Switch Mode

အပိုင်း(၂၀၄၅)

မိစ္ဆာတောင်တန်း

ရီဖူရှင်းက ရှေ့သို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ရေကန်ကြီးတစ်ကန်ရှိနေသည်။ ရေကန်အကျော်၌ အဆုံးမဲ့ တောင်တန်းတစ်ခု ရှိနေ၏။ တောင်တန်း အဆုံးသတ်ကို မြင်ကွင်းအတွင်း မြင်ရခြင်း မရှိပေ။

ထင်ထားသလိုပင် ၎င်းက ကိုယ်ပိုင်လောကတစ်ခုဖြစ်သည်ဟု ရီဖူရှင်းက တွေးလိုက်သည်။ ၎င်းသည်မှာ နယ်မြေသခင်အိမ်တော်၏ ဖူယောင်လျှို့ဝှက်နယ်မြေပင် ဖြစ်သည်။

များပြားသော ကျင့်ကြံသူများက နယ်မြေအတွင်း ဝင်ရောက်လာကြသည်။ သူတို့အားလုံးက ရန်ဟောင်များ ဖြစ်ကြ၏။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်သော အရေအတွက်နှင့် ယှဥ်လျှင် ဤအဖွဲ့က ပို၍ အစွမ်းထက်သည်။

ယခင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်သော အဖွဲ့တွင် ထိပ်သီးအဆင့် ရန်ဟောင်များ မပါပေ။ ဤတစ်ကြိမ်၌ အများစုသည် အဆင့်ရှစ် အဆင့်ကိုး ရန်ဟောင်များ ဖြစ်ကြ၏။ ထိုအထဲတွင် မြူနှင်းဝေနတ်နန်းတော်မှ ကျန်းယွဲ့လီကဲ့သို့ ကျင့်ကြံသူမျိုးပင် ပါသေးသည်။ ကျန်းယွဲ့လီက ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် အဆင့်ရှစ်ရန်ဟောင် တစ်ယောက် ဖြစ်၏။ သူမ၏ တိုက်ပွဲစွမ်းရည်က ရန်ဟောင်အဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါးပင် ဖြစ်သည်။ အလွန့်အလွန် အစွမ်းထက်သူများမှအပ အခြားသူများမှာ သူမအား ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။

ထိုအခိုက်အတန့်တွင် ပုံရိပ်များစွာက ကောင်းကင်၌ ဖြတ်သန်းကာ ရေကန်မျက်နှာပြင်ပေါ် ခရီးဆက်ခဲ့သည်။ သူတို့က လျှို့ဝှက်နယ်မြေအတွင်း အခွင့်အလမ်းကောင်းများ ရှိကြောင်း သိထားလျှင်ပင် သူတို့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မည် မဟုတ်ကြောင်း ရန်ဟောင်များက သိရှိနားလည်ထားကြသည်။ ထို့ကြောင့် သူတို့က အမြန်လုပ်ဆောင်ရန် မလိုအပ်ပေ။

“သွားစို့။” လီချန်ရှန်းက ရှေ့မှ ဦးဆောင်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို ခေါ်သွား၏။ များပြားလှသော ရန်ဟောင်များက ရေကန်အလွန်နား၌ ပြန့်ကျဲနေ၏။ အချို့မှာ လေထဲမှ သွားနေသလို အချို့က မြေပြင်မှ သွားကြသည်။ သူတို့၏ အရှိန်က မတူညီစွာဖြင့် တကွဲတပြား သွားနေကြသည်။

သို့သော်လည်း ရီဖူရှင်းက အဆက်မပြတ် စောင့်ကြည့်ခံနေရကြောင်း ခံစားမိသည်။ သူက စောင့်ကြည့်နေသူမှာ မည်သူဖြစ်ကြောင်း စစ်ဆေးနေရန် မလိုပေ။ ထိုသူတို့မှာ သူ့အား သတ်ချင်နေသည့် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များ ဖြစ်သည်။ ယခု သူတို့က ဤနယ်မြေအတွင်း ဝင်ရောက်လာပြီဖြစ်ရာ ထိုသူများက သူ့အား အလွယ်တကူ လွှတ်ပေးတော့မည် မဟုတ်ပေ။

အဓိကအင်အားစုနှစ်ခုပေါင်းကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားမည့် လက္ခဏာပြနေသည်။ သူတို့က သူ့တစ်ယောက်ကိုသာ ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တစ်ခုလုံးကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ရေကန်က တည်ငြိမ်ကာ အေးချမ်းနေသည်။ လူတိုင်းက ၎င်းကို ဖြတ်ကျော်သွားကြပြီး မည်သည့် အဖြစ်အပျက်မှ မဖြစ်ခဲ့ပေ။ ရီဖူရှင်း၏ အဖွဲ့က ရေကန်ကို ဖြတ်ကျော်သွားပြီး တောင်တန်းဆီသို့ ရောက်ရှိလာ၏။

ရီဖူရှင်းက အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူက စွမ်းအားများကို ထုတ်လွှတ်လိုက်သော်လည်း တောင်တန်း၏ အဆုံးထိ မရောက်ပေ။ သူ့စွမ်းအားက တစ်စိတ်တစ်ပိုင်းသာလျှင် ရောက်နိုင်သည်။

ထို့အပြင် တောင်တန်းက တိတ်ဆိတ်နေပြီး ရှေးဟောင်းအငွေ့အသက်တို့ လွှမ်းခြုံနေ၏။ ဤလျှို့ဝှက်နယ်မြေက ဟိုးရှေးအခါကပင် တည်ရှိနေသလို ထင်မှတ်ရသည်။

ရန်ဟောင်များက လေးနက်သော အမူအရာနှင့် ရှိနေခဲ့သည်။ သူတို့က သတိအား လျှော့မချရဲကြပေ။ သူတို ယခု ရောက်နေသည်မှာ လျှို့ဝှက်နယ်မြေဖြစ်ကာ သာမန်နေရာတစ်ခု မဟုတ်ပေ။

ရန်ဟောင်များက တောင်တန်းသို့ ဝင်ရောက်လာသည့်အခါ သူတို့က သမုဒ္ဒရာအတွင်းမှ ငါးများကဲ့သို့ မတူညီသော နေရာများဆီ ဦးတည်လိုက်ကြသည်။ ရီဖူရှင်းတို့အဖွဲ့က ရှေ့သို့ ဆက်လက်ဦးတည်နေသည်။ ထိုရှေးဟောင်း လျှို့ဝှက်နယ်မြေသည် ဖိအားအနည်းငယ်ကို ပေးစွမ်းပြီး ပြင်းထန်သော အရှိန်အဝါတို့ ရှိသည်။

သူတို့က ရှေ့သို့ ဆက်လက်သွားနေခဲ့ပြီး တစ်စုံတစ်ယောက်သည် တောင်တန်း၏ ဘယ်ဘက်တစ်နေရာ၌ အလွန် ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ထိုနေရာက ပျက်သုဥ်းခြင်းလောကတစ်ခုကဲ့သို့ပင်။ အဆုံးမဲ့ ခရမ်းမိုးကြိုးတို့ကို ခပ်ရေးရေး မြင်နိုင်သည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားတို့က ထိုနေရာမှ ထွက်ပေါ်နေ၏။

လက်ရှိရောက်နေသူများမှာ ထိုနေရာက မည်သည့်နေရာဖြစ်ကြောင်း မသိကြပေ။ သို့သော် ရန်ဟောင်အများစုက ထိုနေရာသို့ ဦးတည်နေကြ၏။ ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်များက သူတို့ခြေလှမ်းများကို ရပ်ကာ ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ဟွမ်းက ပြောလိုက်၏။ “တစ်ချက်လောက် သွားကြည့်ကြရအောင်။”

သူက ပြောလိုက်သည်နှင့် သူတို့အဖွဲ့က ထိုနေရာသို့ ဦးတည်လိုက်ကြသည်။ သူတို့က ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်များ ထိုနေရာသို့ သွားနေသည်အား မြင်သည့်အခါ အခြားတန်ခိုးရှင်များက နောက်ပြန်ဆုတ်လိုက်ကြသည်။ ပျက်စီးခြင်းနတ်နန်းတော်မှ တန်ခိုးရှင်များက အလွန် အစွမ်းထက်လှသည်။ ထိုနေရာ၌ အခွင့်အလမ်းများ ရှိနေလျှင်ပင် အခြားတန်ခိုးရှင်များက ပျက်စီးခြင်းနတ်နန်းတော်မှ လူများနှင့် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ သူတို့က လက်လျှော့၍ အခြားနေရာများကို ရှာဖွေကြပေလိမ့်မည်။

ရီဖူရှင်းတို့သည်လည်း ထိုနေရာအား မြင်တွေ့၏။ သို့သော် သူတို့က ထိုနေရာသို့ မသွားကြဘဲ သူတို့ဦးတည်ထားသော နေရာသို့သာ ဆက်သွားကြသည်။

အချိန်တခဏကြာပြီးနောက် သူတို့၏ ညာဘက်မှ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ကြရသည်။ အပူချိန်က အံ့သြစရာကောင်းလောက်အောင် မြင့်မားနေ၏။ ထိုနေရာမှ ပြင်းထန်သော အပူကို ထုတ်လွှတ်နေသည်။ သူတို့ အဝေးကို ကြည့်လိုက်သည့်အခါ တောင်တန်း၏ ထိုနေရာက နီရဲလောင်ကျွမ်းနေသည်။ တောင်ဆင်ခြေလျှောတွင် ကြောက်မက်ဖွယ် ချော်ရည်ပူများ စီးဆင်းနေ၏။ တောင်တန်း၏ ထိုနေရာတဝိုက်က အားလုံးနီရဲနေသည်။ ထိုနေရာ၌ မည်ကဲ့သို့ မီးရတနာမျိူး ရှိနေသည်ကို မည်သူမှ မသိပေ။

သို့သော် သူတို့ ထိုဒေသအား ဖြတ်ကျော်သွားပြီးနောက် အလွန် အေးစက်နေသော ရေခဲနှင့်နှင်းကမ္ဘာကို တွေ့ရသည်။ ထိုနှင်းရေခဲကမ္ဘာနှင့် မီးလျှံကမ္ဘာတို့က ဘေးချင်းကပ်လျက် တည်ရှိနေ၏။ ယင်းတို့က ကိုယ်ပိုင်လေဟာနယ်အတွင်း တည်ရှိနေကြခြင်း ဖြစ်သည်။ နှင်းရေခဲကမ္ဘာက အလွန်အေးစိမ့်သည်။ သို့သော်လည်း ရီဖူရှင်းနှင့် အခြားလူများက ထိုနေရာနှစ်ခုလုံးကို လျစ်လျူရှုကာ ရှေ့သို့ ဆက်သွား၏။

သူတို့ရှေ့တွင် အနက်ရောင်တောင်တန်းတစ်ခု တည်ရှိနေပြီး ရှေးဟောင်းတောင်တန်းနက်ကြီးကို အမှောင်ထုဖြင့် ဖုံးလွှမ်းထားသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်း၏။ တစ်စုံတစ်ယောက်သည် အလွန်ဝေးကွာနေသေးသော ထိုတောင်တန်းမှ ထွက်လာနေသည့် ဖိနှိပ်နိုင်သော အရှိန်အဝါကို ခံစားမိသည်။

“အဲဒီနေရာက ဘာလဲ။” တစ်စုံတစ်ယောက်က အသံတိုးတိုးနှင့် မေးလိုက်၏။

ရီဖူရှင်းထံမှ ထူးဆန်းသော အကြည့်တစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်။ “စီနီယာအစ်ကို၊ အဲဒီနေရာက ချိတ်ပိတ်ခံထားရတာလို့ ကျွန်တော် ဘာလို့ ခံစားမိနေတာလဲ။ ကျွန်တော်ထင်တာတော့ ကုန်းမြေတစ်ခုက ချိပ်ပိတ်ခံရပြီး နယ်မြေသခင်အိမ်တော်ရဲ့ လျှို့ဝှက်နယ်မြေ ဖြစ်လာတာ ခံစားမိနေတယ်။”

လီချန်ရှန်းက ပြန်ဖြေလိုက်၏။ “နယ်မြေသခင်အိမ်တော်ရဲ့ လျှို့ဝှက်နယ်မြေက နယ်မြေတစ်ခုတည်းအဖြစ် ကန့်သတ်ထားတာမဟုတ်ဘူး။ ဖူယောင်လျှို့လျှို့ဝှက်နယ်မြေတွေ အများကြီးထဲက တစ်ခုပဲ။ ဒါပေမယ့် မင်းရဲ့ ခန့်မှန်းချက်က မှန်နိုင်ပါတယ်။ နယ်မြေသခင်က မဟာလမ်းစဥ်ချိပ်ပိတ်ခြင်းမှာ ကျွမ်းကျင်တယ်။ နယ်မြေသခင်အိမ်တော်မှာ ထူးခြားသာလွန်တဲ့ ရတနာတစ်ပါးလည်း ရှိတယ်။ ဒီလျှို့ဝှက်နယ်မြေက ချိပ်ပိတ်ခံထားရတဲ့ လေဟာနယ်ဆိုတာ တကယ် ဖြစ်နိုင်ချေရှိတယ်။” သူတို့က ရှေ့ဆင်သွားလိုက်ကြပြီး အနက်ရောင်တောင်တန်းအနီးသို့ ရောက်လာကြသည်။

သူတို့က တဖြေးဖြေးနှင့် အနက်ရောင်တောင်တန်းသို့ နီးကပ်လာပြီး ထိုနေရာမှ ထွက်ပေါ်လာသည့် ပြင်းထန်သော အရှိန်အဝါကို ခံစားနိုင်ပေသည်။

ဘန်း…

ထိုအခိုက်အတန့်တွင် သူတို့သည် အဝေးမှ ကြောက်မက်ဖွယ် ပေါက်ကွဲသံအား ကြားလိုက်ရ၏။ ထို့နောက် အော်သံတစ်ခု လိုက်ပါလာသည်။ လူအုပ်ကြီးသည် ရန်ဟောင်တစ်ပါး နောက်သို့ လွင့်စင်လာသည်အား မြင်လိုက်ရ၏။ သူက တောင်တန်းမှ လွင့်ထွက်လာခြင်း ဖြစ်သည်။ လတ်ဆတ်သော သွေးများက ကောင်းကင်တွင် ပြန့်ကျဲနေပြီး မြေပြင်သို့ ပြုတ်ကျလာသည်။

“ဘာတွေဖြစ်ကုန်တာလဲ။” တန်ခိုးရှင်များက ထိုနေရာသို့ ဦးတည်လိုက်သည်။ လူအများက ဒဏ်ရာရနေသော ရန်ဟောင်ဘေးသို့ ရောက်လာ၏။ သူတို့သည် သူ့ခန္ဓာကိုယ် အသားများက စုတ်ပြဲနေသည်အား မြင်လိုက်ရသည်။ ၎င်းက မြင်မကောင်းအောင်ပင် ဖြစ်၏။

‘မိစ္ဆာသားရဲတွေ’ လူအုပ်ကြီးက ရှေးဟောင်းတောင်တန်းနက်သို့ လှမ်းကြည့်လိုက်သည်။

ရီဖူရှင်းတို့အဖွဲ့ကလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ရီဖူရှင်းက မှတ်ချက်ချလိုက်၏။ “ဒီလောက်အစွမ်းထက်တဲ့ နတ်ဆိုးချီတွေ။”

“မိစ္ဆာသားရဲတွေအများကြီးပဲ။” သူ့ဘေးမှ ကျီဖုန့်က ပြောလိုက်သည်။ သူမက ဖီးနစ်နတ်ဆိုးဖြစ်၍ နတ်ဆိုးချီများ၏ လှုံ့ဆော်မှုကို သေချာပေါက် ခံစားသိရှိသည်။ သူမက တောင်တက်လမ်း၌ နတ်ဆိုးသားရဲများစွာ ရှိနေသည်ကို ခံစားမိ၏။

ရီဖူရှင်းက ထိုနေရာသို့ ကြည့်ကာ တွေးဆနေခဲ့သည်။ ဤနေရာက ချိပ်ပိတ်ခံထားရသော နေရာနှင့် ပို၍ တူလာသည်။ ၎င်းမှာ ချိပ်ပိတ်ခံထားရသော ကုန်းမြေတစ်ခုဟု ထင်မှတ်ရ၏။ လျှို့ဝှက်နယ်မြေအတွင်းမှ တန်ခိုးရှင်များကို ထိခိုက်စေနိုင်သည်မှာ နတ်ဆိုးအင်ပါယာတစ်ကောင် ဖြစ်လိမ့်မည်။

ထိုသို့သော နတ်ဆိုးတစ်ကောင်က လူ့အသွင်ယူကာ ဤနေရာမှ ထွက်သွားလျှင်ပင် သူတို့၏ အဆင့်အတန်းက နိမ့်ကျလိမ့်မည် မဟုတ်ပေ။

ကျယ်ပြောသော တောင်တန်းသည် အနက်ရောင်တောင်တန်းများစွာ ဆက်သွယ်ထားမှုမှ ဖြစ်ပေါ်လာသည်။ မြေပြင်ကို ဖြတ်သန်းကာ သွယ်တန်းနေသည့် တောင်တန်းက ရှေ့သို့ သွားမည့် လမ်းကြောင်းအား စည်းခြားထားသလို ထင်မှတ်ရသည်။ သူတို့က ရှေ့သို့ ဆက်သွားချင်လျှင် ထိုအနက်ရောင်တောင်တန်းကို ဖြတ်ကျော်ရန် လိုသည်။

ထိုအခိုက်အတန့်တွင် ပြင်းထန်သော ထိခတ်သံအား ကြားလိုက်ကြရသည်။ လူအုပ်ကြီးက ခေါင်းကို မော့ကာ တောင်တန်းအထက် ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ ကြီးမားသော ကြောက်မက်ဖွယ် သားရဲတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏ တောင်ပံများက ကောင်းကင်ကို ပိတ်ကွယ်လောက်သည်အထိ ဖြန့်ကျက်ထား၏။ သူတို့က ၎င်းသည် မည်သည့်အမျိုးအစားနတ်ဆိုးဖြစ်ကြောင်း မမှန်းဆနိုင်ကြပေ။ သူတို့က ထိုဖြန့်ကျက်လာသည့် ကြီးမားသော အတောင်ပံတစ်စုံက တောင်ပေါ်သို့ တက်ရန် ကြိုးစားနေသော ရန်ဟောင်များကို လွင့်ထွက်သွားစေကြောင်းသာ မြင်လိုက်ရသည်။ အားမကောင်းလှသော ရန်ဟောင်တစ်ပါးက လက်သည်းများ၏ ကုပ်ဆွဲခြင်းကို ခံရကာ နေရာမှာတင် သုတ်သင်ခံလိုက်ရသည်။

ထိုအဖြစ်က လူအများ၏ နှလုံးသားကို ထိန်းချုပ်မရအောင် တုန်ယင်လာစေသည်။ ကြောက်မက်ဖွယ် အန္တရာယ်များက ဖူယောင်လျှို့ဝှက်နယ်မြေအတွင်း ပြည့်နှက်နေသည်။ ဤခရီးက သူတို့ ထင်ထားသည်ထက် ပိုခက်ခဲလိမ့်မည်။

“မင်းတို့ ဒီတောင်တန်းကို ကောင်းကင်ကနေ ဖြတ်သွားလို့မရနိုင်ဘူး။ တောင်ထဲကနေပဲ တိုက်ရိုက်သွားလို့ရမယ်။” ကောင်းကင်ထက်မှ ပုံရိပ်က ပြောလိုက်သည်။ စကားပြောလာသူက နင်ဟွာပင် ဖြစ်၏။ သူက ပြောပြီးသည်နှင့် ကောင်းကင်ကို ဖြတ်ကာ ချက်ချင်းပင် အနက်ရောင်တောင်တန်းသို့ ဝင်သွားသည်။

သူ ဝင်သွားသည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက ထွက်ပေါ်လာပြီး အဆုံးမဲ့ လေဟာနယ်ကို လွှမ်းခြုံလာ၏။ အသံတစ်ခုက အေးစက်သော အသံနှင့် ပြောလိုက်သည်။ “မင်း ထပ်လာပြန်ပြီ။”

“မတွေ့တာကြာပြီ။” နင်ဟွာက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ရှေ့သို့ဆက်သွားကာ ကောင်းကင်ထက်မှ တောင်အတွင်းပိုင်းသို့ ဦးတည်လိုက်၏။ သိပ်မကြာခင်မှာပင် မဟာလမ်းစဥ်စွမ်းအားများ ထိပ်တိုက်တွေ့မှု၏ ကြောက်မက်ဖွယ် အသံတို့ ထွက်ပေါ်လာသည်အား ကြားလိုက်ရသည်။ ၎င်းသည် လူအများ၏ နှလုံးခုန်သံတို့ကို ပို၍ မြန်ဆန်လာစေသည်။

“နင်ဟွာက ထင်ထားသလိုပဲ။” တန်ခိုးရှင်တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ သူက သူတို့အား တောင်ကို ကောင်းကင်ထက်မှ ကျော်ဖြတ်သွား၍ မဖြစ်နိုင်ကြောင်း ပြောခဲ့သော်လည်း သူက တောင်တန်းအတွင်းမှ နတ်ဆိုးများကို ကြောက်ရွံ့ခြင်းမရှိ ကောင်းကင်မှ သွားခဲ့သည်။ နင်ဟွာက ဤနေရာကို သူ၏ ကိုယ်ပိုင်ကျင့်ကြံရေးနေရာအဖြစ် ပြုမူနေသည်။

***

Comment

  1. Poဆော့ဝဲချပေးပါ ဆရာ Po says:

    Good

Leave a Reply

Options

not work with dark mode
Reset