အခန်း ( ၆၆၆ )

သစ္စာဖောက်တွေကို ခေါ်လာခဲ့ကြ

သရဲကြီးဘုရင်သည် ကျင့်ကြံခြင်းအခြေခံ ပြန်လည်ရရှိသွားပြီး သူ့ကို ပုန်ကန်သည့် နတ်သုံးပါးအနက် တစ်ယောက်ကို သတ်လိုက်ကာ အခြား နှစ်ယောက်ကို ဖမ်းထားလိုက်သည်။ ထိုအဖြစ်အပျက်များမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် မဟာမျိုးနွယ်စုကြီးသုံးစုမှာ တစ်ခုမှ မသိလိုက်ဘဲ သရဲကြီးမြို့တော်ရှိ ကောင်းကင်မြို့စားခြောက်ဦးဆိုလျှင် ပိုဆိုးသည်။

ယခုအခါ သရဲကြီးမြို့တော်ရှိ သစ္စာဖောက်များသည် ဖြစ်ပျက်လာမည့်အရာများကို သတိဝီရိယအပြည့်ဖြင့် ထိုင်၍ စောင့်ကြည့်နေကြ၏။ သရဲကြီးဘုရင်သာ သေသွားခဲ့လျှင် စိုးရိမ်စရာ ရှိမည်မဟုတ်ပေ။ သို့သော် သူက ပိုင်ဟောက်၏ကယ်တင်ခြင်း ခံလိုက်ရရာ သစ္စာဖောက်များ၏ ခေါင်းပေါ်တွင် ဓားများ ဝဲနေသည့်အလား ဖြစ်နေသည်။ သူတို့မှာ နတ်အဆင့်ခေါင်းဆောင်ကြီးများက သရဲကြီးဘုရင်ကို လိုက်ရှာ၍ အချိန်မီသတ်နိုင်ပါစေဟုသာ ဆုတောင်းနိုင်တော့သည်။

ပွင့်ပွင့်လင်းလင်း မပုန်ကန်သည့် လူများသည်လည်း ကြောက်လန့်တုန်ရီနေကြသည်။ပုန်ကန်ထကြွမှုတွင် မပါဝင်ခဲ့သည့်တိုင် သူတို့သည် သိသာထင်ရှားစွာပင် ဆန့်ကျင်ကန့်ကွက်ခြင်းမပြုခဲ့သည်မှာ ငြင်းဆို၍မရသောအချက်တစ်ချက်ဖြစ်ပေသည်။

မြို့တော်ထဲရှိ အဖွဲ့အစည်းတိုင်းမှာ ဖိအားများစွာ ခံစားနေရ၏။ ကျန်ရှိသော ဝိညာဉ်ကျင့်ကြံသူများအားလုံးမှာ သူတို့၏ အိမ်များတွင်သာနေ၍ နောက်ဆုံးမည်သို့ဖြစ်မည်ကို စောင့်ကြည့်နေကြသောကြောင့် လမ်းများသည်လည်း လူသူကင်းမဲ့လုနီးပါးဖြစ်နေသည်။

ကောင်းကင်မြို့စားခြောက်ဦး၏ စစ်တပ်များမှာ စိုးရိမ်ကြောက်လန့်မှုများဖြင့် ရင်တုန်နေကြသည့်တိုင် မြို့တော်ထဲတွင် နေရာလပ်မကျန်ရှာဖွေနေကြသည်။ လွတ်မြောက်သွားသော သရဲကြီးဘုရင်သည် နောက်ထပ်ကိုယ်ပွား ဟုတ်၊မဟုတ် မည်သူမှ တပ်အပ်မပြောနိုင်သည် မဟုတ်ပါလော။ သူ၏ ခန္ဓာကိုယ်အစစ် မြို့တော်ထဲ ပုန်းနေဦးမည်မှာ မဖြစ်နိုင်သော်လည်း သူတို့၌ ရွေးချယ်စရာမရှိပေ။

ကောင်းကင်မြို့စားခြောက်ဦးမှာမူ မြို့တော်တစ်နေရာရှိ ခန်းမကြီးတစ်ခုတွင် တင်းမာခက်ထန်သော အမူအရာများဖြင့် အစည်းအဝေးထိုင်နေကြ၏။ သို့သော် သူတို့က ထိုင်နေကြသည့်တိုင် စကားများ မပြောကြပေ။ အများစုသည် နတ်သုံးပါးထံမှ သတင်းများစောင့်ရင်း ကောင်းကင်ကိုသာ မော့ကြည့်နေကြသည်။

“သရဲကြီးဘုရင်က အင်မတန် အားနည်းနေတယ်။ ဟိုကောင် ပိုင်ဟောက်က ယုတ်မာပြီး ရက်စက်ပေမယ့်လဲ သူ့ ကျင့်ကြံခြင်းအခြေက နိမ့်လွန်းတယ်။ ဒီတစ်ကြိမ်တော့… သူသေချာပေါက်ရှုံးမှာပဲ”

” သရဲကြီးဘုရင်မှာ ဝိညာဉ်သွေးတွေ ရှိနေလို့သာပေါ့ကွာ”

သူတို့ကိုယ်သူတို့ မည်မျှပင် နှစ်သိမ့်နေသည့်တိုင် သူတို့၏ နှလုံးသားများထဲတွင် အကြောက်တရားများ ကြီးစိုးနေဆဲဖြစ်သည်။

ထိုအချိန်တွင် မြို့တော်နှင့် မဝေးလှသည့် နေရာတွင် တောင်ထိပ်နှစ်လုံးရှိသည်။ တောင်ထိပ်တစ်ခုစီတွင် အဘိုးအိုတစ်ယောက်စီ ထိုင်နေသည်။

တစ်ယောက်သည် နယ်စား ဝိညာဉ်လောက ဖြစ်ပြီး နောက်တစ်ယောက်သည်ကား နယ်စားသေမင်းအော်သံပင်။ သူတို့နှစ်ယောက်၌လည်း အကြောက်တရားများ ကိုယ်စီရှိကြပြီး ဖြစ်ပျက်လာမည်တို့ကို စိတ်လှုပ်ရှားစွာ စောင့်နေကြ၏။ သူတို့၏ ကံကြမ္မာသည် သူတို့လက်ထဲတွင် မရှိတော့ကြောင်း နှစ်ယောက်လုံးသိသည်။ သေခြင်း၊ရှင်ခြင်းနှစ်ရပ်လုံးသည် နတ်သုံးပါးနှင့် သရဲကြီးဘုရင်ကြား ဖြစ်ပျက်ခဲ့သည့်တို့ဖြင့် ဆုံးဖြတ်ခံရမည်ဖြစ်သည်။

အကယ်၍ မဟာမျိုးနွယ်စုကြီး သုံးစု၏ နတ်များ အောင်နိုင်ခဲ့လျှင် နယ်စားသေမင်းအော်သံ သည် ရွေးချယ်စရာမရှိဘဲ အညံ့ခံရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် …. ထိုအတိုင်းမဖြစ်ပါက နယ်စား ဝိညာဉ်လောကသည် ပို၍ပြင်းထန်သောအကျိုးဆက်များကို ခံစားရမည်ဖြစ်သည်။ ကောင်းကင်နယ်စားနှစ်ယောက်မှာ အတိုက်အခိုက်ရပ်လိုက်ကြပြီး တစ်ယောက်ကို တစ်ယောက် တစ်ခါတရံသာ စောင်းငဲ့ကြည့်နိုင်တော့သည်။ ယခု သူတို့နှစ်ယောက် တိုက်ခိုက်နေရသည့်ရည်ရွယ်ချက်မှာ အခြားတစ်ယောက် ဝင်ရောက်မလှုပ်ရှားနိုင်ရန်သာဖြစ်သည်။

မြို့တော်တွင် ပြင်းထန်သော ဖိအားများ ပြည့်နှက်နေပြီး လူတိုင်းမှာ စိုးရိမ်သောကရောက်နေကြသည်။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာ၏။ မကြာမီ ညနေခင်းရောက်သွားပြီး ကောင်းကင်သည် တိမ်တိုက်များသည် မီးတောက်နေသည့်အလား နီရဲနေသည်။ သို့ဖြစ်ရာ ရှိသမျှလူတိုင်း၏ နှလုံးသားများအပေါ် သက်ရောက်နေသည့် ဖိအားများမှာ ပို၍ အားကောင်းလာဟန်တူသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ အနီရောင်တိမ်တိုက်များ ပျောက်ကွယ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အမြင့်ဆုံးကောင်းကင်ဘုံမှ ဆင်းသက်လာဟန်တူသည့် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ထစ်ခြုန်းသံများ နေရာတစ်ခွင်လုံးပြည့်နှက်သွားလေသည်။

ဂျိန်းးးး

ကုန်းမြေရေပြင်များ ပြင်းထန်တုန်လှုပ်သွားကြပြီး မြို့တော်အတွင်းရှိ လူတိုင်းသည် အံ့သြတုန်လှုပ်ခြင်းများဖြင့် မော့ကြည့်လိုက်ကြသည်။ ကောင်းကင်မြို့စားခြောက်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် စကားတစ်ခွန်းမှ မပြောဘဲ ကောင်းကင်သို့သာ မောကြည့်လိုက်ကြသည်။

မနီးမဝေးရှိ နယ်စားသေမင်းအော်သံနှင့် နယ်စား ဝိညာဉ်လောကတို့သည်လည်း စိတ်လှုပ်ရှားခြင်း၊မျှော်လင့်ခြင်းများ ရောထွေးနေသည့် အမူအရာများဖြင့် မော့ကြည့်လိုက်ကြသည်။

ထို့နောက် နယ်စားဝိညာဉ်လောက မျက်နှာပျက်သွားပြီး သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့်အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ နယ်စား သေမင်းအော်သံ၏မျက်လုံးများမှာ ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ဝင်းလက်သွားပြီး ခေါင်းနောက်လှန်၍ အားပါးတရရယ်မောလိုက်သည်။

တစ်ယောက်က အံသြတုန်လှုပ်သွားသည်။ အခြားတစ်ယောက်က ပျော်ရွှင်ဝမ်းမြောက်သွား၏။ ထိုစဉ် အထက်မိုးကောင်းကင်ယံ၌ ဂျိန်းခနဲမိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဂျိန်း

၄င်းသည် ကမ္ဘာပေါ်ရှိ မည်သည့်အသံထက်မဆို ကျယ်လောင်နေဟန်တူပြီး ၄င်းအသံကြီးဟိန်းထွက်လာစဉ် မြို့သူမြို့သားများသည် ခေါင်းများ ချာချာလည်သွားသည့်အလား ခံစားလိုက်ကြရ၏။ သူတို့ မော့ကြည်လိုက်သည်တွင် ကောင်းကင်ကို ခွင်း၍ပေါ်ပေါက်လာသော ဧရာမအက်ကြောင်းကြီးတစ်ခုကို မြင်လိုက်ရသည်။

၄င်းသည် အဆုံးတစ်ဖက်မှ အခြားတစ်ဖက်အထိ မီတာ သုံးထောင် တိတိရှိသည်။ မမြင်ရသော ဧရာမဓားကြီးက လေထုကိုထက်ပိုင်းခွဲချလိုက်သည့်အလားဖြစ်ပြီး အတွင်းထဲမှ အနက်ရောင်လေများ ပေါ်ထွက်လာလေသည်။ ထို့နောက်….. လူနှစ်ယောက် ထွက်လာ၏။

ပထမတစ်ယောက်သည် တော်ဝင်ဘုရင်မင်းမြတ်ဖြစ်ပြီး မြွေနဂါးတစ်ကောင်နှင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူပေါ်လာသည်နှင့် တစ်ပြိုင်နက် အရာအားလုံး ပြင်းပြင်ထန်ထန်တုန်ခါလာပြီး လေထဲတွင် မရေမတွက်နိုင်သော မိုးထစ်ခြုန်းသံများ ပြည့်နှက်သွား၏။ သိသာထင်ရှားစွာပင် ထိူလူသည် ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို နင်းခြေပစ်နိုင်သည်အထိ အလွန်တရာ စွမ်းအားကြီးမားသည်။

သူ၏ မျက်လုံးများ၌ ကမ္ဘာပေါ်ရှိ အလင်းအားလုံးကို စုပ်ယူပစ်နိုင်သည့် စွမ်းရည်များ ပါဝင်နေဟန်တူရာ သူ့ဘေးပတ်လည်ရှိ အရာအားလုံး မှောင်မိုက်သွားပြီး အရောင်အဆင်းကင်းမဲ့သွားသည်။

လွန်ခဲ့သောအချိန်အနည်းငယ်က ဖိအားထက်များစွာသာလွန်သည့် နောက်ထပ်ဖိအားတစ်ခု မြို့ပေါ်သို့ သက်ရောက်လာလေသည်။ မြို့ထဲရှိ ဝိညာဉ်ကျင့်ကြံသူများအားလုံးတုန်ရီသွားပြီး တစ်နေရာရောက်သော် လူတိုင်း ပွက်လောရိုက်သွားတော့သည်။

” သရဲ…..သရဲကြီးဘုရင်”

“သရဲကြီးဘုရင် ပြန်လာပြီ”

” သရဲကြီးဘုရင်ကို ဂါဝရပြုပါတယ်”

ချက်ချင်းပင် ခန်းမကြီးထဲရှိ သစ္စာဖောက် ကောင်းကင်မြို့စားခြောက်ဦးသည် ဖြစ်ပျက်နေသည်တို့အား သိသွားကြ၍ သူတို့၏မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကြတော့သည်။ သူတို့မျက်နှာများ၌ စိတ်ပျက်အားငယ်မှုများနှင့်အတူ တွေဝေကြောက်လန့်သွားသော အမူအရာများကို မြင်နိုင်သည်။

သူတို့ ရှုံးနိမ့်သွားလေပြီ၊ မရှုမလှ ရှုံးနိမ့်သွားခဲ့ချေပြီ။

သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ထည့်စဉ်းစားလိုက်ပါက တစ်ချက်ကလေးကြည့်လိုက်ရုံဖြင့် သရဲကြီးဘုရင် လုံးဝသက်သာသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သည်။ သူတို့သည် မဟာမျိုးနွယ်စုကြီးသုံးစုမှ နတ်အဆင့်ခေါင်းဆောင်ကြီး၏ ကံကြမ္မာများနှင့် သူတို့၏အဆုံးသတ်များ မည်မျှမရှုမလှဖြစ်ခဲ့သည်ကို ကောင်းစွာ ခန့်မှန်းနိုင်သည်။

မြို့တော်တစ်ဝှမ်း ပင့်သက်ရှိုက်သံများကြားလိုက်ကြရပြီး မျက်လုံးပေါင်းများစွာသည် အနီးအနားလေထုထဲရှိ ထူးချွန်ပြောင်မြောက်သောလူထံမှ မခွာကြပေ။ ခမ်းနားကြီးကျယ်သော သရဲကြီးဘုရင်အပြင်… ပိုင်ရှောင်ချန်းလည်းရှိပေသည်။

သူက စိတ်လှုပ်ရှားမှုများပြည့်နှက်နေရင်း ထိန်းချုပ်၍အသက်ရှူလိုက်ကာ မြို့တော်ကို ငုံ့ကြည့်လိုက်သည်။ မကြာသေးမီက သူသည် လိုက်အသတ်ခံနေရသောကြောင့် မြို့ထဲတွင် ကြွက်တစ်ကောင်သဖွယ် ပြေးလွှားနေခဲ့ရသည်။ ယခုအခါ သူက ဂုဏ်ကျက်သရေအပြည့်ဖြင့် ပြန်လာခဲ့လေရာ အလွန်တရာ ဂုဏ်ယူ၍ ဘဝင်လေဟပ်နေတော့သည်။

ရုတ်တရက် သူက ရှေ့တက်လိုက်သဖြင့် သရဲကြီးဘုရင်အရှေ့ရောက်သွား၏။ သူက မြို့ကို ငုံ့ကြည့်ရင်း အော်ဟစ်လိုက်သည်။
” အားလုံးပဲ နားထောင်ကြ။ အထက်လူကြီးကို ပုန်ကန်ရဲတဲ့ မျိုးနွယ်စုခေါင်းဆောင်သုံးဦးကို သူတို့ရဲ့ ရာထူးအာဏာကနေ ဖယ်ရှားလိုက်တယ်။ အရှင်မင်းမြတ် ပြန်လာပြီလေ။ ခင်ဗျားတို့က ဘယ်တော့မှ ရှေ့တက်ပြီး ဂါဝရပြုဖို့ စဉ်းစားထားတာတုံး ”

သူ၏စကားလုံးများကြောင်း လူတိုင်းမှာ တုန်ရီသွားကြပြီး အချိန်တခဏအတွင်း မရေမတွက်နိုင်သော လူများ လေထဲပျံတက်လာကြကာ သရဲကြီးဘုရင်အား ဒူးထောက်အရိုအသေပေးကြတော့သည်။

” ကျွန်တော်မျိုး သရဲကြီးဘုရင်ကို အရိုအသေပေးပါတယ် ”

” ကျွန်တော်မျိုးမ သရဲကြီးဘုရင်ကို အရိုအသေပေးပါတယ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်ကျင့်ကြံသူအမြောက်အမြားပေါ်လာကြပြီး သူတို့အားလုံးက ဂါဝရပြုအရိုအသပေးလိုက်ကြသဖြင့် သူတို့၏ အော်ဟစ်သံများသည် တစ်ခဲနက်ဟစ်ကြွေးသံအဖြစ် ပေါင်းစည်း၍ အမြင့်ဆုံးဘုံအထိ ထိုးတက်သွားတော့သည်။

ကောင်းကင်မြို့စားခြောက်ဦးမှာမူ လူသေကောင်ကဲ့သို့ မျက်နှာများ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူတို့၏ မျက်လုံးများတွင် စိတ်ပျက်ခြင်းများ ပြည့်နှက်နေတော့သည်။ သူတို့မှာ ထွက်ပြေးလွတ်မြောက်ရန်သော်လည်းကောင်း၊ တန်ပြန်တိုက်ခိုက်ရန်သော်လည်းကောင် မျှော်လင့်ချက်တစ်ခုမှ မရှိကြောင်း သိထားကြရာ ဒူးထောက်လိုက်ကြရတော့သည်။

ပုန်ကန်စဉ်အတောအတွင်း မည်သို့မျှမလုပ်ခဲ့သည့် ကောင်းကင်မြို့စားလေးဦးမှာမူ ဂါဝရပြုရန် စိတ်လှုပ်ရှားရင်း ထိတ်လန့်ခြင်းများအပြည့်ဖြင့် တုန်တုန်ရီရီပေါ်လာကြသည်။ တချိန်တည်းမှာပင် ခပ်ဝေးဝေးမှ အလင်းတန်းနှစ်တန်းသည်လည်း မြို့တော်ထံတဟုန်ထိုး ဦးတည်လာနေ၏။

သူတို့မှာ နယ်စား သေမင်းအော်သံနှင့် နယ်စား ဝိညာဉ်လောက တို့ဖြစ်ကြသည်။ နယ်စား သေမင်းအော်သံမှာမူ စိတ်လှုပ်ရှားစွာ လက်ယှက်၍ ရိုသေလေးမြတ်စွာ ဂါဝရပြုလိုက်သည်။

” ဂါဝရပြုပါတယ် အရှင်မင်းကြီး ” သူကပြောသည်။

ထိုသည်နှင့် ဆန့်ကျင်ဘက် နယ်စား ဝိညာဉ်လောကမှာ အလွန်အမင်း စိုးရိမ်သောကရောက်နေချေသည်။ သို့သော်လည်း သူက သုတ်ချေတင်ပြေးရန် မကြိုးစားပေ။ ထိုလုပ်ရပ်သည် အချည်းနှီးဖြစ်ပြီး သေခြင်းကိုသာဦးတည်နေမည်ဖြစ်ကြောင်း သူသိသည်။ ထွက်မပြေးမှသာလျှင် အသက်ရှင်နိုင်ခြေအနည်းငယ်ရှိပေဦးမည်။ သူက ဖြူဆုပ်နေသည့် မျက်နှာဖြင့် ဒူးထောက်လိုက်သည်။

ရိုသေလေးစားစွာ ဂါဝရပြုသံများ ထွက်ပေါ်သောကြောင့် မြို့တော်ထဲတွင် အုတ်အုတ်ကျက်ကျက်အသံများပြည့်နှက်သွားတော့သည်။

သရဲကြီးဘုရင်က ခံစားချက်မဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။ စကားတစ်ခွန်းမှာ မပြောဘဲ သူက အေးစက်သော မျက်လုံးများဖြင့် မြို့တော်ကို စစ်ဆေးကြည့်ရှုနေသည်။ အမှန်တွင် သူ မည်သို့မျှ ပြောနေရန်မလိုပေ။ သူ၏ တည်ရှိမှုလေးကပင် ပုန်ကန်ခြင်းတွင်ပါဝင်သည့် မည်သည့် သစ္စာဖောက်များကိုဆို နင်းခြေပစ်နိုင်သည်။

ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည့် မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေသော်လည်း သရဲကြီးဘုရင်က သူ၏ဂုဏ်သိက္ခါကို မည်သို့ ထိန်းသိမ်းရန်လိုကြောင်းကိုလည်း မမေ့ပေ။ သူ့ကို တိတ်တခိုးကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက နောက်ထပ်မည်သို့ဆက်လုပ်မည်ကို ဆုံးဖြတ်ချက်ချလိုက်သည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ရင်း မြို့တော်ထဲရှိ လူအုပ်ကို ငုံ့ကြည့်ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
” သစ္စာဖောက်တွေ ခေါ်လာခဲ့ ”

သူက ချက်ချင်းပင် သူ၏စကားလုံးများ မည်မျှပြတ်သားပြီး ကြေက်မက်ဖွယ်ကောင်းကြောင်း တွေးကာ ကျေနပ်ပီတိဖြစ်နေတော့သည်။ တုံ့ပြန်သည့်အနေဖြင့် ပုန်ကန်အုံကြွမှုတွင် မပါဝင်သည့် ကောင်းကင်မြို့စားလေးဦးသည် အပြစ်ရှိမြို့စားခြောက်ဦး၏ ကျင့်ကြံခြင်းအခြေခံကို အလျင်အမြန်ချုပ်နှောင်လိုက်၏။

အပြစ်သား မြို့စားခြောက်ဦးသည်လည်း တန်ပြန်မတိုက်ခိုက်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ့င် သူတို့အားလုံးသည် ဒူးထောက်လျက် မလှုပ်နိုင်ကြတော့ပေ။ နယ်စား သေမင်းအော်သံ ကမူ လက်ညှိုးတစ်ချက်ဝှေ့၍ နယ်စားဝိညာဉ်လောက၏ ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်လိုက်ရာ ထိုလူမှာ ခါးသီးနာကြည်းလျက်သာကြည့်နေနိုင်တော့သည်။

ကောင်းကင်မြို့စားခြောက်ဦး၏ လက်အောက်ခံများသည်လည်း ထွက်မပြေးနိုင်ကြ၍ မကြာမီ အခြားလေးဦး၏ တပ်ဖွဲ့များ ဝန်းရံခြင်းခံရကာ အဖမ်းခံလိုက်ကြသည်။

သရဲကြီးဘုရင်သည် ထိုကိစ္စများအားလုံးအား အေးစက်သော မျက်လုံးများဖြင့် ကြည့်နေလေသည်။ ထို့ထက်မပိုပေ။ စိတ်ထဲတွင်တော့ သူက ပိုင်ရှောင်ချန်း ကိုင်တွယ်နေပုံအား သဘောကျကျေနပ်နေတော့သည်။ သူက ရှေ့သို့လှမ်းလိုက်ရာ သရဲကြီးရုပ်တုရှိခဲ့သည့်နေရာတွင် ပေါ်လာ၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ လှိုင်းဂယက်များထလာပြီး အချိန်နောက်ပြန်သွားနေသည့်ပုံပေါ်နေသည်။ ကျိုးပဲ့နေသည် ကျောက်တုံးကျောက်ခဲများက လေထဲပြန်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရုပ်တုကြီး ပြန်လည်ဖြစ်ပေါ်သွားသည်။

တော်ဝင်နန်းတော်နှင့် ခန်းမဆောင်ကြီးသည် နေသားတကျပြန်ဖြစ်သွားပြီး ရုပ်တုရှိ အပျက်အစီးများအားလုံး ပျောက်ကွယ်သွားလေသည်။ အချိန်တိုအတွင်း…. သရဲကြီးရုပ်တုနှင့် တော်ဝင်နန်းတော်သည် ဘယ်တုန်းကမှဖျက်စီးမခံလိုက်ရသည့်အလား ပြန်လည်ဖြစ်တည်သွား၏။

” ငါပြန်လာပြီ”
သရဲကြီးဘုရင်က ပြန်ရောက်သည့်အချိန်မှစ၍ သူ၏ပထမဆုံး စကားလုံးများကို ပြောလိုက်သည်။

“သရဲကြီးဘုရင် ပြန်ရောက်လာပြီ”

“သရဲကြီးဘုရင်”

“သရဲကြီးဘုရင်”

တုံပြန်သည့်အနေဖြင့် မရေမတွက်နိုင်သော အသံများသည် တစ်ခဲနက် ဟစ်ကြွေးသံကြီးတစ်ခု အဖြစ်ပေါင်းစည်းသွားကြသည်။ ပိုင်ရှောင်ချန်း၏အသံကိုမူ ထိုအသံများအားလုံးကို ဦးဆောင်နေသည့်အလား လူအုပ်ထဲမှ ကြားနေရတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset