မြည်းလေးမှာ နဂိုကတည်းက မြန်ဆန်လွန်းနေသည်ဖြစ်ရာ ယခုလို ထိတ်လန့်ကြောက်ရွံ့နေသည့် အချိန်တွင် ပို၍ပင် လျင်မြန်နေတော့သည်။ သို့သော် ခုန်းတောက်မှာလည်း အမျက်ချောင်းချောင်း ထွက်နေသည့်အချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းသော လူတစ်ယောက်ဖြစ်သည်။ သူ၏မျက်ဝန်းများထဲတွင် ဒေါသစိတ်များနှင့် သတ်ဖြတ်လိုစိတ်များ တောက်ပနေ၏။ သူသည် မြည်းလေးဆီသို့ ပြေးလာနေပြီး ၎င်းအား လိုက်မီတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် မြည်းလေးမှာ သနားစဖွယ် အော်ဟစ်မြည်တမ်းလိုက်ပြီး ၎င်း၏ မျက်ဝန်းများထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်သွား၏။ ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ စဉ်းစားချိန်ပင် မရှိလိုက်ပေ။ ထိုအချိန်တွင် သူသည် ခုန်းတောက် လေပေါ်သို့ခုန်တက်သွားပြီး မန္တန်လက်ကွက်များကို ဖော်လိုက်သဖြင့် သူ၏လက်ထဲမှ မီးပင်လယ်တစ်စင်း ထိုးထွက်လာသည်ကို မြင်လိုက်ရသည်။ ထို မီးပင်လယ်ကြီး၏ ပတ်ပတ်လည်တွင် အေးမြသော ရေခဲများက ဝန်းရံထား၏။
သို့သော် ၎င်းမှာ အေးစက်နေသည့် မီးတောက်ကြီးတစ်ခုတော့ မဟုတ်ပေ။ ခုန်းတောက်၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ ရေခဲနှင့်မီး နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ ထို အင်အားစုနှစ်မျိုးမှာ အပြန်အလှန် တွန်းကန်နေခြင်း မရှိသည့်အပြင် အင်အားစုတစ်မျိုး၏ စွမ်းအားကို အခြားအင်အားစုတစ်မျိုးက မြှင့်တင်ပေးနေသကဲ့သို့ပင် ဖြစ်နေ၏။
ထို့ကြောင့် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံး၌ ရေခဲနှင့်မီးများက ဖုံးလွှမ်းသွားတော့သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မီးတောက်ဖီးနစ်ငှက်တစ်ကောင်နှင့် ရေခဲနဂါးကြီးတစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။ ကျောင်းထဲမှ ဆရာများနှင့် ကျောင်းသားများ အားလုံးမှာလည်း လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။
ထိုမြင်ကွင်းကြောင့် မြည်းလေးမှာ အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ရုံးခန်းထဲမှ ချက်ချင်း ပြေးထွက်လာပြီး ကောင်းကင်ကြီးဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် တစ်ခဏအကြာတွင် မြည်းလေး၏ဘေး၌ ပေါ်ပေါက်လာတော့သည်။
သူသည် ထိုမြည်းလေးအား ဘေးဘက်သို့ ကန်ထုတ်လိုက်ပြီး နောက်သို့လှည့်ကာ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များကို အလျင်အမြန် ဖော်လိုက်၏။ ထို့နောက် သူ့ဆီသို့ ချဉ်းကပ်လာနေသည့် မီးတောက်ဖီးနစ်ငှက်ကြီးနှင့် ရေခဲနဂါးကြီးတို့ ရှိရာဘက်သို့ သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ လေထုထဲတွင် လျှပ်စီးတန်းများ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုလျှပ်စီးတန်းများ၏ အလယ်တွင်ရပ်ရင်း သူ၏ မီတာသုံးဆယ် ဘေးပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်ကို လျှပ်စီးနယ်မြေကြီးအဖြစ် ပြောင်းလဲပစ်လိုက်၏။
ထို လျှပ်စီးနယ်မြေကြီးထဲတွင် လျှပ်စီးတန်းများမှာ မြေပြင်ကြီးထဲမှ ထိုးထွက်ကာ ကောင်းကင်ပေါ်သို့ မြင့်တက်လာပြီး အောက်သို့ဆင်းသက်လာနေသည့် မီးတောက်ဖီးနစ်ငှက်ကြီးနှင့် ရိုက်ခတ်သွား၏။ ထိုအခါ လေထုထဲတွင် နားစည်များကိုပင် ကွဲအက်သွားစေနိုင်သည် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ ဝမ်ပေါင်လဲ့ကမူ မန္တန်လက်ကွက်များကို ထပ်၍ဖော်လိုက်ပြီး သူ၏ မီးမုန်တိုင်းအား ထုတ်သုံးလိုက်၏။ ထိုအခါ မီးပင်လယ်တစ်စင်းမှာ ချက်ချင်းဆိုသလိုပင် ထိုကွင်းပြင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ခုန်းတောက်၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်မှာ ရေခဲနှင့်မီးတို့ကို တစ်သားတည်းပေါင်းစည်းပေးခြင်း ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ပညာရပ်မှာမူ သူနှင့် မတူဘဲ မီးနှင့် လျှပ်စီးတို့၏ ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။ ထို အင်အားစု နှစ်မျိုးစလုံး အတူတကွ ပေါင်းစည်းသွားကြသောအခါ မြေပြင်ကြီးကိုပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာပြီး ရေခဲနဂါးကြီးအား ရိုက်ခတ်သွားတော့သည်။
ထိုလျှို့ဝှက်ဆန်းကြယ် ပညာရပ်များ တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေကြစဉ်တွင် ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့မှာ အဝေးတွင် ရပ်နေကြ၏။ ထို ရိုက်ခတ်မှုများမှ ပေါ်ထွက်လာသော ပေါက်ကွဲမှု ပြင်းအားများကြောင့် ဘေးပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်များမှာ အထိတ်တလန့် ဖြစ်သွားကြ၏။ သူတို့မှာ ထိုတိုက်ပွဲကြီးကို ကြည့်ရင်း အသက်ရှုနှုန်းများ မြန်ဆန်လာကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ခေါင်းလှည့်လာပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော ခုန်းတောက်အား သတ်ဖြတ်လိုစိတ်များဖြင့် လှမ်းကြည့်လိုက်၏။ ခုန်းတောက်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း သူ့ကဲ့သို့ပင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဝန်းရံနေပြီဖြစ်သည်။
” ခုန်းတောက်။ သူများ မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်ကို မရိုက်ခင် သခင်က ဘယ်သူလဲဆိုတာကို အရင်ဆုံးသိအောင် လုပ်ထားကွ။ မင်းက တကယ်ပဲ ငါ့ရဲ့ စစ်ပွဲသုံး သားရဲကြီးကို ငါ့ရှေ့မှာ သတ်ပစ်မလို့လား ” ဝမ်ပေါင်လဲ့က လေသံမာမာဖြင့် ဆိုလိုက်၏။ ခုန်းတောက်သည်လည်း အခြေတည် အလယ်အလတ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူက သတိထားမိလိုက်သည်။ ထို့အပြင် ခုန်းတောက်မှာ အခြားသော ပျိုးပင်တစ်ရာများနှင့် မတူကြောင်းကိုလည်း သူက သိထား၏။ သူသည် သားရဲပင်လယ်ထဲတွင် မွေးဖွားလာခဲ့သည်ဖြစ်ပြီး အာနာပါနအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက အင်္ဂါဂြိုဟ်ပေါ်ရှိ တောနက်ကြီးထဲတွင် တစ်ယောက်တည်း ရှင်သန်နေထိုင်ခဲ့သည်ဖြစ်ရာ သူ၏ သွေးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။
ခုန်းတောက်မှာ သားရဲကြီးများကို အမဲလိုက်၍ သတ်ဖြတ်ရာတွင် ကျွမ်းကျင်ပြီး တောနက်ကြီးထဲတွင် ရှင်သန်နေထိုင်ခဲ့ရင်း အင်္ဂါဂြိုဟ် နတ်ဘုရားလက်နက် တည်ရှိရာနေရာကို ရှာတွေ့ခဲ့သည်လည်းဖြစ်သည်။ ထို အခြင်းအရာများကိုကြည့်၍ သူသည် တမူထူးခြားသော လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။
ထို့အပြင် သူသည် တမူထူးခြားသော မိသားစု ကျောထောက်နောက်ခံ အင်အားတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၏ ခေါင်းကိုင်သား ဖြစ်သလို အင်္ဂါဂြိုဟ်စစ်တပ်ထဲတွင်လည်း ထူးချွန်ပြောင်မြောက်သည့် အရာရှိတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ကျိုးရိရှန်ပင်လျှင် သူ့အား ယှဉ်နိုင်မည်မဟုတ်ပေ။ လီဝမ်အာကဲ့သို့သော လူမျိုးသာလျှင် ခုန်းတောက်အား ယှဉ်နိုင်လောက်မည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအချက်အလက်များအားလုံးကို သိထား၏။ သူသည် ခုန်းတောက်အား မနှစ်မြို့ပါသော်လည်း သူတို့နှစ်ယောက်အကြားတွင် ပဋိပက္ခကြီးကြီးမားမား မရှိခဲ့ဖူးပေ။ သူတို့နှစ်ယောက် ပျိုးပင်တစ်ရာ ကျင့်ကြံခြင်း လေ့ကျင့်ရေးစခန်းထဲတွင် ရှိနေခဲ့စဉ်တုန်းက အငြင်းပွားဖွယ်ရာအချို့ ရှိခဲ့ပါသော်လည်း ၎င်းမှာ ကိစ္စအသေးအမွှားလေးတစ်ခုသာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူထားသည်။ သို့သော် ခုန်းတောက်မှာမူ ဝမ်ပေါင်လဲ့ကဲ့သို့ မဟုတ်ပေ။ သူသည် ထိုစဉ်ကတည်းက ဝမ်ပေါင်လဲ့အား ရန်လိုနေခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့မှာ သူ့အား မနှစ်မြို့သောလူများကို အခွင့်ရေးရသည့်အခါတိုင်း စိတ်အနှောင့်အယှက်ပေးတတ်သည့် လူစားမျိုးဖြစ်နေ၏….
ထိုကဲ့သို့သော ဖြစ်ရပ်အမျိုးမျိုးကြောင့် သူတို့နှစ်ယောက်မှာ ယခုကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ရန်လိုနေကြသည့် အခြေအနေသို့ ရောက်ရှိလာကြ၏။ အကယ်၍ နောက်ထပ် ပဋိပက္ခတစ်ခု ထပ်ဖြစ်စရာ အကြောင်းအရင်းများ ရှိမလာပါက ကိစ္စမရှိပါသော်လည်း ယခုတွင်မူ သူတို့၏ မြည်းများကြောင့် အကြောင်းဖန်လာရပြီဖြစ်သည်….
ခုန်းတောက်မှာ အမျက်ချောင်းချောင်းထွက်နေပြီး သူ၏ အကြည့်များမှာ အေးစက်နေ၏။ သူသည် သူ၏ မြည်းဖြူလေးကို အောက်သို့ချလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာတော့သည်။ သူတို့မှာ သူ၏ စစ်ပွဲသုံးသားရဲကြီးကို အနိုင်ကျင့်ခဲ့သည်ဖြစ်ရာ သူသည် ဘာမှပြန်မလုပ်ဘဲ ငြိမ်ခံနေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ထိုကဲ့သို့ပြေးလာရင်း သူ၏ လက်သီးကို ရှေ့သို့ဆန့်ထုတ်လိုက်ပြီး ဆွေ့ရှင်းပေါင်ဖြင့် တိုက်ခိုက်လိုက်၏။
ထိုအခါ ပေါက်ကွဲမှုကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ရှေ့တွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်လာတော့သည်။ သူ၏ လက်သီးမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာ၏။ ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးပင့်ကာ နှာမှုတ်လိုက်ပြီး ရှေ့သို့လှမ်း၍ သူနှင့် တစ်ထေရာတည်းတူသော ဆွေ့ရှင်းပေါင်ကို ထုတ်သုံးလိုက်၏။
ထို လူငယ်နှစ်ယောက်၏ လက်သီးများမှာ အချင်းချင်း ရိုက်ခတ်မိသွားကြသဖြင့် လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ခုန်းတောက်မှာ သူအိမ်ငယ်များ ကျဉ်းမြောင်းသွားရပြီး ဒယိမ်းဒယိုင်ဖြစ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွားရ၏။ သူသည် အားကောင်းသော ပြင်းအားကြီးတစ်ခု သူ၏ လက်သီးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ အံ့ဩတုန်လှုပ်သွားရတော့သည်။
” သူက ပိုပြီးတော့ အစွမ်းထက်လာပြီပဲ ” ခုန်းတောက်၏ အသက်ရှူသံများမှာ မတည်မငြိမ်ဖြစ်လာတော့သည်။ သူသည် ဝမ်ပေါင်လဲ့ လပေါ်တွင် ကြုံခဲ့ရသည့် ဖြစ်ရပ်များအကြောင်းကို သိရှိထားပြီးဖြစ်သည်။ သို့ရာတွင် သူသည်လည်း ဝမ်ပေါင်လဲ့နည်းတူ အစွမ်းထက်နေလိမ့်မည်ဟု သူ့ကိုယ်သူ မှတ်ယူထားခဲ့၏။ ယခုတွင်မူ သူသည် မျက်လုံးများ နီမြန်းသွားကာ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ အော်ဟစ်မြည်တမ်းလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြေးလာပြန်သည်။ ထို့နောက် သူ၏ ညာဘက်လက်ကို လေပေါ်သို့ မြှောက်လိုက်ပြီး ရုတ်တရက် ဝှေ့ယမ်းလိုက်သောအခါ ၎င်းမှာ အနက်ရောင်လက်သည်းကြီးများအဖြစ် ပြောင်းလဲသွား၏။
ထို လက်သည်းများမှာ အသက်အန္တရာယ်ပြုနိုင်စွမ်းရှိသည့်ပုံ ပေါက်နေပြီး ၎င်းတို့အား မည်သည့်အရာများဖြင့် ဖန်တီးထားမှန်း မသိနိုင်ပေ။ ထိုလက်သည်းများ ထွက်ပေါ်လာသောအခါ ခုန်းတောက်၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ အားကောင်းလာ၏။ သူ၏ ဝိညာဉ်စွမ်းအင်များမှာလည်း မြင့်တက်လာကာ မိုးကောင်းကင်အထိ ထိုးတက်သွားပြီး သူ၏နောက်တွင် အနက်ရောင် ကျားသစ်ကြီးတစ်ကောင် ပေါ်ပေါက်လာတော့သည်။
ထို့အပြင် ထို လက်သည်းများဆီမှ အစွမ်းထက်သော ဓမ္မလက်နက်တစ်ခု၏ အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။ ထိုလက်သည်းများမှာ… ဓမ္မလက်နက်တစ်ခု ဖြစ်နေ၏။
ခုန်းတောက်တစ်ယောက် ဓမ္မလက်နက်တစ်ခု ပိုင်ဆိုင်ထားသည်ကို ဝမ်ပေါင်လဲ့က အံ့အားသင့်နေခြင်းမရှိပေ။ ဓမ္မလက်နက်များမှာ ရှားပါးပြီး တန်ဖိုးကြီးပါသော်လည်း ခုန်းတောက်နှင့် လီဝမ်အာတို့ကဲ့သို့သော လူများအတွက်မူ လက်လှမ်းမမီနိုင်သော အရာများမဟုတ်ပေ။
ခုန်းတောက်မှာ သူ၏ ဓမ္မလက်နက်ကို ထုတ်ယူလိုက်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် သူ၏နောက်တွင်ရှိနေသော အနက်ရောင်ကျားသစ်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်ပုံပင်။ ၎င်းတို့မှာ ရုတ်ချည်းဆိုသလို ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြ၏။ ထို့နောက် ခုန်းတောက်မှာ သူ၏ လက်သည်းများဖြင့် ဝမ်ပေါင်လဲ့၏ လည်ပင်းအား လှမ်း၍ကုတ်လိုက်တော့သည်။
” မင်းဆီမှာပဲ ဓမ္မလက်နက် ရှိတယ် ထင်နေတာလားကွ ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်ပြီး သူ၏ ဓမ္မလက်နက်ဓားရှည်ကြီးကို ချက်ချင်းပင်ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ညည်းတွားလိုက်ပြီး ခုန်းတောက်အား တိုက်ခိုက်လိုက်၏။
လေထုထဲတွင် ပေါက်ကွဲသံများစွာ အဆက်မပြတ်ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်၏ တိုက်ကွက်များမှထွက်ပေါ်လာသော ပြင်းအားများကြောင့် မြေပြင်ကြီးမှာ တုန်ရီနေတော့သည်။ ကျောင်းထဲရှိလူတိုင်းမှာလည်း လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်သည်။ လူတိုင်းမှာ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့ အပြန်အလှန် တိုက်ခိုက်နေကြသည်ကိုကြည့်ရင်း အသက်များကိုပင် မရှူနိုင်ကြတော့ပေ။
ခုန်းတောက်မှာ အစွမ်းထက်သော စစ်သည်တော်တစ်ယောက်ဖြစ်သလို ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသဖြင့် အစပိုင်းတွင် ပေါက်ကွဲအားပြင်းထန်သော စွမ်းအားများကို ထုတ်ပြနိုင်ခဲ့သည်။ သို့သော် သူသည် သက်လုံ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား အစရှိသော အပိုင်းများတွင်မူ အစိမ်းရောင်ကြာပွင့် အခြေတည်အမြုတေအား ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့ကို ယှဉ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် တိုက်ကွက်ဆယ့်နှစ်ကွက်ကျော် အပြန်အလှန် တိုက်ခိုက်ပြီးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ကြံ့ခိုင်မှုအပြည့်ရှိနေဆဲ ဖြစ်ပါသော်လည်း ခုန်းတောက်၏ ခွန်အားနှင့် သက်လုံများမှာ စတင်ကျဆင်းလာနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဓားရှည်ကြီးကို မမောမပန်း ကိုင်မြှောက်ကာ မရပ်မနား တိုက်ခိုက်နေဆဲပင်။ ထိုကဲ့သို့သော အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ခုန်းတောက်၏ အသက်ရှူသံများမှာ ပို၍ပင် မတည်မငြိမ်ဖြစ်လာရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် အရှုံးပေးလိုစိတ် မရှိပါသော်လည်း ထို အဆက်မပြတ် တိုက်ကွက်များကြောင့် တဖြည်းဖြည်းနှင့် နောက်သို့ဆုတ်ခွာသွားရ၏။
” တောက်ကွာ။ ဒီငကြောင်ကောင်ရဲ့ အပြင်ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ ” ခုန်းတောက်မှာ စိတ်ထဲတွင် ကျိန်ဆဲမိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ဓမ္မလက်နက်ကို အသုံးပြုကာ အဆက်မပြတ် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေသည်ကို ကြည့်ရင်း နှလုံးသားထဲ၌ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော ခံစားချက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။ အခြေတည်အဆင့်ကျင့်ကြံသူများမှာ ဓမ္မလက်နက်များကို အစွမ်းကုန် အသုံးပြုနိုင်စွမ်းရှိပါသော်လည်း အများဆုံး တိုက်ကွက် ဆယ့်နှစ်ကွက်လောက်သာ အသုံးပြုနိုင်စွမ်း ရှိသည်မဟုတ်ပါလော။
သူတို့မှာ ဓမ္မလက်နက်များကို မရပ်မနား အဆက်မပြတ် အသုံးပြုနိုင်စွမ်းရှိသော အမြုတေအဆင့် ကျင့်ကြံသူများမဟုတ်ကြပေ။ ထို ဓမ္မလက်နက်များကို အသုံးပြုလျှင် ခံစားရသည့် ပြန်ကန်အားများမှာ မိမိတို့၏ အပြင်ခန္ဓာကိုယ်အား ထိခိုက်စေ၏။ ခုန်းတောက်မှာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ယုံကြည်မှုအပြည့် ရှိနေသည့်တိုင်အောင် သူသည်ပင်လျှင် ဓမ္မလက်နက်ကို အသုံးပြု၍ တိုက်ကွက် ဆယ့်နှစ်ကွက်လောက်သာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ ဝမ်ပေါင်လဲ့မှာ သူ့အား အကြိမ်ရေ တစ်ရာနီးပါးခန့် တိုက်ခိုက်ပြီးသွားသည့်တိုင်အောင် အနည်းငယ်လေးပင် နှေးကွေးသွားခြင်းမရှိသေးပေ။ ထို့အပြင် သူသည် ပို၍ပင် အစွမ်းထက်လာနေသေး၏။
သို့သော် ခုန်းတောက်ဆီတွင် နောက်ဆုံးတိုက်ကွက်တစ်ခု ရှိနေ၏။ ထို့ကြောင့် သူသည် နောက်သို့ဆုတ်ခွာသွားပြီး သူ၏ အသက်ရှူသံများမှာ ရုတ်တရက်ဆိုသလို တည်ငြိမ်သွား၏။ ထို့နောက် သူသည် ထို နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးသင့်မသုံးသင့် စဉ်းစားတွေးတောရင်း ချီတုံချတုံ ဖြစ်နေတော့သည်။ ထိုအချိန်တွင် သူသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် နောက်သို့လှည့်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူ၏ မြည်းဖြူလေးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်…
ဝမ်ပေါင်လဲ့သည်လည်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ ဓားကြီးကို ကိုင်ထားရင်း ထိုနေရာတစ်ဝိုက်အား အကဲခတ်လိုက်၏။ ထို့နောက် ခဏအကြာတွင် သူတို့နှစ်ယောက်စလုံးမှာ ခပ်လှမ်းလှမ်းရှိ ကျောင်းတံခါးပေါက်ဆီသို့ လှမ်းကြည့်မိလိုက်ကြသည် … မြည်းနက်လေးမှာ မြည်းဖြူလေးအား လည်ပင်းမှကိုက်ကာ ပျော်ရွှင်မြူးထူးစွာဖြင့် အဝေးသို့ ပြေးထွက်သွားနေခြင်း ဖြစ်သည်…
သူတို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြစဉ်တွင် မြည်းနက်လေးမှာ တိတ်တဆိတ်ချဉ်းကပ်လာပြီး မြည်းဖြူလေးအား သတိလစ်သွားအောင် ထပ်၍ လုပ်ကာ ၎င်းအား ဆွဲခေါ်သွားခဲ့ခြင်းဖြစ်သည်။
ခုန်းတောက်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ရူးသွပ်လုမတတ် ဖြစ်သွား၏။ ထို့နောက် သူသည် အော်ဟစ်မြည်တမ်းလိုက်ပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှု၍ နောက်သို့လှည့်ကာ မြည်းနက်လေးဆီသို့ ပြေးသွားလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ စိတ်အနှောင့်အယှက် ဖြစ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရ၏။
” ငါက မင်းရဲ့ အရှုပ်ထုပ်တွေ ရှင်းနေရတာကို မင်းက အပျော်ရှာနေတုန်း…. ဒီမြည်းကတော့ကွာ “
ဝမ်ပေါင်လဲ့မှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူသည် သက်ပြင်းချကာ ခုန်းတောက်တစ်ယောက် မြည်းများနောက်သို့ ပြေးလိုက်သွားသည်ကို ကြည့်ရင်း သူတို့အား လျစ်လျူရှုရန် တွေးလိုက်၏။ သို့သော်လည်း နောက်ဆုံးတွင်မူ သူသည် ဆောင့်ကြီးအောင့်ကြီးဖြင့် သူတို့၏နောက်သို့ ပြေးလိုက်သွားတော့သည်။ မြည်းနက်လေးမှာမူ လက်ရှိအခြေအနေကြီးမှာ စိုးရိမ်စရာကောင်းလာပြီဖြစ်ကြောင်း ရိပ်မိသွားသောကြောင့် မြည်းဖြူလေးအား ချီတုံချတုံဖြင့် အောက်သို့ ချထားခဲ့လိုက်ပြီးနောက် မြေအောက်တူးမြောင်းတစ်ခုထဲသို့ တိုးဝင်၍ ထွက်ပြေးသွားတော့သည်။
ခုန်းတောက်မှာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ ထို့ကြောင့် သူသည် ဤ အငြိုးအတေးကြီးအား နှလုံးသားထဲ၌ စွဲနေအောင် မှတ်ထားသည့် အကြည့်ဖြင့် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီး ဒေါသစိတ်များကို မျိုသိပ်ကာ သူ၏ မြည်းဖြူလေးနှင့်အတူ ထွက်ခွာသွားတော့သည်။
” ဘာတွေလဲဟ ” ဝမ်ပေါင်လဲ့မှာလည်း အမျက်ချောင်းချောင်းထွက်နေရပြီဖြစ်သည်။ သူသည် သူ၏ မြည်းလေး ထွက်ပြေးသွားသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် သူသည် သူ၏ အိမ်ရာဆီသို့ ပြန့်သွားလိုက်ပြီး မြည်းနက်လေး ပြန်လာရန် စောင့်ဆိုင်းနေလိုက်တော့သည်။