ယခုတွင် ကမ္ဘာကြီးပေါ်၌ဖြစ်စေ၊ အင်္ဂါဂြိုဟ်ပေါ်၌ဖြစ်စေ၊ ပြည်ထောင်စုကြီးထဲရှိ လူတိုင်းမှာ အသက်များ အောင့်ထားရပြီ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများ၏ ကြောက်မက်ဖွယ်ရာ ပုံသဏ္ဍာန်များနှင့် အော်ဟစ်မြည်တမ်းသံများမှာ ခပ်လှမ်းလှမ်း၌သာ ရှိနေသေးသည့်တိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မှုများမှတစ်ဆင့် ကြည့်ရှုနေကြသော ပွဲကြည့်ပရိသတ်များအတွက်မူ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေပြီဖြစ်သည်။
ထို့ကြောင့် လူတိုင်း၏ အမူအရာများမှာ တည်ကြည်သွားကြ၏။ သူတို့ပင်လျှင် ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင် အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲတွင် ရှိနေသော လူများ၏ အမူအရာများကို ခန့်မှန်းကြည့်နိုင်ပေသည်။
ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများမှာ အရုပ်ဆိုးကာ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့မှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေပြီး အရပ်မျက်နှာတစ်ဖက်ထဲမှ ပြေးထွက်လာခြင်းမရှိဘဲ အချုပ်အနှောင်ကြီး၏ ထိန်းချုပ်မှုကို ခံထားရသောကြောင့် မတူညီသော အရပ်မျက်နှာဆယ်ဖက်ဆီမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြ၏။ သူတို့၏ ပစ်မှတ်မှာ…. ဆန်ခါတင်ဆယ်ယောက် ရှိနေသော နယ်မြေများဖြစ်သည်။
နယ်မြေတစ်ခုချင်းစီသို့ ပြေးလာနေသည့် သားရဲကြီးများ၏ အရေအတွက်မှာ တစ်ထေရာတည်း မတူပါသော်လည်း အကြမ်းဖျင်းခန့် ထပ်တူညီနေသည်ဖြစ်ရာ အတိုင်းအတာတစ်ခုအထိ မျှတမှုရှိသည်ဟု ဆိုနိုင်ပေသည်။
ဤပြိုင်ပွဲကြီးမှာ နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်မည့် ဆန်ခါတင်ကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ ထို့အပြင် ဤသားရဲစီးကြောင်းကြီးမှာ အဆက်မပြတ် ထွက်ပေါ်လာနေမည် မဟုတ်ပေ။ အချုပ်အနှောင်ကြီး၏ စွမ်းအားကို ထိန်းချုပ်ကာ သားရဲကြီးများကို တစ်သုတ်ပြီးတစ်သုတ်ခွဲ၍ စေလွှတ်မည်ဖြစ်ရာ ကြားထဲတွင် အနားယူချိန် ရှိပေသည်။
ဤ ပထမဆုံး သားရဲစီးကြောင်းထဲတွင် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးပေါင်း မြောက်မြားစွာ ရှိနေပါသော်လည်း ၎င်းတို့ အများစု၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ သာမန်အဆင့်ဖြစ်သော ရှေးဟောင်းသိုင်းပညာအဆင့်တွင်သာ ရှိနေသေးသည်။ အချုပ်အနှောင်ကြီး၏ ထိန်းချုပ်မှုများကြောင့် အာနာပါနအဆင့် သားရဲကြီးအချို့ ပါလာသည့်တိုင်အောင် များများစားစား မရှိပေ။ သို့သော်ငြားလည်း ၎င်းတို့၏ အရေအတွက်မှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေဆဲပင်။ အဝေးမှကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ လှိုင်းလုံးများကဲ့သို့ နယ်မြေဆယ်ခုဆီသို့ ပြေးလာနေကြ၏။
အခြားဆန်ခါတင်ကိုးယောက် တည်ဆောက်ထားသည် ပုံစံငယ်စခန်းများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဝမ်ပေါင်လဲ့၏ ပုံစံငယ်စခန်းလေးမှာ အဘက်ဘက်မှ နိမ့်ကျနေ၏…
ထို ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများ ထွက်ပေါ်လာသည်နှင့် လီယီနှင့် အခြားသူများမှာ ချက်ချင်းပင် အမိန့်များပေးလိုက်ကြ၏။ ထို့ကြောင့် သူတို့ တည်ဆောက်ထားသော စခန်းများထဲရှိ မီးနတ်ဘုရားအမြောက်များ၊ ပေါင်လဲ့အမြောက်များနှင့် အခြား တိုက်ပွဲသုံး ဝိညာဉ်လက်နက်များမှာ စတင်လည်ပတ်လာကြသလို သိုင်းပညာကျင့်ကြံသူများမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုကဲ့သို့ ခုခံတွန်းလှန်နေကြစဉ်တွင် လီယီနှင့် အခြားသူများမှာ သူတို့၏ စခန်းများကို ဆက်လက်တည်ဆောက်နေကြဆဲပင်။ နောက်ဆုံးအချိန်အထိ တောင့်ခံလိုပါက စက္ကန့်တိုင်းမှာ အဖိုးတန်ကြောင်း သူတို့က နားလည်ထားသည်။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ အဝေးမှနေ၍ သူ့ဆီသို့ ပြေးလာနေကြသည့် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေ၏။ သူသည် ချက်ချင်းဆိုသလိုပင် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ပြန်ကျလာ၏။ ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ခြေထောက်နှစ်ဖက်အောက်တွင် ရှိနေသော မြေပြင်ကြီးမှာ ထပ်ခြမ်းကွဲသွား၏။ မြေကြီးများမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြပြီးနောက် မြေပြင်ကြီးထဲတွင် တူးမြောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုတူးမြောင်းထဲသို့ ခုန်ဝင်သွားလိုက်၏။ ထို့နောက် သူ၏ ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဘေးပတ်ပတ်လည်ရှိ မြေကြီးများကို စုပ်ယူလိုက်သောကြောင့် ၎င်းတို့မှာ သူ့အား ဖုံးလွှမ်းသွားပြီး မြေပြင်ကြီး၏အောက်၌ မြှုပ်နှံလိုက်တော့သည်။
ဘေးနားတွင် ရပ်နေသော မြည်းလေးမှာ ဆွံ့အသွားရပါသော်လည်း အလျင်အမြန် တုံ့ပြန်လိုက်ပြီး ဝမ်ပေါင်လဲ့အတိုင်း တူးမြောင်းတစ်ခုကို တူးကာ ထိုတူးမြောင်းထဲသို့ ဝင်သွားလိုက်၏။
ထိုမြင်ကွင်းကြောင့် အစတုန်းက စိုးထိတ်နေခဲ့ရသည့် ပွဲကြည့်ပရိသတ်များအားလုံးမှာ အံ့အားသင့်သွားရ၏။ သူတို့မှာ ယခုလေးတင်မှ လတ်လတ်ဆတ်ဆန် တူးထားသော တူမြောင်းများထဲ၌ သူတို့ကိုယ်သူတို့ မြေမြှုပ်လိုက်ကြသည့် ဝမ်ပေါင်လဲ့နှင့် သူ၏မြည်းလေးတို့ကိုကြည့်ရင်း ဆွံ့အနေရတော့သည်
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က…. သူ့ကိုယ်သူ မြေမြှုပ်လိုက်တာလားဟ ”
” ဘာရယ်။ အဲ့လိုလုပ်လို့ရတယ်ပေါ့ ”
သူတို့သာ အံ့အားသင့်နေရသည်တော့ မဟုတ်ပေ။ ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိလ်မှာလည်း အံ့အားသင့်သွားရ၏။ အခြားဆန်ခါတင်များမှာ အဝေးတွင်ရှိနေသောကြောင့် ထိုအဖြစ်အပျက်များကို မမြင်လိုက်ရပါသော်လည်း ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိလ်၏ ဘေး၌ ရှိနေခဲ့သည်ဖြစ်ရာ သူတို့မှာ ဖြစ်ကြောင်းကုန်စင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။ သူတို့မှာ သားရဲစီးကြောင်းအား ခုခံတွန်းလှန်ရာ၌ အာရုံအပြည့် စိုက်ထားရသောကြောင့် ထိုအကြောင်းကို တွေးတောနေရန် အချိန်မရှိပေ။ သို့သော် သိပ်မကြာခင်တွင် ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်မှာ ဒေါသတကြီးနှင့် သွေးရူးသွေးတန်း အော်ဟစ်လိုက််ကြတော့သည်။
” ဝမ်ပေါင်လဲ့ မင်းက လုံးဝအရှက်မရှိတဲ့ကောင်ပဲ ”
” သူ့ကို တိုင်ရအောင်။ ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ကလိမ်ကျနေတာ ”
သူတို့မှာ စိတ်ကိုတည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။ ဝမ်ပေါင်လဲ့နှင့် မြည်းလေးတို့မှာ အဆောက်အဦ တစ်ခုတလေပင် ရှိမနေသော နယ်မြေတစ်ခုထဲတွင် တူးထားသည့် တူးမြောင်းများထဲ၌ သူတို့ကိုယ်သူတို့ မြေမြှုပ်လိုက်ကြသည် မဟုတ်ပါလော။ သားရဲကြီးများမှာ အမျက်ချောင်းချောင်း ထွက်နေသည့်တိုင်အောင် စုံလုံးကန်းနေသည့် သတ္တဝါများ မဟုတ်ပေ။ ၎င်းတို့မှာ ထိုနယ်မြေထဲ၌ အဆောက်အဦတစ်ခုမှ ရှိမနေသည့်အပြင် လူတစ်ယောက်တလေပင် ရှိမနေသည်ကိုလည်း သတိထားမိသွားကြ၏။ သို့သော် သူတို့မှာ အလွန်အင်မတန်မှ သွေးဆာနေသောကြောင့် သူတို့၏ အာရုံများမှာ အနီးဆုံးတွင်ရှိနေသည့် နယ်မြေနှစ်ခုပေါ်သို့ ကျရောက်သွားကြတော့သည်။
ထို့ကြောင့် ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှာ ဆန်ခါတင်ပုဂ္ဂိုလ်မှာ သူတို့၏နယ်မြေများဆီသို့ ပြေးလာနေသည့် သားရဲစီးကြောင်းကြီးကိုသာမက ဝမ်ပေါင်လဲ့ ခုဟပ်တွန်းလှန်ရမည့် သားရဲစီးကြောင်းကြီးကိုပါ ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ထိုဖိအားကြီးမှာ ကြီးမားလွန်းနေသောကြောင့် သူတို့နှစ်ယောက်စလုံးမှာ အမျက်ချောင်းချောင်း ထွက်သွားကြပြီး သွေးရူးသွေးတန်း အော်ဟစ်နေကြတော့သည်။ ကျိန်ဆဲသံများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ သို့သော် သူတို့မှာ ဘာမှမလုပ်နိုင်တော့ပေ။ သူတို့၏ လူအင်အားမှာ များပြားလွန်းနေသောကြောင့် တူးမြောင်းများတူးလည်း အချည်းနှီးသာ ဖြစ်နေမည်ဖြစ်သည်။
သူတို့တည်ဆောက်ထားသော စခန်းများမှာ အပြင်ပန်းတွင် ခိုင်ခံမှုအပြည့်ရှိသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ ရိုးရိုးရှင်းရှင်းသာ တည်ဆောက်ထားခြင်းဖြစ်သည်။ သားရဲကြီးများမှာ ထူး၍ အစွမ်းထက်မနေပါသော်လည်း ၎င်းတို့၏ အရေအတွက်မှာ များပြားလွန်းနေသည် မဟုတ်ပါလော။ အကယ်၍ သူတို့မှာ သူတို့ဆီသို့သာ ဦးတည်လာကြမည့် သားရဲများကိုသာ ခုခံတွန်းလှန်ရမည်ဆိုပါက အောင်မြင်နိုင်မည် ဖြစ်ပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့၏ သားရဲကြီးများကိုပါ တာဝန်ယူရတော့မည်ဖြစ်ရာ ကြံရာမရ ဖြစ်နေကြပြီဖြစ်သည်။
ကျိုးရိရှန်မှာမူ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမက သူ့အား ထောက်ပံ့မှုအပြည့်အဝ ပေးထားသောကြောင့် အနည်းငယ်ခန့် ခံသာသွား၏။ သို့သော် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်မှာမူ အခက်တွေ့နေရပြီဖြစ်သည်။ ယခုပြိုင်ပွဲတွင် အင်္ဂါဂြိုဟ်စစ်တပ်က အဓိကထောက်ပံ့ပေးထားသည့် ဆန်ခါတင်ပုဂ္ဂိုလ်မှာ ခုန်းတောက်ဖြစ်နေသည် ဖြစ်ပြီး သူသည် အိမ်ဖြည့်အဆင့်သာ ရှိနေသည်မဟုတ်ပါလော။ ထို့အပြင် သူ၏ အစေခံများမှာ ခုန်းတောက်၏ အစေခံများထက် အဘက်ဘက်မှ နိမ့်ကျနေသောကြောင့် ယခုကဲ့သို့ ဖိအားကြီးနှင့် ကြုံတွေ့လိုက်ရသည့် အချိန်တွင် သူတည်ဆောက်ထားသော စခန်းလေးမှာ ချက်ချင်းပင် ပျက်စီးသွားတော့သည်။
ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးပေါင်းမြောက်မြားစွာမှာ သူတို့ဆီသို့ ပြေးလာနေကြပြီဖြစ်ရာ အင်္ဂါဂြိုဟ်စစ်တပ်မှာ ဆန်ခါတင်၏ အစေခံများမှာ ဤပြိုင်ပွဲထဲတွင် အသက်စွန့်ရဲကြတော့မည့် မဟုတ်ပေ။ အစပိုင်းတွင် သူတို့မှာ ခုခံတွန်းလှန်နိုင်ခဲ့ပါသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံးမှာ ဒဏ်ရာများ ရထားကြပြီဖြစ်သည်။ သူတို့မှာ သားရဲကြီးပေါင်း မြောက်မြားစွာကို သတ်ဖြတ်ပြီးခဲ့သည့်တိုင်အောင် ပထမအသုတ်မှာ ပြီးဆုံးသွားမည့် အရိပ်အယောင်ပင် မပေါ်သေးသောကြောင့် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
ထို့ကြောင့် ခဏအကြာတွင် သူတို့ထဲမှ အချို့မှာ နောက်သို့ဆုတ်ခွာသွားကြပြီး စစ်မြေပြင်ထဲမှ ထွက်ခွာသွားကြတော့သည်။ မိမိတို့၏ နယ်မြေထဲမှ ထွက်ခွာမိလိုက်သည်နှင့် တစ်ပြိုင်နက် ဆက်လက်ယှဉ်ပြိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။ သို့သော်ငြားလည်း ယခုကဲ့သို့ မရေမတွက်နိုင်လောက်အောင် များပြားနေသည့် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် လူအများစုမှာ အသက်လု၍ ထွက်ပြေးသွားကြမည်သာဖြစ်သည်။
ထိုသို့ဖြင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်၏ စခန်းမှာ ဖျက်ဆီးခံလိုက်ရပြီး သူ၏ အစေခံများမှာလည်း အရက်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြတော့သည်။ သူ၏ ကြိုးစားမှုများ အချည်းနှီးဖြစ်သွားရသည်ကို မြင်လိုက်ရသောအခါ အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်မှာ အလွန်အင်မတန်မှ မကျေမချမ်းဖြစ်ကာ ဒေါသထွက်သွားရ၏။ သူသည် ပြိုင်ပွဲမှ ပထမဆုံး နှုတ်ထွက်ရသည့်သူ မဖြစ်ချင်သောကြောင့် မျက်လုံးနီကြီးများဖြင့် ထောင့်စွန်းနားရှိ နေရာတစ်ခု၌ တူးမြောင်းတစ်ခု တူးလိုက်ပြီး ထိုတူးမြောင်းထဲ၌ ဝင်ပုန်းနေလိုက်တော့သည်။
သူသည် ထိုကဲ့သို့ ဝင်မပုန်းခင်တွင် ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့လှည့်၍ ဒေါသတကြီး လှမ်းအော်လိုက်၏။
” ဝမ်ပေါင်လဲ့။ မင်းနဲ့ငါ ဒီလောက်နဲ့ စားရင်းပြတ်သွားလိမ့်မယ်လို့ မထင်နဲ့ ”
သူထိုကဲ့သို့ တူးမြောင်းတူးကာ မြေကြီးအောက်၌ ဝင်ပုန်းလိုက်ပြီး သူ၏ အစေခံများ ထွက်ပြေးသွားကြပြီနောက် သူ အစတုန်းက ဤနေခဲ့သော နေရာလေးမှာ ချက်ချင်းဆိုသလိုပင် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများ၏ နင်းခြေခြင်းကို ခံလိုက်ရ၏။ ထိုသားရဲကြီးများမှာ ထိုနယ်မြေထဲ၌ ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေလိုက်ပြီးနောက် အရက်မျက်နှာနှစ်ဖက်သို့ ခွဲထွက်သွားကြ၏။
အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်နှင့် ဘေးချင်းကပ် ရှိနေသည့်လူမှာ ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဆန်ခါတင်ပုဂ္ဂိုလ်ဖြစ်နေ၏။ သူသည် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်၏ ကျရှုံးမှုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါသော်လည်း ကံကောင်းသည့်အချက်မှာ သူ့ဘက်သို့ လမ်းကြောင်းပြောင်းလာသည့် သားရဲကြီးများ၏ အရေအတွက်မှာ သိပ်မများပေ။ ထို့ကြောင့် သူသည် ၎င်းတို့အား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေဆဲပင်။ သို့သော် ကျိုးရိရှန်မှာမူ တစ်ပူပေါ် တစ်ပူဆင့်သွားရပြီ ဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့ဆီမှ လမ်းကြောင်းပြောင်းလာသော ဖိအားများကို ရင်ဆိုင်နေရသည့်အပြင် ယခုတွင်လည်း အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်၏ နယ်မြေထဲရှိ သားရဲတစ်ဝက်တိတိကိုပါ ထပ်၍ရင်ဆိုင်ရတော့မည်ဖြစ်ရာ အရှင်လက်လက် ငရဲကျနေရသကဲ့သို့ ဖြစ်နေတော့သည်။
သူ၏ နှလုံးသားထဲ၌ခံစားနေရသော အမုန်းတရားများမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ပြင်းထန်နေပြီဖြစ်ပါသော်လည်း သူသည် အောင့်အီးသည်းခံ၍ ခုခံတွန်းလှန်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူ၏ မီးနတ်ဘုရားအမြောက်များနှင့် စခန်းနံရံများမှာ တဖြည်းဖြည်းနှင့် ပျက်စီးလာကြပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် သူ၏ အစေခံများ၏ တိုက်ရည်ခိုက်ရည်စွမ်းအား သုံးဆယ်ရာခိုင်နှုန်းတိတိ အဆုံးရှုံးခံကာ သားရဲကြီးများအားလုံးကို သုတ်သင်ရှင်းလင်းနိုင်သွား၏။ ထိုအချိန်တွင် ပထမသားရဲစီးကြောင်းကြီးမှာ ပြီးဆုံးသွားတော့သည်။
ထိုသားရဲစီးကြောင်းကြီး တစ်ခုလုံးမှာ အချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့၏။ သို့သော် ထိုအချိန်နှစ်နာရီမှာ ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်အတွက်မူ အိပ်မက်ဆိုးကြီး တစ်ခုကဲ့သို့ပင်။ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုနေကြသည့် ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်များမှာမူ အံ့ဩတုန်လှုပ်ကာ ရီဝေဝေဖြစ်နေရဆဲပင်။
” ကြီးလိုက်တဲ့ တူးမြောင်းကြီး ”
” ကိုယ့်ရဲ့ပြိုင်ဘက်တွေကို ဒီလိုတုံ့ပြန်ရင်ဆိုင်တဲ့ လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး ”
ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်တို့မှာ အလွန်အင်မတန်မှ သနားစရာကောင်းနေပြီဖြစ်သည်။ တစ်ယောက်မှာ ခြေတစ်ဖက်ဆာ အခြားတစ်ယောက်မှာ ခြေနှစ်ဖက်စလုံးဆာနေသည့် အနေအထားသို့ ရောက်နေကြပြီဖြစ်ပြီး သူတို့နှစ်ယောက်စလုံးမှာ အရှုံးပေးရန် သီသီကလေးသာ လိုတော့သည်ဖြစ်သည်။
လီယီနှင့် အခြားဆန်ခါတင်များမှာမူ အေးအေးဆေးဆေး ရှိနေဆဲပင်။ သူတို့မှာ သားရဲစီးကြောင်းကြီးကို ခုခံတွန်းလှန်ခဲ့ပြီးနောက် ကျိုးရိရှန်နှင့် ဝမ်ပေါင်လဲ့တို့ကြား ဖြစ်ပျက်သွားခဲ့သည့် ကိစ္စကြီးကို သတိထားမိလိုက်ကြ၏။ ထိုအခါ သူတို့မှာ အသက်ရှူသံများ ရပ်တန့်သွားကြပြီး ဝမ်ပေါင်လဲ့နှင့် ဘေးချင်းကပ် ရှိမနေခဲ့သည်မှာ ကံကောင်းသည်ဟု တွေးနေကြတော့သည်။ ထို့နောက် သူတို့မှာ အတွေးလွန်နေရန် အချိန်မရှိသောကြောင့် ဒုတိယသားရဲစီးကြောင်းကြီး ရောက်မလာခင်တွင် သူတို့၏ စခန်းများ ပိုမိုခိုင်ခန့်လာစေရန်အတွက် ရသမျှအချိန်ကို အသုံးချ၍ ၎င်းတို့အား ပြန်လည်ပြုပြင်ကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေလိုက်တော့သည်။
သားရဲစီးကြောင်းကြီး ပြီးဆုံးသွားပြီး ပြည်ထောင်စုကြီးထဲရှိ ပွဲကြည့်ပရိသတ်များ ဆွေးနွေးငြင်းခုံနေကြစဉ် ကျိုးရိရှန်မှာ သူနှင့် ဝမ်ပေါင်လဲ့တို့၏ နယ်မြေနှစ်ခု ထိစပ်နေသောနေရာသို့ ချက်ချင်းပင်သွားလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
” ဝမ်ပေါင်လဲ့။ အပြင် ထွက်ခဲ့စမ်း ”
” ဝမ်ပေါင်လဲ့။ ငါ မင်းနဲ့ စာရင်းရှင်းချင်တယ်ဟေ့ ” အခြားတစ်ဖက်မှနေ၍လည်း အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်၏ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ သူသည် လူသတ်ပစ်ချင်စိတ်များ ပေါက်နေသည်အထိ အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။
သူတို့နှစ်ယောက် ထိုကဲ့သို့ ဒေါသတကြီးအော်ဟစ်နေစဉ်တွင် ဝမ်ပေါင်လဲ့မှာ တူးမြောင်းထဲမှထွက်ပေါ်လာပြီး မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ခေါင်းမော့ကာ ဘေးဘီဝဲယာအား ကြည့်ရှုလိုက်၏။ ထိုနယ်မြေထဲရှိ မြေပြင်ပေါ်ရှိ မြက်ပင်ရိုင်းများမှာ သိသိသာသာ လျော့နည်းသွားပြီဖြစ်သည်။ မြေပြင်ကြီးမှာ မညီမညာ ဖြစ်သွားသည့်တိုင်အောင် သူ၏ရှေ့တွင်မြင်နေရသော မြေပြင်ကြီးမှာ ယခင်ကအတိုင်း ကျတ်တီးမြေကြီး ဖြစ်နေဆဲပင်။ ထို့ကြောင့် ညီညာမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကွဲပြားခြားနားမှုမရှိပေ။
တစ်ချိန်ထဲမှာပင် သူသည် သူနှင့် ဘေးချင်းကပ် ရှိနေခဲ့သော ဆန်ခါတင်နှစ်ယောက်၏ သနားဖွယ်ရာ အခြေအနေများကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ချောင်းဟန့်လိုက်ပြီး ယမ်းပုံမီးကျ ပေါက်ကွဲနေသော ကျိုးရိရှန်နှင့် အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်ပုဂ္ဂိုလ်တို့အား အပြစ်ကင်းစင်သည့် အကြည့်ဖြင့် ကြည့်၍ မေးလိုက်တော့သည်။
” မင်းတို့နှစ်ယောက်စလုံး ဘာဖြစ်နေကြတာလဲကွ။ ငါက စည်းကမ်းဖောက်ခဲ့လို့လား။ ပထမသားရဲစီးကြောင်းကို ဉာဏ်သုံးပြီး ခုခံကာကွယ်တာ ဘာမှားလို့လဲ “
ဝမ်ပေါင်လဲ့ကွ