှာလည်း စိတ်လှုပ်တရှား ဖြစ်သွားပြီး ပို၍ပင် အားစိုက်၍ အော်ဟစ်မြည်တမ်းနေလိုက်တော့သည်။
၎င်း၏ အော်ဟစ်သံများကြောင့် ဘေးပတ်ပတ်လည်ရှိ ဆန်ခါတင်များမှာ စိတ်ရှုပ်လာရပြီး ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာလည်း တဖြည်းဖြည်းနှင့် ပို၍ အထူးတဆန်း ဖြစ်လာကြတော့သည်။ အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်နှင့် မြည်းလေးတို့မှာ နာရီဝက်တိတိ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် အော်ဟစ်နေကြ၏။
ထိုတစ်နာရီအတွင်းတွင် ဝမ်ပေါင်လဲ့မှာ စိတ်လွတ်ကိုယ်လွတ် ထိုင်နေခဲ့၏။ သူ ဗိုက်ဝအောင် စားပြီးသွားသည့်အချိန်တွင် ခပ်လှမ်းလှမ်းရှိ အချုပ်အနှောင်ထဲမှ အသံကျယ်ကြီးတစ်စံ ထွက်ပေါ်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထရပ်ကာ လှမ်းကြည့်လိုက်၏။
” ငါက တစ်ကိုယ်တော် စွန့်စားရေးသမားတစ်ယောက်ပဲ။ လူအယောက် ကိုးသောင်းနဲ့ ယှဉ်ပြိုင်ရဲတဲ့ ရုပ်ချောတဲ့ငါလေးက ဘယ်သူနဲ့မှ မတူလောက်အောင် တမူထူးခြားနေတာပဲ ” ထို အသံအကျယ်ကြီး ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ဒုတိယသားရဲစီးကြောင်းအား လှမ်းမြင်လိုက်ရသဖြင့် သက်ပြင်းချကာ တူးမြောင်းထဲသို့ ခုန်ဝင်သွားလိုက်ပြီး ပုန်းနေလိုက်တော့သည်။ မြည်းလေးမှာလည်း သူ့အတိုင်းပင် လိုက်လုပ်လိုက်၏။
ကျိုးရိရှန်မှာ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ အံကြိတ်မိသွား၏။ သူသည် သူ၏ စခန်းအား ပြန်လည်ပြုပြင်ပြီးသွားပြီ ဖြစ်ပါသော်လည်း ၎င်းအား ပိုမိုခိုင်ခန့်လာအောင် အဆင့်မမြှင့်တင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ စိုးထိတ်နေရတော့သည်။ ထိုအချိန်တွင် သူသည် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်မှာ အလောတကြီးနှင့် တူမြောင်းတစ်ခုတူးကာ ထိုတူးမြောင်းထဲသို့ ခုန်ဝင်သွားသည်ကို မြင်လိုက်ရ၏။ ထိုမြင်ကွင်းကြောင့် ကျိုးရိရှန်မှာ အသားများတုန်ရီသွားရတော့သည်။
” သွားပြီ ”
သူတစ်ယောက်တည်းသာ အံ့အားသင့်နေသည်တော့ မဟုတ်ပေ။ အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်၏ ဘေးချင်ကပ်တွင် ရှိနေသော ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဆန်ခါတင်မှာလည်း အံ့အားသင့်သွားရ၏။ ထိုအချိန်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ အသံကုန်အော်ဟစ်မြည်တမ်းရင်း အချုပ်အနှောင်ထဲမှ ထွက်လာကြတော့သည်။ ယခုအကြိမ်တွင် ထိုအချုပ်အနှောင်ထဲမှ အပေါက်ကြီးမှာ ပို၍ကြီးလာသောကြောင့် လှိုဏ်ခေါင်းထဲမှ ထွက်လာကြသည့် သားရဲကြီးများမှာလည်း ပထမအကြိမ်တုန်းကထက် ပိုများလာပြီဖြစ်သလို ပို၍လည်း အစွမ်းထက်နေကြပြီ ဖြစ်သည်။
အာနာပါနအဆင့်တွင် ရှိနေသော သားရဲကြီးများ၏ အရေးအတွက်မှာလည်း ပို၍ များလာ၏။ အခြေတည်အဆင့်တွင် ရှိနေသော သားရဲကြီးများပင်လျှင် ထွက်ပေါ်လာပြီဖြစ်သည်…. ထို့ကြောင့် လီယီနှင့် အခြားသူများမှာ ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။ ခဏအကြာတွင် ထိုသားရဲစီးကြောင်းကြီးမှာ ပေါက်ကွဲထွက်လာပြီး သားရဲကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ပြေးသွားကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပေါက်ကွဲသံအကျယ်ကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ ဓမ္မအဆောင် အမြောက်အမြားကို အသုံးပြုလိုက်ရာမှ ထွက်ပေါ်လာသည့် ပြင်းအားကြီးမှာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းနေပြီ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ အဝေးမှကြည့်လိုက်မည်ဆိုပါက ယခုအကြိမ် တိုက်ပွဲကြီးမှာ လေမုန်တိုင်းတစ်ခုနှင့် ဆင်တူနေ၏။
တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ကျိုးရိရှန်၏ စခန်းမှာ တစ်စစီ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် သူသည် မကျေမချမ်းဖြစ်ကာ ပူဆွေးသောကများ ရောက်နေရ၏။ ဝမ်ပေါင်လဲ့၏ နယ်မြေနှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်၏ နယ်မြေတို့မှာ ဟင်းလင်းပြင်ကြီး ဖြစ်နေသောကြောင့် ထိုနယ်မြေများထဲသို့ ရောက်ရှိလာသော သားရဲကြီးများမှာ အဖွဲ့ခွဲသွားကြပြီး ၎င်းတို့နှင့် အနီးဆုံးတွေရှိနေသည့် နယ်မြေများဆီသို့ ဦးတည်သွားကြ၏။
ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဆန်ခါတင်မှာ ပထမသားရဲစီးကြောင်းတုန်းက သိသိသာသာ ထိခိုက်နစ်နာမှု မရှိခဲ့သောကြောင့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများအား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေ၏။ သို့သော် ကျိုးရိရှန်မှာ သူ့ထက် အများကြီးပို၍ အားအင်ချိနဲ့နေခဲ့သောကြောင့် သူ့ဆီသို့ ဦးတည်လာခဲ့သည့် သားရဲများမှာ ပို၍များနေ၏။
ကျိုးရိရှန်မှာ တစ်နာရီတိတိ တောင့်ခံလိုက်ပြီးနောက် ဆက်လက်တောင်ခံနိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် သူ၏ အစေခံများမှာ အသည်းအသန် ထွက်ပြေးသွားကြချိန်တွင် ကျိုးရိရှန်မှာ ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်ကာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
” ဝမ်ပေါင်လဲ့။ ငါ ဘယ်လောက်များ ကံဆိုးနေလို့ မင်းနဲ့ ဘေးချင်းကပ်ရပ် ကျရတာလဲကွာ။ ငါ မင်းကို မုန်းတယ် ”
ကျိုးရိရှန်မှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် ဒေါသစိတ်များကြောင့် မျက်နှာကြီးတစ်ခုလုံး နီမြန်းသွား၏။ ထို့နောက် သူသည် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ကဲ့သို့ပင် ပြိုင်ပွဲမှ ပထမဆုံးထွက်ရသည့်သူ မဖြစ်ချင်သောကြောင့် သူ၏ မကျေနပ်ချက်များကို မျိုသိပ်လိုက်ပြီး တူးမြောင်းတစ်ခုကို တူးလိုက်၏။ ထို့နောက် သူသည် ထိုတူးမြောင်းထဲသို့ ဝင်ပုန်းနေလိုက်တော့သည်။
ထိုသို့ဖြင့် သူ အမျက်ချောင်းချောင်း ထွက်နေချိန်တွင် သူ၏ စခန်းမှာ ရုတ်တရက်ဆိုသလို ပြိုကျသွားပြီး နင်းခြေခံလိုက်ရတော့သည်။
ဝမ်ပေါင်လဲ့နှင့် အခြားဆန်ခါတင်နှစ်ယောက် သေချင်ယောင်ဆောင်နေသည်ကို မြင်လိုက်ရသောအခါ အခြားဆန်ခါတင်များမှာလည်း ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။ နဂိုတုန်းက ထိုသုံးယောက်ဆီသို့ ဦးတည်လာနေကြသော ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ အုပ်စုများခွဲကာ အခြားသားရဲကြီးများနှင့် ပူးပေါင်းသွားကြတော့မည် မဟုတ်ပါလော။ ထို့ကြောင့် ကျန်ရှိနေသေးသည် ဆန်ခါတင်များ ရင်ဆိုင်ရမည့် ဖိအားများမှာ ချက်ချင်းဆိုသလို မြင့်တက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် နဂိုအတိုင်းသာဆိုလျှင် အရမ်းကြီး ခက်ခဲနေမည်မဟုတ်သော ဒုတိယသားရဲစီးကြောင်းထဲတွင် ဆန်ခါတင်အားလုံးမှာ အများကြီး ထိခိုက်နစ်နာသွားခဲ့ရ၏။ နောက်ထပ် တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် သားရဲစီးကြောင်းကြီးမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ထိုအချိန်တွင် လီယီနှင့် အခြားသူများမှာ တူးမြောင်းများထဲမှ ထွက်လာကြသည့် ဝမ်ပေါင်လဲ့နှင့် အခြား ဆန်ခါတင်နှစ်ယောက်အား ဒေါသထွက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အံတကြိတ်ကြိတ် ဖြစ်နေကြတော့သည်။
ဝမ်ပေါင်လဲ့ကမူ တခစ်ခစ်ရယ်မောလိုက်၏။ ပြည်ထောင်စုဥက္ကဋ္ဌကြီးတစ်ယောက် ဖြစ်လိုလျှင် အရေထူနေရမည်ဖြစ်ကြောင်း သူက မှတ်ယူထားသည်။ ဥပမာပြရမည်ဆိုလျှင် ယခုလက်ရှိ အခြေအနေကြီးမှာ ထိုစွမ်းရည်အား လေ့ကျင့်နိုင်မည့် အထူးအခွင့်အရေးကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူသည် တည်ကြည်မှုအပြည့်ဖြင့် ဖုန်ခါလိုက်ပြီး သက်ပြင်းချကာ ဆိုလိုက်၏။
” ဒါပဲလားကွ။ ငါက ဒီအတိုင်း လှဲနေရုံလေးနဲ့ နိုင်သွားတာလား။ အခုလို ဉာဏ်ပြေးတဲ့ နည်းလမ်းကို သုံးပြီးတော့ ပထမအဆင့် ရသွားမယ်ဆိုရင် စိတ်ကူးနဲ့ မှန်းသာကြည့်လိုက်တော့။ ငါ့ရဲ့ နာမည်က သမိုင်းတွင်သွားမှာ သေချာတယ် ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်တို့မှာမူ သူ့လောက် အရေမထူသောကြောင့် ကြောင်အန်းအန်းဖြစ်ကာ အလွန်အင်မတန်မှ ရှက်နေကြတော့သည်။
သို့သော် သူတို့ဆီတွင် အခြားရွေးချယ်စရာ မရှိပေ။ မည်သူကမှ ပြိုင်ပွဲမှ ပထမဆုံး နုတ်ထွက်ရသည်သူ မဖြစ်ချင်သောကြောင့် ရှက်စိတ်များကို မျိုသိပ်ထားရ၏။ တစ်ချိန်ထဲမှာပင် သူတို့နှစ်ယောက်စလုံးမှာ ဝမ်ပေါင်လဲ့အား ဒေါသတကြီး စိုက်ကြည့်နေကြ၏။ သားရဲကြီးများမှာ ထိုနယ်မြေအား ထာဝရ လျစ်လျူရှုထားလိမ့်မည်မဟုတ်ကြောင်း သူတို့က ယုံကြည်ထားကြသည်။ ထိုသို့သာ မဟုတ်ပါက ဝမ်ပေါင်လဲ့အတွက် လွယ်ကူလွန်းနေမည် ဖြစ်သည်။
ထို့နောက် သူတို့ ယုံကြည်ထားသည့်အတိုင်း ဖြစ်လာ၏။ နှစ်နာရီတိတိ ကုန်ဆုံးသွားပြီး တတိယသားရဲစီးကြောင်း ထွက်ပေါ်လာသောအခါ လူတိုင်းမှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထိုပတ်ဝန်းကျင်ကြီးတစ်ခုလုံး၏ အပူချိန်မှာ သိသိသာသာ ကျဆင်းသွား၏။ တစ်ချိန်ထဲမှာပင် သူတို့မှာ အချုပ်အနှောင်ထဲမှ ဝိညာဉ်ကဲ့သို့သော သတ္တဝါပေါင်း မြောက်မြားစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုဝိညာဉ်အချို့မှာ လေထဲတွင်ပျံဝဲနေကြပြီး အချို့မှာ မြေကြီးထဲသို့ တိုးဝင်သွားကြသလို အချို့မှာ မြေကြီးအောက်ထဲမှ ထိုးထွက်လာကြ၏။ အဝေးမှကြည့်လိုက်မည်ဆိုပါက ထိုကဲ့သို့သော ဝိညာဉ် အမြောက်အမြားကို မြင်ရမည်ဖြစ်သည်။ နယ်မြေအသီးသီးဆီသို့ ဦးတည်လာကြသော ထို ဝိညာဉ်များမှာ သံမဏိနံရံများကိုပင် အတိုင်းအတာတစ်ခုအထိ ဖောက်ထွင်းနိုင်စွမ်း ရှိနေသည့်ပုံပင်။ ၎င်းတို့မှာ နားစည်များပင် ကွဲအက်သွားစေနေသည့် အသံမျိုးဖြင့် စူးရှစွာ အော်ဟစ်လိုက်၏။ သူတို့ အော်ဟစ်သံများကြောင့် ထွက်ပေါ်လာသော အသံလှိုင်းများမှာ အရာအားလုံးကို တုန်ရီသွားစေ၏။
ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်တို့မှာ တူးမြောင်းထဲ၌ လဲလျောင်းရန် ပြင်နေကြချိန်တွင် ထိုမြင်ကွင်းများကို မြင်လိုက်ရ၏။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးသာမက ဝမ်ပေါင်လဲ့ပင်လျှင် အံ့အားသင့်သွားရတော့သည်။ ယခုအကြိမ်တွင် သေချင်ယောင်ဆောင်၍ ရတော့မည်မဟုတ်ကြောင်း သူတို့က သိသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သောကြောင့် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဧရာမ အော်လံကြီးဆယ်လုံးကို ထုတ်ယူလိုက်တော့သည်။
ထို့နောက် သူသည် ၎င်းတို့အားလုံးကို သူ၏ နယ်မြေထဲတွင် နေရာချထားလိုက်ပြီး တစ်ပြိုင်နက်တည်း ဖွင့်လိုက်၏။
ဝမ်ပေါင်လဲ့က ပိုင်ရှောင်ချန်းထက်တောင် ရယ်နေရတယ်