Switch Mode

စာစဥ် (၁) အပိုင်း (၆)

မြင့်မြတ်သောရှေးဟောင်းနယ်မြေ

ကောင်းကင်မှာ နေမင်းကတဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီး နွေးထွေးတဲ့ နံနက်ခင်း နေရောင်ခြည်ရဲ့ အလင်းရောင်က ဇူအင်ပါယာရဲ့မြို့တော်အပေါ်ဖြာကျနေကာ နန်းတော်ကို ပိုမိုပြီးတောက်ပဝင်းလက်စေသည်။
ဇူအင်ပါယာတော်ဝင်နန်းတော်။
ဇူယွမ်ဟာ ခုချိန်ထိအောင် တစ်ညလုံးအိပ်မပျော်ခဲ့ပေ။ မနက်ခင်းနေထွက်လာတဲ့အချိန်မှာ သူကနန်းတော်ဂိတ်တံခါးဝဆီကို အပြေးအလွှားပင်သွားရောက်ခဲ့ပြီး နန်းတော်အစောင့် အရှောက်တွေက ထိုနေရာမှာ ရိုသေလေးစားစွာ ရပ်နေလျက်ရှိကြသည်။ ထောင်ပေါင်း များစွာသော နန်းတော်အစောင့်အရှောက်တွေဟာ လေးလံတဲ့ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားလျက်ရှိပြီး အေးစက်တဲ့အငွေ့အသက်တွေထွက်ပေါ်နေသည့် လှံတံတွေကို ကိုင်ဆွဲထားကြသည်။ ဒီဟာကလွန်စွာ စွမ်းအားမြင့်သည့် စစ်တပ်တစ်ခုပင်ဖြစ်သည်။
ဇူချင်က လှပတဲ့အနီရောင်မြင်းတစ်ကောင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူကဇူယွမ် တစ်ယောက် အလျင်စလိုဖြစ်နေတာကို ပြုံးရွှင်စွာဖြင့်ကြည့်ကာ မေးလိုက်သည်။ “သားအဆင်သင့်ဖြစ်ပြီလား…”
ဒီနေ့ဟာ ဇူအင်ပါယာရဲ့ ဘိုးဘေးတွေကိုပူဇော်ပွဲ အခမ်းအနားနေ့ပင်ဖြစ်သည်။
ဇူယွမ်ရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပြီး အလျင်အမြန်ပဲ ခေါင်းညိတ်ပြလိုက်မိသည်။ တကယ်လို့ သူ့ရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုသာ နောက်တစ်ကြိမ် ပေါ်လာနိုင်ခဲ့မယ်ဆိုလျှင် သူ့အနေဖြင့် စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်း စတင်ပြုလုပ်နိုင်မည်ကို သူသိပေသည်။
ထိုအခိုက်အစောင့်တစ်ယောက်က အခြားအနီရောင်မြင်းတစ်ကောင်ကို ဆွဲယူလာခဲ့သည်။ မီးပွားလေးတွေက မြင်းရဲ့အမြီးထိပ်ဖျားမှာ တောက်လောင်နေလျက်ရှိပြီး ဦးခေါင်းက ရက်စက်ကြမ်းကြုတ်တဲ့ ခြင်္သေ့တစ်ကောင်နှင့် အလားသဏ္ဍာန်တူပေသည်။
ဒီမြင်းကို မီးခြင်္သေ့မြင်းအဖြစ် သိကြပြီး အဆင့် ၁ မူလမှော်သားရဲတစ်ကောင်ဖြစ်သည်။ ၎င်းတို့က မိုင်ထောင်ပေါင်းများစွာကို အနားယူရပ်နားခြင်းမရှိဘဲ ပြေးလွှားနိုင်ကြသည်။
ဒီမူလမီးခြင်္သေ့မြင်းတစ်ကောင်ကို အချိန်များစွာကြာအောင် ယဉ်ပါးလာစေရန် လေ့ကျင့်သင်ကြားပေးခဲ့ရသည်။ ဒါ့ကြောင့်လည်း ဇူယွမ်ကသူ့အပေါ်ကို ခုန်တက်လိုက်သည့်အခါ သူ့ရဲ့မီးတောက်တွေနဲ့အမြီးကို အနည်းငယ်မျှ ရမ်းခါလိုက်ပြီး ပြန်လည်ငြိမ်သက်သွားခဲ့ သည်။
ဇူယွမ်က မြင်းပေါ်ကိုရောက်ရှိသည့်အခါ မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။ လူငယ်ရဲ့ မျက်လုံးတွေက တောက်ပနေလျက်ရှိကာ သူ့ပါးစပ်ကိုဖွင့်ဟ၍ ပြောလိုက်သည်။ “သွားကြမယ်အဖေ…”
ဇူချင်က ရယ်မောလိုက်ပြီး ခေါင်းညှိတ်ပြလိုက်ကာ သူ့ရဲ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ဝူ….!
ကျွဲချိုမှုတ်သံတစ်ခုပေါ်ထွက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော လူတွေကလျှင်မြန်စွာ ဝိုင်းပတ်လိုက်ကြပြီး ဇူချင်နဲ့ ဇူယွမ်ကို ကာကွယ်နိုင်ဖို့အတွက် သူတို့ရဲ့အလယ်တည့်တည့်မှာ ထားလိုက်ကြသည်။ အဲ့ဒီနောက် သူတို့ရဲ့လှုပ်ရှားတဲ့အသံတွေက တော်ဝင်နန်းတော်ရဲ့ အပြင်ဘက်ကနေ ကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး မြို့တော်လမ်းတစ်လျှောက် ချီတက်လာခဲ့ကြကာ မကြာမီ မြို့ပြင်ကိုရောက်ရှိလာခဲ့ကြသည်။
…..
ဇူတော်ဝင်ကလန်ရဲ့ ရှေးဟောင်းနယ်မြေက ဇူတော်ဝင်သင်္ချိုင်းနေရာတွင် ရှိပေသည်။ တော်ဝင်သင်္ချိုင်းက ဇူအင်ပါယာမြို့တော်နဲ့ မိုင်တစ်ရာကျော် ကွာဝေးသော်လည်း သူတို့အနေဖြင့် အေးအေးဆေးဆေးသွားမည်ဆိုလျှင်ပင် လေးနာရီအတွင်း ရောက်ရှိနိုင်ပေလိမ့်မည်။
စိမ်းစိုကာ အလွန်မြင့်မားလှတဲ့ တောင်ကြီးတစ်ခုရဲ့အောက်မှာ ဇူချင်နဲ့ ဇူယွမ်တို့က သူတို့ရဲ့ မြင်းတွေကို ရပ်တန့်လိုက်ပြီး နန်းတော်အစောင့်အရှောက်တွေကလည်း နေရာများစွာမှာ ဖြန့်ခွဲနေရာယူလိုက်ကြသည်။ အကယ်၍ သူတို့အနီးမှ ငှက်တစ်ကောင်ဖြတ်ပျံသွားမည် ဆိုပါက သူတို့ရဲ့သတ်ဖြတ်ခြင်းကိုခံရပေလိမ့်မည်။
“ဒါက ငါတို့ဇူအင်ပါယာတော်ဝင်ကလန်ရဲ့ တော်ဝင်သင်္ချိုင်းရှိတဲ့ နေရာပဲ…”
ဇူချင်က သူတို့ရဲ့ရှေ့မှာရှိတဲ့ စိမ်းစိုသာယာနေသည့်တောင်ကြီးကို ညွှန်ပြလိုက်သည်။ အချိန်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ သူကဖြည်းညှင်းစွာပြောလိုက်သည်။ “အရင်တုန်းက ဒီနေရာဟာ ငါတို့ဇူကလန်စတင်ခဲ့တဲ့ နေရာဖြစ်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားပြီးမှပဲ ဇူအင်ပါယာကိုတည်ထောင်နိုင်ခဲ့ကြတယ်… ငါတို့ဘိုးဘေးတွေရဲ့ ကြိုးစား အားထုတ်မှုတွေက ငါ့လက်ထဲမှာ ဒီလိုအခြေအနေထိဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိ ဘူး…”
ဇူယွမ်က ဇူချင်ရဲ့ စိတ်ပျက်အားလျော့နေတဲ့ မျက်နှာကို ကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။ “အဖေ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့… ဝူကလန်ကနှစ်ရာပေါင်းများစွာကြာအောင် လျှို့ဝှက်ကြံစည်ခဲ့ပြီး ဒီလောက်အကြင်နာတရားကင်းမဲ့လိမ့်မယ်လို့ ဘယ်သူက ကြိုသိနိုင်မှာလဲ… ဒါက အဖေ့ရဲ့အမှားမဟုတ်ပါဘူး…”
ဇူချင် ခါးခါးသီးသီးရယ်လိုက်မိသည်။ သူကဒီအကြောင်းကို ထပ်ပြောခြင်းမရှိတော့ဘဲ ကျောက်တုံးလှေကားထစ်ဆီကို စတင်ခြေလှမ်းခဲ့လိုက်သည်။ “ငါ့နောက်ကလိုက်ခဲ့…”
ဇူယွမ်ခေါင်းညှိတ်ပြလိုက်ပြီး အလျှင်အမြန်ပဲ လိုက်သွားခဲ့လိုက်မိသည်။
တောင်ထိပ်ကိုရောက်သည်အထိ ကျောက်တုံးလှေကားထစ်တွေနဲ့သာ လမ်းပြုလုပ်ထားခဲ့သည်။ လှေကားထစ်ပေါင်း ၉၀၉၉ ထစ်ရှိပြီး မိုးတိမ်တွေနှင့်တစ်ဖြောင့်တည်း ရှိနေအောင်ကို မြင့်မားလှပေသည်။
သူတို့နှစ်ယောက်က တည်ငြိမ်တဲ့ အမူအရာဖြင့် ဖြည်းညှင်းစွာ တက်လာခဲ့ကြသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်က မှောင်မည်းနေတဲ့ အဆောက်အဦးတစ်ခုတည်ရှိရာ တောင်ထိပ်ပေါ်ကို ရောက်ရှိလာခဲ့ကြ သည်။ အဆောက်အဦးကရှေးကျပြီး မရေတွက်နိုင်တဲ့ လရဲ့အလင်းတန်းတွေ ဖြန်းပက်ထားသကဲ့သို့ မြင်တွေ့ရပေသည်။ ဒီတောင်တန်းသုံးခုက ဖုံးကွယ်ထားတဲ့ နဂါးတစ်ကောင်အလား ရစ်ပတ်သွယ်တန်းနေလျှက်ရှိသည်။ သူတို့က ဇူယွမ့်ခြေထောက် အောက်က စိမ်းစိုနေတဲ့တောင်ကြီးကို နဂါးသုံးကောင်က ပုလဲလုံးကိုလှည့်ပတ်ထားသလို ဝန်းရံကာကွယ်ထားကြသည်။ သူတို့ကိုကြည့်လိုက်လျှင် ကြီးကျယ်မြင့်မြတ်တဲ့အရှိန်အဝါ တစ်ခုက အလိုအလျောက်မြင့်တက်လာသည်ကို တွေ့နိုင်ပေသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်သလဲ…” ဇူယွမ်ချီးကျူးလိုက်မိသည်။ သူတို့ဇူကလန်ရှေးဟောင်းနယ်မြေမှာ ထူးခြားတဲ့မြေလက္ခဏာတစ်ခုရှိနေပုံပဲ။ ဒါ့ကြောင့်လည်း သူတို့ အင်ပါယာတစ်ခုတည်ထောင်နိုင်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ဇူချင်က ပြုံးပြီးပြောလိုက်သည်။ “ဒီကမ္ဘာကြီးထဲမှာ ကံကောင်းခြင်းတွေလည်း ရှိပါသေးတယ်… ပြီးတော့ဒီနေရာက ကံကောင်းခြင်းတွေထဲမှာ တစ်ခုအပါအဝင်ပဲ… ငါတို့ဇူကလန် စွမ်းအားအရာမှာ မြင့်တက်လာခဲ့တာက ငါတို့ရှေးဟောင်းနယ်မြေရဲ့ မြေလက္ခဏာပေါ်မှာ အများကြီးကျေးဇူးတင်ရမယ်…”
ဇူယွမ်က သူ့ရဲ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြန်ပြောလိုက်သည်။ “မြေပြင်ရဲ့ လက္ခဏာက အဓိကအကြောင်းအရင်းတစ်ခု မဟုတ်ခဲ့ဘူး… ဘိုးဘေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကပဲ အဓိကကျခဲ့တာ… ပြောရမယ်ဆိုရင်… စကြာဝဠာကြီးက ဘယ်တော့မှရပ်တန့်ခြင်းမရှိ ဘူး… ဒါ့ကြောင့်လည်း မြင့်မြတ်တဲ့မိသားစုက လူတွေဟာ မနားမနေကြိုးစားခဲ့ကြရတယ်… လူတစ်ယောက်က ကိုယ့်ကိုကိုယ်တိုးတက်ဖို့အတွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့မယ်ဆိုရင် သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရရှိနိုင်ပြီးတော့ တစ်ခြားလူ တစ်ယောက်ရဲ့ လက်ထဲမှာဆိုးဆိုးရွားရွားနဲ့ သေဆုံးသွားစရာ အကြောင်းမရှိနိုင်ဘူး…”
“အဲ့ဒီလိုပဲ ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက်မှာ စဉ်းစားဆင်ခြင်ဉာဏ်သာ မရှိခဲ့ဘူးဆိုရင် အဲ့ဒီလူက အမြဲတမ်းအန္တရာယ်တွေ အရှုံးတွေနဲ့သာကြုံတွေ့နေရလိမ့်မယ်…”
လူငယ်လေးရဲ့ လေသံကရင့်ကျက်မှု မရှိသေးသည့်တိုင်အောင် သူ့ရဲ့ဆုံးဖြတ်ချက်တွေကို ကြားလိုက်ရတဲ့အခါ ဇူချင်ရဲ့ မျက်နှာပေါ်က အပြုံးကပို၍ကျယ်ပြန့်လာခဲ့ရသည်။
“လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခါးသီးတဲ့ခံစားချက်တွေ ဖြစ်ခဲ့ရပေမဲ့ ဒါကလုံးဝကို အဆိုးကြီး ဖြစ်မသွားခဲ့ဘူးပဲ…”
ဇူချင်က အဆောက်အဦးထဲကို လျှောက်လှမ်းမသွားခင်မှာ ဇူယွမ်ရဲ့ ဆံပင်တွေကို ထိုးဖွခဲ့လိုက်သည်။ ဇူယွမ်ကလည်း နောက်ကလိုက်ပါလာခဲ့ပြီး ကြီးမားတဲ့အဆောက်အဦးထဲက အမွှေးတိုင်မီးခိုးငွေ့တွေရစ်ဝဲနေတဲ့ကြားထဲမှာ ဇူအင်ပါယာတော်ဝင်ကလန်ရဲ့ ရှေးဘိုးဘေး တွေကို ရည်စူးပြီးပြုလုပ်ထားတဲ့ အထိမ်းအမှတ်ကျောက်ပြားများစွာကို တွေ့လိုက်ရသည်။ ဇူချင်ရဲ့ဦးဆောင်မှုအောက်မှာ ဇူယွမ်ကအမွှေးတိုင်ထွန်းညှိလိုက်ကာ ကျောက်ပြားတိုင်းကို ဦးညွှတ်ဂါရဝပြုခဲ့ကြသည်။
နောက်ဆုံးမှာ ဇူချင်ရဲ့ခြေလှမ်းတွေက အဆောက်အဦးရဲ့ အတွင်းဘက်အကျဆုံးနေရာမှာရှိတဲ့ အထိမ်းအမှတ်ကျောက်ပြားတစ်ခုရှေ့မှာ ရပ်တန့်သွားခဲ့သည်။ ဒါက သူတို့ကလန်ရဲ့ ပထမဆုံးသောအင်ပါယာဖြစ်ပြီး ဇူအင်ပါယာကို တည်ထောင်ခဲ့သူလည်း ဖြစ်ပေသည်။ ဇူချင်အရိုအသေပေးပြီးတဲ့နောက်မှာ အနားကိုကပ်သွားလိုက်ပြီး ကျောက်ပြားကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
ဂျိန်း…!
ကျောက်ပြားလည်သွားတဲ့အခါ ကျယ်လောင်တဲ့အသံတစ်ခုကို ချက်ချင်းကြားလိုက်ရသည်။ ဇူယွမ်က အထိမ်းအမှတ်ကျောက်ပြားနောက်မှာရှိတဲ့ နံရံပေါ်က ထူပြီးလေးလံတဲ့ လျှို့ဝှက်ကျောက်တံခါးက ဖြည်းဖြည်းချင်းပွင့်လာတာကို အံ့အားသင့်စွာစိုက်ကြည့်နေခဲ့မိ သည်။
ကျောက်တုံးတံခါးရဲ့ အတွင်းပိုင်းက လုံးဝကိုမှောင်အတိကျနေပြီး အရမ်းကိုလျှို့ဝှက် ဆန်းကြယ်လှပေသည်။
ဇူချင်က တည်ငြိမ်စွာနဲ့ ကျောက်တုံးတံခါးကို ကြည့်နေရင်းမှပြောလိုက်သည်။ “သားရဲ့ စွမ်းအင်ဝင်ပေါက်တွေကိုဖွင့်လှစ်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ခွင့် ရမရဆိုတာ ဒီနေရာအပေါ်မှာ မူတည်လိမ့်မယ်…”
ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်တစ်ယောက် လွန်စွာစိတ်လှုပ်ရှားသွားရပြီး လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိလိုက်သည်။ သူကဘယ်လောက်ပင် ရင့်ကျက်တည်ငြိမ်မှု ရှိတယ်ပြောပြော နောက်ဆုံးမှာတော့ သူဟာကလေးတစ်ယောက်သာဖြစ်ပြီး ဒီလိုမျိုးသူ့ရဲ့ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စမျိုးမှာ သူ့ရဲ့စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိခဲ့ချေ။
ဇူချင်က ကျောက်တုံးတံခါးရဲ့နောက်ဘက်ကို ကျော်ဖြတ်မလျှောက်ခင် ဇူယွမ်ကို စိုက်ကြည့်လိုက်မိသည်။ တံခါးရဲ့နောက်မှာ ရှည်လျားတဲ့ကျောက်တုံးလျှောက်လှမ်းတစ်ခု ရှိနေပြီး လျှောက်လှမ်းရဲ့ ကြမ်းပြင်ပေါ်မှာ ထွန်းညှိထားတဲ့ မီးအိမ်တွေဆီမှ အလင်းရောင် က နန်းတော်အတွင်းမှာ ခပ်မှိန်မှိန်ထွက်ပေါ်နေလျက်ရှိသည်။
သူတို့နှစ်ယောက်လုံး စကားပြောဆိုခြင်းမရှိခဲ့ဘဲ လျှောက်လှမ်းတစ်လျှောက်မှာ သူတို့ရဲ့ ခြေသံတွေနဲ့သာ ပြည့်နှက်နေခဲ့သည်။ မိနစ်အတော်ကြာလျှောက်လှမ်းလာပြီးတဲ့နောက် နောက်ဆုံး သူတို့နှစ်ယောက်ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့ကြသည်။ သူတို့ဟာ လျှောက်လမ်းအဆုံးကို ရောက်ရှိနေကြပြီး ကြီးမားတဲ့ရှေးဟောင်းလိုဏ်ဂူကြီးတစ်လုံး သူတို့ရှေ့၌ ပေါ်ထွက်လာခဲ့သည်။
လိုဏ်ဂူအဆုံးမှာ ကျောက်တုံးစင်မြင့်တစ်ခု ရှိနေပေသည်။
ဇူချင်ကကျောက်တုံးစင်မြင့်ဆီသို့ ဦးတည်ကာသွားလိုက်သည်။ ကျောက်တုံးစင်မြင့်နား ရောက်တဲ့အခါ ဇူယွမ်တစ်ယောက် စင်မြင့်ရဲ့အပေါ်မှာနေရာချထားတဲ့ များလှစွာသော မူလမှော်စာလုံးတွေကို မြင်တွေ့လိုက်ရသည်။ ဒီမူလမှော်စာလုံးတွေက တိကျတဲ့ပုံစံ တစ်ခုအဖြစ် ရှိနေခဲ့သည်။
ဇူယွမ်ရဲ့ လက်ရှိမူလမှော်စာလုံးတွေပေါ်မှာ သိမြင်နားလည်နိုင်မှုနဲ့တောင်မှ ဒီမူလမှော် စာလုံးတွေဟာ ဘယ်အဆင့်မှာရှိတယ်ဆိုတာကို သတ်မှတ်နိုင်စွမ်းမရှိချေ။ မပြတ်မသား ဖြစ်နေတဲ့ပုံရိပ်ကို သူ့စိတ်ထဲမှာ ကြိုးစားပြီးပြုလုပ်ကြည့်တဲ့အခါမှာ သူ့ရဲ့စိတ်ဝိညာဉ်က အရမ်းကို အားနည်းလာခဲ့ရပြီး သူ့ရဲ့ခေါင်းတွေပေါက်ကွဲထွက်တော့မတတ်ခံစားလိုက်ရသည်။ ဒါ့ကြောင့်ပင် သူ့ရဲ့အကြည့်တွေကို ချက်ချင်းပြန်လည်ရုတ်သိမ်းခဲ့လိုက်ရသည်။
“အဖေ…” ဇူယွမ်က ဇူချင့်ဆီကို လှမ်းကြည့်လိုက်မိသည်။ သူ့ရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုမဖွင့်နိုင်မှုနဲ့ ပတ်သက်တဲ့ပြဿနာကို ဒီနေရာမှာတစ်ကယ်ပဲ ဖြေရှင်းနိုင်မှာလား။
ဇူချင်က ကျောက်တုံးစင်မြင့်ပေါ်မှာရှိတဲ့ ရှေးကျတဲ့မူလမှော်စာလုံးကို တည်ငြိမ်စွာကြည့် လျှက် ပြောလိုက်သည်။ “သေချာတဲ့ လျှို့ဝှက်စကားတစ်ခုအရ ငါတို့ဇူကလန်ရဲ့ ကျဆင်းမှုတွေက ကျော်ဖြတ်ပြီးသွားခဲ့ပြီ… ဒီလျှို့ဝှက်ခန်းထဲမှာ ဖုံးကွယ်နေတဲ့ ကြီးမြတ်တဲ့ကံကြမ္မာ တစ်ခုက ငါတို့ဇူကလန်ကို နောင်နှစ်ပေါင်းတစ်သောင်းလောက်အထိ ကြီးပွားတိုးတက်အောင် အမှန်တကယ်ကူညီပေးနိုင်လိမ့်မယ်လို့ ပြောတယ်…”
“ဒီကြီးမြတ်တဲ့ ကံကြမ္မာကိုဖွင့်ဖို့ အဓိကလိုအပ်ချက်က ငါတို့ဇူကလန်အမွေဆက်ခံသူရဲ့ သွေးပဲ… ဒါပေမယ့်လည်း အမွေဆက်ခံခဲ့တဲ့ အင်ပါယာတိုင်းကလည်း ဒီနေရာကိုလာပြီး ကြီးမြတ်တဲ့ကံကြမ္မာကို သူတို့ရဲ့သွေးနဲ့ဖွင့်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အကုန်လုံး ကျရှုံးခဲ့ကြရတယ်…”
သူကဇူယွမ်ကို ကြည့်ကာဆက်ပြောလိုက်သည်။ “အဖေ သားကို ဒီနေရာခေါ်လာရတဲ့ အကြောင်းအရင်းက ဒီကြီးမြတ်တဲ့ ကံကြမ္မာကိုဖွင့်နိုင်မလားဆိုတာကို မြင်ချင်လို့ပဲ… တကယ်လို့ သားသာအောင်မြင်သွားခဲ့ရင် သားရဲ့စွမ်းအင်ဝင်ပေါက် ၈ ခုပြဿနာကအခက် အခဲမရှိဘဲနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်…”
“အဲ…!”
ဇူယွမ် ကျောက်တုံးစင်မြင့်ပေါ်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိသည်။ သူတို့ဇူကလန်ရဲ့ ကျဆုံးမှုတွေပြီးဆုံးသွားပြီဆိုတဲ့ ဒီလျှို့ဝှက်စကားကို သူ့အနေနဲ့ဘယ်တုန်းကမှ ထင်မှတ်ထားခြင်းမရှိခဲ့ပေ။
“တက်သွားတော့…” ဇူချင်က ဇူယွမ်ရဲ့ပုခုံးတွေကိုပုတ်ပြီး ပြောလိုက်သည်။
ဇူယွမ် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်မိသည်။ ဇူယွမ်ရဲ့ နှလုံးက ဒရမ်တစ်ခုတီးခတ်လိုက်သလိုကို ပြင်းထန်စွာခုန်နေပေမဲ့ သူ့ရဲ့သတ္တိတွေကို စုစည်းလိုက်ကာ ကျောက်တုံးစင်မြင့်ပေါ်ကို လျှောက်လှမ်းသွားခဲ့ပြီး များပြားလှတဲ့ရှေးကျပြီး ထူးဆန်းတဲ့မူလမှော်စာလုံးတွေရဲ့ ရှေ့မှာ ထိုင်ချခဲ့လိုက်သည်။
သူက ချွန်ထက်ပြီးသေးငယ်တဲ့ ဓါးတစ်ချောင်းကို ယူလိုက်ကာအံကိုတင်းတင်းကြိတ် လိုက်ရင်း သူ့ရဲ့လက်ကောက်ဝတ်ပေါ်ကို ကန့်လန့်ဖြတ်လှီးချလိုက်သည်။ လတ်ဆတ်တဲ့ သွေးတွေကချက်ချင်းစီးကျလာခဲ့ပြီး မူလမှော်စာလုံးတွေကြားထဲကို လျှင်မြန်စွာပျံ့နှံ့သွား ခဲ့သည်။
တိုတောင်းလှတဲ့အချိန်အတောအတွင်းမှာပဲ ကျောက်တုံးစင်မြင့်ပေါ်မှာရှိတဲ့ မူလမှော်စာလုံးတွေက သွေးနီရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။
ကျောက်တုံးစင်မြင့်ရဲ့ အပြင်ဘက်မှာ ဒီမြင်ကွင်းကို ကြည့်နေတဲ့ဇူချင်ရဲ့မျက်လုံးထဲမှာတော့ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး သူ့ရဲ့လက်သီးကို အနည်းငယ်တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
ဇူယွမ်ကသူ့ရဲ့သွေးတွေ စီးကျနေတာကို ခံစားနေခဲ့ရသလို သူရဲ့ငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့တဲ့မျက်နှာကလည်း ချက်ချင်းကို ဖြူရော်သွားခဲ့သည်။ သူ့ရဲ့အကြည့်တွေကို ရှုပ်ထွေးနေတဲ့ မူလမှော်စာလုံးတွေကနေ ဖယ်ခွါသွားခြင်းမရှိခဲ့ဘဲ သူ့ရဲ့နှလုံးသားက တဒိတ်ဒိတ်ခုန်ကာ လှုပ်ရှားနေပေသည်။
“ဒါက ငါ့ရဲ့နောက်ဆုံးအခွင့်အရေးလား…”
ဇူယွမ်အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့ရဲ့စိတ်ထဲမှာ အဆက်မပြတ်ထုနှက်တိုက်ခိုက်နေတဲ့ ရီဝေမူးယစ်မှုတွေကို တောင့်ခံထားနေရသည်။ ဒီအချိန်အတောအတွင်းမှာပဲ သူ့မျက်လုံးတွေရှေ့မှာ သူ့အမေချင်ယုရဲ့ သွေးတွေအန်ထုတ်နေတဲ့ မြင်ကွင်းက သူ့ရဲ့နှလုံး သားထဲမှာ အသည်းခိုက်လောက်တဲ့ နာကျင်မှုလှိုင်းတွေကို ပျံ့နှံ့စေသည်။
“ငါ့ဒဏ်ရာအတွက် အမေ့ရဲ့သက်တမ်းက ဖြတ်တောက်ခံလိုက်ရတဲ့အပြင် သူမရဲ့ကျန်းမာရေးကိုလည်း ကြီးစွာထိခိုက်စေခဲ့တယ်…”
“ငါ့အတွက် အဖေက သူ့ရဲ့လက်မောင်းကို ဝူဘုရင်ဆီမှာ ဆုံးရှုံးခဲ့ရတယ်…”
“ငါ့ရဲ့ ကံကြမ္မာကလည်း ခိုးယူခံခဲ့ရပြီးတော့ မြင့်မြတ်တဲ့နဂါးရဲ့ အခြေခံအုတ်မြစ်တွေလည်း ဖျက်စီးခံခဲ့ရပြီး ငါ့ရဲ့ဘဝကို အဆိပ်နဲ့တဖြည်းဖြည်းနာကျင်ခံစားရအောင် ပြုလုပ်ခဲ့တယ်…”
“ဇူအင်ပါယာက အတွင်းပိုင်းမှာ ရှုပ်ထွေးနေသလို အပြင်ဘက်ကလည်း အန္တရာယ်တွေက အသင့်စောင့်နေကြတယ်… ငါတို့က အချိန်မရွေးကျဆုံးသွားနိုင်တယ်…”
“ဒါ့ကြောင့်ပဲ ငါကအားလုံးကို ပြောင်းလဲချင်ခဲ့တယ်… ငါ့အမေရဲ့ဆုံးရှုံးသွားတဲ့သက်တမ်းကို ပြန်လည်ရယူနိုင်ဖို့နဲ့ အဖေ့ကသူ့ရဲ့ရည်မှန်းချက်ဆန္ဒတွေကို ပြန်လည်ရရှိနိုင်ဖို့ ငါလိုချင်တယ်… ငါ့ရဲ့လူတွေကိုလည်း အချိန်အတော်ကြာဖြစ်ပေါ်ခဲ့ရတဲ့ စိုးထိတ်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကနေ လွတ်မြောက်စေချင်တယ်… ငါဆုံးရှုံးသွားတဲ့ အရာအားလုံးကိုလည်း ငါပြန်လိုချင်တယ်…”
“… ဒီကြီးမြတ်တဲ့ ကံကြမ္မာက ငါပိုင်တဲ့အရာပဲ…!”
ဇူယွမ်ရဲ့နှလုံးသားထဲကနေ ရုတ်ခြည်းဟစ်ကြွေးသံတွေ ထွက်ပေါ်လာခဲ့သည်။ ဒီအချိန်မှာပဲ ဇူယွမ့်ရဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်လှုပ်ခါလာခဲ့သလို သူ့ခန္ဓာကိုယ်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ ပြင်းထန်ကျယ်လောင်တဲ့ နဂါးအော်သံတစ်ခုထွက်ပေါ်လာခဲ့သည်။
ရွှစ်…..ရွှစ်…..!
တဒင်္ဂအချိန်လေးအတွင်းမှာပဲ သွေးနီရောင်ရှေးကျတဲ့ မူလမှော်စာလုံးတွေကနေ အလင်းတန်းတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အလင်းတန်းတွေက ငွေရောင်အရည်တွေအဖြစ် ပေါင်းစည်းသွားခဲ့ပြီး လျှင်မြန်စွာနဲ့ဇူယွမ်ကို ဝါးမျိုသွားခဲ့သည်။
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ဒီအပြောင်းအလဲက ဇူချင်ကို ထိတ်လန့်တုန်လှုပ်စေသည်။ သူကတုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ ဇူယွမ်ကိုကြည့်လိုက်မိသည့်အခါ ဇူယွမ်ကပါးလွှာတဲ့ လေထုထဲမှာ ပျောက်ကွယ်သွားတာကို တုန်လှုပ်စွာတွေ့လိုက်ရသည်။


Comment

  1. ဆောင်းရတီ says:

    good

Leave a Reply

Options

not work with dark mode
Reset