Switch Mode

အခန်း ၃၄၇

ကိုယ့်အားကိုယ်ကိုးသည့် ဝမ်ပေါင်လဲ့

” တကယ်ကို ပဏာမအဆင့်လေးအရာရှိ ရာထူးပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုကြေညာချက်ကိာ ဖတ်ရှုလိုက်ပြီးနောက် သူ၏ ရုံခန်းထဲတွင် စိတ်လှုပ်တရှားနှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် လောဘစိတ်များ ထင်ဟပ်လာပြီး သူ၏ နှလုံးခုန်နှုန်းမှာလည်း စတင်မြန်ဆန်လာတော့သည်။ သူသည် အင်္ဂါဂြိုဟ်နယ်မြေအသစ်အား တာဝန်ယူရမည့် ထိုရာထူးကို အလွန်အင်မတန်မှ လိုချင်တက်မက်နေတော့သည်။

သူသည် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးက သူ့အား ပြောပြခဲ့သောစကားများကိုပင် ပြန်၍သတိရသွား၏။ တာအိုကျောင်းတစ်ကျောင်းမှ အဆောင်တစ်ဆောင်၏ မဟာအကြီးအကဲတစ်ယောက် ဖြစ်လိုပါက အမြုတေကျင့်ကြံခြင်းအဆင့်နှင့် အတွေ့အကြုံများစွာ ရှိနေရန် လိုအပ်ပေသည်။ ထို့အပြင် ထိုရာထူးကို ရရှိရန် အချိန်ပေးဖို့လည်း လိုအပ်သေးသည်။ ထိုအချက်သုံးချက်နှင့် ပြည့်စုံမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

ထို့အပြင် သူသည် ချန်းယွီထုံ၏ ဆရာဖြစ်သူ သာမန်အကြီးအကဲအဆင့်မှ မဟာအကြီးအကဲအဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းခဲ့ရာတွင်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ပတ်သက်ခဲ့သေးသည်။ သူသည် ခြောက်လတိတိ ကြိုးပမ်းခဲ့ပြီးမှ ရာထူးတိုးခံခဲ့ရခြင်း ဖြစ်သည်။ ထို ခြောက်လအတွင်းတွင် သူသည် အခြားသူများကိုပါ အနိုင်ယူခဲ့ရသည် ဖြစ်သည်။

သူသည် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရခြင်းဖြစ်၏။ အဆောင်တစ်ဆောင်၏ မဟာအကြီးအကဲနှင့် အင်္ဂါဂြိုဟ် နယ်မြေအသစ်၏ မြို့တော်ဝန် နှစ်ယောက်စလုံးမှာ ပဏာမအဆင့်လေးအရာရှိများ ဖြစ်ကြပါသော်လည်း… သူတို့နှစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာများမှာ အလွန်အင်မတန်မှ ကွဲပြားခြားနားနေသည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူသည် ဆန်ခါတင်တစ်ယောက် ဖြစ်လာနိုင်မည့် နည်းလမ်းအမျိုးမျိုးကို နောက်ထပ်တစ်ကြိမ်ထပ်၍ သေသေချာချာ လေ့လာလိုက်ပြန်သည်။ ထို့နောက် သူသည် ခေါင်းတစ်ခေါင်းလုံး ထူပူသွားအောင် တွေးတောလိုက်၏။

” ကိုယ့်ရဲ့ အယူအဆ၊ အတွေးအမြင်တွေပေါ် မူတည်ပြီး ဆန်ခါတင်တစ်ယောက် ဖြစ်သင့် မဖြစ်သင့် ဆုံးဖြတ်ပေးမှာပဲ။ တကယ်လို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆတွေက ကောင်းနေမယ်ဆိုရင် ဆန်ခါတင်တစ်ယောက်အနေနဲ့ နတ်ဘုရားလက်နက်နယ်မြေထဲမှာ လက်တွေ့အသုံးချရမှာ။ ပြီးရင် ဒီပြိုင်ပွဲကြီးကို တစ်ဂြိုဟ်လုံးပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ထားဦးမှာ ”

” အဲ့တာမလို့ အခြေအမြစ်မရှိဘဲ ဟန်ပြလောက် ရေးဆွဲထားတဲ့ အစီအစဉ်တွေက အလုပ်ဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ ကိုယ်က ဆန်ခါတင်တစ်ယောက် ဖြစ်သွားခဲ့ရင်တောင် ကိုယ့်ရဲ့ အတွေးအခေါ် အယူအဆတွေကို လက်တွေ့ အကောင်အထည် မဖော်နိုင်ဘူးဆိုရင် မြို့တော်နယ်မြေအသစ်ရဲ့ မြို့တော်ဝန် ဖြစ်လာနိုင်မှာမဟုတ်ဘူး….. ဘယ်လိုမျိုး အဆိုပြုချက်ကို ငါ တင်သွင်းလိုက်ရမလဲ…. ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ အချိန်အတော်အတန်ကြာအောင် တွေးတောလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ဖျတ်ခနဲ လက်သွားပြီး သူ၏ ခေါင်းထဲ၌ ရဲတင်းလွန်းသော အကြံအစည်တစ်ခု ပေါ်ပေါက်လာ၏။

” တကယ်လက်တွေ့ အကောင်အထည်ဖော်ရမှာဆိုတော့ ငါ အချိန်အကြာကြီးပေးပြီးတော့ ဖန်တီးခဲ့တဲ့ ထာဝရခံတပ်ရဲ့ ပုံစံစာရွက်တွေကို အဆိုပြုချက်အဖြစ် တင်သွင်းလိုက်ရင်ရော ” ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့တွေးတောရင်း အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် ကျင့်သိုမင်၏ ခံတပ်ကြီးကို မြင်ခဲ့ရသည့် အချိန်ကတည်းက မနာလိုဖြစ်ကာ သူ၏ကိုယ်ပိုင် ခံတပ်ကြီးတစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် ၎င်းကို တည်ဆောက်နိုင်ရန် အချိန်ကုန်လူပင်ပန်းခံခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးရုပ်သေးရုပ် မြောက်မြားစွာကိုပါ ပြင်ဆင်ထားခဲ့ရသည်ဖြစ်သည်။

သူသည် စည်းစိမ်ဥစ္စာများကို မက်မောပြီး သန့်စင်ခြင်းအတတ်ပညာ၌ ကျွမ်းကျင်သောကြောင့် ထိုကဲ့သို့သော ဝါသနာမျိုး ရှိနေရခြင်းဖြစ်သည်။ ယခုတွင်မူ… ဝမ်ပေါင်လဲ့မှာ ကြေညာချက်ကို ဖတ်ရှုလိုက်ပြီး လိုအပ်ချက်များကို မြင်လိုက်ရသောအခါ သူ၏ ခံတပ်ကြီးအား အဆိုပြုချက်အဖြစ် တင်သွင်းလိုက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။

” ငါ ခံတပ်တစ်ခုလိုရော မြို့တော်ကြီးတစ်လိုပါ သတ်မှတ်နိုင်တဲ့ ဧရာမအဆောက်အဦကြီးတစ်ခုကို ဆောက်မယ်ကွာ ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ စတင်မြန်ဆန်လာပြီး မျက်လုံးများ အရောင်တောက်လာတော့သည်။ သူသည် သူ၏ ခံတပ်ကြီးအား စတင်ဒီဇိုင်းရေးဆွဲခဲ့စဉ်တုန်းက ၎င်းအား လက်တွေ့အသုံးချနိုင်မည့် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ ယခုတွင်မူ သူ မျှော်လင့်မထားသည့် အခွင့်အရေးကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်ရာ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရတော့သည်။ သူသည် ဤပြိုင်ပွဲကြီးအား အနိုင်ရရှိရန် ကံအကြောင်းဖန်လာသည်ဟုပင် မှတ်ယူလိုက်တော့သည်။

” ကြည့်ရတာ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အင်္ဂါဂြိုဟ်ပေါ်မှာ ဂုဏ်သတင်းကျော်ဇောလာပြီးတော့ ဒဏ္ဍာရီတစ်ခုကို ချန်ရစ်ခဲ့ဖို့ ရေစက်ပါလာတဲ့ပုံပဲ ” ဝမ်ပေါင်လဲ့မှာ ဟက်ဟက်ပက်ပက် ရယ်မောကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ခံတပ်ပုံစံစာရွက်များကို ထုတ်ယူလိုက်ပြီး ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်လိုက်သည်။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူသည် မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန်အသစ် ဖြစ်ကိုဖြစ်လာရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ပြင်ဆင်နေစဉ် ခုန်းတောက်၊ ကျိုးရိရှန်၊ လီယီနှင့် အခြားသူများမှာလည်း ပြင်ဆင်မှုများပြုလုပ်နေကြသည်။ သူတို့အားလုံးမှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်ရာထူးကို လိုချင်တက်မက်နေကြပြီး ၎င်းမှာ အနာဂတ်တွင် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာမည်ဖြစ်ကြောင်းကို သိထားကြသည်။ သူတို့အား ကူညီထောက်ပံ့ပေးနေကြသည့် နိုင်ငံရေးအင်အားစုများမှာလည်း စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ထားကြပြီဖြစ်သောကြောင့် သူတို့၏ ကိုယ်စားလှယ်များ ဆန်ခါတင်အဆင့်သို့ တက်လှမ်းကာ မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန်ရာထူးကို သိမ်းပိုက်နိုင်ရန် ကူညီပေးနေကြတော့သည်။

ပြည်ထောင်စုကြီးထဲရှိ အင်အားကြီး နိုင်ငံရေးအဖွဲ့အစည်းများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ် လစန္ဒာနယ်မြေဖြစ်ရပ်ကြီးကြောင့် အပြစ်ပေးခံခဲ့ရသော ဆည်းဆာကြယ်စင်စုဂိုဏ်းပင်လျှင် ဤပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ သူတို့မှာ ယခုအကြိမ်တွင် သေချာပေါက် အနိုင်ရရှိစေရန် ပြင်ဆင်မှုများကို ပြုလုပ်နေကြပြီဖြစ်သည်။

ထိုသို့ဖြင့် နိုင်ငံရေးအင်အားစုအသီးသီးမှာ မဲဆွယ်ခြင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်တိုက်ပေးခြင်းများကို ပြုလုပ်နေကြတော့သည်။ အင်္ဂါဂြိုဟ်နယ်မြေအသစ်တစ်ခု တည်ဆောက်မည်ဆိုသော သတင်းများကြောင့် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေကြ၏။ ကမ္ဘာကြီးပေါ်တွင်လည်း ‌ဆွေးနွေးငြင်းခုံမှုများ ရှိနေကြပြီဖြစ်သည်။ မြောက်မြားစွာသော သတင်းဌာနများမှာ ထိုကိစ္စနှင့် ပတ်သတ်သည့် သတင်းများကို တစ်ညီတစ်ညွတ်တည်း ထုတ်လွှင့်ပေးနေကြသည်။

ထိုသို့ဖြင့် ဆွေးနွေးငြင်းခုံမှု စကားဝိုင်းများ ပို၍ အရှိန်ကောင်းလာနေရင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။ ကမ္ဘာ‌နှင့် အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်ကြသောလူများမှာ ထိုသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ ပြည်သူလူထုမှာ ဤကိစ္စအပေါ် အာရုံအပြည့်စိုက်နေကြပြီ ဖြစ်ပြီး နိုင်ငံရေးအင်အားစုအသီးသီးမှာလည်း ပြင်ဆင်မှုများကို လက်စသတ်လိုက်ကြပြီ ဖြစ်သည်။ သူတို့မှာ ဤသတင်းများကို အများပြည်သူထက် ပိုစော၍ ရရှိခဲ့သည်ဖြစ်ပြီး ငွေအင်အား လူအင်အားများကို အလုံးအရင်း အသုံးပြုခဲ့သည် မဟုတ်ပါလော။ သူတို့ တင်သွင်းကြမည့် အဆိုပြုချက်များထဲတွင် အမှားအယွင်းကြီးကြီးမားမား သိပ်ရှိနိုင်မည်မဟုတ်ပေ။ လူတိုင်း၏ အဆိုပြုချက်များတွင် ကိုယ်ပိုင် အားသာချက်နှင့် အားနည်းချက်များ ရှိနေမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာလည်း သူ၏ အဆိုပြုချက်ကို ပြုပြင်မွမ်းမံကာ ပြီးပြည့်စုံအောင် လုပ်ပြီးသွားပြီဖြစ်သည်။ သူသည် ၎င်းအား အကြိမ်အနည်းငယ်ခန့် စစ်ဆေးလိုက်ပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် တင်သွင်းလိုက်၏။ သူသည် သူ၏ အဆိုပြုချက်ကို လျှောက်လွှာနှင့်အတူ တင်သွင်းလိုက်ခြင်းဖြစ်သည်။

သူသည် ထိုသို့ တင်သွင်းပြီးသည့်တိုင်အောင် စိတ်တည်တည်ငြိမ်ငြိမ် မထားနိုင်သေးပေ။ ထို့ကြောင့် သူသည် အင်္ဂါဂြိုဟ်ပေါ်ရှိ မြို့တော်နယ်မြေအသစ်နှင့် ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှု စကားဝိုင်းများကို သေသေချာချာ လိုက်လံနားထောင်နေလိုက်၏။ ထို့အပြင် သူ၏ အသိများကိုပါဆက်သွယ်၍ အခြား နိုင်ငံရေးအင်အားစုများ၏ ခြေလှမ်းများကိုလည်း စုံစမ်းကြည့်လိုက်သေးသည်။ သူသည် ဆန်ခါတင်နေရာတစ်ခု ရရှိနိုင်မည်လောဟု ရင်တထိတ်ထိတ်နှင့် ဖြစ်နေရ၏။

” ကျင့်သိုမင်က ဩဇာအာဏာရှိတာ မှန်ပေမယ့် ဒီကိစ္စကြီးက ငါ့အတွက် တော်တော်ကိုအရေးကြီးတယ်။ သူ့ အကူအညီတစ်ခုထဲနဲ့ စိတ်အေးလက်အေး နေလို့မဖြစ်ဘူး။ မြို့တော်သခင်လင်းကိုယ်တိုင် ကူညီပေးမယ်ဆိုရင်တောင် ‌ဆန်ခါတင်နေရာတစ်ခုရဖို့ အာမခံပေးနိုင်မှာ မဟုတ်သေးဘူး ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောသုံးသပ်လိုက်ပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ကာ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးအား လှမ်း၍ဆက်သွယ်လိုက်သည်။

ထိုဆက်သွယ်မူ အချိတ်အဆက်မိသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့က အလောတကြီး လှမ်းပြောလိုက်၏။

” ဂိုဏ်းချုပ်ကြီး။ အင်္ဂါဂြိုဟ်အစိုးရက မြို့နယ်မြေအသစ်တစ်ခု တည်ဆောက်ဖို့ အခုလေးတင်ပဲ ကြေညာလိုက်တာ။ အဲ့တာ ဂိုဏ်းချုပ်ကြီးများ ကူညီပေးလို့ရမလား… ” ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးအား အသေးစိတ်အချက်အလက်များကို အလောတကြီးနှင့် စိတ်အားထက်သန်စွာရှင်းပြလိုက်၏။ သူသည် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်းနှင့် ဂိုဏ်းချုပ်ကြီးဆီမှ အကူအညီ တောင်းလိုကြောင်း ထုတ်ပြောလိုက်သောအခါ အသံလွှင့်လက်စွပ်ထဲမှ ဂိုဏ်းချုပ်ကြီး၏ အကြံအိုက်နေသော သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာ၏။

” ပေါင်လဲ့။ ဒီကိစ္စမှာ ဝင်မပါနဲ့ ”

” ဗျာ ” ဝမ်ပေါင်လဲ့မှာ ထိုစကားကြောင့် ဆွံ့အသွားရ၏။

” ငါ အဲဒီ အင်္ဂါဂြိုဟ်နယ်မြေအသစ်အကြောင်းကို ကြားထားပြီးသား။ မင်းအတွက် ဆန်ခါတင်နေရာတစ်ခု ရအောင် လုပ်ပေးဖို့လည်း ကြိုးစားခဲ့ပြီးပြီ။ ဒါပေမဲ့…. တာအိုကျောင်းကြီး လေးကျောင်းက လီယီ အင်္ဂါဂြိုဟ်နယ်မြေအသစ်ရဲ့ မြို့တော်ဝန်ဖြစ်လာဖို့အတွက် ငါတို့ရဲ့ လူအင်အား၊ ငွေအင်အား အကုန်လုံးကို အသုံးပြုဖို့ ဆုံးဖြတ်ထားပြီးသားကွ… ” ဂိုဏ်းချုပ်ကြီး၏ လေသံမှာ မောပန်းနေသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်လုံးများမှေးသွား၏။ သူသည် အသံတိတ်သွားပြီး လက်မခံနိုင်လောက်အောင် ဖြစ်သွားရသည်။

” ဘာလို့ သူလဲ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။

” ဘာလို့လဲဆိုတော့ သူ့ကို အင်္ဂါဂြိုဟ်ရဲ့ လက်ထောက်ဘုရင်ခံ တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီးက ထောက်ခံပေးထားတာမလို့ပဲ။ သူက တာအိုကျောင်းလေးကျောင်းကို ဆက်သွယ်ခဲ့ပြီးတော့ လီယီကို အပြည့်အဝထောက်ခံကြောင်း ပြောခဲ့တာ။ အဲ့တာမလို့ တာအိုကျောင်းတွေရဲ့ ကူညီထောက်ခံမှုကိုပါ ရမယ်ဆိုရင် လီယီရဲ့ အောင်မြင်နိုင်ခြေရာခိုင်နှုန်းက ‌ခြောက်ဆယ်ကနေ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ရှိနေနိုင်တယ် ”

” တာအိုကျောင်းကြီးလေးကျောင်းက အင်္ဂါဂြိုဟ်နယ်မြေအသစ်ရဲ့ မြို့တော်ဝန်ရာထူးကို ရဖို့ ကြံစည်နေကြတာ။ သူတို့တွေအားလုံးပေါင်းပြီး စိစစ်အကဲဖြတ်ပြီးတဲ့နောက်ပိုင်းမှာ လီယီရဲ့ အောင်မြင်နိုင်ခြေရာခိုင်နှုန်းက မင်းထက် ပိုမြင့်နေတယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာ ” ဂိုဏ်းချုပ်ကြီးက ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ သူသည် ထိုဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိဟု ခံစားနေရပြီး မကျေမချမ်းဖြစ်နေရပါသော်လည်း အခြားတာအိုကျောင်း သုံးကျောင်းမှ ဂိုဏ်းချုပ်ကြီးများမှာ သဘောတူလိုက်ကြပြီဖြစ်သည်။ ထို့အပြင် လီယီသည်လည်း အင်အားကြီးမဟာမိတ်တစ်ယောက်ကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ အကယ်၍ သူမ၏ မဟာမိတ်မှာ အခြား နိုင်ငံရေးအင်အားစုတစ်ခုခု ဖြစ်နေမည်ဆိုပါက တာအိုကျောင်းလေးကျောင်းမှာ သိပ်၍ အလေးထားမည်မဟုတ်ပါသော်လည်း ယခုတွင်မူ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ လက်ထောက်ဘုရင်ခံဖြစ်သူ ဧရာမသစ်ပင်ကြီး ဖြစ်နေသည်မဟုတ်ပါလော။

သူကိုယ်တိုင်က ကူညီထောက်ပံ့ပေးမည်ဖြစ်ရာ တာအိုကျောင်းလေးကျောင်းကလည်း လီယီအား အပြည့်အဝ ကူညီထောက်ပံ့ပေးရတော့မည် ဖြစ်သည်။ ထို့အပြင် လက်ထောက်ဘုရင်ခံမှာ အောင်မြင်နိုင်ခြေရာခိုင်နှုန်း အမြင့်ဆုံးအထိ ရရှိနိုင်ရန်အတွက် တာအိုကျောင်းလေးကျောင်းအား သူတို့၏ ငွေအင်အား၊လူအင်အားများကို ခွဲမသုံးဘဲ ဆန်ခါတင်တစ်ယောက်တည်းအတွက်သာ အသုံးပြုရန် အကြံပေးခဲ့သေးသည်။ ထို့ကြောင့် လီယီ၏ကျောင်းဖြစ်သော သမင်ဖြူတာအိုကျောင်းမှာ သဘောတူခဲ့ပြီး သူတို့၏ ငွေအင်အား၊လူအင်အား အကုန်လုံးကို လီယီတစ်ယောက်တည်းအတွက် အသုံးပြုရန် သဘောတူခဲ့၏။

” ပေါင်လဲ့။ ပြဿနာ မရှာနဲ့နော်။ ဒီတစ်ခေါက် မင်း အရွေးမခံရပေမဲ့ မင်း ဒုမြို့တော်ဝန် ဖြစ်လာနိုင်ဖို့ ငါ ကြိုးစားပေးထားတယ်။ မြို့တော်နယ်မြေအသစ်မှာ ဒုမြို့တော်ဝန် လေးယောက်အထိ ရှိမှာ ”

ဝမ်ပေါင်လဲ့မှာ အသံလွှင့်လက်စွပ်ထဲမှ ဂိုဏ်းချုပ်ကြီး၏ စကားများကိုနားထောင်ရင် မရွှင်မပျဖြစ်ကာ မျက်နှာစူပုပ်သွားတော့သည်။ သူသည် လူတစ်ယောက်က သူ၏ခေါင်းပေါ်မှနေ၍ ရေခဲပုံးတစ်ပုံး လောင်းချလိုက်သည့်အလား ခံစားနေ၏။ ထို့နောက် သူသည် မကျေမချမ်း ဖြစ်သွားရပြီး စကားကို လွှတ်ခနဲ ပြောမိလိုက်တော့သည်။

” ဂိုဏ်းချုပ်ကြီး။ ကျနော်က တာအိုကျောင်းအတွက် အများကြီးပေးဆပ်ခဲ့တာလေ။ ကျနော့်ရဲ့ သွေးတွေ ချွေးတွေ မြေကျတဲ့အထိ တာအိုကျောင်းအတွက် ကြိုးစားပေးခဲ့တာ။ ပြီးတော့ ကျနော်က ပျိုးပင်တစ်ရာထဲမှာလည်း ပါခဲ့သေးတာလေ… ကျနော်… ”

” ပေါင်လဲ့ ” ဂိုဏ်းချုပ်ကြီးမှာ စကားဖြတ်ပြောလိုက်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ယခင်ကထက် ပို၍ သိမ်မွေ့ပြီး မောပန်းနွမ်းနယ်၍ ကြံရာမရဖြစ်နေသည့် လေသံဖြင့် တိုးတိုးလေး ထပ်ပြောလိုက်တော့သည်။

” ပေါင်လဲ့။ ကောင်းကင်တာအိုကျောင်းက တာအိုကျောင်းလေးကျောင်းရဲ့ ခေါင်းဆောင်မဟုတ်ဘူး။ လောလောဆယ်မှာ သမင်ဖြူတာအိုကျောင်းက ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်နေတာ။ ကောင်းကင်တာအိုကျောင်းက မဲတစ်မဲပဲ ပေးပိုင်ခွင့်ရှိတယ်။ ဆုံးဖြတ်ချက်ချပြီးသွားတာကို ပြန်ပြင်လို့မရတော့ဘူး။ အရေးကြီးဆုံးအချက်က အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေရဲ့ လက်ထောက်ဘုရင်ခံက လီယီကို အပြည့်အဝထောက်ခံပေးဖို့ ကတိပေးထားတာပဲ ”

သူသည် ဝမ်ပေါင်လဲ့အား အနည်းငယ်ခန့်ထပ်၍ နှစ်သိမ့်လိုက်ပြီးနောက် အကြောင်းကြားစာကို အဆုံးသတ်လိုက်၏။ သူသည် နောင်တရကာ တောင်းပန်လို့သည့် လေသံပေါက်နေ၏။ ဝမ်ပေါင်လဲ့ကမူ သူ၏ အသံလွှင့်လက်စွပ်ကို စိုက်ကြည့်နေရင်း တဖြည်းဖြည်းနှင့် မကျေမချမ်းဖြစ်လာရတော့သည်။

” ကူညီထောက်ပံ့မှုတွေရတော့ ဘာလုပ်ရမှာလဲ။ ဘာအကူအညီမှ မရလဲ ဖြစ်တယ်ကွာ။ ငါ ဆန်ခါတင်နေရာတစ်ခုသာ ရမယ်ဆိုရင် လီယီကို ဂရုစိုက်နေစရာမလိုဘူး။ သူ့ကို အမှုန့်ချေပစ်လို့ရတယ် ” ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးမိလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်နေ၏။ သူသည် အသံလွှင့်လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဒေါသတကြီးနှင့် စဉ်းစားတွေးတောနေတော့သည်။ ထို့နောက် သူသည် သူ အမြောက်များ ရောင်းချခဲ့သည့် ဗိုလ်ချုပ်ကြီးကျိုးအား အကူအညီတောင်းရန် ချက်ချင်းပင်လှမ်း၍ ဆက်သွယ်လိုက်၏။

ဗိုလ်ချုပ်ကြီးကျိုးမှာ ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာကို အထူးအလေးထားခဲ့၏။ စစ်တပ်မှာ ဝမ်ပေါင်လဲ့အပေါ် ကျေးဇူးကြွေးတင်နေသည် မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့တောင်းသော အကူအညီအား ကြားသိလိုက်ရပြီးနောက် အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် စစ်တပ်မှာ ဝမ်ပေါင်လဲ့အား နတ်ဘုရားလက်နက်နယ်မြေထဲတွင် ကျင်းပမည့် နောက်ဆုံးစစ်ဆေးပွဲထဲ၌ မကူညီနိုင်ပါသော်လည်း ဆန်ခါတင်ဆယ်ယောက်စာရင်းထဲတွင် ပါ‌နိုင်အောင် ကူညီပေးနိုင်သည်ဟု ပြန်၍အကြောင်းကြားလိုက်၏။

သူတို့မှာ မလွဲမသွေအောင်မြင်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပါသော်လည်း သူ၏ အောင်မြင်နိုင်‌ခြေရာခိုင်နှုန်းမှာ တိုးတက်လာမည်ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားရပြီး ဗိုလ်ချုပ်ကြီးကျိုးနှင့် စကားအနည်းငယ်ခန့် ထပ်၍ ပြောဆိုလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်လက်စွပ်ကိုချကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် သာမန်မိသားစုတစ်ခုမှ မွေးဖွားလာခဲ့ခြင်းဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူ့ဆီတွင် အင်အားကြီးနိုင်ငံရေးအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ ရှိနေမည်မဟုတ်ပေ။ လက်ရှိတွင် သူ ပိုင်ဆိုင်ထားသမျှ အရာအားလုံးမှာ သူကိုယ်တိုင် ခက်ခဲပင်ပန်းကြီးစွာ ကြိုးစားခဲ့ပြီးမှ ရရှိလာခဲ့သော အရာများဖြစ်သည်။

” တခြားလူတွေကို အားကိုးနေရတဲ့ ဒီလိုကောင်တွေက ဘယ်လောက်အထိ တော်နိုင်မှာမလို့လဲ။ ငါ့ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုတည်းနဲ့ သူတို့တွေအကုန်လုံးကို အနိုင်ယူပြမယ် ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။ သူသည် လိုအပ်သောပြင်ဆင်မှုများအားလုံးကို လုပ်ပြီးသွားပြီဖြစ်ကြောင်း မှတ်ယူလိုက်၏။ သူသည် ဆန်ခါတင်နေရာတစ်ခု ရရှိရန် ယုံကြည်မှုအပြည့်အဝ မရှိသေးသည့်တိုင်အောင် အနည်းဆုံးတော့ သူ၏ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းမှာ ယခင်တုန်းကထက် ပို၍မြင့်မားလာပြီဖြစ်သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားကာ ဆယ်ရက်တိတိ ကုန်လွန်သွား၏။ ထိုအတောအတွင်းတွင် အဆင့်ဆင့်ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် အယောက်နှစ်ဆယ်သာ ကျန်ရစ်ခဲ့၏။ သူတို့၏ အဆိုပြုချက်များကို အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံနှင့် လက်ထောက်ဘုရင်ခံတို့က ကြည့်ရှုစစ်ဆေးကြမည်ဖြစ်သည်။ သူတို့နှစ်ယောက်မှာ နောက်ဆုံး ဆန်ခါတင်ဆယ်ယောက်ကို ရွေးချယ်ကြမည်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset