တောင်တန်းတစ်ခုလုံးက ချက်ချင်း ပြဿနာတောထဲ ကျရောက်သွားသည်။ အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များသည် နတ်ဆိုးသားရဲများ၏ တစ်ခါပြီးတစ်ခါ တိုက်ခိုက်ခြင်းကို ခံနေရ၏။ ထို့ပြင် အပြင်ဘက်လောကမှ လာသော ရန်ဟောင်များက မစည်းလုံးကြပေ။
ထို့အပြင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခွာလာသောအခါ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်တို့မှ သူတို့အား မကူညီရုံမျှမက ရီဖူရှင်းတို့အဖွဲ့ကိုပင် ပစ်မှတ်ထားခဲ့၏။ သူတို့က ရီဖူရှင်းတို့အဖွဲ့အား အချိန်မရွေးတိုက်ခိုက်နိုင်သကဲ့သို့ တွေးမှတ်ထားကြပြီး ရီဖူရှင်းတို့နောက်ကို လိုက်သွားကြသည်။
“သွားကြစို့။” နတ်မိမယ်တုံ့လိုင်က အခြေအနေအား မြင်သည့်အခါ တန်ခိုးရှင်များအား ဆုတ်ခွာရန် ဦးဆောင်လိုက်သည်။ သူတို့က တောင်တန်းများဆီ ဆုတ်ခွာကြ၏။ အခြားအရပ်မျက်နှာမှ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ဖြတ်သန်းသွားသည်။ ထိုသူတို့မှာ မြူနှင်းဝေနတ်နန်းတော်မှ ကျင့်ကြံသူများဖြစ်၏။ သူတို့က ထိုအခြေအနေကို မြင်သည့်အခါ ထူးဆန်းသော အမူအရာများ ဖြစ်လာခဲ့သည်။ ‘ဒီနတ်ဆိုးသားရဲတွေက ဘာလုပ်နေကြတာလဲ။’
ကျန်းယွဲ့လီက တိုက်ပွဲကို တစ်ချက်ကြည့်ပြီးနောက် ရှေ့သို့ ကြည့်လိုက်သည်။ သူက ရှေ့ဆက်တိုးသွားသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က နောက်သို့ ဆက်တိုက်ဆုတ်ခွာနေရ၏။ သူတို့က ဤချိုင့်ဝှမ်းအတွင်း အဆုံးသတ်သွားလိမ့်မည်လား မသိပေ။ သူတို့နောက်တွင် ကြီးမားသော အနက်ရောင်တောင်တန်းကြီးတစ်ခုက ပိတ်ဆို့ကာဆီးထားသည်။ သူတို့ထံ တိုးဝင်လာနေသည့် နတ်ဆိုးအင်ပါယာက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူတို့က ချက်ချင်းပင် လှည့်ထွက်သွားကာ သူတို့ ယခင် ရှိနေခဲ့သည့် နေရာသို့ ပြန်သွား၏။
ထိုသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအား ဇဝေဇဝါ ဖြစ်သွားစေသည်။ သူတို့က သည်အတိုင်းထွက်ခွာသွားကြသည်လား။
သို့သော် ထို့နောက်တွင် အင်အားစုနှစ်ခုက ထွက်ပေါ်လာသည်။ ထိုသူတို့မှာ ရီဖူရှင်းတို့အဖွဲ့အား ပစ်မှတ်ထားနေသည့် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်လေသည်။
သူမက ထိုမြင်ကွင်းကို မြင်သောအခါ တုံ့လိုင်နတ်မိမယ်၏ အကြည့်များက အေးစက်လာ၏။ သူမက တစ်ခုခု တွေးနေပုံရလေသည်။ ထိုအင်အားစုနှစ်ခုက မည်သည့်အတွက် ရီဖူရှင်းနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအား ပစ်မှတ်ထားနေရသနည်း။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက အကြောင်းပြချက် ရှိလျှင်ပင် လင်းရှောင်နန်းတော်က မည်သည့်အတွက် ထိုသို့လုပ်ရသနည်း။ ရီဖူရှင်းက လင်းဟယ်ကို ဆန့်ကျင်ခဲ့သည့်အတွက်ကြောင့်နှင့်လား။
ထိုအကြောင်းရင်းက လုံလောက်ဟန်မတူပေ။
အခြားအကြောင်းရင်းသာ နောက်ကွယ်၌ ရှိမနေခဲ့လျှင်…..
“ဒီလိုလုပ်ရတဲ့ မင်းတို့ ရည်ရွယ်ချက်ကဘာလဲ။” ကျုံးချန်က လူအုပ်အား ကြည့်ကာ မေးလိုက်သည်။ လီချန်ရှန်းက ဤနေရာ၌ မရှိသည့်အတွက်ကြောင့် သူက ရှေ့ထွက်ရမည်မှာ ပုံမှန်ပင် ဖြစ်သည်။ သူက သူတို့အဖွဲ့ကြားတွင် အားအကောင်းဆုံး စွမ်းရည်ရှိသည်။ သူတို့က နတ်ဆိုးအင်ပါယာများ၏ တိုက်ခိုက်မှုကို ခံရပြီး ထိုအင်အားစုနှစ်ခု၏ ပစ်မှတ်ထားခြင်းကိုလည်း ခံနေရသည်။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ကာကွယ်ရန် သူတို့က နောက်သို့ ဆုတ်ပြီးရင်း ဆုတ်နေကြရ၏။
ယခု နတ်ဆိုးအင်ပါယာများက ထွက်ခွာသွားသော်လည်း ထိုအင်အားစုနှစ်ခုမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို ထုတ်ပြလာသည်။
“အရင်က ကျုပ် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေနဲ့ ပညာဖလှယ်ချင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ အဲဒီလိုအခွင့်အရေး မရခဲ့ဘူး။ အခု ဒီလျှို့ဝှက်နယ်မြေထဲမှာ ကျုပ်တို့ကို နှောက်ယှက်မယ့်သူ ဘယ်သူမှ မရှိဘူး။ ဒါက အခွင့်အရေးကောင်းလို့ မထင်ဘူးလား။” ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ မင်းသား ယန်ဟန်ရှင်းက ပြောလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကျုံးချန်ထံသို့ လျှောက်လာသည်။ သူ၏ အဆင့်ကိုးရန်ဟောင်အရှိန်အဝါက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
အထက်ကောင်းကင်ရှိ လေထုနှင့် တိမ်တိုက်များက ရွေ့လျားနေသည်။ ကြောက်မက်ဖွယ် ကြီးမားသော နတ်နဂါးများ ပေါ်ပေါက်လာ၏။ သူ့နောက်တွင် ကြီးမားသော နတ်နဂါးတစ်ကောင်၏ အရိပ်လည်း ထွက်ပေါ်လာသည်။ နဂါးအော်မြည်သံများက ကောင်းကင်တွင် ပြည့်နှက်နေသည်။ မီးနဂါးတေးသွားက အပြင်ဘက်သို့ လျှံကျလာကာ ကမ္ဘာမြေအား ၎င်း အော်သံနှင့် ဖျက်ဆီးတော့မယောင် ထင်မှတ်ရပေသည်။ မဟာလမ်းစဥ် အသံလှိုင်းတို့က ပတ်ဝန်းကျင်တွင် ဖြန့်ကျက်လာ၏။ ကျုံးချန်က ရှေ့သို့ ခြေလှမ်းလိုက်၏။ မဟာလမ်းစဥ်ကျောက်စာချပ်များက ထွက်ပေါ်လာကာ အရာအားလုံးကို ဖိနှိပ်နေသည်။ အသံလှိုင်းများစွမ်းအားက နတ်ကျောက်စာချပ်တို့၏ တားဆီးပစ်ခြင်းကို ခံလိုက်ရသည်။ သို့သော် ထိတ်လန့်ကြောက်ရွံ့ဖွယ် အသံလှိုင်းများက သူ့နောက်မှ လူများကို တုန်လှုပ်သွားအောင် လုပ်နိုင်နေဆဲပင် ဖြစ်၏။ လူအများက ညည်းညူလိုက်ကြပြီး မျက်နှာများက ဖြူဖျော့လာကြသည်။ သူတို့၏ စိတ်ဝိညာဥ်က ကွဲထွက်တော့မလို ခံစားနေကြရသည်။
အချို့ရန်ဟောင်များက ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားကာ သွေးများ အန်ထုတ်လိုက်ကြရသည်။ ပေ့ကုံးရွှမ်းသည်လည်း မသက်မသာ ခံစားနေရကာ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးတို့စီးကျလာသည်။ သူမ မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့သွား၏။ ရှားရှင်းယွန်သည်လည်း ခပ်တိုးတိုး ညည်းညူလိုက်ရသည်။
ဘုန်း…
ကျုံးချန်က ရှေ့သို့ လျှောက်သွားခဲ့ပြီး မရေတွက်နိုင်သော နတ်ကျောက်စာချပ်များက သူတို့အနီးတွင် ထွက်ပေါ်လာသည်။ ယင်းတို့က ကောင်းကင်တွင် ရစ်ဝဲနေကာ နေရာအနှံ့၌ ရှိနေ၏။ သူက ပြိုင်ဘက်အား တစ်ချက်လှမ်းကြည့်လိုက်ကာ လက်နှစ်ဖက်ဖြင့် ချိပ်စည်းသင်္ကေတ သဏ္ဌာန်ပြုလုပ်လိုက်သည်။ နတ်ကျောက်စာချပ်များက ချက်ချင်းပင် ကောင်းကင်မှ ကျဆင်းလာပြီး ထိုနေရာတဝိုက်အား ဖိနှိပ်လိုက်သည်။
ယန်ဟန်ရှင်း၏ အမူအရာက လေးနက်လာခဲ့သည်။ တန်ခိုးရှင်များက ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြ၏။ ယင်းတိုက်ခိုက်မှုများက နေရာအနှံ့တွင် ရှိနေခဲ့ပြီး ကောင်းကင်ကို ဖိနှိပ်ကာ တန်ခိုးရှင်အားလုံးကို တပြိုင်နက် တိုက်ခိုက်လိုက်သည်။
နတ်နဂါးက ယန်ဟန်ရှင်း၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ သို့သော် သူ့နောက်ရှိ တန်ခိုးရှင်များက ကံမကောင်းခဲ့ကြရှာပေ။ သူတို့က ချက်ချင်းပင် နောက်သို့ လွင့်စင်သွားကြတော့သည်။
ထိုအခိုက်အတန့်တွင် ထူးခြားသော အရှိန်အဝါနှင့် ပုဂ္ဂိုလ်တစ်ယောက်က လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များကြား ထွက်ပေါ်လာသည်။ ထိုသူမှာ အဆင့်ကိုးရန်ဟောင်တစ်ယောက် ဖြစ်၏။ ကြီးမားလှသော လင်းရှောင်စေတီတစ်ခု ပေါ်ပေါက်လာပြီး ကောင်းကင်တွင် မျောလွင့်နေသည်။ အဆုံးမဲ့ ရွှေရောင်နတ်အလင်းက သူတို့ပေါ်ဆင်းသက်လာပြီး တန်ခိုးရှင်များထံ ပျံ့နှံ့သွားသည်။
နတ်မိမယ်တုံ့လိုင်က ထိုမြင်ကွင်းအား မြင်သည့်အခါ ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူမ၏ ပုံရိပ်က မြင့်မားသော နတ်သစ်ပင်တစ်ပင် ဖြစ်လာ၏။ ယင်း၏ အဆုံးမဲ့ အကိုင်းအခက်များသည် အပြင်သို့ ဖြန့်ကျက်လာကာ ကောင်းကင်နှင့် နေကို ဖုံးကွယ်ထားသည်။ ၎င်းသည် အောက်ဘက်၌ ရှိနေသည့် အားလုံးသော တန်ခိုးရှင်များကို ကာကွယ်ပေးထား၏။
“အားလုံး နောက်ဆုတ်ကြ။” နတ်မိမယ်တုံ့လိုင်က အမိန့်ပေးလိုက်သည်။ အဓိကအင်အားစု နှစ်ခု၏ အင်အားက သူတို့ထက် ပို၍ အားကောင်းလှသည်။ ဤနေရာ၌ အဖွဲ့လိုက်တိုက်ပွဲ ဖြစ်ပွားလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များအတွက် ကျိန်းသေ အကျိုးယုတ်ပေလိမ့်မည်။
“ဦးလေးပေ့ကုံး၊ ကျီဖုန့် ကျုပ်ကို ကူပြီး ရှင်းယွန်ကို ဂရုစိုက်ပေးပါဦး။” ရီဖူရှင်းက ပေ့ကုံးအော့နှင့် ကျီဖုန့်ထံ အသံပို့လွှတ်၍ ပြောလိုက်သည်။ သူ၏ ပုံရိပ်က ဖျတ်ခနဲ လျင်မြန်စွာ လှုပ်ရှားလိုက်ကာ တစ်နေရာသို့ ဦးတည်လိုက်သည်။ သူသည် အားလုံးက သူ့အား ပစ်မှတ်ထားနေသည်ကို ခံစားမိလိုက်သည်။ သူ၏သေဆုံးခြင်းက လင်းဟယ်၊ ယန်တုန်းရန်နှင့် အခြားကျင့်ကြံသူများ အလိုရှိနေသော အရာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုလူများ၏ အာရုံကို အခြားသူများထံမှ ဆွဲထုတ်ရန် ဆုံးဖြတ်လိုက်သည်။
သူ ပြောပြီးသည်နှင့် သူ၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားကာ တစ်နေရာသို့ ဦးတည်လိုက်သည်။ ပြင်းထန်သော အသံနှင့်အတူ မြေပြိုမှု ဖြစ်ပွားလာသည်။ သူသည် ချက်ချင်းပင် ရှေးဟောင်းအနက်ရောင်တောင်တန်းကို ဖြတ်ကာ ဖောက်ထွက်သွားခဲ့သည်။
ထင်ထားသည့်အတိုင်းပင် သူတို့က ရီဖူရှင်း ထွက်သွားသည်ကို မြင်သောအခါ အများစုက သူ့နောက်သို့ လိုက်လာကြသည်။ အမှန်တကယ်ပင် ရန်ဟောင်များစွာက ရီဖူရှင်းနောက်သို့ လိုက်လာကြသည်။ ထိုသည်မှာ အင်အားစုနှစ်ခုက ရီဖူရှင်းအား မည်မျှ မြင့်မားစွာ ထင်မြင်ထားကြောင်း သိသာစေ၏။
နက်ရှိုင်းသော အနက်ရောင်တောင်က အရူးအမူး ပြိုကျလာကာ ဖျက်ဆီးခံလိုက်ရသည်။ ရီဖူရှင်းက အံ့သြစရာကောင်းလောက်သော အရှိန်နှင့် ရှေ့ဆက်တိုးသွားသည်။ ပေ့ကုံးအော့က အဆင့်ရှစ်တန်ခိုးရှင် ဖြစ်ကာ သူ့တွင် တိမ်မြူသစ်သား ရှိသည်။ ကျီဖုန့်သည်လည်း ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် ဖြစ်ကာ တိုက်ပွဲစွမ်းရည်မှာလည်း အလွန် အစွမ်းထက်ပေသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိလိမ့်မည်။
ရီဖူရှင်းက သူ ထွက်သွားစဥ်၌ ကျင့်ကြံသူတော်တော်များများကို ဆွဲထုတ်သွား၏။ ထိုအထဲတွင် အစွမ်းထက်သော အဆင့်ရှစ်ရန်ဟောင်များလည်း ပါဝင်သည်။ ၎င်းနည်းလမ်းဖြင့် သူတို့သည် တိုက်ပွဲတွင် ဖိအားလျော့ပါးသွားနိုင်သည်။
အချိန်ခဏကြာပြီးနောက် ရီဖူရှင်းက တောင်တန်းကို ဖြတ်ကာ အကွာအဝေး အချို့ထိ ရောက်လာခဲ့သည်။ သူက ရှေးဟောင်း အနက်ရောင်တောင်ထွတ်များ ဝန်းရံထားသည့် နေရာသို့ ရောက်လာခဲ့၏။ ကျယ်လောင်သောအသံနှင့် ရီဖူရှင်း၏ ပုံရိပ်က ကြီးမားသော အနက်ရောင်တောင်တန်းနှင့် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိုက်မိသွားသည်။ သူက ၎င်းကို အမှန်တကယ် ဖြတ်သွားရန် မရည်ရွယ်ခဲ့ပေ။ ထိုအနက်ရောင်တောင်က နတ်တောင်တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ၎င်းမှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတို့ ထွက်ပေါ်လာကာ ရီဖူရှင်းအား နောက်သို့ ဖိအားပေး ဆုတ်ခွာစေလိုက်သည်။
ရန်ဟောင်များစွာက ရီဖူရှင်းအား လိုက်မီပြီးနောက် သူ့အား ဖိအားပေးရန် ရှေ့တိုးလာကြသည်။ သူတို့က မတူညီသော နေရာများ၌ နေရာယူလိုက်ကာ ကျယ်ပြန့်သော နေရာအတွင်း ရီဖူရှင်းအား တဖြေးဖြေး ဝန်းရံလိုက်ကြသည်။
ယန်တုန်းရန် နှင့် လင်းဟယ်တို့လည်း ဤနေရာတွင် ရှိနေကြ၏။ သူတို့၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့် တောက်လောင်နေသည်။ ရီဖူရှင်းက မည်မျှ ထူးချွန်သည်ဖြစ်စေ သူက ဤနေရာ၌ သေဆုံးရပေလိမ့်မည်။ သူက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တွင် ကျင့်ကြံရန် ဝင်ရောက်ခဲ့သည်။ သူက အမှန်တကယ်ပင် ထိုသို့သော ပါရမီအရည်အချင်းအား ဖော်ပြရဲသေးသည်။ သူ့ကို အသက်ရှင်လျက်ထားရန် အကြောင်းပြချက်မရှိပေ။
လင်းဟယ်က သူ့လက်ကို ဆန့်ထုတ်လိုက်ကာ နတ်မျှော်စင်တစ်ခုက သူ့လက်ထဲမှ ပျံထွက်လာသည်။ ၎င်းက ကောင်းကင်သို့ ပျံတက်သွားပြီး တဖြေးဖြေး ကြီးမားလာ၏။ ၎င်းက ကောင်းကင်ထက်တွင် မျောလွင့်နေကာ ကြီးမားသော နတ်မျှော်စင်ကြီး ဖြစ်လာသည်။
လင်းရှောင်နန်းတော်၏ တိုက်ရိုက်မျိုးဆက်များသည် လင်းရှောင်စေတီ သက်စောင့်ဝိညာဥ်ကို ပိုင်ဆိုင်ကြသည်။ ယင်းရတနာကို ၎င်းမှ ဖန်တီးထားခြင်း ဖြစ်သည်။ မျှော်စင်က ကောင်းကင်တွင် မျောလွင့်နေကာ ကြောက်မက်ဖွယ် ရွှေရောင်လှိုင်းများ ၎င်းမှ ဆင်းသက်လာသည်။ မဟာလမ်းစဥ် စွမ်းအားများလည်း ကျဆင်းလာပြီး လေဟာနယ်အား အပြည့်အဝ ချိပ်ပိတ်ထားခဲ့သည်။ ရွှေရောင်လှိုင်းများက ကျယ်ပြောသော လေဟာနယ်အား လွှမ်းခြုံထားကာ ကောင်းကင်နှင့် နေကိုပင် ပိတ်ဆို့တားဆီးထားသလို ထင်မှတ်ရသည်။
ရီဖူရှင်းက သူ့ခေါင်းကို မော့ကာ အနီးဝန်းကျင်အား ဝေ့ကြည့်လိုက်၏။ မဟာလမ်းစဥ် စွမ်းအားများကို ခံစားမိသောအခါ သူ့အကြည့်များက အေးစက်သွားသည်။ သူတို့က သူ့အား သတ်ဖြတ်ရလွယ်ကူစေရန် လေဟာနယ်အတွင်း ဖြန့်ခွဲကာ ဝိုင်းရံထားကြသည်လား။
“မင်းတို့အားလုံးက နယ်မြေသခင်နင်ရဲ့ စကားတွေကို လျစ်လျူရှုတာလား။” ရီဖူရှင်းက အေးစက်သော အသံနှင့် မေးလိုက်သည်။ ထိုအင်အားစုနှစ်ခုက တုန်းဟွာနယ်မြေသခင် ချမှတ်ထားသည့် စည်းမျဥ်းများကို လျစ်လျူရှုရန် ကြိုးစားနေသည်လား။
လူအုပ်ကြီးက သူ့အား လှောင်ပြောင်ကာ ကြည့်လိုက်သည်။ သူတို့က သူ့အား သေလူကဲ့သို့ ကြည့်နေသလို ထင်မှတ်ရပေသည်။ လင်းဟယ်က ရယ်မောရင်း ပြောလိုက်၏။ “တောင်တန်းထဲက နတ်ဆိုးသားရဲတွေကြောင့် မင်း သေသွားခဲ့ရင် ငါတို့နဲ့ ဘာဆိုင်မှာလဲ။”
***