Switch Mode

Chapter 22

လေးစားပါတယ် မစ္စတာယဲ့

ဝံပုလွေရိုင်းရဲ့ဆရာ!

ဝံပုလွေရိုင်း၏ စကားကြောင့် အားလုံး ကြက်သေ သေသွားသည်။

**ဝံပုလွေရိုင်း တစ်ယောက်တည်းနဲ့တင် ကျန်းရှီမြို့မြောက်ဘက်ခြမ်းမှာ ပြိုင်ဘက်ကင်းဖြစ်နေတာ…သူက ကျားကြီးကိုတောင် တစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်နေတာ… သူ့ဆရာဆို တွေးကြည့်စရာတောင် မလိုတော့ဘူးပဲ**

ကြည့်နေသည့်လူတိုင်းက ယဲ့ဖန်အား စိုးရိမ်စိတ်ဖြင့် နောက်တစ်ခါ ကြည့်လိုက်မိကြသည်။

သူတို့အမြင်တွင် ဝံပုလွေရိုင်း ပေါ့ပေါ့ဆဆနေလိုက်မိတာနှင့် တိုက်ဆိုင်ပြီး ယဲ့ဖန် နိုင်သွားတာလို့ပဲ ထင်နေကြသည်။

**ဝံပုလွေရိုင်းရဲ့ဆရာသာ ရောက်လာရင် ယဲ့ဖန်တော့ ကြွပြီပဲ**

ချွီထောင်ရဲ့ အီးမှန်ထားတဲ့ရုပ်ကြီးက ချက်ချင်းဆိုသလို ငွေလမင်းကြီးအလား တောက်ပလာပြီး သူ့စိတ်ထဲ တွေးနေမိသည်။

**ဟီးဟီး… ဒီတရားမဝင်သားက ဝံပုလွေရိုင်းကို နိုင်အောင်ချလို့ရော ဘာဖြစ်သလဲ… ဝံပုလွေရိုင်းရဲ့ဆရာသာ ရောက်လာရင် သူတော့ ဂန့်ပြီပဲ…ဟီးဟီး**

ယဲ့ဖန် ဘယ်လိုဘယ်ပုံနှင့် အဆော်ခံရမလဲလို့ တွေးရင်း ချွီထောင် အူမြူးလာသည်။ ယွမ်လီနှင့် ရှုချင်တို့လည်း ချွီထောင်နှင့် တူညီစွာ တွေးနေကြသည်။ ကျန်းဝေ့ဝေ့သည်လည်း ယဲ့ဖန်အား နဝေတိမ်တောင်နှင့် စိတ်ရှုပ်သလို ကြည့်နေသည်။
**ရှင် သိပ်တော်နေတော့ကော ဘာထူးသလဲ နောက်ဆုံးတော့ ရှင် သေရမှာပဲလေ**

ဝံပုလွေရိုင်း၏စကားကြောင့် ရိုစ့်နှင့် ဖေးချမ်ပါ ယဲ့ဖန်တို့ ဒုက္ခအကြီးအကျယ် ရောက်ပြီဟု တွေးလိုက်မိကြသည်။ ရိုစ့်က ယဲ့ဖန်အား လူသေပမာ ဖြူဖွေးနေသော မျက်နှာနှင့် ပြောလာသည်။

“ယဲ့ဖန်… မြန်မြန်ပြေးတော့… ငါ ဝံပုလွေရိုင်းရဲ့ဆရာကို မြင်ဖူးတယ်… သူက အရမ်း ခွန်အားကြီးတာ… နင် သူ့ကို မနိုင်၊နိုင်ဘူး”

ရိုစ့်က တစ်ခုခုကို သတိရသွားသည့်ဟန်ဖြင့် တုန်ယင်နေသောလေသံလေးနှင့် ထပ်ပြောလိုက်သည်။

“အဲ့လူက အရင်တုန်းက အင်အားကြီးအုပ်စုတစ်စုရဲ့ ဝှက်ဖဲ ဖြစ်ခဲ့ဖူးတယ်… ကျန်းရှီမြို့မှာ အဲ့လူကို အာခံရဲတဲ့သူက နည်းနည်းပဲရှိတယ် … တအား နောက်မကျခင် မြန်မြန်သာ ပြေးတော့”

ရိုစ့် ပျာယာခတ်နေသည်။ သူမစကားကြောင့် ဖေးချမ် မျက်လုံးပြူးကာ ယဲ့ဖန်လက်မောင်းကို ဆွဲ၍ ထွက်ပြေးရန် ကြံလိုက်သည်။

သို့သော် ယဲ့ဖန်က တုံတိဘာဝေနှင့် သရော်သလိုမျိုး ရယ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“နောက်ကျသွားပြီ… သူက ဒီကို ရောက်တောင်ရောက်နေပြီ”

ဘာ!

ယဲ့ဖန်ပြောလိုက်သည့် စကားကြောင့် ရိုစ့်ရော ဖေးချမ်ပါ တစ်ကိုယ်လုံး တုန်ယင်လာသည်။ နှစ်ယောက်သား အပေါက်ဝကို ခပ်သွက်သွက် လှမ်းကြည့်လိုက်သောအခါ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားသော လူတစ်စုက ဘားထဲကို အပြေးအလွှား ဝင်လာကြသည်။

တစ်ယောက်ချင်းစီက ဖြောင့်မတ်စွာ ရပ်နေကာ လျင်မြန်ဖျတ်လက်၍ ရက်စက်သော အသွင်ကို ဖော်ဆောင်နေသည်။ လူဆယ်ယောက်နှင့်အထက် ရှိသော လူအုပ်ကြီး လှမ်းလာသည့်ပုံက ကျားအုပ်တစ်အုပ် ရောက်လာပုံနှင့် ဆင်တူလာပြီး ကြည့်နေသည့်သူများကို ကြောက်ရွံ့စေသည်။

သေသပ်လှသော ခြေသံများကို ကြားပြီး ရိုစ့်နှင့် ဖေးချမ်တို့၏ မျက်နှာများသည် လူသေကောင်ပမာ ဖြူစွတ်လာသည်။

ဒီလူတစ်စုက သေချာ ကျကျနန လေ့ကျင့်ထားခြင်းခံရပြီး ကျိန်းသေပေါက် ရက်စက်မည့်အသွင် ရှိသည်။ အထူးသဖြင့် သူတို့ရှေ့ဆုံးက သက်လတ်ပိုင်းအရွယ် လူကြီးပင်။

ထိုသက်လတ်ပိုင်းအရွယ်လူကြီးသည် မျက်နှာတည်တံ့ပြီး သူ့ခြေလှမ်း တစ်လှမ်းစီတိုင်းက ကြည့်နေသည့်သူများ၏ ရင်ထဲ မုန်တိုင်းဝင်သွားသည့်အလား တုန်လှုပ်သွားစေသည်။

အန္တရာယ်!

အားလုံး၏စိတ်ထဲ ထိုစကားလုံးတစ်လုံးသာ ကြီးစိုးနေသည်။ အားလုံး၏မျက်လုံးထဲတွင် ထိုသက်လတ်ပိုင်းအရွယ် လူကြီးသည် လူတစ်ယောက်ဆိုတာထက် ရက်စက်တတ်သည့် သားရဲကောင်ကြီးအလား ကြောက်စရာကောင်းလှသည်။

“လေးစားပါတယ် ဆရာကြီး”

သက်လတ်ပိုင်းအရွယ် လူကြီးကို မြင်မြင်ချင်း ဝံပုလွေရိုင်းက အသည်းအသဲ ပြေး၍ နှုတ်ဆက်လေသည်။

ထိုသက်လတ်ပိုင်းအရွယ် လူကြီးသည် ချီတာတစ်ကောင်လို လှုပ်ရှားမှုမျိုးနှင့် အချိန်မရွေး ကြီးမားသောခွန်အားနှင့် သေအောင် သတ်နိုင်သောဟန်ပန် ရှိ၏။

သို့သော် ထိုလူက ဝံပုလွေရိုင်း၏ သနားကမားပုံကို မြင်ပြီး ခေတ္တမျှကြောင်သွားပြီးနောက် မေးလိုက်သည်။

“ညီလေးဝံပုလွေ…ဘာဖြစ်လာတာလဲ”

ထိုလူ၏အမေးကြောင့် ဝံပုလွေရိုင်း ငိုမတတ်ဖြစ်သွားသည်။ ဤအဖြစ်အပျက်သည် ဝံပုလွေရိုင်း ကျန်းရှီမြို့မှာ နာမည်ရလာပြီးနောက်ပိုင်း လူပုံအလယ် အရှက်ခွဲခံရခြင်း ဖြစ်သည်။

“ဆရာ ကျွန်တော် အဆော်ခံလိုက်ရတယ်… အဲ့ကောင်က အရမ်း မောက်မာလွန်းတယ်… သူက ဆရာ့ကိုတောင် မလေးစားဘူး… သူက ဆရာ့ကို တစ်စက္ကန့်အတွင်း သတ်နိုင်တယ်လို့တောင် ပြောနေသေးတယ်”

သက်လတ်ပိုင်းအရွယ် လူကြီး ဒေါသထွက်လာအောင် ဝံပုလွေရိုင်းက ချဲ့ကားပြောဆိုလိုက်သည်။ ဝံပုလွေရိုင်းပြောတာကို ကြားပြီး သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်နှာ အုံ့မှိုင်းလာသည်။

“ကောင်းတယ်…သိပ်ကောင်းတယ်… ဒီလောက် အင်အားကြီးတဲ့ကောင်မျိုး ကျန်းရှီမြို့မှာ ရှိလိမ့်မယ်လို့ ငါမထင်ထားဘူး… ငါ့ကို သူ့ဆီခေါ်သွားစမ်း”

သက်လတ်ပိုင်းအရွယ် လူကြီး သိသိသာသာကို ဒေါသထွက်နေသည်။ သူ၏ဘယ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောအခါ အက်ကွဲသံများ ထွက်ပေါ်လာပြီး ဘားအတွင်းမှ လေထုသည်လည်း ချက်ချင်းပင် အေးခဲသွားသည်။

“အားပြင်းလိုက်တာ”

“ကြောက်ဖို့ကောင်းတယ်ဟ”

ကြည့်နေသည့်သူများအားလုံး လူသတ်လိုသည့် ချီဓာတ်များ ဘားအတွင်း ပျံ့နှံ့လာတာကို ခံစားမိသည်။

သို့သော် သူ့ဆရာ၏ညာဘက်လက်က ကျောက်ပတ်တီးစည်းထားရတာကို မြင်ပြီး ဝံပုလွေရိုင်း ကြောင်အသွားသည်။ သူ ဒဏ်ရာရထားတာပဲ

ဝံပုလွေရိုင်းက မေးလိုက်သည်။

“ဆရာ… ဆရာ့ညာဘက်လက်က ဘာဖြစ်တာလဲ”

“ဘာမှမဖြစ်ပါဘူး… ပြီးခဲ့တဲ့ရက်တွေက ငါ စောက်ရမ်းသန်တဲ့သူနဲ့ ဆုံခဲ့လို့”

သက်လတ်ပိုင်းအရွယ် လူကြီး သက်ပြင်းချလိုက်မိသည်။ အဲ့နေ့က အဖြစ်အပျက်တွေကို ပြန်တွေးမိပြီး သူ နည်းနည်း ဖြုံသွားသည်။

“ငါတို့ အဲ့လူကို ဒီဘားလမ်းမှာ လာရှာတာ”

*စောက်ရမ်းသန်တဲ့သူ*

ထိုစကားကို ကြားပြီး ဝံပုလွေရိုင်း တုန်ယင်သွားသည်။ သူ့ဆရာ ခွန်အားကို သူ ကောင်းကောင်းသိသည်။ ဒီသက်လတ်ပိုင်းအရွယ် လူကြီးက ခွန်အားအကြီးဆုံး လူတစ်ယောက်ဖြစ်သည်။ သူ့ကို ဒီမြို့ရဲ့ ပြိုင်ဘက်ကင်းလို့တောင် တင်စားကြသည်။

ယခုချိန်တွင် ထိုလူကြီးက ဝံပုလွေရိုင်း၏ ချီတုံချတုံဖြစ်နေသည့်ပုံကို မြင်ပြီး အသာပြုံးလိုက်သည်။

“စိတ်မပူနဲ့… ဒီဆရာက သံမဏိလက်သီးဆိုပြီးတော့ နာမည်ကြီးနေတာ… ကျန်းရှီမြို့က ဘယ်သူ့ကိုမဆို ငါ့ဘယ်လက်နဲ့ဆော်ပလော်တီးကို လုံလောက်ပါတယ်ကွ”

သက်လတ်ပိုင်းအရွယ် လူကြီးက ကိုယ့်ကိုယ်ကိုယ် မတရား ယုံကြည့်သည့်ဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားပြီး ဝံပုလွေရိုင်း စိတ်သက်သာရာရသွားသည်။

**ဟုတ်ပါတယ်လေ…. ငါ့ဆရာ သူ့ဘယ်လက်တစ်ဘက်တည်းကိုပဲ သုံးမယ်ဆိုရင်တောင် ဟိုကောင်စုတ်လေးကို အသာလေးနိုင်နိုင်ပါတယ်**

ထိုသို့တွေးပြီး ဝံပုလွေရိုင်းက လူအုပ်ကြီးကို ကျော်ကာ ထိုလူမိုက်တစ်အုပ်ကို ကောင်တာအနားသို့ ခေါ်သွားလိုက်သည်။

ထို့နောက် ဝံပုလွေရိုင်းက ယဲ့ဖန်အား လက်ညှိုးထိုးပြီး သူ့ဆရာကို ပြောလိုက်သည်။
“ဆရာ… ကျွန်တော့်ကို ဆော်သွားတာ အဲ့ကောင်ပဲ… သူပဲ ဆရာ့ကို သုံးစားမရဘူးလို့ ပြောတာ”

ဝံပုလွေရိုင်းက ယဲ့ဖန်အား လှောင်ရိပ်သန်းနေသည့် အမူအရာဖြင့် အူမြူးကာ ကြည့်နေသည်။

“ကောင်စုတ်လေး… မင်းက အာဂကောင် မဟုတ်လား… အဲ့လိုဆိုလို့လည်း မထူးပါဘူးကွာ… မင်းတော့ သေပြီပဲ”

ဝံပုလွေရိုင်းက သူ ယဲ့ဖန်ကို လက်စားပြန်ချေလို့ ရပြီဆိုပြီး ပျော်မြူးနေကာ သူ့ဆရာက ယဲ့ဖန်ကို မြင်ပြီး ကြောက်လန့်စရာကောင်းသည့်အရာကို မြင်လိုက်သည့်အလား ပြိုတော့မည့်မိုးလို သုန်မှုန်ကာ တစ်ကိုယ်လုံး တုန်ယင်သွားတာကိုတော့ သူ သတိမထားမိလိုက်ပေ။

ထို့နောက် သက်လတ်ပိုင်းအရွယ် လူကြီးက မိုးကြိုးပစ်ချလိုက်သလို အသံဖြင့် ပြောလိုက်သည်။

“ဒူးထောက်စမ်း”

ထိုစကားကြောင့် ဝံပုလွေရိုင်းက လှောင်ရယ်လိုက်ပြီး ယဲ့ဖန်အား သရော်လိုက်သည်။

“ကောင်စုတ်လေး… မင်း မကြားဘူးလား ဟမ်… ငါ့ဆရာက မင်းကို ဒူးထောက်ဖို့ ပြောနေတယ်လေ… မင်း…”

ဝံပုလွေရိုင်းက ယဲ့ဖန်ကို ဆဲဆိုတော့မည့်အချိန်မှာပင် ရုတ်တရက် သူ့ခြေထောက်တွေကို တစ်ယောက်ယောက် ကန်လိုက်သလို ခံစားလိုက်ရပြီး ယဲ့ဖန်ရှေ့ ဒူးထောက်လျက်သား လဲကျသွားသည်။

……

ဝံပုလွေရိုင်း ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ နောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သောအခါ သူ့ကို ကန်လိုက်သည့်သူက သူ့ဆရာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ… ဘာလို့…”

ဝံပုလွေရိုင်း စောတကတက်၍ သူ့ဆရာကို မေးရန် ကြံစည်လိုက်သော်လည်း သူ့စကား မဆုံးခင်မှာပဲ သူ့ဆရာက သူ့ကို ပါးဖြတ်ရိုက်လိုက်သည်။

ဖြန်း!

အသံက တော်တော်လေး ကျယ်သလို ဝံပုလွေရိုင်း၏ မျက်နှာပေါ်မှာလည်း လက်ဝါးရာကြီးက အထင်းသားပင်။ ထို့အတူ သူ့ပါးစပ်ထောင့်မှ သွေးတွေလည်း စီးကျလာသည်။

ဝံပုလွေရိုင်းသာမက ရိုစ့်နှင့် ဖေးချမ်ပါ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ကျန်တဲ့သူတွေလည်း ကြက်သေ သေသွားရသည်။

*ဘာ … ဘာလို့ အဲ့လိုလုပ်တာပါလိမ့်*

သို့သော် သက်လတ်ပိုင်းအရွယ် လူကြီးက ကျန်သူများ၏ အမူအရာကို ဂရုမစိုက်ဘဲ ဝံပုလွေရိုင်းကိုပဲ ဒေါသတကြီး ကြည့်ကာ

“ခွေးမသား…. ဒီဖေဖေကြီးက မင်းကို မစ္စတာယဲ့ရှေ့မှာ ဒူးထောက်ခိုင်းတာကွ”

*မစ္စတာယဲ့*

အားလုံး ထိတ်လန့်သွားသည်။ အားလုံး ထိတ်လန့်နေစဉ်မှာပဲ ထိုသက်လတ်ပိုင်းအရွယ် လူကြီးက ယဲ့ဖန်ရှေ့ ကပျာကယာသွားကာ ခေါင်းကို ညွှတ်၍ နှုတ်ဆက်လိုက်သည်။

“လေးစားပါတယ် မစ္စတာယဲ့”

သက်လတ်ပိုင်းအရွယ် လူကြီး၏ ယဲ့ဖန်ကို နှုတ်ဆက်လိုက်သည့်အသံက နားကွဲမတတ်ပင်။

Comment

Leave a Reply

Options

not work with dark mode
Reset