အခန်း ( ၆၆၄ )

ကစားပွဲ၏အဆုံးသတ်

” ကစားပွဲ ပြီးပြီ ”

ရေခဲတမျှအေးစက်နေသည့် စကားသံကြီး ထွက်ပေါ်လာတော့သည်။ သူက ထိုစကားလုံးငါးလုံးမျှသာ ပြောလိုက်သည် ဖြစ်သော်လည်း သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ရှိသော ကောင်းကင်ဘုရင်တစ်ပါး မဟုတ်ပါလော။ သူ၏စွမ်းအင်များကို ကောင်းကင်နှင် ကမ္ဘာမြေကြီးတို့ပင်လျှင် တောင့်မခံနိုင်ပဲ အထက်ကောင်းကင်ယံတွင် အနက်ရောင်တိမ်တိုက်များပင် တလိပ်လိပ်ပေါ်ထွက်လာတော့သည်။ ထိုဖိအားကြီးကြောင့် နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်မှာ တုန်ရီစပြုလာတော့သည်။ သရဲကြီးဘုရင်မှာ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်ကိုပင် မထုတ်ရသေးပေ။ သူ၏ ခြိမ်းခြောက်မှုအပြည့်ပါသော အကြည့်လေးနှင့်ပင် ခေါင်းဆောင်ကြီးသုံးယောက်မှာ ကတုန်ကရီ ဖြစ်ကုန်ကြသည်။

ထိုသူကား သရဲကြီးဘုရင်ပင် ဖြစ်သည်။

ယခုလက်ရှိတွင် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ အရာအားလုံးကို ဖယ်ရှားနိုင်လောက်သည့်အထိ စွမ်းအားကြီးမားနေပြီ ဖြစ်သည်။ ရှိရှိသမျှ အရာအားလုံးမှာ သူ၏ရှေ့တွင် ငြိမ်သက်တိတ်ဆိတ်စွာ ဦးညွှတ်ရတော့မည်သကဲ့သို့ ဖြစ်နေကြသည်။

ထိုအကြောင်းအရင်းမှာ သူကား နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

ထိုအကြောင်းအရင်းမှာ သူကား မြေရိုင်းဒေသ၏ ကောင်းကင်ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်နေသောကြောင့်ပင်။

ထိုအကြောင်းအရင်းမှာ သူကား သရဲကြီးဘုရင် ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

သူက ပိုင်ရှောင်ချန်းရှေ့တွင်ရပ်ကာ ကောင်းကင်ကြီးကိုပင် ပင့်တင်ထားနိုင်လောက်သည့် သူ၏ ညာလက်ကို ဖြေးညင်းစွာ ဆန့်ထုတ်လိုက်လေသည်။ ချက်ချင်းပင် ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ နတ်ဘုရားစွမ်းရည်မှာ ပျောက်ပျက်သွားတော့သည်။ သရဲကြီးဘုရင်၏ မီတာသုံးရာပတ်လည်ရှိ နေရာတစ်ဝိုက်မှာ ထိုစွမ်းရည်၏ တိုက်ခိုက်မှုကို မခံစားလိုက်ရပေ။

သရဲကြီးဘုရင်၏ ခန္ဓာကိုယ်မှာ အဘိုးကြီးတစ်ယောက်၏ ခန္ဓာကိုယ်မှ လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ သူ၏ဆံပင်အဖြူများမှာ ပြန်၍နက်မှောင်လာပြီး သူ၏မျက်နှာပေါ်ရှိ အရေးကြောင်းများမှာ ပျောက်ကွယ်သွားကြတော့သည်။ သူ၏ ခြောက်ကပ်ကာတွန့်လိမ်နေသည့် ခန္ဓာကိုယ်မှ အသားများပြန်ပြည့်လာပြီး မျက်စိတစ်မှိတ်အတွင်း သူ၏မျက်နှာပေါ်တွင် ရွာတော့မည့်မိုးပမာ အုံ့မှိုင်းမည်းမှောင်နေသည့် အမူအရာတစ်ခု ပေါ်လာတော့သည်။

သူ၏ ဦးခေါင်းပေါ်တွင် တော်ဝင်သရဖူတစ်ခု ပေါ်လာပြီး မြွေနဂါးရုပ်ပုံ ထိုးထားသည့် ခရမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းလျက် ဖြစ်နေတော့သည်။ ယခုတွင်မူ သူသည် ကမ္ဘာပေါ်ရှိ အရာရာတိုင်းထက် ပို၍ခန့်ညားမြင့်မြတ်နေသည့် ပုံစံ ဖြစ်သွားတော့သည်။

ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ တုန်ရီနေပြီး သူ၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေတော့သည်။ တချိန်ထဲမှာပင် သူ၏စိတ်နှလုံးကို ကမ္ဘာကြီးကိုပင် အေးခဲသွားစေနိုင်လောက်သည့် ရေခဲတမျှအေးစက်သော ခံစားချက်ကြီးက ဖုံးလွှမ်းသွားတော့သည်။

ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာလည်း ထိုနည်းတူပင်။ သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် အသက်ရှူသံများ မြန်လာပြီး သူနှင့် သူ၏မျိုးနွယ်စုကို အစအနမကျန်အောင် ဖျက်စီးပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးမားသော ပင်လယ်တစ်စင်း၏ အောက်ခြေတွင် နစမြုပ်နေသည့်အလား ခံစားလိုက်ရတော့သည်။

ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးကမူ ယင်ယန်နတ်တစ်ပါး ပုံစံအဖြစ်နှင့်သာ ရှိနေသည်။ သူသည်လည်း တုန်လှုပ်နေသည်ဖြစ်ပြီး သူ့ထံတွင် ဖိအားများကို ခံနိုင်သည့် ခန္ဓာကိုယ်တစ်ခုရှိမနေသဖြင့် သူ၏ ယင်ယန်ဝိညာဥ်ပေါ်တွင်သာ ထိုဖိအားများက သက်ရောက်နေသည်ဖြစ်ရာ ၎င်းမှာ တွန့်လိမ်ကောက်ကွေးလာတော့ည်။ သူသည် စိတ်ထဲတွင် ကြောက်ကြောက်လန့်လန့် အော်ဟစ်နေပြီး သူနှင့် အခြားခေါင်းဆောင်ကြီးနှစ်ယောက်မှာ သရဲကြီးဘုရင်ကို လျှော့တွက်မိခဲ့ပြီဖြစ်ကြောင်း သိလိုက်တော့သည်။

သူသည် ပြန်လည် အားအင်ပြည့်ဖြိုးလာရန် သုံးလမဆိုထားနှင့် တစ်လပင်မလိုပေ။ သေသေချာချာတွက်ကြည့်ပါက လတစ်ဝက်ပင်လိုသည်မဟုတ်ပေ။ ငါးရက်အတွင်း သူက အကောင်းပတိပြန်ဖြစ်သွားခဲ့သည်။

ပုန်ကန်မှု စတင်သည့်နေ့ရက်မှစ၍ ယခုအထိ ငါးရက်မျှသာ ကုန်ဆုံးသွားသေးသည်ဖြစ်သော်လည်း ထိုအချိန်အတောအတွင်း သရဲကြီးဘုရင်သည် နဂိုအတိုင်း အကောင်းပတိ ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ယခုတွင် အရာအားလုံးကို နားလည်သွားတော့သည်။ သရဲကြီးဘုရင်၏ ကိုယ်ပွားမှာ အထင်မြင်သေးသည့် အရိပ်အယောင်များ ပြည့်နှက်နေသည့်မျက်ဝန်းများဖြင့် တော်ဝင်နန်းတော် အပျက်အစီးများ၏ အထက်တွင်ပျံဝဲကာ တစ်ခွန်းထဲသော စကားကို ပြောခဲ့သည့်ပုံရိပ်ကြီးကို သူက ပြန်လည်မြင်ယောင်မိနေသည်။

ဤအရာများအားလုံးမှာ သရဲကြီးဘုရင်အတွက်မူ ကစားပွဲတစ်ခုထက် မပိုခဲ့ပေ။

ပိုင်မျိုးနွယ်စု နှင့် ချန်မျိုးနွယ်စုတို့၏ ခေါင်းဆောင်ကြီးများမှာလည်း ထိုစကားကို ပြန်လည်အမှတ်ရသွားပြီး သူတို့၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးတစ်ခုလုံးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်သွားတော့သည်။

သူတို့သည် ပုံမှန်ဆိုလျှင် လေပေါ်တွင်ရစ်ဝဲကာ ကောင်းကင်နှင် ကမ္ဘာမြေကြီးတို့ကိုပင် အထင်မြင်သေးသည့် အကြည့််များဖြင့် ကြည့်တတ်ကြသည့် လူစားများဖြစ်ကြသည်။ သို့သော် ယခုတွင်မူသူတို့သည် ပိုင်ရှောင်ချန်း၏ အရှေ့ရှိ လူကို ကြောက်ရွံ့တုန်လှုပ်မှုများဖြင့်သာ ငေးကြည့်နေရပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းကမူ ပါးစပ်အဟောင်းသားဖြင့် မတ်တတ်ရပ်လျှက် သူအသက်ရှင်နေသေးသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ သရဲကြီးဘုရင်သည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအင်အပြည့်ဖြင့် အမှန်တကယ် နိုးထလာပြီး နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်ကို အလွန်အမင်းတုန်လှုပ်သွားစေသည်မှာ အိပ်မက်တစ်ခုအလား ဖြစ်နေတော့သည်။

နောက်ထပ် မည်သို့ဆက်မည်ကိုလည်း သူကတွေးကာ စိုးရိမ်နေသည်။

” သရဲကြီးဘုရင် ငါ့ကိုအကောင်းမြင်ပြီး အရင်ကဖြစ်ခဲ့တာတွေကို ကျေအေးပေးလိုက်ဖို့ပဲ ဆုတောင်းရတော့မှာပဲ။ ငါ့ကို အငြိုးတေးတွေ မထားပါစေနဲ့ ”
ပိုင်ရှောင်ချန်းမှာ စိုးရိမ်စိတ်များနှင့် တုန်လှုပ်နေရင်း ကြိုးစား၍ မတ်တတ်ရပ်နေစဥ် လေထဲရှိ နတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်မှာ အမူအရာပေါင်းစုံဖြင့်် ငုံ့ကြည့်နေကြတော့သည်။ ထို့နောက် ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်သည့် အသံကြီးဖြင့် အော်ဟစ်ကာ ထွက်ပြေးရန် ပြင်လိုက်တော့သည်။

သူ့တွင် အခြားရွေးချယ်စရာ မရှိတော့သည် မဟုတ်ပါလော။ သူ၏မျိုးနွယ်စုတစ်ခုလုံး အစအနမကျန်အောင် ဖျက်ဆီးခံလိုက်ရမည် ဆိုလျှင်တောင် သူ့တွင်ထွက်ပြေးရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အသက်ရှင်နေပါက မျိုးနွယ်စုတစ်ခုကို ပြန်လည်တည်ထောင်နိုင်သည် ဖြစ်ပါသော်လည်း သေဆုံးသွားပါက ရှေ့ဆက်၍ရတော့မည် မဟုတ်ပေ။

သို့သော် သူတစ်ယောက်သာ ထိုသို့ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။ ပိုင်မျိုးနွယ်စု နှင့် ချိန်မျိုးနွယ်စု ခေါင်းဆောင်ကြီးနှစ်ယောက်မှာမူ ခါးသီးစွာဖြင့် သူတို့၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်များထုတ်ကာ သရဲကြီးဘုရင်ကို တိုက်ခိုက်ရန် ပြင်လိုက်ကြတော့သည်။

” မင်းတို့နှစ်ယောက်က သတ္တိတော့ နည်းနည်းရှိသားပဲ ”
သရဲကြီးဘုရင်က အမူအရာမပျက် ဆိုလိုက်သည်။ သူသည် တည်ကြည်စွာဖြင့် ပြောလိုက်သည် ဖြစ်သော်လည်း ထိုစကားသံများထဲတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် အပြစ်ပေးနိုင်လောက်သည့် ဖော်ပြ၍မရနိုင်သော ဖိအားများပါဝင်နေသည်။

သူသည် ညာဘက်လက်ကို အောက်သို့ပြန်မချပဲ လက်သီးဆုပ်လိုက်ကာ မားမားမတ်မတ်ရပ်၍ သူ့ဆီသို့ပျံသန်းလာနေသည့် နတ်အဆင့်ခေါင်းဆောင်ကြီးများထံသို့ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။

ထိုလက်သီးချက်သည် မှော်ပညာရပ်နှင့် နတ်ဘုရားစွမ်းရည်များ၏ အရိပ်အယောင်အနည်းငယ်ပင် မပါသည့် အသာအယာ လှုပ်ရှားမှု တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ထိုလက်သီးချက်ကြောင့် ထိုနေရာတစ်ခွင် မှောင်မိုက်သွားတော့သည်။ ဧရာမလေပွေကြီး တစ်ခု ရုတ်ချည်းပေါ်ထွက်လာသဖြင့် တစ်ကမ္ဘာလုံး ချာချာလည်နေသကဲ့သို့ ဖြစ်သွားသည်။ ထိုလေပွေကြီးမှာ ခေါင်းဆောင်ကြီးနှစ်ယောက်ကို ဝါးမျိုရန်အသင့်ဖြစ်နေသည့် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော ပါးစပ်ကြီးတစ်ပေါက်အလား ဖြစ်နေတော့သည်။

ကျယ်လောင်သော ထစ်ချုန်းသံများ ပေါ်ထွက်လာပြီး ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လဲပြိုတော့မည့်အလား ဖြစ်နေသဖြင့် သူ၏ပါးစပ်ထဲမှ စူးရှရှအော်ဟစ်သံ တစ်သံထွက်လာတော့သည်။ ထို့နောက် သူသည် ထိုဧရာမပါးစပ်ကြီးထဲသို့ စုပ်ယူခံလိုက်ရတော့သည်။ ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာလည်း စိတ်ပျက်လက်ပျက် ရယ်မောလိုက်ကာ လေပွေကြီးထဲသို့ ပျောက်ကွယ်သွားတော့သည်။

လက်သီးချက်တစ်ချက်မှာ နတ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ချက်ချင်းပင် အနိုင်ယူသွားသည်။ သူတို့နှစ်ယောက် စလုံးမှာ အစအနပင်မကျန်လောက်အောင် အနက်ရောင်ကျဥ်းကြီးထဲသို့ စုပ်ယူခံလိုက်ရပြီး သေသလား၊ ရှင်သလားကိုပင် တိတိကျကျ မသိနိုင်တော့ချေ။

ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏ နဖူးပေါ်တွင် ချွေးသီးများ စို့လာတော့သည်။ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်သည်ကို ယခင်က သူ တစ်ခါမှမမြင်ဖူးပေ။ ထိုအဆင့်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏကို စောစောက ဝိညာဥ်သွေးစက်ကြောင့် သူက ကြုံတွေ့ခဲ့ရဖူးပါသော်လည်း ယခုလို အပြည့်အဝ မျက်ဝါးထင်ထင် မြင်တွေ့ရသည်နှင့် လုံးဝမတူညီပဲ ကွဲပြားနေသည်။

ထို့ကြောင့် သူ၏ စိုးရိမ်မှုများမှာ ပို၍များပြားလာတော့သည်။ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူက ပြန်တွေးနေမိပြီး သရဲကြီးဘုရင်၏ မျက်နှာဖူးယောင်လာသည့်အထိ တစ်ကြိမ်သာမကပဲ ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် ဖျန်းခနဲမြည်အောင် ရိုက်ခဲ့သည်များကိုလည်း ပြန်လည် အမှတ်ရသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ကြိတ်၍ငိုကြွေးနေပြီ ဖြစ်ပြီး ထိုသို့ လုပ်ရဲခဲ့လောက်အောင် မည်သို့သော ထူးဆန်းသည့်အစားအစာများအား မတော်တဆ စားခဲ့မိ၍လားဆိုသည်ကို ပြန်လည်စဥ်းစားနေတော့သည်။ သူကား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ပါးကို ထပ်ခါထပ်ခါ ရိုက်ခဲ့သည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းမှာ စိတ်ဆင်းရဲစွာ ထိုင်နေစဥ် သရဲကြီးဘုရင်မှာ ထွက်ပြေးနေသည့် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက်နှာမှုတ်ကာ လက်သီးဆုပ်ထားသည်ကို ဖြေလျော့လိုက်ပြီး လှမ်း၍ဖမ်းယူသည့် အမူအရာတစ်ခု ပြုလုပ်လိုက်တော့သည်။

ချက်ချင်းပင် တဂျုန်းဂျုန်း မြည်ဟည်းသံများပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံး ကပြောင်းကပြန် ဖြစ်နေသည့်အလား ထင်မှတ်ရသည်။ သရဲကြီးဘုရင်က သူ၏လက်ဖြင့် သဘာဝနိယာမများကို ထိန်းချုပ်နေသကဲ့သို့ အချိန်များပင် နောက်ပြန်သွားနေသည့်အလား ဖြစ်သွားတော့သည်။

ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ်မှာ ထိတ်လန့်နေသည့် အမူအရာဖြင့် ရုတ်တရက် နောက်သို့ လျင်မြန်စွာ ပျံဝဲလာသည်ကို မြင်လိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ အံ့သြမှင်တက်သွားရတော့သည်။

” မလုပ်…မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကိုသနားတော်မူပါ ရှင်ဘုရင်မင်းမြတ် ”
ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အချိန်များကို နောက်ပြန်ကျော်ဖြတ်ကာ သူ၏လည်ပင်းကို ဖမ်းဆုတ်လိုက်သည့် သရဲကြီးဘုရင်၏ရှေ့သို့ ရောက်သွားသဖြင့် တုန်တုန်ရီရီ ဖြစ်နေတော့သည်။

ထို့နောက် မည်သို့မျှ သူ ဆက်မပြောနိုင်ခင် သရဲကြီးဘုရင်က သူ၏လက်ချောင်းများကို အသာအယာညှစ်လိုက်သည်။ ထိုအခါ အော်ဟစ်သံတစ်သံထွက်ပေါ်လာပြီး ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ယင်ယန်နတ်ဝိညာဥ်တစ်ခုလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့သည်။

သို့သော် ထိုမျှနှင့် ပြီးမသွားပေ။ ထိုယင်ယန်နတ်ဝိညာဥ်၏ အစအနများ လွင့်ပြယ်သွားသောအခါ အရိပ်သဏ္ဍာန်ရှိသော ဝိညာဥ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ နတ်ဝိညာဥ် တစ်ခုပင် ဖြစ်သည်။

ထိုဝိညာဥ် ပေါ်ပေါက်လာသောအခါ ဒြပ်မရှိသော လေပွေကြီးတစ်ခု ကောင်းကင်ယံတွင် ဖြစ်တည်လာတော့သည်။ အနီးကပ် ကြည့်ရှုလိုက်ပါက ထိုလေပွေထဲတွင် အမုန်းဝိညာဥ်များစွာ စီးဆင်းနေသည့် မြစ်တစ်စင်းရှိသည်ကို မြင်နိုင်သည်။ ၎င်းမှာ… မြေအောက်မြစ်ပင် ဖြစ်သည်။

ထိုမြစ်နှင့် လေပွေပေါ်ပေါက်လာသောအခါ သဘာဝနိယာမများ ပါဝင်နေသည့် ဆွဲငင်အားတစ်ခုလည်း ပေါ်ထွက်လာသည်။ ၎င်းမှာ ထိုနတ်ဝိညာဥ်ကို ဆုပ်ကိုင်လိုက်ပြီး အပေါ်သို့ ဆွဲယူရန်ပြင်လိုက်သည်။ ထိုအချိန်တွင် သရဲကြီးဘုရင်မှာ အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် အရောင်များစွာ လင်းလက်သွားပြီး ဆွဲငင်အားကြီးမှာ ပျောက်ကွယ်သွားတော့သည်။ ထိုလေပွေနှင့် မြေအောက်မြစ်တို့မှာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ တစ်ယောက်နှင့် ကတောက်ကဆဖြစ်ရန် ဆန္ဒမရှိပေ။ သူတို့မှာ တဖြည်းဖြည်း ကွယ်ပျောက်သွားကာ နတ်ဝိညာဥ်မှာ သရဲကြီးဘုရင်၏ လက်ထဲသို့ ကျဆင်းလာတော့သည်။

ထိုဝိညာဥ်ထဲတွင် သတ္တုအမျိုးအစားရှိသော အငွေ့အသက်တစ်ခုနှင့် လျှပ်စီးစွမ်းအင်အနည်းငယ် ရောယှက်နေသည်ကို ခံစားနိုင်သည်။

ထိုနည်းဖြင့် ကိစ္စများမှာ ပြီးပြတ်သွားတော့သည်။ တစ်ခဏလေးဆိုသည့် အချိန်အတွင်း သရဲကြီးဘုရင်မှာ နတ်အဆင့်ကျင့်ကြံသူသုံးယောက်ထဲမှ တစ်ယောက်ကိုသတ်ကာ ကျန်သည့်နှစ်ယောက်ကို သေသလား၊ ရှင်သလားမသိနိုင်လောက်အောင်အထိ လုပ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ ဦးရေခွံမှာ ပေါက်ကွဲလုမတတ် ထုံကျဥ်နေပြီး အသားများမှာလည်း တဆတ်ဆတ်တုန်ရီနေတော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ချွေးများစီးကျနေပြီး အလွန်အမင်း စိုးရိမ်ပူပန်သွားတော့သည်။ သူက သရဲကြီးဘုရင်ကို ဖျတ်ခနဲလှမ်း၍ အကဲခတ်လိုက်သည့်အခါ ထိုလူကြီးမှာ ပိုင်ရှောင်ချန်း၏ အမြင်အာရုံထဲသို့ ထိုးဖောက်နိုင်သည်အထိ စူးရှသော အကြည့်ဖြင့် သူ့ကိုလှည့်ကြည့်လိုက်တော့သည်။ သူသာ ပိုင်ရှောင်ချန်းကိုသတ်ချင်ပါက တွေးလိုက်ရုံနှင့်ပင် သတ်၍ရသည်။

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်၏ ဖျက်ဆီးနိုင်စွမ်းကို အာရုံခံမိလိုက်သောအခါ သူ၏အတွေးများမှာ ဂယောင်ခြောက်ခြား ဖြစ်သွားရတော့သည်။ သူသည် ပါးစပ်ဖြဲနေသည့် ကျားတစ်ကောင်၏ မေးရိုးကိုငေးကြည့်နေရသည့် သာမန်လူတစ်ယောက်အလား ခံစားလိုက်ရတော့သည်။

ထိုဖိအားကြီးမှာ ဖော်ပြ၍မရနိုင်ပဲ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် အလွယ်တကူ ကပြောင်းကပြန်ဖြစ်အောင် လုပ်ပစ်နိုင်သည်။

” ပိုင်ဟောက်ရေ၊ မင်းကို ငါမသတ်သင့်တဲ့ အကြောင်းပြချက်ကောင်းကောင်းလေး တစ်ခုလောက် ပေးစမ်းပါဦး “


Comment

Leave a Reply


Options

not work with dark mode
Reset