လူငယ်လေးရဲ့ ပိန်ပါးတဲ့မျက်နှာက အခုချိန်မှာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေပြီး သူ့ရဲ့တုန်ရီနေတဲ့ လက်နဲ့စိတ်လှုပ်ရှားစွာ သူ့ခန္ဓာကိုယ်ကို ထိတွေ့ကိုင်တွယ်နေလျက် ရှိပေသည်။ ဒီလိုပြန်လည်ရှင်သန်မွေးဖွားလာတဲ့ ခံစားချက်က ဇူယွမ်လို ရင့်ကျက်တည်ငြိမ်မှုရှိတဲ့သူကိုတောင်မှ အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားစေသည်။
ဒီအရာက သူ့အတွက်တော့ အရမ်းကို အရေးကြီးလှပေသည်။
သူကတဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့ရသလို အခြားလူငယ်တွေအားလုံးကလည်း သူတို့ရဲ့ကျင့်ကြံမှုတွေကို စတင်ပြုလုပ်နေခဲ့ကြပြီးဖြစ်ကာ သူတို့ရဲ့ပါရမီကို ထုတ်ဖော်ပြသနေနိုင်ကြပြီဖြစ်သည်။ ဇူယွမ်ကဒါကို ပုန်းရှောင်နေခဲ့ရပေမဲ့လည်း သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာတော့ မနာလိုမှုတွေဖြင့် ပြည့်နှက်နေရပေသည်။
ထိုနည်းတူစွာ သူ့အနေနဲ့လည်း သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေပေါ်ပေါက်လာဖို့ ဆန္ဒရှိခဲ့သလို ဒီကမ္ဘာကြီးထဲမှာ ပြည့်နှက်နေတဲ့စွမ်းအားတွေကို အသုံးပြုပြီး မူလချီတွေရဲ့ ကြီးမြတ်တဲ့သဘောတရားတွေနဲ့ စတင်ထိတွေ့ချင်မိပေသည်။
သူ့အနေနဲ့ ဒီလိုနေ့ရက်မျိုးကို ရောက်ရှိလာဖို့ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။
အဖိုးအိုက အရမ်းကိုစိတ်လှုပ်ရှားနေတဲ့ ဇူယွမ်ကိုကြည့်လိုက်၍ ရယ်မောကာပြောလိုက်သည်။ “မင်းမွေးဖွားလာခဲ့တဲ့အချိန်မှာ စွမ်းအင်ဝင်ပေါက်ရှစ်ခုက သဘာဝအတိုင်းပွင့်နေခဲ့တယ်… ဒါပေမဲ့ ကံမကောင်းစွာပဲ မွေးဖွားလာတဲ့အချိန်မှာ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်… ပြင်ပကအန္တရာယ်ကို ခံစားမိခဲ့တဲ့အတွက် မင်းရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုက ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ မင်းခန္ဓာကိုယ်ရဲ့အနက်ရှိုင်းဆုံးနေရာမှာ ဝင်ရောက်ပုန်းကွယ်သွားခဲ့ရတယ်… ဒါကြောင့်ပဲ မင်းကဒီအသက်အရွယ်ရောက်လာတဲ့တိုင်အောင် စွမ်းအင်ဝင်ပေါက်ရှစ်ခုက ပေါ်ထွက်မလာခဲ့တာပဲ…”
“မင်းရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုက ပုန်းကွယ်နေခဲ့ပေမဲ့ သူတို့ကအန္တရာယ်ကို ခံစားနိုင်စွမ်းရှိနေကြတုန်းပဲ… ဒါ့ကြောင့်သူတို့ကိုနောက်တစ်ကြိမ်ထွက်ပေါ်လာအောင် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက မင်းကိုယ်တိုင် သေခြင်းတရားနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ကြုံတွေရဖို့ပဲ…”
အဖိုးအိုရဲ့ မျက်ခုံးမွှေးတွေက မြင့်တက်သွားခဲ့ပြီး ပုံမှန်လေသံနဲ့ပဲ ဆက်ပြောလိုက်သည်။ “အစောပိုင်းက ကြုံတွေ့ခဲ့ရတဲ့ သေခြင်းတရားရဲ့အငွေ့အသက်က ထင်ယောင်ထင်မှားဖြစ်ခဲ့တာမဟုတ်ဘူး…တကယ်လို့သာ နောက်ဆုံးအချိန်မှာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ဖို့အတွက် မင်းရဲ့စွမ်းအင်ဝင်ပေါက်တွေသာ နိုးထမလာခဲ့ဘူးဆိုရင် မင်းအနေနဲ့ အမှန်တကယ်ကို သေသွားခဲ့လိမ့်မယ်…”
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားခဲ့ရသည်။ သူ့ရဲ့ဖြူဖျော့နေတဲ့မျက်နှာက အဖိုးအိုကိုစိုက်ကြည့်နေလျက်ရှိပြီး အစောပိုင်းက သူကြုံတွေ့ခံစားခဲ့ရတဲ့မြင်ကွင်းကို ပြန်တွေးလိုက်မိသည်။
သူ့အနေနဲ့ စက္ကန့်အနည်းငယ်ကြာပြီးမှသာ စွမ်းအင်ဝင်ပေါက်တွေကို နိုးထစေနိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ အမှန်တကယ်ကို သေဆုံးသွားရပေလိမ့်မည်။
သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဝင်ပေါက်တွေနိုးထလာစေဖို့အတွက် အဖိုးအိုကအရမ်းကို အန္တရာယ်များတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားပေသည်။
အဖိုးအိုကပြုံးကာမေးလိုက်သည်။ “မင်းကို အစောကြီးကတည်းက သတိမပေးခဲ့တဲ့အတွက် ငါ့ကိုဘာကြောင့်အပြစ်မတင်တာလဲ?”
ဇူယွမ်အသက်ကိုပြင်းစွာရှုလိုက်ပြီး သူ့ရဲ့ခေါင်းကိုခါယမ်း၍ ဖြည်းညှင်းစွာပြန်ပြောလိုက်သည်။ “စွမ်းအင်ဝင်ပေါက်တွေကိုဖွင့်ပြီး လေ့ကျင့်နိုင်ဖို့အတွက် ဒီထက်ကြီးမားတဲ့ စွန့်စားမှုတွေရှိနေတယ်ဆိုရင်တောင် ကျွန်တော့်မှာလုပ်ဖို့ဆန္ဒရှိတယ်…အဲ့ဒီအတွက် ဒါကိုကြိုမသိခဲ့ရလည်း အရေးမကြီးဘူး… ဒါကကျွန်တော့်ကို ပြန်စဉ်းစားမိတဲ့အချိန်ကျမှပဲ ထိတ်လန့်စေမိလိမ့်မယ်…”
ဒါကိုကြားလိုက်ရတဲ့အခါ အဖိုးအိုကခေါင်းညှိတ်လိုက်ပြီး သဘောကျစွာနဲ့ ပြောလိုက်သည်။ “လူငယ်လေး မင်းကငယ်သေးပေမဲ့လည်း မင်းရဲ့စိတ်ဓါတ်ကကြံ့ခိုင်မှုရှိတာပဲ…”
“ဒါပေမဲ့ မင်းရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုပြန်ပေါ်လာခဲ့လို့ အရမ်းကြီးပျော်မသွားနဲ့ဦး… မင်းဟာမွေးဖွားလာကတည်းက သဘာဝအတိုင်း စွမ်းအင်ဝင်ပေါက်ရှစ်ခုကပွင့်နေခဲ့ပေမဲ့ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီး မင်းရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုကလည်း ပိတ်သွားခဲ့ရတယ်… ဒါ့ကြောင့်မင်းအနေနဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းတော့မယ်ဆိုရင် ပထမဆုံးမင်းရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုလုံးပွင့်အောင် လုပ်ဖို့လိုလိမ့်မယ်… ဒါမှသာ မင်းအနေနဲ့ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကနေ ချီစုဆောင်းမှုအဆင့်ကို ကျော်ဖြတ်ရောက်ရှိနိုင်လိမ့်မယ်…”
“ဒါ့အပြင်ကို မင်းရဲ့စွမ်းအင်ဝင်ပေါက်တွေဖွင့်လှစ်ခြင်းက ပုံမှန်ထက်ကို များစွာခက်ခဲလိမ့်မယ်… ဒါကမင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်ဝင်ပေါက်တွေက ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့အတွက်ကို သူတို့ကိုယ်တိုင်ပိတ်ခဲ့ကြလို့ပဲ…စွမ်းအင်ဝင်ပေါက်တွေ ဖွင့်တဲ့အချိန်မှာ ကြုံတွေ့ရမဲ့ မင်းရဲ့အခက်အခဲက တခြားသာမန်လူတွေကြုံတွေ့ရတာထက်ကို ပိုပြီးခက်ခဲလိမ့်မယ်…” အဖိုးအိုကခေါင်းကို ခါယမ်းလိုက်ရင်း အသေးစိတ်ရှင်းပြလိုက်သည်။
ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ကသက်ပြင်းချလိုက်မိပေမဲ့ ဒါကိုလျှင်မြန်စွာပဲလက်ခံလိုက်ကာ ပြောလိုက်သည်။ “အနည်းဆုံးတော့ ကျွန်တော့်မှာအရင်ကထက် မျှော်လင့်ချက်ပိုရှိလာခဲ့ပြီ ဟုတ်တယ်မလား?”
လက်ရှိအခြေအနေမှာ သူကစွမ်းအင်ဝင်ပေါက်ရှစ်ခုကိုရှာတွေ့ခဲ့တဲ့အတွက် အရင်ကထက်ပိုပြီးတော့ ဆိုးရွားသွားနိုင်ပါ့မလား? သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုဖွင့်ဖို့နဲ့ အတားအဆီးတွေကို ရှင်းလင်းနိုင်ဖို့ ပိုပြီးခက်ခဲလာတာပဲရှိတာမဟုတ်လား? ဒါကခုချိန်မှာ မျှော်လင့်ချက်ရှိလာခဲ့ပြီ မဟုတ်ပေဘူးလား?
အဖိုးရဲ့နောက်မှာရှိနေတဲ့ အစိမ်းရောင်ဝတ်စုံဝတ်မိန်းခလေးက ရေဇလုံထဲက ထန်ထန်ကို မချီလိုက်ပြီး ညင်သာစွာလှုပ်ခါခဲ့လိုက်သည်။ အနီရောင်အလင်းစက်လေးတွေက အကောင်လေးရဲ့ ခန္ဓာကိုယ်ကနေထွက်ပေါ်လာခဲ့ပြီး ရေအားလုံးကို ခြောက်သွေ့သွားစေခဲ့သည်။ အဲ့ဒီနောက်သူမက သူမရဲ့လက်တွေထဲမှာ ကျေနပ်အားရစွာနဲ့ ထွေးပွေ့ထားခဲ့လိုက်မိသည်။
သူမရဲ့နူးညံ့တဲ့လက်ကလေးတွေနဲ့ သေးငယ်တဲ့အကောင်လေးကို ညင်သာစွာပွတ်သပ်ပေးနေရင်းက ဇူယွမ်ကိုကြည့်နေလိုက်မိသည်။ စွမ်းအင်ဝင်ပေါက်ဖွင့်ကာ ကျင့်ကြံနိုင်ဖို့အတွက် သူ့ရဲ့စွန့်လွှတ်နိုင်မှုက သူမကိုအနည်းငယ်တော့ အံ့အားသင့်သွားစေမိသည်။
ယောင်ယောင်ရဲ့ နီထွေးတဲ့နှုတ်ခမ်းလေးတွေ ပွင့်ဟလာခဲ့ပြီး စိတ်လှုပ်ရှားခြင်းကင်းမဲ့စွာနဲ့ သူမကပြောလိုက်သည်။ “စွမ်းအင်ဝင်ပေါက်တွေမဖွင့်နိုင်တာကို စိုးရိမ်သောကရောက်နေစရာမရှိဘူး… ငါဆိုရင်လည်း မူလချီတွေကို အသုံးပြုနိုင်စွမ်းမရှိဘူး…”
အစိမ်းရောင်ဝတ်စုံဝတ်မိန်းခလေးက ပုံမှန်အားဖြင့် တခြားလူတွေနဲ့ မတူဘဲ အနည်းငယ် ကွာခြားမှုရှိပေသည်။ သူမတို့လိုလူမျိုးတွေက သူတို့ဂရုမစိုက် စိတ်မဝင်စားတဲ့ လူတွေနဲ့အရာဝတ္ထုတွေကို သူတို့အနေနဲ့ နှစ်ခါပြန်ကြည့်လိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် သူမရဲ့ ဒီစကားက အားပေးနှစ်သိမ့်ပေးခြင်းလို့ ဆိုရပေလိမ့်မည်။
ဇူယွမ်က သူမကိုကြည့်ပြီး အလွန်အံ့အားသင့်သွားခဲ့ရသည်။ သူ့အနေနဲ့ ဒီမိန်းခလေးက မူလချီတွေကို အသုံးပြုနိုင်ခြင်းမရှိဘူးလို့ ထင်မှတ်ထားခဲ့ခြင်းမရှိချေ။
“ဟီဟီ…အကြောင်းပြချက်တစ်ခုကြောင့် ယောင်ယောင်က မူလချီတွေကို အသုံးပြုနိုင်ခြင်း မရှိခဲ့ဘူး…” အဖိုးအိုက ရယ်မောလိုက်ကာ ဇူယွမ့်ကို ရွှတ်နောက်နောက်နဲ့ ပြောလိုက်သည်။ “ဒါကသူမကို သိမ်ငယ်စေမှာမဟုတ်ဘူး… ဘာကြောင့်လဲဆိုတော့ သူမကငါ့ဆီကနေ အားလုံးကိုသင်ယူခဲ့ရပြီးတော့ မူလမှော်စာလုံးရေးသားခြင်းမှာပဲ အာရုံစိုက်လေ့လာခဲ့တယ်… သူမကမင်းနဲ့ အသက်အရွယ်တူပေမဲ့လည်း မူလမှော်စာလုံး ရေးသားမှုမှာတော့ သူမကမင်းရဲ့ ဆရာဖြစ်လာဖို့ကို လိုတာထက်တောင် ပိုနေသေးတယ်…”
“အဲ…!”
ဇူယွမ်ရဲ့မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။ ဒီမိန်းခလေးက မူလမှော်စာလုံးရေးသားတဲ့နေရာမှာ အရမ်းကိုကျွမ်းကျင်နေမယ်လို့လည်း သူ့အနေနဲ့လုံးဝကို ထင်မှတ်ထားခြင်းမရှိခဲ့ချေ။
“ဒါပေမဲ့ မင်းရဲ့တန်ဖိုးကို မင်းမနှိမ့်ချပါနဲ့…မင်းရဲ့စွမ်းအင်ဝင်ပေါက်တွေကိုဖွင့်နိုင်ဖို့က အရမ်းကိုခက်ခဲမှုရှိတယ်ဆိုတာမှန်ပေမဲ့လည်း လူတစ်ယောက်က ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင်တော့ ကြီးမားတဲ့ဆုလာဘ်တွေကို ရရှိနိုင်လိမ့်မယ်… ဒါ့ကြောင့်မင်းအနေနဲ့ စွမ်းအင်ဝင်ပေါက်တစ်ခုဖွင့်နိုင်တိုင်းမှာ ပုံမှန်ထက်ပိုပြီး အကျိုးကျေးဇူးတွေရရှိနိုင်တယ်…” အဖိုးအိုက ပြုံး၍ပြောလိုက်သည်။
ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပလာခဲ့သည်။ လူတစ်ယောက်ရဲ့ပင်ကိုယ်စွမ်းရည်က စွမ်းအင်ဝင်ပေါက်တစ်ခုဖွင့်နိုင်တိုင်းမှာ မြင့်မားလာမည်ကို သူလည်းသိပေသည်။ အဖိုးအိုရဲ့စကားအရ သူကအခြားသာမန်လူတွေထက် ပိုပြီးသန်မာလာပေလိမ့်မည်။ စွမ်းအင်ဝင်ပေါက်တွေဖွင့်ဖို့ ပိုပြီးခက်ခဲပေမယ့်လည်း သူ့အနေနဲ့ဒါကို လက်ခံနိုင်ပေသည်။
ဇူယွမ်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုထွက်ပေါ်လာခဲ့သည်။ သူကရုတ်တရက် အဖိုးအိုကိုကြည့်လိုက်ပြီး ခါးသီးစွာနဲ့ ပြောလိုက်မိသည်။ “စီနီယာ ကျွန်တော်ကခုချိန်မှာ စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းလမ်းကြောင်းကို စတင်နိုင်ခဲ့ပေမဲ့လည်း လူတိုင်းရဲ့နောက်မှာပဲ ရှိနေသေးတယ်…ကျွန်တော်အဆင့်တစ်ခုကို မရောက်သေးနိုင်တဲ့အချိန်အတွင်း အစ်မကြီးယောင်ယောင်ကို ကာကွယ်မပေးနိုင်မှာကို ကြောက်မိတယ်…”
အဖိုးအိုကပြုံးလျက် ဇူယွမ်ကိုပြန်ကြည့်လိုက်သည်။ “လူငယ်လေး…မင်းကဘာကို ပြောချင်တာလဲ?”
ဇူယွမ်ကရယ်မောလျက် ပြန်ပြောလိုက်သည်။ “စီနီယာက ကျွန်တော့်ကိုသေးငယ်တဲ့ ကံကြမ္မာတစ်ခုကို ပေးအပ်ခဲ့ပေမယ့် ဘာလို့အဆုံးထိရောက်အောင် မကူညီပေးနိုင်ရတာလဲ?”
အဖိုးအိုက ဇူယွမ်ရဲ့စကားကို မတွေးတတ်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။ ဇူယွမ်ရဲ့ ခန့်မှန်းချက်အရ အဖိုးအိုရဲ့စွမ်းအားက မမျှော်မှန်းနိုင်တဲ့အဆင့်တစ်ခုကို သေချာပေါက် ရောက်ရှိနေလိမ့်ပေမည်။ အနိမ့်ဆုံးသူ့ရဲ့အဖေတောင်မှ ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
ပြောရမယ်ဆိုရင် ဇူယွမ်ရဲ့လက်ရှိအဆင့်အတန်းအရ သူ့အနေနဲ့ကျွမ်းကျင်သူတစ်ယောက်ကို ချိတ်ဆက်နိုင်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ သူ့အနေနဲ့ ကံကောင်း၍သာ ဒီအဖိုးအိုနဲ့တွေ့ဆုံခဲ့ရခြင်းဖြစ်ပြီး ဇူယွမ်ကဒီအခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ဖို့ ကြံစည်နေခြင်းပင် ဖြစ်သည်။
ဒါကလည်း ကံကြမ္မာတစ်ခုပဲ။
အဖိုးအိုက ဇူယွမ်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ တစ်ချက်ရယ်လိုက်မိပြီး ပြောလိုက်သည် “ဉာဏ်များတဲ့ကောင်လေးတစ်ယောက်ပဲ…မင်းကလောဘကြီးတယ်လို့ မထင်မိဘူးလား?”
ဇူယွမ်က အဖိုးအိုရဲ့အသံမှာ ဒေါသတွေမပါဘူးဆိုတာကို ခံစားမိလေသည်။ ဒါ့ကြောင့်ပင် သူကပြုံးလျက်ပြန်ပြောလိုက်သည်။ “ဒီဂျူနီယာရဲ့တောင်းဆိုမှုက ကျွန်တော်နဲ့အတူ စွန့်စားပြီးတော့ အလုပ်တွေအောင်မြင်အောင်လုပ်ဖို့က စီနီယာ့အတွက်တော့ အခက်အခဲမဖြစ်စေဘူးမလား?…တကယ်လို့ ကျွန်တော့်အပေါ်အန္တရာယ်တစ်ချို့ကျရောက်လာခဲ့ရင် ကျွန်တော့်ရဲ့ သေးငယ်တဲ့လက်တွေခြေထောက်တွေနဲ့ ဒါကိုခုခံနိုင်မှာမဟုတ်ဘဲနဲ့ အစ်မကြီး ယောင်ယောင်ရဲ့ရှေ့မှာပဲ သေသွားနိုင်တယ်…”
သူ့ရဲ့နုနယ်တဲ့မျက်နှာပေါ်မှာ နာကျင်ခံစားနေရသလို အမူအယာတွေပေါ်လာတဲ့အခါ ယောင်ယောင်ရဲ့ မျက်ခုံးတွေကွေးညွှတ်သွားခဲ့ရပြီး တွေးလိုက်မိသည်။ ဒီကောင်လေးက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။
ယောင်ယောင်က ထန်ထန်ကို ညင်သာစွာပွတ်သပ်ပေးနေရင်းမှ သူမရဲ့နီထွေးတဲ့ နှုတ်ခမ်းလေးတွေက အနည်းငယ်ပွင့်ဟလာခဲ့သည်။ “အဖိုးဟေး တကယ်လို့သာ ကျွန်မကို ကာကွယ်ပေးဖို့အတွက် သူ့ကိုလိုအပ်တယ်ဆိုရင် သူတောင်းဆိုတာကို လက်ခံလိုက်တာ အကောင်းဆုံးလို့ ကျွန်မထင်တယ်…”
ဇူယွမ်ကဒါကိုကြားလိုက်ရတဲ့အခါ သူမကိုကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိသည်။ ဒါပေမယ့်လည်း မိန်းခလေးရဲ့အမူအယာက ဒါကိုမမြင်လိုက်ရတဲ့အလား ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။
အဖိုးအိုက သူ့ရဲ့မုတ်ဆိတ်မွှေးတွေကို ညင်သာစွာပွတ်သပ်နေရင်းမှ သူ့မျက်လုံးတွေထဲမှာ အလင်းရောင်တစ်ချက် လက်သွားခဲ့သည်။ သူကအချိန်အနည်းငယ်ကြာအောင် တိတ်တဆိတ်တွေးတောနေရင်းမှ နောက်ဆုံးသက်ပြင်းတစ်ချက်လိုက်မိသည်။ “ယောင်ယောင် မင်းမှန်တယ်… ဒီကောင်လေးက အားနည်းနေတယ်ဆိုရင် သူကမင်းအတွက် အဆင်မပြေဖြစ်လာနိုင်တယ်…”
အဖိုးအိုက ဇူယွမ်ကိုသူ့ရဲ့နက်ရှိုင်းလှတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်မိပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဒါပေမယ့်လည်း ငါ့ရဲ့ပညာတွေကို အပြင်လူတစ်ယောက်ဆီ သင်ကြားပေးလို့မရဘူး…”
ဇူယွမ်က ဉာဏ်ကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်သည့်အလျောက် သူကဒီစကားကို ကြားလိုက်ရတဲ့အခါ ချက်ချင်းပဲဒူးထောက်ချလိုက်ပြီး ရိုသေလေးစားစွာနဲ့ပြောလိုက်သည်။ “တပည့် ဇူယွမ် ဆရာ့ကိုနှုတ်ဆက်ပါတယ်…”
“ဟက်……ကောင်လေး မင်းကတကယ်ကို ဉာဏ်များတာပဲ…” အဖိုးအိုက ဇူယွမ်ရဲ့ လျှင်မြန်တဲ့လှုပ်ရှားမှုကို မြင်လိုက်ရတဲ့အခါ စကားပြောဖို့တောင်ဆွံ့အသွားခဲ့ရသည်။ သူ့ရဲ့စကားထဲမှာ အနည်းငယ်အရိပ်အယောင်ပြလိုက်တာနဲ့ ဒီကောင်လေးကချက်ချင်းပဲ သူ့ရဲ့ဆရာအဖြစ် အသိအမှတ်ပြုဖော်ပြပြီးနေပြီဖြစ်သည်။ ဒီလူငယ်က အခွင့်အရေးကိုဖမ်းဆုပ်ရာတွင် အမှန်တကယ်ကို ကျွမ်းကျင်မှုရှိလှပေသည်။
အဖိုးအိုကသူ့ရဲ့ ခေါင်းကိုသာခါရမ်းလိုက်မိသည်။ မကြာမီမှာပဲ သူကလေးပင်စွာသက်ပြင်းချလျက် ပြောလိုက်သည်။ “ငါတို့တွေက ဒီနေရာမှာ ဆုံတွေ့ခဲ့ကြတာ ကံကြမ္မာကြောင့်လို့ ပြောနိုင်တယ်… မင်းကဒီနေရာကို မင်းရဲ့စွမ်းအင်ဝင်ပေါက်တွေ ဖွင့်နိုင်ဖို့အတွက် ရောက်ရှိလာခဲ့ပေမဲ့လည်း ငါကမင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံပေးလိုက်မယ်…”
ဇူယွမ် ဒါကိုကြားလိုက်ရတဲ့အချိန်မှာ အရမ်းကိုပျော်ရွှင်သွားခဲ့ရပြီး ချက်ချင်းဦးညွှတ် အရိုအသေပေးလိုက်သည်။
ဇူယွမ်ကတပည့်တစ်ယောက်ရဲ့ အစဉ်အလာတိုင်း အရိုအသေပေးတာကို မြင်လိုက်ရတဲ့အခါ အဖိုးအိုရဲ့မျက်လုံးတွေကအနည်းငယ် နူးညံ့သွားခဲ့ကာ ဇူယွမ့်ကို ပြောလိုက်သည်။ “မင်းကဒီလောက်တောင် ဆန္ဒရှိနေမှတော့ ငါမငြင်းတော့ပါဘူး…”
“အခုမင်းရဲ့ စွမ်းအင်ဝင်ပေါက်ရှစ်ခုက ပေါ်ထွက်လာခဲ့ပြီဆိုတော့ ငါ့အနေနဲ့ မင်းကို ချီစုပ်ယူခြင်းနည်းလမ်းတစ်ခု သင်ပေးမယ်…”
စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်မှာ ခန္ဓာကိုယ်က မူလချီတွေကို စုဆောင်းမထားနိုင်သလို အစစ်အမှန်ကျင့်ကြံခြင်းနည်းလမ်းတွေကိုလည်း သင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ ဒါကြောင့်ပဲလူတိုင်းက ချီစုပ်ယူခြင်းနည်းလမ်းတစ်ခုတည်းကိုသာ သင်ယူနိုင်စွမ်းရှိကြပေသည်။ စွမ်းအင်ဝင်ပေါက်ရှစ်ခုစလုံးကိုဖွင့်နိုင်ပြီး ချီစုဆောင်းမှုအဆင့်ကို ရောက်ရှိမှသာလျှင် လူတစ်ယောက်က အစစ်အမှန်ဆရာသခင်တစ်ယောက်ဖြစ်လာနိုင်ပြီး ကျင့်ကြံခြင်းနည်းလမ်းတွေကိုလည်း အသုံးချနိုင်လာပေလိမ့်မည်။
အဖိုးအိုရဲ့ လက်ချောင်းထိပ်မှာ မှေးမှိန်တဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုအလင်းရောင်ထဲမှာ သေးငယ်တဲ့စာလုံးတွေ စီးမျောနေကြလျက်ရှိသည်။ တစ်ပြိုင်နက်တည်းမှာ သူက ဇူယွမ်ရဲ့နဖူးကို ရုတ်တရက်တို့ထိလိုက်သည်။
ဝုန်း!
အဖိုးအိုရဲ့ လက်ချောင်းက ဇူယွမ်ရဲ့နဖူးကို ထိတွေ့လိုက်သည့်အခါ သူ့ရဲ့ခေါင်းက ချက်ချင်းကို ဖောင်းကားလာသလို ခံစားလိုက်ရသည်။ ထို့အပြင်များပြားလှတဲ့ အချက်အလက်တွေ စီးဝင်လာပြီး သူ့ကိုအနည်းငယ်မူးနောက်သွားစေခဲ့သည်။
သို့သော်လည်း မူးဝေသွားမှုက တစ်ခဏသာကြာမြင့်ခဲ့ပြီး ဇူယွမ်ကအချက်အလက်တွေကို တွေးတောစဉ်းစားကြည့်လိုက်သည့်အခါ သူ့ရဲ့ခေါင်းထဲမှာ ပေါ်ပေါက်လာခဲ့သည်။
ချီစုပ်ယူခြင်းနည်းလမ်း…နဂါးအသက်ရှုခြင်းလား?
ဒီချီစုပ်ယူခြင်းနည်းလမ်းကို နဂါးအသက်ရှုခြင်းလို့ ခေါ်ပြီး နာမည်တစ်ခုတည်းနဲ့တင်ပင် အင်အားကြီးမားလှပေသည်။ ဒါကကျင့်ကြံခြင်းအတွက် ဘယ်လောက်တောင်အကျိုးရှိမလဲ မသိနိုင်ပေမဲ့ အဖိုးအိုထံမှ ရရှိခဲ့ခြင်းဖြစ်သောကြောင့် သာမန်ထက်ထူးခြားပေလိမ့်မည်။
အဖိုးအိုက သူ့ရဲ့လက်ကို ပြန်လည်ဆုတ်ခွာလိုက်ပြီး ဇူယွမ့်ကိုပြုံးကာကြည့်လိုက်သည်။ “စောစောတုန်းက မင်းရဲ့ခန္ဓာကိုယ်မှာ မူလမှော်စာလုံးတွေ ရေးဆွဲထားတာကို ငါတွေ့လိုက်ရတယ်…မင်းကဒီလမ်းကြောင်းကို စိတ်ဝင်စားခဲ့တာလား?”
ဇူယွမ်ခေါင်းညှိတ်လိုက်ပြီး အလေးအနက်ထားကာပြောလိုက်သည်။ “မူလမှော်စာလုံးရေးသားခြင်း လမ်းကြောင်းက အရမ်းကိုကျယ်ပြန့်ပြီး နက်ရှိုင်းတယ်…ဒါကိုလျှော့တွက်လို့မရနိုင်ဘူး…”
သူကလွန်ခဲ့တဲ့နှစ်နှစ်လုံးကို မူလမှော်စာလုံးရေးသားခြင်း အပေါ်မှာသာအာရုံစိုက်ခဲ့သော်လည်း သူ့အနေနဲ့ မူလမှော်စာလုံးရဲ့ အနှစ်သာရကို အနည်းငယ်မျှသာပြောနိုင်ပေသည်။ မူလမှော်စာလုံးရေးသားခြင်းလမ်းကြောင်းက စွမ်းအားအနည်းငယ်မျှကိုသာ အသုံးပြုခြင်းဖြင့် မယုံကြည်နိုင်လောက်အောင်ပြင်းထန်တဲ့ အင်အားတွေပါဝင်နေသည့် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများကို တည်ဆောက်နိုင်ပေသည်။
၎င်းရဲ့အားနည်းချက်က မူလမှော်စာလုံးတွေဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲသွားစေနိုင်လိမ့်မည် မဟုတ်ပေ။ ဒါ့အပြင် ၎င်းရဲ့ကျယ်ပြန့်နက်ရှိုင်းမှုအရ လူတစ်ယောက်ဟာ ဒီလမ်းကြောင်းမှာအနည်းငယ်သော အောင်မြင်မှုရရှိဖို့အတွက် ကြီးမားသောအားစိုက်ထုတ်မှုမျိုးရှိရပေမည်။ ထို့ကြောင့်ပင် မူလဆရာသခင်အများစုက ဒါကိုအခြားလမ်းကြောင်းတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ကြပြီး ဒါနဲ့ပတ်သက်၍ များစွာ အာရုံစူးစိုက်ခြင်း မရှိခဲ့ပေ။
အဖိုးအိုက ဇူယွမ်ပြောတာကို ကြားလိုက်ရသည့်အခါ သဘောတူစွာဖြင့် ခေါင်းညှိတ်ပြလိုက်သည်။ “ကမ္ဘာကြီးထဲမှာရှိတဲ့ လူတွေက မူလမှော်စာလုံးကို အခြားလမ်းကြောင်းတစ်ခုအဖြစ် မှတ်ယူထားတာက အသိဉာဏ်ကင်းမဲ့ရာကျတယ်…ဒါကကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာဖို့ ခက်ခဲတဲ့အတွက်ကြောင့် သူတို့တွေကဒါကိုမနှစ်သက်ကြဘူး… ဒါကြောင့်ပဲ သူတို့တွေရဲ့စိတ်ထဲမှာ မူလမှော်စာလုံးသဘောတရားတွေကို ဖြေရှင်းဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မသိကြဘူး…တကယ်လို့သာ ကျွမ်းကျင်သွားခဲ့ရင် မူလမှော်စာလုံးရဲ့ သဘောတရားတွေက လုံးဝကို ပြည့်စုံသွားလိမ့်မယ်…”
အဖိုးအိုက မူလမှော်စာလုံးတွေအကြောင်းပြောပြနေစဉ်မှာ ဇူယွမ်တစ်ယောက် အနည်းငယ်ဂုဏ်ယူလိုက်မိသည်။ အဖိုးအိုက ဒီလမ်းကြောင်းမှာ သာမန်ထက်ပိုတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်ဆိုတာကို သူ့ရဲ့နှလုံးသားထဲမှာ သိလိုက်ရသည်။
“မင်းရဲ့စိတ်က ကြံ့ခိုင်သန်မာပြီးတော့ မူလမှော်စာလုံးရေးသားခြင်းနဲ့ လိုက်ဖက်တယ်လို့ ငါမြင်နိုင်တယ်…ဒါ့ကြောင့်ငါမင်းကို စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းတစ်ခု သင်ပေးမယ်…”
အဖိုးအိုက ရယ်မောလိုက်ပြီးတဲ့နောက်မှာ တောက်ပတဲ့အလင်းတန်းတစ်ခုက သူ့ရဲ့မျက်လုံးထဲကနေ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်ရဲ့မျက်လုံးထဲကို ဝင်ရောက်သွားခဲ့ကြ သည်။
ရုတ်တရက် ကြီးမားတဲ့ခေါင်းလောင်းကြီးတစ်ခုကို တီးခတ်လိုက်သလို ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခုက ဇူယွမ်ရဲ့ခေါင်းထဲမှာ ထွက်ပေါ်လာခဲ့ပြီး မရေတွက်နိုင်လောက်အောင်များပြားတဲ့ ရှေးဟောင်းစာလုံးတွေက သူ့ရဲ့မျက်လုံးထဲမှာ လှည့်ပတ်နေလျက်ရှိကြသည်။ နောက်ဆုံးမှာ သူတို့ကတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကြပြီး အချက်အလက်တွေအဖြစ် သူ့ရဲ့စိတ်ထဲကို စတင်စီးဆင်းလာခဲ့ကြသည်။
“မူလဖျက်စီးခြင်းနတ်ဘုရားရဲ့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်း”