Switch Mode

အခန်း ( ၆၆၇ )

အမှုဆောင်ချုပ်ပိုင်

ချစ်ကြောက်ရိုသေမှု အပြည့်ဖြင့် အားပေးနေကြသည့် အသံများကြောင့် ပိုင်ရှောင်ချန်းမှာ ခံစားချက်ပေါင်းစုံ နိုးထလာတော့သည်။ သရဲကြီးဘုရင်၏ ဘုန်းတန်ခိုးကြီးမားပုံကို သူ အနည်းငယ် မနာလိုဖြစ်နေပါသော်လည်း သူသည်လည်း အောင်မြင်မှုကြီးကြီးမားမား ရရှိလိုက်သည်ဖြစ်၍ စိတ်လှုပ်ရှားနေတော့သည်။

သူက သရဲကြီးဘုရင်ဘေးသို့ အလျင်အမြန်ပြေးသွားပြီး သစ္စာရှိအစေခံတစ်ယောက်အလား မတ်တတ်ရပ်ကာ သူပုန်များ ထပ်မံ လှုပ်ရှားလာမည်ကို စိုးရိမ်နေသည့် အမူအရာဖြင့် ဘေးဘီဝဲယာကို အကဲခတ်နေတော့သည်။

သူ၏လုပ်ရပ်များမှာ လွန်ကဲနေပါသော်လည်း မည်သူကမှ အထင်မြင်သေးသည့် အမူအရာနှင့် သူ့ကိုမကြည့်ကြပေ။ အများစုမှာ သူ့ကိုအားကျနေကြပြီး ပိုင်ရှောင်ချန်း၏ နေရာတွင် သူတို့ကိုယ်တိုင်ပင် ဖြစ်ချင်နေကြသည်။ ဤပိုင်ဟောက်ဆိုသောလူမှာ တဟုန်ထိုး ရာထူးမြင့်မားသွားတော့မည်ကို တွေး၍ သူတို့အားလုံးမှာ တုန်ရီနေကြတော့သည်။ သူသည် နဂါးတစ်ကောင်သို့ ပြောင်းလဲခံလိုက်ရသည့် လေပြေလေညင်းလေးတစ်ခုအလား အမြင့်ဆုံးအထိ တက်လှမ်းပျံသန်းတော့မည်သာ ဖြစ်သည်။

ပုန်ကန်မှုတွင် မပါဝင်ခဲ့သည့် ကောင်းကင်မြို့စား လေးယောက်မှာ ယခုတွင် ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါသည့် အကြည့်များဖြင့် ကြည့်နေကြတော့သည်။ နယ်စားကြီး သေမင်းအော်သံ ပင်လျှင် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းများချနေပြီ ဖြစ်သည်။ ယခုအခါ သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်းကို အလွန်ဂရုစိုက်နေပြီဖြစ်ကြောင်းကို သူက သိလိုက်လေသည်။

သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း အပိုလုပ်ကာ ကာကွယ်ပေးရန်လုပ်နေသည်ကို သတိထားမိလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ပေါ်မလာပါသော်လည်း စိတ်ထဲတွင်မူ ငိုရမလို ရယ်ရမလို ဖြစ်နေတော့သည်။ ယခု သူ၏ကျင့်ကြံခြင်းအခြေခံသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်ရာ ဤပိုင်ဟောက်ဆိုသူမှာ ယခင်ကနှင့် လုံးဝမတူတော့ပေ။

သူက ခေါင်းခါကာ အမိန့်ပေးလိုက်လေသည်။
” ပိုင်ဟောက်ရေ ဒီက ကိစ္စရေးရာတွေ မင်းပဲရှင်းလိုက်တော့။ နယ်စားကြီး သေမင်းအော်သံ မင်းက ငါနဲ့လိုက်ခဲ့ ”

ထိုသို့ဆိုကာ သူက တော်ဝင်နန်းတော်ထဲရှိ ခန်းမကြီးဆီသို့ ဦးတည်သွားတော့သည်။

” အမိန့်အတိုင်းပါ အရှင်မင်းမြတ် ”
ပိုင်ရှောင်ချန်းက ရုတ်တရက် ရရှိလိုက်သည့် သူ၏အာဏာအသစ်ကြောင့် ကျေနပ်နေသဖြင့် ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

နယ်စားကြီး သေမင်းအော်သံ မှာမူ သက်ပြင်းချလိုက်တော့သည်။ သူ၏လက်ကိုဝှေ့ယမ်းကာ တိတ်ဆိတ်နေသည့် နယ်စားကြီး ဝိညာဥ်လောက ကို သူနှင့်အတူဆွဲခေါ်သွားတော့သည်။ ထိုစဥ် ပိုင်ရှောင်ချန်းသည် ထိုပုန်ကန်ခဲ့သည့်နယ်စားကြီးအား စူးစိုက်ကြည့်ကာ အန္တရာယ်ထပ်ပြုနိုင်၊မပြုနိုင် ချင့်ချိန်နေသည်ကို နယ်စားကြီး သေမင်းအော်သံက မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူသည် ပိုင်ဟောက်၏ ပုံကြီးချဲ့သရုပ်ဆောင်မှုများကို ရွံရှာသွားသည့်အလား စိတ်ထဲတွင် ကြိတ်ကာ မျက်နှာမဲ့နေတော့သည်။

သို့သော် ထိုအမူအရာကို အပြင်ပန်းမှာ ထုတ်မပြပေ။ သူက ပိုင်ရှောင်ချန်းကို ခင်မင်ရင်းနှီးစွာပြုံးပြလိုက်ပြီး တော်ဝင်နန်းတော်ထဲသို့ ပျံသန်းသွားတော့သည်။

ပိုင်ရှောင်ချန်းကမူ ကျေနပ်သွားသဖြင့် အခြားဘက်သို့ လှည့်ကြည့်လိုက်တော့သည်။ သူ၏နှလုံးသားထဲတွင် ထွက်ပေါ်လာသည့် ဂုဏ်ယူဝင့်ကြွားမှုများကို မထိန်းချုပ်နိုင်တော့သဖြင့် သူက စိတ်ထဲတွင်ကြိတ်၍ ရယ်မောလိုက်တော့သည်။

” ဟားဟားဟား။ ပိုင်ရှောင်ချန်းဆိုတဲ့ငါက တော်တော်ကို တော်တာပဲ။ နတ်အဆင့်ကျင့်ကြံသူတွေတောင် ငါ့ကို ရင်းရင်းနှီးနှီး ပြုံးပြနေရပြီ ”
ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်များတက်ကြွနေသဖြင့် လက်နှစ်ဖက်နောက်ပစ်ကာ သရဲကြီးရုပ်ထုအနီး လေပေါ်တွင်ပျံဝဲနေပြီး အောက်ဘက်ရှိလူများကို ငုံ့ကြည့်နေတော့သည်။

အနည်းငယ်ကြာသောအခါ သစ္စာရှိသည့် ကောင်းကင်မြို့စားကြီးလေးယောက်မှာ သူ့ထံသို့ ပျံသန်းသွားကြပြီး ဖားယားသည့် အပြုံးများဖြင့် တရိုတသေဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြတော့သည်။

” ညီလေးပိုင်ဟောက်က ထူးခြားလွန်းတဲ့ အရည်အချင်းတွေကိုပိုင်ဆိုင်ထားပြီး သူရသတ္တိနဲ့ ပြည့်စုံလွန်းတဲ့ သူရဲကောင်းတစ်ယောက်လို့ အစ်ကိုတို့ ကြားဖူးတယ်။ ဒါပေမဲ့ ဒီနေ့မှာ အဲဒီ ကောလာဟလတွေက မှားနေတာကို သိလိုက်ရပြီပဲ။ ညီလေးက သူရဲကောင်းတစ်ယောက်တင်မဟုတ်ပဲ လူတွေအကြားက နဂါးတစ်ကောင်ပါပဲ။ ကောင်းကင်အောက်မှာ ညီလေးကိုတုပနိုင်မဲ့လူ မရှိလောက်ဘူး။ ဒီမှာ ညီလေး။ အစ်ကို့ဆီမှာ အဆင့်ဆယ့်ငါးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ကျောက်စိမ်းလည်ဆွဲ တစ်ခုရှိတယ်။ မင်းကိုတစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ မင်းနဲ့ ဒီလည်ဆွဲက ရေစက်ပါတယ်ဆိုတာကို ငါအသေအချာပြောနိုင်တယ်။ ကျေးဇူးပြုပြီး ဒီလည်ဆွဲကို ယူလိုက်ပါ ”

” ဟုတ်တယ် ညီလေးပိုင်ဟောက်။ အဲဒီ နတ်အဆင့်သုံးယောက်နဲ့မင်းရဲ့ တိုက်ပွဲကြောင့် မြေရိုင်းဒေသတစ်ခွင်မှာ မင်းကနာမည်ကြီးသွားတော့မှာ။ ဗဟိုဧကရာဇ်ရဲ့ ပိုင်နက်ထဲမှာ မင်းနဲ့ယှဥ်နိုင်တဲ့ အထက်တန်းစားသူရဲကောင်း ဘယ်လောက်ရှိလဲဆိုတာကို မင်းသိလား ညီလေးပိုင်ဟောက်။ ငါပြောပြမယ်။ တစ်ယောက်မှမရှိဘူးကွ။ ညီလေးပိုင်ဟောက်က ဒီသရဲကြီးမြို့တော်ထဲမှာ စံအိမ်တစ်အိမ်မှ မရှိသေးဘူးမလား။ မပူပါနဲ့။ ငါမင်းအတွက် ပြင်ဆင်ပေးပြီးသွားပြီ။ ငါ့ရဲ့ လက်ဆောင်ကို မင်းယူလိမ့်မယ်လို့ ငါထင်ပါတယ် ”

” သစ္စာဖောက် နတ်အဆင့် ကျင့်ကြံသူသုံးယောက်ထဲမှာ ညီလေးပိုင်ဟောက်က နှစ်ယောက်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်လိုက်ပြီး အခြားတစ်ယောက်ရဲ့ အပြင်ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်လိုက်တာပဲ။ ညီလေးပိုင်ဟောက်ရေ။ ညီလေးက မြေရိုင်းဒေသထဲမှာ နံပါတ်တစ် လက်ရွေးစင်ပါပဲ။ ငါ့အထင် ဒီမှော်ပစ္စည်းကိုသုံးဖို့ ထိုက်တန်တဲ့လူက မင်းတစ်ယောက်ပဲရှိမယ်ထင်တယ် ”

ကောင်းကင်မြို့စား လေးယောက်စလုံးမှာ လက်ဆောင်များပေးကမ်းကာ ဖားယားနေကြသည်။ အခြားသောအခြေအနေများတွင် သူတို့သည် ဤသို့ဆောင်ရွက်ဖို့ စိတ်ကူးထဲပင် ထည့်မည်မဟုတ်သော်လည်း ယခုတွင်မူ သူတို့အားလုံးမှာ စိုးရိမ်နေကြပြီး ပိုင်ဟောက်နှင့် ခင်မင်ရင်းနှီးမှုကို ရယူထားလိုကြသဖြင့် သူတို့ပါးစပ်မှ ဖားယားနေသည့်စကားများမှာ အဆက်မပြတ်ထွက်လာနေတော့သည်။

” အာ၊ အဲဒီလောက်လည်း ပုံကြီးမချဲ့ကြပါနဲ့ဗျာ ” ပိုင်ရှောင်ချန်းက ရယ်မောလိုက်သည်။
” ကျွန်တော်က ရှင်ဘုရင်မင်းမြတ်အတွက်ပဲ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒီပစ္စည်းတွေ မလိုပါဘူးဗျ ”
သူက ထိုသို့ ပျူပျူငှာငှာ စကားများဆိုနေသော်လည်း မြို့စားကြီးလေးယောက်ပေးသည့် လက်ဆောင်များကိုမူ တွေဝေတွန့်ဆုတ်ခြင်းအလျဥ်းမရှိဘဲ ယူနေသည်သာ ဖြစ်သည်။

သူက လက်ဆောင်များကို လက်ခံယူနေသည်ကို မြင်လိုက်ရသောအခါမှ ကောင်းကင်မြို့စားကြီးလေးယောက်မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူတို့မှာ ခင်မင်ရင်းနှီးသည်အထိ သူ့ကိုချီးကျူးခန်းများ ဖွင့်နေတော့သည်။ သူတို့သည် လက်ဆောင်များ ပေးနေရုံသာမက သူတို့၏နေအိမ်များသို့ လာလည်ရန်ပါ ဖိတ်ကြားလိုက်သေးသည်။

ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ ကျေနပ်လွန်းနေသဖြင့် စုတ်သပ်ကာ သူတို့နှင့် အနည်းငယ် စကားစမြည် ပြောဆိုလိုက်လေသည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ခါယမ်းကာ သရဲကြီးဘုရင်၏ နာမည်ကိုသုံးကာ ပုန်ကန်သူ ကောင်းကင်မြို့စား ခြောက်ယောက်ကို မိစ္ဆာအကျဥ်းထောင်ထဲသို့ ပို့ရန်အမိန့်ချလိုက်တော့သည်။

ထို့နောက်သူက ပုန်ကန်မှုထဲတွင် အချက်ချသည့် နေရာမှ ပါဝင်ခဲ့သည့် လူများကိုလည်းအကျဥ်းချကာ မြို့တော်ထဲတွင် အေးချမ်းသာယာမှုပြန်ရစေရန် ဆောင်ရွက်လိုက်သည်။ မြို့တော်ထဲရှိ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ပြုပြင်ကာ မျိုးနွယ်စုကြီးသုံးစုထံသို့ တပ်ဖွဲ့များကို စေလွှတ်၍ အဝင်အထွက် ပိတ်စေလိုက်တော့သည်။

ထိုကိစ္စတိုင်းမှာ ချောချောမွေ့မွေ့ ပြီးမြောက်သွားသည်မဟုတ်သော်လည်း ပြဿနာကြီးကြီးမားမားလည်း မဖြစ်ခဲ့ပေ။ ထိုအရာများကို ပြီးစီးအောင် လုပ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ပြည်သူလူထု၏ ငြိမ်ဝပ်ပိပြား ရေးအတွက် မြို့စောင့်တပ်များကို နေရာပြန်ချလိုက်လေသည်။ ထို့နောက် သူက ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် အစောင့်တစ်ယောက်အလား တော်ဝင်နန်းတော်၏ ခန်းမကြီးရှေ့တွင် နေရာယူလိုက်တော့သည်။ ထိုအချိန်တွင် သရဲကြီးဘုရင်နှင့် နယ်စားကြီး သေမင်းအော်သံ တို့ သီးသန့်အစည်းအဝေးပွဲလုပ်နေသည်မှာ အနည်းငယ်ခန့် ကြာသွားပြီဖြစ်သည်။ ထိုအချက်ကိုကြည့်၍ နယ်စားကြီး သေမင်းအော်သံသည် သရဲကြီးဘုရင်အပေါ် သစ္စာရှိကာ သူ့ဘက်မှနေ၍ တိုက်ခိုက်ပေးခဲ့သည့် တစ်ဦးထဲသော နတ်အဆင့်ကျင့်ကြံသူဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းက သိလိုက်တော့သည်။ သို့သော် ထိုအချက်ကြောင့် သူက ပို၍ သတိထားလာတော့သည်။

” နယ်စားကြီး သေမင်းအော်သံက ငါ့ထက်အဆင့်ပိုမြင့်တဲ့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ဆီကနေဆိုရင် သရဲကြီးဘုရင်ရဲ ယေဘုံယျစိတ်နေစိတ်ထားကို ငါသိနိုင်လောက်မယ်ထင်တယ် ”

ထိုနေရာတွင် သူ စောင့်နေစဥ် ညသို့ရောက်သွားတော့သည်။ အဆုံးတွင် နယ်စားကြီး သေမင်းအော်သံမှာ ခန်းမကြီးထဲမှ စိတ်လှုပ်ရှားနေသည့် အမူအရာများ ကျန်ရှိနေသေးသည့် မျက်နှာထားဖြင့် ထွက်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့ထံသို့ အပြေးသွားကာ တရိုတသေ လက်ယှက်လိုက်တော့သည်။

” မင်္ဂလာပါ နယ်စားကြီး သေမင်းအော်သံ ”

နယ်စားကြီး သေမင်းအော်သံမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပိုင်ရှောင်ချန်း ဦးမညွှတ်နိုင်ခင်မှာပင် ဆိုလိုက်လေသည်။
” ဒီလို အရိုအသေတွေ ပေးနေဖို့ မလိုပါဘူး၊ အမှုဆောင်ချုပ်ပိုင်ရေ။ ဒီကနေ့ မင်းက ကြီးမားမြင့်မြတ်တဲ့ တာဝန်ကြီးတစ်ခု ထမ်းဆောင်ခဲ့တာဆိုတော့ မင်းရဲ့ အခွင့်အလမ်းတွေအများကြီး ပွင့်သွားပြီ။ သရဲကြီးမြို့တော်ထဲက ပုန်ကန်မှုကို အခုမှ နှိမ်နင်းပြီးတာဆိုတော့ လုပ်စရာအလုပ်တွေ အများကြီး ကျန်သေးတယ်။ မင်းနဲ့ငါနဲ့က အနာဂတ်မှာ အလုပ်တူတူတွဲလုပ်ရမှာ အမှုဆောင်ချုပ်ပိုင်။ နောက်ကျရင်ဆွေးနွေးစရာတွေလည်း အများကြီးကျန်သေးတယ် ”

ပိုင်ရှောင်ချန်းက အမှုဆောင်ချုပ်ဟု အခေါ်ခံလိုက်ရသောအခါ အနည်းငယ် ကြောင်အန်းအန်း ဖြစ်သွားတော့သည်။ သို့သော် သူက နယ်စားကြီး သေမင်းအော်သံနှင့် တစ်ခဏမျှ ယဥ်ကျေးပျူငှာစွာ စကားစမြည်ပြောလိုက်နိုင်သေးသည်။ ထို့နောက် ထိုလူကြီးမှာ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်မှသာ ပိုင်ရှောင်ချန်းသည် စိတ်အေးသွားပြီး သက်ပြင်းချလိုက်တော့သည်။ ထိုအခါတွင် သရဲကြီးဘုရင်က သူ့ကို ခန်းမထဲသို့ ဆင့်ခေါ်လိုက်တော့သည်။

စိတ်ဓာတ်များ တက်ကြွနေသည့် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူကာ အတွင်းသို့ ပြေးဝင်သွားတော့သည်။ ပလ္လင်ပေါ်တွင် ဟိတ်ဟန်အပြည့်ဖြင့် ထိုင်နေသော လေးစားကြောက်မက်ဖွယ်ကောင်းသည့် သရဲကြီးဘုရင်ကို မြင်လိုက်ရသောအခါ သူက လျင်မြန်စွာပင် တရိုတသေ ခေါင်းငုံ့လိုက်တော့သည်။

” မြို့ထဲမှာ အခြေအနေဘယ်လိုရှိနေလဲ ” သရဲကြီးဘုရင်က မေးလိုက်လေသည်။

သူ၏ မျက်ဝန်းများမှာ လျှပ်စီးများအလား တောက်ပနေသည့်အတွက် ပိုင်ရှောင်ချန်းမှာ အလွန်စိုးထိတ်နေရတော့သည်။ သူက လက်ကို အလျင်အမြန်ယှက်ကာ အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်လေသည်။
” ပုံမှန်အတိုင်းဆိုရင် သရဲကြီးမြို့တော်ထဲက ရှုပ်ထွေးမှုတွေကို တည်ငြိမ်အောင် လုပ်ဖို့ဆိုတာ တော်တော်ခက်မှာပါ။ ဒါပေမဲ့ အရှင်က ကောင်းကင်အောက်မှာ အတုမရှိလောက်အောင် အမြော်အမြင်ကြီးမားပြီး စွမ်းအားကြီးမားနေေတာ့ အရှင့်ဆီက စကားတစ်ခွန်း၊အကြည့်တစ်ချက်က ကောင်းကင်ရဲ့ ဘုန်းတန်ခိုးတွေလိုပါပဲ။ လူတိုင်းက ကြောက်ရွံ့လေးစားနေရပြီး အရှင့်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရလို့ ခံစားရတဲ့ အံ့သြဖွယ်အရာတွေကို ပြန်တမ်းတနေကြတာ။ ပြည်သူတွေရဲ့ စိတ်ဆန္ဒက အရှင့်ဆီမှာပဲ ရှိနေတာ။ အဲဒါကြောင့် မြို့တော်ထဲက ကိစ္စရေးရာတွေကို ဖြေရှင်းရတာ ချောမွေ့လွယ်ကူခဲ့ကြောင်းပါ အရှင် ”

သူက ထိုသို့လျှောက်တင်ကာ သရဲကြီးဘုရင်၏ အမူအရာကို မသိမသာ အကဲခတ်နေတော့သည်။

ပုံမှန်ဆိုလျှင် သရဲကြီးဘုရင်၏မျက်နှာမှာ တည်ကြည်မှုအပေါင်းဖြင့် လွှမ်းခြုံနေသည့် မျက်နှာမျိုးဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ စကားများကို ကြားလိုက်ရပြီးနောက် သူ၏ပါးနှစ်ဖက်မှာ တွန့်သွားရပြီး ထိုတည်ကြည်မှုများမှာ ပျောက်ကွယ်သွားရတော့သည်။ ယခုတွင်မူ ဤပိုင်ဟောက်ဆိုသောသူသည် ဖားယားရသည်ကို အလွန်ခုံမင်သောသူဖြစ်ကြောင်း သူကသိသွားတော့သည်။

သို့သော် သူ၏စိတ်ထဲတွင်မူ ထိုစကားများကြားရသည်ကို နှစ်သက်နေတော့သည်။ ဤသို့သော စကားများကို ယခင်က သူ့အားမည်သူမှ မပြောခဲ့ဖူးသည် မဟုတ်ပါလော။

” ဒီလို အရေးမပါတဲ့ စကားတွေပြောပြီး မင်းရဲ့အင်အားတွေကို မဖြုန်းတီးပစ်နဲ့ ”
သူက ဆိုလိုက်သည်။
” မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်သိပ်မမြင့်သေးဘူး ပိုင်ဟောက်။ မင်းရဲ့ကျင့်ကြံခြင်းထဲမှာ အာရုံစိုက်ထားဖို့လိုတယ်၊ နားလည်လား ”
ပိုင်ရှောင်ချန်းမှာ သူ၏ ဝိညာဥ်သွေးစက်တစ်စက်ကိုသုံးကာ နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ကွက်တစ်ကွက်အား ထုတ်နိုင်ခဲ့သည့်အချက်ကို ပြန်တွေးမိလိုက်သောအခါ သူက အံ့သြနေရတော့သည်။

သရဲကြီးဘုရင်၏ မျက်နှာပေါ်ရှိ အမူအရာကိုမြင်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တော့သည်။
” မပူပါနဲ့ ရှင်ဘုရင်မင်းမြတ်။ အရှင့်ရဲ့ ကျင့်ကြံခြင်းအခြေခံက တုနှိုင်းမဲ့လှပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ အရှင့်ရဲ့ အသက်ရှူပုံကိုကြည့်ပြီး ကျွန်တော်မျိုး ဥာဏ်အလင်း ပွင့်ခဲ့ပါတယ်။ ပြီးတော့လည်း အရှင် အားအင်ပြန်လည်ပြည့်ဖြိုးလာတဲ့အချိန်မှာ စွမ်းအားကြီးလွန်းလို့ ကျွန်တော်မျိုး တအံ့တသြ ဖြစ်ခဲ့ရတဲ့အထိပါပဲ။ ကျွန်တော်မျိုးက နောက်ထပ်အဆင့်တစ်ခုတက်နိုင်အောင်လို့ မကြာခင်မှာ တံခါးပိတ်ကျင့်စဥ် စဖို့ တွေးနေတာပါ။ အရှင့်ကို မျက်နှာမပျက်စေရပါဘူး၊ ဒါပေမဲ့၊ အမ်း…. ကျွန်တော်မျိုးက လူအများကြီးကို ရန်ရှာထားမိတာလေ။ အဲဒီတော့ ကျွန်တော်မျိုး တံခါးပိတ်ကျင့်စဥ်ထဲရောက်နေတုံး ရန်သူတွေ ထွက်လာပြီး လက်စားလာချေမှာ ကြောက်ရပါတယ်ဘုရား ”

သူသည် ထိုစကားပြောပြီးသောအခါ သူ၏မျက်နှာအမူအရာကို မထိန်းချုပ်နိုင်တော့သည့်အလား စိတ်ပူနေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်တော့သည်။ သရဲကြီးဘုရင်က ထိုအမူအရာကို မြင်သောအခါ အနည်းငယ် မှင်တက်သွားတော့သည်။ သို့သော် ပိုင်ရှောင်ချန်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သူက ကောင်းကောင်းသိပေသည်။ သူကား ရာထူးအာဏာလိုချင်နေပေသည်။

” မင်း…. အာ ဘာပဲဖြစ်ဖြစ်။ နားထောင်ကွာ။ မင်းကအခု အမှုဆောင်ချုပ် ဖြစ်သွားပြီ ”
ထိုသို့ဆိုကာ သူကလက်ကိုဝှေ့ယမ်းလိုက်ကာ ထွက်သွားခွင့် ပြုလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ အမှုဆောင်ချုပ်ဖြစ်သွားကြောင်း သိလိုက်ရသော်လည်း ထိုရာထူး၏ အသေးစိတ်အချက်အလက်ကို မသိပေ။ သို့သော် သူက စိတ်လှုပ်ရှားနေပြီ ဖြစ်ပြီး အနည်းငယ် စိတ်သက်သာရာ ရနေပြီဖြစ်သည်။

“ အရှင်မင်းမြတ် ခင်ဗျာ။ ”
သူက လျင်မြန်စွာဆိုလိုက်သည်။
” မျိုးနွယ်စုကြီးသုံးစုက အရှင့်ကို ပုန်ကန်ရဲလောက်အောင် အတင့်ရဲပြီး ကျွန်တော်မျိုးကိုပါ သတ်ဖို့ကြိုးစားခဲ့တာ။ သူတို့က လူဆိုးတွေပါပဲဘုရား ”
သူ၏ စကားများကို ပို၍ ပီပြင်စေရန် သူက မျက်တောင်ပင် တဖျတ်ဖျတ်ခတ်ပြလိုက်သေးသည်။ ထိုမျိုးနွယ်စု သုံးစုအကြောင်း သူပြောနေရသည်မှာ သူတို့ကို တိုက်ခိုက်လို၍မဟုတ်ပဲ သရဲကြီးဘုရင်ကို သူတို့လက်ထဲမှလွတ်အောင် ထားခဲ့ရသည့် သူ၏လုပ်ဆောင်ချက်များကို မီးမောင်းထိုးပြလို၍ ဖြစ်သည်။

သရဲကြီးဘုရင်က ပိုင်ရှောင်ချန်းကိုကြည့်ကာ အေးစက်စက် နှာမှုတ်လိုက်တော့သည်။ သူက မည်သို့မျှဆက်မပြောတော့သော်လည်း သူ၏မျက်ဝန်းထဲရှိ အေးစက်သော အကြည့်ကိုမြင်နိုင်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မည်သည်ကိုမှဆက်မပြောတော့ပဲ ထွက်ခွာသွားတော့သည်။

ခန်းမ အပြင်ရောက်သောအခါ လေများတိုက်နေသဖြင့် သူသည်ကျောချမ်းသွားရပြီး စိတ်အေးသွားသည့်အမူအရာဖြင့် သက်ပြင်းချလိုက်တော့သည်။ စောစောက စကားစမြည်ပြောခြင်းမှာ ချောချောမွေ့မွေ့နှင့် ပြီးသွားသော်လည်း တချိန်လုံး သူ စိုးထိတ်နေခဲ့သည်။ သရဲကြီးဘုရင်မှာ စိတ်ပြောင်းလွယ်ပြီး အကဲခတ်ရ ခက်သည် မဟုတ်ပါလော။

” ဖားယားတာ အလုပ်ဖြစ်မှန်းတော့ သိလိုက်ရပြီ။ အခြား ဟန်ဆောင်တာတွေကိုတော့ တောင့်ခံရင်ခံနိုင်မယ်။ ပိုင်ရှောင်ချန်း ဖားယားတာကိုတော့ မရဘူးဟေ့။ ”
သူက တစ်ခဏမျှ မော့ကြည့်လိုက်ပြီး အနာဂတ်တွင် ထိုသို့ဆက်လုပ်သင့်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက် သူက ကောင်းကင်မြို့စားလေးယောက်နှင့် အခြားသူများက သူ့အား ဆက်ဆံခဲ့ပုံများကို ပြန်တွေးမိလိုက်သောအခါ အလွန်ပျော်ရွှင်သွားတော့သည်။

” သရဲကြီးဘုရင်ကိုသာ ပျော်အောင်ထားနိုင်ရင် မြေရိုင်းဒေသထဲက ဘယ်သူက ငါ့ကိုစိန်ခေါ်ရဲမှာတုံး။ ငါ့နောက်မှာ သရဲကြီးဘုရင် ရှိတယ်ကွ “

Comment

Leave a Reply

Options

not work with dark mode
Reset