Switch Mode

အပိုင်း(၂၀၄၇)

ပစ်မှတ်ထား​စောင့်ကြည့်ခြင်း

သူတို့ သွားသင့်လား။

မတူညီသော နေရာများမှ တန်ခိုးရှင်များက အချင်းချင်းကြည့်လိုက်ကြ၏။ အများစုသည် သူတို့အတွေးများကို စိတ်ထဲမှ ပို့လွှတ်ကာ ဆွေးနွေးနေကြသည်။

“ခင်ဗျားတို့ အားလုံးက တုန်းဟွာနယ်မြေရဲ့ ပင်မထောက်တိုင်တွေပဲ။ တွေဝေနေစရာဘာရှိလို့လဲ။” ချန်ယိက လူအုပ်ကြီးအား ကြည့်ကာ မေးလိုက်သည်။ သူ၏ လေသံတွင် မတူညီသော အရှိန်အဝါတို့ကို သယ်ဆောင်ထားသည်ဟု ထင်မှတ်ရသည်။

ထိပ်သီးပုဂ္ဂိုလ်အများစုက  ခေါင်းကို ညိတ်လိုက်ကြ၏။ သူတို့က သတ္တိရှိလွန်းလှသည် မဟုတ်သော်လည်း သူတို့ဘေးတွင် ရှိနေသည့် အားနည်းသော ဂျုနီယာရန်ဟောင်လေးများကို စိတ်ပူနေကြသည်။

“တစ်ချက်လောက် သွားကြည့်ကြရအောင်။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ကောင်းပြီ။ လူတိုင်းပဲ အတူတူသွားကြည့်ကြအောင်။ ကျုပ်တို့လည်း တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ပေးလို့ရတယ်။ ရန်သူနဲ့ တွေ့တယ်ဆိုရင် အနိုင်မယူနိုင်ရင်တောင်မှ ဟန့်တားဆွေးနွေးလို့ရတယ်။” တစ်စုံတစ်ယောက်က တုံ့ပြန်လိုက်သည်။ မတူညီသော နေရာများမှာ အမျိုးမျိုးသော တန်ခိုးရှင်များက သဘောတူလိုက်ကြသည်။ ထို့နောက် သူတို့က မိစ္ဆာသားရဲများ၏ လမ်းကြောင်းအတိုင်း တူညီသည့် အရပ်သို့ ဦးတည်လိုက်ကြ၏။

သူတို့က နတ်ဆိုးသားရဲများနှင့် အတူ တောင်၏ အတွင်းပိုင်းသို့ လိုက်ပါသွားခဲ့ကြပြီး ပြင်းထန်ကျယ်လောင်သော တုန်ခါသံအား ကြားနေရသည်။ သူတို့၏ နှလုံးက ထိန်းချုပ်၍ မရစွာ ခုန်လှုပ်နေကြသည်။ သူတို့က နတ်ဆိုးသားရဲများနောက်သို့ လိုက်မသွားလျှင်ပင် ထိုတုန်ခါသံပေါ်မှုတည်ပြီး နတ်ဆိုးထိန်းချုပ်မျှော်စင် တည်နေရာကို ရှာတွေ့နိုင်သည်။

တန်ခိုးရှင်များ၏ လှုပ်ရှားမှုကို သတိပြုမိသွားသော အခါ ဖြတ်သွားသည့် နတ်ဆိုးသားရဲများက သူတို့အား အေးစက်သော အကြည့်များနှင့် ကြည့်လိုက်ကြ၏။ သူတို့သည် တန်ခိုးရှင်များကို စပ်ဆုပ်ရွံရှာသော အကြည့်များနှင့် ကြည့်နေသည်ဟု ထင်မှတ်ရသည်။

သည်လူသားတန်ခိုးရှင်တွေက မိစ္ဆာနတ်ဘုရားမျှော်စင်သို့ ဦးတည်ချင်နေကြသည်လား။

တန်ခိုးရှင်များသည် သူတို့ ဆက်သွားလေ လှုပ်ရှားလိုက်တိုင်း ကြီးမားသော ဖိအားကို ခံစားနေရကြောင်း တဖြည်းဖြည်း ခံစားမိလာကြသည်။ သူတို့က သူတို့အပေါ်သို့ ဆင်းသက်လာသည့် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအားများကို ခံစားမိကြသည်။ သူတို့၏ နှလုံးသားများကလည်း ရပ်တန့်၍မရအောင် အဆက်မပြတ် ပြင်းထန်စွာ ခုန်လှုပ်နေကြ၏။ သူတို့၏ သွေးကြောများသည်လည်း တဒိတ်ဒိတ်နှင့် ဖြစ်နေခဲ့သည်။ ၎င်းသည် သူတို့၏ လှုပ်ရှားမှုများအား နှေးကွေးလာစေသည်။ သူတို့က မတော်တဆမှုတစ်ခုကို ဖြစ်ပွားမည်ကို စိုးရိမ်နေကြ၏။

သူတို့သည် ခန္ဓာကိုယ်အနီးတွင် စီးဆင်းနေသော ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများကို တဖြည်းဖြည်းမြင်နိုင်လာသည်။ ၎င်းသည် နဂါးတစ်ကောင်ကဲ့သို့ စီးဆင်းနေသော စွမ်းအင်မြစ်တစ်ခုဖြစ်လေသည်။ မဟာလမ်းစဥ်စွမ်းအင်လှိုင်းများသည်လည်း အဝေးသို့ စုပ်ယူခံနေရသည်။

“ဟိုမှာ” သူတို့က စွမ်းအင်လှိုင်းများ စီးဆင်းနေသည့် နေရာသို့ ကြည့်လိုက်ကြပြီး လူအုပ်ကြီးသည် အနက်ရောင်မျှော်စင် ပုံရိပ်တစ်ခုအား မြင်လိုက်ကြ၏။ ထိုအနက်ရောင် မျှော်စင်သည် မဟာလမ်းစဥ်စွမ်းအားများကို  အရူးအမူး စုပ်ယူဝါးမြိုနေသည်။ နတ်ဆိုးကြီးများက ၎င်းကို ဝန်းရံထားပြီး လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါတို့နှင့် ပြည့်နှက်နေသည်။

ပြင်းထန်သည့် တုန်ခါသံက ၎င်းမျှော်စင်အတွင်းမှ ထွက်ပေါ်လာနေခြင်း ဖြစ်၏။ ၎င်းသည် လူတို့ နှလုံးသားများကိုလည်း ထိန်းချုပ်၍ မရအောင် တုန်ယင်လာစေသည်။

အနက်ရောင်မျှော်စင်၏ အောက်ခြေတွင် မတူညီသော နေရာများကို ဖြတ်ကာ နတ်ဆိုးအင်ပါယာများစွာ စုစည်းနေကြသည်။ သူတို့သည် လေးနက်လှသည့် အမူအရာတို့နှင့် ကြီးမားသော မိစ္ဆာနတ်ဘုရားမျှော်စင်ကို ကြည့်နေကြသည်။

ရီဖူရှင်း၏ အနောက်တွင် အချို့သော ရန်ဟောင်များက ရပ်တန့်လိုက်၏။ သူတို့က ဆက်သွားရန်ပင်ခက်ခဲနေကြသည်။ ကြောက်မက်ဖွယ် တုန်ခါသံက သူတို့အား တိတ်ဆိတ်စွာ သတ်ပစ်လိုက်နိုင်သည်။ တန်ခိုးရှင်များက သူတို့၏ အကန့်အသတ်တို့ ရောက်နေလျက်နှင့် ရှေ့ဆက်တိုးနေမည်လျှင် ထိတ်လန့်တုန်လှုပ်မှုကြောင့် သေလုနီးပါး ဖြစ်သွားရပေလိမ့်မည်။

၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကြားတွင် ပေ့ကုံးရွှမ်း၏ ခြေလှမ်းများက လေးလံလာသည်။ သူမက ပြောလိုက်၏။ “ကျွန်မ ဒီထက်ပိုပြီး ဆက်မသွားနိုင်တော့ဘူး။”

သူမတင်မကဘဲ ၀မ်ရှန့်စောင့်ကြည့်မျှော်စင်မှ ရန်ဟောင်အချို့သည်လည်း ထိုကဲ့သို့ပင် တူညီစွာ ခံစားနေကြရသည်။

“နတ်ဆိုးအင်ပါယာတွေက မတူညီတဲ့ နေရာတွေမှာ ရှိနေကြတယ်။ နတ်ဆိုးသားရဲတွေကလည်း ပိုပြီးတော့ ကြံခိုင်တာမို့လို့ သူတို့က ဒီစွမ်းအားကို ကျုပ်တို့ထက်ပိုပြီး ခံနိုင်ရည်ရှိတယ်။” ရီဖူရှင်းက အသံခပ်တိုးတိုးပြောလိုက်သည်။

လူအုပ်ကြီးက ခေါင်းညိတ်ကာ သဘောတူလိုက်၏။ နတ်ဆိုးသားရဲများက အမှန်တကယ်ပင် ပြင်းထန်သော အသက်စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။

အစွမ်းထက် ရန်ဟောင်များစွာက ရှေ့သို့ ဆက်လက်သွားနေဆဲ ဖြစ်သည်။ သူတို့က ပြင်းထန်စွာ သက်ရောက်ခြင်း မခံကြရပေ။ လီချန်ရှန်းနှင့် ကျုံးချန်သည်လည်း သူတို့ပေါ် သက်ရောက်လာသည့် စွမ်းအားကို လေးနက်သည့် တုံ့ပြန်မှု မပြခဲ့ပေ။ သူတို့၏ နှလုံးများက ပြင်းထန်စွာ တုန်လှုပ်နေပြီး နတ်ဆိုးချီများက အဆက်မပြတ်လှုပ်ရှားနေသော်လည်း သူတို့၏ အကြည့်များက တည်ငြိမ်ကာ အနှောက်အယှက် မဖြစ်သကဲ့သို့ပင် ဖြစ်သည်။

အရှေ့ဘက်ဆီမှ အစွမ်းထက်နတ်ဆိုးတစ်ကောင်က ချဥ်းကပ်လာသည့် လူအုပ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နတ်ဆိုးအင်ပါယာများထဲမှ တစ်ယောက်က သူတို့၏ နေရာသို့ လှမ်းကြည့်လိုက်၏။ သူက အေးစက်သော အသံနှင့် ပြောလိုက်သည်။ “ဒီလူသားတွေ ဒီနေရာမှာ အခြေအနေကို လာစူးစမ်းနေကြတာ။ ကျုပ်တို့ သူတို့ကို ဘာလုပ်လိုက်သင့်လဲ။”

အခြားအစွမ်းထက် နတ်ဆိုးများက မတူညီသော နေရာများသို့ ကြည့်လိုက်ကြသည်။ ထိုနတ်ဆိုးသားရဲများက မတူညီသည့်အဖွဲ့များ အဖြစ်သို့ ပိုင်းခြားထားရသလို ထင်မှတ်ရသည်။ သူတို့၏ အဖွဲ့များကြားတွင် ရှင်းလင်းသည့် ကန့်သတ်ထားမှုများ ရှိနေသည်။ သူတို့က မတူညီသည့် ကလန်များမှ လာခဲ့သည်မှာ သေချာသည်။

“သူတို့ကို အရင် ရင်ဆိုင်လိုက်ကြရအောင်။” အစွမ်းထက် နတ်ဆိုးတစ်ကောင်က ပြောလိုက်သည်။ သူ၏ လေသံက အေးစက်နေပြီး လူသတ်လိုသည့် အရိပ်အငွေ့များ ပါဝင်နေသည်။

“ကျုပ်တို့က ဒီကိုလာတာ ကြည့်ရုံလောက်ပါပဲ။ ဘာလို့ အဲဒီလိုအထိ…” ရန်ဟောင်တစ်ပါးက နတ်ဆိုးများနှင့် ငြင်းခုန်ရန် ကြိုးစားလိုက်သည်။ သူပြောလိုက်သည်နှင့် အစွမ်းထက် နတ်ဆိုးစွမ်းအားလှိုင်းက သူ့ထံသို့ တိုးဝင်လာကြောင်းကို ခံစားမိလိုက်သည်။ ၎င်းက သူ့ကို ပြီးဆုံးအောင် စကားပြောဆိုခွင့် မပေးခဲ့ပေ။ နတ်ဆိုးအင်ပါယာတစ်ယောက်က အရိပ်တစ်ခုကဲ့သို့ တိုက်ရိုက်ဆင်းသက်လာသည်။

ဘန်း…

ကျယ်လောင်သော ထိခတ်သံနှင့်အတူ ထိုနှစ်ဦးက ထိပ်တိုက်တွေ့ဆုံမိကြသည်။ အစောပိုင်းက စကားပြောလိုက်သည့် ရန်ဟောင်က လက်ကို ဆန့်ထုတ်လိုက်၏။ သွေးစက်များကျဆင်းလာပြီး သူ့လက်က စုတ်ဖြဲခံလိုက်ရသည်။

ထိုနတ်ဆိုးသားရဲများက သူတို့အား အမှန်တကယ်ပင် တိုက်ရိုက်တိုက်ခိုက်လာသည်ဟု လူအများက တွေးလိုက်ကြသည်။ အနက်ရောင်တောင်တန်းအတွင်း နတ်ဆိုးသားရဲများစွာ ရှိသော်လည်း ဤနေရာသို့ ဝင်လာသော ရန်ဟောင်အင်အားမှာလည်း များပြားသည်။ အများစုက ထိပ်သီးအင်အားစုမှ ဖြစ်ကြသည်။ နတ်ဆိုးသားရဲများအနေနှင့် သူတို့အား ရင်ဆိုင်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

“ကျုပ် သူတို့နဲ့ ရင်ဆိုင်လိုက်မယ်။ ဒီလူတွေကို အရင်ရှင်းရအောင်။” သူတို့နှင့် တွေ့ခဲ့ဖူးသော သားမွေးဝတ်ရုံနှင့် ခပ်ချောချောလူငယ်လေးက ပြောလိုက်သည်။ သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ လူများဘက်သို့ လက်ညှိုးညွှန်ရင်း ပြောလိုက်သည်။

အစွမ်းထက် နတ်ဆိုးတစ်ကောင်က ရီဖူရှင်းတို့အဖွဲ့ဆီ မျောလွင့်လာသည်။ ချောမောသော လူငယ်က သူတို့အား ကြည့်ကာ ပြောလိုက်၏။ “အရင်တုန်းက ကျုပ် မင်းတို့အားလုံးကို သတိပေးခဲ့ဖူးတယ်။”

“ဒီ​နေရာက အရမ်းကြီးတယ်။ ကျုပ်တို့ ဒီကိုလာပြီး တစ်ချက်လောက်ကြည့်တာက ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေဘူးမလား။” လီချန်ရှန်းက တစ်ဖက်လူအား အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူက ဤလူငယ်လေး၏ ခြိမ်း​ခြောက်မှုကို ခံစားမိသည်။ ထိုနတ်ဆိုးအင်ပါယာက သူ့အသက်ထက် ငယ်ရွယ်ကာ ချောမောနေပုံရ၏။ သို့သော် သူက သေချာပေါက် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော အစွမ်းထက် နတ်ဆိုးတစ်ကောင် ဖြစ်ပေသည်။ သူက အသွင်ကို ငယ်ရွယ်သည့် သဏ္ဌာန်ပြောင်းထားသော်လည်း အမှန်တွင် မိစ္ဆာအိုကြီးတစ်ကောင် ဖြစ်သည်။

သူတို့အနီးမှ နတ်ဆိုးချီက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ သဏ္ဌာန်မဲ့ စွမ်းအားများက လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။ ချောမောသော လူငယ်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များထံ တိုးဝင်လာသည်။ သူက ခြေလှမ်းလိုက်ပြီးနောက် သူ့ပုံရိပ်က အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။

ဝှစ်…

သူ့ပုံရိပ်နောက်၌ ပုံရိပ်ယောင်များ ကျန်နေခဲ့သည်။ လီချန်ရှန်းက အန္တရာယ်ကို ခံစားမိသည်နှင့် ချက်ချင်းပင် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ့လက်ဝါးရိုက်ချက်က ညင်သာသိမ်မွေ့သော်လည်း လေဟာနယ်ပင် တွန့်လိမ်သွားကာ ၎င်း စွမ်းအားအောက်တွင် တုန်ခါသွားသည်။

သူတို့၏ လက်ဝါးနှစ်ဖက်က ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။ မဟာလမ်းစဥ် စွမ်းအားလှိုင်းများက သူတို့အနီးတွင် အရူးအမူး စီးဆင်းနေ၏။ ပို၍ အံ့အားသင့် ကြောက်မက်ဖွယ်ကောင်းသည်မှာ ဝါးမြိုခြင်းစွမ်းအားက ရုတ်တရက် လေဟာနယ်အတွင်း ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ သူတို့အနီးရှိ အရာအားလုံးက ဝါးမြိုခံလိုက်ရသည်။

ကြောက်မက်ဖွယ် အရိပ်ကြီးတစ်ခုက ချောမောသော လူငယ်နောက်၌ ပေါ်ပေါက်လာ၏။ အမှောင်ထုက ဆင်းသက်လာပြီး တုန်ခါသံများ ထွက်လာခဲ့၏။ လီချန်ရှန်းသည် သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဥ်စွမ်းအားများက ပြိုင်ဘက်၏ လက်ဝါးထံ အထိန်းအကွပ်မဲ့စွာ စီးဆင်းသွားကြောင်း ခံစားမိလိုက်သည်။ သူသာလျှင် မဟုတ်ဘဲ သူ့အနောက်မှ တန်ခိုးရှင်များ၏ မဟာလမ်းစဥ်စွမ်းအားများသည်လည်း ဝါးမြိုခြင်းစွမ်းအင်လှိုင်းများကြောင့် စုပ်ယူခံနေရသည်။

ထိုအခိုက်တွင် ပြင်းထန်သော တုန်ခါသံက တောင်တန်းတလျှောက် ဆူညံစွာ ထွက်ပေါ်လာ၏။ တောင်ထွတ်များက တုန်ခါနေပြီး ကောင်းကင်နှင့် မြေကြီးက ပြိုကျပျက်စီးတော့မလို ထင်မှတ်ရသည်။

“နောက်ဆုတ်လိုက်။” ပုံရိပ်တစ်ခုက ရှေ့တက်လာကာ ပြောလိုက်၏။ ထိုသူက ကျုံးချန် ဖြစ်သည်။ နတ်ကျောက်စာချပ်များက သူ့ခန္ဓာကိုယ်အနီး ပေါ်ပေါက်လာ၏။ ယင်းတို့က သူအရှေ့တွင် ပိတ်ဆို့ထားကာ သူ့နောက်မှ တန်ခိုးရှင်များ၏ စွမ်းအား စုပ်ယူဝါးမြိုခံနေရခြင်းအား လျော့နည်းသွားစေသည်။

ဘုန်း…

ချောမောသော နတ်ဆိုးအင်ပါယာက မြေပြင်ပေါ်သို့ ခြေနင်းလိုက်သည်။ ကြီးမားကျယ်ပြန့်သော လေဟာနယ်က သူ၏ ဝါးမြိုခြင်းကို ခံလိုက်ရပုံရ၏။ တစ်ချိန်တည်းတွင် နတ်ဆိုးအင်ပါယာများက အခြားနေရာများတွင် တိုက်ခိုက်နေသည်။ ချက်ချင်းပင် ထိုနေရာတဝိုက်၌ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ရီဖူရှင်းနှင့် အဖွဲ့က ဆုတ်ခွာလိုက်သည်။ သူတို့က အနီးတွင် ဖြစ်ပေါ်လာသည့် ပျက်စီးခြင်းလေပြင်းများကို မြင်လိုက်ကြရသည်။ ကြောက်မက်ဖွယ် အစွမ်းထက် နတ်ဆိုးများက ကောင်းကင်၌ နေကို ပိတ်ဆို့တားဆီးထားလေသည်။ သူတို့က တန်ခိုးရှင်များထံ တိုးဝင်ကာ သူတို့အား ဝါးမြိုရန် ရည်ရွယ်နေသည်။

ကျုံးချန်၏ ပုံရိပ်က ကောင်းကင်သို့ ထိုးတက်သွားသည်။ အစွမ်းထက် ရန်ဟောင်များက စတင်တိုက်ခိုက်နေကြ၏။ သူတို့သည် တောင်တန်းအတွင်းရှိ နတ်ဆိုးအင်ပါယာများက ထိုသို့ အပြင်းအထန် တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ပေ။

ရီဖူရှင်းတို့ အဖွဲ့က တောင်တန်းအတွင်း ပြန်ဆုတ်ခွာလိုက်သည်။

“သူ့နောက်ကို လိုက်ကြ။” အဝေးမှတစ်နေရာမှာ အင်အားစုနှစ်ခုက စတင်လှုပ်ရှားလာသည်။ ထိုသူတို့မှာ ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ရီဖူရှင်းအား အချိန်အကြာကြီး စောင့်ကြည့်နေခဲ့ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset