အပိုင်း(၂၀၅၁)

နောက်ကွယ်ကလူ

ရီဖူရှင်းက တန်ခိုးရှင်အားလုံးကို သတ်ဖြတ်ပြီးနောက် သူက အခြားလူများရှေ့ ထုတ်ဖော်မပြသသင့်သော တော်ဝင်ရောင်ဝါကို ပြန်သိမ်းလိုက်သည်။ သူက လက်ကို မြှောက်ကာ လေဟာနယ်အား ချိပ်ပိတ်ထားသည့် စေတီအား ယူဆောင်လိုက်သည်။ လှုပ်ခတ်သွားသည့် မဟာလမ်းစဥ်က လေးလံနေဆဲပင် ဖြစ်သည်။

သူက ထွက်ခွာမသွားသေးဘဲ တွေဝေစွာဖြင့် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်သည်။ သူ့ မျက်ခုံးများက ပြင်းထန်စွာ စုကျုံ့နေပြီး စိတ်မသက်မသာဖွယ် တစ်ခုခုအား တွေးနေသကဲ့သို့ပင် ဖြစ်၏။

ရီဖူရှင်းတွင် အားကောင်းသော နိမိတ်ခံစားမှု ရှိသည်။ ယင်းက သူ တော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များအား သတ်ဖြတ်ခဲ့ခြင်းကြောင့် မဟုတ်ပေ။ ပြောရလျှင် သူတို့က အရင်ဆုံး စည်းမျဥ်းများကို ချိုးဖောက်ကာ သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည့်အတွက် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။

သူ့ကို အမှန်တကယ် အနှောင့်အယှက် ဖြစ်စေသည်မှာ ဖြစ်ရပ်တစ်ခုလုံးကြောင့် ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့အားလုံးက ပူးပေါင်းချိတ်ဆက်ထားနိုင်ပုံရ၏။ သို့သော် သူတို့က အဖြစ်အပျက်များကို မှန်းဆမိသွားလျှင် သူ့အား သံသယတရားခံအဖြစ် ညွှန်ပြနိုင်ကာ သူ၏ အစီအစဥ်အားလုံးကို သဲထဲရေသွန်ဖြစ်သွားစေလိမ့်မည်။ အဆိုးဆုံးသည် သူက သေခြင်းရှင်ခြင်း အန္တရာယ်ကြား ဒုက္ခတွေကို ခံစားရပြီး တုန်းဟွာကောင်းကင်၌ သတ်ပစ်ခံရခြင်းပင် ဖြစ်နိုင်သည်။

ရီဖူရှင်း အတွေးနက်နေစဥ် အဝေးမှ အစွမ်းထက်အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ခေါင်းကိုမော့ကြည့်လိုက်လျှင် သူ့ထံ ရောက်လာသည့် လူတစ်စုကို မြင်တွေ့လိုက်ရ၏။ ခေါင်းဆောင်လာသော ပြိုင်ဘက်ကင်းအရှိန်အဝါကို ပိုင်ဆိုင်ထားသူ၏ နတ်အလင်းက သူ့အပေါ်သို့ လွှမ်းခြုံတောက်ပလာသည်။

ရီဖူရှင်းက ထိုလူ၏ အသွင်အပြင်ကို မြင်သည့်အခါ မလွယ်ကူသော ခံစားချက်က အားကောင်းလာသည်။ သူ၏ သံသယမှာလည်း အမှန်တရားနှင့် နီးစပ်လာ၏။ သူက ခန့်မှန်းခြင်းသာဖြစ်သော်လည်း သူ မှားနေရန် မျှော်လင့်ခဲ့သည်။ ထိုအရာကို မှန်သည်ဟုသာ အတည်ပြုလိုက်ပါက အကျိုးဆက်မှာ မှန်းဆမရနိုင်အောင်ပင် ဖြစ်သည်။

သို့သော် ကိစ္စများက အဆိုးဘက်သို့ ဦးတည်သွားနေပုံရလေသည်။

ထိုထွက်ပေါ်လာသူမှာ တုန်းဟွာကောင်းကင်၏ နံပါတ်တစ် ပါရမီရှင် တုန်းဟွာနယ်မြေသခင်၏ ဂုဏ်ယူရသည့် သားဖြစ်သူ နင်ဟွာပင် ဖြစ်လေသည်။

သူ့နောက်မှ လူများမှာ သူနှင့်အတူ လျှို့ဝှက်နယ်မြေအတွင်း လိုက်ပါလာသော တုန်းဟွာနယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များ ဖြစ်သည်။

နင်ဟွာက အောက်ဘက်ရှိ နေရာကို စူးစမ်းလေ့လာနေပြီး ရီဖူရှင်းအား ငုံ့ကြည့်လိုက်သည်။ သူ၏ အကြည့်များက ပျက်စီးနေသာ မြေနှင့် အလောင်းများကို ကြည့်လိုက်ပြီး သူ့မျက်နှာက ရုတ်ချည်းပင် အလွန်အေးစက်သွားခဲ့ကာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြစ်သွား၏။

ရီဖူရှင်းက မရှင်းပြဘဲ နင်ဟွာအား ကြည့်ရုံမျှသာ ကြည့်နေသည်။

နင်ဟွာက သူ့ကို ကြည့်နေရင်း ရှေ့သို့ ခြေလှမ်းလိုက်သည်။ မဟာလမ်းစဥ် ချိပ်စည်းအလင်းက တောက်ပလာပြီး အဆုံးမဲ့ လေဟာနယ်အတွင်း ချိပ်စည်းနတ်ရောင်ဝါက လွှမ်းခြုံလာ၏။ ချိပ်စည်းလမ်းစဥ်က သူ့မျက်လုံးများထဲ ပုန်းအောင်းနေပြီး ရီဖူရှင်း၏ မျက်လုံးများအတွင်းသို့ တိုက်ရိုက်တိုးဝင်လာသည်။ ရီဖူရှင်းသည် ရုတ်တရက် မဟာလမ်းစဥ်စွမ်းအား အားလုံး ချိပ်ပိတ်ခံရသလို ခံစားရပြီး သူ့အနီးဝန်းကျင်ရှိ မဟာလမ်းစဥ်များကလည်း အတူတူပင် ဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းက ကွာခြားမှုကို ခံစားမိလိုက်၏။ နှစ်ဖက်လုံးက ပြီးပြည့်စုံသော မဟာလမ်းစဥ်ကို ပိုင်ဆိုင်ထားလျှင်ပင် သူ့ပြိုင်ဘက်က သတ္တမဆင့် အထွတ်အထိပ်မှ အဆင့်မြင့်ရန်ဟောင်ဖြစ်ကာ သူက အဆင့်လေးရန်ဟောင်လေးမျှသာ ဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှ ကွာခြားမှုက မှန်းဆ၍ မရနိုင်အောင်ပင်။ ထို့ပြင် နင်ဟွာက တုန်းဟွာနယ်မြေအတွင်း နံပါတ်တစ်ပါရမီရှင်ဟု ကျော်ကြားသူဖြစ်၏။

ထိုသို့ကွာခြားမှုက သိသိသာသာပင် ဖြစ်၏။ ရီဖူရှင်းက အစွမ်းထက်တန်ခိုးရှင် အယောက်ပေါင်းများစွာ သတ်ဖြတ်ခဲ့သော်လည်း သူသည် နင်ဟွာကို ဆန့်ကျင်ရန် အခွင့်အရေး မရှိကြောင်း သိသည်။

နင်ဟွာ၏ အထက် ကောင်းကင်တွင် နတ်ပန်းချီတစ်ခု မျောလွင့်လာပြီး တောက်ပသော မဟာလမ်းစဥ် နတ်အလင်းတို့က ရီဖူရှင်းပေါ် ဖြာဆင်းလာသည်။ တစ်ချိန်တည်းတွင် နင်ဟွာက လက်ကို မြှောက်ကာ တစ်ချက် ရိုက်ချလိုက်သည်။ ထိုတိုက်ခိုက်မှုက လေထုအား ပြင်းထန်သော တုန်ခါမှုဖြစ်လာစေပြီး အဆုံးမဲ့ လက်ဝါးရိုက်ချက်များ ပဲ့တင်ထပ်လာကာ ပြီးပြည့်စုံသော တိုက်ခိုက်မှုဖြစ်သည့် မဟာလမ်းစဥ်ပုံစံအဖြစ် ပြောင်းလဲသွားလေသည်။

တိတ်ဆိတ်စွာနှင့် နင်ဟွာက တိုက်ခိုက်မှုအား တိုက်ရိုက်ထုတ်ဖော်လိုက်သည်။

ရီဖူရှင်း၏ လက်ထဲမှ လှံရှည်က ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားတို့ ထွက်ပေါ်လာပြီး ရှေ့သို့ တိုးထွက်လာ၏။ သို့သော် တောက်ပနေသော မဟာလမ်းစဥ်က သူ့ခန္ဓာအား လွှမ်းခြုံလိုက်ကာ လှံရှည်၏ စွမ်းအားကို ချိပ်ပိတ်ပြီး ရီဖူရှင်း စွမ်းအားများကိုလည်း ချက်ချင်းပင် ချိပ်ပိတ်ထားလိုက်သည်။

လက်ဝါးရိုက်ချက်မှ မြောက်မြားစွာသော တိုက်ခိုက်မှုများက တစ်ချိန်တည်း ဆင်းသက်လာပြီး လှံ၏ ရောင်ဝါကို ချေမှုန်းပစ်လိုက်သည်။

ဘန်း…

ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားကာ အနက်ရောင်တောင်တန်းနှင့် ရက်စက်စွာ တိုက်မိသွားခဲ့ပြီး တောင်တကြောလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

သေချာသလောက်ပင် မေးခွန်းနှင့် စကားလုံးများ မလိုပါဘဲ သူက ပြင်းထန်သော တိုက်ခိုက်မှုနှင့် ဖြေရှင်းနေပေသည်။

ရီဖူရှင်းသည် နင်ဟွာ၏ ရပ်တည်မှုကို သတိပြုမိပြီးနောက် သူ့သံသယအား အတည်ပြုလိုက်နိုင်သည်။ ရုတ်တရက် သူက အေးစက်မှုကို ခံစားလိုက်ရသည်။

သူ၏ ဆန္ဒအတိုင်း လုပ်ခဲ့သည့်အရာက အမှားကြီးအဖြစ် ပြောင်းလဲသွားသည်။ သူက ချောက်နက်အတွင်းသို့ သူ့ဘာသာ တစ်လှမ်းချင်း လျှောက်သွားနေခဲ့သည်။

“လျှို့ဝှက်နယ်မြေစမ်းသပ်မှုအတွင်း မင်းက စမ်းသပ်မှုအတွက် လာတဲ့ အင်အားစုတွေက လူတွေကို သတ်ဖြတ်ခဲ့တယ်။ မင်းက သေသင့်တယ်။” နင်ဟွာက အေးစက်သောအသံနှင့် ပြောလိုက်သည်။ သူက လေဟာနယ်အတွင်း ရပ်နေပြီး ရီဖူရှင်းအား ငုံ့ကြည့်နေသည်။ ထိုမောက်မာသော မျက်လုံးများတွင် အထင်အမြင်သေးခြင်းတို့ ရှိနေ၏။

ရီဖူရှင်းက ထူးခြားသော ပါရမီရှိလျှင်ပင် သူက အသတ်ခံရသင့်သည်ဟူသော စကားလုံးမှလွဲ၍ အပိုပြောရန်မလိုသကဲ့သို့ ပြုမူနေသည်။

သူက ရီဖူရှင်း သေသည်အား လိုချင်နေသည်။

သူ၏ အသံထွက်ပေါ်လာသည်နှင့် သူ့နောက်မှ တန်ခိုးရှင်များက ချက်ချင်း ရှေ့သို့ တက်လာကာ ရီဖူရှင်းထံ ဦးတည်လိုက်ကြသည်။ နင်ဟွာက သူကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ပေ။ သူတို့က ရီဖူရှင်းအား ရင်ဆိုင်လိမ့်မည်ဖြစ်ကာ ရီဖူရှင်း သေရန်မှာ သေချာသည်။

ကြောက်မက်ဖွယ် အရှိန်အဝါက ဆင်းသက်လာသည့်အခါ ရီဖူရှင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြည့်လိုက်သည်။ သူ့ထံ ချဥ်းကပ်လာသော တန်ခိုးရှင်များအား ကြည့်နေသည့် အကြည့်များက အေးစက်နေသည်။

“ရပ်လိုက်…”

ထိုအခိုက်အတန့်တွင် ကျယ်လောင်သည့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အဝေးမှ လေကဲ့သို့ အရှိန်နှင့် မဟာလမ်းစဥ် အရှိန်အဝါက ဆင်းသက်လာသည်။ လူအများက အလွန် လျင်မြန်လှသော အရှိန်နှင့် လာနေကြသည်။ ထိုသူများမှာ လီချန်ရှန်း၊ ကျုံးချန်နှင့် အခြားတစ်ဖက်ရှိ တိုက်ပွဲမှ လွတ်မြောက်လာသူများ ဖြစ်သည်။

“ဒုနယ်မြေသခင်၊ ဒါက ဘာသဘောလဲ။” လီချန်ရှန်းက လေထဲမှ မေးလိုက်သည်။ သူ့အသံ ထွက်ပေါ်လာသည့်အခါ သူက ရီဖူရှင်းဘေး၌ ရောက်နေပြီးဖြစ်ကာ နင်ဟွာနှင့် နယ်မြေသခင်အိမ်တော်မှ အခြားသူများကို ကြည့်လိုက်သည်။

“လျှို့ဝှက်နယ်မြေထဲမှာ လူမသတ်ရဘူးလို့ ကျုပ်အဖေက ပြောခဲ့ပြီးသား။ ဒါပေမယ့် ရီဖူရှင်းက ရန်ဟောင်အားလုံးကို သတ်ပစ်ခဲ့တယ်။ တုန်းဟွာအိမ်တော်မှာ ရှိနေတဲ့ အဲဒီလူဆေးအင်ပါယာကို ခင်ဗျား သတင်းပို့လိုက်လို့ရတယ်။” နင်ဟွာက အာဏာအပြည့်နှင့် ပြောလိုက်သည်။ သူက ရီဖူရှင်း၏ အသက်ကို ညှာတာပေးရန် ရည်ရွယ်ချက် မရှိပေ။

“အစ်ကိုတို့” ရီဖူရှင်းက လီချန်ရှန်းနှင့် ကျုံးချန်တို့ထံ အသံပို့လွှတ်၍ မေးလိုက်သည်။ “နယ်မြေသခင်မှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ဆေးအင်ပါယာကို ပြောပြဖို့ နည်းလမ်းတစ်ခုခုရှိလား။”

လီချန်ရှန်းနှင့် ကျုံးချန်သည် ရီဖူရှင်း ပို့လွှတ်လိုက်သော စကားသံကို ကြားသည့်အခါ သူတို့နှလုံးသားများက တုန်ယင်သွားသည်။ သူတို့က အရူးမဟုတ်သည့်အတွက် ရီဖူရှင်းစကားကို ကြားလိုက်သည်နှင့် ဖြစ်နိုင်ချေကို မှန်းဆမိလိုက်သည်။ ယင်းသည် သူတို့၏ နှလုံးခုန်သံအား မြန်ဆန်လာစေ၏။

ပြဿနာရှိနေတာလား။

အဲဒါက ရီဖူရှင်း မျှော်လင့်ချက်မဲ့သလို ခံစားနေရတဲ့ အကြောင်းပြချက်လား။

သူက တုန်းဟွာနယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ရန် ရည်ရွယ်ခဲ့သည့်အတွက် တုန်းဟွာအခမ်းအနားတွင် ပါဝင်ကာ သူ့ခွန်အားနှင့် ပါရမီကို ပြသခဲ့ပြီး လျှို့ဝှက်နယ်မြေစမ်းသပ်ချက် ဝင်ရောက်လာသည်။ အားလုံးသော အားထုတ်မှုများက နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ပြီး ကျင့်ကြံနိုင်ရန် ဖြစ်သည်။ ထို့နောက် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်က သူ့အား တိုက်ခိုက်နိုင်စွမ်းရှိတော့မည် မဟုတ်ဟု တွေးထင်ခဲ့သည်။

သို့သော် သူက သေလောက်အောင် လွဲမှားခဲ့သည်ကို သတိပြုမိခဲ့သည်။

ရှေးဟောင်းတော်ဝင် ယန်မိသားစုဖြစ်စေ လင်းရှောင်နန်းတော်ဖြစ်စေ သူ့ကို သတ်ရန် အနည်းငယ်မျှပင် စောင့်ထိန်းခြင်းမရှိခဲ့ပေ။ ၎င်းက မည်သည့်အတွက်ကြောင့်နည်း။ သူတို့က အစကတည်းကပင် သူအပေါ် အာရုံစိုက်နေခဲ့ပြီး ဖြစ်သည်။ သိသာစွာပင် သူတို့သည် လျှို့ဝှက်နယ်မြေအတွင်း မဝင်ခင်ကပင် ထိုသို့ရည်ရွယ်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းက တိုက်ဆိုင်၍ ဖြစ်လာခြင်း မဟုတ်ပေ။

တုန်းဟွာအခမ်းအနားကို ဤနေရာတွင် ကျင်းပပြီး နယ်မြေသခင်က အပြင်ဘက်တွင် ရှိနေသည်။ နတ်ဆိုးသားရဲက ယုတ္တိရှိသော ဆင်ခြေ ဖြစ်နိုင်ပါရဲ့လား။ သေချာပေါက် နယ်မြေသခင် ယုံကြည်ရန်မှာ ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ပေ။

၎င်းက ယုတ္တိရှိသော ဆင်ခြေမဟုတ်ပါလျှင် ထိုလူများက မည်သည့်အတွက် ထိုသို့လုပ်ဆောင်ရဲရသနည်း။

လင်းဟယ်၏ ရန်လိုမှုနှင့် ယုံကြည်ချက်၊ ယန်တုန်းရန်၏ နောက်ဆုံးစကားများ၊ အခမ်းအနား၌ လင်းရှောင်နန်းတော်သခင်၏ အပြုအမူတို့ကို ပေါင်းစပ်လိုက်သည့်အခါ ရီဖူရှင်း၏ စိတ်တွင် အတွေးတစ်ချက်ပေါ်ပေါက်လာသည်။ ထိုသို့ဆိုလျှင် လင်းရှောင်နန်းတော်ကိုယ်တိုင်က နယ်မြေသခင်၏ အသုံးချခံဖြစ်နေသည်များလား။

သူတို့က နယ်မြေသခင်လက်အောက်တွင် ထမ်းဆောင်နေသူများ ဖြစ်နိုင်သည်။

ယခင် လင်းဟယ်က မြူနှင်းဝေနတ်နန်းတော်မှ ချင်းချင်းကို လိုက်သောအခါ ထိုသည်မှာ ထိုအင်အားစုများကို စွမ်းအားကွန်ယက်သဖွယ် ပေါင်းစည်းလိုခြင်းကြောင့် ဖြစ်နိုင်၏။

လင်းဟယ်နှင့် ချင်းချင်း၊ နင်ဟွာနှင့် နတ်မိမယ်ထိုက်ဟွာ။

ပိုပြီးတွေးလေ ပို၍ အထိတ်တလန့် ဖြစ်လာလေ ဖြစ်သည်။

ကိစ္စရပ်အားလုံးကို ထိန်းချုပ်နေသူမှာ တုန်းဟွာနယ်မြေသခင်ပင် ဖြစ်တော့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset