ပန်းပွင့်တွေနဲ့စီချယ်ထားသော ဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်လေးရဲ့ စကားသံရုတ်တရက် ထွက်ပေါ်လာတဲ့အခါ စာသင်ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။ လူငယ်အားလုံးက လှမ်းကြည့်လိုက်ပြီးမှ စကားပြောလိုက်တဲ့ လူငယ်ရဲ့အဆင့်အတန်းက သူတို့ထဲမှာ သာမန်မဟုတ်ဘူးဆိုတာကို သိကြတဲ့အတွက် သူတို့ရဲ့အကြည့်တွေကို ပြန်လည်ရုတ်သိမ်းသွားခဲ့ကြသည်။
ပန်းထိုးဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်လေးရဲ့နာမည်က ရှုလင်းဖြစ်သည်။ သူ့အဖေက တော်ဝင်ဇူအင်ပါယာရဲ့ အနောက်ဘက်စီရင်စုနယ်မြေက စီနီယာအရာရှိတစ်ယောက်ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ရှုလင်းရဲ့အဆင့်အတန်းက တော်ဝင်ဇူအင်ပါယာရဲ့ မင်းသားဖြစ်တဲ့ ဇူယွမ်ထက်နိမ့်ကျပေသည်။ သို့ပေမယ့်လည်း ရှုလင်းရဲ့နောက်မှာ ချီအိမ်တော်ရဲ့ မင်းသားလေးဖြစ်တဲ့ ချီယွဲ့က ကျောထောက်နောက်ခံအဖြစ်ရှိတာကို လူတိုင်းကသိပေသည်။
ဇူယွမ်က စားပွဲခုံကို လက်ချောင်းတွေနဲ့ခေါက်နေရင်းက ရှုလင်းကို သာမန်မျှသာကြည့်လိုက်သည်။ ချီယွဲ့ရဲ့မျက်နှာသာပေးမှုကြောင့်သာ ရောက်ရှိလာခဲ့တဲ့ ဒီလူငယ်လေးက တကယ်ကို မရိုးသားတာပဲ။
“ဒီရှုလင်းက ချီယွဲ့အပေါ် အရမ်းကိုမျက်နှာချိုသွေးနေပုံထောက်ရင် သူ့အဖေနဲ့ သူတို့အပေါင်းအပါအကုန်လုံး ချီဘုရင်ရဲ့ နောက်လိုက်တွေ ဖြစ်နိုင်တယ်…”
ဇူယွမ်ရဲ့မျက်လုံးတွေက အနည်းငယ်လေးနက်သွားခဲ့သည်။ သူ့အနေနဲ့ ချီဘုရင်က ဝူအင်ပါ ယာကနေ ပြန်လာခဲ့တယ်ဆိုတာကို သူ့အဖေတစ်ခါကပြောခဲ့တာကြောင့် ကြားခဲ့ရဖူးသည်။ ဒါ့အပြင်ကို သူကကုန်လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ အတောမသတ်နိုင်တဲ့ ပြဿနာမျိုးစုံကိုလည်း ရှာခဲ့သေးသည်။ ဒါကဇူအင်ပါယာရဲ့ ငြိမ်းချမ်းနေမှုကို ပြိုကွဲစေဖို့ရည်ရွယ်တယ်ဆိုတာ ထင်ရှားပေသည်။
ဒါ့အပြင် ဝူနိုင်ငံက တော်ဝင်ဇူနိုင်ငံအပေါ် တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက်တစ်ခုရရှိသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်သာ ဇူချင်အနေနဲ့ ချီဘုရင်အပေါ်ကို ပွင့်ပွင့်လင်းလင်းနဲ့ အရေးမယူနိုင်ခြင်းဖြစ်သည်။ ဒီကိစ္စကို အကြောင်းပြုပြီးတော့ နှစ်ဘက်အဖွဲ့အစည်းကြား တိုက်ပွဲတစ်ခု ဖြစ်ပွါးလာနိုင်ပေသည်။
ထိုကိစ္စက တော်ဝင်ဇူကျောင်းတော်ထဲမှာ ဇူယွမ်နဲ့ ချီယွဲ့အကြားဆက်ဆံရေးကို အမှန်တကယ်ပဲ မီးတောက်မီးပွါးလေးတွေ ဖြစ်ပေါ်စေသည်။
ရှုလင်းက ဇူယွမ်ကိုမြင်တဲ့အခါ ပြန်လည်မတုံ့ပြန်ခဲ့ဘဲနဲ့ သူ့ရဲ့လှောင်ပြောင်တဲ့ အပြုံးတွေက တဖြည်းဖြည်းထင်ရှားလာခဲ့သည်။ ရှုလင်းကထပ်ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ ဆရာရဲ့တင်းမာခက်ထန်နေတဲ့အကြည့်က သူ့ဆီကိုရောက်လာခဲ့တဲ့အတွက် ရွေးချယ်စရာမရှိခဲ့ဘဲ ပါးစပ်ကိုသာ ပိတ်ထားလိုက်ရသည်။ သူသာဆက်ပြောနေမယ်ဆိုရင် တော်ဝင်ဇူကျောင်းတော်ကနေ နှင်ထုတ်ခြင်းခံရနိုင်ပြီး ဒါကသူ့အတွက် အရမ်းကိုကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားစေလိမ့်ပေမည်။
နှစ်ဖက်စလုံးက တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါ စာသင်ခန်းမထဲမှာ ဖြစ်ပေါ်နေတဲ့ ဖိအားတွေက တဖြည်းဖြည်း အရင်အတိုင်းပြန်ဖြစ်လာခဲ့သည်။ ဆရာကဆက်လက်ပြီးတော့ မူလမှော်စာလုံးသုံးခုထဲက ကျန်တဲ့နှစ်ခုကို အသေးစိတ်ရှင်းပြပြီးတဲ့အချိန်မှာပဲ ခေါင်းလောင်းသံကထွက်ပေါ်လာခဲ့သည်။
“ကောင်းပြီ… ငါဒီနေ့ ဒီမှာပဲနားလိုက်မယ်… ငါတို့မနက်ဖြန်မှ ဆက်ကြတာပေါ့…” ဆရာကသူ့ပစ္စည်းတွေကို သိမ်းဆည်းလိုက်ပြီး စာသင်ခန်းထဲကနေ ထွက်ခွာသွားခဲ့သည်။
ဆရာထွက်သွားတာနဲ့ စာသင်ခန်းထဲမှာဖြစ်ပေါ်နေတဲ့ ဖိအားကချက်ချင်းကို လျော့ပါးပျောက်ကွယ်သွားခဲ့သည်။ လူငယ်များစွာက အတူတကွ စုရုံးလိုက်ကြပြီး သူတို့ထံကနေ စကားသံတွေနဲ့ ရယ်မောသံတွေ ဆူညံစွာထွက်ပေါ်လာခဲ့သည်။
ဇူယွမ်က မမေ့မလျော့နဲ့ သူ့ရဲ့စားပွဲခုံကို ရှင်းလင်းလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။
“မင်းသားလေး…”
သူပစ္စည်းတွေ ရှင်းလင်းနေစဉ်မှာပဲ ရုတ်တရက် နူးညံ့သိမ်မွေ့တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ ဇူယွမ်ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့စားပွဲခုံရှေ့မှာ မိန်းခလေးတစ်ယောက် ပြုံးလျက် ရပ်နေတာကို တွေ့လိုက်ရသည်။
မိန်းခလေးက တော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိသည်။ ကျောင်းဝတ်စုံက သူမအတွက် အနည်းငယ်ကြီးနေသော်လည်း သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေက ကောင်းစွာဖွံ့ထွားနေတာကို တွေ့နိုင်ပေသည်။ ဘောင်းဘီအောက်နားကနေလည်း ရှည်လျားသေးသွယ်တဲ့ ခြေတံတစ်စုံက ထွက်ပေါ်နေလျက်ရှိသည်။
သူမရဲ့ လှပတဲ့အသားအရေ၊ ဖြောင့်စင်းတဲ့နှာတံ၊ ညီညာပြီးအချိုးအစားကျတဲ့မျက်ခုံးနဲ့ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးတွေနဲ့ သူမဟာ လှပတဲ့မိန်းခလေးတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။ ဒါ့အပြင် သူမရဲ့မျက်လုံးထောင့်မှာရှိတဲ့ မျက်ရည်စပုံစံ မွေးရာပါအမှတ် အသားကလည်း ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုကိုပေးလေသည်။
သူမရဲ့ နီရဲရဲနှုတ်ခမ်းသားလေးတွေက စေ့ပိတ်ထားလျက်ရှိသည်။ သူမကတန်ဖိုးမကြီးတဲ့ လက်ဝတ်ရတနာတွေပဲ ဝတ်ဆင်ထားသည့်တိုင်အောင် သူမပုံစံက အတော်အသင့်ပေါ်လွင်နေပေသည်။ ကျောနောက်ဘက်မှာ စုစည်းချည်နှောင်ထားတဲ့ သူမရဲ့ရှည်လျားတဲ့ ဆံပင်တွေကလည်း လှုပ်ရှားရမ်းခါနေလျက်ရှိသည်။
စာသင်ခန်းထဲမှာရှိတဲ့ များစွာသောလူငယ်လေးတွေရဲ့ အကြည့်က မတ်တပ်ရပ်နေတဲ့မိန်းခလေးဆီကို ပြောင်းလဲရောက်ရှိသွားခဲ့ကြသည်။
ဇူယွမ်က လှပတဲ့မိန်းခလေးကိုကြည့်လိုက်ပြီး သူ့ရဲ့တည်ငြိမ်တဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အိုး… ဒါက ယုဝေပဲ…”
မိန်းမငယ်လေးရဲ့ မိသားစုနာမည်က စုဖြစ်ပြီးတော့ သူမရဲ့နာမည်က ယုဝေဖြစ်လေသည်။
ဇူယွမ်ရဲ့ အကြည့်နဲ့ဆုံတဲ့အခါ စုယုဝေရဲ့ လှပတဲ့မျက်နှာလေးက အနည်းငယ်နီရဲသွားခဲ့သည်။ ချက်ချင်းပဲ သူမရဲ့အကြည့်တွေက ဇူယွမ်ရဲ့ စားပွဲပေါ်ကို ပြောင်းရွှေ့ရောက်ရှိသွားပြီး ဒူးထောက်ထိုင်ချလိုက်ကာ ပြောလိုက်သည်။ “မင်းသားလေး ငါနင့်ကိုကူပြီးသိမ်းပေးမယ်…”
ဇူယွမ်က မငြင်းပယ်ခဲ့ဘဲ ရယ်မောလိုက်မိသည်။ အဆုံးမှာတော့ သူတို့နှစ်ယောက်ကြားထဲမှာရှိတဲ့ ဆက်ဆံရေးက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။
မိန်းခလေးက ဇူယွမ့်ကိုကူညီပြီး သူ့စားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေကို စတင်သိမ်းဆည်းပေးခဲ့သည်။ ဒါကစာသင်ခန်းထဲမှာရှိတဲ့ လူငယ်လေးတွေရဲ့အကြည့်ကို ဆွဲယူသွားခဲ့သည်။ သူတို့တွေက ဇူယွမ်ကိုထွင်းဖောက်ထွက်မတတ် စိုက်ကြည့်မိလိုက်ကြပြီး သူတို့ရဲ့မျက်လုံးထဲ ကနေ မနာလိုမှုတွေ ထွက်ပေါ်လာခဲ့သည်။
“မင်းအဖိုးနေကောင်းသွားပီလား?” ဇူယွမ်က အလုပ်ရှုပ်နေတဲ့မိန်းခလေးကိုကြည့်လိုက်ပြီး သူ့မေးစေ့ကို လက်နဲ့ထောက်လိုက်ကာ မေးလိုက်သည်။
ဇူယွမ်ရဲ့ စကားကိုကြားလိုက်တဲ့အခါ စုယုဝေရဲ့လှပတဲ့ မျက်နှာလေးက ဖြည်းညှင်းစွာမော့လာခဲ့ပြီး သူမရဲ့မျက်လုံးရှေ့မှာကျနေတဲ့ ဆံနွယ်စလေးတွေကို လက်နဲ့ဆွဲယူလိုက်ကာ နောက်ကျောဘက်သို့ ပြန်ပို့လိုက်သည်။ မကြာမီမှာပဲ အပြုံးတစ်ခုကသူမမျက်နှာထက်မှာ ပေါ်ထွက်လာခဲ့သည်။
“သူလုံးဝနေကောင်းသွားပါပြီ…တကယ်လို့ မင်းသားလေးအားမယ်ဆိုရင် ဖိတ်ခေါ်ချင်တယ်လို့ အဖိုးကပြောတယ်…ဒါပေမဲ့ ငါတို့အိမ်က နည်းနည်းတော့ ဆင်းရဲတဲ့အတွက် ငါစိုးရွံ့မိတယ်…” ဇူယွမ်ကပြုံးပြီးပြန်ပြောလိုက်သည် “ကောင်းပြီး… နောက်ငါအားတဲ့ အချိန်ကျရင် သွားလိုက်မယ်…”
ဇူယွမ်က နည်းနည်းမှ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ပြောတာကိုကြားလိုက်ရတဲ့အခါ သူမရဲ့နီထွေးနေတဲ့ နှုတ်ခမ်းလေးတွေကို ညင်သာစွာ ကိုက်လိုက်မိသည်။ သူ့ကိုကြည့်လိုက်တဲ့ သူမရဲ့မျက်လုံးတွေထဲမှာ ကြည်နူးတဲ့အရိပ်အယောင်တွေ ဖြတ်ခနဲပေါ်ပေါက်လာပြီး သူတွေ့သွားမှာကို စိုးရွံ့စွာနဲ့ သူမရဲ့ခေါင်းကို အလျင်အမြန်ပဲ ငုံ့ချလိုက်မိသည်။
လွန်ခဲ့တဲ့တစ်နှစ်က သူမနဲ့ ဇူယွမ်စတင်တွေ့ဆုံခဲ့တဲ့ အချိန်ကိုခုထိတိုင် အမှတ်ရနေဆဲပင်။
အဲ့ဒီနေ့ရက်တွေက သူမအတွက် အရမ်းကိုစိတ်ပျက်အားငယ်စရာ အချိန်တစ်ခုဖြစ်ခဲ့ပေမဲ့လည်း တစ်ရက်မှာတော့ သူမရဲ့မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ရသည်။
အဲ့ဒီနေ့က သူမငယ်စဉ်ကတည်းက မှီခိုအားထားလာခဲ့ရတဲ့ သူမရဲ့အဖိုးဖြစ်သူဟာ သေစေနိုင်လောက်အောင် ဖျားနာခဲ့ရပြီး သူမရဲ့မိသားစုဟာ လုံးဝကိုပျက်စီးပြိုကွဲသွားခဲ့ရသည်။ သူမအနေနဲ့လည်း ရွေးချယ်စရာမရှိခဲ့ဘဲ သူမရဲ့အဖိုးကို သူမရဲ့ကျောပြင်သေးသေးလေး ပေါ်မှာတင်၍ သည်းသည်းမည်းမည်းရွာချနေတဲ့ မိုးရေထဲမှာ အကူအညီရှာဖွေခဲ့ရသည်။ သူမတို့မှာ ပိုက်ဆံမရှိတဲ့အတွက်ကြောင့် ဆေးခန်းတစ်ခုရှေ့မှာ ဒူးထောက်ကာ သူမအဖိုးကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဆရာဝန်ကို ငိုကြွေးတောင်းပန်ခဲ့ရသည်။
ရွံ့တွေ ရေတွေနဲ့ ရွှဲရွှဲစိုနေတဲ့ သူမနောက်ကျောဘက်ရဲ့အမြင်က အရမ်းကို သနားစရာကောင်းလှသည်။
ဒါပေမဲ့လည်း ဆေးခန်းတိုင်းရဲ့ တံခါးတွေက အေးစက်စွာပိတ်ထားလျက်ပင်ရှိနေကြဆဲဖြစ်သည်။ သည်းသည်းမဲမဲရွာချနေတဲ့ မိုးရေထဲမှာ ကောင်းကင်ကြီးတစ်ခုလုံးက မှောင်မဲတိတ်ဆိတ်နေပြီး သူမရဲ့နှလုံးသားကလည်း ရေခဲလိုအေးစက်လာခဲ့သည်။
သူမရဲ့ တစ်ကိုယ်လုံးက လေးလံထုံထိုင်းနေခဲ့ကာ တစ်စုံတစ်ယောက်က သူမဘေးကို လျှောက်လှမ်းလာတာကို ခံစားလိုက်ရပြီး သူမရဲ့လက်ထဲကို ထီးတစ်ချောင်းရောက်ရှိလာခဲ့သည်။ အဲ့ဒီနောက် ထိုလူကသူမရဲ့အကြည့်ကို အာရုံမစိုက်ဘဲ ရှေ့ကိုလျှောက်သွားလိုက်ပြီး တင်းကျပ်စွာ ပိတ်ထားတဲ့ ဆေးခန်းတံခါးကို ပြင်းပြင်းထန်ထန်ဆောင့်ကန်လိုက်သည်။
တစ်ချိန်တည်းမှာပဲ အေးစက်စက်အသံတစ်ခုကလည်း ထွက်ပေါ်လာခဲ့သည်။
“တံခါးဖွင့်ပြီးတော့ ဒီလူကို ကယ်ပေးစမ်း!”
ဆေးခန်းရဲ့တံခါးကို ကန်ပြီးဖွင့်လိုက်တဲ့သူက ဇူယွမ်ပဲဖြစ်သည်။ အဲ့ဒီနောက်မှာ စုယုဝေက သူ့ရဲ့နောက်ကျောကို လှမ်းကြည့်လိုက်သည်။ အရင်တုန်းက သူမဟာ ချမ်းသာတဲ့မိသားစုက လူငယ်တွေ အရမ်းမုန်းတီးမိခဲ့သော်လည်း ခုချိန်မှာတော့ ဒီကြီးမားတဲ့တံခါးတွေကို ဆောင့်ကန်ပြီးဖွင့်ခဲ့တဲ့ လူငယ်လေးရဲ့နောက်ကျောကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးဆိုတာ သူမသိလေသည်။
အဲ့ဒီနေ့ကစပြီး သူမက ဇူယွမ်ရဲ့အကြောင်းကို လေ့လာစုံစမ်းခဲ့သည်။ နောက်ပိုင်းမှာတော့ သူဟာ ဇူအင်ပါယာရဲ့ တော်ဝင်မင်းသားလေးဆိုတာကို သိရှိခဲ့ရသည်။
နောက်ပိုင်းမှာ ဇူယွမ်ကသူမဆီမှာ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းဖို့အတွက် အရည်အချင်းရှိတာကို ရှာတွေခဲ့ပြီး သူမကို တော်ဝင်ဇူကျောင်းတော်မှာ တက်ရောက်ဖို့ အတွက် အကြံပေးခဲ့သည်။ ဒါက သူမအတွက် ခမ်းနားကြီးကျယ်လှတဲ့ ပြောင်းလဲမှုတစ်ခုကို စတင်စေခဲ့ခြင်းပင်ဖြစ်သည်။
သူမတော်ဝင်ဇူကျောင်းတော်ကို ဝင်ရောက်လာပြီး တစ်လအတွင်းမှာပဲ ပထမဆုံးစွမ်းအင် ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ခဲ့ကာ တော်ဝင်ဇူကျောင်းတော်ရဲ့ သမိုင်းတစ်လျှောက် အမြန်ဆုံး စွမ်းအင်ဝင်ပေါက် ဖွင့်နိုင်တဲ့သူဖြစ်လာခဲ့သည်။ ဒါ့ကြောင့်ပဲ တော်ဝင်ဇူကျောင်းတော်က လူတိုင်းက သူမကိုပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။
အရင်က ဘယ်သူကမှ သူမကိုသတိမထားမိခဲ့ပေမဲ့လည်း ဒီလိုရုတ်တရက် ပြောင်းလဲသွားမှုက စုယုဝေအတွက်တော့ ပုံမှန်မဟုတ်ဘဲ လူအများရဲ့ အာရုံစူးစိုက်ခြင်းကို ခံခဲ့ရသည်။ ဒါ့အပြင် လူတွေက အချိန်တိုင်းလိုလို သူမနဲ့ ဇူယွမ်အကြားက ဆက်ဆံရေးကိုလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်တဲ့အထိကို ရှာဖွေစုံစမ်းခဲ့ကြသည်။ အချို့ဆိုရင် ဇူယွမ်က သူမကိုကူညီခဲ့တဲ့ အတွက်ကြောင့် သူမရဲ့နှလုံးသားကို ရပြီးသွားပြီလို့တောင် ကွယ်ရာမှာပြောဆိုနေကြတာတွေပင် ရှိကြပေသည်။
သို့ပေမယ့်လည်း စုယုဝေက အပြုံးနဲ့သာ ပြန်လည်တုံ့ပြန်ခဲ့သည်။ သူမ ဇူယွမ်နဲ့ ပထမဆုံးစတွေ့တဲ့အချိန်တုန်းက သူမဟာ အရမ်းကိုညစ်ပတ်ပေရေနေပြီး ပိန်လှီခြောက်ကပ်နေတဲ့ မိန်းမငယ်လေးတစ်ယောက်ဆိုတာကို သူမသာလျှင်အသိဆုံးဖြစ်ပေသည်။
သူမက သူ့ရဲ့စားပွဲပေါ်မှာ စာအုပ်တွေကို ကြီးမားတဲ့ ပိရမစ်ပုံစံလို မြင့်မားစွာထပ်ထားတာကို မြင်လိုက်ရတဲ့အခါ “ဟေး…မင်းငါ့ရဲ့ စာအုပ်တွေကို ဘယ်လောက်မြင့်အောင် ထပ်နေမှာလဲ?” ဇူယွမ်တစ်ယောက် အားကိုးရာမဲ့စွာနဲ့ စုယုဝေကိုကြည့်လိုက်မိသည်။
“အာ…” စုယုဝေတစ်ယောက် အတွေးကမ္ဘာထဲမှာ နစ်မျောလျက်ရှိနေရာ ဇူယွမ်ရဲ့ အသံကြား လိုက်တဲ့အချိန်မှ စားပွဲပေါ်က စာအုပ်ပုံကို မြင်လိုက်မိသည်။ သူမရဲ့မျက်နှာလေးက အနီရောင် ပြောင်းသွားပြီး စာအုပ်ပုံကို အလျင်အမြန်ဖြိုချခဲ့လိုက်သည်။
“တောင်းပန်ပါတယ် မင်းသားလေး… ငါဒါကို ပြန်လုပ်လိုက်မယ်…”
သူမရဲ့လက်ရှိဖြစ်နေတဲ့ပုံစံက အရမ်းကိုချစ်စရာကောင်းနေခဲ့ပြီး အကြည့်ပေါင်းများစွာက ဇူယွမ်တစ်ယောက် ဒေါသထွက်သွားမှာကို စိုးရိမ်စွာနဲ့ ကြည့်လိုက်မိသည်။ အကယ်၍ ဇူယွမ်ကသာ မင်းသားလေးတစ်ပါး မဟုတ်ဘူးဆိုရင် သူတို့ရဲ့ နတ်ဘုရားမလေးကို ကယ်တင် ဖို့ အလျင်အမြန်ပြေးထွက်သွားမိကြပေလိမ့်မည်။
သူတို့ရဲ့ အကြည့်တွေကိုခံစားမိလိုက်ရပြီးနောက် ဇူယွမ်တစ်ယောက် ခေါင်းကိုခါရမ်းလိုက်ရင်း တိုးညှင်းစွာပြောလိုက်သည်။ “အခု မင်းကအရမ်းကိုလှလာတဲ့အတွက် ငါမင်းကိုခိုင်းဖို့တောင်မှ မဝံ့ရဲတော့ဘူး…”
စုယုဝေတစ်ယောက် ဒါကိုကြားလိုက်ရတဲ့အခါ နူးညံ့စွာရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အရင်တုန်းက ငါ့ရဲ့မျက်နှာမှာ ရွှံ့ရေတွေပေကျံနေခဲ့တဲ့အတွက် ငါကနည်းနည်းရုပ်ဆိုးနေခဲ့တာ…”
ဇူယွမ်က အကြည့်နဲ့သာ ပြန်တုံ့ပြန်နိုင်ခဲ့သည်။
“အိုး…ဒါကအမှန်ပဲ…” ဇူယွမ် စားပွဲကိုညွှန်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။ “ဒါနဲ့ မင်း စွမ်းအင်ဝင်ပေါက် ဘယ်နှခုထိဖွင့်နိုင်ခဲ့ပြီလဲ?”
ခုလိုမေးလာလိမ့်မယ်လို့ ထင်မှတ်မထားခဲ့တဲ့အတွက် စုယုဝေ အနည်းငယ်တော့အံ့အားသင့်သွားခဲ့ရသည်။ သူမကပြန်မဖြေမီမှာ ဇူယွမ်ကိုတစ်ချက်ကြည့်လိုက်ပြီး “ငါ တတိယမြောက် စွမ်းအင်ဝင်ပေါက် ပွင့်ပြီးသွားပြီ…”
သူမအနေနဲ့ ဇူယွမ့်မှာ မသိနိုင်တဲ့အကြောင်းပြချက်တစ်ခုကြောင့် စွမ်းအင်ဝင်ပေါက်တွေ ဖွင့်လှစ်နိုင်ခြင်းမရှိသလို ကျင့်ကြံခြင်းလမ်းကြောင်းကို မလျှောက်လှမ်းနိုင်ကြောင်း သိထားခဲ့သည်။ ဒါ့ကြောင့်မို့လည်း သူမတို့နှစ်ယောက်အတူရှိနေခဲ့တဲ့ အချိန်မှာ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းအကြောင်း စကားတစ်ခွန်းမှမဟခဲ့သလို သူမရဲ့လက်ရှိအခြေအနေကိုလည်း ထုတ်ပြောခဲ့ခြင်းမရှိခဲ့ပေ။ သူမက ဒီကိစ္စအတွက်နဲ့ ဇူယွမ်တစ်ယောက် စိတ်ပျက်ဝမ်းနည်းသွားမှာကို စိုးရိမ်နေခဲ့သည်။
“သုံးခုတောင် ပွင့်သွားခဲ့ပြီပေါ့… ဒီအတိုင်းသာဆိုရင် နောက်တစ်နှစ် နှစ်နှစ်အတွင်းမှာ စွမ်းအင်ဝင်ပေါက် ၈ ခုလုံး ဖွင့်နိုင်လိမ့်မယ်…” ဇူယွမ် လေးစားအားကျစွာနဲ့ သက်ပြင်းချလိုက်မိသည်။ ကျင့်ကြံခြင်းလမ်းကြောင်းမှာ စုယုဝေရဲ့ အရည်အချင်းက အရမ်းကိုပဲ ထူးချွန်လေသည်။ အခြားသူတွေ နှစ်ပေါင်းများစွာ ကျင့်ကြံလေ့လာခဲ့ပြီးမှ အောင်မြင်ခဲ့တဲ့အရာကို သူမက နှစ်အနည်းငယ်အတွင်းမှာပဲ အောင်မြင်ခဲ့သည်။
ဒီဟာက သူ့ကိုကျေနပ်ပျော်ရွှင်စေသည်။ သူကမရည်ရွယ်ဘဲနဲ့ ရတနာတစ်ခုကို ကောက်ရခဲ့တာပဲ။
“ဒီနှစ်အတွက် ကျောင်းသားသစ်တွေရဲ့ စာမေးပွဲက နှစ်လကျော်လောက်လိုသေးတယ်… လေးခုမြောက်ဝင်ပေါက်ကို ဖွင့်နိုင်အောင်ကြိုးစားလေ့ကျင့်ပြီးတော့ ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်နိုင်အောင်လုပ်… မင်းကျောင်းဝင်ခွင့်ကတ်ပြား ရဖို့အတွက်ကို ငါအပေးအယူတစ်ခု ပြုလုပ်ခဲ့ရတယ်… တကယ်လို့သာ ထိပ်ဆုံးဆယ်ယောက်ထဲကို မင်းဝင်နိုင်ခဲ့မယ်ဆိုရင် ကျောင်းအုပ်ကြီးနဲ့ အခြားအကြီးအကဲတွေကိုယ်တိုင် သင်ကြားလမ်းညွှန်မှုကို ရလိမ့်မယ်… ဒါကမင်းအတွက် အရမ်းကို အကျိုးရှိတယ်…” ဇူယွမ်ကပြောလိုက်သည်။
သူမရဲ့ သေးသွယ်တဲ့ လက်ကလေးတွေက ရုတ်တရက်တောင့်တင်းသွားခဲ့ပြီး ရှင်းလင်းနေတဲ့ စားပွဲခုံပေါ်ကို လက်ထောက်လိုက်ရင်း ခေါင်းကိုငုံ့၍ ဇူယွမ်ရဲ့မျက်နှာကို စိုးရွံ့စွာကြည့်လိုက်မိ သည်။
“ဘာဖြစ်လို့လဲ?” သူမရဲ့ပြောင်းလဲသွားမှုက ဇူယွမ်ကို ပဟေဠိဖြစ်သွားစေသည်။ စုယုဝေက ခေါင်းကိုငုံ့ချလိုက်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။ “ငါ…ငါ့မှာ ဝင်ပြိုင်ဖို့ကတ်ပြား မရှိဘူး…”
ဇူယွမ်တုန်လှုပ်သွားခဲ့ရသည်။ တစ်ခဏအတွင်းမှာပဲ သူ့ရဲ့မျက်ခုံးတွေက တွန့်ကွေးသွားခဲ့ပြီး မေးလိုက်သည် “ဘာတွေဖြစ်ခဲ့တာလဲ?”
သူ့ရဲ့လေသံက တင်းမာခက်ထန်နေခြင်းမရှိသည့်တိုင်အောင် စုယုဝေရဲ့နှလုံးခုန်သံက အနည်းငယ် မြန်ဆန်သွားခဲ့ရသည်။ သူမရဲ့ပုလဲလိုဖြူဝင်းနေတဲ့သွားလေးတွေနဲ့သာ နှုတ်ခမ်းကိုကိုက် ထားမိလိုက်ကာ အချိန်အတော်ကြာအောင် စကားပြန်မပြောနိုင်ဘဲ ရှိနေသည်။ အဲ့ဒီအစား သူမရဲ့ဘေးမှာရှိနေတဲ့ မိန်းခလေးတစ်ယောက်က ဝင်ပြောလိုက်သည်။ “ဘယ်သူရှိမှာလဲ ရှုလင်းပေါ့… ပြီးခဲ့တဲ့ရက်က သူကကျောင်းထဲမှာ နင်နဲ့ပတ်သက်ပြီး ကောလဟာတွေ ဖြန့်ခဲ့တယ်… ဒါ့ကြောင့်ပဲသူနဲ့ ယုဝေတို့ စကားများခဲ့ကြပြီးတော့ သူ့ကိုပြန်တောင်းပန်ခိုင်းခဲ့တယ်… သူက ယုဝေသာသူ့ကိုပြိုင်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပြန်တောင်းပန်မယ်လို့ ပြောခဲ့တယ်… တကယ်လို့သူမရှုံးသွားရင် သူမရဲ့ကျောင်းသားသစ်စာမေးပွဲ ဝင်ပြိုင်ဖို့ကတ်ပြား သူ့ကိုပေးရမယ်လို့ ပြောခဲ့တယ်…”
ဇူယွမ်ရဲ့မျက်ခုံးတွေ တွန့်ကွေးသွားခဲ့ပြီး “အဲ့ဒီရှုလင်းက စွမ်းအင်ဝင်ပေါက်နှစ်ခုပဲ ဖွင့်နိုင်သေးတယ်…သူကယုဝေကို အနိုင်မရခဲ့ဘူး… ဟုတ်တယ်မလား?”
မိန်းခလေးက သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်။ “ယုဝေက မကြာခင်ကပဲ တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့တယ်… ရှုလင်းက လုံးဝကို အရှက်မရှိဘူး… သူကမူလလက်နက်အကူအညီနဲ့ ယုဝေကိုအနိုင်ယူဖို့ ကြံစည်ခဲ့တယ်…”
ဇူယွမ်ရဲ့ပုံစံက ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့သည်။ သူကခေါင်းငုံ့ ထားတဲ့ စုယုဝေကိုကြည့်ပြီး ဆူလိုက်သည်။ “ဘာလို့ငါ့ကို စောစောကမပြောခဲ့တာလဲ?”
စုယုဝေရဲ့လက်တွေက တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက်ရှိပြီး တိုးညှင်းစွာပြောလိုက်သည်။ “ကျွန်မရဲ့ အသုံးမကျမှုကြောင့် မင်းသားလေးကို အခက်အခဲတွေ ပိုပြီးမဖြစ်စေချင်ဘူး…”
ဇူယွမ်တစ်ယောက် သူမရဲ့ပုံစံကို ကြည့်ပြီးအနည်းငယ် ဝမ်းနည်းသွားခဲ့ရသည်။ ဒီခေါင်းမာတဲ့ မိန်းခလေးက တကယ်ပဲ သူ့ကိုခေါင်းကိုက်စေသည်။ အဲ့ဒီနောက်မှာ သူ့ရဲ့အေးစက်တဲ့အကြည့်တွေက စာသင်ခန်းထဲမှာ ပြုံးလျက်စောင့်ကြည့်နေတဲ့ ရှုလင်းဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ သည်။
“မိန်းခလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ ထောင်ချောက်ဆင်ခဲ့တယ်… မင်းရဲ့နည်းလမ်းက တကယ်ကို လေးစားစရာပဲ…ဟက်?” ဇူယွမ်ကအထင်သေးစွာနဲ့ ပြောလိုက်သည်။ ဒီလူက စုယုဝေရဲ့လက်ထဲမှာရှိတဲ့ ကျောင်းသားသစ်စာမေးပွဲ ဝင်ခွင့်ကတ်ပြားပေါ်ကို မျက်စိကျနေခဲ့သည်။ ဒါကြောင့်ပဲ ဒီဟာကိုလောင်းကြေးအဖြစ်ထားဖို့ သူမကိုရည်ရွယ်ချက်ရှိရှိ တိုက်တွန်းခဲ့ သည်။ ရှုလင်းက ပျင်းရိငြီးငွေ့စွာနဲ့ ပြန်ပြောလိုက်သည်။ “မင်းသားလေး ဘာအကြောင်းပြော နေတာလဲဆိုတာကို ငါမသိဘူး… အဲ့ဒီတုန်းက ငါဟာအနိုင်ရဖို့အတွက် ကိုယ်ပိုင်စွမ်းအားကိုပဲ အသုံးပြုခဲ့တယ်ဆိုတာကို လူတိုင်းတွေ့တယ်… အဲ့ဒီအတွက် မင်းသားလေးကိုယ်တိုင်မေးရင်တောင် ငါကပြန်ပြောလိမ့်မှာမဟုတ်ဘူး…”
“မင်းအဲ့ဒါကို လောင်းကြေးအဖြစ်ထားပြီး နောက်တစ်ပွဲ ထပ်တိုက်ရဲလား?” ဇူယွမ်အေးစက်စွာ ပြောလိုက်သည်။
ရှုလင်းက ရယ်မောလိုက်ပြီး “စိတ်မဝင်စားဘူး…”
ပြီးခဲ့တဲ့တိုက်ပွဲတုန်းက ကံနည်းနည်းကောင်းခဲ့၍သာ သူအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် ခုချိန်မှာ စုယုဝေက တတိယမြောက်စွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့တဲ့အတွက် သူကသူမ ပြိုင်ဘက်မဟုတ်တော့ပါဘူး။ ဇူယွမ်က ရှုလင်းကို ရေခဲတမျှအေးစက်တဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး “ငါပြောတာ မင်းနဲ့ယုဝေတိုက်ဖို့မဟုတ်ဘူး… မင်းနဲ့ငါနဲ့တိုက်ဖို့ကိုပြောနေတာ…”
ပြောပြီးတာနဲ့ သူကကျောက်စိမ်းဆွဲပြားတစ်ခုကိုထုတ်လိုက်ပြီး စားပွဲခုံပေါ်တင်လိုက်လေသည်။ “တကယ်လို့ မင်းနိုင်ရင် ဒီမူလစုစည်းခြင်းကျောက်စိမ်းက မင်းဥစ္စာပဲ…”
စာသင်ခန်းထဲမှာ ပင့်သက်ရှိုက်သံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး အကြည့်များစွာက ကျောက်စိမ်းဆွဲပြားကို လိုချင်တပ်မက်စွာ ကြည့်လိုက်မိကြသည်။ ဒီမူလစုစည်းခြင်းကျောက်စိမ်းက ကျင့်ကြံခြင်းအတွက် အရမ်းကိုအကျိုးရှိပေသည်။ တကယ်လို့သာ ဒါကိုအချိန်ကြာ မြင့်စွာ ဝတ်ဆင်ထားခဲ့မယ်ဆိုရင် လူတစ်ယောက်အတွက် စွမ်းအင်ဝင်ပေါက် ၈ ခုကိုဖွင့်နိုင်တဲ့နှုန်းက မယုံကြည်နိုင်လောက်အောင်ကို မြင့်တက်သွားလိမ့်ပေမည်။ ဒါကအမှန်တကယ်ကိုပဲ ဈေးကြီးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်းတစ်ခုဖြစ်သည်။
“မင်းသားလေး!” စုယုဝေက လျှင်မြန်စွာပဲ သတိပေးလိုက်သည်။
ဒါက မူလစုစည်းခြင်းကျောက်စိမ်း မဟုတ်ပေဘူးလား။ ဇူယွမ်ကဘာလို့ ရှုလင်းနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ချင်နေရတာလဲ။ ဇူယွမ်လို စွမ်းအင်ဝင်ပေါက်တစ်ခုမှ မဖွင့်နိုင်သေးတဲ့သူက စွမ်းအင်ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်တဲ့ ရှုလင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ?
ဇူယွမ်က စုယုဝေကို လက်ခါပြလိုက်သည်။ သူကကျောက်စိမ်းဆွဲပြားကို ကစားလိုက်ပြီး ရှုလင်းကို လှောင်ပြောင်တဲ့ အမူအယာဖြင့်ပြုံးပြလိုက်သည်။
“မင်းမှာ အခုချက်ချင်းတိုက်ဖို့ သတ္တိရှိလား?”
ရှုလင်းရဲ့ မျက်လုံးထဲမှာ လိုချင်ဆန္ဒတွေနဲ့ တောက်လောင်နေခဲ့ပြီး မူလစုစည်းခြင်း ကျောက်စိမ်းကို စိုက်ကြည့်လိုက်ကာ သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။ သူကဇူယွမ့်ကိုကြည့်ကာ အေးစက်စွာရယ်မောပြီး ပြောလိုက်သည်။ “မင်းသားလေးကငါ့ကို ဒီမူလစုစည်းခြင်းကျောက်စိမ်း လက်ဆောင်ပေးချင်နေမှတော့ ငါကဒါကိုငြင်းလိုက်ရင် ရိုင်းရာကျသွားမှာပေါ့…”
“ဒါပေမယ့်လည်း ခြေတွေလက်တွေမှာ မျက်စိမပါဘူးလို့ ပြောကြတယ်… ဒါ့ကြောင့်တကယ်လို့ မင်းသားလေးသာဒဏ်ရာရသွားခဲ့ရင် ငါ့ကိုကျေးဇူးပြုပြီးတော့ အပြစ်မတင်ပါနဲ့…”
ဇူယွမ်ရဲ့ပုံစံကိုကြည့်ပြီး ရှုလင်းကဝေခွဲမရ ဖြစ်နေပေမဲ့လည်း သူ့လိုစွမ်းအင်ဝင်ပေါက်နှစ်ခု ဖွင့်ထားနိုင်တဲ့သူက စွမ်းအင်ဝင်ပေါက်တစ်ခုတောင်ဖွင့်နိုင်ခြင်းမရှိသေးတဲ့သူကို ရှုံးနိမ့်အောင် မပြုလုပ်နိုင်ဘူးလို့ မယုံကြည်ပါဘူး…”
ဇူယွမ်က ရှုလင်းရဲ့စကားကို ပြန်လည်မချေပခဲ့ဘဲ ဆက်ပြောလိုက်သည်။ “မင်းမှာ မင်းပြောသလို စွမ်းရည်ရှိပါစေလို့ ငါမျှော်လင့်တယ်…”
ရှုလင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဇူယွမ်လျှာစောင်းထက်တာကို ယုံကြည်လိုက်မိသည်။
ရှုလင်းက သူ့ရဲ့အင်္ကျီလက်ကို ခါရမ်းလိုက်ကာ သဘောကျစွာနဲ့ရယ်မောလိုက်ရင်း ခန်းမထဲကနေ လမ်းလျှောက်ထွက်ခွာသွားခဲ့သလို လှောင်ပြောင်ရယ်မောတဲ့အသံတွေကလည်း အပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
“ကောင်းပြီ… ငါ မင်းသားလေးကို လေ့ကျင့်ရေးကွင်းမှာ စောင့်နေမယ်… မင်းသားလေးအနေနဲ့ ကျောင်းသားသစ်စာမေးပွဲဝင်ခွင့်ကတ်ကို ဘယ်လိုပြန်ယူမလဲဆိုတာကို ငါတကယ်ကိုတွေ့ချင်မိတယ်…”
စာစဥ် (၁) အပိုင်း (၃)
စုယုဝေ
? Views, on September 22, 2022