” ဘာတွေဖြစ်နေတာလဲဟ။ အဲဒီ ဖက်တီးလေးက… ဝမ်ပေါင်လဲ့လား ”
” ဒဏ္ဍာရီလာ သူရဲကောင်းဆိုတာ ဒီလိုပဲလား။ သူပဲ ဖြစ်ရမယ်။ အဲ့တာမလို့ တခြားသူတွေက လူအင်အား တစ်သောင်းတိတိပါတဲ့ တပ်ဖွဲ့တွေကို ပိုင်ဆိုင်ထားပေမယ့် သူက တစ်ယောက်တည်း ဖြစ်နေတာ ”
” ပြီးတော့ မြည်းလေးလည်း ပါသေးတယ်ဟ။ မြည်းတစ်ကောင်နဲ့ အစပြုတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ငါ မှတ်မိပါသေးတယ် ”
ပြည်ထောင်စုကြီးထဲမှ ပွဲကြည့်ပရိသတ်တိုင်းမှာ အံ့ဩတုန်လှုပ်သွားကြတော့သည်။ ဤ ပြိုင်ပွဲထဲရှိ ပြိုင်ပွဲဝင်များ၏ ကွဲပြားခြားနားချက်များမှာ သိသာထင်ရှားလွန်းနေ၏။ လူပေါင်းမြောက်မြားစွာဖြင့် ပြည့်နှက်နေသည့် နယ်မြေများနှင့် ယှဉ်ကြည့်လိုက်လျှင် ဝမ်ပေါင်လဲ့မှာ မြည်းတစ်ကောင်ကိုသာ ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် လူတိုင်း၏အာရုံကို ချက်ချင်းပင် ဖမ်းစားနိုင်သွားတော့သည်။ ပြည်ထောင်စုကြီးထဲရှိ မြို့တော်အားလုံးမှာလည်း ဆူညံပွက်လောရိုက်သွားကြသည်။
တာအိုကျောင်းလေးကျောင်းမှ လူများစွာမှာလည်း ထိုတိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြ၏။ သူတို့အားလုံးမှာ ထိုမြင်ကွင်းအားမြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြတော့သည်။ သမင်ဖြူတာအိုကျောင်းမှ လူများမှာမူ ချက်ချင်းပင် မကျေမချမ်းဖြစ်သွားကြ၏။ သူတို့ထဲမှာ အချို့မှာဆိုလျှင် သူ့အား လှောင်ပြောင်နေကြတော့သည်။
” ပရိတ်သတ်အကြိုက် လိုက်လုပ်နေတာပါကွာ။ ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင် ”
ကောင်းကင်တာအိုကျောင်းမှ လူများ၏ အမူအရာများမှာ သမင်ဖြူတာအိုကျောင်းမှ လူများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေ၏။ လျှိုတောက်ပင်းနှင့် အခြားသူများမှာ ဝမ်ပေါင်လဲ့နှင့် သူ၏မြည်းလေးကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြပါသော်လည်း လျှိုတောက်ပင်းမှာ အလျင်အမြန် တုံ့ပြန်လိုက်၏။ သူသည် အသံတိတ်နေသော လူအုပ်ကြီးကိုကြည့်၍ ချက်ချင်းပင် အော်ဟစ်အားပေးလိုက်၏။
” ငါတို့ ကောင်းကင်တာအိုကျောင်းက အတော်ဆုံး အစ်ကိုကြီးဆိုတာ ဒီလိုမှပေါ့။ မင်းတို့တွေမြင်လား။ သူက ဘာကိုမှ ကြောက်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး။ ကြည့်လိုက်စမ်း။ သူ့ရဲ့ပုံစံက သူတစ်ယောက်တည်းနဲ့ ပြိုင်ဘက် တစ်သောင်းစလုံးကို ရင်ဆိုင်နိုင်စွမ်းရှိတယ်လို့ ကြိမ်းဝါးနေတဲ့ပုံစံ ပေါက်နေတာကွ ” လျှိုတောက်ပင်းမှာ အစွမ်းကုန်ကြိုးစား၍ ဟန်ဆောင်ပန်ဆောင်နှင့် အသံကျယ်ကျယ် ဆိုလိုက်၏။ သူ၏ စကားသံများထွက်ပေါ်လာသောအခါ လူအုပ်ထဲမှ လူများစွာမှာလည်း ချက်ချင်းဆိုသလိုပင် အော်ဟစ်အားပေးလိုက်ကြ၏။ သူတို့မှာ လျှိုတောက်ပင်းအား ရိုသေလေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။ သူ ထိုကဲ့သို့ စကားများကို စဉ်းစားမိခဲ့သည်မှာ အံ့ဩဖွယ်ရာပင်။
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာလည်း ထို တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေရင်း သူ၏နဖူးကို လက်ဖြင့် ရိုက်မိလိုက်ပြီး ဆွံ့အနေရတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့အတွက် စိတ်မကောင်းဖြစ်သွားရ၏။ သို့သော် သူသည် သက်ပြင်းချရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။
ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့သည်လည်း မတူညီသော နေရာနှစ်ခုမှနေ၍ ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်နေသည့် အမူအရာများ ပေါ်လာပါသော်လည်း သူတို့ နှစ်ယောက်စလုံးမှာ အံ့အားသင့်နေခြင်း အလျင်းမရှိပေ။ သူတို့မှာ ဝမ်ပေါင်လဲ့၏ နောက်တီးနောက်တောက် လုပ်ရပ်များကို ကျင့်သားရနေကြပြီဖြစ်သည်။
ကမ္ဘာနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်နေကြသည့် လူတိုင်းမှာ အော်သောင်းနင်းဖြစ်နေကြတော့သည်။ မြူခိုးတောင်ကျောင်းမှ ဆရာများနှင့် ကျောင်းသားများအားလုံးမှာလည်း ကြည့်ရှုနေကြ၏။ ကျင့်သိုကျစ်၏ အသံမှာ အကျယ်ဆုံးဖြစ်ပါသော်လည်း သူစ စကားများမှာ လျှိုတောက်ပင်းလောက် လိမ္မာပါးနပ်မှု မရှိပေ။ သူသည် ဝမ်ပေါင်လဲ့၏ သူရဲကောင်းဆန်ဆန် ပုံရိပ်ကြီးကို အမွှန်းတင်ချီးကျူးနေ၏။
ဝမ်ပေါင်လဲ့မှာ သူသည် လူတိုင်း၏ အာရုံများကို ဖမ်းစားထားသည်ဖြစ်ကြောင်း သတိပင်မမူမိပေ။ သူသည် ဤ တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုနေသည့် လူများက မည်ကဲ့သို့ တွေးတောနေမည်နည်းဟု မစဉ်းစားနိုင်လောက်အောင်ပင် ဖြစ်နေရ၏။ လက်ရှိတွင် သူသည် မချင့်မရဲဖြစ်နေပြီး မြည်းလေးမှာ မြက်ပင်များအား နှေးကွေးစွာ စားသုံးနေသောကြောင့် အလွန်အင်မတန်မှ မပျော်မရွှင် ဖြစ်နေရတော့သည်။
ထို့နောက် သူ၏ ဘေးနှစ်ဖက်တွင်ရှိနေသော နယ်မြေနှစ်ခုအား အကဲခတ်ကြည့်လိုက်၏။ တစ်ခုမှာ ကျိုးရိရှန်၏ နယ်မြေဖြစ်ပြီး အခြားတစ်ခုမှာ အင်္ဂါဂြိုဟ်စစ်တပ်မှ ဆန်ခါတင်တစ်ယောက်၏ နယ်မြေဖြစ်သည်။ ထိုစစ်တပ်မှ ဆန်ခါတင်မှာ လုံးဝအရှက်မရှိပေ။ သူသည် သူ၏ အစေခံတစ်ယောက်ချင်းစီတိုင်းကို ပေါင်လဲ့အမြောက် ဆယ်လက်စီ ပေးထား၏။ ထို့အပြင် သူသည် ထို ပေါင်လဲ့အမြောက် အလက်တစ်သိန်းတိတိကို အတန်းလိုက် စီရီထားသောကြောင့် ထိုမြင်ကွင်းကြီးမှာ ခမ်းနားကြီးကျယ်လွန်းနေ၏။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ကျိုးရိရှန်၏ လုပ်ရပ်များမှာ ပို၍ပင် ဒေါသထွက်စရာ ကောင်းနေ၏။ သူ၏ အစေခံများမှာ အချိန်တိုလေးအတွင်းတွင် စိတ္တဇများကဲ့သို့ အလုပ်လုပ်ခဲ့ကြပြီး မိုးထိုးလောက်အောင် မြင့်မားနေသော မြို့တော်နံရံကြီးတစ်ခုကို တည်ဆောက်ခဲ့ကြသည်…
ထိုနံရံကြီးအား သတ္တုများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အရောင်မှာ အနက်ရောင်ဖြစ်နေ၏။ သူ၏ အစေခံတစ်သောင်းမှာလည်း မီးနတ်ဘုရားအမြောက်များသာမက အရွယ်အစားကြီးမားသော အခြား ဓမ္မအဆောင်များကိုပါ ထုတ်ယူ၍ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြတော့သည်။ သူ၏ မြို့တော်ပုံစံငယ်ကိုကြည့်လျှင် ၎င်းမှာ တိုက်စစ်အပိုင်းတွင်သာမက ခံစစ်အပိုင်းတွင်ပါ အဆင့်မြင့်မားနေမည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ထို့အပြင် ၎င်းမှာ အကြမ်းထည်မျှသာ ရှိသေးသည်။ အခြားသော ဆန်ခါတင်များမှာလည်း အလားတူ အဆောက်အဦများကို ဆောက်လုပ်ထားပြီးသား ဖြစ်နေကြပြီဖြစ်သည်။ အံ့သြဖွယ်ရာအကောင်းဆုံး ပုံစံငယ်မှာ ကျိုးရိရှန်၏ ပုံစံငယ်မဟုတ်သလို အင်္ဂါဂြိုဟ်စစ်တပ်မှ ပြိုင်ပွဲဝင်၏ ပုံစံငယ်လည်းမဟုတ်ဘဲ လီယီ၏ ပုံစံငယ် ဖြစ်နေ၏။
လီယီမှာ သူမ၏ အစေခံတစ်သောင်းအား မန္တန်အစီအရင်တစ်ခု ဖန်တီးခိုင်းထား၏။ အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် သူမရပ်နေသည့်နေရာတွင် အလင်းတန်းများစွာမှာ တစ်ခုပေါ်တစ်ခု ထပ်ကာ အလွန်အင်မတန်မှ အားကောင်းသော ဝိညာဉ်ချီများ ထုတ်လွှတ်ပေးနေသည့် ဧရာမ ချပ်ပြားဝိုင်းကြီးတစ်ခုအသွင် စုဝေးနေကြ၏။ ၎င်း၏ တဖိတ်ဖိတ်တောက်ပနေသော အလင်းရောင်များမှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းပေါ်ရှိ အချုပ်အနှောင်ကြီး၏ အလင်းရောင်နှင့်အတူ စည်းချက်ညီစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။
၎င်းမှာ အံ့ဩဖွယ်ရာ စွမ်းဆောင်မှုကြီးတစ်ခုဖြစ်သည်။
” ငါ ဒီကို ရောက်မလာခင် ကြိုတင်ပြင်ဆင်ထားခဲ့လို့ တော်သေးတာပေါ့ ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ နှစ်သိမ့်အားပေးလိုက်၏။ သူသည် သူ၏ပတ်ပတ်လည်ရှိ နယ်မြေကိုးခုထဲမှ ဟိတ်ဟန်အပြည့်နှင့် တခမ်းတနားဖြစ်နေသော ဆောက်လုပ်ရေးလုပ်ငန်းများကို လျစ်လျူရှုထားရန် ကြိုးပမ်းလိုက်ပါသော်လည်း အကြိမ်အနည်းငယ်ခန့် ခိုးကြည့်မိလိုက်၏။ သူသည် သူတို့၏ သက်ဆိုင်ရာ အစေခံများ၏ ကူညီပေးမှုများကြောင့် သူတို့၏ မြို့တော်ပုံစံငယ်များအတွက် လိုအပ်သော အခြေခံအုတ်မြစ်များ တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသည်ကို ကြည့်ရှုရင်း သူ၏ ခံစားချက်များကို ချုပ်တည်းနိုင်စွမ်း မရှိတော့ပေ။
သူသည် ထိုမြင်ကွင်းကြောင့် မျက်ရည်များဝဲလာရပြီး နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်နေရပြီဖြစ်သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ မြည်းလေး ရေသာခိုနေသည်ကို မြင်လိုက်ရသောကြောင့် အမျက်ချောင်းချောင်းထွက်သွားပြီ ၎င်းအား ကန်ကျောက်မိလိုက်တော့သည်။
” အလုပ်ကို မြန်မြန်လုပ်စမ်းကွာ ”
ထိုအခါ မြည်းလေးမှာ နောက်သို့လှည့်လာပြီး အကြောင်းအရင်းမရှိ နှိပ်စက်ခံနေရသကဲ့သို့ ဝမ်းနည်းနေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ အသက်မဲ့နေသည့် အမူအရာအဖြင့် မြက်ပင်များကို ဆက်လက်ဝါးစားနေလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်လွန်သွားပြီး တစ်နာရီတိတိ ကုန်ဆုံးသွား၏။ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ လီယီနှင့် အခြားဆန်ခါတင်ရှစ်ယောက် သူတို့၏ သက်ဆိုင်ရာ နယ်မြေများထဲတွင် အလုပ်လုပ်နေကြသည်ကို တိုက်ရိုက်ကြည့်ရှုနေကြ၏။ သူတို့၏ လုပ်ငန်းများထဲမှ ရလဒ်အချို့ ထွက်ပေါ်လာပြီဖြစ်ပြီး သူတို့ တည်ဆောက်ထားသော အရာများမှာ သားရဲစီးကြောင်းအား ခုခံတွန်းလှန်နိုင်စွမ်း ရှိနေမည်ကို အထင်အရှား သိမြင်နိုင်ပေသည်။ ထို့အပြင် သူတို့မှာ လူအင်အားအမြောက်အမြားကိုလည်း ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ သူတို့အားလုံးမှာ အချိန်ဖြုန်း၍မဖြစ်ကြောင်း သိထားသောကြောင့် အနားယူခြင်းမရှိဘဲ အလုပ်လုပ်နေကြ၏။
ထိုနယ်မြေများမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီး လေထုထဲတွင် ပေါက်ကွဲသံများနှင့် ရိုက်ခတ်သံများဖြင့် ဆူညံနေတော့သည်။ ထိုနယ်မြေများထဲရှိ မြို့တော်အဆောက်အဦများ၏ ပုံစံများမှာ ခိုင်ခံ့မှုအပြည့်ရှိပြီး အထင်ကြီးအံ့ဩဖွယ်ရာ ကောင်းနေ၏။ ဝမ်ပေါင်လဲ့၏ နယ်မြေထဲတွင်မူ သူနှင့် မြည်းလေးသာ ရှိနေဆဲပင်။
မြည်းလေးမှာ အဆက်မပြတ် ရေသာခိုနေပြီး နောက်ဆုံးတွင် ပုန်ကန်သည့်အဆင့်အထိ ရောက်လာတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ကန်ကျောက်ခြင်းကို အချက်ရေများစွာ ခံခဲ့ရသည့်တိုင်အောင် ဆက်၍ အလုပ်မလုပ်တော့ဘဲ မြေပြင်ပေါ်၌ ခြေကားရားလက်ကားရား ထိုင်ချကာ နှာမှုတ်နေလိုက်တော့သည်။ ထို့နောက် ၎င်းမှာ မတ်တတ်ပြန်ထလာခြင်းမရှိဘဲ မြက်ပင်များထဲတွင် လူးလွန့်နေတော့သည်…
ပြည်ထောင်စုကြီးမှ လူများမှာ အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာများဖြင့် ကြည့်နေမိတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းချလိုက်၏။ သူသည် သူ၏ ကြီးမားကျယ်ပြောနေသော နယ်မြေကြီးထဲရှိ ခြောက်သွေ့နေသော ကုန်းမြေကြီးကို ငေးကြည့်နေလိုက်၏။ ထို့နောက် သူသည် စောစောတုန်းက ရှာတွေ့ခဲ့သော နေရာတစ်ခုဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုနေရာရှိ မြေသားမှာ အနည်းငယ်ခန့်ပို၍ ပျော့ပျောင်းနေသည်ဖြစ်သည်။
ယခင်တုန်းက ထိုမြေကွက်လေးမှာ ပေါင်းပင်များဖြင့် ပြည့်နှက်နေခဲ့၏။ မြည်းလေးမှာ အပျင်းထူပါသော်လည်း ထိုမြေကွက်ပေါ်မှစ၍ ပေါင်းပင်ရှင်းလင်းရေးလုပ်ငန်းကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုမြေကွက်ပေါ်တွင် မြက်ပင်များ အတော်အသင့် ရှင်းလင်းနေ၏။
ဝမ်ပေါင်လဲ့မှာ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်ပြန်သည်။ ထို့နောက် သူ၏ သိုလှောင်လက်ကောက်ကို ပုတ်ကာ ကုလားထိုင်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သောကြောင့် နတ်ဘုရားလက်နက်နယ်မြေ အပြင်ဘက်မှနေ၍ ကြည့်ရှုနေကြသည့် ပွဲကြည့်ပရိသတ်များမှာ ဆွံ့အမှင်တက်သွားကြတော့သည်။
သူသည် ထိုကုလားထိုင်လေးအား မြေကြီးပေါ်၌ချ၍ ၎င်းပေါ်၌ ထိုင်ချလိုက်၏။ ထို့နောက် သူသည် ပျင်းရိပျင်းတွဲနှင့် သူ၏ သိုလှောင်လက်ကောက်ထဲမှ ကြက်တောင်ပံတစ်ထုပ်ကို ထုတ်ယူလိုက်ပြီး စားပြလိုက်တော့သည်….
ထိုအခါ ခပ်လှမ်းလှမ်းတွင်ရှိနေသော မြည်းလေးမှာ မျက်လုံးများ အရောင်တောက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ရှိရာသို့ ပြေးလာပြီး သူ၏ရှေ့တွင် ဝပ်နေလိုက်၏။ ထို့နောက် ၎င်းမှာ ကြက်တောင်ပံများကို မျက်တောင်မခတ်တမ်း ငေးကြည့်ရင် သွားရည်များကျလာတော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား ဖားယားနေသည့် အမူအရာဖြင့် ၎င်း၏ အမြီးအား ယမ်းပြလိုက်၏။
” မင်းက ခွေးလား မြည်းလားကွ။ ဒီလို အကျင့်မျိုးကို ဘယ်ကနေ တတ်လာတာလဲ။ အမြီးယမ်းနေရတယ်လို့ကွာ။ ရှက်ဖို့ကောင်းလိုက်တာ ” ဝမ်ပေါင်လဲ့မှာ စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်၏။ ထို့နောက် သူသည် မြည်းလေးစိတ်ဆိုးသွားမည်ကို စိုးရိမ်သောကြောင့် သူမစားဘဲ ချန်ရစ်ထားခဲ့သည့် ကြက်တောင်ပံအရိုးများကို စိတ်မပါလက်မပါနှင့် လှမ်းပစ်ပေးလိုက်၏။
မြည်းလေးမှာ အရိုးများသာ စားရသည့်အတွက် စိတ်ကွက်နေခြင်းမရှိပေ။ ၎င်းမှာ အသံအကျယ်ကြီးမြည်အောင် ထိုအရိုးများကို ဝါးစားလိုက်ပြီး မျိုချပစ်လိုက်၏။ ထို့နောက် ၎င်းမှာ ဆက်၍ အမြီးယမ်းနေလိုက်ပြန်သည်။
ထိုဖြစ်ရပ်ကြီးတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့်ဖြစ်ရာ ပြည်ထောင်စုကြီးထဲမှ လူတိုင်းမှာ အစအဆုံး ကြည့်ရှုလိုက်ရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား အာရုံစိုက်၍ ကြည့်ရှုနေခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ကုလားထိုင်ပေါ်၌ထိုင်၍ မောင်စားနေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ ရယ်ရမလို ငိုရမလို ဖြစ်သွားကြတော့သည်။
” ဒီလောက် အရေးကြီးတဲ့ အချိန်မျိုးမှာတောင် စားနိုင်သောက်နိုင်နေတာ တော်တော်သတ္တိကောင်းလို့ပဲ။ သူ အခုလောက်ကြီး ဝနေတာ မထူးဆန်းဘူး ”
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က နည်းနည်းလွန်သွားပြီ။ မြည်းလေးက ချစ်ဖို့ကောင်းလွန်းနေတဲ့အပြင် သူ့ရဲ့ အလုပ်တွေကိုပါ ကူပြီးတော့ လုပ်ပေးခဲ့တာတောင် သူက အရိုးတွေပဲ ကျွေးရတယ်လို့။ အဲဒီ ဖက်တီးကောင်က အရိုးတွေကို လွှင့်မပစ်ခင် အသားကျန်မကျန်ကိုတောင် စစ်ဆေးနေခဲ့သေးတာ ”
” မြည်းလေးအစား ရင်နာလိုက်တာ ”
ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ အိမ်များထဲတွင် ပင့်သက်ရှိုက်သံပေါင်း မြောက်မြားစွာ ထွက်ပေါ်လာရတော့သည်။ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာမူ နဖူးပေါ် လက်တင်ရင်း ဆွံ့အနေရ၏။ လျှိုတောက်ပင်းမှာလည်း မှင်တက်နေရပြီဖြစ်သည်။ သူသည် သူ၏ ဦးနှောက်တစ်ခုလုံးကို အိတ်သွန်ဖာမှောက် ဆင်ဆာတွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူ၏ ပေါင်ကိုရိုက်ကာ ဆိုလိုက်၏။
” ဒါက အသက်အန္တရာယ်နဲ့ ကြုံနေရတာတောင် ကြောက်ရွံ့ခြင်းအလျင်းမရှိတဲ့ လူတယောက်ရဲ့မျက်နှာပဲ။ တခြားသူတွေအကုန်လုံးက စိုးရိမ်ပူပန်နေကြပေမယ့် ငါတို့ရဲ့ အစ်ကိုကြီး ဝမ်ပေါင်လဲ့က အမူအရာလုံးဝပျက်မသွားဘူး။ မင်းတို့က သူ မုန့်စားနေတာလို့ပဲ ထင်ကောင်းထင်နေနိုင်ပေမဲ့ တကယ့်လက်တွေ့မှာ သူက ဘယ်လိုစိန်ခေါ်မှုတွေနဲ့ပဲ ကြုံရကြုံရ တည်ငြိမ်မှု အပြည့်ရှိပြီးတော့ စိတ်သောကရောက်မနေဘူးဆိုတာကို ကမ္ဘာကြီးတစ်ခုလုံးသိသွားအောင် ပြနေတာ။ သူက အသိဉာဏ်ပညာ ကြွယ်ဝတဲ့ လူတစ်ယောက်မလို့ အစီအစဉ်တစ်ခုရှိနေမှာ သေချာတယ် ”
ကျောင်းသားများမှာ လျှိုတောက်ပင်း၏ စကားကို ကြားလိုက်ရသောအခါ သူတို့မှာ ဝမ်ပေါင်လဲ့ကိုသာမက လျှိုတောက်ပင်းကိုပင် ပို၍ လေးစားကြည်ညိုသွားကြတော့သည်။
လျှိုတောက်ပင်းမှာလည်း အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သောကြောင့် သူ့ကိုယ်သူ ကျေနပ်မိနေ၏။ ထို့နောက် သူ့အား မည်သူမှ ကြည့်မနေသည့်အချိန်တွင် သူ၏ အသံလွှင့်လက်စွပ်ကို အလျင်အမြန်ဖွင့်လိုက်ပြီး တိုးတိုးလေး လှမ်းပြောလိုက်၏။
” ဘာမှထပ်ပြောမနေနဲ့တော့။ ငါက ဝမ်ပေါင်လဲ့အပေါ်မှာ အကြွေးအများကြီးတင်ထားတာ။ လီယီရဲ့ လောင်းကြေးက သုံးဆ ပေါက်ပြီးတော့ ဝမ်ပေါင်လဲ့က အဆတစ်ထောင် ပေါက်နေရင်တောင် ငါက ဝမ်ပေါင်လဲ့ဘက်က ဝိညာဉ်ကျောက်တုံး ဆယ်တုံးဖိုး လောင်းဦးမှာပဲ။ လီယီဘက်ကနေလည်း ဝိညာဉ်ကျောက်တုံး အတုံးတစ်ထောင်ဖိုး လောင်းထားလိုက် ”
အင်္ဂါဂြိုဟ်နယ်မြေအသစ် စမ်းသပ်ပွဲမှာ ဟိုးလေးတကျော် ဖြစ်နေသောကြောင့် ပြည်ထောင်စုကြီးထဲတွင် လူရှေ့သူရှေ့ သိပ်ထွက်လေ့မရှိသော အရေးကြီးပုဂ္ဂိုလ်များစွာမှာ လူမြင်ကွင်းထဲသို့ ထွက်လာကြပြီး ဤပြိုင်ပွဲကြီးအတွက် ယာယီလောင်းကစားရုံများကို တည်ထောင်ခဲ့ကြ၏။ ထိုသတင်းများမှာ ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ပျံ့နှံ့နေပြီဖြစ်သည်။ သာမာန်ပြည်သူများရော ကျင့်ကြံသူများပါ လောင်းခွင့်ရှိပေသည်။
ဝမ်ပေါင်လဲ့၏ ပေါက်ကြေးမှာ အဆတစ်ထောင်ဖြစ်ပြီး လီယီ၏ ပေါက်ကြေးမှာ သုံးဆ ဖြစ်နေ၏။ ပြိုင်ပွဲကြီးအား ဆက်လက်ကျင်းပနေသည်နှင့်အမျှ လောင်းကြေးထပ်သည့် သူများမှာလည်း ပို၍ များလာ၏။ ဝမ်ပေါင်လဲ့နှင့် ယှဉ်လိုက်ပါက ထိုးသားများမှာ လီယီဘက်မှ အများဆုံး လောင်းထားကြ၏။
ထိုသို့ဖြင့် အချိန်များတစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့နှင့် သူ၏မြည်းလေးတို့မှာ ကြက်တောင်ပံအထုပ် ဆယ်ထုပ်တိတိ စားပြီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် ဆန်ခါတင်ဆယ်ယောက်၏ နယ်မြေများ၏ အလယ်ဗဟိုတွင်ရှိနေသည့် အလုံပိတ်ထားသော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းထဲမှ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
ထို မိုးခြိမ်းသံကဲ့သို့သော အသံကြီး လေထုထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် လီယီနှင့် အခြားဆန်ခါတင်များ၏ မျက်နှာအမူအရာများမှာ တည်ကြည်သွားကြ၏။ သူတို့မှာ အသံကုန်အော်ဟစ်၍ အမိန့်များပေးလိုက်ကြသဖြင့် သူတို့၏ အစေခံများထဲမှ အချို့အဝက်မှာ အခြားသူများနှင့် လူစုခွဲသွားကြပြီး တိုက်ပွဲကြီးအတွက် ပြင်ဆင်လိုက်ကြတော့သည်။
ပြိုင်ပွဲအစစ်အမှန်ကြီးမှာ ယခုမှ စတင်မည်ဖြစ်ကြောင်း သူတို့က သိထား၏။
ဝမ်ပေါင်လဲ့မှာလည်း ခေါင်းမော့လာပြီး လှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းပေါ်ရှိ အချုပ်အနှောင်ကြီး၏ အထူမှာ သိသိသာသာ ပါးလွှာသွား၏။ ထို့နောက် ၎င်း၏မျက်နှာပြင်ပေါ်တွင် အပေါက်များ ပေါ်လာ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် လှိုဏ်ခေါင်းထဲမှ သားရဲကြီးများ၏ အော်ဟစ်ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် ခန္ဓာကိုယ် တစ်ဝက်တစ်ပျက် ပုပ်ပွနေသည့် အနေအထားသို့ ရောက်နေသည့် ရက်စက်ကြမ်းကြုတ်ဖွယ်ရာ သားရဲကြီးများမှာ ထိုအပေါက်များကိုဖြတ်၍ လှိုဏ်ခေါင်းထဲမှ ထွက်လာကြသည်။ ၎င်းတို့၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူတို့မှာ အားကောင်းသော လှိုင်းလုံးကြီးများကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးလာကြတော့သည်။
နောက်အပိုင်းလေးတွေ တင်ပေးပါဦး ဇာတ်ရှိန်တက်နေပြီ
good