ထိုမြည်းလေးမှာ တစ်ညလုံး ပြန်မလာခဲ့ပေ…
ဝမ်ပေါင်လဲ့မှာလည်း အလောတကြီးဖြစ်မနေခဲ့ချေ။ သူသည် ထိုမြည်းလေး၏ တည်နေရာအား အာရုံခံနိုင်စွမ်း မရှိသည့်တိုင်အောင် ၎င်းမှာ အသက်ရှင်လျက် ရှိနေဆဲဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ၎င်းအား စောင့်ဆိုင်းနေရင်း လေ့ကျင့်နေခဲ့၏။ သူသည် သုံးရက်တိတိ ထပ်စောင့်မည်ဖြစ်သည်။ အကယ်၍ ထိုအချိန်အထိ ထိုမြည်းလေး ပြန်ရောက်မလာခဲ့ပါက သူသည် ၎င်း၏ ပါးစပ်အား ပိတ်ပစ်ရန် အမိန့်ပေးလိုက်မည်သာဖြစ်သည်။
ထို မြည်းလေးမှာ ထိုအန္တရာယ်ကြီးကို အာရုံခံမိသွားခဲ့သောကြောင့်လားတော့ မသိပေ။ သုံးရက်မြောက်နေ့၏ ညဉ့်နက်ချိန်တွင် ၎င်းမှာ တိတ်တိတ်ကလေး ပြန်ရောက်လာခဲ့၏။ ၎င်းမှာ ပါးစပ်ထဲတွင် ဆေးပုလင်းတစ်ပုလင်းကို ကိုက်၍ အိမ်ရာဆီသို့ ပြေးလာနေခြင်း ဖြစ်သည်။ ထို့နောက် အိမ်ထဲသို့ ရောက်လာသည်နှင့် ဆေးပုလင်းကို ပါးစပ်ထဲမှ လွှတ်ချလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ လှမ်းကန်ပေးလိုက်သည်။ ၎င်း၏ မျက်နှာအမူအရာမှာ မိဘအား ချွဲနေသည့် သားလိမ္မာလေးတစ်ယောက်၏ မျက်နှာအမူအရာကဲ့သို့ ဖြစ်နေ၏။
သို့သော် ထိုကဲ့သို့ ဟန်ဆောင်နေသည့်တိုင်အောင် အချည်းနှီးပင်။ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် ထိုမြည်းလေးအား လှမ်းဖမ်းလိုက်ပြီး ရိုက်နှက်ဆုံးမလိုက်၏။ ထို့ကြောင့် ထိုမြည်းလေးမှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းနေတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ၎င်းအား ဒေါသတကြီးနှင့် နောက်ဆုံးအကြိမ်အဖြစ် ကန်ကျောက်လိုက်၏။
” သုံးရက်လောက် အရိုက်မခံရတာနဲ့ အိမ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်ပေါ့။ မင်းက ငတုံးလားကွ။ ကိစ္စဝိစ္စတွေပြီးရင် နှုတ်ပိတ်ရတဲ့ အလုပ် ရှိသေးတယ်ဆိုတာ မင်း မသိဘူးလားကွ။ တုံးလိုက်တဲ့ မြည်းကွာ။ ကိုယ့်အရှုပ်ထုပ်တွေကို ရှင်းတတ်အောင် လုပ်ထားစမ်း ”
ဝမ်ပေါင်လဲ့မှာ ပြောစကားနားမထောင်သည့်တပည့်ကြောင့် အမျက်ချောင်းချောင်းထွက်နေသည့် ဆရာတစ်ယောက်ကဲ့သို့ ထိုမြည်းလေးအားကြည့်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကန်ကျောက်လိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ ထိုမြည်းလေးမှာ အော်ဟစ်မြည်တမ်းခြင်း မရှိပေ။ ခဏအကြာတွင် ၎င်း၏ မျက်နှာအမူအရာမှာ ပြန်လည်တည်ကြည်သွား၏။ ဝမ်ပေါင်လဲ့၏ စကားများမှာ မှန်ကန်သည်ဟု သူက မှတ်ယူထားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ စစ်တပ်စခန်း ရှိရာဘက်သို့ လှည့်ကာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်ရင်း နှာမှုတ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့ကမူ မြည်းလေးကြောင့် ထပ်၍ စိတ်ရှုပ်မခံလိုတော့ပေ။ ထို့ကြောင့် သူသည် ၎င်းအား နောက်ထပ်တစ်ကြိမ် ထပ်၍ ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် ဆေးပုလင်းကို ကောက်ယူကာ ဖွင့်လိုက်၏။ ထိုပုလင်းထဲရှိ ဆေးလုံးများမှာ မည်သည့်ဆေးလုံးများဖြစ်ကြောင်းကို သူက မသိပါသော်လည်း ၎င်းတို့၏ ရနံ့မှာ သာမန်ပင် ဖြစ်သည်။ မြည်းလေးမှာ ၎င်းအား တစ်နေရာရာတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် သူသည် နှာမှုတ်ကာ ထိုဆေးပုလင်းကို သိမ်းဆည်းလိုက်ပြီး မြည်းလေးအား နောက်ထပ်တစ်ကြိမ်ထက်၍ ကြိမ်းမောင်းလိုက်ပြန်သည်။
” မင်း သောင်းကျန်းချင်ရင် အရင်ဆုံး ပါးနပ်မှုရှိအောင်လုပ်။ ဒီလို ထပ်လုပ်မယ်ဆိုရင်တော့ ငါ မင်းကို ညစာလုပ်ပစ်မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆူလိုက်ပြီးနောက် ပခုံးတွန့်လိုက်၏။ သူ၏ဒေါသများမှာ ပြေပျောက်သွားပြီ ဖြစ်သောကြောင့် သူသည် တရားပြန်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။ မြည်းလေးမှာ စောစောတုန်းက ဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်မြည်တမ်းနေခဲ့ပါသော်လည်း ၎င်းမှာ သားရဲတစ်ကောင် ဖြစ်နေဆဲပင် မဟုတ်ပါလော။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားခဲ့ပြီဖြစ်သလို ၎င်း၏ အပြင်ခန္ဓာကိုယ်မှာလည်း ပိုမိုသန်မာလာပြီဖြစ်သည်။ ထို့ကြောင့် စောစောတုန်းက ၎င်းမှာ ဟန်ဆောင်၍ အော်ဟစ်မြည်တမ်းခဲ့ခြင်းသာ ဖြစ်ရပေမည်။
မြည်းလေးမှာ ဝမ်ပေါင်လဲ့က သူ့အား လျစ်လျူရှုလိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရသောအခါ ကျွမ်းပစ်၍ မတ်တတ်ပြန်ထလာ၏။ ၎င်းမှာ နှိပ်စက်ညှဥ်းပန်းခံထားရသည့်ပုံ လုံးဝမပေါ်ပေ။ ၎င်းမှာ ထိုကဲ့သို့သော ရိုက်နှက်ကန်ကျောက်မှုများကို ကျင့်သားရနေသောကြောင့် နာကျင်မှုအနည်းငယ်လေးကိုပင် မခံစားရတော့သည့်ပုံပင်။ သို့သော် ၎င်း၏ မျက်ဝန်းများထဲတွင်မူ တွေးတောသုံးသပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။ ၎င်းမှာ ၎င်း၏ ကြံရာပါးအား နှုတ်ပိတ်ပစ်ရန် သင့်မသင့် တွေးတောကြံစည်နေသည့် အမူအရာဖြင့် စစ်တပ်စခန်း ရှိရာဘက်သို့ ထပ်ကြည့်နေလိုက်တော့သည်…
ထိုအကြံမှာ ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း အကောင်အထည်ဖော်ရန် ထင်သလောက် လွယ်မည်မဟုတ်ပေ။ မြည်းလေးမှာ တုံး,အပါသော်လည်း မိမိ၏အသက်ကို တန်ဖိုးထားတတ်သည့် မွေးရာပါအသိစိတ်ကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် သူသည် ထိုကဲ့သို့သာ နှုတ်ပိတ်လိုက်မည်ဆိုပါက ပြဿနာများနှင့် ထပ်ကြုံရမည်ဖြစ်ပြီး အသက်လု၍ ထွက်ပြေးရမည်သာဖြစ်ကြောင်း နားလည်ထား၏။ သို့ဖြစ်၍ ၎င်းမှာ သက်ပြင်းချကာ နှာမှုတ်လိုက်ပြီး ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်တော့သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ ကိစ္စဝိစ္စများပြီးလျှင် ကြံရာပါများအား နှုတ်ပိတ်ပစ်သင့်ကြောင်း မှတ်သားထားလိုက်တော့သည်။
ထိုမြည်းလေးမှာ ထိုကဲ့သို့ တွေးတောရင်း ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ ၎င်း၏ မျက်ဝန်းများထဲတွင် လူ့စိတ်ခံစားမှု အရိပ်အယောင်အချို့ပင် ထင်ဟပ်လာ၏။ ၎င်းမှာ လေးစားကြည်ညိုနေသည့် အရိပ်အယောင်များပင် ဖြစ်သည်။
၎င်း၏ သခင်ဖြစ်သူမှာ အမှန်တကယ်ပင် အံ့ဖွယ်လူသားတစ်ယောက် ဖြစ်ကြောင်း ၎င်းက မှတ်ယူလိုက်၏။ သူသည် ၎င်းအား အရေးပါအရာရောက်သည့် သင်ခန်းစာများကို သင်ကြားပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။ ထိုမြည်းလေးမှာ သူပြောခဲ့သည့်အတိုင်း ငြိမ်ခံမနေဘဲ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် မြည်းဖြူလေးမှာ ၎င်းကိုမြင်တိုင်း ကြောက်ဒူးတုန်နေရပြီ ဖြစ်သည်။
မြည်းလေးမှာ ထိုကဲသို့နှလုံးသွင်းရင်း သူ့ကိုယ်သူ ကျေနပ်သွား၏။ ထိုသို့ဖြင့် ၎င်းမှာ ၎င်း၏ သခင်အား တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေရင်း အချိန်များကုန်ဆုံးသွားတော့သည်…
မျက်စိတစ်မှိတ်အတွင်းတွင် လဝက်တိတိ ကုန်ဆုံးသွား၏။ ထိုအတောအတွင်းတွင် မြည်းလေးမှာ ပို၍လိမ္မာလာခဲ့သည်။ ၎င်းမှာ မနက်ခင်းစောစောတွင် အိမ်ထဲမှ ထွက်ခွာသွားပြီး ညဉ့်နက်ချိန်မှ ပြန်ရောက်လာနေဆဲ ဖြစ်ပါသော်လည်း စစ်တပ်စခန်းဆီသို့ မသွားတော့သည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာလည်း ၎င်းအား မျက်ခြည်မပြတ် စောင့်ကြည့်ရန် မအားပေ။ သူသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များအား တီထွင်ဖန်တီးနေရသောကြောင့် အလုပ်ရှုပ်နေခဲ့သည်။ သူသည် ဒီဇိုင်းကို အပြီးအထိ ရေးဆွဲပြီးသွားပြီဖြစ်သည်။ ထိုရုပ်သေးရုပ်များအား အမြောက်အမြားထုတ်လုပ်ကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေရသောကြောင့် အချိန်ကြာနေခြင်းဖြစ်သည်။
ထို့အပြင် သူသည် အင်္ဂါဂြိုဟ်နယ်မြေအသစ်နှင့် ပတ်သတ်သော သတင်းများကိုလည်း နားစွင့်နေခဲ့၏။ သူ၏ အချိတ်အဆက်များစွာမှ ရရှိခဲ့သော သတင်းအချက်အလက်များအားလုံးကို စုပေါင်း၍ နောက်ဆုံးတွင် ထိုကိစ္စကြီးတစ်ခုလုံးကို ကောင်းကောင်းနားလည်သွား၏။ ထို့ကြောင့် သူသည် စိတ်လှုပ်တရှားနှင့် သူ၏ အောင်မြင်မှုရာခိုင်နှုန်းအား မြှင့်တင်နိုင်မည့် နည်းလမ်းများကို ကြံဆတွေးတောနေလိုက်တော့သည်။
သူသည် မြည်းလေးအား စိတ်ထဲပင် မထည့်ထားခဲ့ပေ။ ၎င်းမှာ စိတ်လွတ်လက်လွတ် လှည့်ပတ်သွားလာရင်း အစာများကို ကိုယ်တိုင်ရှာဖွေစားသောက်နေခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအတွက် မုန့်အများ ဝယ်နေစရာ မလိုတော့ပေ။
ထိုနှစ်ပတ်အတွင်းတွင် အင်္ဂါဂြိုဟ်နယ်မြေအသစ်တစ်ခု ဖန်တီးမည့် အစီအစဉ်များနှင့် ပတ်သတ်သော သတင်းများမှာ သတ်ဆိုင်ရာအသိုင်းအဝိုင်းများထဲတွင် ပျံ့နှံ့သွားခဲ့၏။ တစ်ချိန်ထဲမှာပင် ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစု အသီးသီးမှာလည်း လက်ဦးမှုရယူရန် ကြိုးပမ်းနေကြ၏။ သူတို့မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင်နေကြ၏။ နောက်ဆုံးတွင် လိုအပ်သည်များအားလုံးကို ပြင်ဆင်ပြီးသွားသောကြောင့် အင်္ဂါဂြိုဟ်အစိုးရက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်တော့သည်။
အင်္ဂါဂြိုဟ်ပေါ်တွင် မြို့တော်နယ်မြေအသစ်တစ်ခုကို တည်ဆောက်မည်ဖြစ်သည်။
ထိုမြို့တော်နယ်မြေအသစ်ကို လူသူကင်းမဲ့သည့် နယ်မြေကြီးတစ်ခုထဲရှိ သတ်မှတ်ထားသော နေရာတစ်ခုတွင် တည်ဆောက်မည်ဖြစ်သည်။ ၎င်းမှာ လက်ရှိ အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲရှိ မြို့တော်နယ်မြေတိုင်းထက် ပို၍ ကြီးမားနေမည်လည်း ဖြစ်သည်။ ကနဦးပိုင်း အစီအစဉ်များအရဆိုလျှင် ထို မြို့တော်နယ်မြေအသစ်၏ အရွယ်အစားမှာ လက်ရှိမြို့တော်ကြီးတစ်ခုလုံး၏ ဆယ်ပုံပုံ တစ်ပုံအထိ ရှိ၏။
ထို့ကြောင့် ၎င်းမှာ အကြီးစား လုပ်ငန်းကြီးတစ်ခု ဖြစ်ပေသည်။ ထိုမြို့တော်နယ်မြေအသစ်ထဲတွင် ပြည်ထောင်စုကြီး၏ ဖွဲ့စည်းပုံကိုလိုက်နာသော အစိုးရအဖွဲ့စည်းတစ်ခုကို တည်ထောင်ရန်လည်း လိုအပ်ပေသည်။ ထို မြို့တော်နယ်မြေအသစ်ကို တာဝန်ယူရမည့် ပုဂ္ဂိုလ်မှာ ပဏာမအဆင့်လေးအရာရှိတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ထို မြို့တော်နယ်မြေအသစ်အား တာဝန်ယူရမည့် မည်သူမဆို ပဏာမအဆင့်လေး ရာထူးသို့ ရာထူးတက်သွားမည်ဖြစ်သည်။
ပဏာမအဆင့်လေးအရာရှိဆိုသော ရာထူးမှာ တာအိုကျောင်းလေးကျောင်းရှိ အဆောင်အသီးသီးမှ မဟာအကြီးအကဲများနှင့် အဆင့်အတူတူပင် ဖြစ်သည်။ ထိုအဆင့်တွင် ရှိနေသော လူအများစုမှာ အမြုတေအဆင့်မှ လူများ ဖြစ်ကြသည်။ အခြေတည်အဆင့်တွင်သာ ရှိနေသောလူများလည်း ရှိပါသော်လည်း အနည်းငယ်မျှသာဖြစ်သည်။ ထိုအဆင့်တွင်ရှိသည့် လူတိုင်းမှာ ကြီးမားသော နိုင်ငံရေးသြဇာအာဏာများကို ပိုင်ဆိုင်ထားကြသည်သာဖြစ်သည်။
ပုံမှန် ရာထူးတိုးသည့် အမြန်နှုန်းအရဆိုလျှင် သူသည် ကြီးမားသောအောင်မြင်မှုများ ဆွတ်ခူးနိုင်လျှင်တောင် ဒုပဏာမအဆင့်လေးအရာရှိဘဝမှ ပဏာမအဆင့်လေးအရာရှိဘဝသို့ တက်လှမ်းနိုင်ရန် အချိန်အများကြီး ပေးရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေရန် လိုအပ်သေးသည်။
သို့သော် ယခုလို မြို့တော်နယ်မြေအသစ်တစ်ခု ဖန်တီးမည့်ကိစ္စမှာ သူ့အတွက် ကြီးမားသော အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။ သူသည် ထိုတာတာဝန်ကို ရရှိလိုက်သည်နှင့် သူ၏ ရာထူးမှာ တမဟုတ်ချင်း ထိုတက်သွားမည်သာဖြစ်သည်။ သူသည် ပဏာမအဆင့်လေး အရာရှိတစ်ယောက် ဖြစ်လာရုံသာမက မြို့တော်နယ်မြေတစ်ခုလုံးကိုပါ ထိန်းချုပ်ခွင့်ရသွားမည်ဖြစ်သည်။ သူသည် ထိုအနေအထားတွင် ပိုင်ဆိုင်နိုင်မည့် လုပ်ပိုင်ခွင့်အာဏာများအကြောင်းကို စိတ်ကူးယဥ်တွေးတောရင်း စိတ်လှုပ်ရှားလာတော့သည်။
သူသည် ထိုအတောအတွင်းတွင် သူ၏ အဆက်အသွယ်၊ အချိတ်အဆက်အသီးသီးဆီမှ သတင်းအချက်လက်များကို ရရှိခဲ့၏။ ထို့ကြောင့် သူသည် ထိုမြို့တော်နယ်မြေအသစ်ကြီးအား တည်ဆောက်ရသည့်အကြောင်းအရင်းကို ကောင်းကောင်းနားလည်ထားပြီဖြစ်ပြီး ၎င်းမှာ နတ်ဘုရားလက်နက်အား ဆက်လက်တူးဖော်ရာတွင် အဓိကသော့ချက်တစ်ခု ဖြစ်ကြောင်းကိုလည်း သိရှိထား၏။ ထို မြို့တော်နယ်မြေအား ထိန်းချုပ်ထားသူမှာ အနာဂတ်တွင် နတ်ဘုရားလက်နက်အား တူးဖော်ရာ၌ အသာစီးရကာ လက်ဦးမှု ရယူနိုင်မည်ဖြစ်သည်။
မည်သည့်နိုင်ငံရေးအင်အားစုကမှ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို လွန်ဆန်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့မှာ လူမသိသူမသိ တိတ်တိတ်ကလေးကြိတ်၍ ယှဉ်ပြိုင်နေကြပြီး လောဘမျက်လုံးများဖြင့် စောင့်ကြည့်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုယှဉ်ပြိုင်မှုများကို မမြင်ရပါသော်လည်း သူ၏ စိတ်ကူးထဲတွင် ပုံဖော်မိနေ၏။
၎င်းမှာ ပြည်ထောင်စုကြီးထဲတွင် ဒုတိယမြောက်ပေါ်ထွက်လာမည့် နတ်ဘုရားလက်နက် မဟုတ်ပါလော…. သို့ဖြစ်ရာ မည်သည့်နိုင်ငံရေးအင်အားစုကမှ ၎င်းအား ရယူပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံချင်ကြမည် မဟုတ်ပေ။ ထို့အပြင် ပြည်ထောင်စုကြီးမှာ ထိုနတ်ဘုရားလက်နက်အား လက်ဝါးကြီးအုပ် သိမ်းပိုက်ရန်မှာလည်း လွယ်ကူမည်မဟုတ်ပေ။ အကယ်၍ ဤကိစ္စကြီးကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိပါက ကြီမားသောရန်ပွဲကြီးများ ပေါ်ပေါက်လာနိုင်ပေသည်။ ထို့ကြောင့် မြို့တော်နယ်မြေအသစ်တစ်ခု တည်ဆောက်မည့်အစီအစဉ်ကို ရေးဆွဲလိုက်ရခြင်းဖြစ်သည်။ တစ်ဖက်တွင် ၎င်းမှာ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေကြီးအတွက်လိုအပ်သော တာဝန်များကို ထမ်းဆောင်ပေးနိုင်မည် ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုအသီးသီးအား ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်ဆိုင်ယှဉ်ပြိုင်ခွင့် ပေးနိုင်မည် ဖြစ်သည်။
ထိုကြေညာချက်ထဲတွင် မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန်အား ရွေးချယ်ခန့်အပ်ရာ၌ အသုံးပြုမည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြထားသည်။
ပထမဦးစွာ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားကြသည့် လူပေါင်းများစွာထဲမှ ဆန်ခါတင်ဆယ်ဦးကို ရွေးချယ်မည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ပြီးလျှင် အရည်အချင်း အကဲဖြတ်ပြိုင်ပွဲတစ်ခုကို ကျင်းပ၍ အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
တရားမျှတမှုရှိစေရန်အတွက် ထိုအကဲဖြတ်ပြိုင်ပွဲကို ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင် တိုင်ရိုက်ထုတ်လွှင့် ပြသပေးမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းမှာ ထိုပြိုင်ပွဲကိုသာမက မြို့တော်နယ်မြေအသစ်တည်ဆောက်မည့် လူသူကင်းမဲ့သော လွင်ပြင်ကြီးများကိုပါ ကြည့်ရှုနိုင်မည်ဖြစ်သည်။
လက်ဘုရားလက်နက်ရှိရာ လှိုဏ်ခေါင်းများ၏ ပတ်ပတ်လည်တွင် နယ်မြေဆယ်ခုကို သတ်မှတ်ထားပြီးသားဖြစ်သည်။ ဆန်ခါတင်ပုဂ္ဂိုလ်တစ်ယောက်ချင်းစီတိုင်းမှာ လူအယောက်တစ်သောင်းတိတိကို ခေါ်ဆောင်လာခွင့်ရှိသည်။ ထို အစေခံများ၏ ကျင့်ကြံခြင်းအဆင့်မှာ ဆန်ခါတင်ပုဂ္ဂိုလ်ထက် သာလွန်နေ၍မဖြစ်ပေ။ သူတို့မှာ သူတို့၏ သက်ဆိုင်ရာနယ်မြေများထဲတွင် စခန်းချကာ ကိုယ်ပိုင်အစီအစဉ်များ ချမှတ်ရေးဆွဲ၍ ရိုးရှင်းသော မြို့တော်ပုံစံငယ်တစ်ခုကို တည်ဆောက်ပြရမည်ဖြစ်သည်။ ထို့နောက် သူတို့မှာ လက်ရုံးရည်သုံး တိုက်ပွဲကြီးထဲတွင် အရည်အချင်း စစ်ဆေးခံရမည်ဖြစ်သည်။
ပြည်ထောင်စုကြီးထဲမှ အစွမ်းထက်စစ်သည်တော်များ အင်္ဂါဂြိုဟ်နတ်ဘုရားလက်နက် ရှိနေသော လှိုဏ်ခေါင်းများအား စစ်ဆေးခဲ့သည့် အချိန်တုန်းက သူတို့မှာ ထိုနတ်ဘုရားလက်နက်ကြီး၏ စွမ်းအားကြောင့် သန္ဓေပြောင်းလဲသွားခဲ့ရသော သတ္တဝါပေါင်းမြောက်မြားစွာကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
သို့သော် မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ သူတို့မှာ ထို နတ်ဘုရားလက်နက်ကို ချက်ချင်းမထုတ်ယူနိုင်ခဲ့ဘဲ လှိုဏ်ခေါင်းများကိုသာ ပိတ်ဆို့နိုင်ခဲ့၏။ ဤစမ်းသပ်ပွဲအတွင်းတွင် ထိုအပိတ်အဆို့များကို အနည်းငယ်ခန့် ဖွင့်ပေးပြီး လှိုဏ်ခေါင်းထဲမှ သတ္တဝါအချို့ကို အပြင်သို့ပြေးထွက်လာစေမည်ဖြစ်သည်။
ဤ စမ်းသပ်ပွဲမှာ နတ်ဘုရားလက်နက် လှိုဏ်ခေါင်းထဲမှ ထွက်လာသော သားရဲစီးကြောင်းအား ခုခံတွန်းလှန်ရန်ဖြစ်သည်။ ထို သားရဲစီးကြောင်းများအားလုံး ပြီးဆုံးသွားသည့် အချိန်အထိ ခုခံတွန်းလှန်နိုင်စွမ်းရှိသော ဆန်ခါတင်လူပုဂ္ဂိုလ်နှင့် သူ၏ မြို့တော်ပုံစံငယ်မှာ အနိုင်ရရှိမည်ဖြစ်ပြီး အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန် ဖြစ်လာမည်ဖြစ်သည်။
ထိုစမ်းသပ်ပွဲအား ယခုလိုသတ်မှတ်ထားရသည့် အကြောင်းအရင်းမှာ အသစ်ခန့်အပ်မည့် မြို့တော်ဝန်မှာ မြို့တော်နယ်မြေအသစ်အား တည်ဆောက်ရာ၌ အရည်အချင်းအပြည့်မီဆုံးလူ ဖြစ်နေစေရန်နှင့် အနာဂတ်၌ နတ်ဘုရားလက်နက် တူးဖော်ရေး လုပ်ငန်းများကို ဦးဆောင်နိုင်စွမ်းရှိနေစေရန် ဖြစ်သည်။ ထို ပုဂ္ဂိုလ်မှာ မြို့တော်နယ်မြေအသစ်နှင့် ၎င်း၏ တကွယ်ရေးလုပ်ငန်းစဉ်များအား အစီအစဉ်ချ ပြင်ဆင်ရာ၌ ကျွမ်းကျင်နေရမည်ဖြစ်သည်။
ပထမအဆင့် ရွေးချယ်ပွဲတွင် ဆန်ခါတင်ဆယ်ယောက် ရွေးမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူတိုင်းမှာ မိမိတို့၏ အဆိုပြုချက်များကို တင်ပြရမည်ဖြစ်သည်။ ထိုအဆိုပြုချက်ထဲတွင် မိမိတည်ဆောက်လိုသော မြို့တော်နယ်မြေနှင့် ပတ်သတ်၍ လိုအပ်သော အစီအစဉ်များကို အသေးစိတ်ဖော်ပြထားရန် လိုအပ်သည်။ သူတို့မှာ မိမိတို့၏ အစီအစဉ်များကို ဖော်ပြကာ ရေးဆွဲပြရမည်လည်း ဖြစ်သည်။ ထိုအဆိုပြုချက်များကို ဘုရင်ခံနှင့် အခြားလူအချို့က အကဲဖြတ်ပေးမည်ဖြစ်ပြီး ထိုအဆင့်တွင် အထူးချွန်ဆုံး ဆန်ခါတင် ဆယ်ယောက်ကို ရွေးချယ်မည်ဖြစ်သည်။ ထို့နောက် ထို ပုံစံရေးဆွဲသူများမှာ နောက်ဆုံးပြိုင်ပွဲဝင်ဆယ်ယောက် ဖြစ်လာမည်ဖြစ်သည်။
၎င်းမှာ လူတစ်ယောက်၏ အယူအဆ၊ အတွေးအမြင်များနှင့် လက်တွေ့အသုံးချနိုင်စွမ်းတို့ကိုပါ ဆုံးဖြတ်ပေးနိုင်သော စစ်ဆေးပွဲတစ်ခုဖြစ်သောကြောင့် မျှတသောစစ်ဆေးပွဲတစ်ခုဟု ထင်ရပါသော်လည်း မမျှမတမှုများလည်း ထွက်ပေါ်လာနိုင်ပေသည်။ ဆန်ခါတင်တိုင်း၏ နောက်ကွယ်တွင် သူတို့အား ကူညီထောက်ပံ့ပေးနေသည့် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများ ရှိနေကြမည်ဖြစ်ရာ လူတိုင်းဆီတွင် အနည်းဆုံး အစေခံ တစ်သောင်းကျော်အထိ ရှိနေမည်သာဖြစ်သည်။ သူတို့အား ကူညီထောက်ပံ့ပေးနေကြသော နိုင်ငံရေးအင်အားစုတိုင်းမှာ သူတို့၏ ဆန်ခါတင်များကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ရင်းမြစ်ပစ္စည်းမြောက်မြားစွာကို အကုန်ကျခံကြမည်ဖြစ်သည်။
သို့သော် သူတို့မှာ ၎င်းထက်ပို၍ လုပ်နိုင်မည် မဟုတ်ပေ။ လူတိုင်းမှာ နတ်ဘုရားလက်နက်အား လောဘမျက်လုံးများဖြင့် အကဲခတ်ကြသည် မဟုတ်ပါလော။ ထို အစေခံတစ်သောင်းကျော်အား ဆန်ခါတင်များကို ကူညီခွင့်ပေးထားခြင်းမှာ နိုင်ငံရေးအင်အားစုအသီးသီးက လက်ခံသဘောတူထားခဲ့သည့် အချက်တစ်ချက်ဖြစ်သည်။
ဤ ကိစ္စကြီးတစ်ခုလုံးမှာ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံအတွက် အထူးကောင်းမွန်သော ကိစ္စကြီးတစ်ခုဖြစ်သည်။ ပြည်ပမှ နိုင်ငံရေးအင်အားစုများမှာ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ပျံ့ပွားနိုင်စေရန် ကူညီပေးနေသည် မဟုတ်ပါလော။
ဤ ပြန်ပွဲကြီးမှာ ပြင်းထန်လိမ့်မည်ဖြစ်ကြောင်းကို သူမက သိထားပြီးသားဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုနတ်ဘုရားလက်နက်ကြီးမှာ အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေသည်ဖြစ်ပြီး သူမသည် ဤဂြိုဟ်၏ ဘုရင်ခံ ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် နောက်ဆုံးတွင် မည်သည့်အဖွဲ့အစည်းက အနိုင်ရရ သူတို့မှာ သူမ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး သူမအား ရိုသေလေးစားသမှုဖြင့် ဆက်ဆံပေးရမည်သာ ဖြစ်သည်။
သူမမှာ မြို့တော်ဝန်အသစ် ဖြစ်လာမည့်လူ၏ အဖွဲ့အစည်းများကို ဂရုစိုက်နေခြင်းမရှိပေ။ သူမဆီတွင် သတ်မှတ်ချက်တစ်ခုတည်းသာ ရှိပေသည်။ ၎င်းမှာ… ဤပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လိုသူများမှာ အင်္ဂါဂြိုဟ်ပေါ်၌ တာဝန်ကျနေသော လူများသာ ဖြစ်ရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။
ထို တစ်ခုတည်းသော သတ်မှတ်ချက်အကြောင်းကို ကြားသိလိုက်ရသောအခါ ဝမ်ပေါင်လဲ့ အပါအဝင် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်ထဲရှိ ကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားသွားကြတော့သည်။