ပုံစံစာရွက် အရွက်နှစ်ဆယ်ကို အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံရုံးခန်းဆီသို့ ပေးပို့လိုက်ပြီဖြစ်သည်။ ဧရာမသစ်ပင်ကြီးမှာ သူ၏ တာဝန်ချိန်များထဲမှ အချို့ကိုဖယ်၍ ရုံးခန်းထဲသို့ရောက်ရှိလာ၏။ သူသည် ဘုရင်ခံ၏ ရှေ့တွင်ထိုင်ကာ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက်မှာ အာလာပသလ္လာပစကားများ ပြောဆိုရင်း ကျောက်စိမ်းပေလွှာအသီးသီးကို စစ်ဆေးကြည့်ရှုနေကြသည်။
” ဒီ ပုံစံစာရွက်က တော်တော်လေးကို ဆန်းသစ်တာပဲ။ မန္တန်အစီအရင်တစ်ခုကို အခြေခံအုတ်မြစ်တစ်ခုအနေနဲ့ အသုံးပြုပြီးတော့ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းတွေပေါ်မှာရှိတဲ့ အချုပ်အနှောင်တွေဆီက စွမ်းအင်တွေကို စုပ်ယူပြီး အစွမ်းတက်လာအောင် လုပ်ဖို့ရည်ရွယ်ထားတာ ” ဘုရင်ခံမှာ ပုံစံစာရွက်တစ်ခုကို ဖတ်လိုက်ပြီး ပြုံးကာဆိုလိုက်၏။ ထို့နောက် သူမသည် ၎င်းအား ဧရာမသစ်ပင်ကြီးဆီသို့ လှမ်းပေးလိုက်သည်။
ဧရာမသစ်ပင်ကြီးမှာ ထိုပုံစံစာရွက်အား အကြမ်းဖျင်းဖတ်ရှုလိုက်ပြီးနောက် ၎င်းအား အဆိုပြုတင်သွင်းထားသည့် ပြိုင်ပွဲဝင်၏ အမည်ကို သတိထားမိလိုက်၏။ ၎င်းမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ ကျိုးရိရှန်ဖြစ်သည်။ ထို့ကြောင့် သူသည် ပြုံးသွားပြီး ခေါင်းညိတ်ကာ သဘောတူလိုက်၏။ ထို့နောက် သူသည် နောက်ထပ်ကျောက်စိမ်းပေလွှာတစ်ခုအား လက်ညှိုးထိုးပြလိုက်ပြီး ၎င်းအား ဘုရင်ခံဆီသို့ လှမ်းပေးလိုက်သည်။
” ဒီ ပုံစံစာရွက်ကလည်း တော်တော်လေး ကောင်းတယ်လို့ ကျနော်ထင်တယ်။ မြို့တော်နယ်မြေကို စက်ဝိုင်းပုံစံ တည်ဆောက်ထားပြီးတော့ အတွင်းစည်းဝိုင်းသုံးခုနဲ့ အပြင်စည်းဝိုင်းသုံးခုဆိုပြီးတော့ ခွဲထားမှာ။ အဲဒီစည်းဝိုင်းတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေမယ့်အပြင် အလင်းပြန်ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ထားမှာ။ အဲ့တာမလို့ လူတွေက အလွယ်တကူ ဝင်ထွက်သွားလာနိုင်မယ့်အပြင် နတ်ဘုရားလက်နက်ကနေ ဖြာထွက်လာမယ့် ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးနိုင်ဦးမှာလေ။ နောက်ဆုံးအချက် တစ်ချက်တည်းနဲ့တင် ချီးကျူးထိုက်တဲ့ ပုံစံစာရွက်တစ်ခုပဲ ”
ဘုရင်ခံမှာ ထိုစကားကို ကြားလိုက်ရသောအခါ စစ်ဆေးကြည့်ရှုလိုက်၏။ ထို့နောက် ပုံစံစာရွက်ပေါ်ရှိ လီယီ၏အမည်ကို မြင်လိုက်ရသောအခါ ဧရာမသစ်ပင်ကြီးအား လှမ်းကြည့်ကာ ခပ်ရေးရေးခန့် ပြုံးပြလိုက်သည်။
” မဆိုးဘူးဘဲ။ သူ့ကို လက်ခံလိုက်တာပေါ့ ”
ဧရာမသစ်ပင်ကြီးမှာလည်း စကားတစ်ခွန်းမှ ပြန်မပြောဘဲ ပြန်ပြုံးပြလိုက်၏။ ထို့နောက် သူတို့မှာ ပုံစံစာရွက်များကို ဆက်လက် ကြည့်ရှုနေလိုက်တော့သည်။ ခဏအကြာတွင် သူတို့မှာ ပုံစံစာရွက် ဆယ့်နှစ်ရွက်စလုံးကို ဖတ်ရှုပြီးသွားပြီဖြစ်ပြီး ဆန်ခါတင် ကိုးယောက်တိတိ ရွေးချယ်ပြီးသွားပြီဖြစ်သည်။
နောက်ဆုံး ကျန်ရှိနေသည့် ဒဿမမြောက် ဆန်ခါတင်နေရာအတွက်မူ သဘောထားကွဲလွဲမှုများ ရှိနေသည်။
” ဘုရင်ခံခဗျား။ လွှတ်တော်အမတ် ချန်းရဲ့သား ချန်းလုတင်ထားတဲ့ ပုံစံစာရွက်က ကျနော်တို့ သတ်မှတ်ထားတဲ့အချက်တွေနဲ့ ပိုပြီးတော့ကိုက်ညီတယ်။ ဝမ်ပေါင်လဲ့ရဲ့ ပုံစံစာရွက်က မဆိုးပေမဲ့… တချို့နေရာတွေမှာ ပုံကြီးချဲ့ထားတာ။ သူက နာမည်ကို ထာဝရခံတပ်လို့တောင် ပေးထားသေးတယ်။ ဒီကမ္ဘာကြီးထဲမှာ ဘယ်အရာကိုမဆို ခုခံနိုင်စွမ်းရှိပြီးတော့ ထာဝရရပ်တည်နေနိုင်မယ့် ခံတပ်မျိုး မရှိဘူးလို့ ကျနော်ကတော့ထင်တယ် ” ဧရာမသစ်ပင်ကြီးမှာ ခေါင်းယမ်းကာ ဆိုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား နှိပ်ကွပ်နေရန် ဆန္ဒမရှိပေ။ သူ ထိုလူငယ်လေးအား မနှစ်မြို့သည်ကို လူတိုင်းက သိရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် သူသည် ဟန်ဆောင်ကာ ဝေ့ဝိုက်ပြောဆိုနေခြင်း မရှိဘဲ သူ၏ အတွေးအမြင်များကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်၏။
သူသည် ဝမ်ပေါင်လဲ့၏ ပုံစံစာရွက် နောက်ဆုံးဆန်ခါတင် အယောက်နှစ်ဆယ်ထဲသို့ ရောက်လာသည့်အချက်ကိုပင် အံအားသင့်နေရ၏။ ထို ပုံစံစာရွက် တစ်ရွက်ချင်းစီတိုင်းကို အင်အားကြီး နိုင်ငံရေးအင်အားစုများက ထောက်ခံပေးထားသည် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ အခြားပြိုင်ပွဲဝင် အမြောက်အမြား ကျရှုံးခဲ့ရသော အစောပိုင်း အဆင့်ဆင့်ရွေးချယ်မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးအဆင့်ဖြစ်သော သူနှင့် ဘုရင်ခံတို့၏ရှေ့သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲသို့ ရောက်မလာဘဲ အစောပိုင်းအဆင့်များတွင် ကျရှုံးသွားခဲ့ရသည့် လူများစွာရှိပေသည်။ သူတို့အားလုံးမှာလည်း အင်အားကြီး နိုင်ငံရေးအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်များဖြစ်ကြ၏။ သူတို့မှာ မအောင်မြင်နိုင်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အောင်မြင်သွားခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အာသွန်ခွန်စိုက် ကြိုးစားထားခြင်း ဖြစ်ရပေမည်။
” ဘာဖြစ်လဲကွာ။ ဒီ ထာဝရခံတပ်ဆိုတဲ့ အကြံက မဆိုးပေမဲ့ ကြီးကျယ်လွန်းပါတယ်။ ဝမ်ပေါင်လဲ့နောက်မှာ သူ့ကိုကူညီပေးနေတဲ့ လူတစ်ယောက်ယောက် ရှိနေရင်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး ” ဧရာမသစ်ပင်ကြီးမှာ စိတ်ထဲတွင်ကျိတ်၍ ရယ်မောလိုက်ပြီး ဘုရင်ခံအား လှမ်းကြည့်လိုက်၏။
ဘုရင်ခံကမူ စကားတခွန်းမှမပြောပေ။ သူမသည် ဝမ်ပေါင်လဲ့၏ ပုံစံစာရွက်အား ကိုင်၍ သေသေချာချာကြည့်ရှုနေ၏။ သူမ၏ မျက်ဝန်းများထဲတွင် အတွေးများထဲတွင် နစ်မျောနေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူမသည် ဆုံးဖြတ်ချက်ချရန် ချင့်ချိန်တွေးတောနေသည့်ပုံပင်။ လသုံးစင်းမဟာမိတ်အဖွဲ့နှင့် လင်းရုံတို့မှာ ဝမ်ပေါင်လဲ့၏ ကောင်းကြောင်းများကိုသာ ပြောထားခဲ့သည်ဖြစ်သည်။ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးပင်လျှင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမနှင့် စကားပြောခဲ့သေးသည်။
ထိုကဲ့သို့ အဖွဲ့သုံးဖွဲ့ဆီမှ ကူညီထောက်ပံ့မှုများကို တောင်းခံနိုင်ခြင်းမှာ အံ့ဩဖွယ်ရာ စွမ်းဆောင်မှုတစ်ခုဖြစ်သည်။ ထို့အပြင် သူမသည် မနေ့တုန်းက သူမ၏ လက်တွဲဖော်ဆီမှ အသံလွှင့်အကြောင်းကြားစာ တစ်စောင်ကိုပင် လက်ခံရရှိခဲ့သေးသည်။ စစ်တပ်မှ သူမအား လှမ်း၍ဆက်သွယ်ခဲ့ခြင်းဖြစ်သည်…
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ ကောင်လေးက ဝှက်ဖဲတွေ ရှိသားပဲ… ” ဘုရင်ခံ၏ မျက်ဝန်းများမှာ အေးစက်နေ၏။ သူမသည် ထိုကဲ့သို့သော နည်းဗျူဟာများကို ကန့်ကွက်ခြင်းမရှိပါသော်လည်း သူမ၏ အမြင်တွင် ဝမ်ပေါင်လဲ့၏ ပုံစံစာရွက်မှာ လက်တွေ့မကျသည့်ပုံစံ ပေါက်နေ၏။ ထို့ကြောင့် သူမသည် ဧရာမသစ်ပင်ကြီး ၏ စကားကို သဘောတူလိုက်ပြီး ဝမ်ပေါင်လဲ့၏ ပုံစံစာရွက်အား ဘေးသို့ဖယ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ အသံလွှင့်လက်စွပ်ထဲမှ အသံတစ်သံထွက်ပေါ်လာ၏။
ထို့ကြောင့် ဘုရင်ခံမှာ ခေါင်းငုံ့ကြည့်လိုက်မိသောအခါ ချက်ချင်းဆိုသလိုပင် သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ ထို့နောက် သူမသည် မတ်တတ်ထလာပြီး ဘေးဘက်သို့ ထွက်သွားလိုက်၏။ ထို့နောက် သူမ ထိုအကြောင်းကြားစာကို ဖွင့်မဖတ်ခင်တွင် သူမ၏ ပတ်ပတ်လည်၌ ဒိုင်းကာတစ်ခု ပေါ်ပေါက်လာသည်။
ဧရာမသစ်ပင်ကြီးမှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ထိုင်ခုံ၌ ထိုင်နေဆဲပင်။ သူသည် ဘုရင်ခံ၏ မျက်နှာအမူအရာကို သတိထားမိလိုက်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နောက်ဆုံးပဏာမ လူစာရင်းထဲတွင် ရွေးချယ်ခြင်းခံရမည်မဟုတ်ကြောင်း အပြည့်အဝယုံကြည်ထား၏။
၎င်းမှာ အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်သောကြောင့် သူသည် အာရုံစိုက်မနေတော့ဘဲ လီယီ၏ ပုံစံစာရွက်ကို ကောက်ကိုင်၍ သေသေချာချာဖတ်ရှုလိုက်၏။ သူသည် တာအိုကျောင်းလေးကျောင်းအား အကူအညီအထောက်အပံ့ အပြည့်အဝပေးမည်ဟု ကတိပေးခဲ့သည်ဖြစ်ပြီး ပုံစံစာရွက်အတွက် လိုအပ်သော အကြံဉာဏ်တချို့ကိုလည်း ပေးခဲ့သေးသည်။ ထို့ကြောင့် သူသည် ထို ပုံစံစာရွက်ကိုဖတ်ရင်း တဖြည်းဖြည်းနှင့် ပို၍ စိတ်ကျေနပ်လာတော့သည်။
ခဏအကြာတွင် ဘုရင်ခံမှာ သူမ၏ အသံလွှင့်အကြောင်းကြားစာကို အဆုံးသတ်လိုက်ပြီး ထိုင်ခုံဆီသို့ ပြန်လာကာ ထိုင်ချလိုက်၏။ ထို့နောက် သူမသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပြုံးကာ ဝမ်ပေါင်လဲ့၏ ပုံစံစာရွက်ထည့်ထားသော ကျောက်စိမ်းပေလွှာအား လက်ညှိုးထိုး၍ ဆိုလိုက်၏။
” ဝမ်ပေါင်လဲ့ကို နောက်ဆုံး ဆန်ခါတင်အဖြစ် ရွေးလိုက်ကြတာပေါ့ ”
ဧရာမသစ်ပင်ကြီးမှာ ထိုစကားကိုကြားလိုက်ရသောအခါ အားသင့်သွား၏။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး ဘုရင်ခံအား စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူသည် စောစောတုန်းက အသံလွှင့်အကြောင်းကြားစာကို ပြန်၍သတိရသွားသောကြောင့် အတွေးများထဲတွင် နစ်မျောသွားရတော့သည်။ သူသည် ဇဝေဇဝါဖြစ်ကာ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့ကြောင်း သေချာမသိပါသော်လည်း စကားတစ်ခွန်းမှမပြောဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်၏။
ထိုသို့ဖြင့် ဆန်ခါတင်ဆယ်ယောက်ကို အောင်မြင်ပြီးစီးစွာ ရွေးချယ်ပြီးသွားပြီဖြစ်သည်။ နောက်တစ်နေ့တွင် ထိုနာမည်စာရင်းအား အင်္ဂါဂြိုဟ်ပေါ်တွင်သာမက ပြည်ထောင်စုကြီးထဲတွင်ပါ ထုတ်လွှင့်ပြသလိုက်၏။ ထို့ကြောင့် လူများမှာ ထိုဆန်ခါတင်ပုဂ္ဂိုလ်များအပေါ် အာရုံစိုက်နေကြတော့သည်။
ခုန်းတောက်၊ လီယီနှင့် ကျိုးရိရှန်တို့မှာ ဆန်ခါတင်ဆယ်ယောက်ထဲမှ သုံးယောက်ဖြစ်၏။ အခြား ဆန်ခါတင်ခြောက်ယောက်မှာ ဆည်းဆာကြယ်စင်စုဂိုဏ်း၊ ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် လွှတ်တော်တို့မှ ပြိုင်ပွဲဝင်များဖြစ်ကြသည်။ သူတို့မှာ လူသိများသောလူများ မဟုတ်ကြပေ။ ပြိုင်ပွဲထဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားသည့် သတ်မှတ်ချက်တစ်ခုမှာ ပြိုင်ပွဲဝင်များမှာ အင်္ဂါဂြိုဟ်ပေါ်တွင် တာဝန်ကျနေသည့်လူများ ဖြစ်ရမည်ဆိုသော အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုဆန်ခါတင်ပုဂ္ဂိုလ်အများစုမှာ သူတို့၏ နိုင်ငံရေးအဖွဲ့အစည်းများ၏ ကိုယ်စားပြုပုဂ္ဂိုလ်များအဖြစ်သာ ရွေးချယ်ခံထားရခြင်းဖြစ်သည်။
သူတို့မှာ မည်သူမည်ဝါ ဖြစ်နေစေကာမူ အရေးမကြီးပေ။ အရေးကြီးသောအချက်မှာ သူတို့၏ နောက်ကွယ်မှ ကူညီပေးနေသော နိုင်ငံရေးအဖွဲ့အစည်းများ ဖြစ်သည်။ လွှတ်တော်၏ ကိုယ်စားပြုပုဂ္ဂိုလ်မှာ လင်းတျန်ဟောက် မဟုတ်ပေ။ လင်းတျန်ဟောက်မှာ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ပြည့်မီပါသော်လည်း သူ၏ ဖခင်ဖြစ်သူနှင့် ဆွေးနွေးလိုက်ပြီးနောက် ဝင်မပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လသုံးစင်း မဟာမိတ်အဖွဲ့မှ ဆန်ခါတင်တစ်ယောက် ပါဝင်ပါသော်လည်း ထိုသူမှာ ကျင့်သိုမင် မဟုတ်ပေ။
နောက်ဆုံး ဆန်ခါတင်ပုဂ္ဂိုလ်မှာမူ…. ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။
သတင်းအချက်အလက် အစုံအလင်ကို သေသေချာချာမသိသော လူအများစုမှာ ဤနာမည်စာရင်းထဲ၌ ဝမ်ပေါင်လဲ့ ပါလာသည့်အချက်ကြောင့် အံ့အားသင့်နေကြမည် မဟုတ်ပေ။ သူသည် ဂုဏ်သတင်း ထင်ပေါ်ကျော်စောပြီး လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝကြောင်း လူအများက သိရှိထားပြီးသားဖြစ်သည့်အပြင် သူသည် တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားတစ်ယောက်လည်း ဖြစ်နေသည်မဟုတ်ပါလော။ ထိုအချက်များနှင့်တင် သူသည် ဆန်ခါတင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။
သို့သော် သတင်းအချက်အလက် အစုံအလင်ကို သိရှိထားကြသည့် လူအချို့မှာမူ ထိုနာမည်စာရင်းအား မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ သမင်ဖြူတာအိုကျောင်းမှာ ထိုဆန်ခါတင်လူစာရင်းကို မြင်လိုက်ရသောအခါ ကောင်းကင်တာအိုကျောင်းအား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်ခဲ့၏။ သူတို့၏ ပြောစကားများမှာလည်း ခက်ထန်လွန်းနေသည်။ သူတို့မှာ တာအိုကျောင်းများနှင့် ဧရာမသစ်ပင်ကြီးတို့၏ ကြား၌ နားလည်မှုများ လွဲသွားမည်ကို စိုးရိမ်နေကြသည်။
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ သမင်ဖြူတာအိုကျောင်းမှ မောက်မာခက်ထန်သည့် အကြောင်းကြားစာကို ရရှိလိုက်သောအခါ အမျက်ချောင်းချောင်း ထွက်သွားပြီး ယမ်းပုံမီးကျ ပေါက်ကွဲသွားတော့သည်။ သူတို့မှာ အပြင်အလှန် ငြင်းခုံကြရင်း နောက်ဆုံးထိအောင် ပြေလည်မှု မရရှိခဲ့ကြပေ။
လီယီမှာလည်း ဝမ်ပေါင်လဲ့၏ အမည်ကို မြင်လိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်ရှုပ်သွားရ၏။ သို့သော် သူမ၏ ကျင့်ကြံခြင်းလေ့ကျင့်ခြင်း အစီအစဉ် ပျက်ပြားသွားမည် စိုးသောကြောင့် သူမ၏ စိတ်ရှုပ်မှုများနှင့် ရွံရှာစက်ဆုပ်မှုများကို မျိုသိပ်ထားလိုက်ပြီး ချွဲနွဲ့လွန်းသော လေသံဖြင့် ဝမ်ပေါင်လဲ့အား ဂုဏ်ပြုသည့် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။
ဝမ်ပေါင်လဲ့မှာ လီယီ၏ အကြောင်းကြားစာကို အချိန်ကုန်ခံ၍ အကြောင်းပြန်နေခြင်းမရှိပေ။ သူသည် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရ၏။ ထို့နောက် သူသည် ကျင့်သိုမင်၊ လင်းရုံနှင့် စစ်တပ်တို့အား ကျေးဇူးတင်စကားများ ပေးပို့လိုက်၏။ ထို့အပြင် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးဆီသို့လည်း အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။
ဂိုဏ်းချုပ်ကြီးမှာ ထိုအမည်စာရင်းအကြောင်းကို ကြားသိထားပြီးဖြစ်သောကြောင့် ရှုံ့မဲ့မဲ့သာပြုံးလိုက်ပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
ထို့နောက် ဝမ်ပေါင်လဲ့မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများထဲ၌ သူ၏ အချိန်များကို နှစ်မြှုပ်ထားလိုက်တော့သည်။
သူ ဆန်ခါတင်အဆင့်ထဲသို့ ရောက်သွားသည်မှာ ပထမအဆင့်သာ ရှိသေးကြောင်း သူက နားလည်ထား၏။ နောက်ဆုံးအဆင့် စမ်းသပ်ပွဲထဲတွင် သူသည် အခြား ဆန်ခါတင်ပုဂ္ဂိုလ်များထက်ပို၍ အသာစီးရနိုင်မည် မဟုတ်ပေ။ လူတိုင်းမှာ အစေခံတစ်သောင်းတိတိ ခေါ်ဆောင်လာခွင့်ရှိသောကြောင့် ၎င်းမှာ လုံးဝမျှတမှုမရှိသော ပြိုင်ပွဲကြီးတစ်ခု ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုမျှလောက် များပြားသော အစေခံများကို ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ သူ၏ကျောင်းသားများကို ခေါ်လာမှသာ ရမည်ဖြစသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့ ခေါ်လာရန်မှာ မဖြစ်နိုင်ပေ။ သူသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ထားပြီးသားဖြစ်သည်။ ဤ စမ်းသပ်ပွဲကြီးမှာ အန္တရာယ်များသည့်အပြင် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေများ အစေခံများအတွက် မည်သည့် အကာအကွယ် အကူအညီ အထောက်အပံ့ကိုမှ ပေးအပ်မည်မဟုတ်ဘဲ ဆန်ခါတင်ပြိုင်ပွဲဝင်များကိုသာ ကျောက်စိမ်းပေလွှာတစ်ခု ပေးထားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များမှာ ထို ကျောက်စိမ်းပေလွှာအား ချေမွပြီးလျှင် ၎င်းပေါ်ရှိ ကမ္ဗည်းစာလုံးများကို အသုံးပြုကာ အင်္ဂါဂြိုဟ်မြို့တော်၏ မန္တန်အစီအရင်နှင့် ချိတ်ဆက်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ထို့နောက် ထိုပြိုင်ပွဲဝင်မှာ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲသို့ ပြန်၍ တည်နေရာပြောင်းရွှေ့ခံလိုက်ရမည် ဖြစ်သည်။
ထို မန္တန်အစီအရင်အား အသုံးပြုရန် စွမ်းအင်အမြောက်အမြား လိုအပ်သည်ဖြစ်ရာ ကျောက်စိမ်းပေလွှာ တစ်ခုတည်းနှင့် လူတိုင်းအား ခေါ်သွားနိုင်ပြီမဟုတ်ပေ။ ထို့ကြောင့် ပြိုင်ပွဲဝင်တစ်ယောက်သာလျှင် အပြင်ဘက်သို့ ပြန်ထွက်နိုင်မည်ဖြစ်သည်။ သို့သော် နိုင်ငံရေးအင်အားစုအသီးသီးမှာ ငွေကြေးအင်အားတောင့်တင်းကြသည်ဖြစ်ရာ အစေခံများအား အကောင်းဆုံး ကာကွယ်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြမည်သာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့၏ စိတ်ဓာတ်များမှာ ခိုင်မာမှုအပြည့် ရှိနေဆဲပင်။
” ဉာဏ်သုံးရမယ့် ပြိုင်ပွဲတစ်ခုပဲ… ငါ သေချာပြင်ဆင်ထားမှ ဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ မာန်တင်း၍ ပြင်ဆင်မှုများကို စတင်လိုက်၏။ သူသည် သစ်သားအချို့ကိုပင် ဝယ်ယူ၍ ရုပ်ထုအနည်းငယ်ခန့် ပြုလုပ်ထားသေးသည်….
သူသည် သူ၏ အော်လံကြီးကိုလည်း ပြုပြင်မွန်းမံ၍ အကြီးစားအော်လံကြီးတစ်ခု ဖန်တီးခဲ့၏။ ထို့အပြင် အခြားသော အလားတူ ပြင်ဆင်မှုများကိုလည်း ပြုလုပ်ခဲ့သေးသည်။ နောက်ဆုံးတွင် သူသည် လုံလုံလောက်လောက် ပြင်ဆင်ပြီးသွားသောကြောင့် စိတ်ဓာတ်များ တက်ကြွလာပြီး အဆင်သင့်ဖြစ်နေတော့သည်။
ထို့နောက် အကဲဖြတ်ပြိုင်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏မြည်းလေးကိုစီး၍ အင်္ဂါဂြိုဟ်လေဆိပ်ဆီသို့ ရောက်ရှိလာ၏။ သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးအား တအံ့တဩနှင့် ငေးကြည့်ရင်း ဆွံ့အမှင်တက်နေတော့သည်။
ထို လေဆိပ်ထဲတွင် သင်္ဘောပျံကြီး ဆယ်စင်းရှိနေပြီး လေဆိပ်ထဲရှိ နေရာ အနှံ့အပြားတွင် ဆိုက်ကပ်ထားကြ၏။ ထိုသင်္ဘောပျံ တစ်စင်းချင်းစီတိုင်းမှာ လူအယောက်တစ်သောင်းတိတိ ဝင်ဆံ့၏။
ထိုသင်္ဘောပျံ ဆယ်စင်းထဲမှ ကိုးစင်း၏ ပတ်ပတ်လည်တွင် လူအုပ်ကြီးများဖြင့် ပြည့်နှက်နေကြသည်။ နောက်ဆုံး တစ်စင်း၏ ပတ်ပတ်လည်တွင်မူ ဟင်းလင်းပြင်ကြီး ဖြစ်နေပြီး ဝမ်ပေါင်လဲ့ တစ်ယောက်သာ ၎င်း၏ဘေး၌ ရပ်နေ၏။
ထို ကွာခြားမှုကြီးမှာ သိသာထင်ရှားလွန်းနေ၏…
ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အသက်ရှူများ ရပ်တန့်သွားရ၏။ သူသည် လီယီနှင့် သူမ၏ နောက်တွင်ရှိနေသည့် ကျင့်ကြံသူအရေအတွက် တစ်သောင်းတိတိပါသော စစ်တပ်ကြီးကို မြင်လိုက်ရသည်။ သူတို့ထဲမှ အားအနည်းဆုံးလူများမှာ ရှေးဟောင်းသိုင်းပညာအဆင့်၏ ထိပ်ဆုံးအဆင့်တွေရှိနေ၏။ အချို့အဝက်မှာ အာနာပါနအဆင့်တွင် ရှိနေကြပြီ အခြေတည်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများပင်လျှင် အယောက်တစ်ရာကျော် ပါနေ၏။ သူတို့ထဲတွင် ကောင်းကင်တာအိုကျောင်းမှ လူများစွာ ပါဝင်နေကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား လှမ်းမြင်လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများမှာ မအီမလည် ဖြစ်သွားကြ၏။ သူတို့မှာ အနည်းငယ်ခန့် အပြစ်ရှိသလို ခံစားနေရသည့်ပုံ ပေါက်နေကြသည်။
ဝမ်ပေါင်လဲ့မှာမူ သူတို့၏ အပြစ်ရှိသလို ခံစားနေရသို့ မျက်နှာအမူအရာများကို သတိမထားမိပေ။ သူသည် လီယီနှင့် သူမ၏ ကျင့်ကြံသူစစ်တပ်ကြီးကြောင့် တစ်ခေါင်းလုံး ချာချာလည်နေသလို ခံစားနေရသည်။ သူ၏ နှလုံးသားထဲမှ တိုက်ခိုက်လိုစိတ်များမှာ ချက်ချင်းဆိုသလိုပင် အားပျော့သွားသောကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ရ၏။ ထို့နောက် သူသည် ခုန်းတောက်၊ ကျိုးရိရှန်းနှင့် အခြား ဆန်ခါတင်ပုဂ္ဂိုလ်များကိုလည်း လှမ်း၍ ကြည့်လိုက်ပြန်သည်။ သူတို့အားလုံး၏နောက်တွင် အင်အားတစ်သောင်းတိတိရှိသော စစ်တပ်များရှိနေကြသည်။
ဆန်ခါတင် ကိုးယောက်မှာ လေဆိပ်ထဲတွင် စစ်တပ်ကိုးခု ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေ၏။ သူတို့၏ ခံ့ညားထည်ဝါမှု အပြည့်ရှိသော အငွေ့အသက်များကြောင့် သူတို့အား မြင်လိုက်ရသည့်လူတိုင်းမှာ စိတ်ဓာတ်များ တက်ကြွသွားကြမည်ဖြစ်သည်။
အင်အားတစ်သောင်းရှိသော စစ်တပ်တစ်ခုအား စိတ်ကူးထဲ၌ ပုံဖော်ကြည့်ခြင်းနှင့် မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းတို့မှာ လုံးဝကွဲပြားခြားနားပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုခြားနားမှုကြီးကို အထင်အရှား ခံစားနေရ၏။ သူသည် ကြိုမသိခဲ့ပါသော်လည်း ယခုတွင်မူ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေရပြီဖြစ်သည်။ သူ၏မျက်နှာမူအရာမှာလည်း ပြောင်းလဲသွား၏။ ထို့နောက် သူသည် စစ်တပ်ကြီးကိုးခုကို ငေးကြည့်ရင်း သူ့ကိုယ်သူ ပြန်ကြည့်မိလိုက်ပြီးနောက် သူရပ်နေသည့်နေရာနှင့် သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးကို ပြန်ကြည့်မိလိုက်တော့သည်။ ထို့နောက် ခေါင်းငုံ့ကြည့်လိုက်သောအခါ ကြောက်ရွံ့ထိတ်လန့်နေသောကြောင့် သူ၏ခြေထောက်နှစ်ဖက်ကြားသို့ တိုးဝှေ့နေသည့် မြည်းလေးကို မြင်လိုက်ရ၏။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင်လည်း ကြောက်စိတ်များ ကြီးထွားလာရတော့သည်။
သူ့ရောက်ရှိလာမှုကို အခြားအဖွဲ့များက သတိထားမိလိုက်၏။ သူ့အား သတိမထားမိရန်မှာ လုံးဝမဖြစ်နိုင်ပေ။ အခြားသူများအားလုံးမှာ သူတို့၏ ပတ်ပတ်လည်တွင် ခြွေရံသင်းပင်းများ ခြံရံလျက် ဟိတ်ဟန်အပြည့်ဖြင့် ရောက်ရှိလာခဲ့ကြသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ဟာလာဟင်းလင်းဖြစ်နေသော မြေကွက်လပ်ကြီးထဲ၌ သူ၏ မြည်းလေးနှင့်အတူ တစ်ယောက်တည်း ရပ်နေသည် ဖြစ်သည်။
ထိုကဲ့သို့ တစ်ယောက်တည်း အထီးကျန်နေရသည့် မြင်ကွင်းကြောင့် လီယီ၊ ခုန်းတောက်နှင့် အခြား ဆန်ခါတင်ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများမှာ အထူးတဆန်းဖြစ်သွားကြတော့သည်။ အချို့မှာဆိုလျှင် ပေါ်ပေါ်ထင်ထင် ရယ်မောနေကြ၏။
” ဘာဖြစ်လဲကွာ။ ငါတစ်ယောက်တည်းနဲ့ သူတို့အားလုံးကို ယှဉ်လို့ရတယ်။ ဟုတ်တယ်မလား လစ်လိုက်စမ်း။ ငါ့ကိုပြောစမ်း။ မင်း သူတို့ကို ဘယ်လို ခေါ်မလဲ ” ဝမ်ပေါင်လဲ့မှာ အားငယ်စိတ်များကို မျိုသိပ်လိုက်ပြီး အံကြိတ်ကာ မြည်းလေး၏ခေါင်းကို ပုတ်လိုက်၏။
ထိုအခါ မြည်းလေးမှာလည်း အသားတဆတ်ဆတ် တုန်ရီနေခြင်းကို ရပ်တန့်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်၏။ ဝမ်ပေါင်လဲ့မှာ ၎င်း၏ခေါင်းကို ပုတ်လိုက်သောအခါ ၎င်းမှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
” သား သား ”
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏ အော်သံကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်အခြေအနေကြီးတစ်ခုလုံး ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရ၏။