အခန်း ( ၆၅၉ )

ဖြုန်းတီးခြင်း တိုက်ပွဲ

ဤ ရတနာများမှာ သူအသိစိတ်လွတ်မတတ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည့် မှော်ရတနာများမဟုတ်ပေ။ အမှောင်စစ်ဆေးရေးမှူး တစ်ယောက်ဖြစ်စဥ်က သူ စစ်ဆေးမေးမြန်းခဲ့ရာမှ ရရှိခဲ့သည့် ပစ္စည်းများသာ ဖြစ်သည်။

ထို့ကြောင့် သူက ထိုပစ္စည်းများကို ပစ်ပေါက်ဖောက်ခွဲကာ မီးတဟုန်းဟုန်းတောက်လောင်နေသည့်အလား အရာအားလုံးကို ဖျက်ဆီးနေရာတွင် သူက တစိုးတစိမျှပင် မနာကျည်းပေ။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့် ပစ္စည်းများကို ဖောက်ခွဲရာတွင် ပိုင်ရှောင်ချန်းက အတွေ့အကြုံအတော်အတန် ရှိသည်ဖြစ်ရာ ထိုပစ္စည်းများပေါက်ကွဲသည့်အခါတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်အမြောက်အမြား ထုတ်လွှတ်ပေးနိုင်ကြောင်းကို သူကသိထားသည်။ သို့သော် ယခင်က သူမည်မျှပင် အတွေ့အကြုံရှိခဲ့စေကာမူ… တစ်ပြိုင်နက်ထဲနှင့် ထိုပစ္စည်းတစ်ဒါဇင်လောက်ကို မဖောက်ခွဲခဲ့ဖူးပေ။ ထိုသို့ဖောက်ခွဲမှုမှ ထွက်လာသည့် ပေါက်ကွဲအားကြီးမှာ သူ့ကိုပင် တုန်လှုပ်သွားစေတော့သည်။

သူတစ်ယောက်ထဲ တုန်လှုပ်သွားရသည်တော့ မဟုတ်ပေ။ ချိုင်မျိုးနွယ်စုမှ ခေါင်းဆောင်နှင့် အကြီးအကဲများမှ သာမန်အဆင့်ကျင့်ကြံသူများအထိ လူအားလုံးမှာ ထိုသို့ဖြုန်းတီးမှုကြီးကြောင့် ကြက်သေသေနေကြတော့သည်။

အဆင့်ခြောက်၊ အဆင့်ခုနစ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်ထားသည့် မှော်ပစ္စည်းများမှာ ဝိညာဥ်ကျင့်ကြံသူတိုင်းအတွက် တန်ဖိုးထားရသည့် ပစ္စည်းများ ဖြစ်ကြသည် မဟုတ်ပါလော။ အဆင့်ကိုး၊ အဆင့်တစ်ဆယ့်ထိရှိသော ပစ္စည်းများဆိုလျှင် ပို၍ပင် ရှားပါးသည်။ ဥပမာအားဖြင့် တော်ဝင် အောက်လမ်းဆရာမျိုးနွယ်စုမှဖြစ်ပြီး အမြုတေအဆင့်မဟာစက်ဝန်းတွင်ရှိနေသည့် ကျိုးရီရှင်းပင်လျှင် ထိုသို့သော ရတနာတစ်ခုကိုသာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။

အဆင့်ဆယ့်တစ်၊ ဆယ့်နှစ်အထိရှိသော ပစ္စည်းများကိုမူ ဖော်ပြနေရန်ပင် မလိုတော့ပေ။ ထိုပစ္စည်းများမှ ထွက်ပေါ်လာသည့် ပေါက်ကွဲအားများကြောင့် မြင်လိုက်ရသူတိုင်း မှင်တက်ကုန်ကြတော့သည်။

နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲမှုကြီးက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ခါနေသဖြင့် ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ အထိတ်တလန့်ဖြင့် နောက်သို့ဆုတ်ကာ တတ်နိုင်သမျှနည်းလမ်းများကို သုံး၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြတော့သည်။

ထိုကြီးမားသောပေါက်ကွဲမှုကြီးကြောင့် လိုက်ဖမ်းနေသည့် ချိုင်မျိုးနွယ်စုကျင့်ကြံသူများမှာ နောက်သို့လွင့်စင်သွားကြပြီး သွေးများအန်ကုန်ကြတော့သည်။

သရဲကြီးဘုရင်မှာလည်း စောစောက ပိုင်ရှောင်ချန်း ပြောလိုက်သည့်စကားများမှာ သူ၏နားထဲတွင် ပဲ့တင်ထပ်နေသဖြင့် တုန်ရီသွားတော့သည်။ ယခု သူမြင်တွေ့ရနေရသည့် မြင်ကွင်းများအရ ပိုင်ဟောက်မှာ အရာအားလုံးနှင့် လောင်းကြေးထပ်ရန် ပြင်နေသည်ကို သိလိုက်ရသည်။

ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများမြန်လာပြီး ပေါက်ကွဲမှုထံမှ အားအချို့ကိုအသုံးချကာ အနီးဆုံး မီတာသုံးထောင်အကွာတွင်ရှိသည့် မန္တန်အစီအရင်ဆီသို့ ဦးတည်သွားတော့သည်။ သူ၏ခြေလှမ်းတစ်လှမ်းတိုင်းမှာ ရှေ့သို့မီတာရာနှင့်ချီ၍ တွန်းပို့ပေးနေသည်ဖြစ်ရာ တစ်ခဏအတွင်း ထိုမန္တန်အစီအရင်ဆီသို့ ရောက်သွားတော့သည်။

ထိုအချိန်တွင် အေးစက်စက်နှာမှုတ်သံတစ်သံ ပေါ်ထွက်လာတော့သည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသည့် ပစ္စည်းများ၏ ပေါက်ကွဲမှုမှာ သာမန်ချိုင်မျိုးနွယ်စုကျင့်ကြံသူများကိုသာ ရပ်တန့်နိုင်သော်လည်း ခေါင်းဆောင်ကြီးကိုမူ မတားဆီးနိုင်ပေ။

အစက သူသည် ပိုင်မျိုးနွယ်စုနှင့်ချန်မျိုးနွယ်စုတို့၏ ခေါင်းဆောင်ကြီးများကို ပိုင်ရှောင်ချန်းက မည်သည့်နည်းဖြင့် ဒဏ်ရာရအောင် လုပ်ခဲ့နိုင်သည်ကို မသိသေးသဖြင့် ခပ်လှမ်းလှမ်းတွင်သာ နေခဲ့သည်။ သို့သော် ယခုတွင်မူ ထိုသို့တွေးပူမနေနိုင်တော့ပေ။ သူသည် အချိန်မရွေး တည်နေရာရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားသည်ဖြစ်၍ လျှပ်စီးတမျှ လျင်မြန်စွာရွေ့လျားသွားပြီး လေထုနှင့်ပေါက်ကွဲမှုအားကိုထိုးခွင်းကာ ပိုင်ရှောင်ချန်းနှင့် မီတာသုံးဆယ်အကွာတွင် ပေါ်ပေါက်လာတော့သည်။ သူက လုံးဝတွေဝေမနေပဲ ညာလက်ကိုထုတ်ကာ သူ၏ နတ်အဆင့်ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ဖော်လိုက်တော့သည်။

” မင်းဘယ်ကိုမှ သွားမယ်မကြံနဲ့ ”
သူက အေးစက်စွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်သည်။ ချက်ချင်းပင် ထိုနေရာရှိ လေထုကြီးမှာခဲသွားပြီး အရိုးများကိုပင် ကွဲအက်သွားစေနိုင်သည့် စွမ်းအင်တစ်မျိုး ပိုင်ရှောင်ချန်းအပေါ်သို့ပိကျလာတော့သည်။

ထို့အပြင် ထွက်ပေါ်လာသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်မှာ သူ၏ရှေ့တွင် ခေါင်းကိုးလုံးပါသော မည်းနက်နေသည့်ငှက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတော့သည်။ ထိုငှက်များ၏ မျက်လုံးများအားလုံးမှာ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် စူးရှတောက်ပနေပြီး ငှက်ကြီးမှာလည်း ဖိအားများစွာကို ထုတ်လွှတ်နေတော့သည်။

ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးဆင့်ခေါ်လိုက်သည့် ခေါင်းကိုးလုံးငှက်ကြီးမှာ မှော်အတတ်ဖြင့်ဆင့်ခေါ်လိုက်သည်မဟုတ်ပဲ ကောင်းကင်၏စိတ်ဆန္ဒများကိုသုံးကာ ပုံရိပ်တစ်ခုအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

အခြားကျင့်ကြံသူများဆိုလျှင် သူတို့မြင်နေရသည့် အရာများကြောင့် အလွန်အမင်းတုန်လှုပ်နေကြမည်သာဖြစ်ပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ အပြီးတိုင်းချုပ်နှောင်ခံလိုက်ရမည်သာ ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ကိုယ်ပွားလေးခုကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့မှာ အပြင်းအထန်ဒဏ်ရာရကာ သူ၏ခန္ဓာကိုယ်ထဲတွင်သာ ခိုလှုံနေသည်ဖြစ်သော်လည်း ထိုကိုယ်ပွားများကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် နတ်ဘုရားအာရုံအဆင့်များမှာ သာမန် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ထက် များစွာသာလွန်နေသည်။ ထို့အပြင် သူ၏အပြင်ခန္ဓာကိုယ်မှာလည်း ထာဝရအရွတ်ကြောများ၏ မဟာစက်ဝန်းအဆင့်တွင်ရောက်နေပြီဖြစ်သည်။ ထိုအချက်များသာမက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် သူတိုက်ခိုက်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ နတ်အဆင့်ကျင့်ကြံသူများကို သူက များစွာ လေးစားမှုမရှိတော့ေပ။

ထို့ကြောင့် သူ့အပေါ်ကျရောက်နေသည့် နတ်အဆင့်ဖိအားကြီးကို သူကတွန်းလှန်နိုင်နေပြီး ခေါင်းကိုးလုံးငှက်ကြီးက သူ့ဆီပျံဝဲလာသောအခါ သူက အော်ဟစ်လိုက်တော့သည်။

တွေးတောကြံဆရန်နှင့် ဟန်ပန်တွေထုတ်နေရန် အချိန်မရှိပေ။ ထို့ကြောင့် သူကချက်ချင်းပင် နောက်သို့ဆုတ်သွားပြီး တစ်ပြိုင်နက်ထဲပင် သူ၏လက်ကိုဝှေ့ယမ်းကာ သူဝတ်ဆင်ထားသည့် သားရေချပ်ဝတ်တန်ဆာများစွာကို ခေါင်းကိုးလုံးငှက်ကြီးထံသို့ ပစ်လွှတ်လိုက်တော့သည်။ ထိုချပ်ဝတ်တန်ဆာကို သူပထမဆုံးအကြိမ် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခဲ့စဥ်က အထူးနည်းလမ်းများကိုသုံးကာ အဆင့်မြှင့်တင်ခြင်း၏ အရိပ်အယောင်များကို ဖုံးကွယ်ခဲ့သည်။ သို့သော် နတ်အဆင့်ဖိအားကြီးက ထိုဂုဏ်သတ္တိကို ပယ်ရှားလိုက်သဖြင့် ၎င်းတို့၏မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အင်းကွက်လေးကွက်မှာ တောက်ပစွာ လင်းလက်လာတော့သည်။

” ပေါက်ကွဲစေ ”
သူက အော်ဟစ်လိုက်သည်။ ချက်ချင်းပင် သားရေချပ်ဝတ်တန်ဆာများမှာ ပေါက်ကွဲသွားကြပြီး မကြာသေးမီက ပစ္စည်းတစ်ဒါဇင်၏ပေါက်ကွဲမှုထက် များစွာသာလွန်သည့် ပြင်းအားကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

အနောက်ဘက်ရှိ ချိုင်မျိုးနွယ်စုကျင့်ကြံသူများမှာ မျက်လုံးများပြူးကုန်ကြတော့သည်။ ချပ်ဝတ်တန်ဆာများပေါ်ရှိ ရွှေရောင်အင်းကွက်လေးကွက်ကို မြင်လိုက်ရသောအခါ ပို၍ပင်ဆိုးသွားတော့သည်။ ထိုသို့ သူတို့၏ စိတ်နှလုံးများမှာ ဂယောင်ခြောက်ခြားဖြစ်နေကြစဥ် နောက်ထပ် ဖြစ်ရပ်များ ထပ်မံ ပေါ်ထွက်လာပြန်သည်။ ပိုင်ရှောင်ချန်း၏ အပေါ်ချုံ အဝတ်အစားများက ဦးထုပ်တစ်လုံး၊ သာမန်ပုံစံရှိသော လက်ပတ်အချို့နှင့်အတူ ပျံထွက်လာကြသည်။ သို့သော် ၎င်းတို့ပေါ်တွင်လည်း ရွှေရောင်အင်းကွက်လေးကွက်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ တုန်လှုပ်သွားကြရပြန်သည်။

ထိုတစ်ခုချင်းစီမှာ ပျံထွက်လာပြီး ပေါက်ကွဲသွားကြသဖြင့် ပြင်းထန်သော အားလှိုင်းများမှာ ခေါင်းကိုးလုံးငှက်ကြီးကို ရိုက်ခတ်သွားတော့သည်။ ထိုငှက်ကြီးမှာ ပျောက်ကွယ်စပြုနေပြီ ဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ သူ၏ဘယ်ခြေကို လေထဲသို့ကန်ကာ ရွှေရောင်အင်းကွက်လေးကွက်ရှိသည့် ဖိနပ်တစ်ဖက်ကို ရှေ့သို့ကန်ထုတ်လိုက်ပြန်သည်။ ထိုသို့သော ဖြုန်းတီးမှုများကြောင့် ချိုင်မျိုးနွယ်စုကျင့်ကြံသူများမှာ တအံ့တသြအော်ဟစ်ကုန်ကြတော့သည်။

” ဒီပိုင်ဟောက်၊ ဒီ…ဒီကောင်က သူ့ဖိနပ်ကိုပါ အဆင့်ဆယ့်လေးအထိ အဆင့်မြှင့်ထားတာလား ”
သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း၏ ညာလက်ထဲတွင် ရှိနေသည်ဖြစ်ရာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့် သူသည် အလွန်အမင်း အံ့အားသင့်နေရသဖြင့် သူ၏မျက်နှာကြီး ဖြူဆုတ်နေတော့သည်။

ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာလည်း မယုံကြည်နိုင်လောက်အောင် မျက်လုံးများပြူးနေသည့်တိုင် သူ၏မျက်ဝန်းထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပြင်းထန်လာပြီး ဆက်လက်တိုက်ခိုက်လိုက်တော့သည်။

ယခုအခါ ပိုင်ရှောင်ချန်းသည် မီတာသုံးရာခန့်သာ ဝေးတော့သည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ ဆက်ပြေးနေသည်။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက နီးကပ်လာသောအခါ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ပျော်ရွှင်မှုများကြောင့် တောက်ပသွားပြီး ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။.

” ခင်ဗျားကြီး ကျုပ်အနားကိုရောက်လာအောင်စောင့်နေတာ အဘိုးကြီးရေ။ နောက်ဆုံးတော့ ကျုပ်ထောင်ချောက်ထဲ ခင်ဗျားရောက်လာပြီပဲ။ ကျုပ်ရဲ့ဝှက်ဖဲကို ကြည့်ဖို့သာ ပြင်ထားတော့ ”
သူက အဆက်မပြတ်ရယ်မောနေပြီး ညာခြေကို လေပေါ်သို့ကန်လိုက်ပြီး ရွှေရောင်အင်းကွက်လေးကွက်ရှိသော ဖိနပ်ကို ကန်ထုတ်လိုက်ပြန်သည်။

” ပေါက်ကွဲစေ ”
သူက အော်ဟစ်လိုက်သည်။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားတော့သည်။ သူက အားအကုန်သုံးကာ တိုက်ခိုက်ရန်ပြင်နေသည်ဖြစ်သော်လည်း အခြားခေါင်းဆောင်ကြီးနှစ်ယောက်ကို ပိုင်ရှောင်ချန်းက အပြင်းအထန်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည့်အချက်ကြောင့် စိုးရိမ်သွားပြန်တော့သည်။ ပိုင်ရှောင်ချန်း၏ စကားကိုကြားကာ သူ၏ဖိနပ်မှာ သူ့ထံသို့ပျံဝဲလာနေသည်ကို မြင်လိုက်သောအခါ သူက မစွန့်စားရဲတော့သဖြင့် နောက်သို့ဆုတ်ခွာသွားတော့သည်။

ထိုဖိနပ်ပေါက်ကွဲသွားသောအခါတွင် ထွက်ပေါ်လာသည့် မြင်ကွင်းမှာ အံ့သြဖွယ်ကောင်းပါသော်လည်း ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ဒဏ်ရာရစေနိုင်မည့်ပုံစံတော့ မရှိပေ။ ထိုအခါ ခေါင်းဆောင်ကြီး၏မျက်နှာတင်းမာသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
” ငါ့ကိုလှည့်စားရလောက်အောင် အတင့်ရဲနေပါလား ပိုင်ဟောက် ”

သူက ဒေါသတကြီးအော်ဟစ်ကာ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်တော့သည်။ သို့သော် ထိုတစ်ခဏမျှ တုန့်ဆိုင်းသွားချိန်အတွင်း ပိုင်ရှောင်ချန်းက မီတာသုံးဆယ်အကွာတွင်ရှိနေသည့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ ရောက်သွားတော့သည်။ သူက ထိုဝင်ပေါက်ထဲသို့ ဝင်ရန်ပြင်လိုက်စဥ်မှာပင် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက အော်ဟစ်လိုက်ပြီး သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။

ထို့နောက် သူ၏လက်ချောင်းကို ပိုင်ရှောင်ချန်းထံသို့ ဝှေ့ယမ်းလိုက်သောအခါ ခေါင်းကိုးလုံးငှက်ကြီးမှာ မီးများတောက်လောင်လာပြီး ၎င်း၏အမြန်နှုန်းမှာ တဟုန်ထိုးတိုးတက်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားရပြီး သူ့ကိုယ်သူကာကွယ်ရန် ပြင်လိုက်သည်။ ထိုစဥ် ငှက်ပေါ်တွင် ပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာပြီး ဒုတိယငှက်တစ်ကောင် ပျံထွက်လာပြန်သည်။ ခေါင်းကိုးလုံးငှက်တစ်ကောင်မှာ ပိုင်ရှောင်ချန်းဆီသို့ ထိုးဆင်းလာပြီး အခြားတစ်ကောင်မှာ မန္တန်အစီအရင်ဆီသို့ ထိုးဆင်းသွားတော့သည်။

” အခြေအနေ မဟန်ဘူး ” ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူ့ကိုတိုက်ခိုက်ရုံသာမက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုပါ ဖျက်ဆီးရန်ကြံနေသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားရတော့သည်။

ခေါင်းကိုးလုံးငှက်ကြီးကြောင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်၏ ပတ်ပတ်လည်ရှိ အပျက်အစီးများအားလုံးမှာ အစအနမကျန်လောက်အောင် ပျက်စီးသွားကြသဖြင့် လေထုထဲတွင် တဂျုန်းဂျုန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွားတော့သည်။ မီတာထောင်ပေါင်းများစွာပတ်ပတ်လည်ရှိ အဆောက်အဦများမှာ ပြိုလဲကျကုန်ပြီး မြေပြင်ပင်လျှင် အောက်ဘက်သို့တစ်မီတာထိအောင် နိမ့်ကျသွားတော့သည်။ ခေါင်းဆောင်ကြီးမှာ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်၏ တည်နေရာကို အတိအကျမသိသဖြင့် ၎င်းကိုဖျက်ဆီးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အရာအားလုံးကို ဖျက်ဆီးနေသည်သာဖြစ်သည်။

ခေါင်းကိုးလုံးငှက်ကြီးက ပိုင်ရှောင်ချန်းကို ဝင်ဆောင့်သွားသောအခါ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်ဘက်သို့လွင့်စင်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟု သူသိထားသော နေရာသို့ရောက်သွားသောအခါ ရပ်တန့်သွားတော့သည်။

” မင်းဒီတစ်ခေါက် ဘယ်လိုထွက်ပြေးမလဲ ကြည့်ကြတာပေါ့ ”
ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးက ရက်စက်ကြမ်းကြုတ်ဖွယ်ပြုံးကာ ဆိုလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏မျက်ဝန်းများမှာ မယုံကြည်နိုင်လောက်အောင် အရောင်လက်သွားတော့သည်။

ပိုင်ရှောင်ချန်း၏ ခြေထောက်အောက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ လုံးဝအထိအခိုက်မရှိလိုက်ပေ။

ထို့အပြင် ယခုတောက်ပနေသည့် အလင်းရောင်ကြီးမှာ ယခင်ကအလင်းရောင်များနှင့် ကွာခြားနေသည်။ ယခုအလင်းရောင်မှာ မျက်စိကျိန်းစရာကောင်းပြီး တည်နေရာရွေ့ပြောင်းခြင်းစွမ်းအားမှာလည်း ပို၍အားကောင်းနေသည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များနှင့် ရင်းနှီးသူဆိုလျှင် ဤ တည်နေရာရွှေ့ပြောင်းခြင်းမှာ တာဝေးအမျိုးအစားဖြစ်သည်ကို တစ်ခဏအတွင်း သိနိုင်ပေသည်။

ဤ အစီအရင်မှာ မြို့အပြင် ကီလိုမီတာငါးသောင်းအကွာသို့ ပို့ပေးနိုင်သည့် လုရှီယုံ၏ဘိုးဘေးများတည်ဆောက်ခဲ့သော မန္တန်အစီအရင်ဖြစ်သည်။ အခြားသော မန္တန်အစီအရင်များကို မျက်စိရှုပ်အောင်သက်သက် ဖန်တီးထားခဲ့သည်ဖြစ်ပြီး ဤအစီအရင်ကိုသာ ထွက်ပြေးနိုင်ရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤသို့သော ပြေးပေါက်မျိုးကို သူကအလွယ်တကူဖျက်ဆီး၍ရအောင် ဖန်တီးခဲ့မည်မဟုတ်ပေ။ နတ်အဆင့်ခေါင်းဆောင်ကြီး၏တိုက်ကွက်ကြောင့် ပိုင်ရှောင်ချန်းမှာ မန္တန်အစီအရင်ထဲသို့ဝင်ရန် ထာဝရပြုစားခြင်းသိုင်းကိုပင် သုံးစရာမလိုတော့အောင် ဖြစ်သွားသည်။


Comment

Leave a Reply


Options

not work with dark mode
Reset