အမှောင်ကျနေတဲ့ လိုဏ်ခေါင်းတစ်ခုအတွင်းက ကျောက်တုံးစင်မြင့်တစ်ခုအပေါ်မှာ ရုတ်တရက်အလင်းရောင်တွေ စုဝေးလာခဲ့ပြီး လေဟာနယ်ကတုန်ခါလာကာ ပုံရိပ်နှစ်ခုက အလင်းတန်းထဲကနေ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်ကြိမ်ရွှေ့ပြောင်းပို့ဆောင်ခြင်းနဲ့ ကြုံလိုက်ရတဲ့အခါ ဇူယွမ်ရဲ့ခေါင်းက မူးဝေသွားခဲ့ရသည်။ ဒီမသက်မသာဖြစ်နေတဲ့ခံစားမှုတွေ ပြေပျောက်သွားစေဖို့အတွက် သူ့ရဲ့နဖူးတွေကို နှိပ်နယ်နေလိုက်မိသည်။
“ယွမ်အာလား?”
အလင်းရောင်တွေ ပျံ့ကြဲသွားတဲ့အချိန်မှာ သူတို့ရဲ့ရှေ့ကနေ အံ့အားသင့်ကာ ပျော်ရွှင်နေတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ ဇူယွမ်ခေါင်းကို မော့ကြည့်လိုက်သည့်အခါ ကျောက်တုံးစင်မြင့်ရဲ့ရှေ့မှာ ဝမ်းသာအားရစွာသူ့ကိုကြည့်နေတဲ့ ဇူချင်ကို မြင်တွေ့လိုက်ရသည်။
ဇူယွမ်ကပြုံးပြီးပြောလိုက်သည်။ “အဖေ…”
“လူရှုပ်လေး မင်းကငါ့ကို အရမ်းကိုထိတ်လန့်စေခဲ့တာပဲ…” ဇူချင်ရဲ့မျက်လုံးတွေထဲမှာ စိတ်မရှည်နိုင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး သူကလျှင်မြန်စွာနဲ့ ရှေ့ကိုလျှောက်သွားခဲ့လိုက်သည်။ ဇူယွမ်ကျောက်တုံးစင်မြင့်ပေါ်မှာ ပျောက်ကွယ်သွားတာ နေ့တစ်ဝက်လောက် ကြာမြင့်နေပြီဖြစ်သည်။ ထိုမြင်ကွင်းက သူ့ကိုအကြီးအကျယ်ထိတ်လန့်စေခဲ့ပြီး တစ်ခုခုကို ဆုံးရှုံးသွားခဲ့ရသလို ဖြစ်စေခဲ့သည်။
ဇူယွမ်က ဇူချင်ရဲ့အမူအယာကို မြင်လိုက်ရတဲ့အခါ ဇူချင်တစ်ယောက်ဒီနေရာမှာ သူကိုယ်တိုင်သေဆုံးသွားမှာကို စိုးရိမ်နေတဲ့အလား ဝမ်းနည်းစွာခံစားနေရတာကို နားလည်ခဲ့ရသည်။ ဇူယွမ်သူ့ရဲ့ခေါင်းကိုသာ ကုတ်လိုက်မိပြီး ချက်ချင်းပြောလိုက်သည်။ “အဖေ…ကျွန်တော့်ရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခု ပြန်ပေါ်လာခဲ့ပြီ!”
“ဘာ?!”
ဇူချင်ရဲ့ခန္ဓာကိုယ်က ဆတ်ခနဲဖြစ်သွားခဲ့ရပြီး ဇူယွမ်ရဲ့ပုခုံးတွေကို အလျှင်အမြန်ပဲ ရိုက်လိုက်မိသည်။ သူ့ရဲ့မူလချီတွေကလည်း ဇူယွမ်ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့ဝင်ရောက်သွားခဲ့ကြသည်။
အချိန်အနည်းငယ်ကြာ ဇူချင်ကစစ်ဆေးပြီးသွားတဲ့နောက်မှာ သူ့ရဲ့လက်တွေက တုန်ယင်လာခဲ့ရသည်။ သူ့ရဲ့စိတ်ကအရမ်းကို လှုပ်ရှားနေခဲ့ပြီး ဇူယွမ်ရဲ့ ပုခုံးတွေကို ပြင်းပြင်းထန်ထန်ပဲ ပုတ်လိုက်မိသည်။
“ကောင်းတယ် …ကောင်းတယ်…အရမ်းကိုကောင်းတယ်… ဒါကတကယ့်ကို ငါတို့ဘိုးဘေးတွေက ကောင်းချီးပေးတာပဲ… မိုးကောင်းကင်က ငါတို့ဇူကလန်ရဲ့တံခါးတွေကို ပိတ်မထားခဲ့ဘူးပဲ!” ဇူချင်ရဲ့အသံက တုန်ယင်နေကာ သူ့ရဲ့မျက်လုံးတွေကလည်း စိုစွတ်လာခဲ့သည်။ ဒါကသူ့အနေနဲ့ ဒီအချိန်မှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေမလဲဆိုတာကို မြင်နိုင်ပေသည်။
ဇူယွမ်ရဲ့ စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းလမ်းကြောင်းကို စတင်ဖို့မတတ်နိုင်ခဲ့ခြင်းက ဇူချင်ရဲ့နှလုံးသားထဲမှာ ဆူးတစ်ခုစိုက်ဝင်နေသလို အခံရခက်စေလှသည်။ အဖေတစ်ယောက်အနေနဲ့ သူ့မှာစွမ်းအားမရှိခဲ့တာကြောင့် ဇူယွမ်ရဲ့ကံကြမ္မာက သူမွေးဖွားတဲ့အချိန်မှာ ဝူဘုရင်ရဲ့ခိုးယူခြင်းကိုခံခဲ့ရပြီး ဒီလိုသနားစရာကောင်းတဲ့ အခြေအနေမျိုးကိုရောက်ရှိစေခဲ့သည်။
ဇူချင်ကနည်းလမ်းမျိုးစုံကို အသုံးပြုပြီး ရှာဖွေခဲ့ပေမဲ့ ဇူယွမ်ရဲ့စွမ်းအင်ဝင်ပေါက်တွေကို တစ်ခုတစ်လေမျှပင် ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ချေ။ ဒါ့ကြောင့်လည်း ဇူချင်က သူတို့ဇူကလန်ရဲ့ လျှို့ဝှက်စကားအပေါ်မှာသာ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်အဖြစ် မှတ်ယူထားခဲ့သည်။
အခုချိန်ထိ သူတို့ဇူကလန်ကို မိုးကောင်းကင်ကြီးက ကြည့်ရှုစောင့်ရှောက်လျက်ရှိနေပုံပင်။
အမြဲတမ်းစိတ်ပျက်အားငယ်နေတဲ့ ဇူချင်ရဲ့အခုလက်ရှိပုံစံကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ရဲ့နှလုံးသားထဲမှာ နွေးထွေးတဲ့ခံစားချက်တစ်ခု စီးဆင်းသွားခဲ့ရသည်။ ဇူယွမ်ကသူ့ရဲ့လက်တွေနဲ့ ဇူချင်ရဲ့ကျယ်ပြန့်တဲ့ ကျောပြင်ကိုညင်သာစွာဖက်လိုက်ပြီး နူးညံ့စွာပြုံးလျက် ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့အဖေ… ကျွန်တော်တို့ဇူကလန် ဆုံးရှုံးသွားခဲ့တဲ့အရာအားလုံးကို ကျွန်တော်တို့ သေချာပေါက်ကို ပြန်ယူနိုင်လိမ့်မယ်…”
ဇူချင်သူ့ရဲ့စိတ်ကို ပြန်စုစည်းလိုက်ပြီး အလျှင်အမြန်ပဲ ခေါင်းညှိတ်လိုက်မိသည်။ တစ်ချိန်တည်းမှာ သူကဇူယွမ်ရဲ့နောက်က အစိမ်းရောင်ဝတ်မိန်းခလေးတစ်ယောက်ကို မြင်လိုက်ရပြီး သူမရဲ့လက်ထဲမှာ မီးခိုးရောင်အကောင်ငယ်လေးကို ပွေ့ပိုက်ထားလျက်က သူတို့ကို စိုက်ကြည့်နေလျက်ရှိတာကို မြင်လိုက်ရသည်။
“ယွမ်အာ သူမကဘယ်သူလဲ?” သူကဇူယွမ့်ကိုကြည့်ပြီး နားမလည်နိုင်စွာနဲ့ မေးလိုက်သည်။ ဒါ့အပြင် ဇူယွမ်က ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းခလေးတစ်ယောက်နဲ့ အတူပြန်လာလိမ့်မယ်လို့လည်း သူ့အနေနဲ့ ထင်မှတ်မထားခဲ့ပေ။
ဇူချင်ရဲ့အမူအယာကို မြင်လိုက်ရတဲ့အခါ ဇူယွမ်ကလျှို့ဝှက်နယ်မြေထဲမှာ သူကြုံတွေ့ခဲ့ရတာတွေနဲ့ မြင်တွေ့ခဲ့ရတာတွေအားလုံးကို ရှင်းပြလိုက်သည်။
ဇူယွမ်ရဲ့စကားကို နားထောင်ပြီးတဲ့နောက်မှာ ဇူချင်ကအတန်ကြာတိတ်ဆိတ်သွားခဲ့ပြီးတဲ့ နောက်မှာမှ ပြောလိုက်သည်။ “ငါတို့ဇူကလန်ရဲ့ ဘိုးဘေးတွေက ဒီလျှို့ဝှက်စကားကို ချန်ထားခဲ့ကတည်းက ဒီစီနီယာနဲ့သူတို့အကြားမှာ ဆက်ဆံရေးအချို့ရှိနိုင်တယ်… ဒါ့အပြင် သူ့ရဲ့လက်ဆောင်နဲ့ ကျေးဇူးတွေကိုလက်ခံရရှိခဲ့တဲ့အတွက် သားကသူပေးတဲ့တာဝန်ကို ဖြစ်အောင်လုပ်ပေးရမယ်…”
ဇူချင်က ဒါကိုပြောပီးတဲ့နောက်မှာ အစိမ်းရောင်ဝတ်မိန်းခလေးကို နွေးထွေးစွာပြုံးပြလိုက်ရင်း ပြောလိုက်သည်။ “မိန်းခလေး… မင်းမှာခုချိန်သွားရမယ့်နေရာမရှိရင် ငါတို့ဇူကလန်မှာ လိုက်နေနိုင်တယ်… ငါတို့တွေက မင်းလုံလုံခြုံခြုံနဲ့နေနိုင်ဖို့ သေသေချာချာလုပ်ပေးပါ့မယ်…”
ယောင်ယောင်က ဇူချင်ရဲ့စကားကိုကြားရတဲ့အခါ သူမရဲ့ခေါင်းလေးကို ညင်သာစွာညှိတ်ပြလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “ကျွန်မရှင်တို့ကို ဒုက္ခပေးမိသလို ဖြစ်သွားခဲ့ပြီ…”
“ဒါကဒုက္ခမဟုတ်ပါဘူး…ဒီလောက်ကဘာမှ မပြောပလောက်ပါဘူး…” ဇူချင်သူ့ရဲ့လက်ကို ဝှေ့ရမ်းလိုက်ရင် ပြုံးပြလိုက်ပြီး ဇူယွမ့်ကိုကြည့်ကာ ပြောလိုက်သည်။ “သားရဲ့ ပြဿနာတွေလည်း ဖြေရှင်းပြီးသွားခဲ့ပြီ… ဒို့တွေတော်ဝင်ဇူမြို့တော်ကို ပြန်ဖို့ပြင်ဆင်ကြတာပေါ့… သားရဲ့အမေကလည်း ခုချိန်မှာသားရဲ့သတင်းကောင်းကို စောင့်နေလောက်ပြီ…”
ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ သူ့အနေနဲ့လည်း ဒီသတင်းကောင်းကို သူ့အမေချင်ယုအား အမှန်တကယ်ပြောပြချင်မိပေသည်။
အဲ့ဒီနောက် သူတို့သုံးယောက်လုံး တောင်ထိပ်ပေါ်က လျှို့ဝှက်လိုဏ်ခေါင်းရှိရာ အဆောက်အဦးထဲမှ ထွက်ခွာလာခဲ့ကြသည်။
ဇူချင်က နန်းတော်အစောင့်တွေကို အဆင်သင့်ပြုလုပ်ထားရန် မှာကြားဖို့အရင်ဦးဆုံး ထွက်ခွာသွားခဲ့သည်။ ယောင်ယောင်က ထန်ထန်ကို ပွေ့ပိုက်ထားလျက်မှ ချောက်ကမ်းပါးအစွန်မှာ ရပ်နေခဲ့ကာ သူမရဲ့လှပတဲ့မျက်လုံးတွေက ဒီထူးခြားတဲ့နယ်မြေကိုကြည့်ကာ အနည်းငယ်အံ့အားသင့်သွားခဲ့ရပေသည်။
လေပြေလေညှင်းလေးတွေက သူမရဲ့အဝတ်အစားတွေကို ပွတ်သပ်ကျီစယ်သွားခဲ့ပြီး သူမရဲ့ပုံစံက တစ်ယောက်တည်း အထီးကျန်ဆန်စွာရှိနေပုံပင်။ သူမရဲ့လက်ထဲက ထန်ထန်ကလည်း သူမကိုနှစ်သိမ့်ပေးနေတဲ့အလား အသံလေးတွေပေးနေသည်။
ဇူယွမ်က ယောင်ယောင်ရဲ့ဘေးကို လျှောက်သွားလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။ “အစ်မကြီးယောင်ယောင်…အစ်မစိုးရိမ်စရာမလိုပါဘူး… ဆရာ့မှာမြင့်မားတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့အတွက် သူအဆင်ပြေမှာပါ… ငါတို့တွေ အနာဂတ်မှာသူ့ကို နောက်တစ်ကြိမ်ကျိန်းသေပေါက် ပြန်တွေ့နိုင်မှာပါ…”
ယောင်ယောင်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိပေမဲ့လည်း သူမအချိန်အတော်ကြာ နေထိုင်ခဲ့တဲ့နေရာအတွက် စိုးရိမ်ပူပန်နေလျက်ရှိတာကို သူသိပေသည်။
ယောင်ယောင်ကသူ့ကိုကြည့်လိုက်ပြီး တိုးညှင်းစွာပြောလိုက်သည်။ “ကြောက်စရာကောင်းတဲ့ ရန်သူတွေလာနေတဲ့အတွက်ကြောင့် အဖိုးဟေးကငါ့ကိုအဝေးကို မောင်းထုတ်ခဲ့တယ်ဆိုတာ ငါသိတယ်…”
“အဲ့ဒီရန်သူတွေက ငါ့အတွက်ရောက်လာခဲ့ပြီးတော့ အဖိုးဟေးကငါ့အတွက် သူတို့တွေကို ရပ်တန့်ထားခဲ့တယ်…”
ကန်းယွမ်ကသူမကို ဒီအကြောင်းတွေမပြောခဲ့ပေမယ့်လည်း ဒီကပ်ဘေးကသူမကြောင့် ရောက်ရှိလာခဲ့တယ်ဆိုတာကို ကောင်းစွာခံစားနိုင်သည်။
ဇူယွမ်သူ့ရဲ့ခေါင်းကိုသာ ကုတ်လိုက်မိသည်။ သူမတို့နှစ်ယောက်ရဲ့နောက်ကြောင်းကို သူ့အနေနဲ့လည်း မသိရှိနိုင်ပေ။ ဒါ့ကြောင့်လည်း ကန်းယွမ်ကဒီအကြောင်းတွေကို ဘယ်သူမှမသိနိုင်အောင်လို့ ဒီနေရာမှာ လာရောက်ပုန်းကွယ်နေခဲ့ခြင်း ဖြစ်ရပေမည်။
ဇူယွမ်က ဖြည်းညှင်းစွာပြောလိုက်သည်။ “အစ်မကြီးယောင်ယောင်… အစ်မပြောတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဒါပေမဲ့လည်း လက်ရှိအချိန်မှာ အစ်မကကိုယ့်ကိုကိုယ် အပြစ်မတင်သင့်ဘူးလို့တော့ ငါထင်တယ်… ဒါက အစ်မအနေနဲ့ ဆရာ့ရဲ့ကြိုးစားအားထုတ်မှုတွေကို အလဟဿသွားစေလိမ့်မယ့်အပြင် သူပိုင်ဆိုင်တဲ့ အရာရာတိုင်းကိုလည်း ဆုံးရှုံးသွားစေလိမ့်မယ်…”
ယောင်ယောင်ရဲ့ သေးသွယ်တဲ့လက်ကလေးတွေက ထန်ထန်ရဲ့နူးညံ့တဲ့အမွှေးတွေကို ညင်သာစွာပွတ်သပ်ပေးနေလျက်မှ အဝေးကိုငေးမောကြည့်နေလိုက်မိသည်။ မကြာမီမှာပဲ သူမကဇူယွမ်ကို ပြုံး၍ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ “စိတ်လျှော့ရမယ်… ငါကအဲ့ဒီလိုလူစားမျိုးမဟုတ်ဘူး…နောင်တစ်ချိန်မှာ ငါကဒီကိစ္စကို အဆုံးထိရောက်အောင် ငါလုပ်သွားမယ်… အဲ့ဒီအချိန်ရောက်လာတဲ့အခါ တကယ်လို့ဘယ်သူမဆို အဖိုးဟေးကို တစ်ခုခုလုပ်ခဲ့ရင် ငါကသူတို့ကို သေချာပေါက်လက်စားပြန်ချေမယ်… သူတို့ထဲကတစ်ယောက်မှ လွတ်မသွားစေရဘူး…”
သူမရဲ့တည်ငြိမ်အေးချမ်းတဲ့အသံထဲမှာ အေစက်မှုတွေပါဝင်နေခဲ့ပြီး ဒါကဇူယွမ့်ကို အနည်းငယ်တော့ တုန်လှုပ်သွားစေခဲ့သည်။
ဒီအစ်မကြီးက ကြည့်လိုက်ရင် နတ်သမီးလေးလို နူးညံ့သိမ်မွေ့လှပေမဲ့ သူမဒေါသထွက်နေတဲ့အချိန်မှာ သူမရဲ့ပုံစံက လူသတ်ဖို့ကိုပင် တွန့်ဆုတ်တွေဝေနေလိမ့်မည် မဟုတ်ပေ။
…..
တော်ဝင်ဇူနန်းတော်။
ချင်ယုက ဒီသတင်းကို ကြားလိုက်ရခြင်းမှာပဲ ဇူယွမ့်ကို ချက်ချင်းပွေ့ဖက်လိုက်ကာ ငိုကြွေးလိုက်မိပြီး ဒါကသူ့ကို ကူကယ်ရာမဲ့စွာခံစားသွားခဲ့ရစေသည်။ ဇူချင်ကလည်း ဘေးကနေဝင်ပြောလိုက်သည်။ “ကောင်းပြီ… ကောင်းပြီ… ယွမ်အာက ကျင့်ကြံခြင်းလမ်းကြောင်းကို ပြန်ပြီးလျှောက်လှမ်းနိုင်တာက သတင်းကောင်းပဲ… ဒါက ငိုဖို့မလိုအပ်ဘူးလေ…”
“ကျွန်မကိုပဲ ပြောမနေနဲ့ ရှင်ကရော မငိုခဲ့ဘူးလား?” ချင်ယုကသူမရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး ဇူချင်ကိုစိုက်ကြည့်လိုက်သည်။
ဇူချင်က ကို့ရို့ကားယားနိုင်စွာနဲ့ သူ့နှာခေါင်းကို ပွတ်လိုက်မိသည်။ လိုဏ်ခေါင်းထဲမှာ ဇူယွမ်ရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုကို အာရုံခံစားလိုက်မိတဲ့အချိန်တုန်းက သူ့မှာမျက်ရည်ကျလုဆဲဆဲဖြစ်သွားခဲ့ရသည်။ ဒါပေမယ့်လည်း နောက်ဆုံးသူက အလျှင်အမြန်ထိန်းချုပ်နိုင်ခဲ့လိုက်သည်။
ဇူချင်ကနောက်ထပ်မပြောတော့ဘဲ အလျှင်အမြန်ပဲ အကြောင်းအရာပြောင်းလိုက်သည်။ “အရင်ဆုံးယောင်ယောင်နေဖို့အတွက် ကူပြီးစီစဉ်ပေးလိုက်ဦး…”
ဒီအချိန်မှသာ ချင်ယုကဘေးနားမှာရပ်နေတဲ့ လူတစ်ယောက်ကို သတိထားမိသွားခဲ့ရသည်။ သူမကမျက်ရည်တွေကို သုတ်လိုက်ကာ ယောင်ယောင်ကိုကြည့်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ “ယောင်ယောင်မင်းက ဒီမှာနေတဲ့အချိန်အတွင်းမှာ ဘာကိုမှဂရုစိုက်စရာမလိုဘူး… မင်းမှာဒဏ်ရာလေးတစ်ခုတောင်မရအောင်လို့ ငါတို့သေချာပေါက်ကာကွယ်ပေးမယ်…”
ချင်ယုက ယောင်ယောင့်အပေါ်များစွာ ကြင်နာယုယမှုရှိပေသည်။ ဇူယွမ့်ကို အကူအညီပေးခဲ့တဲ့အတွက် များစွာကျေးဇူးတင်ရသည့်အပြင် သူမက ဒီမိန်းခလေးကို အမှန်တကယ် သဘောကျမိတာကို ဝန်ခံရပေလိမ့်မည်။ ဒါ့အပြင် ဒီလိုလှပတဲ့မိန်းခလေးကို မြင်လိုက်ရတဲ့ ဘယ်သူမဆို သူမအပေါ်မှာ သေချာပေါက်ကို ချစ်ခင်နှစ်သက်သွားပေလိမ့်မည်။
ယောင်ယောင့်အနေနဲ့ ချင်ယုရဲ့နွေးထွေးမှုအပေါ်မှာ အနည်းငယ်တော့ ကျင့်သားမရသေးပုံပင်။ သူမဟာငယ်စဉ်ကတည်းက ကန်းယွမ်နဲ့အတူ သီးခြားနယ်မြေထဲမှာပဲ နေခဲ့ရတဲ့အတွက် ပြင်ပကလူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ရခြင်း မရှိခဲ့ပေ။ ဒါ့အပြင်သူမက ပုံမှန်အားဖြင့် တစ်ယောက်တည်းသာ သီးခြားနေလေ့ရှိပြီး တခြားလူတွေနဲ့ ကောင်းစွာဆက်ဆံတတ်ခြင်း မရှိခဲ့ချေ။
သို့ပေမယ့်လည်း သူမကချင်ယုရဲ့ နှလုံးသားထဲက ကျေးဇူးတင်မှုတွေနဲ့ ရိုးသားမှုတွေကို ခံစားသိရှိနိုင်ပေသည်။ ဒါ့ကြောင့်ပဲ သူမကဇူယွမ်ကို တစ်ချက်ကြည့်လိုက်ကာ ချင်ယုခေါ်ဆောင်ရာနောက်သို့ ငြင်းဆန်ခြင်းမရှိဘဲ လိုက်သွားခဲ့လိုက်သည်။
ချင်ယုက ယောင်ယောင်ကို အဝေးကိုခေါ်သွားတာကို မြင်လိုက်ရတဲ့အခါ ဇူချင်နဲ့ဇူယွမ်တို့ နှစ်ယောက်စလုံး ရယ်မောလိုက်မိကြသည်။
“အရှင်မင်းကြီး… ကျောင်းအုပ်ချူက တွေ့ခွင့်တောင်းပါတယ်!” နန်းတော်အစောင့် တစ်ယောက်က သတင်းပို့လိုက်သည်။
ကျောင်းအုပ်ချူက တော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်သလို ဇူချင်ရဲ့လက်အောက်မှာ အရေးပါတဲ့စစ်ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်သည့် ချူထျန်းယန်ပင်ဖြစ်သည်။
“သူ့ကိုဝင်လာခိုင်းလိုက်…” ဇူချင်ကခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားတော့မည့်ဟန်ပြင်နေတဲ့ ဇူယွမ်ကိုကြည့်ကာပြောလိုက်သည်။ “နေဦး… ဘယ်အခြေအနေပဲဖြစ်ဖြစ် သားကဇူအင်ပါယာရဲ့မင်းသားပဲ… သားအနေနဲ့လည်း ဒါတွေကိုသိခွင့်ရှိတယ်…”
ဇူယွမ်အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရသည်။ သူကပြန်ပြောခဲ့ဘဲခြင်းမရှိဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်မိသည်။
ကြံ့ခိုင်တောင့်တင်းတဲ့ခန္ဓာကိုယ်ရှိတဲ့ လူတစ်ယောက်က တံခါးမကြီးကိုကျော်ဖြတ်ကာ နန်းတော်အတွင်းကို ဝင်ရောက်လာခဲ့သည်။ ထိုလူက ခရမ်းရောင်အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့မျက်နှာက ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသူတစ်ယောက် ဖြစ်ကြောင်းဖော်ပြနေကာ သူ့ရဲ့ခြေလှမ်းတိုင်းမှာ လေတိုးသံတဝူးဝူးနဲ့ ထွက်ပေါ်နေလျက်ရှိပေသည်။
“နှုတ်ဆက်ပါတယ် အရှင်မင်းကြီး…” သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ဇူချင့်ကို ဦးညွတ်အရိုအသေပေးလိုက်ပြီး ဘေးမှာရှိတဲ့ ဇူယွမ်ကိုကြည့်လိုက်လျက် အပြုံးတစ်ခုနဲ့အတူ ခေါင်းညိတ်ပြလိုက်သည်။ “မင်းသားလေး…”
“ကျောင်းအုပ်ကြီး…” ဇူယွမ်က ပြန်နှုတ်ဆက်ဖို့ မမေ့လျော့ခဲ့ချေ။ ချူထျန်းယန်က အရေးပါတဲ့အရာရှိတစ်ယောက်ဖြစ်သည့်အပြင် သူ့အဖေရဲ့ အယုံကြည်ရဆုံး ညာလက်ရုံးတစ်ယောက်လည်းဖြစ်လေသည်။ ဒါ့အပြင်ကို သူကတော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းအုပ်လည်း ဖြစ်ပေသည်။
ဇူချင်က သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ပြုံးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ?”
ဇူချင်ရဲ့အမေးကို ကြားလိုက်ရတဲ့အခါ ချူထျန်းယန်က အရင်ဆုံး ဇူယွမ်ကို ကြည့်လိုက်မိသည်။
ဇူချင်ကရယ်မောလိုက်ပြီး “ဒါကပြဿနာမရှိဘူး… သူ့ကိုပါဒါကို နားထောင်ခိုင်းလိုက်…”
ချူထျန်းယန်ခေါင်းညိတ်ပြလိုက်သည်။ သူ့ရဲ့မျက်နှာပေါ်မှာ ခါးသီးတဲ့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။ “အရှင်မင်းကြီး… ရှုဟောင်က ကျွန်တော့်ရဲ့ ကျောင်းအုပ်နေရာကို မျက်စိကျနေတယ်…”
ဇူယွမ်ရဲ့ နှလုံးကအနည်းငယ်တုန်လှုပ်သွားခဲ့ရသည်။ ရှုဟောင်က လက်ရှိအချိန်မှာ တော်ဝင်ဇူကျောင်းတော်ရဲ့ လက်ထောင်ကျောင်းအုပ်ဖြစ်လေသည်။ သို့ပေမယ့်လည်း သူကမျက်စိမမြင်တဲ့သူတစ်ယောက်အလား ချီဘုရင်ရဲ့နောက်ကို လိုက်ပါခဲ့သည်။ သူကဇူကလန်အပေါ်မှာ စကားနဲ့သာ တာဝန်ထမ်းဆောင်နေခဲ့ပြီး ကွယ်ရာမှတော့ လျှို့ဝှက်စွာ ဆန့်ကျင်နေခဲ့သည်။
ချီဘုရင်က တော်ဝင်ဇူကျောင်းတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် အချိန်အတော် ကြာအောင် ကြံစည်နေခဲ့တယ်ဆိုတာကို ဇူယွမ်သိလေသည်။ ဒါ့ကြောင့်လည်း သူ့ရဲ့လက်သည်းတွေကို ကျောင်းတော်ထဲမှာ ထည့်သွင်းဖို့လျှို့ဝှက်စွာကြိုးစားခဲ့ပြီး လက်ရှိရှုဟောင်ရဲ့နေရာကလည်း သူစီစဉ်ပေးခဲ့တာပင်ဖြစ်သည်။ ဒါကကျောင်းအုပ်နေရာကို ဖမ်းဆုတ်နိုင်ဖို့ကြိုးစားမှုတစ်ခုလို့ ဆိုနိုင်ပေသည်။ “အရှင်မင်းကြီး မင်းသားလေးချီယွဲ့က အကုန်အကျများစွာခံပြီးတော့ ထူးချွန်တဲ့ကျောင်းသားတွေကို တော်ဝင်ဇူကျောင်းတော်ထဲမှာ ပေါ်ထွက်လာအောင် မြှူဆွယ်နေတယ်လို့ ကျွန်တော်လျှို့ဝှက်သတင်း တစ်ခုရရှိခဲ့တယ်…”
“အခုလာမယ့််ကျောင်းသားသစ်စာမေးပွဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်နိုင်ချေရှိတဲ့ ကျောင်းသားတွေထဲက တစ်ဝက်ကျော်ကျော်လောက်ကို သူ့တို့ဘက်ပါအောင် ဆွဲခေါ်သွားခဲ့ကြပြီးပြီ…”
“ဒါ့အပြင်ကို ဒီကျောင်းသားတွေက ကျောင်းသားသစ်စာမေးပွဲပြီးသွားတာနဲ့ သူတို့တွေက ရှုဟောင်ရဲ့ ဒုတိယအတန်းကို ရွေးချယ်ကြလိမ့်မယ်… ကျောင်းသားသစ်စာမေးပွဲပြီးရင် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲ ပြုလုပ်မှာပါ… လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဒုတိယအတန်းက ကျောင်းသားတွေရဲ့ အရည်အချင်းက ကျွန်တော့်ရဲ့ပါရမီရှင်အတန်းထက် ပိုပြီးမြင့်မားခဲ့ကြတယ်… ပြီးတော့သူတို့က နှစ်ကြိမ်ဆက်တိုက် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပထမနေရာကို ရယူနိုင်ခဲ့ကြတယ်… တကယ်လို့သူတို့ကိုသာ ဒီတစ်ကြိမ်ထပ်ပြီး ပထမနေရာရအောင် ခွင့်ပြုပေးခဲ့ရမယ်ဆိုရင် ရှုဟောင်မှာ အခွင့်အရေးပိုမြင့်လာနိုင်ပြီး ကျောင်းအုပ်နေရာကိုတောင် ဖမ်းဆုတ်ရယူသွားနိုင်တယ်…”
ဇူချင်က တော်ဝင်ဇူကျောင်းတော်ကို စတင်တည်ထောင်ခဲ့စဉ်အချိန်တုန်းက အတန်းတွေများစွာဖွဲ့စည်းတာကို ခွင့်ပြုအားပေးခဲ့သည်။ ဒါ့အပြင်သူက ဘယ်အတန်းကဆရာမဆို အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ သုံးနှစ်ဆက်တိုက် ပထမနေရာကိုရယူနိုင်ရင် ကျောင်းအုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းတစ်ခုကို ချမှတ်ခဲ့သည်။
ချူထျန်းယန်ရဲ့ ပါရမီရှင်အတန်းက အရင်ကအသန်မာဆုံးအတန်းဖြစ်ခဲ့ပေမဲ့လည်း ချီဘုရင်ရဲ့ထောက်ပံ့ပေးမှုနဲ့ ရှုဟောင်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ထူးချွန်တဲ့ကျောင်းသားတွေကို သူတို့ဘက်ရောက်ရှိအောင် အဆက်မပြတ်ဆွဲခေါ်သွားခဲ့ကြပြီး အရင်ကအသန်မာဆုံးဖြစ်ခဲ့တဲ့ ပါရမီရှင်အတန်းက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဒုတိယအတန်းရဲ့ ဖိနှိပ်မှုကိုလုံးဝခံခဲ့ရသည်။
ရှုဟောင်ရဲ့ ပစ်မှတ်ကကျောင်းအုပ်နေရာဆိုတာကို ဒါကသက်သေခံနေလျက်ရှိပေသည်။ သူကျောင်းအုပ်ဖြစ်လာတဲ့အခါ တော်ဝင်ဇူကျောင်းတော်က ချီဘုရင်ရဲ့လက်ထဲကို ကျရောက်သွားလိမ့်မည်ဖြစ်ပြီး အရည်အချင်းရှိတဲ့လူတွေအားလုံး သူတို့ဆီကနေ ယူဆောင်သွားခြင်းခံရပေလိမ့်မည်။ တော်ဝင်ကလန်အတွက်တော့ ဒါကသူတို့ရဲ့အသက်သွေးကြောကို ဖြတ်တောက်ခြင်းခံလိုက်ရတာနှင့် အလားသဏ္ဍန်တူလှပေသည်။
အရေးအကြီးဆုံးက ချီဘုရင်ကိုသာ ဒီလိုမျိုးခွင့်ပြုပေးခဲ့မယ်ဆိုလို့ရှိရင် တော်ဝင်ကလန်ထဲမှာ အုပ်စုကွဲမှုတွေများစွာဖြစ်ပေါ်လာစေနိုင်ပြီး အဆင့်အတန်းကျဆင်းလာစေနိုင်ကာ ချီဘုရင်နှင့် အချိန်ကြာမြင့်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ ဒီအစုအဖွဲ့တွေက သူတို့အားလုံးကို ဖယ်ရှားဖို့ရွေးချယ်ခဲ့မယ်ဆိုလျှင် တော်ဝင်ကလန်အနေနဲ့ လုံးဝကို ပြိုကွဲပျက်စီးသွားရေပေလိမ့်မည်။
ဇူယွမ်ရဲ့ မျက်ခုံးတွေက တွန့်ကွေးသွားခဲ့ရပြီး ဇူချင်ကိုကြည့်လိုက်မိသည်။ ဇူချင်ရဲ့မျက်ခုံးတွေကလည်း အခုအချိန်မှာအနည်းငယ် လှုပ်ခတ်နေလျက်ရှိပေသည်။ အချိန်အနည်းငယ်ကြာပြီးတဲ့နောက်မှာ စိုးရိမ်နေတဲ့အသံတစ်ခုက သူ့ရဲ့သွားတွေကြားထဲကနေ ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။
“ဒီချီဘုရင်မှာ တကယ့်ကို ကြီးမားတဲ့လောဘတစ်ခုရှိနေတာပဲ!”
Like