Switch Mode

စာစဥ် (၁) အပိုင်း (၄)

မူလမှော်စာလုံး၏စွမ်းအား

ဝော်ဝင်ဇူကျောင်းတော် လေ့ကျင့်ရေးကွင်း။
လေ့ကျင့်ရေးကွင်းပြင်ထဲမှာ လေ့ကျင့်ရေးစင်မြင့်များစွာရှိနေပြီး များစွာသောလူငယ်တွေက စင်မြင့်ပေါ်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ထိုးခုတ် တိုက်ခိုက်နေကြလျက်ရှိသည်။ လက်သီးချက်တွေနဲ့ ခြေကန်ချက်တွေတိုင်းက ကျားတစ်ကောင်လိုမျိုး ကြံ့ခိုင်သန်မာမှုတွေနဲ့ ရက်စက်ကြမ်းတမ်းမှုတွေ ပါဝင်နေတာကို မြင်တွေ့နိုင်သည်။ စင်မြင့်ရဲ့အောက်မှာရှိတဲ့ ကြည့်ရှုနေတဲ့လူတွေထံမှလည်း အချိန်တိုင်း အားပေးသံတွေကဆူညံစွာ ထွက်ပေါ်လျှက်ရှိသည်။ လူအုပ်စုထဲမှာ ငယ်ရွယ်ပြီးလှပတဲ့ မိန်းကလေးတွေလည်းရှိနေကြပြီး သူမတို့ရဲ့ လှပတဲ့မျက်လုံးတွေနဲ့ စောင့်ကြည့်နေမှုက စင်မြင့်ပေါ်က ယောင်္ကျားလေးအများစုကို အစွမ်းကုန်ထုတ်ပြီး စိတ်အားထက်သန်စွာ တိုက်ခိုက်ကြစေသည်။
ဒါ့ကြောင့်လည်း လေ့ကျင့်ရေးကွင်းက တော်ဝင်ဇူကျောင်းတော်ထဲမှာ နာမည်ကြီးနေရာတစ်ခုအဖြစ် ရှိနေခြင်းဖြစ်ပေသည်။
ရှုလင်းက ပျင်းရိငြီးငွေ့စွာနဲ့ စင်မြင့်ပေါ်ကို လျှောက်လာတဲ့အခါ သူနဲ့ဇူယွမ်တိုက်ခိုက်မယ့်သတင်းက လေ့ကျင့်ရေးကွင်းထဲကို အရင်ရောက်ရှိနေကြတဲ့ လူငယ်တွေကြားထဲ တိတ်တဆိတ် ပျံ့နှံ့သွားခဲ့သည်။
“ဘာ… မင်းသားလေးဇူယွမ်က ရှုလင်းနဲ့ တိုက်ခိုက်မှာလား?”
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ! မင်းသားလေးဇူယွမ်က စွမ်းအင်ဝင်ပေါက်တစ်ခုတောင် မဖွင့်နိုင်သေးဘဲနဲ့ ရှုလင်းက နှစ်ခုတောင်ပွင့်နေပြီ…”
“ဒီရှုလင်းက တကယ့်ကိုအနိုင်ကျင့်တာပဲ…ဇူယွမ်တိုက်ခိုက်လာအောင် တွန်းအားပေးဖို့အတွက် စက်ဆုပ်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်ခဲ့တယ်ထင်တယ်…”
“…..”
ကျောင်းသားအများစုက ဒီသတင်းကိုကြားလိုက်ရတဲ့အခါ မယုံကြည်နိုင်မှုတွေနဲ့ အံ့အားသင့်မှုတွေက ချက်ချင်းကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သာမန်ကျောင်းသားအချို့က ဒီတိုက်ပွဲဟာ ဇူယွမ်အတွက် မမျှတဘူးဆိုတာကို ခံစားမိကြသည်။
စွမ်းအင်ဝင်ပေါက်ကျင့်ကြံခြင်းအဆင့် လေ့ကျင့်သူတွေအတွက် စွမ်းအင်ဝင်ပေါက်တွေဖွင့်နိုင်တိုင်းမှာ သူတို့ရဲ့ခန္ဓာကိုယ်က ပင်ကိုယ်စွမ်းရည်တွေလည်း မြင့်တက်လာပေလိမ့်မည်။ လူတစ်ယောက်က သူတို့ရဲ့စွမ်းအင်ဝင်ပေါက်တွေကိုသာ ဖွင့်လှစ်နိုင်ခဲ့မယ်ဆိုရင် ခွန်အား၊ အမြန်နှုန်း၊ အလိုအလျောက်တုန့်ပြန်နိုင်စွမ်းစတဲ့အရာတွေမှာ မူလကထက်သာလွန်သွားပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလျှင် စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့် လေ့ကျင့်သူတစ်ယောက်က စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ခြင်းမရှိသေးတဲ့ကျင့်ကြံသူ ဒါဇင်ပေါင်း များစွာကို အားစိုက်ထုတ်ရခြင်းမရှိဘဲနဲ့ကို သက်သက်သာသာအနိုင်ရနိုင်သည်။
စင်မြင့်ပေါ်မှာရှိတဲ့ ရှုလင်းက ဒီစကားသံကိုကြားလိုက်ရတဲ့အခါ ရယ်မော၍သာနေလိုက်မိသည်။ သူတို့ဘာပြောနေနေ သူ့အတွက်ကိစ္စမရှိပေ။ ဒီနေ့ပြီးတဲ့နောက်မှာ သူ့ရဲ့ဇူယွမ်အပေါ် ရက်ရက်စက်စက်နင်းချေခြင်းက တော်ဝင်ဇူကျောင်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားပေလိမ့်မည်။ ဒီလိုသတင်းမျိုးက သံသယရှိစရာမလိုလောက်အောင်ပင် ဇူယွမ်ရဲ့ဂုဏ်သိက္ခာကို ကျဆင်းသွားစေပေလိမ့်မည်။
ရှုလင်းရဲ့ခေါင်းထဲမှာ ဒီလိုမျိုးမုန်းတီးတဲ့အတွေးတွေ လှည့်လည်စီးဆင်းနေတဲ့အချိန်မှာပဲ လေ့ကျင့်ရေးစင်မြင့်အောက်က များပြားလှတဲ့လူစုလူဝေးကြီးက ရုတ်တရက်နှစ်ပိုင်းကွဲသွားခဲ့ပြီး ပိန်ပါးတဲ့လူငယ်လေးတစ်ယောက် ဖြည်းညှင်းစွာလျှောက်လှမ်းလာတာကို ကြည့်နေခဲ့ ကြသည်။
ဒီပိန်ပိန်ပါးပါးလူငယ်လေးရဲ့မျက်နှာက တည်ငြိမ်အေးချမ်းကာ နူးညံ့သိမ်မွေ့တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေလျက်ရှိသည်။ သူ့ပုံစံကအားနည်းပြီး နူးညံ့သိမ်မွေ့တဲ့ပုံစံရှိလေသည်။
အမှန်ပင် ယခုရောက်ရှိလာသူက ဇူယွမ်ဖြစ်ပေသည်။
များစွာသော ကွဲပြားခြားနားတဲ့ အကြည့်တွေရဲ့အောက်မှာ ဇူယွမ်က ရှုလင်းရှိနေတဲ့ လေ့ကျင့်ရေးစင်မြင့်ဆီကိုပဲ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။
“မင်းသားလေး…” သူရဲ့နောက်ကနေ နီးကပ်စွာလိုက်ပါလာခဲ့တဲ့ စုယုဝေရဲ့ မျက်နှာလေးပေါ်မှာ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်လျက်ရှိပေသည်။ သူမက ဇူယွမ့်ကို ရှုလင်းနှင့် မတိုက်ခိုက်စေချင်ပေ။
ဇူယွမ်က စုယုဝေကို ညင်သာစွာပြုံးပြလိုက်ပြီး ပြောလိုက်သည်။ “ဒီအချိန်ရောက်မှတော့ ငါနောက်မဆုတ်နိုင်ဘူး…ငါကတိုက်ပွဲမတိုင်မီ အဝေးကိုထွက်ပြေးသွားတဲ့ မင်းသားဆိုပြီး သတ်မှတ်ခံရလိမ့်မယ်…” စုယုဝေက သူမရဲ့နှုတ်ခမ်းတွေ တင်းကျပ်စွာကိုက်လိုက်ပြီး သူမ ခြေလှမ်းတွေလည်း ရပ်တန့်သွားခဲ့ရသည်။ ဒါကသူ့ဂုဏ်သိက္ခာကို ကြီးမားစွာထိခိုက်သွားစေနိုင်တာကို သူမလည်းသိပေသည်။
စုယုဝေ သူမရဲ့လှပတဲ့မျက်နှာလေးကို မော့လိုက်ပြီး လေ့ကျင့်ရေးစင်မြင့်ပေါ်မှာရှိတဲ့ ရှုလင်းကို ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရ ပြီး ရက်စက်ကြမ်းကြုတ်လိုမှုတွေတစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့သည်။
“မင်းသားလေး…ကျွန်မလုပ်ခဲ့တဲ့အမှားက ဒီအချိန်မှာ မင်းသားလေးအတွက် အခက်အခဲတွေကို ဖြစ်ပေါ်စေခဲ့တယ်…အနာဂတ်မှာ ဒီကြင်နာမှုတွေကို လုံးဝမေ့သွားမှာမဟုတ်ဘူး…” စုယုဝေက နူးညံ့စွာပြောလိုက်သည်။
အမှန်အတိုင်းပြောရမယ်ဆိုရင် သူမရဲ့ကြင်နာတတ်ခြင်းက သူမအနေနဲ့ ရှုလင်းကိုရှုံးခဲ့ရတဲ့ အဓိကအကြောင်းအရင်းပင်ဖြစ်သည်။ အကယ်၍သာ ဒီလိုမျိုးမဟုတ်ခဲ့လျှင် ရှုလင်းအနေနဲ့ မူလလက်နက်ကိုပင် အသုံးပြုဖို့အခွင့်အရေး ရရှိခဲ့လိမ့်မည်မဟုတ်ပေ။ ဒီသင်ခန်းစာကနေ သူမနားလည်ခဲ့တာတစ်ခုက တကယ်လို့သာလူတစ်ယောက်က မြွေကိုတစ်ချက်တည်းနဲ့ သေအောင်မသတ်နိုင်ခဲ့ဘူးဆိုရင် အဲ့ဒီလူကသေချာပေါက်ကို မြွေရဲ့ပြန်ကိုက်ခြင်းကိုခံရလိမ့်ပေမည်။
ဇူယွမ်အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး စုယုဝေကိုကြည့်ကာ ပြောလိုက်သည်။
“ငါတို့က သူငယ်ချင်းတွေပဲ… ဒါ့ကြောင့်သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ အခွင့်အရေးရှိတယ်…”
သူ့ရဲ့စကားသံပျောက်ကွယ်သွားတဲ့အခါ သူကလည်းလေ့ကျင့်ရေးစင်မြင့်ပေါ်ကို ရောက်ရှိကာ ရပ်တန့်နေပြီဖြစ်သည်။ စုယုဝေက သူ့ရဲ့နောက်ကျောကို ကြည့်လိုက်ကာအနည်းငယ် ပြုံးလိုက်မိပြီး နွေးထွေးတဲ့ခံစားချက်တစ်ခုက သူမရဲ့နှလုံးသားထဲမှာ စီးဆင်းသွားခဲ့ရသည်။ ခဏအကြာမှာ သူမရဲ့မျက်လုံးတွေက ဖြည်းညှင်းစွာငုံ့ကျသွားခဲ့ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိသည်။ တကယ်လို့ ရှုလင်းသာဇူယွမ်ကို ထိခိုက်နာကျင်အောင်လုပ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အာဃာတတွေနဲ့ လက်စားပြန်ချေမှုက ဘယ်လိုလဲဆိုတာကို သိအောင်လုပ်ပေးရပေလိမ့်မည်။
“အိုး…မင်းသားလေးက တကယ်ကိုလာခဲ့တာပဲ…ငါက မင်းကိုတိတ်တိတ်လေး နန်းတော်ကို ပြန်ပြေးသွားပြီလို့ ထင်နေတာ…” ရှုလင်းက ရှေ့ကိုလျှောက်လာနေရင်းမှ ဇူယွမ်ကိုပြုံး၍ ကြည့်လိုက်ပြီး ပျက်ရယ်ပြုလိုက်သည်။
ဇူယွမ်က သူ့ရဲ့အင်္ကျီလက်စကို ညှင်သာစွာဝှေ့ယမ်းလိုက်ရင်းမှ “မင်းက ကိုယ့်ကိုကိုယ် တော်တော်ယုံကြည်မှုရှိတာပဲ…”
“မင်းသားလေးအနေနဲ့ မိန်းမလှလေးတစ်ယောက်အတွက် ဒီလိုမျိုးမဆင်မခြင်ပြုလုပ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ ထင်မထားခဲ့ဘူး…ဒါကနည်းနည်းတော့ စဉ်းစားဉာဏ်မဲ့ရာကျတယ်…” ရှုလင်းက သူ့ရဲ့ပုခုံးကိုတွန့်ပြပြီး ပြောလိုက်သည်။ ဇူယွမ်အနေနဲ့ စုယုဝေရဲ့ နှစ်သက် သဘောကျမှုကို ရရှိဖို့အတွက်ကြောင့်သာ ဒီလိုမျိုးမဆင်မခြင်ပြုမူခဲ့တယ်လို့ သူ့အနေနဲ့လုံးဝ ယုံကြည်ထားသည်။
“စကြမယ်…” ဇူယွမ်ကဒီလို အရေးမပါတဲ့စကားတွေကို ဆက်ပြောနေဖို့ ဆန္ဒမရှိချေ။ ဇူယွမ်ကသူ့ရဲ့ခြေထောက်တွေကို တစ်ခုနဲ့တစ်ခုခွဲလိုက်ကာ သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မြေပြင်ပေါ်မှာ ခိုင်ခိုင်မာမာရပ်လိုက်ပြီး ရှုလင်းကို လက်ယပ်ခေါ်လိုက်သည်။ “ငါ မင်းကို အရင်ဆုံးတိုက်ခွင့်ပေးမယ်…”
ဒီစကားကိုပြောလိုက်တဲ့အချိန်မှာ စင်မြင့်ပတ်ပတ်လည်မှာရှိတဲ့ များစွာသောလူငယ်တွေက တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်မိကြသည်။ သူတို့အားလုံး ဇူယွမ်ဘာတွေးနေတယ် ဆိုတာကို နားမလည်နိုင်ကြပေ။ သူကအားနည်းတဲ့ဘက်မှာ ရှိနေသည့်တိုင်အောင် ဒီလိုမျိုးရူးမိုက်တဲ့ အပြုအမူကိုလုပ်ဆောင်ခဲ့သည်။
“မင်းသားလေးက အရှက်ကွဲဖို့ကို မစောင့်နိုင်မှတော့ ဒါကငါ့တာဝန်ဖြစ်သွားပြီပေါ့…” ဇူယွမ်ရဲ့အပြုအမူကိုမြင်လိုက်ရတဲ့အခါ ရှုလင်းရဲ့နှလုံးသားထဲက ဒေါသတွေကအတိုင်းအဆမရှိ မြင့်တက်လာခဲ့ရသည်။ ပြီးတဲ့နောက်မှာ သူကအထင်သေးစွာနဲ့တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ခြေထောက်က မြေပြင်ကိုအားအပြည့်နဲ့ ဆောင့်နင်းချလိုက်ပြီး သူ့ခန္ဓာကိုယ်က မြှားတစ်စင်းကဲ့သို့ ပစ်လွင့်သွားခဲ့သည်။ လက်သီးကို တင်းကျပ်စွာဆုပ်လိုက်ပြီး ဇူယွမ့်ဆီကို ပျံသန်းလာကာ ထိုးချလိုက်သည်။
ရှုလင်းရဲ့ စွမ်းအားအပြည့်နဲ့ထိုးချလိုက်တဲ့ လက်သီးချက်က လေထုရဲ့ပေါက်ကွဲသံနဲ့အတူ ကျဆင်းလာခဲ့သည်။ ဒီလက်သီးချက်သာ ကျောက်တုံးကိုသာ ထိုးမိသွားမယ်ဆိုပါက သေချာပေါက် ကွဲကြေသွားပေလိမ့်မည်။
ဇူယွမ်က သူ့ဆီကိုပျံဝဲလာတဲ့ စွမ်းအားပြင်းတဲ့လက်သီးချက်ကို ကြည့်နေခဲ့ပေမဲ့ ရှောင်ဖို့ အတွက် ရွှေ့လျားမှုတစ်ခုတစ်လေမျှ မပြုလုပ်ခဲ့ဘဲ သူ့ရဲ့လက်မောင်းကို မြှောက်ရုံမျှသာ မြှောက်လိုက်ပြီး ကာကွယ်တဲ့အနေအထားတစ်ခုကို ပြုလုပ်လိုက်သည်။
သို့ပေ့မယ့်လည်း သူ့ရဲ့ကိုယ်ဟန်အနေအထားကို စင်အောက်ကပရိတ်သတ်တွေ မြင်လိုက်ရတဲ့အခါ ဆက်လက်ကြည့်ရှုခြင်းငှာ မစွမ်းသာတော့ပေ။ ရှုလင်းရဲ့ စွမ်းအင်ဝင်ပေါက်နှစ်ခုဖွင့်ထားတဲ့ ခန္ဓာကိုယ်နဲ့ ဒီလက်သီးချက်က လုံးဝကိုဇူယွမ်ရဲ့ အရိုးတွေကို ကျိုးကြေသွားစေပေလိမ့်မည်။
လူတိုင်းရဲ့ တုန်လှုပ်ချောက်ခြားနေတဲ့ အကြည့်အောက်မှာ ရှုလင်းရဲ့ပုံစံက ဒေါသထွက်နေတဲ့ ကျားတစ်ကောင်အလား ထင်မှတ်ရသည်။ သူ့ရဲ့အရှိန်ပြင်းစွာထိုးချလိုက်တဲ့ လက်သီးချက်က ဇူယွမ်ရဲ့ လက်မောင်းပေါ်ကို ပြင်းထန်စွာကျရောက်သွားခဲ့သည်။
ဒေါင်!
ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဲ့ဒီနောက် လူတိုင်းရဲ့မယုံကြည်နိုင်လောက်တဲ့ အကြည့်တွေအောက်မှာပဲ ဇူယွမ်ရဲ့ခြေထောက်တွေက နောက်ကို နှစ်မီတာလောက်သာ ဆုတ်ခွာခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်သွားအောင် ပြန်လုပ်နိုင်ခဲ့သည်။
အား…!
သနားစရာကောင်းလောက်တဲ့ အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
ဒါပေမဲ့လည်း အော်ဟစ်သံက ဇူယွမ်ဆီက ထွက်ပေါ်လာတာမဟုတ်ခဲ့ဘဲ ရှုလင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ဒါကိုမြင်လိုက်ရတဲ့လူတိုင်းက အံ့သြလွန်း၍ စကားမပြောနိုင်လောက်အောင်ပင် ဖြစ်သွားကြသည်။ ရှုလင်းက သူ့ရဲ့လက်ကိုဆုပ်ကိုင်ထားကာ သနားစရာကောင်းလောက်အောင်ပင် စူးစူးဝါးဝါး အော်ဟစ်နေသည်။ သူ့ရဲ့လက်တစ်ခုလုံးက မီးအပူပေးထားတဲ့ သံမဏိလိုပင် နီရဲနေကာ ကွဲကြေသွားတော့မတတ်ပင်။
ရှုလင်းက ဇူယွမ်ကိုစူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး “မင်း လူယုတ်မာ! မင်းရဲ့အင်္ကျီလက်ထဲမှာ ဘာဖွက်ထားတာလဲ! ရှုလင်းက နာကျင်ခံစားရလွန်းသဖြင့် မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ဇူယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ မင်းသားလေးက လှည့်စားမှုအချို့ကို အသုံးပြုခဲ့တာလား။
အားလုံးရဲ့ စိုးရိမ်ထိတ်လန့်နေတဲ့ အကြည့်အောက်မှာပဲ ဇူယွမ်ကသူ့ရဲ့ အင်္ကျီလက်မောင်းကို ဖြည်းညှင်းစွာဆွဲတင်လိုက်သည်။ နောက်ဆုံးမှာ လူတိုင်းက ဇူယွမ်ရဲ့လက်မောင်းပေါ်မှာ ခက်ခဲရှုပ်ထွေးတဲ့ မှော်စာလုံးတွေကို မြင်လိုက်ကြရသည်။ မှော်စာလုံးကနေ ခပ်ဖျော့ဖျော့ အနက်ရောင်အလင်းတချို့ထွက်ပေါ်နေပြီး ဇူယွမ်ရဲ့လက်မောင်းတစ်လျှောက်ဖြန့်ကြက်ကာ ဖုံးအုပ်ထားလျက်ရှိသည်။ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် သူ့အသားအရေကလုံးဝကို မာကျောတဲ့ အနက်ရောင်သတ္တုပုံစံအဖြစ် ပြောင်းလဲသွားသလို မြင်တွေ့ရပေမည်။
“ဒါက…”
များစွာသောကျောင်းသားတွေက ဒီရှုပ်ထွေးနေတဲ့ မှော်စာလုံးတွေကို ကြည့်လိုက်မိပြီး အံ့အားသင့်တုန်လှုပ်သွားခဲ့ကြသည်။ အဆုံးမှာ လူတချို့ကရုတ်တရက် အော်ဟစ်လိုက်ကြသည်။ “ဒါက ဆရာသင်ပေးခဲ့တဲ့ သတ္တုအရေပြားမှော်စာလုံးပဲ…”
နောက်ဆုံးမှာတော့ လူတိုင်းကနားလည်သွားခဲ့ကြသည်။ ဒါကမူလမှော်စာလုံးတစ်ခုပဲ။
စုယုဝေရဲ့ နှလုံးသားထဲက တင်းကျပ်နေမှုတွေကလည်း ခုမှသာပြေလျော့သွားခဲ့ရသည်။ သူမကသက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။ “ဒါဆို မင်းသားလေးက မူလမှော်စာလုံးကို သူ့ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲနိုင်စွမ်းရှိတာပေါ့…”
ရှုလင်းလည်း ခုမှသာအသိတရားပြန်ဝင်လာခဲ့ပြီး ဇူယွမ်ရဲ့လက်မောင်းပေါ်က အနက်ရောင် မူလမှော်စာလုံးကို စိုက်ကြည့်လိုက်ကာ မယုံကြည်နိုင်စွာဖြင့် “မင်း…မင်းက တကယ်ပဲ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလမှော်စာလုံးကို ရေးဆွဲနိုင်တာလား…”
ဒီမတိုင်ခင် စာသင်ခန်းထဲမှာတုန်းက ဇူယွမ်သတ္တုအရေပြားမှော်စာလုံး ရေးဆွဲတာကို ရှုလင်းကမြင်တွေ့ခဲ့ရပေမဲ့ အဲ့ဒါက ကျောက်စိမ်းပြားပေါ်မှာသာ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲဖို့အတွက်ဆိုရင် လူတစ်ယောက်က သွေးကြောတွေရဲ့တည်နေရာနဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်ဝင်ပေါက်တွေကို ကျွမ်းကျွမ်းကျင်ကျင်သိရှိထားဖို့ လိုအပ်ပေသည်။ ဒါမှသာ မူလမှော်စာလုံးက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိခိုက်နာကျင်ခြင်းမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။ ဒါ့အပြင် မူလမှော်စာလုံးတစ်ခုကို ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲခြင်းက ကျောက်စိမ်းပြားပေါ်မှာ ရေးဆွဲခြင်းထက် အဆပေါင်းများစွာပိုခက်ခဲပေသည်။
သူတို့တွေက မူလမှော်စာလုံးကို ကျောက်စိမ်းပြားပေါ်မှာတောင် ကောင်းစွာမရေးဆွဲနိုင်သေးခင် ဇူယွမ်ကစပြီးတော့တောင် အသုံးပြုနိုင်နေပြီဖြစ်သည်။ ဒီကွာဟချက်က အရမ်းကိုကြီးမားလှပေသည်။
“ငါ့ရဲ့စွမ်းအင်ဝင်ပေါက်ကို မဖွင့်နိုင်တဲ့အတွက် ငါ့မှာစွမ်းအားမရှိတော့ဘူးလို့ မင်းထင်နေတာလား…” ဇူယွမ်ကပြုံးလျက်ပြောလိုက်သည်။
ရှုလင်းရဲ့မျက်နှာက အစိမ်းရောင်ကိုပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် အေးစက်စွာပြောလိုက်သည်။ “မင်းက သတ္တုအရေပြားမှော်စာလုံးကို အားကိုးပြီးတော့ ငါ့ကိုအမှန်တကယ် အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေတာလား…”
“ဒါဆိုလည်းငါက မင်းကို စွမ်းအင်ဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့်က ကျင့်ကြံသူတစ်ယောက်နဲ့ ဝင်ပေါက်တစ်ခုမှ မဖွင့်နိုင်သေးတဲ့လူကြားက ကွာခြားချက်ကို မင်းမြင်အောင်ပြပေးရမှာ ပေါ့…”
“ဝင်ပေါက်ဖွင့်လိုက်!”
ရှုလင်းကကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ မှိန်ဖျော့ဖျော့အလင်းတန်းတွေ ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့အသက်ရှုသံနဲ့အညီ မူလစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ လှည့်လည်စီးဆင်းနေကြသကဲ့သို့ သူ့ခြေထောက် အောက်က ဖုန်မှုန့်တွေကလည်း အဝေးကိုလွင့်ပျံပျောက်ကွယ်သွားကြသည်။
ဟူး ဟူး
ခုချိန်မှာ သူ့ရဲ့အဝတ်အစားတောင်မှ တဖျပ်ဖျပ်နဲ့ လှုပ်ခါနေလျက်ရှိပေသည်။
သူ့ရဲ့အသားအရေက စတင်တောက်ပလာပြီး ရှုလင်းရဲ့အရှိန်အဝါက လျင်မြန်စွာမြင့်တက်လျက်ရှိသည်ကို အားလုံးခံစားမိကြသည်။
များစွာသော ကျောင်းသားတွေရဲ့ အမူအယာတွေက အနည်းငယ်ပြောင်းလဲသွားခဲ့ကြသည်။ လက်ရှိမှာ မူလချီတွေဟာ ရှုလင်းရဲ့ခန္ဓာကိုယ်ထဲမှာ လှည့်လည်စီးဆင်းလျက်ရှိနေသည်။ မူလချီတွေက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့အတွက် သူ့ရဲ့စွမ်းအားနဲ့ အမြန်နှုန်းက မြင့်မားလာသည်ကို သံသယရှိစရာမလိုပေ။
များစွာသောအကြည့်တွေရဲ့အောက်မှာပဲ ဇူယွမ်က ရှုလင်းကိုစိုက်ကြည့်လိုက်ကာ ကိုယ့်ဘာသာကိုယ် ရေရွတ်လိုက်သည်။ “ဝင်ပေါက်နှစ်ခုဖွင့်ခြင်း…ဟက်”
“ငါမင်းကို အရင်တိုက်ခိုင်းပြီးသွားပြီ… ခုကငါ့အလှည့်ပဲ…”
စကားပြောပြီးပြီးချင်းမှာပဲ ဇူယွမ်ရဲ့ခြေထောက်တွေက မြေပြင်ကိုဆောင့်နင်းလိုက်ကာ ရှုလင်းဆီကို တဖြောင့်တည်းတိုးဝင်သွားခဲ့သည်။
“စိတ်ကြီးဝင်နေတာပဲ… မင်းရဲ့အမြန်နှုန်းရယ် စွမ်းအားရယ် မင်းခန္ဓာကိုယ်ရဲ့ မွေးရာပါစွမ်းရည်တွေက ခုချိန်မှာ ငါ့စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံစာတောင်မရှိဘူး… ဒါတောင်မင်းက တိုက်ခိုက်ရဲသေးတာလား…” ဇူယွမ်ကသူ့ဆီကို တစ်ရှိန်ထိုးတိုးဝင်လာတာကို မြင်လိုက်ရတဲ့အခါ ရှုလင်းက အထင်သေးစွာနဲ့ပြောလိုက်သည်။
“အဲ့ဒီလိုလား…”
ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။
တစ်ခဏအကြာမှာပဲ မှိန်ဖျော့ဖျော့အလင်းရောင်တွေက သူ့ခြေထောက်ကနေထွက်ပေါ်လာခဲ့ပြီး လူတိုင်းက အလင်းရောင်တွေဖုံလွှမ်းနေတဲ့ မှော်စာလုံးတွေကို ဝိုးတိုးဝါးတားသာ မြင်တွေ့နိုင်ကြသည်။
ဇူယွမ်ရဲ့ခန္ဓာကိုယ်က ဒီအချိန်မှာ အလင်းတန်းသဖွယ်ပြောင်းလဲသွားခဲ့ပြီး သူ့ရဲ့အမြန်နှုန်းက တိုးမြင့်သွားကာ ကျားသစ်တစ်ကောင်လိုမျိုး ရှေ့ကိုခုန်အုပ်လိုက်သည်။
“ဒါ…ဒါက အလင်းခန္ဓာကိုယ် မှော်စာလုံးပဲ…” ဇူယွမ်ရဲ့ ခြေထောက်အောက်က မှော်စာလုံးအလင်းရောင်တွေထွက်ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ မူလမှော်စာလုံးတွေနဲ့အနည်းငယ်ရင်းနှီးတဲ့ လူငယ်တစ်ယောက်က ချက်ချင်းအော်ပြောလိုက်မိသည်။
ဒီလိုအော်ပြောလိုက်တဲ့အသံ ထွက်ပေါ်လာတဲ့အချိန်မှာပဲ ဇူယွမ်ကရှုလင်းနဲ့ အလွန်နီးကပ်တဲ့ နေရာထိအောင် ရောက်ရှိနေပြီဖြစ်သည်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ပုခုံးက ရုတ်တရက်လှုပ်ရှားသွားခဲ့ပြီး အင်္ကျီလက်ထဲကနေ ခပ်မှိန်မှိန်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အရာ အားလုံးကို ရှင်းလင်းစွာမမြင်ရသည့်တိုင်အောင် လူတိုင်းက ဇူယွမ်ရဲ့လက်သီးချက်က ခုချိန်မှာ ပြင်းထန်တဲ့စွမ်းအားတွေနဲ့ ပြည့်နှက်နေတာကို ခံစားမိကြသည်။
“ပြင်းထန်သောခွန်အားမှော်စာလုံး!” အခြားအော်သံတစ်ခုကလည်း ထွက်ပေါ်လာခဲ့သည်။
သတ္တုအရေပြားမှော်စာလုံး၊ အလင်းခန္ဓာကိုယ်မှော်စာလုံး၊ ပြင်းထန်သောခွန်အားမှော်စာလုံး!
ဒီအချိန်မှာ စုယုဝေတောင်မှ သူမရဲ့ သေးငယ်တဲ့ပါးစပ်လေးကို ဖုံးအုပ်လိုက်မိပြီး သူမရဲ့လှပတဲ့ မျက်နှာပေါ်မှာတော့ မယုံကြည်နိုင်ခြင်းတွေနှင့် ပြည့်နှက်နေသည်။ အသက်ရှုချိန်ခဏလေးအတွင်းမှာပဲ ဇူယွမ်က မူလမှော်စာလုံးသုံးခုလုံးကို အောင်မြင်အောင် အသက်သွင်းနိုင်ခဲ့သည်။
ဒါက ဇူယွမ်အနေနဲ့ ဆရာသင်ပေးထားတဲ့ မူလမှော်စာလုံးသုံးခုလုံးကို သူကိုယ်တိုင်တောင် အသုံးပြုနိုင်နေပြီဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့ ဆိုနိုင်ပေသည်။
ဘန်း!
လူများစွာနဲ့ ရှုလင်းတို့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ အကြည့်အောက်မှာပဲ ပြင်းထန်တဲ့စွမ်းအားတွေ ပါဝင်နေတဲ့လက်သီးချက်က ရှုလင်းရဲ့ခန္ဓာကိုယ်ပေါ်ကို အလွန်လျင်မြန်စွာနဲ့ ရက်ရက်စက်စက်ကျရောက်သွားခဲ့သည်။
ဒုန်း!
မူလမှော်စာလုံးသုံးခုရဲ့ အကူအညီနဲ့ ဇူယွမ်ရဲ့ လက်ရှိ အမြန်နှုန်း၊ စွမ်းအားနဲ့ ပင်ကိုယ်စွမ်း ရည်တွေက ရှုလင်းထက်နိမ့်ကျခြင်းမရှိချေ။ ဒါ့ကြောင့်ပင် လက်သီးချက်ကျရောက်လာတဲ့အခါမှာ ရှုလင်းက အရမ်းကိုကြီးမားပြင်းထန်တဲ့ အားလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်း အဝေးကိုလွင့်ထွက်သွားခဲ့ရသလို လေ့ကျင့်ရေးကွင်းရဲ့အပြင်ဘက် မြေပြင်ပေါ်ကို အရှိန်ပြင်းစွာ ကျရောက်သွားခဲ့ရသည်။
စင်မြင့်ပတ်ပတ်လည်မှာ မူလကထွက်ပေါ်နေတဲ့ ဆူညံသံတွေကလည်း ဒီအချိန်မှာလုံးဝကို တိတ်ဆိတ်သွားခဲ့ကြပြီး အားလုံးက ဇူယွမ်ကို မယုံကြည်နိုင်စွာနဲ့ ငေးမောကြည့်လိုက်မိသည်။
တိုက်ပွဲကဒီလိုမျိုးအဆုံးသတ်သွားမယ်လို့ ဘယ်သူမှ ထင်မှတ်ထားခြင်းမရှိခဲ့ချေ။
စင်မြင့်ပေါ်မှာတော့ ဇူယွမ်က သူ့ရဲ့လက်သီးကိုဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်သည်။ သူ့ရဲ့လက်မောင်းပေါ်က မူလမှော်စာလုံးတွေကလည်း သူတို့ရဲ့စွမ်းအားအားလုံးကို အသုံးပြုပြီးသွားတဲ့အတွက် ထွက်ပေါ်နေတဲ့အလင်းရောင်တွေက လျှင်မြန်စွာပျောက်ကွယ်သွားကြသည်။
ဇူယွမ်က သူ့လက်ကောက်ဝတ်ကို နှိပ်နယ်လိုက်ပြီး စင်မြင့်ပေါ်ကခုန်ချလိုက်ကာ ရှုလင်းရဲ့ အင်္ကျီအတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားက ကျောင်းသားသစ်စာမေးပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကတ်ပြားပင်ဖြစ်သည်။
“စွမ်းအင်ဝင်ပေါက်တစ်ခုတောင်မှ မဖွင့်နိုင်သေးတဲ့သူကို မင်းကအနိုင်ရအောင် မတိုက်ခိုက်နိုင်ဘူး…မင်းအားလုံးရဲ့ရှေ့မှာ ထပ်ပြီးတော့မရှုံးချင်ဘူးဆိုရင် ဒီနှစ်ကျောင်းသားသစ်စာမေးပွဲမှာ ဝင်မပါတာက မင်းအတွက် အကောင်းဆုံးပဲ…” စိတ်ဓါတ်ကျနေတဲ့ပုံပေါ်တဲ့ ရှုလင်းကို ကြည့်လိုက်ရင်း ဇူယွမ်ကပြုံး၍ပြောလိုက်သည်။
ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ရှုလင်းက သူ့ကိုနောက်တစ်ကြိမ် လှောင်ပြောင်ခံနေရသလို ခံစားလိုက်ရသည်။ သူ့ရဲ့နှလုံးသားထဲမှာ ရှက်ရွံ့တဲ့ခံစားချက်တွေနဲ့ ပြည့်နှက်နေပြီး အကူအညီမဲ့စွာပဲ လတ်ဆတ်တဲ့သွေးတွေပါးစပ်အပြည့် ထွေးထုတ်လိုက်မိသည်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အမြင်အာရုံကအမှောင်အတိကျသွားခဲ့ပြီး သတိလစ်မေ့မြောသွားခဲ့သည်။
မနက်ဖြန်ကစပြီး တော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းသားတွေကြားထဲမှာ သူကလှောင်ပြောင် ရယ်မောစရာတစ်ခု ဖြစ်လာတော့မည်ကို သူကိုယ်တိုင်သာသိပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset