ကျယ်လောင်တဲ့အသံက ဇူယွမ်ရဲ့ခေါင်းထဲမှာ အချိန်အတော်ကြာအောင် ဆက်လက်မြည်ဟီးနေခဲ့ပြီးမှ တဖြည်းဖြည်းနဲ့ ပြယ်လွင့်သွားခဲ့သည်။ ဒီအချိန်အတွင်းမှာ ဇူယွမ်က စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းဖြစ်တဲ့ “မူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်း”ကို သူ့ရဲ့စိတ်ထဲမှာ တံဆိပ်ခတ်နှိပ်ထားလိုက်သလို ခံစားနိုင်ခဲ့ပေသည်။
ဒါပေမယ့်လည်း အခုကဒီစွမ်းရည်အသစ်ကို ခံစားနေရမယ့်အချိန်မဟုတ်ချေ။ ချက်ချင်းဆိုသလို ဇူယွမ်ရဲ့မျက်လုံးတွေ ပွင့်လာခဲ့ကာ ပြုံးနေတဲ့အဖိုးအိုကိုကြည့်လိုက်ပြီး လေးစားစွာ အရိုအသေပြုလိုက်သည်။ “ဒီကျင့်စဉ်အတွက် ကျေးဇူးတင်ပါတယ် ဆရာ…”
သူ့အနေနဲ့ ဒီချီစုပ်ယူခြင်းကျင့်စဉ်နဲ့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းကျင့်စဉ်တို့ဟာ သာမန်ကျင့်စဉ်တွေမဟုတ်ဘူးဆိုတာကို သူ့အနေနဲ့ သေချာပေါက်ကိုခံစားမိသည်။ သူ့ရှေ့ကအဖိုးအိုက လျှို့ဝှက်ဆန်းကြယ်ပေမဲ့လည်း သူကဇူယွမ့်အပေါ်မှာ ကြီးမားတဲ့အခွင့်အရေးတစ်ခု ပေးအပ်ခဲ့ပေသည်။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် အဖိုးအိုက ရုတ်တရက်သူ့ရဲ့ အင်္ကျီလက်ထဲကိုနှိုက်လိုက်ပြီး ရှည်လျားတဲ့အနက်ရောင် စုတ်တံတစ်ချောင်းကို ထုတ်ယူခဲ့လိုက်သည်။ အနက်ရောင်စုတ်တံကို ကြေးဖြင့်ပြုလုပ်ထားကာ အရောင်တွေစွန်းထင်းနေခဲ့တာကြောင့် အချိန်အားဖြင့် ကာလအတော်ကြာမြင့်စွာ တည်ရှိခဲ့သည်မှာ ထင်ရှားလှသည်။ ၎င်းထံမှရှေးကျတဲ့အရှိန်အဝါတွေ ထွက်ပေါ်နေလျက်ရှိပေသည်။ ဒါပေမယ့်လည်း အနက်ရောင်စုတ်တံက သူ့ရဲ့မူလစိတ်ဝိညာဉ်ပျောက်ဆုံးနေသကဲ့သို့ အရောင်အဆင်း မှေးမှိန်နေလျက်ရှိလေသည်။
အဖိုးအိုက အနက်ရောင်စုတ်တံကို တွန့်ဆုတ်စွာကိုင်စွဲထားလျက်ရှိပြီး နောက်ဆုံးသူက ဇူယွမ့်ကိုပေးလိုက်ရင်းမှ ပြောလိုက်သည်။ “ဒါကို ငါတို့နှစ်ယောက်ပထမဆုံးအကြိမ် တွေ့ဆုံခြင်းအနေနဲ့ ဆရာ့ရဲ့လက်ဆောင်အဖြစ်ယူထားလိုက်…”
ဇူယွမ်က စုတ်တံကို တလေးတစားနဲ့ သေချာဂရုစိုက်လက်ခံခဲ့လိုက်သည်။ စုတ်တံသူ့လက်ထဲကို ရောက်ရှိလာတဲ့အခါမှာ ဒါကအရမ်းလေးလံနေကြောင်းခံစားလိုက်ရသည်။ စုတ်တံရဲ့ ကိုယ်ထည်ပေါ်မှာ ရှေးကျတဲ့စာလုံးပုံစံတွေကို တွေ့လိုက်ရပြီး သူ့အနေနဲ့ခမ်းနားထည်ဝါတဲ့ အရှိန်အဝါတွေကို ခံစားနေရသည်။
ဇူယွမ်က သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်သည် “ဒါကမူလမှော်စာလုံးစုတ်တံတစ်ချောင်းလား?”
အဖိုးအိုကပြန်ပြောလိုက်သည်။ “ဒါကမူလမှော်စာလုံးစုတ်တံ ဖြစ်ရုံတင်မကဘူး မူလလက်နက်တစ်ခုလည်းဖြစ်တယ်…”
ဇူယွမ်အနည်းငယ် ခေါင်းရှုပ်သွားခဲ့ရသည်။ မူလမှော်စာလုံးစုတ်တံက မူလမှော်စာလုံး ရေးသားခြင်းအတွက် ကြားခံပစ္စည်းတစ်ခုဖြစ်ပြီး မူလလက်နက်က တိုက်ပွဲမှာ အသုံးပြုဖို့ရန်အတွက် ဖြစ်ပေသည်။ နှစ်ခုစလုံးက လုံးဝကိုမတူညီကွဲပြားခြားနားတဲ့ ပစ္စည်းတွေပင်ဖြစ်သည်။ သူတို့နှစ်ခုလုံးကို ပစ္စည်းတစ်ခုတည်းအပေါ်မှာ ဘယ်လိုလုပ်အသုံးပြုနိုင်ရတာလဲ?
ဒါ့အပြင်ကို သူ့လက်ထဲမှာရှိနေတဲ့ စုတ်တံကအရမ်းကို အားနည်းပေသည်။ ဒီဟာက ရန်သူကိုနာကျင်အောင် ဘယ်လိုသုံးရမှာလဲ?
“ဟက်…မင်းကို ကြည့်ရတာ ဒီပစ္စည်းကို လျော့တွက်ထားပုံပဲ…” အဖိုးအိုက ဇူယွမ်ရဲ့ အမူအယာကိုမြင်လိုက်ရတဲ့အခါ ရယ်မော၍ ပြောလိုက်သည်။ “ဒီစုတ်တံရဲ့နာမည်က ကောင်းကင်ယွမ်စုတ်တံပဲ…ဒါကအရင်တုန်းက တော်ဝင်အဆင့်မူလလက်နက်တစ်ခုပဲ…”
“တော်ဝင်အဆင့်မူလလက်နက်လား?!” ဇူယွမ်က သူ့လက်ထဲမှာကိုင်ထားလျက်ရှိတဲ့ အနက်ရောင်စုတ်တံကို ကြည့်လိုက်ရင်း သူ့ရဲ့မျက်လုံးထဲမှာ မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေသည်။
ဒီကမ္ဘာကြီးထဲမှာ မူလလက်နက်တွေကိုလည်း သာမန်အဆင့်၊ အနက်ရောင်အဆင့်၊ ကောင်းကင်အဆင့်၊ တော်ဝင်အဆင့်ဆိုပြီး အဆင့်တွေခွဲခြားထားပေသည်။ သူသိတဲ့ အသန်မာဆုံးမူလလက်နက်က သူတို့ဇူတော်ဝင်ကလန်မှာ သူ့အဖေအသုံးပြုနေတဲ့ မီးတောက်ကိုးခုလှံဖြစ်ပြီးတော့ ၎င်းလက်နက်က အဆင့်မြင့်အနက်ရောင်အဆင့် မူလလက်နက်တစ်ခုပဲဖြစ်သည်။
ဒဏ္ဍာရီတွေထဲမှာပြောတာက တော်ဝင်အဆင့်လက်နက်တွေဟာ မယုံကြည်နိုင်လောက်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားကြပြီး တောင်တွေကိုဖျက်စီးနိုင်သည့်အပြင် ပင်လယ်ကို အငွေ့ပျံသွားစေနိုင်လောက်သည်အထိ စွမ်းအားကြီးမားလှပေသည်။ စွမ်းအားတစ်ခုတည်းနဲ့တင် လူတွေကိုလိုချင်ဆန္ဒတွေနှင့် ကြောက်ရွံ့တုန်လှုပ်မှုတို့ကို ဖြစ်ပေါ်စေသည်။
ဇူယွမ်ရဲ့လက်ထဲက အရောင်တွေစွန်းထင်းနေပြီး စွမ်းအားကင်းမဲ့နေတဲ့ အနက်ရောင်စုတ်တံက တကယ်ကိုပဲ တော်ဝင်အဆင့်မူလလက်နက်တစ်ခုလား?
“ဒါက အရင်အချိန်တုန်းက တော်ဝင်အဆင့်လက်နက်တစ်ခုဖြစ်ခဲ့တယ်လို့ ငါပြောခဲ့တာ…” အဖိုးအိုက သူ့ရဲ့စကားကိုဆက်မပြောခင် သက်ပြင်းတစ်ချက်ချလိုက်ရင်း “ဒီကောင်းကင်ယွမ်စုတ်တံက မရေတွက်နိုင်လောက်တဲ့ တိုက်ပွဲတွေထဲကို ငါနဲ့အတူလိုက်ပါခဲ့တယ်… အဲဒီတိုက်ပွဲတွေထဲက တစ်ခုမှာ ဒါကဆိုးဆိုးရွားရွားကို ပျက်စီးသွားခဲ့ရတယ်…”
နောက်ဆုံးမှာတော့ ဇူယွမ်နားလည်သဘောပေါက်သွားခဲ့ရသည်။ ဒါကပျက်စီးနေတဲ့ တော်ဝင်အဆင့် မူလလက်နက်တစ်ခုပင်ဖြစ်သည်။
ဇူယွမ်ရဲ့အမူအယာကို မြင်လိုက်ရတဲ့အခါ အဖိုးအိုက မပျော်ရွှင်စွာနဲ့ပြောလိုက်သည်။ “လူလေး… ငါ့အနေနဲ့မင်းကို ဒီလိုမျိုးနိမ့်ကျပြီး အသုံးမဝင်တဲ့အမှိုက်တစ်ခုကို ပေးလိမ့်မယ်လို့ထင်နေတာလား? ဒီကောင်းကင်ယွမ်စုတ်တံက ပြင်းပြင်းထန်ထန်ပျက်စီးနေပေမဲ့လည်း ဒါကတော်ဝင်အဆင့်လက်နက်တစ်ခုဖြစ်ပြီးတော့ စိတ်ဝိညာဉ်စွမ်းအားအပိုင်းအစတွေကို ထိန်းသိမ်းထားနေတုန်းပဲ… မင်းကဒါကိုပြန်လည်ပြည့်ဝစေနိုင်မယ်ဆိုရင် ဒါကတဖြည်းဖြည်းနဲ့ ပြန်ကောင်းလာလိမ့်မယ်…”
“အာ!” ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။ သူ့အနေနဲ့ ဒီတော်ဝင်အဆင့်မူလလက်နက်က ပြန်ပြင်နိုင်လိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပေ။
အဖိုးအိုက အနက်ရောင်စုတ်တံကို ညွှန်ပြလိုက်ရင်းက ပြောလိုက်သည်။ “စုတ်တံပေါ်က မှော်စာလုံးကိုးခုကို မင်းမြင်လား?”
ဇူယွမ်သူ့ရဲ့ခေါင်းကို ငုံ့ကြည့်လိုက်သည့်အခါ အရောင်တွေစွန်းထင်းနေတဲ့ အနက်ရောင်စုတ်တံရဲ့အပေါ်မှာ ရှေးကျတဲ့မှော်စာလုံးတွေက ရှုပ်ထွေးလျက်ရှိနေပြီး အရောင်တွေ မှေးမှိန်နေတာကို တွေ့လိုက်ရသည်။ သူတို့တွေဟာမှုန်ဝါးနေတဲ့အတွက်ကြောင့် မြင်တွေ့နိုင်ဖို့ ခက်ခဲပေသည်။
“ဒီမှော်စာလုံးကိုးခုက ကောင်းကင်ယွမ်စုတ်တံရဲ့ စွမ်းအားကို ကိုယ်စားပြုတယ်… မင်းကမှော်စာလုံးကိုးခုစလုံးကို တောက်ပလာအောင်လုပ်နိုင်တဲ့ တစ်နေ့ကျရင် စုတ်တံက တော်ဝင်အဆင့်မူလလက်နက်အဖြစ်ကို ပြန်လည်ရရှိလိမ့်မယ်…”
“ကျွန်တော်က ဒါကိုပြန်တောက်ပလာအောင် ဘယ်လိုလုပ်ရမှာလဲ?” ဇူယွမ်စိတ်ဝင်စားစွာ မေးလိုက်မိသည်။ သူ့အနေနဲ့ ဒီတော်ဝင်အဆင့်မူလလက်နက်ကို သူ့ရဲ့စွမ်းအားတွေပြန်ရအောင် ကူညီပေးနိုင်ခဲ့မယ်ဆိုလျှင် သံသယရှိစရာမလိုလောက်အောင်ပင် သူ့အတွက် ကြီးမားတဲ့အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဟီးဟီး…ဒါကတော့ ရိုးရှင်းပါတယ်… ကောင်းကင်ယွမ်စုတ်တံမှာ သူ့ရဲ့ကိုယ်ပိုင် စိတ်ဝိညာဉ်တစ်ခုရှိတယ်… တကယ်လို့မင်းကမူလသားရဲတွေရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ဖြည့်သွင်းပေးမယ်ဆိုရင် ဒါကဖြည်းဖြည်းချင်းသူ့ရဲ့စွမ်းအားတွေကို ပြန်ရလာလိမ့်မယ်…”
“တကယ်လို့ မူလသားရဲတွေရဲ့ စိတ်ဝိညာဉ်အရည်အသွေးကပိုမြင့်မယ်ဆိုရင် ထိရောက်မှုလည်းပိုရှိလိမ့်မယ်…”
“မင်းက ပထမဆုံးမှော်စာလုံးကို တောက်ပစေခဲ့မယ်ဆိုရင် တခြားလူတွေနဲ့ တိုက်ခိုက်တဲ့အခါ ကောင်းကင်ယွမ်စုတ်တံကို လက်နက်အဖြစ်အသုံးပြုနိုင်လိမ့်မယ်…” အဖိုးအိုက ရှင်းပြလိုက်သည်။
ကောင်းကင်ယွမ်စုတ်တံကို တော်ဝင်အဆင့်မူလလက်နက်အဖြစ်ကို ပြန်ရောက်အောင်လုပ်ဖို့က ထင်ထားသလောက်မလွယ်ကူဘူးဆိုတာကို ဇူယွမ်ကသိပေမယ့်လည်း သူ့အနေနဲ့ ဒါကိုသိရှိကြောင်းခေါင်းညှိတ်ပြလိုက်သည်။ ဇူယွမ်က ကောင်းကင်ယွမ်စုတ်တံကို သူ့ရဲ့လက်ချောင်းတွေနဲ့ တစ်ကြိမ်လှည့်ပတ်ကစားလိုက်ပြီး အဖိုးအိုကို ပြုံးပြလိုက်ရင်း ပြောလိုက်သည်။ “ကျွန်တော့်ကို ဒီစုတ်တံလက်ဆောင်ပေးတဲ့အတွက် ဆရာ့ကိုကျေးဇူး အများကြီးတင်ပါတယ် …နောက်တစ်ခုက ဒီတပည့်ဟာခုချိန်ထိ ဆရာ့ရဲ့နာမည်ကို မသိရသေးဘူး…”
အဖိုးအိုက ဇူယွမ်ရဲ့စကားကို ကြားရတဲ့အခါ ပြုံးလိုက်ပြီး ပြန်ပြောခဲ့သည်။ “ကန်းယွမ်… အဲ့ဒါက ဆရာ့ရဲ့နာမည်ပဲ… ဆရာ့မှာတခြားတပည့်နှစ်ယောက်လည်း ရှိသေးတယ်… ပြီးတော့ သူတို့ကို မင်းရဲ့စီနီယာအစ်ကိုတွေအဖြစ် သတ်မှတ်နိုင်တယ်… အနာဂတ်မှာ ကံတရားကခွင့်ပြုခဲ့ရင် မင်းအနေနဲ့သူတို့ကို တွေ့နိုင်လိမ့်မယ်… ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းအနေနဲ့ သူတို့ကိုတွေ့နိုင်မှာ မဟုတ်ဘူး…”
ကန်းယွမ်ကဒီစကားတွေကို ပြောပြီးသွားတဲ့အခါ သူ့ရဲ့အာရုံက ဇူယွမ့်ဆီကနေ အဝေးကို ပြောင်းလဲရောက်ရှိသွားခဲ့ပြီး အစိမ်းရောင်ဝတ်မိန်းခလေးကို ကြည့်လိုက်မိသည်။ မိန်းခလေးရဲ့ ပုလဲလိုဖြူဝင်းတဲ့သွားလေးတွေဟာ သူမရဲ့နူးညံ့တဲ့နှုတ်ခမ်းလေးကို ကိုက်ထားလျက်ရှိကာ သူမရဲ့မျက်ဝန်းထဲမှာတော့ ဝမ်းနည်းမှုတွေ ထင်ဟပ်နေလျက်ရှိသည်။
သူမဟာ လူမှန်းသိတတ်စအရွယ်တည်းက ကန်းယွမ်နဲ့အတူ ဒီနေရာမှာ အမြဲတမ်းနေထိုင်ခဲ့ကြပြီး သူကသံသယရှိစရာမလိုလောက်အောင်ပင် သူမရဲ့အနီးကပ်ဆုံးဆွေမျိုး တစ်ယောက်ဖြစ်ခဲ့ရသည်။ ဒါကသူမကို ဝမ်းနည်းနာကျင်ခံစားရစေသည်။
“အာ… အရူးမလေး… ဒါကပွဲတော်တစ်ခုမဟုတ်တဲ့အတွက် ဘယ်တော့မှအဆုံးမရှိဘူး…” ကန်းယွမ်တိတ်တခိုးသက်ပြင်းချလိုက်မိသည်။ သူကအချိန်အတော်ကြာအောင် ငြိမ်သက်သွားခဲ့ပြီး နောက်ဆုံးသူ့ရဲ့အဝတ်အစားထဲကနေ ကျောက်စိမ်းဆွဲပြားတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။ ကျောက်စိမ်ဆွဲပြားက အရောင်မှေးမှိန်နေပြီး သူ့ရဲ့အပေါ်မှာ ပွင့်ဖတ်ကိုးခုပါတဲ့ မီးကြာပန်းကတောက်ပနေလျက်ရှိသည်။ ပွင့်ဖတ်တစ်ခုစီတိုင်းကလည်း မတူညီတဲ့အရောင်တွေရှိလေသည်။
“ယောင်ယောင် မင်းမှာငါ့ကို မေးစရာတွေအများကြီးရှိတယ်ဆိုတာကို ငါသိတယ်… ဒါပေမဲ့ ခုကဒါကိုပြောဖို့အချိန်မကျသေးဘူး… နောင်တစ်ချိန်မှာ အခွင့်အရေးတစ်ခုရှိခဲ့ရင်တော့ မင်းအနေနဲ့ နားလည်လာလိမ့်မယ်…”
“ဒါ့အပြင် မင်းအနေနဲ့ ဒီကျောက်စိမ်းဆွဲပြားပေါ်က မီးကြာပန်းတွေကို လောင်ကျွမ်းစေတော့မယ်ဆိုရင် မင်းအနေနဲ့အရမ်းကို သတိထားရလိမ့်မယ်… ဒါ့ကြောင့်ပဲသူတို့က မင်းကို ရှာတွေ့သွားနိုင်လိမ့်မယ်…”
ယောင်ယောင်ကချက်ချင်းပြန်မေးလိုက်သည်။ “သူတို့တွေကဘယ်သူတွေလဲ? ဘာလို့ သူတို့တွေက ကျွန်မကိုလိုက်ရှာနေရတာလဲ?”
သူမရဲ့နှလုံးသားထဲမှာ မေးခွန်းတွေနဲ့သာ ပြည့်နှက်နေပေသည်။ သူတို့တွေက ဘယ်သူတွေလဲ? ဘာလို့သူမက ဒီနေရာမှာ အဖိုးဟေးနဲ့လာပြီးပုန်းကွယ်နေခဲ့ရတာလဲ?
ကန်းယွမ်တိတ်ဆိတ်ငြိမ်သက်လျက်ပင်ရှိနေသည်။ သူကယောင်ယောင်ရဲ့ မေးခွန်းကိုပြန်မဖြေခဲ့ဘဲ ကျောက်စိမ်းဆွဲပြားကို သူမလက်ထဲညင်သာစွာထည့်ပေးလိုက်ပြီး ဇူယွမ့်ကို ကြည့်လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။ “ဇူယွမ် မင်းကဒါတွေအားလုံးကို တန်ဖိုးထားရမယ်ဆိုတာကို မှတ်ထားပါ… ယောင်ယောင့်ကို ပိတ်ဆို့ထားတဲ့ မူလချီတွေ အသုံးပြုမှာကို ခွင့်မပြုပေးနဲ့… ဒီလိုမှမဟုတ်ဘူးဆိုရင် ကပ်ဘေးကသေချာပေါက်ကို ရောက်ရှိလာလိမ့်မယ်…”
ဇူယွမ်က ယောင်ယောင်ရဲ့မျက်ခုံးနှစ်ခုကြားက မှေးမှိန်နေပေမယ့်လည်း ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တဲ့ မှော်စာလုံးအလင်းရောင်တွေကို ကြည့်လိုက်ကာ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။ ဒါကတားမြစ်ထားတဲ့ အရာတစ်ခုပေါ့။ ဒါ့ကြောင့်ပဲ ယောင်ယောင်က မူလချီတွေကို အသုံးပြုနိုင်ခြင်းမရှိတာပေါ့။ ဒါပေမဲ့လည်း ဘာလို့သူမကို ဒီလိုမျိုး တားမြစ်ထားခဲ့ရတာလဲ?
ဇူယွမ်မစဉ်းစားတတ်လောက်အောင်ဖြစ်သွားခဲ့ရသည်။ ဒါပေမယ့်လည်း သူ့အနေနဲ့ဒါကို ခုထက်ပိုပြီးမစဉ်းစားဖို့ ဆုံးဖြတ်လိုက်သည်။ ကန်းယွမ်နဲ့ ယောင်ယောင်တို့နှစ်ယောက်စလုံးက သံသယရှိစရာမလိုလောက်အောင်ကို လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေကြပေသည်။ သူတို့ရဲ့နောက်ကွယ်မှာ သေချာပေါက်ကို အကြောင်းအရာတစ်ချို့ရှိရပေမည်။
သူ့ရဲ့လက်ရှိ လုပ်ဆောင်နိုင်စွမ်းအရ သူ့အနေနဲ့လက်ရှိအချိန်မှာ ဒီအကြောင်းကိုသိနိုင်ဖို့ အရည်အချင်းမရှိသေးပေ။
ဇူယွမ်က အလေးအနက်ထားကာ ပြန်ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့ဆရာ… ကျွန်တော် ဒါကိုအမြဲတမ်းမှတ်ထားမှာပါ…”
ကန်းယွမ်က ခေါင်းညှိတ်ကာ ဆက်ပြောလိုက်သည်။ “တကယ်လို့ မင်းအနေနဲ့နောက်ပိုင်း မင်းရဲ့လေ့ကျင့်မှုတွေမှာ အခက်အခဲရှိတယ်ဆိုရင် ယောင်ယောင့်ကိုမေးနိုင်တယ်… သူမကငါ့ဆီကနေအရာအားလုံးကို အချိန်ကြာမြင့်စွာ သင်ယူခဲ့ရတယ်… ဒါပေမဲ့လည်း တကယ်တော့ မင်းအတွက်အကူအညီရနိုင်ဖို့က သူမရဲ့စိတ်အခြေအနေပေါ်မှာပဲ မူတည်လိမ့်မယ်…”
ကန်းယွမ်ပြောတာကို ကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပသွားခဲ့ရပြီး အစိမ်းရောင်ဝတ်မိန်းကလေးကို ကြည့်လိုက်မိသည်။ သူ့အနေနဲ့ တစ်ယောက်တည်းလေ့ကျင့်နေရမယ်ဆိုရင် ကြန့်ကြာမှုရှိနေမှာကို အရင်ကတည်းစိုးရိမ်နေခဲ့ရသည်။ ဒါ့အပြင် ဒီမိန်းခလေးက သူမကိုယ်သူမလုံးဝ ဖုံးကွယ်ထားလိမ့်မယ်လို့လည်း မမျှော်မှန်းခဲ့ပေ။ ကြည့်ရတာ သူ့အနေနဲ့ နောက်ပိုင်းမှာ သူမဆီကမျက်နှာသာရအောင် လုပ်ရပေလိမ့်မည်။
သို့ပေမယ့်လည်း မိန်းခလေးက လွန်စွာဝမ်းနည်းနေလျက်ရှိပြီး သူ့အပေါ်အနည်းငယ်မျှ စိတ်ဝင်စားမှုမရှိခဲ့ပေ။
“မင်းတို့နှစ်ယောက်လုံး သွားကြတော့…”
ကန်းယွမ်က မိန်းခလေးရဲ့ သေးငယ်တဲ့လက်ကလေးတွေကို ခပ်ဖွဖွပုတ်လိုက်ရင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အခုလား?” ဇူယွမ်အံ့အားသင့်သွားခဲ့ရသည်။ ဒါကနည်းနည်းတော့ မြန်လွန်းမနေဘူးလား?
“အခုထွက်သွားကြတော့!” ကန်းယွမ်ရဲ့စကားသံထဲမှာ တင်းမာခက်ထန်မှုတွေ တစ်စွန်းတစ်စ ပါဝင်နေခဲ့သည်။
ဇူယွမ်ဘာမှပြန်ပြောနိုင်ခြင်းမရှိခဲ့ပေ။ ဒီနေရာမှာ တစ်ခုခုဖြစ်တော့မယ်ပုံစံရှိတာကြောင့် ကန်းယွမ်က သူတို့ကိုအဝေးကိုမောင်းထုတ်နေတာဖြစ်ကြောင်း သူ့အနေနဲ့ခံစားလိုက်ရသည်။
ကန်းယွမ်သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ အိမ်ရဲ့အရှေ့မှာရှိတဲ့မြေပြင်ပေါ်က ဖုန်မှုန့်တွေက စတင်မြင့်တက်လာခဲ့ပြီး ရှေးကျတဲ့မှော်စာလုံးတွေ လျှင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ တကယ်လို့ တစ်ယောက်ယောက်ကသာ အနီးကပ်သေချာကြည့်မယ်ဆိုရင် ဒါတွေဟာ လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်စာလုံးတွေဆိုတာကို မြင်တွေ့ရပေမည်။
ဒီမှော်စာလုံးတွေက ဇူယွမ်ရောက်ရှိလာခဲ့တဲ့ ကျောက်တုံးစင်မြင့်ပေါ်က မှော်စာလုံးတွေနဲ့ တစ်ထေရာတည်းကို တူညီနေပေသည်။
ဇူယွမ်က ကန်းယွမ်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး မှော်စာလုံးတွေကနေ ဖြစ်ပေါ်လာခဲ့တဲ့ အလင်းတန်းတွေဆီကို အလျှင်အမြန်ပဲ လျှောက်သွားခဲ့လိုက်သည်။ တစ်ချိန်တည်းမှာ အစိမ်းရောင်ဝတ်မိန်းခလေးကလည်း ထန်ထန်လို့ခေါ်တဲ့ သေးငယ်တဲ့အကောင်လေးကို ပွေ့ပိုက်ထားလျက်မှ ကန်းယွမ်ကို စိုက်ကြည့်နေမိသည်။
“သွားတော့… အနာဂတ်မှာ တစ်နေ့နေ့တော့ ငါတို့တွေ ပြန်ဆုံတွေ့နိုင်ကြလိမ့်မယ်…”
ကန်းယွမ်သူ့ရဲ့ လက်ကိုဝှေ့ယမ်းလိုက်သည်။
အစိမ်းရောင်ဝတ်မိန်းခလေးရဲ့ မျက်လုံးတွေက နီရဲနေပေမယ့်လည်း မျက်ရည်ကျမလာအောင် ထိန်းထားခဲ့ပေသည်။ သူမက ကန်းယွမ်ကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး အလင်းတန်းထဲကို လမ်းလျှောက်သွားလိုက်ကာ ဇူယွမ်ရဲ့ဘေးမှာ ရပ်လိုက်သည်။
ကန်းယွမ် ဒါကိုမြင်လိုက်ရတဲ့အခါ သူ့ရဲ့လက်တွေက လေထဲကိုချက်ချင်း ထိုးပြခဲ့လိုက်သည်။ အလင်းရောင်တွေက မှော်စာလုံးတွေကနေထွက်ပေါ်လာခဲ့ကြပြီး အတူတကွပေါင်းစည်းသွားကြကာ ဇူယွမ်နဲ့ ယောင်ယောင်တို့နှစ်ယောက်စလုံးကို လျှင်မြန်စွာဖုံးအုပ်သွားကြသည်။
“ဇူယွမ် ဆရာ့ကိုပေးခဲ့တဲ့ကတိကို သတိရပါ… မင်းကသူမကို သေချာပေါက်ကာကွယ်ပေးပါ…”
အလင်းရောင်က သူတို့ရဲ့မျက်လုံးတွေကို ဖုံးလွှမ်းသွားခဲ့သည်။ လေဟာနယ်က စတင်ပြီး တွန့်လိမ်လာတဲ့အချိန်မှာ ဇူယွမ်က ကန်းယွမ်ရဲ့ အလေးအနက်ထားကာပြောလိုက်သည့် စကားသံကိုကြားလိုက်ရပြီး ဒီစကားသံထဲမှာ တောင်းဆိုတဲ့အရိပ်အယောင်တွေ ပါဝင်နေပေသည်။
“မစိုးရိမ်ပါနဲ့ဆရာ! ကျွန်တော်က ဆရာ့ရဲ့သင်ကြားပေးမှုကို ခံခဲ့ရပြီးကတည်းက ကျွန်တော်သူမကို သေချာပေါက်ကာကွယ်ပေးမှာပါ…”
ဇူယွမ်သူ့ရဲ့မျက်လုံးတွေကို မှိတ်ခဲ့လိုက်ပေမဲ့ သူ့ရဲ့နှလုံးသားထဲမှာတော့ နာကျင်ခံစားနေခဲ့ရသည်။
အလင်းရောင်တွေက အိမ်ရဲ့အရှေ့မှာ မုန်တိုင်းတစ်ခုတိုက်ခတ်နေသလိုမျိုး အရူးအမူး လင်းလက်တောက်ပနေလျက်ရှိသည်။ ခဏအကြာမှာ ဇူယွမ်နဲ့ ယောင်ယောင်တို့ နှစ်ယောက်စလုံး လေထဲမှာပျောက်ကွယ်သွားခဲ့ကြပြီး တလက်လက်တောက်ပနေတဲ့ မှော်စာလုံးတွေသာ ကျန်ရှိနေခဲ့သည်။ မှော်စာလုံးတွေက အချိန်အတော်ကြာအောင် လင်းလက်တောက်ပနေလျက်ရှိပြီးကာမှ နောက်ဆုံး ဘာတစ်ခုမှမကျန်ခဲ့အောင်ကို ပျောက်ကွယ်သွားခဲ့သည်။
ကန်းယွမ်က သူတို့နှစ်ယောက်ပျောက်ကွယ်သွားတဲ့ နေရာကိုစိုက်ကြည့်နေရင်းမှ သူ့ရဲ့မျက်လုံးတွေက နီရဲလာခဲ့ကာ ညင်သာစွာရေရွတ်လိုက်မိသည်။ “ဇူကလန်… ငါကနောက်ထပ် တပည့်တစ်ယောက်ထပ်ရလိမ့်မယ်လို့ လူအိုကြီးပြောခဲ့တာ တကယ်မှန်တာပဲ… ဒါပေမဲ့လည်း အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာက သူ့ရဲ့ကံကောင်းမှုနဲ့ သူ့ရဲ့ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်…”
သူရဲ့ခေါင်းကို ခါရမ်းလိုက်ရင်း သူ့စိတ်ကိုပြန်စုစည်းလိုက်ကာ ထိုင်ခုံပေါ်ကို ဖြည်းညှင်းစွာလှဲချလိုက်ပြီး သူ့ရဲ့ကျောပြင်က ကျောက်တုံးပေါ်ကို ညင်သာစွာမှီခဲ့လိုက်သည်။
နေရာတစ်ခုလုံးက တိတ်ဆိတ်အေးချမ်းလျက်ပင် ရှိနေသည်။
ဒီလိုတိတ်ဆိတ်အေးချမ်းမှုက အချိန်ဘယ်လောက်ကြာသွားတယ်ဆိုတာကို မသိနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ကန်းယွမ်ရဲ့မှိတ်ထားတဲ့ မျက်လုံးတွေက ရုတ်တရက်ပွင့်လာခဲ့ပြီး ဘာမှမရှိတဲ့လေဟာနယ်ထဲကို စိုက်ကြည့်လိုက်မိသည်။
ဝုန်း!
ကျယ်လောင်တဲ့ မိုးခြိမ်းသံတစ်ခုက ရုတ်တရက်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ဒါ့အပြင်လေဟာနယ်က ရက်စက်ပြင်းထန်စွာဆုတ်ဖြဲခံလိုက်ရပြီး ဝေးကွာတဲ့နေရာက ကောင်းကင်ထက်မှာ လျှပ်စီးကြောင်းတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။
မြေပြင်ကစတင် တုန်လှုပ်လာခဲ့ပြီး သစ်ပင်တွေလည်း ပြိုလဲသွားခဲ့ရသည်။
“နောက်ဆုံးတော့ ဒါကရောက်ရှိလာပြီပဲ…”
ကန်းယွမ်က အပျက်အစီးတွေကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့မျက်နှာကခံစားချက်ကင်းမဲ့နေလျက် သူ့ဘာသာသူရေရွတ်လိုက်မိသည်။
“အိုး…ကောင်းပြီ… ငါ့ရဲ့ဒီအိုမင်းနေတဲ့ အရိုးတွေကို အသုံးမပြုဘဲနေလာခဲ့ရတာ နှစ်တွေတောင်တော်တော်ကြာခဲ့ပြီပဲ… ခုကလေ့ကျင့်ခန်းနည်းနည်းပြန်လုပ်ဖို့ အချိန်ကျပြီပေါ့…” ကန်းယွမ်ပြုံးလိုက်မိပြီး ထိုင်ခုံပေါ်ကနေ ဖြည်းညှင်းစွာထရပ်လိုက်သည်။
ကန်းယွမ်ကခါးကိုကုန်း၍ထလိုက်ပြီး လုံးဝကိုမတ်မတ်ရပ်ပြီးသွားတဲ့အချိန်မှာ သူ့ရဲ့အနက်ရောင်ဝတ်စုံက စတင်လှုပ်ခတ်လာခဲ့ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ နိုးထလာခဲ့တဲ့ စိတ်ဆိုးဒေါသထွက်နေသည့် နဂါးတစ်ကောင်အလား မယုံကြည်နိုင်လောက်စရာကောင်းတဲ့အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့သည်။
လျှပ်စီးတွေက ကောင်းကင်တစ်ခွင်လုံးမှာ ပြည့်နှက်နေခဲ့ပြီး လူရိပ်သုံးခုက လျှပ်စီးတွေထဲကနေ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။ သူတို့တွေပေါ်ထွက်လာတဲ့အခါ ထိတ်လန့်ဖွယ်အရှိန်အဝါသုံးခုက သူတို့ခန္ဓာကိုယ်ပေါ်ကနေ ထွက်ပေါ်နေလျက်ရှိကာ စွမ်းအားကြီးမားတဲ့နတ်ဘုရားတွေ ကမ္ဘာမြေကြီးပေါ်ကို ဆင်းသက်လာသကဲ့သို့ပင်။
သူတို့ရဲ့ အေးစက်စက်အကြည့်တွေက အဝေးမှာရှိတဲ့ ကန်းယွမ်ရဲ့ခန္ဓာကိုယ်ကို စိုက်ကြည့် နေလျက်ရှိကြသည်။
“ဟီးဟီး…စွမ်းအားကြီးမားတဲ့ အင်ပါယာဟေးက ဒီနေရာမှာနှစ်ပေါင်းများစွာကြာအောင် ကြွက်တစ်ကောင်လို ပုန်းအောင်းနေခဲ့မယ်လို့ ထင်မထားမိခဲ့ဘူး… တကယ့်ကို ဝမ်းနည်းစရာ ပုံပြင်တစ်ခုပဲ…” ခံစားချက်ကင်းမဲ့နေတဲ့ အသံတစ်ခုက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့သည်။ ဒီစကားသံပျံ့လွင့်သွားတဲ့အခါ လေဟာနယ်က လျှင်မြန်စွာနဲ့ စတင်ပြိုကွဲသွားခဲ့ရသည်။
“သူမကို ထုတ်ပေး! ဒီလိုမှမဟုတ်ဘူးဆိုရင် ဒီနေ့ဟာ ခင်ဗျားရဲ့နောက်ဆုံးနေ့ ဖြစ်သွားလိမ့်မယ်…”
ဒီအေးစက်စက်စကားသံကို ကြားလိုက်ရတဲ့အခါ ကန်းယွမ်ကလှောင်ပြုံးပြုံးလိုက်ပြီး ကျယ်လောင်စွာရယ်မောရဲ့သာ တုန့်ပြန်လိုက်သည်။
“ဟားဟား… လာ လာ လာ… ဒီနေ့ဟာဘယ်သူ့ရဲ့ နောက်ဆုံးနေ့ဖြစ်သွားမလဲဆိုတာ ငါတကယ်ကို သိချင်မိတယ်!”
ကန်းယွမ်ကရှေ့ကို ခြေတစ်လှမ်းတိုးသွားလိုက်ပြီး သူ့ရဲ့အဝတ်အစားတွေက ချက်ချင်းအစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ကာ ပိန်ပါးတဲ့ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ခက်ခဲရှုပ်ထွေးတဲ့ ရှေးဟောင်းမှော်စာလုံးများစွာရေးဆွဲထားလျက်ရှိပြီး မှော်စာလုံးတစ်ခုစီတိုင်းက ကြောက်မက်ဖွယ်ရာစွမ်းအားတွေကို ထုတ်လွှတ်နေလျက်ရှိပေသည်။
ဝှစ်!
တစ်ချိန်တည်းမှာ တောက်ပတဲ့အလင်းတန်းတွေက မှော်စာလုံးတွေထံမှထွက်ပေါ်လာခဲ့သည်။ အလင်းရောင်တွေက နေရဲ့အပူချိန်လို တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ကန်းယွမ်ရဲ့မူလပိန်းပါးတဲ့ခန္ဓာကိုယ်ကလည်း ရုတ်တရက်စတင်၍ ဖောင်းကားလာခဲ့သည်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပဲ အရမ်းကိုကြီးမားတဲ့ပုံရိပ်တစ်ခုက ပြင်းထန်ရက်စက်တဲ့အရှိန်အဝါတွေထုတ်လွှတ်နေလျက်မှ မြေပြင်ပေါ်မှာ မတ်မတ်ရပ်နေလျက် ရှိပေသည်။
သူကကောင်းကင်ပေါ်ကိုကြည့်၍ ကျယ်လောင်စွာအော်ဟစ်ခဲ့လိုက်ပြီး ထွက်ပေါ်လာတဲ့ အသံလှိုင်းတွေက ပတ်ဝန်းကျင်ကို အကြီးအကျယ်ပျက်စီးသွားစေခဲ့သည်။ အော်ဟစ်ပြီးတဲ့နောက်မှာ သူ့ရဲ့ခြေထောက်တွေက မြေပြင်ပေါ်ကိုဆောင့်နင်းလိုက်ပြီး အလွန်ကြီးမားတဲ့ခန္ဓာကိုယ်က ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့သလို ကောင်းကင်ပေါ်မှလည်း အဆုံးမရှိတဲ့လျှပ်စီးပင်လယ်ကြီးက ကျယ်လောင်တဲ့အသံနဲ့အတူ ဆင်းသက်လာခဲ့ကာ တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်စွာထိသွားခဲ့ကြသည်။
ဘုန်း ဘုန်း ဘုန်း!
ဒီအချိန်အတောအတွင်းမှာ နယ်မြေတစ်ခုလုံးက လုံးဝကိုပြိုကွဲပျက်စီးသွားခဲ့ရပေသည်။
Yes