စာစဥ် (၁) အပိုင်း (၅)

ချီယွဲ့နှင့်လျှိုစီ

“ကောင်းပြီ… တိုက်ပွဲကပြီးသွားပြီ… အားလုံးလူစုခွဲနိုင်ပြီ…” ဇူယွမ်က ကျောက်စိမ်းပြားကို လက်ထဲမှာ ဝှေ့ရမ်းဆော့ကစားနေရင်းမှ များစွာသောစောင့်ကြည့်နေကြသူတွေကို ပြုံး၍ ပြောလိုက်သည်။
သူ့ရဲ့စကားကို ကြားလိုက်ရတဲ့အခါ လူငယ်တွေအားလုံးကလည်း ပြန်ပြုံးပြလိုက်ပြီး ထွက်ခွာသွားခဲ့ကြသည်။ သို့ပေမယ့်လည်း သူတို့အားလုံးရဲ့ မျက်ဝန်းတွေထဲမှာ အံ့သြမှုတွေ ပြေပျောက်သွားခြင်း မရှိသေးဘဲ ပြန်မထွက်သွားသေးခင် ဇူယွမ်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိကြသည်။ ဒါဟာဘာကြောင့်လည်းဆိုရင် တော်ဝင်ဇူကျောင်းတော်မှာရှိတဲ့ လူတိုင်းက ဇူယွမ်ဟာ အချိန်အတော်ကြာသည့်တိုင်အောင် စွမ်းအင်ဝင်ပေါက်တွေ မဖွင့်နိုင်သေးတာကို သိရှိထားခြင်းကြောင့်ပင်ဖြစ်သည်။ ဒါ့ကြောင့်လည်း လူများစွာက သူတို့ရဲ့မင်းသားလေးမှာ မြင့်မားတဲ့အဆင့်အတန်းရှိပေမဲ့လည်း စွမ်းအားမရှိဘူးလို့ပဲ ယုံကြည်ခဲ့ကြသည်။
သို့ပေတည့်လည်း ဒီနေ့မြင်ကွင်းက သူတို့ရဲ့ယုံကြည်မှုတွေကို လုံးဝပျက်စီးသွားစေသည်။
ဇူယွမ်က သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို မဖွင့်နိုင်သေးသည့်တိုင်အောင် သူကမူလမှော်စာလုံးလိုမျိုး တခြားစွမ်းအားအမျိုးအစားကို အသုံးပြုနိုင်ခဲ့သည်။ မူလမှော်စာလုံးကို အသုံးပြုပြီး ရှုလင်းလိုမျိုး စွမ်းအင်ဝင်ပေါက်နှစ်ခု ဖွင့်ထားနိုင်တဲ့သူတောင်မှ ဇူယွမ်ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ပေ။
ဒီကမ္ဘာကြီးထဲမှာ အဆင့်အတန်းကလည်း စွမ်းအားအမျိုးအစားတစ်ခုပဲဆိုတာကို ဝန်ခံရပေမည်။ သို့ပေမယ့်လည်း လူအများစုက စွမ်းအားတွေကို လွယ်လွယ်ကူကူနဲ့ လက်ခံရရှိနိုင်ပေမဲ့ လူတစ်ယောက်ရဲ့ကိုယ်ပိုင်စွမ်းအားကတော့ သူ့ရဲ့လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မှုပေါ်မှာ မူတည်ပြီးတော့သာ ရရှိနိုင်ပေသည်။ တစ်နည်းဆိုရရင် ဒီလိုစွမ်းအားမျိုးက လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ အနေအထားကို ပြောင်းလဲသွားစေလိမ့်မှာ မဟုတ်ပါဘူး။
“ဟေး…နောက်တစ်ခါ ထပ်မရှုံးစေတော့နဲ့…” ဇူယွမ်ကကျောက်စိမ်းပြားကို ဆော့ကစားနေရင်းမှ စုယုဝေထံ လျှောက်လာခဲ့သည်။ လေပြေညှင်းလေးတွေ တိုက်ခတ်မှုကြောင့် သူမရဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ကျောင်းဝတ်စုံက တဖျပ်ဖျပ်လွင့်နေလျက်ရှိပြီး ငယ်ရွယ်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ လှပတဲ့ကောက်ကြောင်းတွေကို ပေါ်လွင်ထင်ရှားစေကာ လူတစ်ယောက်ကို ရိုင်းစိုင်းတဲ့ အတွေးအနည်းငယ်မျှ ဖြစ်ပေါ်စေသည်။
စုယုဝေတစ်ယောက် အနည်းငယ်ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး သူမရဲ့ နီထွေးထွေးနှုတ်ခမ်းလေးတွေကိုသာ ကိုက်လိုက်မိသည်။ သူမရဲ့ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ဇူယွမ်ကို စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။ “နင် အဆင်ရောပြေရဲ့လား…”
မိန်းခလေးတွေဟာ အရာအားလုံးကို အသေးစိတ်ကအစ အလေးထားဂရုစိုက်နိုင်စွမ်းရှိ ကြပေသည်။ စုယုဝေသည်လည်းပဲ ဇူယွမ်ရဲ့လက်တွေ အနည်းငယ်တုန်ရီနေတာကို မြင်ခဲ့ရသည်။
“ဟဲဟဲ… မင်းကဒါကိုတွေ့သွားခဲ့တာပဲ…” ဇူယွမ်ရယ်မောလိုက်မိသည်။ သူရဲ့လက်ကို မြှောက်ပြလိုက်တဲ့အခါ အလွန်အမင်းနီရဲနေတာကို ဘယ်သူမဆိုမြင်တွေ့နိုင်သည်။ ဒါက အစောပိုင်း ရှုလင်းနှင့်တိုက်ခိုက်စဉ် ပြင်းပြင်းထန်ထန်ထိုးချလိုက်တဲ့ လက်သီးချက်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။
စွမ်းအင်ဝင်ပေါက်တစ်ခုမှ မဖွင့်နိုင်သေးတဲ့အတွက် ငါ့ခန္ဓာကိုယ်ရဲ့ ပင်ကိုယ်စွမ်းရည်က နည်းနည်းတော့ နိမ့်ကျတယ်…” ဇူယွမ်သက်ပြင်းချလိုက်မိသည်။ သူ့ရဲ့ခွန်အားကို ယာယီတိုးမြှင့်နိုင်ဖို့အတွက် မှော်စာလုံးသုံးခုရဲ့ စွမ်းအားကို သူကအသုံးပြုခဲ့သော်လည်း အမြန်နှုန်း၊ အရေပြားထိခိုက်ခံနိုင်မှုနဲ့ သူ့ရဲ့ခန္ဓာကိုယ်ပင်ကိုယ်စွမ်းရည်တွေက အားနည်းလျက်ပင်ရှိနေသေးသည်။ ဒါ့ကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်မှာ သေးငယ်တဲ့ ဒဏ်ရာတွေ ဖြစ်ပေါ်ခဲ့ရပြီး အနည်းငယ်သော နာကျင်မှုကို ခံစားရသည်။
“တချို့မူလမှော်စာလုံးတွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ခွန်အားကို ယာယီ တိုးပွားသွားအောင်လုပ်ပေးနိုင်တယ်လို့ ဆရာကပြောခဲ့တယ်… အဲ့ဒါတွေကိုသာ နင်လေ့လာသင်ယူနိုင်မယ်ဆိုရင် အခုလိုမျိုးဒဏ်ရာရတာနဲ့ နာကျင်တာတွေဖြစ်မှာ မဟုတ်ဘူး…” စုယုဝေက တစ်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
ဇူယွမ်ခေါင်းညိတ်ပြလိုက်သည်။ “ဒီလိုမျိုးမူလမှော်စာလုံးရဲ့ အဆင့်အတန်းက နိမ့်မှာတော့ မဟုတ်ဘူး…”
အခြေခံအားဖြင့် မူလမှော်စာလုံးတွေကို အဆင့် ၉ ဆင့်ခွဲခြားထားပေသည်။ ဇူယွမ်စောစောက အသုံးပြုခဲ့တဲ့ မှော်စာလုံးတွေက အခြေခံအဆင့်မှာသာရှိနေပြီးတော့ အဆင့် (၁) မှော်စာလုံးအဖြစ်တောင် သတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင်သူ့အနေနဲ့ အခုအချိန်မှာ ဒီလိုမျိုးမှော်စာလုံးတွေကို လေ့လာနိုင်စွမ်းမရှိသေးချေ။
စုယုဝေက သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိုးရိမ်တဲ့အမူအယာနဲ့ ပြောလိုက်သည်။ “ဒါဆို နင်ကြိုးစားရလိမ့်မယ်… နောက်လမှာလုပ်မယ့် ကျောင်းသားသစ်စာမေးပွဲမှာ နင်သာအဆင့် (၁) မူလမှော်စာလုံးမရေးဆွဲနိုင်ဘူးဆိုရင် နင်ကထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်နိုင်လိမ့်မှာမဟုတ်ဘူး…”
တကယ်လို့သာ ဇူယွမ်အနေနဲ့ ကျောင်းသားသစ်စာမေးပွဲမှာ ဆိုးဆိုးရွားရွားဖြစ်သွားခဲ့မယ် ဆိုရင် ဆိုးရွားတဲ့ကောလဟာလတွေကလည်း သေချာပေါက်ကို ပျံ့နှံ့သွားပေလိမ့်မည်။ ဇူယွမ်သူ့ရဲ့လက်ကို နှိပ်နယ်လိုက်ရင်းက ပြန်ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့… ငါဘာလုပ်ရမလဲ ဆိုတာကို ငါသိပါတယ်…”
သူ့ရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ ဒီအချိန်မှာ နောက်နှစ်ရက်ကြာလို့ ရှေးဟောင်းနယ်မြေကို သွားတဲ့အခါ သူ့အတွက် အဓိကပြဿနာတစ်ခုဖြစ်တဲ့ စွမ်းအင်ဝင်ပေါက် ၈ ခုမပေါ်ပေါက်လာခြင်းကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရပေသည်။ ဒီလိုမှမဟုတ်ခဲ့ဘူးဆိုလျှင် သူ့ရဲ့စွမ်းအင်တွေ အကုန်လုံးကို မူလမှော်စာလုံးလေ့လာတဲ့နေရာမှာပဲ အပြီးတိုင်မြှုပ်နှံသွားရပေလိမ့်မည်။
ဘယ်သူမှလေ့လာသင်ယူလိုခြင်းမရှိတဲ့ မူလမှော်စာလုံးတွေကို သူကိုယ်တိုင်လည်း အမှန်တကယ် စိတ်ဝင်စားမှုမရှိပေ။
စုယုဝေက ဇူယွမ်ငြိမ်သက်သွားတာကို တွေ့ရတဲ့အခါ သူမကအလိုက်သိစွာပဲ အကြောင်း အရာကို ပြောင်းလဲလိုက်ကာ ဇူယွမ်ကိုပြောလိုက်သည်။ “မင်းသားလေး…နင့်ကိုငါ ဆေးကူလိမ်းပေးရမလား…”
“ထားလိုက်ပါ… တကယ်လို့ ငါကသာ မိန်းမလှလေးတစ်ယောက်ဆီက ဒီလိုအပြုအမူမျိုး လက်ခံတာကို တစ်ယောက်ယောက်ကသာတွေ့သွားရင် ကျိန်းသေပေါက် ဒါကိုအသုံးချပြီး ငါ့ကို တိုက်ခိုက်မှာကို ငါကြောက်တယ်…” ဇူယွမ်က ရွှတ်နောက်နောက်နဲ့ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ ဒါ့အပြင် စုယုဝေက တော်ဝင်ဇူကျောင်းတော်မှာ ထင်ရှားကျော်ကြားတဲ့ သူတစ်ယောက်လည်း ဖြစ်ပေသည်။
စုယုဝေကမပျော်ရွှင်စွာနဲ့ သူ့ကိုကြည့်လိုက်ပြီး “နင်ကအရမ်းကို ကြောက်တတ်တာပဲ… ဒါဆိုလည်းငါနင့်ကို ဒီထက်ပိုပြီး စိတ်အနှောင့်အယှက်မပေးတော့ပါဘူး… ငါစာကြည့်တိုက်ကို သွားပြီး စာအုပ်တွေသိမ်းရတော့မယ်…” ဒါက သူမအတွက်ဝင်ငွေအနည်းငယ် ရရှိစေနိုင်ဖို့ သူမကိုယ်တိုင်ရှာဖွေထားတဲ့ အချိန်ပိုင်းအလုပ်တစ်ခုဖြစ်ပေသည်။ သူမရဲ့မိသားစု အခြေအနေက မကောင်းတဲ့အပြင် သူမအဖိုးကိုလည်း ဂရုစိုက်ဖို့ရှိတဲ့အတွက်ကြောင့်သာ ဒီလိုအလုပ်မျိုး လုပ်နေရခြင်း ဖြစ်ပေသည်။ ဒါ့ကြောင့်လည်းသူမက ကျောင်းချိန်အတွင်းမှာတောင် တော်ဝင်ဇူ ကျောင်းတော်ထဲက အချို့အလုပ်တွေကို ရှာဖွေပြီးအမြဲတမ်းလုပ်ကိုင်ခဲ့သည်။
ဒါကိုကြားလိုက်ရတဲ့အခါမှာ ဇူယွမ်က အနည်းငယ်တွန့်ဆုတ်စွာနဲ့ ပြောလိုက်သည်။ “ကျောင်းသားသစ်စာမေးပွဲအတွက်က အချိန်တစ်လပဲလိုတော့တယ်… အချိန်ကုန်တာကလည်း အရမ်းမြန်တယ်… ငါကတော့ မင်းရဲ့အချိန်တွေကို စွမ်းအင်ဝင်ပေါက် ဖွင့်တဲ့နေရာမှာပဲ ပိုပြီးအသုံးချစေချင်တယ်… တကယ်လို့ လိုအပ်ရင်…ငါ…”
“မင်းသားလေး…”
ဇူယွမ်ရဲ့ စကားကမဆုံးသေးခင်မှာပဲ ရပ်တန့်သွားခဲ့ရသည်။ သူကစုယုဝေကို ကြည့်လိုက်သည်။ မိန်းခလေးရဲ့နှုတ်ခမ်းတွေက စေ့ပိတ်ထားကာ သူ့ကိုလေးနက်စွာ စိုက်ကြည့်နေလျက် ရှိပေသည်။ သူမရဲ့လေသံက ပျော့ပျောင်းငြင်သာနေပေမဲ့လည်း ငြင်းဆန်မရနိုင်လောက်တဲ့ စွမ်းအားတစ်ခုပါဝင်နေသည်။ “နင်ကငါ့ကို အများကြီး ကူညီပေးခဲ့ပြီးပြီ… နင်ကငါ့ကို ဒီနေရာကို ခေါ်လာခဲ့တဲ့အတွက် ငါ့ရဲ့ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်ခဲ့တယ်… ဒါ့ကြောင့်နင့်ကို ငါ့ရဲ့ နှလုံးသားထဲကနေ အရမ်းကို ကျေးဇူးတင်မိတယ်… ဒါပေမဲ့လည်း ငါတို့ကသူငယ်ချင်းတွေလို့ နင်ပဲပြောခဲ့တယ်လေ… ဟုတ်တယ်မလား…”
ဇူယွမ်က သူ့မျက်စိရှေ့မှာရှိတဲ့ မိန်းခလေးကို ပြန်ကြည့်လိုက်သည်။ သူမရဲ့ ရွှန်းရွှန်းစိုနေတဲ့ မျက်လုံးတွေထဲမှာ ဖုံးကွယ်ထားတဲ့ အချို့အရာတွေကို အပြင်လူတွေအနေနဲ့ သိနိုင်ဖို့ခက်ခဲ ပေသည်။ ဒါကို သူမရဲ့နောက်ဆုံးဂုဏ်သိက္ခာအတွက် သူမရဲ့နှလုံးသားအောက်ဆုံးမှာသာ အမြဲတမ်း သိမ်းဆည်းထားဖို့ လိုအပ်ပေလိမ့်မည်။
သူမပါးစပ်ကိုဖွင့်လိုက်တာနဲ့ ဇူယွမ်ကသူမလိုအပ်တဲ့ အရာရာတိုင်းကို ဖြေရှင်းပေးလိမ့်မယ်ဆိုတာ သူမသိပေသည်။ သို့ပေမယ့် ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုလျှင် သူမနှင့် သူ့အကြားဆက်ဆံရေးက ကျိန်းသေပေါက်ကို ပြောင်းလဲသွားပေလိမ့်မည်။
သူမတို့နှစ်ယောက် စတင်သိကျွမ်းခဲ့စဉ်ကတည်းက သူတို့နှစ်ယောက်အကြား ဆက်ဆံရေးကို သူမက ဂရုတစိုက်နဲ့ထိန်းသိမ်းခဲ့သည်။ ဇူယွမ်က ဝော်ဝင်ဇူအင်ပါယာရဲ့ မင်းသားဖြစ်ပြီး သူ့ရဲ့အဆင့်အတန်းကမြင့်မားပေမဲ့ သူမကတော့ ဆန့်ကျင်ဘက်အနေနဲ့ သာမန်လူတန်းစား တစ်ဦးသာဖြစ်သည်။ သူမတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကိုကြီးမားနေခဲ့ပြီး ဒါကတခြားလူတွေရဲ့ ဝေဖန်ကဲ့ရဲ့မှုကို ခံရနိုင်ပေသည်။ သူမအတွက် ဒီလိုဝေဖန်ကဲ့ရဲ့မှုမျိုးကို မကြောက်ပေမဲ့ ဇူယွမ့်အပေါ်မှာ ဒီလိုမျိုးဖြစ်လာမှာကိုတော့ သူမမလိုချင်ပေ။
ဒါ့အပြင် တော်ဝင်ဇူကျောင်းတော်ကို ဝင်ရောက်ခဲ့ပြီးနောက်မှာ သူမကိုယ်သူမ တွန်းအားပေးပြီး တိုးတက်လာအောင်ကြိုးစားခဲ့သည်။ သူတို့နှစ်ယောက်ကြား အဆင့် အတန်းကွာခြားမှုကို ပြောင်းလဲနိုင်ဖို့အတွက် သူမရဲ့ကျင့်ကြံခြင်းကိုလည်း ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ခဲ့သည်။
သူမအနေဖြင့် အောင်မြင်မှုရရှိခဲ့သည်ဟု ဆိုရပေမည်။ တော်ဝင်ဇူကျောင်းတော် စတင်တည်ထောင်ချိန်ကတည်းက အမြန်ဆုံးစွမ်းအင်ဝင်ပေါက်ဖွင့်နိုင်တဲ့ ပါရမီရှင် တစ်ယောက်ဖြစ်ခဲ့သလို လူတိုင်းကလည်း သူမရဲ့ပါရမီကို စတင်၍ တန်ဖိုးထား အသိအမှတ်ပြုလာခဲ့ကြသည်။ ဒါ့ကြောင့်ပင် ဇူယွမ်ရဲ့အဖေဖြစ်သူ ဇူချင်တောင်မှ သူမရဲ့နာမည်ကို သိရှိသွားခဲ့သည်။
“ဒါဆိုလည်း ကောင်းပြီ…”
မိန်းခလေးရဲ့ အလျော့မပေးတဲ့ အကြည့်တွေအောက်မှာ ဇူယွမ်ကနောက်ဆုံး လက်မြှောက် အရှုံးပေးခဲ့လိုက်ရပြီး ခါးသီးစွာပြုံးလိုက်သည်။ “ကောင်းပြီး ငါမနှောင့်ယှက်တော့ပါဘူး…”
ဇူယွမ်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ စုယုဝေရဲ့မျက်ခုံးတွေက လခြမ်းကွေးပုံသဏ္ဍာန် တွန့်ကွေးသွားခဲ့သည်။ တစ်ချိန်တည်း၌ သူမရဲ့နှလုံးသားထဲမှာလည်း သက်ပြင်း တစ်ချက်ကိုသာ တိတ်တခိုးချခဲ့လိုက်မိသည်။ အကယ်၍ ဇူယွမ်အနေနဲ့သာဆက်ပြီး အတင်းအကျပ်ပါဝင်နေဦးမယ်ဆိုလျှင် သူမအနေဖြင့် ငြင်းပယ်နိုင်စွမ်းမရှိဘူးဆိုတာ သူမသာသိပေသည်။ ဒါကသူမကို အနည်းငယ်တော့ စိတ်မချမ်းမသာဖြစ်စေသည်။
အနည်းဆုံးတော့ ဇူယွမ်က အခုအချိန်ထိ သူမဂုဏ်သိက္ခာကို အလေးထားခဲ့တယ်ဆိုတာ သူမသိခဲ့ရပေသည်။ သူ့ရဲ့ရွေးချယ်မှုကြောင့် သူမရဲ့မျက်လုံးထဲမှာ မှုန်ဝါးဝါးအလင်းရောင် လေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူမရဲ့နှလုံးသားထဲမှာလည်း တစ်မူထူးခြားစွာ ကျေးဇူးတင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့တယ်ဆိုတာကိုတော့ သူမဝန်ခံရပေလိမ့်မည်။
“မစိုးရိမ်ပါနဲ့ မင်းသားလေး… ငါ့ရဲ့လေ့ကျင့်မှုက လျော့သွားမှာမဟုတ်ပါဘူး… ငါကျိန်းသေပေါက် ကျောင်းသားသစ်စာမေးပွဲမှာ ထိပ်ပိုင်းအဆင့်တစ်ခုရအောင်လုပ်ပြီး ပါရမီရှင်အတန်းကို ဝင်နိုင်အောင်လုပ်မယ်လို့ ငါကတိပေးပါတယ်…” စုယုဝေကချိုသာစွာ ပြုံးလိုက်သည်။ သူမရဲ့တောက်ပပြီး လှပတဲ့အပြုံးထဲမှာ စိတ်ချယုံကြည်မှုတွေနှင့် ပြည့်နှက်နေပေသည်။
တော်ဝင်ဇူကျောင်းတော်မှာ အတန်းပေါင်းများစွာရှိပြီး အားလုံးထဲမှာမှ ပါရမီရှင်အတန်းက ပုံမှန်အားဖြင့်ကို အသန်မာဆုံးအတန်းဖြစ်သည်။
ဇူယွမ် ခေါင်းညိတ်ပြလိုက်သည်။ သူကခဏတာ တွေးတောလိုက်ပြီး ရုတ်တရက် ရှုလင်းနဲ့ တိုက်ခိုက်တဲ့အချိန်မှာ လောင်းကြေးအဖြစ်အသုံးပြုခဲ့တဲ့ မူလစုစည်းခြင်းကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ နောက်ပြီး သူကစုယုဝေရဲ့ လက်ကိုမယူလိုက်ကာ သူမရဲ့လက်မှာ ဝတ်ဆင်ပေးလိုက်သည်။
“တစ်လွဲတွေးမနေနဲ့… ငါကမင်းကို အပိုင်ပေးတာမဟုတ်ဘူး… ခဏငှားတာ… ငါကစွမ်းအင်ဝင်ပေါက်မဖွင့်နိုင်သေးတော့ ခုချိန်မှာ ဒါကိုသုံးလို့မရသေးဘူး…” ဇူယွမ်က စုယုဝေငြင်းပယ်မဲ့ဟန်ကို မြင်လိုက်ပြီး ချက်ချင်းပြောလိုက်သည်။
စုယုဝေက ဇူယွမ်ရဲ့စကားကို ကြားလိုက်ရတဲ့အခါ သူ့ကိုစိုက်ကြည့်လိုက်မိပြီး သူမပါးစပ်ကနေ ထွက်တော့မဲ့ဆဲဆဲ စကားတွေကို ပြန်မျိုချလိုက်ရသည်။ ဒီလူ… ဘယ်လိုလုပ် သူကဒီလို ပုံစံမျိုးနဲ့ ပြောနိုင်ရတာလဲ။
“ငါ သွားတော့မယ်!” စုယုဝေက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မူလစုစည်းခြင်း ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ကာ ဇူယွမ်ကို ဝင်တိုက်ပြီးထွက်သွားခဲ့သည်။
“တကယ်ကို ချစ်စရာကောင်းတာပဲ…”
ဇူယွမ်က တင့်တယ်လှပပြီး သေးသေးသွယ်သွယ်ခန္ဓာကိုယ်နဲ့ မိန်းခလေးထွက်သွားတာကို ကြည့်ရင်း ခေါင်းကိုသာခါလိုက်မိသည်။ သူလည်း ထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲ တစ်စုံတစ်ခုကို အာရုံခံစားမိလိုက်သည်။ ဒါ့ကြောင့် သူ့ရဲ့ခေါင်းကိုမော့လိုက်ပြီး အဝေးမှာရှိတဲ့ အဆောက်အဦးတစ်ခုဆီကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ကိုဓားသွားတစ်ခုလို ထက်မြစွာနဲ့ ပြန်ကြည့်နေတဲ့ အဖြူရောင်ပုံရိပ်တစ်ခုကို ရှာတွေ့လိုက်သည်။
“ချီယွဲ့…” ဇူယွမ်က အဖြူရောင်ပုံရိပ်ကို ကြည့်လိုက်ရင်း သူ့ရဲ့မျက်ခုံးတွေက အနည်းငယ် မြင့်တက်သွားခဲ့ရသည်။ ထိုအဖြူရောင်ပုံရိပ်က ချီအိမ်တော်ရဲ့ မင်းသားလေးဖြစ်သူ ချီယွဲ့ပင်ဖြစ်သည်။
ဇူယွမ်ရဲ့ အကြည့်ကိုခံစားလိုက်ရတဲ့အခါ ချီယွဲ့ရဲ့မျက်နှာက အနည်းငယ်ပြုံးသွားခဲ့ရပြီး သူ့ရဲ့လက်နှစ်ဖက်ကို ရှေ့ကိုထုတ်လိုက်ကာ ဇူယွမ့်ကို လက်ခုပ်တီးပြလိုက်သည်။
ဇူယွမ်ရဲ့ နှလုံးသားထဲမှာ အေးစက်စွာနဲ့ ရယ်မောနေခဲ့ပေမဲ့လည်း လှည့်ထွက်မသွားခင် ပြုံးလျက်သူ့ရဲ့ခေါင်းကို ညှိတ်ပြလိုက်သည်။
အဆောက်အဦးရဲ့အပေါ်မှာ ချီယွဲ့ကထွက်ခွာသွားတဲ့ ဇူယွမ်ရဲ့ပုံရိပ်ကို ရပ်ကြည့်နေခဲ့သည်။ ချီယွဲ့ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်နေတဲ့အမူအယာ ထွက်ပေါ်လာခဲ့ပြီး သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။ “မင်းသားလေးက မူလမှော်စာလုံးရေးသားခြင်း သဘောတရားကို ကျွမ်းကျင်မှုအချို့ ရှိလိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး…”
လှပတဲ့ပုံရိပ်တစ်ခုက ချီယွဲ့နောက်ကို လျှောက်ထွက်လာခဲ့သည်။ ဒါက ရှည်လျားသေးသွယ်ပြီး အရမ်းကိုလှပတဲ့ မိန်းခလေးတစ်ယောက်ဖြစ်ပေသည်။ တစ်ခုတည်းသော အပြစ်အနာအဆာက သူမရဲ့နှုတ်ခမ်းဟာ အနည်းငယ်ပါးလွှာနေတဲ့အတွက် သူမရဲ့ပုံစံက ရက်စက်တတ်တဲ့ ပုံပေါ်နေသည်။ သူမနဲ့စုယုဝေကို နှိုင်းယှဉ်လိုက်ရင် စုယုဝေရဲ့ ဆွဲဆောင်ညှို့ငင်နိုင်စွမ်းက အနည်းငယ် လျော့ကျပေသည်။ သူမကဇူယွမ်ထွက်ခွာသွားတဲ့ဘက်ကို အထင်သေးစွာကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ “မူလမှော်စာလုံးတွေက ကျန်တဲ့အရာတွေအားလုံးပြီးမှ လျှောက်လှမ်းကြတဲ့ လမ်းကြောင်းတစ်ခုပဲ… လူတစ်ယောက်က ဘယ်လောက်ပဲ ကြီးကြီးမားမား အောင်မြင်မှုရရှိနေပစေ ကိစ္စမရှိဘူး… လူတစ်ယောက်က ကိုယ့်ကိုကိုယ် မပြောင်းလဲနိုင်ဘူးဆိုရင် သူ့ရဲ့သက်တမ်းက ကန့်သတ်ချက်ရှိလိမ့်မယ်… ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘဲနေရင် သာမန်လူတစ်ယောက်က သတ်တာကိုတောင်ခံရလိမ့်မယ်…”
သူမရဲ့ နာမည်က လျှိုစီဖြစ်ပြီး သူမအဖေက ဇူအင်ပါယာက အမတ်တစ်ယောက် ဖြစ်သည်။ လူတွေကသူ့ကို အမတ်လျှိုလို့ ခေါ်ကြပြီး သူကလည်း ပုံမှန်အားဖြင့် အင်အားကြီးမားသူတွေထဲက တစ်ယောက်ဖြစ်ပေသည်။ ဒါ့ကြောင့်ပင် လျှိုစီနဲ့ ဇူယွမ်တို့အကြားမှာ ဆက်ဆံရေးအချို့ ရှိခဲ့ရသည်။ လွန်ခဲ့တဲ့နှစ်များစွာအကြာက ဇူချင်ဟာ ချီအိမ်တော် မည်သို့အင်အားကြီးထွားလာသည်ဆိုတာကို နားလည် သဘောပေါက်ခဲ့သည်။ ဒါ့ကြောင့် အမတ်လျှိုကို ပံ့ပိုးထောက်ပံ့ပေးပြီး သူတို့ကို ထိန်းသိမ်းတားဆီးနိုင်ရန် စီစဉ်ခဲ့သည်။ ထို့ကြောင့်ပင် ဇူချင်က ဇူယွမ်နဲ့ အမတ်လျှိုရဲ့သမီးတို့ကို ရည်ရွယ်ပြီး သူတို့မိသားစုနှစ်ခု ကြားထဲမှာ လက်ထပ်ပွဲတစ်ခုပြုလုပ်ဖို့ တောင်းဆိုခဲ့သည်။ ဒီလက်ထပ်ပွဲသာဖြစ်လာခဲ့မယ်ဆိုလျှင် သူတို့ကလန်နှစ်ခုကြားထဲမှာလည်း အင်အားတွေပေါင်းစည်းသွားမိကြလိမ့်မည်။
အမတ်လျှိုက ဇူချင်ရဲ့တောင်းဆိုမှုကို တုံ့ဆိုင်းစွာနဲ့ ငြင်းပယ်ခဲ့ပေသည်။ အားလုံးပြီးတဲ့နောက်မှာ ဇူအင်ပါယာရဲ့ တော်ဝင်မိသားစုက ငြင်းပယ်ခံလိုက်ရပြီး အမွေဆက်ခံမယ့် ဇူယွမ်ကတော့ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေ ဖွင့်ဖို့ကိုတောင် မတတ်နိုင်ခဲ့ပေ။ ဒါ့အပြင် အမတ်လျှိုက လျှိုစီကို တုန်နေအောင်ချစ်မြတ်နိုးတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့အတွေးကိုလည်း မေးမြန်းခဲ့သည်။ လျှိုစီက ပုံမှန်အားဖြင့် မာနကြီးတဲ့ မိန်းခလေးတစ်ယောက်ဖြစ်ပြီး ဇူယွမ့်အပေါ် မသန်မစွမ်းဖြစ်နေတဲ့ မင်းသားတစ်ယောက်အဖြစ်သာ ခံစားခဲ့ရသည်။ ဒါ့ကြောင့် သူမက ဒီတောင်းဆိုမှုကို တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ ငြင်းပယ်ခဲ့ကာ သူမပြောခဲ့တဲ့ မင်းသားလေးက ဖားပြုတ်တစ်ကောင် ဖြစ်ပြီးတော့ ငန်းရဲ့အသားကိုစားချင်နေတယ်ဆိုတဲ့ စကားတောင်မှ လူကြားထဲ ပျံ့နှံ့သွားခဲ့သည်။ ဒီစကားကနောက်ပိုင်း လူအများကြားမှာ ဟာသတစ်ခု ဖြစ်လာခဲ့သည်။
သူမရဲ့တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အမတ်လျှိုက ဇူချင်ကိုငြင်းပယ်ဖို့အတွက် ဒီအကြောင်းပြချက်ကို အသုံးချခဲ့သည်။
ဒီကိစ္စက ကြာမြင့်နေခဲ့ပြီ ဖြစ်ပေမယ့်လည်း အရင်ကသူမ ဖားပြုတ်လို့ခေါ်ခဲ့ဖူးတဲ့ ဇူယွမ်ကို အခုမြင်လိုက်ရတဲ့အချိန်မှာ လျှိုစီရဲ့နှလုံးသားထဲမှာ အနည်းငယ် သက်တောင့် သက်သာမရှိသလို ခံစားလိုက်ရသည်။
သူမရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာ ချီယွဲ့ကခေါင်းညှိတ်၍ ရယ်မောလိုက်သည်။ “ကျောင်းသားသစ်စာမေးပွဲမှာပါတဲ့ အဆင့်သတ်မှတ်ချက်ထိပ်ပိုင်းက ကျောင်းသားတွေ အကုန်လုံးက ငါ့ဘက်မှာရှိတယ်… တကယ်လို့ မင်းသားဇူယွမ်သာ ဒီလိုအားနည်းတဲ့ မူလမှော်စာလုံးတွေနဲ့ လာပြိုင်ခဲ့ရင် လူအားလုံးရဲ့ရှေ့မှာ သူရှုံးနိမ့်သွားအောင်ငါလုပ်မှာ…”
ချီယွဲ့ကပြောနေရင်းမှ ခဏရပ်တန့်သွားပြီး သူ့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့သည်။ “ဒါပေမယ့်လည်း အဲ့ဒီစုယုဝေရဲ့စွမ်းရည်က တကယ့်ကိုအံ့အားသင့်စရာပဲ… ပြီးတော့ သူမရဲ့ အနာဂတ်မျှော်လင့်ချက်က အရမ်းကိုတောက်ပနေတယ်… တကယ်လို့အခွင့်အရေးရခဲ့ရင် ငါတို့အားလုံးက သူမကိုငါ့တို့ဘက်ရောက်အောင် ဆွဲခေါ်နိုင်ဖို့လိုအပ်တယ်…”
ဒီစကားကို လျှိုစီကြားလိုက်ရတဲ့အချိန် သူမရဲ့မျက်နှာပေါ်မှာ မပျော်ရွှင်တဲ့အရိပ်အယောင် တွေ လှစ်ခနဲဖြတ်သန်းသွားခဲ့သည်။ သူမကမျက်မှောင်ကြုပ်လိုက်ကာ ပြန်ပြောလိုက်သည်။ “သူမကနိမ့်ကျတဲ့ မိန်းခလေးတစ်ယောက်ဖြစ်ပြီးတော့ စွမ်းအင်ဝင်ပေါက်သုံးခု ဖွင့်ထားနိုင်ခဲ့တယ်… တကယ်လို့ငါတို့သူမကို မနိုင်ဘူးဆိုရင် သူမကို မသန်မစွမ်းဖြစ်သွားအောင် လုပ်နိုင်မယ့် အခွင့်အရေးရှာရမယ်…”
လျှိုစီက မြင့်မြတ်တဲ့မိသားစုတစ်ခုကဖြစ်ပြီး ပင်ကိုယ်ပါရမီကောင်းသူလည်း ဖြစ်ပေသည်။ အရင်ကသူမဟာ တော်ဝင်ဇူကျောင်းတော်မှာ သံသယရှိစရာမလိုလောက်အောင်ပင် အတောက်ပဆုံးပုလုံးတစ်လုံးဖြစ်ခဲ့သည်။ ဒါပေမဲ့လည်း စုယုဝေပေါ်လာခဲ့ပြီး ကတည်းက သူမရဲ့တောက်ပမှုတွေက မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။ ဒါ့ကြောင့်ပင် လျှိုစီက စုယုဝေအပေါ် မနှစ်မြို့ခဲ့ခြင်းဖြစ်သည်ကို သံသယရှိစရာမလိုပေ။
ချီယွဲ့ကလည်း ပုံမှန်အားဖြင့် လျှိုစီက စုယုဝေကို သဘောမကျဖြစ်နေကြောင်းကို ကြားသိခဲ့ရသည်။ သူကရယ်မောလိုက်ပြီး ဒီအကြောင်းနဲ့ပတ်သက်၍ တစ်ခွန်းမှမပြောခဲ့ပေ။ ထိုအစား သူကပျောက်ကွယ်သွားသည့် ဇူယွမ်ရဲ့ပုံရိပ်ကိုသာ စိုက်ကြည့်နေလိုက်သည်။
“ဇူယွမ်က သူ့ကိုယ်သူ အချိန်အတော်ကြာအောင် ယုံကြည်မှုမရှိခဲ့ဘူး… ဒါ့ကြောင့် အနာဂတ်မှာ သူမှီခိုအားထားနိုင်ဖို့ ပါရမီရှင်တစ်ယောက်ကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့တယ်…”
“ဇူယွမ်…ဇူယွမ်… ဇူကလန်ရဲ့ မြင့်မြတ်တဲ့နဂါးက တကယ့်ကို မသန်မစွမ်းဖြစ်နေတဲ့ နဂါးတစ်ကောင် ဖြစ်သွားခဲ့ပြီပဲ…”
“ဒါ့ကြောင့်လည်း မင်းတို့ဇူကလန်က ဒီလိုမျိုးဖြစ်သွားခဲ့ရတာ…”


Comment

Leave a Reply

Options

not work with dark mode
Reset