အခန်း ( ၆၆၂ )

မိတ်ဆွေကြီး၊ ခင်ဗျားကို ကယ်ဖို့ ကျုပ် ဒီလို လုပ်လိုက်ရတာနော်

သရဲကြီးမြို့တော်တွင် ရုတ်ရုင်းဆန်ခတ်ဖြစ်သည့် အချိန်မှစ၍ နာရီလေးဆယ်ပင် မကုန်သေးပေ။

ထိုအချိန်တိုအတွင်း ပြင်းထန်သောပြောင်းလဲမှုများ ဖြစ်ပွားခဲ့ရာ မြို့သူမြို့သားများမှာ ထိုကိစ္စများသည် ရက်စက်၍ကြောက်စရာကောင်းသည်ဟု ဆုံးဖြတ်လိုက်ကြ၏။

ပထမတွင် သောကကင်းဝေကိုးသွယ်ဘုရင်က ဦးစွာတိုက်ခိုက်သည်။ ထို့နောက် မြို့စားခြောက်ဦးက ပုန်ကန်ထကြွသည်။ နတ်လေးပါးက ပူးပေါင်းတိုက်ခိုက်ကြသည်။ သရဲကြီးဘုရင်မှာ တန်ပြန်မတိုက်ခိုက်နိုင်ခဲ့သော်လည်း ထိုသည်ကား အစသာရှိသေးသည်။ ၄င်းက သရဲကြီးဘုရင်၏ ကိုယ်ပွားသာ ဖြစ်ကြောင်း ပေါ်သွားသောအခါ ဒုတိယပိုင်းစတင်လေသည်။

သစ္စာဖောက်များက သရဲကြီးဘုရင်အစစ်အား ရှာဖွေကြသဖြင့် သရဲကြီးြမို့တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်ကြလေသည်။ ထိုအချိန်တွင် သရဲကြီးဘုရင်အစစ်အား ဖမ်းလျက် ပိုင်ဟောက်ပေါ်လာသည်။ ထို့နောက် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည်….. ရှိသမျှလူတိုင်း၏ မှတ်ဉာဏ်များထဲတွင် အချိန်တိုင်း ဖျောက်ဖျက်မရအောင် တည်ရှိနေတော့မည်။

စွမ်းအားကြီးနတ်သုံးပါးသည် အပြင်းအထန်ဒဏ်ရာရသွားပြီးနောက် ပိုင်ဟောက်နှင့် သရဲကြီးဘုရင်တို့ မြို့ထဲမှ ထွက်သွားနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ပိုင်ဟောက်သည် သရဲကြီးမြို့တော်အတွင်း လုံးဝကျော်ကြားလာမည်ဖြစ်သည်။ အမှန်တွင် မကြာမီ သူ၏ နာမည်သည် မြေရိုင်းဒေသတစ်ဝှမ်းမည်သို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း အလွယ်တကူ မှန်းဆကြည့်နိုင်ပေသည်။

သရဲကြီးမြို့တော်မှ ကီလိုမီတာ ငါးသောင်းခန့် ကွာဝေးသည့် တောင်တန်းတစ်ခုထဲတွင် ဖြူဆုတ်နေသည့် မျက်နှာဖြင့် အဘိုးအိုတစ်ယောက်ကို ကျောတွင်ထမ်း၍ တရိပ်ရိပ်ပြေးနေသည့် ပိုင်ရှောင်ချန်းကို တွေ့မြင်နိုင်သည်။ ထိုအဘိုးအိုသည် ပိန်လီရှုံ့တွနေပြီး သူ၏အရှိန်အဝါမှာ အာရုံခံ၍ပင် မရလုနီးပါးဖြစ်နေသည်။ အမှန်တွင် အနီးကပ်ကြည့်လျှင် အလောင်းကောင်ကြီးဟုပင် ထင်မြင်သွားလိမ့်မည်။

ထိုအဘိုးအိုသည်ကား သရဲကြီးဘုရင်မှလွဲ၍ တခြားလူမဟုတ်ပေ။ သူ၏ လက်ရှိအခြေအနေသည် ဝိညာဥ်သွေးတစ်စက်စွန့်လွှတ်ခြင်းကြောင့်သော်လည်းကောင်း၊ သူ၏ ဆုတ်ယုတ်ကာလဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ မည်သည်ကြောင့်ဖြစ်သည်ဟု ပြောရခက်သည်။ မည်သို့ပင်ဆိုစေ သူသည် လုံးဝ သတိလစ်မေ့မြောနေသည်။ သူ၏ လုံးဝမပျက်စီးနိုင်သည့် ခန္ဓာကိုယ်သည် ယခုအခါ အပြင်းအထန်အားအင်ချည့်နဲ့နေရာ သာမန်ဓားတစ်ချောင်းဖြင့် ဖြတ်တောက်လိုက်လျှင်ပင် သူ့အသက်ကို အဆုံးသတ်ပစ်နိုင်သည့် ပုံပေါ်နေသည်။

ပိုင်ရှောင်ချန်း၏ အရှိန်အဝါသည်လည်း မတည်မငြိမ်ဖြစ်နေသည်။ သရဲကြီးဘုရင်သည် မြို့မှ သူတို့နှစ်ယောက် တည်နေရာရွှေ့ပြောင်းလာပြီးနောက်တွင်မှ သတိလစ်သွားခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းမှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဝိညာဥ်သွေးက သူ့တို့ တစ်စက်လေးပင် ကုသမပေးခဲ့ချေ။ သူက အလွန်အရေးပါသည့် ဉာဏ်အလင်းကို ရသွားခဲ့သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်မှ ပြန်ကျသွားပြီးနောက် သူ၏ဒဏ်ရာများအားလုံး ပြန်ထလာရာ မယုံနိုင်ဖွယ်ကောင်းလောက်အောင် ဂျုံးဂျုံးကျသွားခဲ့သည်။

ကံကောင်းထောက်မစွာ သူ၏ အပြင်းအားကိုယ်က အလွန်သန်မာသည်ဖြစ်သောကြောင့် သူက အံတင်းတင်းကြိတ်၍ သတိကပ်နေရန် အားတင်းထားနိုင်ခဲ့သည်။ သရဲကြီးဘုရင် သတိလစ်သွားသည်ကို မြင်ပြီးနောက် သူက ဂုတ်မှ ဆွဲခေါ်မလာတော့ရန် ဆုံးဖြတ်လိုက်ပြီး ထိုအစား သူ့ကျောပေါ်တွင် သယ်လာခဲ့သည်။

ပိုင်ရှောင်ချန်းသည် အလွန်အရေးကြီးသည့်အဖြစ်အပျက်တွင် ပါဝင်နေမိဆဲဖြစ်ကြောင်း သိသည်။ မဟာမျိုးနွယ်စုကြီးသုံးစုသည် သူမသေမချင်းအနားယူမည် မဟုတ်သည့်အပြင် ကောင်းကင်မြို့စားခြောက်ဦးသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် ထိုခြောက်ဦးအနက် တစ်ယောက်မှ နတ်များမဟုတ်၍ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များမှ တစ်ဆင့် မြို့ပတ်နေခဲ့သည့်တိုင် တစ်ယောက်နှင့်မျှ သူ ထိပ်တိုက်မတွေ့ခဲ့ရပေ။ သို့သော် နောက်တစ်ချိန်ကျမတွေ့ဟု မဆိုနိုင်ပေ။

မဟာမျိုးနွယ်စုကြီးသုံးစုနှင့် ကောင်းကင်မြို့စားခြောက်ဦး၏ တပ်ဖွဲ့များအားလုံး သူ့ကို ရှာရန် မည်သည့်အရာမဆို လုပ်မည်ဖြစ်ကြောင်း အလွယ်တကူ ခန့်မှန်းနိုင်သည်။

” ငါအချိန်အကြာကြီးဆွဲထားဖို့မလိုတာ တော်သေးတာပေါ့။ ရက်နည်းနည်းလောက်ပါပဲ။ ပြီးရင် သရဲကြီးဘုရင် သက်သာလာလိမ့်မယ်…. ဒါပေမယ့်လဲ ဝိညာဥ်သွေးတစ်စက်က ပြောင်းလဲသွားစေမလား သိချင်လိုက်တာ ”
သူက သက်ပြင်းချလိုက်၏။ သရဲကြီးဘုရင်သာ သူ့ကို ဝိညာဥ်သွေးတစ်စက်မပေးခဲ့လျှင် သူချောင်ပိတ်သွားပြီး သရဲကြီးဘုရင်ကို လက်လျှော့လိုက်ရမည်ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သူ သိပ်ဆိုးဆိုးဝါးဝါးခံစားရမည်မဟုတ်ပေ။ သို့သော် အဖြစ်အပျက်များ မည်သို့လျင်မြန်စွာပြောင်းလဲသွားကြောင်း စဥ်းစားလိုက်ပါက သူထိုသို့လုပ်၍မရေတာ့ပေ။

ပိုင်ရှောင်ချန်းမှာ အကြွေးပြန်ဆပ်ရမည့် နိယာမနှင့် ပတ်သက်ပြီး အလွန်အရိုးစွဲနေခဲ့သည်။ သူက သူ၏အစီအစဥ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သရဲကြီးဘုရင် သူ့ကို ကူညီခဲ့ပုံကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။

” အား ဘာပဲ ဖြစ်ဖြစ်ကွာ ထားလိုက်တော့ ”
သူက သက်ပြင်းချရင်း သရဲကြီးဘုရင်ကို ကျောပိုး၍ တောင်တန်းပေါ်တွင် ဆက်လက်ပြေးနေသည်။

မကြာမီ ညနေစောင်းလာပြီး ကောင်းကင်က မှောင်ရီပျိုးလာ၏။ ပိုင်ရှောင်ချန်းမှာ ဆက်သွားချင်သော်လည်း သူ၏ ဒဏ်ရာများပြင်းထန်လေရာ မသွားနိုင်တော့ပေ။ ထိုမျှသာမက သရဲကြီးဘုရင်၏ အရှိန်အဝါက အလွန်အားနည်းလာသဖြင့် ယခုအချိန်တွင် သူ အာရုံခံ၍ပင်မရတော့ပေ။ ထိုလူ၏ ခန္ဓာကိုယ်က အေးခဲစပြုလာတော့သည်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်ပူပန်သွားပြီး ယာယီနားနေရာအဖြစ် အသုံးပြုရန်အတွက် သင့်တော်သည့်နေရာတစ်ခုတွင် ဂူတစ်လုံးတူးလိုက်၏။ သူ၏ လက်ကျန် မဆိုစလောက် ကျင့်ကြံခြင်းအခြေခံကို သုံးရင်း မီးပုံအသေးလေးတစ်ခု လုပ်လိုက်ပြီးနောက် ထိုအရှေ့တွင် သရဲကြီးဘုရင်ကို ထားလိုက်သည်။

ကံဆိုးစွာပင် သရဲကြီးဘုရင်၏ အသားအရည်မှာ ဖြူဆုတ်နေပြီဖြစ်ပြီး အချိန်ကြာလာသည်နှင့် အမျှ ပို၍ အေးစက်လာနေဟန်တူသည်။ လက်ရှိအချိန်တွင် သူ့အရှိန်အဝါ အလွန်အားနည်းနေသည်။

” ခင်ဗျား မသေရဘူး”
ပိုင်ရှောင်ချန်းက ပြောသည်။ သူက မတ်တတ်ရပ်ပြီး အိတ်ကို ပုတ်ကာ ဒဏ်ရာများ ကုသရန် အသုံးဝင်သည့် မှော်ပစ္စည်းတစ်ချို့ ထုတ်လိုက်သည်။ ကံဆိုးစွာပင် ၎င်းတို့ကို သရဲကြီးဘုရင်၏ ပါးစပ်ထဲထည့်လိုက်သည့်တိုင် မည်သို့မျှ အကျိုးထူးမလာခဲ့ပေ။

“ငါ ဘာလုပျရမလဲ၊ ငါဘာလုပျရမလဲ ”
သူက လိပ်ကလေးထံမှ အကြံတောင်းရန် တွေးလိုက်သော်လည်း သူ့ကို အစအနပင် မတွေ့ရပေ။ ခြိမ်းခြောက်မောင်း၍ သူ၏ခေါင်းထွက်လာစေရန်ပင် အားအင်မရှိရာ ပိုင်ရှောင်ချန်းမှာ နောက်ဆုံးလက်လျှော့လိုက်တော့သည်။ ထို့နောက် သူက ရေခဲတမျှ အေးစက်နေသည့် သရဲကြီးဘုရင်ကို ထိုင်၍ ကြည့်လိုက်ပြီးနောက် တခဏကြာသော် သူ့ပေါင်ကို ဖြန်းခနဲ ချလိုက်၏။

” ငါဘာလုပ်ရမလဲ သိပြီ” တလက်လက်စူးရှတောက်ပနေသည့်မျက်လုံးများဖြင့် သူကတွေးလိုက်သည်။ သရဲကြီးဘုရင်ကို ပူလာနိုင်စေသည့် နည်းလမ်းရှိသော်လည်း သူက ချင့်ချိန်စဥ်းစားရင်း ချီတုံချတုံ ဖြစ်နေသည်။

သရဲကြီးဘုရင် သူ့ကို ကြားနိုင်၊မကြားနိုင် မသေချာသော်လည်း သူကပြောလိုက်သည်။
” အမ်၊ ဟို… မိတ်ဆွေကြီး သရဲကြီးဘုရင်ရေ။ ကျုပ် ဒါကို ခင်ဗျားကို ကယ်ဖို့ လုပ်တာနော် ဟုတ်ပြီလား။ ကျုပ်ကို ဗွေမယူပါနဲ့ဗျာ ”

ထို့နောက် သူက ဆွဲထုတ်လိုက်ကာ…ကာမအားတိုးဆေးလုံးအား သရဲကြီးဘုရင်ပါးစပ်ထဲ ထည့်ပေးလိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ကာမအားတိုးဆေးလုံးစားလိုက်သည့် လူတိုင်းအလွန်တရာ ပူလောင်လာပြီး ချွေးသီးချွေးပေါက်အများအပြား မည်သို့ ကျလာကြောင်း ပြန်သတိရလိုက်မိခြင်းဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူသည် ရေနစ်ရာရာမှ ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်လိုက်ရသည့်အလား စိတ်ပျက်ဖွယ် အခြေအနေကြီးတွင် လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းသာ ဖြစ်သည်။ တစ်လုံးတည်းနှင့် မလုံလောက်မည်စိုးသောကြောင့် သူက အနည်းငယ်ထုတ်လိုက်ပြီးနောက်သရဲကြီး၏ ပါးစပ်ထဲ သိပ်ထည့်ပေးလိုက်သည်။

ချက်ချင်းပင် သရဲကြီးဘုရင်မှာ တဆတ်ဆတ် တုန်ခါသွားပြီး အတန်ငယ်နွေးထွေးလာ၏။ စောစောကပျောက်ကွယ်နေသော သူ၏အရှိန်အဝါ ပြန်လည်ထွက်ပေါ်လာပြီး သူ့အရေပြားများပင်လျှင် အရောင်နည်းနည်းသမ်းလာ၏။

ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ တချိန်တည်းမှာပင် သူ၏ဉာဏ်စွမ်းဖြင့် အကျဥ်းသားများကို စစ်မေးနိုင်သည်သာမက အသက်များပင် ကယ်နိုင်သည့် ဆေးလုံးတစ်လုံးကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် သူ့မျက်နှာတွင် ဂုဏ်ယူခြင်းများဖြင့် ဝင်းလက်နေတော့သည်။

“ငါ့လို ဉာဏ်ကြီးရှင်တွေက အမြဲအထီးကျန်နေတော့တာပဲ အီး။ ”
ဤအချိန်တွင် သူ စိတ်သက်သာရာရလာတော့သည်။ သရဲကြီးဘုရင်သာ သေသွားခဲ့လျှင် ဤနေရာအထိ သူ ဆောင်ရွက်ခဲ့သမျှ အရာအားလုံး အချည်းနှီးဖြစ်သွားမည် ဖြစ်ပေသည်။

သူ့စိတ်သက်သာရာရသွားစဥ် သရဲကြီးမြို့တော်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား သူ ပြန်လည်စဥ်းစားလိုက်ပြီး ကြောက်လန့်ရင်တုန်လာပြန်တော့သည်။ သူက မျက်မှောင်ကြုတ်ရင်း သူ၏အပြုအမူအားလုံးကို ပြန်လည်သုံးသပ်လိုက်သည်။

” ငါက အရမ်း မစဥ်စားပဲ လုပ်ခဲ့တာပါလား ။ လိပ်ကလေးစကားကို နားမထောင်ခဲ့သင့်ဘူး..။ နတ်သုံးပါး။ အမယ်လေး… နတ်သုံးပါးဆီကတကယ်လွတ်လာတယ်ဆိုတာ… ယုံတောင်မယုံနိုင်ဘူး ”
သူက စိုးရိမ်ရသောအခြအနေပေါ်တွင် အရာအားလုံးကို မည်သို့ ပုံအပ်ခဲ့ကြောင်း ပြန်တွေးလိုက်သည်တွင် ပင့်သက်ရှိုက်မိသွားသည်။ တစ်ချက်ကလေးမှားလိုက်သည်နှင့် သူသေသွားပြီးဖြစ်ပေမည်။

” ငါအန္တရာယ်များတာတွေ ဘယ်တော့မှ မလုပ်တော့ဘူးဆိုပြီး အမြဲပြောတယ် ဒါပေမယ့် အမြဲအဲဒီလိုလုပ်နေတော့တာပဲ ”
သူက မျက်မှောင်ကြုတ်ရင်း သူ၏စရိုက်ပြောင်းလာပြီး အမှန်တကယ် ပို၍ ရဲရင့်လာကြောင်း သဘောပေါက်လိုက်သည်။

“နေပါဦး အဲဒါမကောင်းဘူးကွ ”
သူက အလွန်အမင်း စိုးရိမ်နေရင်း သရဲကြီးဘုရင်ကို လှမ်းကြည့်လိုက်ပြီးနောက် ညနေခင်း ကောင်းကင်ကြီးနှင့် သေချာမမြင်ရသည့် လမင်းကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက သက်ပြင်းချလိုက်သည်။

“လိပ်ကလေးပြောစကား မှန်ဖို့ မျှော်လင့်ရတာပဲ။ သရဲကြီးဘုရင် နောက်ရက်နည်းနည်းကြားရင်သက်သာလာမှာပါ ”
ထိုနည်းအားဖြင့် သူသည် တိတ်ဆိတ်ခြင်းအပေါင်းဝန်းရံလျက် စိတ်လှုပ်ရှားစွာ ထိုင်နေတေ့ာသည်။ သူမည်မျှ ပင်ပန်းခဲ့ရပြီး ပတ်ဝန်းကျင်သည် မည်မျှတိတ်ဆိတ်နေကြောင်း စဥ်းစားလိုက်ပါက မကြာမီ သူသည် နတ်အဆင့်ကိုတက်ပြီးနောက် နောက်တစ်ဆင့် နတ်ဘုရားတစ်ပိုင်းအဆင့်သည် မည်သည်နှင့်တူကြောင်း ပြန်တွေးတောလိုက်သည်။

နောက်ဆုံးတွင် သူ၏ မျက်လုံးများသည် တွေဝေခြင်းများ၊ စိတ်အားထက်သန်မှုများဖြင့် ဝင်းလက်လာ၏။

” နတ်အဆင့်….. ဒီတော့ အဲဒါ ဘယ်လိုခံစားရလဲ ဆိုတာပေါ့လေ..ပြီးတော့ နတ်ဘုရားတစ်ပိုင်းအဆင့်.. သူက ကောင်းကင်နှင့် မြေကြီးတောင် ဖျက်စီးပစ်လို့ရပုံပဲ ”
ဝိညာဥ်သွေးစုပ်ယူပြီးနောက် ခံစားခဲ့ရသည့် အတွေ့အထိ အာရုံနှင့် သူရရှိခဲ့သည့် ဉာဏ်အလင်းတို့သည် သူ့နှလုံးသားထဲတွင် ထာဝရတံဆိပ်နှိပ်ပြီးဖြစ်လေသည်။ တချိန်တည်းမှာ သူ၏ ပြင်းပြသော စိတ်အစဥ်များသည်လည်း ပို၍ ကြီးမားကာခိုင်မာလာတော့သည်။

“ငါ နတ်တစ်ပါးဖြစ်ချင်တယ်၊ နတ်ဘုရားတစ်ပိုင်း ဖြစ်ချင်တယ် ”
သူ၏တွေးပုံတွေးနည်းကို ပြောင်းလဲရန်လိုကြောင်း သတိရလိုက်ရင်း သူက သူ၏ ရေရှည်ကဏ္ဍအပေါ်တွင် အာရုံစိုက်ရန် ကြိုးစားလိုက်သည်။
” အင်း ငါ နတ်ဘုရားတစ်ပိုင်း ဖြစ်လာရင် ငါအသက်ပိုရှည်လာမယ်လို့ ဆိုလိုတာမလား ”

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ ညတာမကုန်ခင် ပိုင်ရှောင်ချန်း အနားယူပြီးသွားလေသည်။ သရဲကြီးဘုရင် အေးစက်မနေကြောင်း သေချာစေရန် စစ်ဆေးလိုက်ပြီးနောက် သူက ကျောပေါ်ထပ်တင်၍ ဂူထဲမှ ပျံထွက်လိုက်သည်။

ထိုအခြေအနေနှင့် ပိုင်ရှောင်ချန်းသည် လုံးလုံးလိုအပ်မှသာ အနားယူပြီး သုံးရက်ဆက်တိုက် ခရီးနှင်နေသည်။ သရဲကြီးဘုရင်မှာ တချိန်လုံး မေ့မြောနေခဲ့ပြီး ပြန်နိုးလာမည့် အရိပ်အယောင်ပင် မပြပေ။ ပိုင်ရှောင်ချန်းမှာမူ သူ၏ အပြင်အားခန္ဓာကိုယ် ကျေးဇူးဖြင့် ဒဏ်ရာများ ကောင်းမွန်စွာ သက်သာလာခဲ့သည်။

သို့သော်လည်း သူ့နှလုံးသားထဲရှိ စိုးရိမ်သောကများ ဆက်လက်ကြီးမားလာသည်။ သရဲကြီးဘုရင် နိုးမလာသေးသည့် အချိန်တစ်စက္ကန်ချင်းစီက မဟာမျိုးနွယ်စုသုံးစု နီးကပ်လာတော့မည်ဖြစ်ကြောင်း သူ့ကို သတိပေးနေသည်။

နောက်ဆုံး၌ သုံးရက်မြောက်နေ့ညနေတွင် သူပျံသန်းနေစဥ် သူ့အပေါ်ရှိကောင်းကင်ကြီးက ကျယ်လောင်စွာ ထစ်ခြုန်းသွား၏။

အကန့်အသတ်မရှိသော မုန်းတီးခြင်းအာဃာတများ ပြည့်နှက်နေသည့် အသံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
“ ပိုင်ဟောက် ”

ပိုင်ရှောင်ချန်းကောင်းကင်ကို မော့ကြည့်လိုက်ရာ… ဧရာမမျက်နှာကြီးသုံးခုကို မြင်လိုက်ရလေသည်။ တစ်ခုစီက မီတာရာချီမြင့်မားလှသည်။

သူတို့သည်ကား….. မဟာမျိုးနွယ်စုသုံးစု၏ ခေါင်းဆောင်ကြီးများကလွဲ၍ တခြားမဟုတ်ပေ။

စကားပြောလိုက်သည့် လူမှာ အပြင်ခန္ဓာကိုယ်ဆုံးရှုံးသွားသည့် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးဖြစ်သည်။ သူ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ဝင်းဝင်းတောက်နေပြီး သူ့ကို သတ္တုဓာတ်စွမ်းအားများ သက်ဝင်နေသော မိုးကြီးပင်လယ်တစ်စင်းက ခြံရံထား၏။ ထိုသည်က ဤမိုးကြီးသည် သတ္တုကို မွေးဖွားပေးနိုင်ကြောင်း ညွှန်ပြနေပြီး အမြင့်ဆုံးအဆင့် သတ္တုဖြစ်လိမ့်မည်။

ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဘေးတွင် ပိုင်နှင့် ချန်မျိုးနွယ်စုမှ ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်၏ မျက်နှာများအပေါ်၌ လေးနက်သော အမူအရာများရှိပြီး ယခင်က ပိုင်ရှောင်ချန်းကို ကြည့်သကဲ့သို့ သူတို့အကြည့်များတွင် ကဲ့ရဲ့လှောင်ပြောင်ခြင်းများမပါပေ။ အမှန်တွင်….. သူတို့သည် သူ့ကို လက်ရည်တူသူ အဖြစ် သတ်မှတ်ထားကြပုံပေါ်သည်။

ထိုအခြေအနေနှင့် မရင်းနှီးသည့် မည်သူအဆို သေချာပေါက် အံ့သြတုန်လှုပ်သွားရမည်ဖြစ်သည်။ ဤသည်ကား နတ်များဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ အမြုတေအဆင့်တွင်သာရှိသည်မဟုတ်ပါလော။ ၎င်းသည်ကား ပိုင်ရှောင်ချန်း အစွမ်းကုန်ထုတ်လိုက်သည့်အချိန်တွင် ရရှိခဲ့သည့် လေးစားခြင်းဖြစ်ပေသည်။

ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်လုံးများတွင်မူ ထူးဆန်းသော အလင်းတစ်ခု တောက်ပနေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset