Switch Mode

အခန်း ( ၆၆၁ )

သရဲကြီးမြို့မှ လွတ်မြောက်ခြင်း

ပိုင်ရှောင်ချန်းမှာ လာနေသည့် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို လုံးဝမစိုးရိမ်သည့်အလား မျက်လုံးများ ပိတ်လိုက်၏ ။ ထိုအစား သူက ပတ်ပတ်လည်ရှိ အရာရာတိုင်းနှင့် တစ်သားတည်းဖြစ်သွားသည့် ခံစားချက်တွင် နစ်မြောသွားတော့သည်။

သူက ကောင်းကင် ။ သူက မြေကြီး။ သူက သက်ရှိ သက်မဲ့အရာအားလုံး၏ စိတ်ဆန္ဒပင်ဖြစ်ချေသည်။

” ဒီတော့ နတ်ဆိုရင် ဒီလိုပေါ့လေ၊ အရာအားလုံးနဲ့တစ်သားတည်း ဖြစ်သွားတာ ”
ယခုအခါ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားအားလုံးကို ဆင့်ခေါ်၍ သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို နင်းခြေပစ်နိုင်သည့်အလား ခံစားနေရသည်။

ကောင်းကင်နှင့် မြေကြီးသည် ခန္ဓာကိုယ်အလွတ်တစ်ခုဖြစ်ပြီး နတ်တစ်ပါးသည် ထိုခန္ဓာကိုယ်၏ စိတ်ဆန္ဒဖြစ်ကာ ရှိရှိသမျှအရာအားလုံးကို ထိန်းချုပ်နိုင်သည့်အလား ဖြစ်နေသည်။

အမှန်တကယ်တော့ ထိုကောင်းကင်နှင့် မြေပြင်ကို ထိန်းချုပ်သော စိတ်ဆန္ဒက များစွာရှိပေသည်။ မည်သည့်အတွက်ဆိုရသော် တခြားနတ်များသည်လည်း ကောင်းကင်နှင့်မြေပြင်ကို ထိန်းချုပ်နိုင်ကြသည်မဟုတ်ပါလော။ ယခုအခါ ပိုင်ရှောင်ချန်းသည် သူ့ကို တိုက်ခိုက်ရန် ကောင်းကင်နှင့်မြေကြီး၏ မယုံကြည်နိုင်ဖွယ်စွမ်းအားကို ဆင့်ခေါ်နေသော နောက်ထပ်စိတ်ဆန္ဒတစ်ခုကို အာရုံရလိုက်သည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး သူ့တစ်ကိုယ်လုံးက စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာ၏။

ဝုန်းး

သူ၏စွမ်းအားများ ထွက်ပေါ်လာပြီး ၎င်းက သူ့ကို ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် တန်းတူညီတူဖြစ်သွားစေရုံသာမက သူ၏ ကိုယ်ပွားလေးယောက်ကိုလည်း ထပ်တူညီစွာ စွမ်းအားများတက်လာစေသည်။

” ပြန်လာ ”
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါရင်းပြောလိုက်သည်။ ချက်ချင်းပင် သူ၏ကိုယ်ပွားလေးယောက်သည် သူ၏ခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းသွားရာ သူ၏အစွမ်းက ပို၍ပင် မြင့်လာတော့သည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ခြေလှမ်းဝက် ရောက်ေနပြီဖြစ်သော်လည်း ယခုအခါ ကိုယ်ပွားများဖြင့် ပေါင်းစပ်သွားသည်တွင်…. ပို၍စွမ်းအားကြီးမားလာတော့သည်။ သူနောက်တစ်ဆင့်တက်သွားဖြင့် ထစ်ခြုန်းသံများ မြည်ဟည်းလာပြီး ပေါ်ထွက်လာသည့် အရှိန်အဝါသည် သရဲကြီးဘုရင်ကိုပင် တုန်လှုပ်သွားစေ၏။

သရဲကြီးဘုရင်မှာ သတိလစ်တော့မတတ် တဆတ်ဆတ်တုန်နေခဲ့သည်။ သို့သော် သူက လျှာကိုကိုက်၍ သဲသဲကွဲကွဲမြင်ရန်လုပ်လိုက်သည့်အချိန်တွင် ပိုင်ရှောင်ချန်းထံမှ ကြောက်မက်ဖွယ်အရှိန်အဝါများထွက်လာသည့် အချိန်နှင့် တစ်ထပ်တည်းဖြစ်တော့သည်။ သရဲကြီးဘုရင်မှာ ပင့်သက်ရှိုက်သွားပြီး သူ၏ရင်ထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်ကြပ်သွားတော့သည်။

” သူက ငါ့ရဲ့ ဝိညာဥ်သွေးတစ်စက်ပဲ သုံးလိုက်တာလေ။ နတ်ဘုရားတစ်ပိုင်းအရှိန်အဝါကို တကယ်ကို ထုတ်လိုက်ပြီတဲ့လား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သူအဲဒါနဲ့ တစ်ခါပဲ တိုက်လို့ရမှာဆိုပေမယ့်…ဒီလိုတော့ မဟုတ်သေးပါဘူး”

မျက်လုံးပြူးနေသည့် သရဲကြီးဘုရင်က ထိုသို့ တုံ့ပြန်ပါလျှင် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးအကြောင်း အနည်းငယ် ပြောပြရန် လိုလိမ့်မည်။ သူ၏ ခေါင်းတစ်ခုလုံး ချာချာလည်နေပြီး သူ၏ ဦးခေါင်းခွံမှာ ပေါက်ကွဲတော့မတတ် ကျိန်းစပ်နေသည်။

” မင်းးး ”

မည်သို့မျှ သူ ထပ်မပြောနိုင်လိုက်ခင်မှာပင် ပိုင်ရှောင်ချန်း၏ မျက်လုံးများက စူးရှသောအလင်းများဖြင့် တောက်ပလာသည်။သူက ရင်တဒိန်းဒိန်းခုန်နေပြီး ကောင်းကင်၊မြေကြီးနှင့် သူ့ခန္ဓာကိုယ်က တစ်သားတည်းဖြစ်နေသည်ကို ခံစားလိုက်ရသည်။ သို့သော် ယခင်က ကျယ်ဝန်းသောကမ္ဘာသည် ယခုတွင် ကျဥ်းကြုတ်နေသည့်အလား အတန်ငယ် ဇဝေဇဝါဖြစ်နေတော့သည်။ သူစိတ်တိုင်းကျစွမ်းအားအကုန်သာသုံးလိုက်ပါက ဤကောင်းကင်နှင့်မြေကြီးကို ချိုးဖောက်နိုင်မည့်အလား ခံစားနေရသည်။

” ဒီတော့ ဒါက နတ်တစ်ပါးနှင့် နတ်ဘုရားတစ်ပိုင်းကြားက ခြားနားချက်ပေါ့ ”
ပိုင်ရှောင်ချန်းသည် သူတွေ့ကြံနေရသည့်အရာသည် တန်ဖိုးကြီးသည်ထက် ပိုကြောင်း သိသည်။ သူက ညာလက်ကိုဆန့်၍ ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်ချိန်တွင် သူ၏အိတ်ထဲမှ အနီရောင်လှံတစ်ချောင်းပေါ်လာ၏။

ထိုလှံကြီးပေါ်လာသည့်အခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးသည် မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားသည်။ တစ်ဆက်တည်းမှာပင် အပေါ်ရှိ လျှပ်စီးပင်လယ်သည် တစ်ခုခုက ကြားဝင်နှောင့်ယှက်လိုက်သည့်အလား လှုပ်ရှားနေရာမှ ရပ်သွားပြီး ပုံပျက်ရှုံတွလာတော့သည်။

လေမုန်တိုင်းများ၊ မြေပြင်၊ လေ အရာခပ်သိမ်း မလှုပ်မယှက်ရပ်တန့်သွား၏။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးပင်လျှင် လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး သူ၏မျက်နှာတွင် အံသြတုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်း အရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။

တစ်လောကလုံးတွင် လှုပ်ရှားနေသည့်အရာသည်ကား ပိုင်ရှောင်ချန်းနှင့်….. အနီရောင်လှံရှည်ကြီးပင် ဖြစ်တော့သည်။

ထိုအနီရောင်လှံကြီးသည် သရဲကြီးဘုရင် နာမည်ကျော်ကြားလာရခြင်း၏အကြောင်းတရားဖြစ်သည်။ ပြောရလျှင် ပိုင်ရှောင်ချန်းသည် ၄င်းအား ဘယ်တော့မှ ကိုင်နိုင်စွမ်းရှိမည်မဟုတ်ခဲ့သော်လည်း ယခုအခါ သူက လက်ထဲတွင် ဆုပ်ကိုင်ထားရာ ၄င်းသည် သွေးဆာနေသည့်အလား ၄င်းအတွင်းမှ နားကွဲမတတ် ဟိန်းဟောက်သံများ ကြားလိုက်ရသည်။

ထိုမျှသာမက ယခု လှံ၏ မျက်နှာပြင်ပေါ်တွင် သွေးနဂါးကိုးကောင် ထွက်ပေါ်လာပြီး ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ဟိန်းဟောက်နေကြသည်။ ထိုနဂါးကိုးကောင်သည် မည်သည့်အတွက်ကြောင့် နဂါးကိုးကောင်နတ်ဘုရားသတ်လှံဟု နာမည်ကြီးနေရခြင်း အကြောင်းတရားပင် ဖြစ်ချေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် စူးရှတောက်ပလာပြီး ကမ္ဘာလောကထဲရှိ အရာအားလုံး ရပ်တန့်နေချိန် သူက လှံကို ဆွဲ၍ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးထံ ထိုးချလိုက်သည်။

ထိုရိုးရှင်းသော ထိုးချလိုက်သည့် လှုပ်ရှားမှုလေးက အလျင်အမြန်လည်ပတ်ရွေ့လျားနေသည့် တွင်းနက်ကြီးတစ်ခုဖြစ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ ကြောက်မက်ဖွယ် ဖျက်စီးခြင်းစွမ်းအားများကို ထုတ်လွှတ်နေသည်။

ပုံတူပန်းချီကားတစ်ချပ် အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသည့်အလား တိတ်ဆိတ်ငြိမ်သက်မှု ပြိုကွဲသွားပြီး လေပြင်းများ တိုက်ခတ်လာကာ ကမ္ဘာမြေကြီး တသိမ့်သိမ့်တုန်သွားတော့သည်။ ဖျက်စီးခြင်းစွမ်းအားကြောင့် အနီးနားရှိ ချိုင်မျိုးနွယ်စုဝင်များသည် သွေးများ အပြင်းအထန်အန်လိုက်ကြရပြီး တချို့မှာ စုတ်ပြဲသွားကြကာ ခန္ဓာကော ဝိညာဥ်ပါ ပျက်စီးသွားတော့သည်။

ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ ကောင်းကင်ရှိလျှပ်စီးပင်လယ်သည် သစ်ခြောက်များဖြင့် ပြုလုပ်ထားသည့်အလား အလွယ်တကူ ဖျက်စီးခံလိုက်ရ၏။ တွင်းနက်ကြီးက လျှပ်စီးအားလုံးအား တစ်ခုမကျန် ဝါးမျိုပစ်လိုက်သည်။

သို့တိုင် ဤမျှနှင့် မပြီးသေး။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ၏ မိုးကြိုးပုဆိန်တိုက်ကွက်ကို မည်သည့်နည်းနှင့်မျှ မရပ်တန့်နိုင်တော့ပေ။ အက်ကွဲသံများ ကြားလိုက်ရကာ ပုဆိန်ကြီး ပျက်စီးလာပြီး ချိုင်မျိုးနွယ်စုခေါင်းဆောင်၏ ရုပ်ခန္ဓာ ပေါက်ကွဲသွားတော့သည်။

နားကွဲလုမတတ် နာကျင်စွာအော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကား သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ယင်ယန်နတ်ခန္ဓာပုံစံဖြင့် ပျံထွက်လာပြီး ကြောက်လန့်တုန်လှုပ်နေသည့် မျက်နှာဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် တွင်းနက်ကြီး၏ စွမ်းအားသည် အလွန်ခမ်းနားကြီးကျယ်လှသဖြင့် ယင်ယန်နတ်ခန္ဓာကိုယ်နှင့် ခေါင်းဆောင်ကြီးသည် ထွက်ပြေးရန် မည်မျှပင် ကြိုးစားစေကာမူ နောက်သို့ စုပ်ယူခံနေရ၏။

” မဖြစ်ဘူး၊ မဖြစ်ဘူး ”
သူက ထိတ်လန့်ကြောက်ရွံ့ခြင်းအပြည့် အော်ဟစ်လိုက်သည်။ သရဲကြီးဘုရင်၏ ဝိညာဥ်သွေးတစ်စက်သည် လူတစ်ယောက်ကို နတ်ဘုရားတစ်ပိုင်းအဆင့်ထိ တွန်းပို့နိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

၄င်းမှာ လုံးဝဖြစ်နိုင်ခြေမရှိသည့်အပြင် ယုံချင်စရာမရှိပေ။ အမှန်မှာ သရဲကြီးဘုရင်အတွက် ထိုသို့အရာတစ်ခု ပြုလုပ်ရန်မှာ အမှန်တကယ်မဖြစ်နိုင်လေရာ ခေါင်းဆောင်ကြီးသည် သရဲကြီးဘုရင်၏ ကျင့်ကြံခြင်းအခြေခံက နတ်ဘုရားတစ်ပိုင်းအဆင့်ကို ကျော်လွန်၍…မဟာယနအဆင့်သို့ ရောက်ပြီလားဟုပင် သိချင်လာတော့သည်။

သို့သော် ထိုသည်ကား လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် နောက်ထပ်ဖြစ်နိုင်ခြေမှာ….ပိုင်ဟောက်နှင့်ပတ်သက်၍ ထူးခြားသော တစ်စုံတစ်ခု ရှိနေခြင်းပင်။

မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် အခုတွင် သေစေနိုင်သော အခြေအနေတွင် ဖြစ်သည်။ သူ၏ ယင်ယန်ဝိညာဥ်နတ်ခန္ဓာကိုယ်သည် တွင်းနက်ကြီးထဲသို့ စုပ်ယူခံနေသဖြင့် အော်ဟစ်နေတော့သည်။ သို့သော် သူ စုပ်ယူမခံလိုက်ရခင်…ပိုင်ရှောင်ချန်းတစ်ကိုယ်လုံး တုန်တက်သွားပြီး သူ၏ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံ လျောကျလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စတင်ရာဖြစ်သည့်အမြုတေအဆင့်ပြန်ရောက်သွားတော့သည်။

စောစောက ပြင်းထန်သောစွမ်းအားကြီး ပျောက်ကွယ်သွားသည်။ ရုတ်ခြည်း အမြုတေအဆင့်ပြန်ရောက်သွားခြင်းသည် ထိန်းချုပ်ရမလွယ်၍ သူက ချက်ချင်းပင် သွေးတစ်လုပ်အန်လိုက်သည်။ သူ နောက်သို့ ယိမ်းယိုင်သွားပြီး အနီရောင်လှံရှည်ကြီးနှင် ဟိန်းဟောက်နေသည့်နဂါးကိုးကောင် ပျောက်ကွယ်သွားလေသည်။

” နှမြောစရာကြီး ”
သူ တီးတိုး ရေရွတ်လိုက်သည်။ သူကြုံတွေ့လိုက်ရသည့် မယုံကြည်နိုင်ဖွယ်စွမ်းအားကြီး၏ခံစားချက်သည် အနည်းဆုံးပြောရလျှင် စွဲမက်ဖွယ်ကောင်းလှသည်။

တွင်းနက်ကြီး ပျောက်ကွယ်သွားပြီး ယင်ယန်နတ်ခန္ဓာကိုယ်နှင့် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ယခုလေးတင် သေမင်းခံတွင်းဝမှ လွတ်မြောက်လာသည့်အလား ခံစားလိုက်သဖြင့် တဆတ်ဆတ်တုန်ယင်နေတော့သည်။ သူက တစ်ချိုးတည်းပြေးလိုက်ရာ ချက်ချင်ပင်း မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာအကွာအဝေးသို့ လှစ်ခနဲရောက်သွားတော့သည်။ သူလှည့်ကြည့်ချိန်တွင် တည်နေရာရွှေ့ပြောင်းခြင်းအလင်းသည် ပိုင်ရှောင်ချန်းအား လုံးဝလွှမ်းခြုံသွားသည်ကို မြင်လိုက်ရ၏။

ခေါင်းဆောင်ကြီးမှာ အသတ်ခံရတော့မည့်နီးပါး ဖြစ်သွားသည့် ခံစားချက်ကြီးကြောင့် ကြောက်လန့်နေဆဲဖြစ်ရာ နောက်တစ်ကြိမ် တုန်တက်သွားပြန်သည်။ ပိုင်ရှောင်ချန်း၏ အရှိန်အဝါသာ တခဏလောက် ထပ်ခံလိုက်ရပါက သူအသတ်ခံရမည်မှာ မှားစရာပင် မရှိပေ။

ဤအခိုက်အတန့်တွင် သူ၏ အပြင်ခန္ဓာကိုယ်မှာ ဖျက်စီးခံလိုက်ရသော်လည်း သူ၏ယင်ယန်နတ်ခန္ဓာကိုယ် ကျန်ခဲ့သေးသည်။ သူ၏အသက်လွတ်မြောက်သွားခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် ခံစားနေရသည့်အရာများမှာ ခါးသီးခြင်း၊ ကြောက်လန့်ခြင်းနှင့် အမျက်ဒေါသတို့ပင် ဖြစ်သည်။

” သူတို့…..သရဲကြီးမြိုတော်ကနေ ထွက်သွားနိုင်ပြီ။ငါတို့ သူတို့ကို မရှာနိုင်ရင်တော့ သရဲကြီး ဘုရင် နောက်လနည်းနည်းလောက်ကြာရင် ပြန်ရောက်လာလိမ့်မယ်။နတ်ဘုရားတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း၊ သူက လှံတစ်ချက်အဝှေ့နဲ့ နတ်တွေကိုေတာင် သတ်နိုင်တယ် ”
တုန်ရီနေသော ခေါင်းဆောင်ကြီးက ခေါင်းနောက်လှန်ရင်း ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူက လှည့်၍ ချိန်မျိုးနွယ်စုထံ ဦးတည်လိုက်သည်။ မည်သို့ပင်ဖြစ်စေ မဟာမျိုးနွယ်စုကြီးသုံးစုလုံးအပေါ်သို့ ဒုက္ခမိုးများ ရွာချတော့မည်ဖြစ်ရာ သူတို့အားလုံးအတူတကွ ဖြေရှင်းရန်လိုအပ်သည် မဟုတ်ပါလော။

ထိုကိစ္စနှင့် ပတ်သက်၍ သူတို့ သဘောတူညီချက်တစ်ချက် လုပ်ရန်လိုအပ်သည်။ သူတို့ထဲကတစ်ယောက် အပြင်းအထန်ဒဏ်ရာရသွားလျှင်တောင်မှ ကျန်နှစ်ယောက် လှုပ်ရှားနိုင်သေးမည်ဖြစ်သည်။ သူတို့အကြားတွင် တိုက်ပွဲ ဖြစ်တော့မည် မဟုတ်ပေ။ ယခုတွင်… သူတို့အားလုံးသည် သရဲကြီးဘုရင်နှင့် ပိုင်ဟောက်ကို လိုက်ဖမ်းရန် သူတို့၏ ရင်းမြစ်များအားလုံးအပေါ် အာရုံစိုက်ရန် လိုပေသည်။

ထိုမျှသာမက ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် တည်နေရာရွှေ့ပြောင်းခြင်းက ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်ကို ဝေးဝေးပို့ပေးနိုင်မည်မဟုတ်ကြောင်း ယုံကြည်သည်။ သူ၏ ခန့်မှန်းချက်အရ ၄င်း၏ အတိုင်းအတာသည် အများဆုံး ကီလိုမီတာ ငါးထောင်ခန့်သာ ရှိမည်ဖြစ်သည်။

ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ချန်နှင့် ပိုင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးရန် ထွက်သွားစဥ် သရဲကြီးမြို့တော်ရှိ လူပေါင်းများစွာသည် စောစောက ဖြစ်ခဲ့သည့် ပိုင်ဟောက်အကြောင်းကို ပြောနေကြတော့သည်။ အင်အားကြီးအဖွဲ့အစည်းများအားလုံး၊ ဝိညာဥ်ကျင့်ကြံသူများအားလုံးသည် အဖြစ်အပျက်များအကြောင်း ကြားသွားကြပြီး မယုံကြည်နိုင်ဖွယ် အံ့သြတုန်လှုပ်ခြင်းလှိုင်းများ သူတို့ရင်ကို ရိုက်ခတ်သွားတော့သည်။

” သူက ပိုင်နှင့် ချန် မျိုးနွယ်စုခေါင်းဆောင်ကြီးတွေကို ဒဏ်ရာအကြီးအကျယ်ရသွားအောင်လုပ်ပြီး ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ အပြင်ခန္ဓာကိုယ်ကိုတောင် ဖျက်စီးပစ်သေးတယ်”

” ပိုင်ဟောက်က…. အင်မတန်အစွမ်းထက်တာပဲ ”

” ဘုရားရေ.. ဒီလူပိုင်ဟောက်က တစ်ယောက်တည်းနဲ့ မဟာမျိုးနွယ်စုကြီးသုံးစုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ပါလား ”

” သရဲကြီးဘုရင်လွတ်သွားပြီ။ သူသက်သာသွားပြီး ပြန်လာရင် မဟာမျိုးနွယ်စုကြီး သုံးစုရယ်၊ ကောင်းကင်ဘုံမြို့စားခြောက်ဦးကတော့ မြက်ပင်လေးတွေလို နင်းခြေခံလိုက်ရတော့မှာ။ ပြီးတော့ ပိုင်ဟောက်၊ အရင်က သရဲကြီးဘုရင်ကို သူ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ အရေးမကြီးတော့ဘူး။ သူ့ အသက်ကို စွန့်ထားတော့ သရဲကြီးမြို့တော်မှာ အရေးကြီးဆုံးလူတစ်ယောက် ဖြစ်လာမှာ သေချာတယ် “

Comment

Leave a Reply

Options

not work with dark mode
Reset