ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် သူတို့၏အစေခံများမှာ အထူးတဆန်းဖြစ်ကာ လှောင်ရယ်နေသည့် မျက်နှာအမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြ၏။ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံ၊ လက်ထောက်ဘုရင်ခံနှင့် အင်္ဂါဂြိုဟ်အစိုးရအဖွဲ့အစည်းများမှ အရာရှိပေါင်း မြောက်မြားစွာမှာ ဌာနချုပ်ထဲ၌ ရှိနေကြ၏။ သူတို့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားကြသည်။ အချို့မှာ မမြင်ချင်ယောင်ဆောင်လိုက်ကြပြီး အချို့မှာမူ ခေါင်းယမ်းကာ ရှုံ့မဲ့မဲ့နှင့် ပြုံးလိုက်ကြ၏။
သူတို့မှာ ဝမ်ပေါင်လဲ့အား အများကြီး မျှော်လင့်မထားခဲ့ပေ။ ယခုကိစ္စကြီး တစ်ခုလုံးမှာ ဝမ်ပေါင်လဲ့နှင့် လုံးဝ မသက်ဆိုင်ပေ။ ဤ ပြိုင်ပွဲကြီးမှာ အနိုင်ရရှိမည့်လူကို ကြိုတင်သတ်မှတ်ထားပြီးသား ပြိုင်ပွဲကြီးတစ်ခု မဟုတ်ပါသော်လည်း နိုင်ငံရေးအင်အားစုအသီးသီးအတွက် စစ်မြေပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ ထို အဖွဲ့အစည်းများအားလုံးမှာ ငွေအင်အား လူအင်အား မြောက်မြားစွာ အကုန်အကျခံ၍ ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ကြသည် ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ကိုယ်စားလှယ်များအတွက် ခန့်အပ်ပေးထားသော အစေခံများမှာလည်း စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြပေသည်။
သူတို့မှာ သိုင်းပညာ ကျင့်ကြံသူများ၊ မန္တန်အစီအရင် ကျင့်ကြံသူများနှင့် ဓမ္မလက်နက် ကျင့်ကြံသူများကို ခေါ်ဆောင်လာကြ၏။ သူတို့မှာ ပြိုင်ပွဲထဲ၌ ကြုံတွေ့ရမည့် မည်သည့်အခက်အခဲ အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်ရန် လိုအပ်သည့်အချက်များ အားလုံးကို ပြင်ဆင်ထားခဲ့ကြသည်ဖြစ်သည်။
ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့၏ အကြောင်းကိုလည်း သိရှိထားလောက်ပြီးဖြစ်သည်။ အခြား နိုင်ငံရေးအဖွဲ့အစည်းများမှာလည်း ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းခဲ့ကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းလေးကျောင်း၏ သဘောတူညီချက်ကို ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိထား၏။ သူသည် တစ်ဖက်သတ်ဆုံးဖြတ်၍ ပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
လူတိုင်းမှာ သူ၏ ဆုံးဖြတ်ချက်နှင့်ပတ်သတ်၍ ထင်မြင်ချက်တစ်ခုတည်းသာ ထားရှိကြ၏။ ဝမ်ပေါင်လဲ့ဆီတွင် သူ့အား ကူညီထောက်ပံ့ပေးမည့်သူ တစ်ယောက်မှ ရှိမနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဆန်ခါတင်တစ်ယောက်အဖြစ် ရွေးချယ်ခံရလျှင်တောင် နောက်ဆုံးတွင် အရှက်တကွဲအကျိုးနည်း ရှုံးနိမ့်ရမည်သာဖြစ်သည်။
သို့ဖြစ်ရာ သူ့လို လူမျိုးနှင့် ယှဉ်ပြိုင်နေရန်မလိုအပ်ပေ။ သူသည် တစ်ယောက်တည်း ဖြစ်နေသောကြောင့် ငွေအင်အား၊ လူအင်အားအပိုင်းတွင် အခြား ဆန်ခါတင်ပုဂ္ဂိုလ်များကို ယှဉ်နိုင်မည်မဟုတ်ပေ။
ဤ ပြိုင်ပွဲကြီး၏ အဓိကအချက်မှာ သားရဲစီးကြောင်းကြီး သူတို့ဆီသို့ ဦးတည်မလာခင် အချိန်တိုလေးအတွင်းတွင် ခံစစ်ကြောင်းတစ်ခုကို တည်ဆောက်ပေးရန်ဖြစ်သည်။ သူတို့မှာ ထို သားရဲစီးကြောင်းကြီးအား ခုခံတွန်းလှန်ရင်း မြို့တော်နယ်မြေအသစ်အတွက် လိုအပ်သော အခြေခံအုတ်မြစ်ကို အချိန်နှင့် တပြေးညီ တည်ဆောက်ရမည်ဖြစ်သည်။ သို့မှသာ သူတို့သည် တဖြည်းဖြည်းနှင့် ပို၍အစွမ်းထက်လာမည့် သားရဲစီးကြောင်းများကို ခုခံတွန်းလှန်နိုင်မည်ဖြစ်ပြီး နောက်ဆုံးတွင် အနိုင်ရရှိနိုင်မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ငွေအင်အား၊ လူအင်အား လုံးဝမရှိဘဲ တစ်ကိုယ်တည်း ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ပြိုင်ပွဲကြီးထဲသို့ ရောက်လာပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ကျောက်စိမ်းပေလွှာအား ချေမွကာ အပြင်ဘက်သို့ ပြန်ထွက်သွားရမည်သာဖြစ်သည်။ သူသည် ပဏာမလူစာရင်းထဲမှ နှုတ်ထွက်သွားရမည်သာ ဖြစ်သည်…
” သူက ငယ်ပါသေးတယ်။ ဒါက နိုင်ငံရေးအင်အားစုတွေကြားက တိုက်ပွဲကြီးတစ်ခုပဲ။ ဘာအကူအညီ အထောက်အပံ့မှ မရှိတဲ့ တစ်ကိုယ်တော် ဆန်ခါတင်တစ်ယောက်က ဒီပြိုင်ပွဲမှာ အနိုင်ရမှာမဟုတ်ဘူး ”
” လုံးဝကိုမဖြစ်နိုင်ပါဘူးကွာ။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်လေးကို ရူးတာပဲ။ သူက ဟာသလာလုပ်နေတာလား ”
” ဟုတ်ပ။ သမင်ဖြူတာအိုကျောင်းက ဒီကိစ္စကြောင့် အမျက်ချောင်းချောင်းထွက်နေတာလို့ ငါကြားထားတယ်။ အဲဒီကျောင်းက ကောင်းကင်တာအိုကျောင်းကို လူသိရှင်ကြား အပြစ်တင်ဝေဖန်ခဲ့တာဆိုပဲ ”
ဌာနချုပ်ထဲမှ လူတိုင်းမှာ သက်ပြင်းများ ချနေကြစဉ် ဧရာမသစ်ပင်ကြီးမှာမူ အမူအရာမပျက် ရှိနေဆဲပင်။ သို့သော် သူသည် မခို့တရို့နှင့် လှောင်ပြုံးပြုံးကာ ခပ်လှမ်းလှမ်းရှိ ဝမ်ပေါင်လဲ့၏ ပုံရိပ်အား လှမ်း၍ကြည့်နေ၏။ သူသည် ဝမ်ပေါင်လဲ့မှာ ယခုအကြိမ်တွင် သူ့ကိုယ်သူ အထင်ကြီးလွန််းသွားပြီဖြစ်ကြောင်း စိတ်ထဲ၌ မှတ်ချက်ပေးလိုက်တော့သည်။
” သူက လျှို့ဝှက်ဆန်းကြယ် လစန္ဒာနယ်မြေထဲမှာ ရောက်နေတယ်လို့များ ထင်နေတာလားဟ ”
အရာရှိများအားလုံးမှာ အပြင်းအထန် ဆွေးနွေးငြင်းခုန်ရင်း ခေါင်းတယမ်းယမ်း ဖြစ်နေကြ၏။ ဘုရင်ခံမှာ ထိုမြင်ကွင်းကို ဆက်မကြည့်ချင်တော့သောကြောင့် အမိန့်ပေးလိုက်တော့သည်။
” သင်္ဘောပျံတွေကို ထွက်သွားခိုင်းလိုက်တော့။ နတ်ဘုရားလက်နက်နယ်မြေထဲကို သင်္ဘောပျံတွေ ရောက်လာတာနဲ့ ပြိုင်ပွဲစမယ် ”
ဘုရင်ခံ ထိုသို့အမိန့်ပေးလိုက်သောအခါ လေဆိပ်ထဲမှ သင်္ဘောပျံကြီး ဆယ်စင်းမှာ ချက်ချင်းဆိုသလိုပင် အသံမျိုးစုံ မြည်ဟည်းလာကြတော့သည်။ ၎င်းတို့မှာ အချိန်မရွေး ထွက်ခွာသွားနိုင်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ လီယီနှင့် အခြား ဆန်ခါတင်များမှာ ထိုအသိပေးစာကို လက်ခံရရှိလိုက်သောကြောင့် သူတို့၏ သင်္ဘောပျံကြီးများဆီသို့ ချက်ချင်းပြေးသွားလိုက်ကြ၏။
လီယီမှာ သင်္ဘောပျံပေါ်သို့ တက်ရင်း ဝမ်ပေါင်လဲ့အား နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်၏။ ထို့နောက် သူမသည် သူမ၏ သင်္ဘောပျံထဲသို့ ဝင်သွားလိုက်တော့သည်။ သို့သော် သင်္ဘောပျံထဲသို့ ရောက်သွားပြီး သူမ၏ ပတ်ပတ်လည်၌ မည်သူမှ ရှိမနေတော့သည့်အချိန်တွင် သူမ၏ မျက်ဝန်းများထဲ၌ အထင်သေးကာ စက်ဆုပ်ရွံရှာနေသည့် အရိပ်အယောင်များမှာ အထင်အရှား ပေါ်ပေါက်လာတော့သည်။
” ဝက်လိုကောင် ” လီယီမှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်ပြီး အလွန်အင်မတန်မှ ကျေနပ်သွားတော့သည်။ သူမသည် မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်လာမည်ဆိုလျှင် မိုးမခအကြင်နာမဲ့ပညာရပ်ကို ဆက်လက်လေ့ကျင့်နေရန် လိုတော့မည်မဟုတ်ပေ။ ထိုအချိန်သို့ရောက်ပါက မည်သူကမှ သူမ၏ ရာထူးကို ခြိမ်းခြောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ သူမသည် ဝမ်ပေါင်လဲ့အား ပရောပရည် လုပ်ရသည်ကို အောင့်အီးသည်းခံနိုင်စွမ်း မရှိတော့ပေ။ သူမ၏အမြင်တွင် ထိုလုပ်ရပ်မှာ စက်ဆုပ်ရွံရှာဖွယ် ကောင်းရုံသာမက ရှက်စရာလည်း ကောင်းနေ၏။
လီယီမှာ ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောနေစဉ် ကျိုးရိရှန်မှာလည်း သူ၏ သင်္ဘောပျံပေါ်သို့ တက်သွားလိုက်၏။ သူသည် တစ်ချိန်လုံး လှောင်ပြုံးပြုံးနေခဲ့ပြီး ဝမ်ပေါင်လဲ့အား ရန်လိုသော အကြည့်များဖြင့် ပေါ်ပေါ်ထင်ထင် စိုက်ကြည့်နေခဲ့၏။ သူ၏ အတွေးများမှာလည်း လီယီနှင့် ဆင်တူနေပြီး သူသည် မောက်မာဝင့်ကြွားနေတော့သည်။
” မင်းက တာအိုကျောင်းလေးကျောင်းက ဘွဲ့ရကျောင်းသားတွေ အများကြီးထဲက တစ်ယောက်ပါပဲကွာ။ သူတို့ရဲ့ ကူညီထောက်ပံ့မှုကိုမရရင် မင်းက အမှိုက်သာသာအဆင့်ပဲ ရှိတာပါ ”
ခုန်းတောက်၏ အမူအရာများမှာမူ ယခုအကြိမ်တွင် ပေါ်ပေါ်ထင်ထင် ရန်လိုကာ အထင်သေးနေသည့်ပုံ မပေါ်ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးလိုစိတ် လုံးဝ မရှိခဲ့ဖူးပေ။ ထို့အပြင် သူ၏ မြည်းဖြူလေးကြုံတွေ့ခဲ့ရသည့် ကိစ္စများကြောင့် ဝမ်ပေါင်လဲ့အပေါ် ထားရှိသော သူ၏အမြင်များမှာ ပို၍ပင် ဆိုးရွားလာခဲ့၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက် သူ့အား လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။
အခြား ဆန်ခါတင်များမှာလည်း ထိုနည်းတူပင်။ အချို့မှာ သူတို့၏ မထီမဲ့မြင်အမူအရာများကို ကွယ်ဝှက်နေခြင်းမရှိဘဲ ခေါင်းတယမ်းယမ်းနှင့် ဝမ်ပေါင်လဲ့အား လှောင်ပြောင်နေကြ၏။ သူတို့မှာ သူ့အား လူပြက်တစ်ယောက်ကဲ့သို့ ဝိုင်းကြည့်နေကြတော့သည်။ ထို့နောက် သူတို့မှာ သူ့အား အဖတ်လုပ်မနေတော့ဘဲ သူတို့၏ သင်္ဘောပျံများပေါ်သို့ တက်သွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ့အား ထိုကဲ့သို့ ကြည့်နေကြသည့် လူအချို့ကို သတိမထားမိလိုက်ပါသော်လည်း အခြားသူများကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ပို၍ပင် ဒေါသထွက်လာရတော့သည်။
” မင်းတို့တွေကို နောက်ကနေ ကူညီထောက်ပံ့ပေးနေတဲ့ မိသားစုတွေ ရှိနေတော့ရော ဘာလုပ်ရမှာလဲ။ ငါက ကိုယ့်အားကိုယ်ကိုးတဲ့ကောင်ကွ ” ဝမ်ပေါင်လဲ့မှာ သူ၏ ဒေါသများကို မျိုသိပ်လိုက်ပြီး အံကြိတ်ကာ သူ၏ သင်္ဘောပျံကြီးဆီသို့ ဦးတည်သွား၏။ ထို့နောက် သူနှင့် သူ၏ မြည်းလေးတို့မှာ လူဦးရေ တစ်သောင်းတိတိ ဝင်ဆံ့သော သင်္ဘောပျံကြီးပေါ်သို့ တက်သွားကြတော့သည်။ သူသည် သူ၏ရှေ့တွင် ဟာလာဟင်းလင်းဖြစ်နေသော နေရာလွတ်ကြီးကိုကြည့်ရင်း ကျေနပ်သွား၏။ အနည်းဆုံးတော့ သူသည် ကျယ်ကျယ်လွတ်လွတ် နေနိုင်သည် မဟုတ်ပါလော….
ထို သင်္ဘောပျံကြီး ဆယ်စင်းမှာ လေပေါ်သို့ပျံတက်သွားပြီး အရှိန်အဟုန်ဖြင့် အဝေးသို့ ထွက်ခွာသွားကြတော့သည်။ ၎င်းတို့မှာ အင်္ဂါဂြိုဟ်ကောင်းကင်ယံကြီးအား ဖြတ်သန်းသွားကြပြီး ခြောက်နာရီအကြာတွင် သူတို့၏ ပန်းတိုင်သို့ ရောက်ရှိသွားကြ၏။
ဝမ်ပေါင်လဲ့မှာ ထိုပန်းတိုင်နားသို့ ရောက်လာလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေတော့သည်။ သူသည် ကိုလိုနီမြို့တော်နှင့် အလွန်အင်မတန်မှ ဝေးကွာသည့်နေရာသို့ သွားဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့၏ ခရီးစဉ်မှာ အချိန်အကြာကြီး ကြာမြင့်ခဲ့၏။ နတ်ဘုရားလက်နက်နယ်မြေ၏ အစွန်းအဖျားပိုင်း ပတ်ပတ်လည်တွင် ရှိနေသည့် အားကောင်းသော ရောင်ခြည်လှိုင်းများမှာ အတားအဆီးများကဲ့သို့ ဖြစ်နေသောကြောင့် သူတို့မှာ နှေးကွေးနေရခြင်း ဖြစ်သည်။ ထိုလှိုင်းများမှာ လျှပ်စစ်သံလိုက်အားများနှင့် ဆင်တူပြီး သင်္ဘောပျံများအား အရှိန်လျော့ကျသွားအောင် လုပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် သူတို့မှာ အရှိန်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သင်္ဘောပျံကြီး၏ အပြင်ဘက်တွင်လည်း ကျယ်လောင်သောရိုက်ခတ်သံများကို ကြားနေရ၏။ လူဦးရေ တစ်သောင်းတိတိ ဝင်ဆံ့သော သင်္ဘောပျံကြီးမှာ ဒယိမ်းဒယိုင်နှင့် ဆက်လက်ပျံသန်းနေဆဲပင်။ သို့သော် အပြင်ဘက်သို့ လှမ်းကြည့်လိုက်မည်ဆိုပါက ကြည်လင်ရှင်းလင်းနေသော ကောင်းကင်ကြီးမှလွဲ၍ အခြားမည်သည့်အရာကိုမှ မြင်ရမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားရ၏။
ထို သင်္ဘောပျံကြီး ရှေ့သို့ဆက်လက်ပျံသန်းနေရင်း မြေပြင်ကြီးမှာ တဖြည်းဖြည်းနှင့် နှင်းများဖုံးလွှမ်းနေသော အဖြူရောင်လွင်ပြင်ကြီးများမှ အနီရောင် မြေကွက်လပ်များ ကွက်တိကွက်ကျား ပေါ်နေသော ကုန်းမြေကြီးအဖြစ် ပြောင်းလဲသွား၏။ သူတို့မှာ ပန်းတိုင်နားသို့ ရောက်လာလေလေ ထို အနီရောင်မြေပြင်ကြီးမှာ ပို၍ အံ့ဩတုန်လှုပ်ဖွယ်ကောင်းကာ သိသာထင်ရှားလာလေလေ ဖြစ်နေသည်။
မြေပြင်ကြီးတစ်ခုလုံးမှာ သွေးစိမ်းများဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေ၏။ ထိုမြင်ကွင်းအား ပထမဆုံးအကြိမ်အဖြစ်မြ င်လိုက်ရသည့် လူတိုင်းမှာ စိတ်ကသိကအောက် ဖြစ်သွားကြမည်သာဖြစ်သည်။
ထိုသို့ဖြင့် နောက်ထပ် တစ်နာရီတိတိ ကုန်ဆုံးသွားပြန်သည်။ နောက်ဆုံးတွင် သင်္ဘောပျံကြီး ဆယ်စင်းမှာ သွေးရောင်လွှမ်းနေသော မြေပြင်ကြီး၏ အထက်မှ တရွေ့ရွေ့နှင့် ဖြတ်သန်းသွားပြီး ခရီးသည်များမှာ တောင်စဉ်တန်းများကို မြင်လိုက်ရတော့သည်။ ထိုအခါ သူတို့၏ အသက်ရှုနှုန်းများမှာ မတည်မငြိမ် ဖြစ်လာကြတော့သည်။ သူတို့မှာ ပန်းတိုင်သို့ ရောက်ရှိလာကြပြီ မဟုတ်ပါလော….
၎င်းမှာ နတ်ဘုရားလက်နက် နယ်မြေပင်ဖြစ်သည်။
၎င်းမှာ အင်္ဂါဂြိုဟ်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိနေ၏။ ထိုနေရာမှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်နှင့် အလွန်အင်မတန်မှ ဝေးကွာပြီး တောင်တန်းများဖြင့် ပြည့်နှက်နေ၏။ နတ်ဘုရားလက်နက် ရှိနေသည့် လှိုဏ်ခေါင်းများမှာ ထိုတောင်တန်းများ၏ ကြားထဲတွင် ဖြစ်သည်။ ထိုကဲ့သို့ မိုးထိုးလုမတတ် မြင့်မားနေသော တောင်များ၏ အလယ်တွင် ကျယ်ပြောသော လွင်ပြင်ကြီးတစ်ခုရှိနေ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ တောင်ကြားတစ်ခုနှင့် တူပေသည်။
ထိုလွင်ပြင်ထဲ၌ အင်္ဂါဂြိုဟ်နယ်မြေအသစ်ကို တည်ဆောက်မည်ဖြစ်သည်။ ထိုလွင်ပြင်ကြီး၏ အလယ်ဗဟိုတွင် ဧရာမလှိုဏ်ခေါင်းကြီးတစ်ခု ရှိနေပြီး တဖိတ်ဖိတ် တောက်ပနေသော အကြည်ရောင် အချုပ်အနှောင်တစ်ခုမှာ ထိုအပေါက်ကြီးအား ပိတ်ဆို့ထား၏။ ထိုအချုပ်အနှောင်ကြောင့် လှိုဏ်ခေါင်းထဲ၌ ရှိနေသော အရာအားလုံးမှာ အပြင်သို့ထွက်မလာနိုင်ခြင်းဖြစ်သည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများစွာ ထိုအချုပ်အနှောင်အား ခေါင်းဖြင့်တိုက်နေကြသည်ကိုပင် မြင်နိုင်ပေသည်။
ထို့အပြင် အလုံးပိတ်ထားသော လှိုဏ်ခေါင်းကြီးထဲမှ သားရဲကြီးများ၏ မချင့်မရဲ ဖြစ်နေသော အော်ဟစ်သံများကိုပင် ခပ်ရေးရေးခန့် ကြားနိုင်ပေသည်။ ၎င်းတို့၏ အော်ဟစ်သံများမှာ လေထုထဲ၌ပင် ပဲ့တင်ထပ်နေ၏။ ထိုအချိန်တွင် သင်္ဘောပျံကြီး ဆယ်စင်းမှာ တရွေ့ရွေ့နှင့် ချဉ်းကပ်လာပြီဖြစ်သည်။ ထိုသင်္ဘောပျံများပေါ်ရှိ လူတိုင်းမှာ မြေပြင်ပေါ်ရှိ လှိုဏ်ခေါင်းကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော နယ်မြေဆယ်ခုကို လှမ်းမြင်နေရ၏။
ထို နယ်မြေဆယ်ခုမှာ တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး နယ်မြေတစ်ခုချင်းစီ၏ ကြားတွင် အကာအရံတစ်ခုစီ ရှိနေ၏။ ထို နယ်မြေတစ်ခုချင်းစီ၏ အတွင်းပိုင်းထဲတွင် အဆောက်အဦ တစ်ခုတလေပင် မရှိသော ကြီးမားကျယ်ပြန့်သည့် ကွင်းပြင်ကြီးတစ်ခုစီ ရှိနေသည်။ သို့သော် အချို့နေရာများတွင် သစ်ပင်ပန်းမန်များ ပေါက်ရောက်နေသည်။
ခဏအကြာတွင် သင်္ဘောပျံကြီးများ ဆင်းသက်လာကြ၏။ ထိုသင်္ဘောပျံများအား စက်သတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် လီယီနှင့် အခြားဆန်ခါတင်များမှာ သူတို့၏ သင်္ဘောပျံများပေါ်မှ ခုန်ဆင်းလာကြ၏။ သူတို့မှာ သူတို့၏ အစေခံများကို ဦးဆောင်၍ နယ်မြေအသီးသီးဆီသို့ ပြေးသွားလိုက်ကြသည်။ သူတို့မှာ ကြိုတင်ဆွေးနွေးထားကြပြီး မိမိတို့နှင့် သက်ဆိုင်သော နယ်မြေများကို ကြိုတင်သတ်မှတ်ထားကြသည့် ပုံပင်။ လူတိုင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေခြင်းမရှိဘဲ စည်းစနစ်တကျ ထွက်ခွာသွားကြ၏။
ခဏအကြာတွင် သူတို့အားလုံးမှာ သက်ဆိုင်ရာ နယ်မြေများဆီသို့ ရောက်ရှိသွားကြတော့သည်။ ထို့နောက် သူတို့မှာ နှောင့်နှေးကြန့်ကြာနေခြင်းမရှိဘဲ ချက်ချင်းပင် အမိန့်များ ပေးလိုက်ကြတော့သည်။ ထိုအခါ သူတို့၏ အစေခံများမှာလည်း သူတို့၏ သိုလှောင်လက်ကောက်များထဲမှ ပစ္စည်းအမြောက်အများကို ချက်ချင်းပင် ထုတ်ယူလိုက်ကြပြီး တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန် စတင်လိုက်ကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သင်္ဘောပျံထဲမှ ထွက်လာပြီးနောက် ထိုမြင်ကွင်းကိုမြင်လိုက်ရ၏။ နယ်မြေဆယ်ခုထဲမှ ကိုးခုထဲတွင် အစေခံများမှာ ပျားပန်းခပ် အလုပ်ရှုပ်နေကြပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအမျိုးမျိုးကို ထုတ်ယူနေကြ၏။ ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ကို ပြင်ဆင်ထားပြီးသည့်တိုင်အောင် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သွားရည်ယိုမိသွား၏။
” ချမ်းသာလိုက်ကြတာ ” သူသည် ထိုသို့ ရေရွတ်မိလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် မည်သူမှ ရှိမနေသော နောက်ဆုံးနယ်မြေလေးကို လှမ်းမြင်လိုက်ရ၏။ ၎င်းမှာ ပေါင်းပင်များနှင့် ပုပ်ပွနေသော သစ်ပင်များဖြင့် ပြည့်နှက်နေပြီး ကန္တာရတစ်ခုထက်ပင် ပို၍ခြောက်သွေ့နေသည့်ပုံ ပေါက်နေသည်…
ဝမ်ပေါင်လဲ့မှာ အရှုံမပေးလိုသောကြောင့် ရှေ့သို့ပြေးထွက်သွားလိုက်ပြီး ပေါင်းပင်များကို အရင်ဆုံးရှင်းလင်းလိုက်၏။ သူသည် အကြိမ်ရေ အနည်းငယ်လန့် လိုက်လံဆွဲနှုတ်ကြည့်လိုက်ပြီးနောက် ထိုပေါင်းပင်များ၏ အမြစ်များမှာ အလွန်အင်မတန်မှ ခိုင်မာနေကြောင်း သိလိုက်ရသည်။ အကယ်၍ သူ့ဘက်မှ ကူညီပေးနေသည့် လူအချို့ရှိနေမည်ဆိုပါက အဆင်ပြေနိုင်ပါသော်လည်း ယခုတွင်မူ သူတစ်ယောက်တည်း ဖြစ်နေသောကြောင့် ဤကွင်းပြင်ကြီး တစ်ခုလုံးထဲရှိ မြက်ပင်များအားလုံးကို ရှင်းလင်းနိုင်ရန် အချိန်အကြာကြီး လိုအပ်နေမည်ဖြစ်သည်။
” တော်တော် တရားလွန်တာပဲကွ။ သူတို့က ငါနဲ့ မဆွေးနွေးဘဲ ငါ့ကို အစုတ်ချာဆုံး မြေကွက်ကြီး ပေးခဲ့တာ ” ဝမ်ပေါင်လဲ့မှာ မကျေမချမ်း ဖြစ်သွားရတော့သည်။ သူသည် သူ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များကို ထုတ်ယူရန် တွေးမိလိုက်ပါသော်လည်း ၎င်းတို့ကို ထုတ်ပြရန် အချိန်မကျသေးကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် မြည်းလေးဘက်သို့လှည့်ကြည့်လိုက်၏။
” မြည်းလေး။ စားလိုက်စမ်းကွာ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ အမိန့်ပေးလိုက်၏။
မြည်းလေးမှာ တစ်ကိုက်ခန့် စမ်းကိုက်ကြည့်လိုက်ပြီးနောက် ပျို့အန်လုမတတ်ဖြစ်သွားရ၏။ သို့သော် ၎င်းမှာ အန်မထုတ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ ရန်လိုနေသောအကြည့်ကို မြင်လိုက်ရသောကြောင့် အမြကုပ်သွားရ၏။ ၎င်းမှာ လူများဖြင့် ပြည့်နှက်နေသည့် အခြားနယ်မြေများကို ဝမ်းနည်းပက်လက်နှင့် လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းငုံ့သွားပြီး ကြိတ်မှိတ်သည်းခံကာ ဆက်လက်ဝါးစားနေလိုက်တော့သည်…
ထိုအချိန်တွင် သင်္ဘောပျံဆယ်စင်းမှာ တဖြည်းဖြည်းနှင့် လေပေါ်သို့ ပျံတက်သွားပြီး လေထဲ၌ ရစ်ဝဲကာ ရှုထောင့်အသီးသီးမှနေ၍ ရိုက်ကူးရေးလုပ်ငန်းများကို စတင်လိုက်တော့သည်။ တစ်ချိန်ထဲမှာပင် ပြည်ထောင်စုတစ်ခွင်လုံး၌ တိုက်ရိုက်ထုတ်လွှင့်ပြသသည့် အစီအစဉ်မှာ စတင်သွားပြီဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးထဲရှိ မိသားစုပေါင်း သိန်းပေါင်းများစွာမှာ သတင်းဌာနအသီးသီး၏ ဝိညာဉ်ဖန်သားပြင်များပေါ်မှတစ်ဆင့် နတ်ဘုရားလက်နက်နယ်မြေကြီးကို ကြည့်ရှုခွင့်ရသွားတော့သည်။ သူတို့မှာ နယ်မြေကိုးခုထဲ၌ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော လီယီနှင့် အခြားသူများကို မြင်လိုက်ရသည်။ ထို့အပြင် သူတို့သည် လက်နှစ်ဖက်ကိုနောက်ပစ်ရင်း တစ်ယောက်တည်း မတ်တတ်ရပ်နေပြီး မြက်ပင်များကို ဖြည်းဖြည်းချင်း ဝါးစားနေသည့် မြည်းလေးအား ဆူပူကြိမ်းမောင်းကာ ကန်ကျောက်နေသော ဝမ်ပေါင်လဲ့ကိုလည်း မြင်လိုက်ရပြန်သည်။
သူ တစ်ယောက်တည်းရှိနေသည့် မြင်ကွင်းကြောင့် ပွဲကြည့်ပရိသတ်ပေါင်းမြောက်များစွာမှာ ချက်ချင်းဆိုသလိုပင် ဆွံ့အမှင်တက်သွားကြပြီး သူ့အား စိုက်ကြည့်နေမိကြတော့သည်…
👍👍👍